ဧကဂ္ဂတာ
[၁] တစ်ခုတည်းသောအာရုံရှိသော၊ တစ်ခုတည်းသော အာရုံဟူသောအမြတ်ရှိသော၊ မပျံ့လွင့်သော၊ မတုန်လှုပ်သော၊ တည်ကြည်သော စိတ်၏အဖြစ်၊ တစ်ခုတည်းသောသဘောရှိသော၊ အာရုံဟူသော၊ အထွတ်အထိပ်အဖို့အစုရှိသော စိတ်၏အဖြစ်။ [၂] (က) ဧကဂ္ဂတာစေတသိက်။[၃] (ခ) သမာပတ်၊ ဈာန်။
ထိုဧကဂ္ဂတာကို အဘိဓမ္မာပါဠိ၊ အဋ္ဌကထာတို့၌ "စိတ္တဿေကဂ္ဂတာ”ဟု ဟောတော်မူသည်။ ထိုဧကဂ္ဂတာကိုပင် “စိတ်ကို အာရုံ၌ ကောင်းစွာအညီအမျှ ထားတတ် တည်စေတတ်သော တရား = သမာဓိ”ဟု လည်းခေါ်သည်။ [၄]
လက္ခဏာစသည်
[ပြင်ဆင်ရန်]ထိုဧကဂ္ဂတာသည် အကြီးအမှူးဖြစ်ခြင်းသဘော "ပါမောက္ခလက္ခဏာ” ရှိ၏။ ဥပမာ- စုလစ်မွန်းချွန် အထွတ်တပ်သောအိမ်၌ အခြင်စသည်တို့သည် အထွတ်သို့သာလျှင် ဆိုက်ရောက် ပေါင်းစုကုန်သောကြောင့် အထွတ်ကို ထိုအခြင်စသည်တို့၏ "အကြီးအမှူး" ဟု ခေါ်ဆိုရသကဲ့သို့ ကုသိုလ်တရား အားလုံးတို့သည်လည်း သမာဓိသို့သာလျှင် ဆိုက်ရောက် ပေါင်းစုကုန်သောကြောင့် သမာဓိကို ကုသိုလ်တရားတို့၏ “အကြီးအမှူး”ဟု ခေါ်ဆိုရသည်။
သမ္ပယုတ်တရားတို့ကို ထိုထိုအာရုံ၌ မပျံ့လွင့်စေတတ်သောသဘော "အဝိက္ခေပလက္ခဏာ” ရှိ၏။
သမ္ပယုတ်တရားတို့ကို ထိုထိုအာရုံသို့ မရွေ့ရှားစေတတ်သောသဘော “အဝိသာရလက္ခဏာ” လည်းရှိ၏။
ဥပမာသော်ကား- စစ်ပွဲဆင်နွဲရာ၌ ဘုရင်မင်းသည် ဆုတ်နစ်သော စစ်တပ်ရှိရာသို့ သွားလတ်သော် စစ်သည်တော်တို့သည် တဖန်ပြည့်မြဲ ပြည့်ပြန်သည်ဖြစ်၍ စစ်သည်တော်တို့၏ ဖရိုဖရဲ ပြိုကွဲခြင်းကို မဖြစ်စေသကဲ့သို့ ရန်သူစစ်သည်တို့ ပြိုကွဲ၍၎င်းတို့၏ ဘုရင်မင်းထံသို့သာ အစဉ်အမြဲ လိုက်သကဲ့သို့ ဧကဂ္ဂတာသည်လည်း သမ္ပယုတ်တရားတို့ကို ထိုထို အာရုံ၌ ပျံ့လွင့်ခွင့် မပေးသောကြောင့် "ထိုထိုအာရုံ၌ မပျံ့လွင့်စေသော သဘောလက္ခဏာရှိ၏၊ ထိုထိုအာရုံသို့ မရွေ့ရှားစေသော သဘောလက္ခဏာရှိ၏” ဟု ခေါ်ဆိုရသည်။ ထိုဧကဂ္ဂတာကြောင့် စိတ်သည် အာရုံများစွာတို့၌ မပျံ့လွင့်ခြင်း၊ မရွေ့ရှားခြင်း ဖြစ်သည်။
အတူတကွဖြစ်ဖက် သဟဇာတတရားတို့ကို ပေါင်းစုပေးခြင်း “သမိဏ္ဍနရသ” ရှိ၏၊
ငြိမ်သက်သော အခြင်းအရာအားဖြင့် ယောဂီဉာဏ်တွင် ရှေးရှုထင်လာခြင်း “ဥပသမပစ္စုပဋ္ဌာန်” ရှိ၏။ ယောဂီတို့၏ ဉာဏ်အမြင်၌ ထိုသမာဓိကို "ငြိမ်သက်သော တရား” ဟု ထင်မြင်လာသည်။
ဉာဏ်ဟူသော အကျိုး "ဉာဏပစ္စုပဋ္ဌာန်” ရှိ၏၊
သမာဓိကြောင့် မှန်ကန်စွာ သိမြင်သောဉာဏ် ဖြစ်ပေါ်သည်။ ထို့ကြောင့်ပင်လျှင် “တည်ကြည်သော သမာဓိရှိသူသည် မဖေါက်မပြန် ဟုတ်တိုင်းမှန်စွာ သိမြင်၏” ဟု ဟောတော်မူသည်။ အထူးအားဖြင့်လည်းကောင်း များသောအားဖြင့်လည်းကောင်း ချမ်းသာခြင်းလျှင် နီးစွာသောအကြောင်း “သုခပဒဋ္ဌာန်” ရှိ၏၊
ဘာဝနာကုသိုလ်အရာ၌ ကိုယ်၊ စိတ် ချမ်းသာမှသာလျှင် သမာဓိမည်သော ဧကဂ္ဂတာ ဖြစ်နိုင်သည်။ လေငြိမ်သက်သော နေရာ၌ ဆီမီးတောက်သည် မတုန်မလှုပ် တည်သကဲ့သို့ စိတ်ကို မတုန်မလှုပ် တည်စေသောတရားဖြစ်သည်။ [၅] [၄]
အခြားအမည်များ
[ပြင်ဆင်ရန်]ဧကဂ္ဂတာသည် အာရုံ၌ မတုန်မလှုပ် တည်နေတတ်သောကြောင့် "ဌိတိ" မည်၏၊
သမ္ပယုတ်တရားတို့ကို အာရုံ၌ ပေါင်းစု၍ ထားတတ်သောကြောင့် "သဏ္ဌိတိ” မည်၏၊
အာရုံသို့ သက်ဝင်၍ တည်နေတတ်သောကြောင့် "အဝဋ္ဌိတိ" မည်၏၊
အာရုံသို့ သက်ဝင်တည်နေတတ်သော တရားများကားကုသိုလ်အဖို့၌ “သဒ္ဓါ၊ သတိ၊ သမာဓိ၊ ပညာ” ဟူ၍ လေးပါးရှိ၏၊
အကုသိုလ်အဖို့၌ “တဏှာ၊ ဒိဋ္ဌိ၊ အဝိဇ္ဇာ” ဟူ၍ သုံးပါးရှိ၏၊ ဧကဂ္ဂတာ မပါဝင်ချေ၊ အားနည်းသောကြောင့်တည်း။
ကုသိုလ်အဖို့၌မူ ဧကဂ္ဂတာသည် အားကြီးသောကြောင့် အာရုံသို့ သက်ဝင်တည်နေတတ်သော တရားတို့တွင် ပါဝင်သည်။
ပူပန်တုန်လှုပ်မှု = ဥဒ္ဓစ္စ၊ ယုံမှားမှု = ဝိစိကိစ္ဆာ ဖြစ်လတ်သော် ထိုထိုအာရုံ၌ ရွေ့လျားမှု၊ ပျံ့လွင့်မှု၊ ဖရိုဖရဲကျဲမှု ဖြစ်၏၊ သမာဓိသည် ထိုရွေ့ရှားမှု၊ ပျံ့လွင့်မှု၊ ဖရိုဖရဲကျဲမှုတို့၏ ဆန့်ကျင်ဘက်ဖြစ်သောကြောင့် “အဝိသာဟာရ၊ အဝိက္ခေပ၊ အဝိ သာဟဋမာနသတာ” မည်၏၊
စိတ္တသမထ၊ အဓိကရဏသမထ၊ သဗ္ဗသင်္ခါရသမထ ဟူသော သမထသုံးပါးတို့တွင် ဧကဂ္ဂတာမည်သော သမာဓိသည် စိတ်တုန်လှုပ်ခြင်းကို ငြိမ်းအေးစေသောကြောင့် “စိတ္တသမထ” မည်၏။ [၆]
အကုသိုလ်အရာ၌လည်း ဧကဂ္ဂတာမည်သော "မိစ္ဆာသမာဓိ" ဖြစ်နိုင်သည်။ [၇]
စိတ်၏ အာရုံတစ်မျိုးတည်းသာ ရှိခြင်းသည် သမာဓိမည်၏၊
သတိပဋ္ဌာန်လေးပါးတို့ကား သမာဓိ၏ အကြောင်းနိမိတ်တို့ ဖြစ်သည်၊
သမ္မပ္ပဓာန်လုံ့လလေးပါးတို့ကား သမာဓိ၏ အခြံအရံတို့ဖြစ်သည်၊ ထိုတရားတို့ကို မှီဝဲခြင်း ပွားများခြင်း ကြိမ်ဖန်များစွာပြုခြင်း တို့သည် သမာဓိကို ပွားများခြင်း ဖြစ်သည်။ [၈] [၄]
ဣန္ဒြေညီမျှခြင်း အကျိုး
[ပြင်ဆင်ရန်]သဒ္ဓါနှင့် ပညာတို့ ညီမျှခြင်းကိုလည်းကောင်း၊ ဝီရိယနှင့် သမာဓိတို့ ညီမျှခြင်းကိုလည်းကောင်း ပညာရှိတို့ ချီးမွမ်းကြ၏။
သဒ္ဓါအားကြီး၍ ပညာအားနည်းလျှင် ကြည်ညိုဖွယ်မဟုတ်သောအရာ၊ အကျိုးမရှိသော အရာတို့၌ ကြည်ညိုတတ်၏။ ပညာအားကြီး၍ သဒ္ဓါအားနည်းမူ ကောက်ကျစ်စဉ်းလဲသူ ဖြစ်တတ်၏။ ဆေးမှားသောရောဂါကို ကုသရန် ခက်ခဲသကဲ့သို့ “စိတ်ဖြစ်ကာမျှဖြင့်ပင် ကုသိုလ်ဖြစ်၏” ဟု ယူဆ၍ ဒါန သီလ စသည်ကို ပယ်မြစ်ကာ မပြုသူသည် ငရဲ၌ဖြစ်ရလေသည်။
သမာဓိအားကောင်း၍ ဝီရိယအားနည်းသူသည် ပျင်းရိတတ်၏။ ဝီရိယအား ကောင်း၍ သမာဓိအားနည်းသူသည် တုန်လှုပ်ပျံ့လွင့်တတ်၏။ ထိုဝီရိယနှင့် သမာဓိတို့ ညီမျှပါမူ ပျင်းရိခြင်း၊ တုန်လှုပ်ပျံ့လွင့်ခြင်းတို့ မဖြစ်မူ၍ အပ္ပနာဈာန်ဟူသော အကျိုးကို ရနိုင်လေသည်။ [၉]
(၅၅)ပါးသော သမာဓိအပြားတို့ကို တစ်ပါးမှ ဆယ်ပါးအထိ ရေတွက်ထားပုံတို့ကိုလည်းကောင်း၊ သမာဓိ၏သဘော(၂၅)ပါးတို့ကိုလည်းကောင်း [၁၀]ဤတွင် ကြည့်နိုင်ပါသည်။
အာရုံဟူသည် တစ်ခုတည်းသာ ဖြစ်သော်လည်း အထူးထူးသော သဘောရှိ၏။ ထို့ကြောင့် တစ်ခုသောအာရုံသည်လည်း အထူးထူးသော သဘောတို့၌ ပျံ့လွင့်ခြင်းသို့ မရောက်ဘဲ တစ်ခုသောသဘော၌ ခဏမျှ ဖြစ်သောစိတ်၏ မတုန်လှုပ်သော အခြင်းအရာသည် ဧကဂ္ဂတာမည်၏။ [၁၁][၁၂]
- ↑ ဧကဂ္ဂတာ (ထီ) [ဧကဂ္ဂ+တာ]
- ↑ (ပရမတ္ထဒီပနီ။)
- ↑ (က) ကတမာ တသ္မိံ သမယေ စိတ္တဿေကဂ္ဂတာ ဟောတိ။ အဘိ၊ဓ၊၁၉။ စိတ္တဿေကဂ္ဂတာတိ စိတ္တဿ ဧကဂ္ဂဘာဝေါ၊ သမာဓိဿေတံ နာမံ။ အဘိ၊ဋ္ဌ၊၁၊၁၆၁။ စိတ္တဿ ဧကဂ္ဂတာ(ပဋိသံ၊၄၇)တိ နာနာရမ္မဏဝိက္ခေပါဘာဝတော ဧကံ အာရမ္မဏံ အဂ္ဂံ ဥတ္တမံ အဿာတိ ဧကဂ္ဂေါ၊ ဧကဂ္ဂဿ ဘာဝေါ ဧကဂ္ဂတာ။ ပဋိသံ၊ဋ္ဌ၊၁၊၂၁၃။ ဧကံ အဂ္ဂံ အာရမ္မဏံ ဣမဿာတိ ဧကဂ္ဂံ။ ဧကဂ္ဂဿ ဘာဝေါ ဧကဂ္ဂတာ။ အဋ္ဌသာ၊ ယော၊၁၀၇။ ဧကတ္တာရမ္မဏသင်္ခါတော အဂ္ဂေါ ကောဋ္ဌာသော ကောဋိ ဝါ ဧတဿာတိ ဧကဂ္ဂံ၊ စိတ္တံ။ တဿ ဘာဝေါ ဧကဂ္ဂတာ။ ပရမတ္ထဒီပနီ၊၉၂။
- ↑ ၄.၀ ၄.၁ ၄.၂ တိပိဋကအဘိဓာန် အတွဲ-၄ အပိုင်း ၃
- ↑ (မိလိန္ဒ၊၃၈။ အဘိ၊ဋ္ဌ၊၁၊၁၆၁-၂။)
- ↑ (အကျယ်ကို အဘိ၊ဋ္ဌ၊၁၊၁၈၈။ မူလ၊ဋီ၊၁၊၉၆-တို့ကြည့်။)
- ↑ (အကျယ်ကို အဘိ၊ဋ္ဌ၊၁၊၂၉၀-ကြည့်။)
- ↑ (မ၊၁၊၃၇၅။)
- ↑ (အကျယ်ကို-ဒီ၊ဋ္ဌ၊၂၊၃၇၈။ မ၊ဋ္ဌ၊၁၊၂၉၆။ အံ၊ဋ္ဌ၊၁၊၃၉၂။ အဘိ၊ဋ္ဌ၊၂၊၂၆၅။ ဝိ သုဒ္ဓိ၊၁၊၁၂၆။ သာရတ္ထ၊၂၊၂၂၃-၌ ကြည့်။)
- ↑ ပဋိသံ၊ ၄၇-၈-၌ ကြည့်။
- ↑ ပရမတ္ထဒီပနီ၊၉၂။
- ↑ "တိပိဋကအဘိဓာန်"