ပလိဗောဓ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
တားမြစ်-နှောင့်ယှက်-နှိပ်စက်-နှောင်ဖွဲ့-တတ်-ကြောင်း ဖြစ်-သော တရား။ ကြောင့်ကြမှု၊ ပလိဗောဓ[၁] ။ (ယင်းကြောင့်ကြမှု ပလိဗောဓသည် ကထိန်၏ ပလိဗောဓ, ကမ္မဋ္ဌာန်း၏ ပလိဗောဓ-စသောအားဖြင့် များသောအပြား ရှိသည်၊ [၂]
ကထိန် ပလိဗောဓ
[ပြင်ဆင်ရန်]ထိုတွင် အာဝါသပလိဗောဓ, စီဝရပလိဗောဓ ဟူ၍ ကထိန်(ခင်းခြင်း)၏ ပလိဗောဓ ၂-မျိုး ပြားသည်။ မိမိနေမြဲကျောင်း၌ နေထိုင်ခြင်း, တဖန် ပြန်လာအံ့ဟူသော စိတ်ဖြင့် ခေတ္တဖဲသွားခြင်းသည် “အာဝါသပလိဗောဓ”မည်၏။ မပြုလုပ်ရသေားသင်္ကန်း, ပြုလုပ်၍ မပြီးသောသင်္ကန်း, သင်္ကန်းရလတ္တံ့ဟူသော မျှော်လင့်ချက်, အလိုအာသာ မပြတ်သေးသော သင်္ကန်းသည် “စီဝရပလိဗောဓ”မည်၏။ [၃][၂]
ပလိဗောဓ
[ပြင်ဆင်ရန်]ရာဂ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိ, ထိုမှ ကြွင်းသော ကိလေသာ, ဒုစရိုက်တရား၊ တနည်း တဏှာ, ဒိဋ္ဌိတရားတို့သည် သတ္တဝါတို့အား သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်မှုကို မပေးမူ၍ သံသရာဝဋ်ဆင်းရဲ၌ နှောင်ဖွဲ့တတ်သောကြောင့် ပလိဗောဓ မည်၏။ [၄]
ရူပါရုံစသော အာရုံ ၅-ပါးသည် ပလိဗောဓ မည်၏။ [၅]
အာဝါသပလိဗောဓ, ကုလပလိဗောဓ, လာဘပလိဗောဓ, ဂဏပလိဗောဓ, ကမ္မပလိဗောဓ, အဒ္ဓါနပလိဗောဓ, ဉာတိပလိဗောဓ, အာဗာဓပလိဗောဓ, ဂန္ထပလိဗောဓ, ဣဒ္ဓိပါဒပလိဗောဓ [၆]ဟူ၍ ကမ္မဋ္ဌာန်းစီးဖြန်းပွားများသော ယောဂီပုဂ္ဂိုလ်၏ အနှောင့်အယှက်ပြုတတ်သော တရား ၁၀-ပါး ပြား၏။[၂]
ပလိဗောဓကြီး(၁၀)ပါး
[ပြင်ဆင်ရန်]- ၁။ အာဝါသ ပလိဗောဓ -ကျောင်းနေရာ အရိပ်အာဝါ အတွက် မပြီးစီးသဖြင့် ပူပန်စိုးရိမ်ကြောင့်ကြနေရခြင်း၊
- ၂။ ကုလပလိဗောဓ -အလုပ်အကျွေး၊ အစေအပါး၊ ဒါယကာ၊ ဒါယိကာမများအတွက် စိတ်လက်မချ သောကပိုနေရခြင်း၊
- ၃။ လာဘပလိဗောဓ-ရရှိပြီးသော ပစ္စည်းဥစ္စာ၊ ရလတ္တံ့သော ပစ္စည်းဥစ္စာ လာဘ်လာဘတို့အတွက် ကြောင့်ကြနေရခြင်း၊
- ၄။ ဂဏပလိဗောဓ-နှစ်သက် ချစ်ခင် မေတ္တာဝင်၍ မိတ်သင်္ဂဟ ဖြစ်သဖြင့် အတူတကွ စားသောက်နေထိုင်ဖူးသော သီတင်းသုံးဖော် စသည့် အပေါင်းအသင်း(ဂိုဏ်း) များအတွက် ငဲ့ကွက်ပူပင်နေရခြင်း၊
- ၅။ ကမ္မပလိဗောဓ-ဝေယျာဝစ္စ၊ အမှုကြီးငယ်၊ အသစ်တို့အတွက် ရှုပ်ထွေးစိတ်မအေးနေရခြင်း၊
- ၆။ အဒ္ဓါနပလိဗောဓ-အဝေးအနီး ကိစ္စကြီးငယ် အသွယ်သွယ်ကြောင့် သွားလာရန်လမ်းခရီးများသောကြောင့် ကြောင့်ကြနေရခြင်း၊
- ၇။ ဉာတိပလိဗောဓ-ဆရာ၊ တပည့်၊ မိဘ၊ ဘိုးဘွား ညီအစ်ကိုဆွေမျိုးတို့အတွက် ပူပင်နေရခြင်း၊
- ၈။ အာဗာဓပလိဗောဓ-အနာရောဂါ တစ်ခုခု စွဲကပ်နေသောကြောင့် နေထိုင်စားသောက်မကောင်းသဖြင့် ပူပင်နေရခြင်း၊
- ၉။ ဂန္ထပလိဗောဓ-စာပေကျမ်းဂန်များကို သင်အံပို့ချခြင်း၊ ရေးသားပြုစုခြင်း၊ ဟောပြောသင်ကြားနေရခြင်း စသည်တို့အတွက် အလုပ်များနေရခြင်း၊
- ၁၀။ ဣဒ္ဓိပလိဗောဓ-ပုထုဇဉ် ပုဂ္ဂိုလ်တို့ ရရှိထားသော ဈာန် အဘိညာဉ် စသော တန်ခိုးဣဒ္ဓိပါဒ် အတွက် ငဲ့ကွက်ပူပန်နေရခြင်း၊ [၇]
ထိုပူပန်စရာ စိုးရိမ်စရာ ကြောင့်ကြစရာ ဖြစ်သော ပလိဗောဓကို ကမ္မဋ္ဌာန်းဝိပဿနာ အားထုတ်ရာ၌ ဝင်ရောက်နှောက်ယှက်ခြင်း မရှိစေခြင်းငှာ ရှေးဦးစွာ ရှင်းလင်း ကင်းပြတ်အောင် ပြုလုပ်ထားရမည်ဟု ဆိုလိုသည်။ [၈]
ဆောင်ပုဒ်
[ပြင်ဆင်ရန်]အာ ကု လာဘ ဂိုဏ်း ကိစ္စ၊ ပထ ဉာ အနာ။ ကျမ်းဂန် တန်ခိုး၊ ဤဆယ်မျိုး ဖြတ်ရိုး ဝိပသ်မှာ။ [၉]
ပလိဗောဓငယ်(၅)ပါး
[ပြင်ဆင်ရန်]၁။ ရှည်သော ဆံပင်၊ မုတ်ဆိတ်၊ လက်သည်း၊ ခြေသည်း စသည်တို့ကို ပယ်အပ်သည်။
၂။ ဆွေးမြေ့ စုတ်ပြတ်သော သင်္ကန်း၊ အဝတ်စသည်တို့ကို ခိုင်မြဲအောင် ဖာထေးချုပ်ခြင်းကို ပြုအပ်သည်။
၃။ ဟောင်းနွမ်းညစ်လွန်းသော သင်္ကန်း၊ အဝတ်တို့ကို သန့်စင်အောင်လျှော်ဖွပ် အပ်သည်။
၄။ အညစ်အကြေးတင်သော သပိတ်များကိုလည်း စင်ကြယ်အောင် ပြုအပ်သည်။
၅။ အိပ်ရာ၊ ခုတင်၊ အင်းပျဉ်၊ ညောင်စောင်း စသည်တို့ကို ပြုပြင်အပ်သည်။ [၁၀]
ဆံပင် ထားခြင်း၏ ပလိဗောဓ ၁၆-ပါး
[ပြင်ဆင်ရန်]- တန်ဆာဆင်ရခြင်း အလင်္ကာရပလိဗောဓ,
- တင့်တယ်ပြေပြစ်အောင် ပြုပြင်ရခြင်း မဏ္ဍနပလိဗောဓ,
- ဆီလိမ်းရခြင်း တေလမက္ခန,
- ခေါင်းလျော်ရခြင်း ဓောဝနပလိဗောဓ,
- ပန်းပန်ရခြင်း မာလာပလိဗောဓ,
- အမွှေး အကြိုင်နံ့သာတို့ဖြင့် လိမ်းကျံခြယ်သရခြင်း ဂန္ဓပလိဗောဓ,
- တရော်ကင်ပွန်းစသည် စိမ်ရခြင်း ဝါသနပလိဗောဓ,
- သဖန်းခါးသီး ရှာရခြင်း ဟရီဋကပလိဗောဓ,
- သျှိသျှားသီးရှာရခြင်း အာမလကပလိဗောဓ,
- ဆေးဆိုးရခြင်း ရင်္ဂပလိဗောဓ,
- သျှောင်ထုံးရခြင်း ဗန္ဓနပလိဗောဓ,
- ဘီးဖြင့် ဖီးရခြင်း ကောစ္ဆပလိဗောဓ,
- ဆေတ္တာသည်တို့ဖြင့် ဆံပင်ကို ပြုပြင်ရခြင်း ပလိဗောဓ,
- ဆံပင်ညှပ်ရခြင်း ကပ္ပပလိဗောဓ,
- ပြန်ဖြည်ရခြင်း ဆံပင်ရှင်းရခြင်း ဝိဇဋနပလိဗောဓ,
- သန်းရှာရခြင်း ဦကာပလိဗောဓ,
- ဆံပင်ကျွတ်သော် စိုးရိမ်ရခြင်း ဝိလုနပလိဗောဓ ဟူ၍ ဆံပင် ထားခြင်း၏ ပလိဗောဓ ၁၆-ပါး ပြား၏။[၁၁] ဤသို့ ပလိဗောဓသည်များသော အပြားရှိ၏။)[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ပလိဗောဓ (ပု) [ပရိ+ဗုဓိ+ဏ]
- ↑ ၂.၀ ၂.၁ ၂.၂ ၂.၃ တိပိဋကအဘိဓာန် အတွဲ-၁၄ အပိုင်း-၂
- ↑ ဝိ၊၃၊၃၇၃။ ဝိ၊၅၊၂၁၄။ ကင်္ခါ၊ဋီ၊ဟောင်း။ ၆၅။
- ↑ ပဋိသံ၊ဋ္ဌ၊၂၊၂၀။
- ↑ စူဠနိ၊၂၈၂။
- ↑ (ကိတ္တိ၊ ခုဒ္ဒက၊ဋ္ဌ၊၂၉)
- ↑ ဝိ၊ဋ္ဌ၊၂၊၂၁။ ဝိသုဒ္ဓိ၊၁၊၈၆-၉၃။ ခုဒ္ဒက၊ဋ္ဌ၊၂၉။
- ↑ အရှင်ဇာဂရ- ဝိပဿနာကြေးမုံကျမ်း
- ↑ အရှင်ဇာဂရ- ဝိပဿနာကြေးမုံကျမ်း
- ↑ အရှင်ဇာဂရ- ဝိပဿနာကြေးမုံကျမ်း
- ↑ မိလိန္ဒ၊၁၁။