နီဝရဏ
| တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
| ဗုဒ္ဓဘာသာ |
|---|
ကင်းစောင့်သမားတို့သည် အလိုမရှိအပ်သော ပုဂ္ဂိုလ်များ၏ ဝင်ရာ၊ ထွက်ရာ၊ ဝင်ခွင့် ထွက်ခွင့်ကို တားမြစ်သကဲ့သို့ လောဘ၊ ဒေါသစသော စေတသိက်တို့သည် သတ္တဝါတို့၏ စိတ်သန္တာန်၌ ကုသိုလ်တရား၊ ဈာန်၊ မဂ်၊ ဖိုလ်တရားတို့၏ ဖြစ်ခွင့်၊ တိုးပွားခွင့်ကို မပေးဘဲ တားမြစ် ပိတ်ပင် ဖျက်ဆီးတတ်၏။ ထို့ကြောင့် လောဘ၊ ဒေါသစသော စေတသိက်တို့ကို ကင်းစောင့်သမား နီဝရဏဟု ခေါ်သည်။
နီဝရဏ
[ပြင်ဆင်ရန်]၁။ ပိတ်ဆို့ခြင်း၊ တားမြစ်ခြင်း၊ ဖုံးလွှမ်းခြင်း၊ နှောင်ဖွဲ့ခြင်း၊ မြှေးယှက်ခြင်း။[၁]
၂။ ပိတ်ဆို့တတ်သော၊ တားမြစ်တတ်သော၊ ဖုံးလွှမ်းတတ်သော၊ နှောင်ဖွဲ့တတ်သော၊ မြှေးယှက်တတ်သော တရား။ (နီဝရဏတရား)[၂]
(က) ဈာန်စသော ကုသိုလ်စိတ်ကို ညစ်နွမ်း၊ ပူပန်စေတတ်၊ ပိတ်ဆို့၊ တားမြစ်၊ ဖုံးလွှမ်း၊ မြှေးယှက်တတ်သော တရား။[၃]
(ခ) ပညာမျက်စိ၊ နိဗ္ဗာန်ချမ်းသာကို ပိတ်ဆို့၊ တားမြစ်တတ်သော တရား။[၄]
(ဂ) စိတ်၊ အကျိုးစီးပွား၊ အကျင့်ကို တားမြစ်၊ ဖုံးလွှမ်းတတ်သော တရား။[၅]
(ဃ) ဝဋ်မှ ထွက်မြောက်ကြောင်းကို ပိတ်ဆို့၊ တားမြစ်တတ်သော တရား။[၆]
(င) ကုသိုလ်စိတ်ကို ပိတ်ဆို့၊ တားမြစ်၊ ညစ်ညူးစေ၊ လွှမ်းမိုး၊ ပညာ၏ အားနည်းမှုကို ပြုတတ်သော တရား။[၇]
နီဝရဏတရား (၅) ပါး
[ပြင်ဆင်ရန်]မြတ်စွာဘုရားက အတားအဆီး ၅ မျိုးကြောင့် စိတ်တွေ ညစ်နွမ်းပြီး ပျော့ပြောင်းမှုမရှိ၊ လျင်မြန်မှုမရှိ၊ တောက်ပမှုမရှိ၊ မြဲမြံမှုမရှိ၊ အာသဝေါတရားများ ကုန်ခန်းရန်အတွက် ကောင်းစွာ စိတ်မတည်ငြိမ်နိုင်ဟု မိန့်တော်မူပါသည်။ ဒီအတားအဆီး ၅ မျိုးမှာ-
- ကာမစ္ဆန္ဒနီဝရဏ - ကာမဂုဏ်တို့၌ လိုချင်မှုဟူသော ပိတ်ဆို့၊ တားမြစ်တတ်သောတရား။
- ဗျာပါဒနီဝရဏ - ပျက်စီးစေ၊ ဖျက်ဆီးလိုမှုဟူသော ပိတ်ဆို့၊ တားမြစ်တတ်သောတရား။
- ထိနမိဒ္ဓနီဝရဏ - လေးလံထိုင်းမှိုင်းမှုဟူသော ပိတ်ဆို့၊ တားမြစ်တတ်သောတရား။
- ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ - ပျံ့လွင့်မှု၊ နောင်တတဖန်ပူပန်မှုဟူသော ပိတ်ဆို့၊ တားမြစ်တတ်သောတရား။
- ဝိစိကိစ္ဆာနီဝရဏ - ယုံမှားမှု၊ မဝေခွဲနိုင်မှုဟူသော ပိတ်ဆို့၊ တားမြစ်တတ်သောတရား။[၁၀]
ဒီအတားအဆီးတွေကနေ စိတ်လွတ်မြောက်သွားသောအခါ စိတ်သည် ပျော့ပြောင်းပြီး လျင်မြန်လာမည်၊ တောက်ပမှုရှိလာမည်၊ မြဲမြံလာမည်၊ အာသဝေါတွေ ကုန်ခန်းရန် ကောင်းကောင်း အာရုံစိုက်နိုင်လာမည်ဟု ဆိုပါသည်။
နီဝရဏ၏ အခြားအမည်များ
[ပြင်ဆင်ရန်]ယင်း နီဝရဏတရား ၅-ပါးကို အောက်ပါအမည်များဖြင့်လည်း ခေါ်ဆိုသည်။
- အာဝရဏ = ဖုံးလွှမ်းတတ်သောတရား။
- နီဝရဏ = ပိတ်ဆို့တတ်သောတရား။
- ဩနာဟန = နှောင်ဖွဲ့တတ်သောတရား။
- ပရိယောနာဟန = မြှေးယှက်တတ်သောတရား။[၁၁]
- အကုသလရာသိ = အကုသိုလ်အုပ်စုတရား။ [၁၂]
- ဈာနပဋိပက္ခ = ဈာနင်္ဂပစ္စနိက = ဈာနင်္ဂဝိဒ္ဓံသက = ဝိဃာတက = ဈာန်အင်္ဂါတို့၏ ဆန့်ကျင်ဘက်ဖြစ်သောတရား၊ ဈာန်အင်္ဂါတို့ကို ဖျက်ဆီး၊ ညှင်းဆဲတတ်သောတရား။ [၁၃]
- အန္ဓကရဏ = ကန်းအောင်ပြုတတ်သော။
- အစက္ခုကရဏ = မျက်စိမရှိအောင်ပြုတတ်သော။
- အညာဏကရဏ = အသိဉာဏ်မဲ့အောင် ပြုတတ်သော။
- ပညာနိရောဓိက = ပညာကို ချုပ်ပျောက်စေမှုဖြစ်အောင် ပြုတတ်သော။
- ဝိဃာတပက္ခိယ = ပင်ပန်းဆင်းရဲအောင်ပြုတတ်သော။
- အနိဗ္ဗာနသံဝတ္တနိက = ကိလေသာမှ ငြိမ်းအေးမှုမဖြစ်အောင် ပြုတတ်သော တရား။ [၁၄]
နီဝရဏတရား (၆) ပါး
[ပြင်ဆင်ရန်]မသိမှု၊ တွေဝေမှုဟူသော ပိတ်ဆို့၊ တားမြစ်တတ်သော အဝိဇ္ဇာနီဝရဏ အားဖြင့် ၆-ပါးဖြစ်သည်။ [၁၅]
နီဝရဏတရား (၈) ပါး
[ပြင်ဆင်ရန်]- မမွေ့လျော်မှုဟူသော ပိတ်ဆို့၊ တားမြစ်တတ်သော အရတိနီဝရဏ။
- အကုသိုလ်အုပ်စုဟူသော ပိတ်ဆို့၊ တားမြစ်တတ်သော အကုသလရာသိနီဝရဏ အားဖြင့် ၈-ပါးဖြစ်သည်။ [၁၆]
- ထိန၊ မိဒ္ဓ၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စတို့ကို သီးခြားယူ၍လည်း ၈-ပါးဖြစ်သည်။ [၁၇]
အောက်ပါတရားများသည် နီဝရဏတရား ၅-ပါးတို့၌ အကျုံးမဝင်သော်လည်း ဒေသနာ၏အစွမ်းအားဖြင့် နီဝရဏတရား ၈-ပါးဟု ခေါ်ဆိုသည်။
၁။ အသက်ကို သတ်ခြင်း = ပါဏာတိပါတ
၂။ မပေးသော ဥစ္စာကို ခိုးယူခြင်း = အဒိန္နာဒါန
၃။ မမှန်စကား ပြောကြားခြင်း = မုသာဝါဒ
၄။ ဂုန်းတိုက်သောစကားကို ပြောဆိုခြင်း = ပိသုဏဝါစာ
၅။ တပ်မက်လိုချင်ခြင်း = ဂိစ္ဆလောဘ
၆။ ကဲ့ရဲ့ချုပ်ချယ်ခြင်း = နိန္ဒာရောသ
၇။ အမျက်ထွက်ခြင်း၊ ပင်ပန်းခြင်း = ကောဓုပါယာသ
၈။ လွန်စွာမာန်မူခြင်း = အတိမာန[၁၈]
နီဝရဏတရား (၁၀) ပါး
[ပြင်ဆင်ရန်]နီဝရဏတရား ၅-ပါး၌ အဇ္ဈတ္တ (အတွင်း)၊ ဗဟိဒ္ဓ (အပြင်) ၂-ပါး အကြောင်းကိုစွဲမှီ၍ဖြစ်သောအားဖြင့် ၁၀-ပါး ဖြစ်နိုင်သည်။ [၁၉]
နီဝရဏနှင့် ပတ်သက်သော အခြားအချက်များ
[ပြင်ဆင်ရန်]- နီဝရဏတရားများ ကိန်းအောင်းနေသော ပုဂ္ဂိုလ်၏ အဇ္ဈတ္တသန္တာန်၌ ကုသိုလ်တရားများ မတည်နေနိုင်။ [၂၀]
- နီဝရဏတရား ၅-ပါးတို့သည် အကြောင်းအာဟာရလျှင် တည်ရာရှိကုန်၏၊ အကြောင်းအာဟာရကိုစွဲ၍ တည်ရကုန်၏၊ အကြောင်းအာဟာရ မရှိဘဲ မတည်နိုင်ကုန်။ [၂၁]
- နီဝရဏတရားတို့ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှာ၊ ပိုင်းခြား၍သိခြင်းငှာ၊ ကုန်စေခြင်းငှာ၊ ပယ်ခြင်းငှာ မဂ္ဂင် ၈-ပါးကို အားထုတ်ပွားများရ၏။ [၂၂]
- နီဝရဏတရား ၅-ပါးတို့ နှိပ်စက်ခံရသူသည် အိပ်ပျော်နေသူမည်၏။ မနှိပ်စက်ခံရသူသည် နိုးကြားသူမည်၏။ [၂၃]
- နီဝရဏတရား ၅-ပါးသည် ကြွေးမြီ၊ အနာရောဂါ၊ နှောင်အိမ်၊ ကျေးကျွန်၊ ဘေးရန်ကြမ်းတမ်း ရေရှားသော ရှည်ဝေးသော ခရီးခဲနှင့်တူ၏။ ယင်း ၅-ပါး ပယ်ပြီးသူသည် ကြွေးမြီကင်းခြင်း၊ အနာရောဂါကင်းခြင်း၊ နှောင်အိမ်မှလွတ်ခြင်း၊ ကျေးကျွန်အဖြစ်မှလွတ်ခြင်း (လွတ်လပ်ခြင်း)၊ ခရီးခဲဘေးမှလွတ်ရာ ငြိမ်းချမ်းရာအရပ်သို့ ရောက်ခြင်းနှင့်တူ၏။ [၂၄]
နီဝရဏအကျယ်
[ပြင်ဆင်ရန်]ဈာန်အင်္ဂါနှင့် ၎င်းတို့၏ ဆန့်ကျင်ဘက် နီဝရဏများ
[ပြင်ဆင်ရန်]ဈာန်ရရှိရန်အတွက် အဓိက အနှောင့်အယှက်ဖြစ်သော နီဝရဏတရား (၅) ပါး ကို (ခေတ္တခဏ) ဖယ်ရှားပစ်ရန် လိုအပ်သည်။ စိတ်ထဲတွင် နီဝရဏများ ရှိနေသမျှ ဈာန်မရနိုင်ပါ။ ဈာန်အင်္ဂါ (၅) ပါးသည် နီဝရဏ (၅) ပါးနှင့် တိုက်ရိုက်ဆန့်ကျင်ဘက် ဖြစ်နေကြပြီး တစ်ခုရှိနေလျှင် ကျန်တစ်ခု ရှိမလာနိုင်ပါ။
၁။ ဝိတက် နှင့် ထိနမိဒ္ဓ = ဝိတက် (အတွေးကြံစည်မှု) များနေလျှင် စိတ်သည် နိုးကြားနေသောကြောင့် ထိနမိဒ္ဓ (အိပ်ငိုက်ခြင်း) ဝင်မလာနိုင်ပါ။ အိပ်ငိုက်နေလျှင် စိတ်အာရုံတင်ပေးသည့် ဝိတက် မရှိတော့ပါ။
၂။ ဝိစာရ နှင့် ဝိစိကိစ္ဆာ = ဝိစာရဖြင့် အာရုံတစ်ခုတည်းကို စူးစိုက်သုံးသပ်နေချိန်တွင် ဟိုလိုလိုဒီလိုလိုဖြစ်သော ဝိစိကိစ္ဆာ (သံသယ) ဖြစ်မလာနိုင်ပါ။
၃။ ပီတိ နှင့် ဗျာပါဒ= စိတ်ထဲတွင် ပီတိဖြစ်၍ ကြည်နူးနေချိန်၌ ဒေါသမဖြစ်နိုင်သလို၊ ဒေါသထွက်နေချိန်၌လည်း ပီတိမဖြစ်နိုင်ပါ။
၄။ သုခ နှင့် ဥဒ္ဓစ္စ-ကုက္ကုစ္စ = စိတ်ပျံ့လွင့်နေချိန် သို့မဟုတ် နောင်တရပူပန်နေချိန်တွင် စိတ်ချမ်းသာမှု (သုခ) မရနိုင်ပါ။
၅။ ဧကဂ္ဂတာ နှင့် ကာမစ္ဆန္ဒ = စိတ်က ဟိုအာရုံ ဒီအာရုံ လိုက်နေသော ကာမစ္ဆန္ဒများနေလျှင် အာရုံတစ်ခုတည်း၌ စုစည်းသည့် ဧကဂ္ဂတာ (သမာဓိ) မဖြစ်ပေါ်နိုင်ပါ။ [၂၈]
နိဂုံးချုပ် တိုက်တွန်းချက်
[ပြင်ဆင်ရန်]နီဝရဏတရားငါးပါးသည် ဈာန်သမာပတ်ဖြင့် ယာယီဖိနှိပ်ထားနိုင်ပြီး၊ ဝိပဿနာဉာဏ်ဖြင့် ယာယီပယ်ခွာနိုင်သော်လည်း၊ မဂ်ဉာဏ်ဖြင့် အမြစ်မပြတ်သေးသမျှ နောင်တွင် ပြန်လည်ဖြစ်ပေါ်နိုင်သေးသည်။ ထို့ကြောင့် တရားထူးမရသေးမီ အားထုတ်မှုကို မရပ်တန့်ရန် အရေးကြီးပါသည်။
သမ္မောဟဝိနောဒနီအဋ္ဌကထာ၌လာသော ဈာန်အဘိညာဉ်ရပြီးမှ ကာမဂုဏ်အသံကိုအာရုံပြု၍ ဈာန်ကွယ်ကာ လူထွက်သွားရှာသော ရဟန်းငယ်၏ ဝတ္ထုသည် အားထုတ်မှုကို မပြတ်မလပ်ပြုလုပ်ရန် သတိပေးချက်တစ်ခု ဖြစ်သည်။
ထို့ပြင်၊ မြတ်စွာဘုရားသည် တရားတော်ကို သင်ယူခြင်း၊ သင်ကြားခြင်း၊ ရွတ်ဆိုခြင်း၊ စဉ်းစားဆင်ခြင်ခြင်းတို့ထက်၊ ဆိတ်ငြိမ်ရာ၌ တရားအားထုတ်၍ စိတ်ကိုငြိမ်းချမ်းအောင် ပြုလုပ်ခြင်းသည်သာလျှင် တရားတော်အတိုင်း အမှန်တကယ်နေထိုင်ခြင်းဖြစ်သည်ဟု ဟောကြားတော်မူခဲ့သည်။ ထို့ကြောင့် မြတ်စွာဘုရားက "ဤသည်ကား သင်တို့အား ငါဘုရား၏ အမိန့်တော်တည်း။ ရဟန်း၊ တရားအားထုတ်လော့၊ မမေ့မလျော့နှင့်လော့၊ နောင်အခါမှ မိမိကိုယ်ကို မစွပ်စွဲလေနှင့်။" ဟု မိန့်မှာတော်မူခဲ့သည်။[၂၉]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
[ပြင်ဆင်ရန်]- ↑
- "ဥပါဒါနံ အာဝရဏံ နီဝရဏံ ဆဒနံ ဗန္ဓနံ ဥပက္ကိလေသော။" (မဟာနိ၊၇။ စူဠနိ၊၂၇။)
- "အာဝရဏံ နီဝရဏံ ဆဒနံ ဥပက္ကိလေသော စ အတ္ထိ။" (ပေဋကော၊ ၂၇၃။ –စူဠနိ၊၂၉၊ ၁၅၈။ ပေဋကော၊ ၂၄၈၊ ၂၇၄။ ဝိသုဒ္ဓိ၊ဋီ၊၂၊၄၉၇။)
- ↑
- "နီဝါရေန္တီတိ နီဝရဏာ။" (ဒီ၊ဋ္ဌ၊၁၊၃၃၅။ မူလဋီ၊၁၊၁၇၅။)
- "နီဝရဏေဟိ နိဝုတော ဩဖုဋော ပရိယောနဒ္ဓေါ စ နီဝရဏံ ဇဟတိ။" (အဘိ၊ဋ္ဌ၊၃၊၂၃၇။)
- "နီဝါရယန္တီတိ နီဝရဏာ။" (အံ၊ဋီ၊၃၊၂၂။)
- "နီဝရဏာနန္တိ ကာမစ္ဆန္ဒာဒိနံ ပဉ္စန္နံ နီဝရဏာနံ။" (မဏိမဉ္ဇူ၊၂၊၄၇၅။)
- ↑
- "စေတသော ဥပက္ကိလေသေဟိ ပဉ္စ နီဝရဏာနိ စိတ္တံ ဥပက္ကိလေသေန္တိ ကိလိဋ္ဌံ ကရောန္တိ ဥပတာပေန္တံ ဝိဗာဓေန္တိ။" (ဒီ၊ဋ္ဌ၊၃၊၆၄။)
- "စိတ္တံ နိဝါရေန္တိ ပရိယောနဒ္ဓန္တီတိ နီဝရဏာနိ။" (ဒီ၊ဋ္ဌ၊၃၊၂၁၀။ အဘိ၊ဋ္ဌ၊၁၊၂၀၉။ ပဋိသံ၊ဋ္ဌ၊၁၊၁၁၀။)
- "ကုသလဓမ္မေ အာဝရန္တိ နိဝါရေန္တီတိ နီဝရဏာနိ။" (အဘိ၊ဋ္ဌ၊၂၊၄၈၆။)
- "ပဉ္စဟိ နီဝရဏေဟီတိ စိတ္တံ နိဝရန္တိ ပရိယောနန္ဓန္တီတိ နီဝရဏာ။" (ပဋိသံ၊ဋ္ဌ၊၂၊၂၃။)
- "စိတ္တံ နီဝရတိ ပရိယောနန္ဓတီတိ နီဝရဏံ။" (မဟာနိ၊ဋ္ဌ၊၁၅။)
- "ကုသလဓမ္မေ နီဝရတီတိ နီဝရဏံ။" (မဟာနိ၊ဋ္ဌ၊၅၂။)
- "ဈာနာဒိဝသေန ဥပ္ပဇ္ဇနကကုသလစိတ္တံ နိဝါရေန္တိ တထာ တဿ ဥပ္ပဇ္ဇိတုံ န ဒေန္တီတိ နီဝရဏာနိ။" (ဝိဘာဝိနီ၊၂၁၉။)
- ↑
- "ပညာစက္ခုနော ဝါ အာဝရဏဋ္ဌေန နီဝရဏာ။" (ဝိဘာဝိနီ၊၂၁၉။)
- "အပိ ဝိသေသေန အဝိဇ္ဇာ နိဗ္ဗာနသုခံ နိဝါရေတီတိ “နီဝရဏ”ဝုတ္တာ။" (ဣတိဝုတ်၊ဋ္ဌ၊၅၆။)
- ↑
- "ဝဋ္ဋဗန္ဓနဋ္ဌေန ဟိ ဟိတပဋိစ္ဆာဒနဋ္ဌေန စ သံယောဇနန္တိပိ နီဝရဏန္တိပိ ဝုတ္တံ။" (မ၊ဋ္ဌ၊၃၊၂၈။)
- "နီဝရဏာတိ စိတ္တံ၊ ဟိတပဋိပတ္တိ ဝါ နီဝရန္တီတိ နီဝရဏာ။ ပဋိစ္ဆာဒေန္တီတိ အတ္ထော။" (သုတ္တနိ၊ဋ္ဌ၊၁၊၂၂။)
- ↑
- "နီဝရဏာတိ ကေနဋ္ဌေန နီဝရဏာ နိယျာနာဝရဏဋ္ဌေန နီဝရဏာ။" (ပဋိသံ၊၁၆၂။)
- ↑
- "ပဉ္စ နီဝရဏေ ပဟာယ စေတသော ဥပက္ကိလေသေ ပညာယ ဒုဗ္ဗလီကရဏေ။" (ဒီ၊၂၊၇၁။ ဒီ၊၃၊၈၃။ မ၊၁၊၃၄၄။ မ၊၂၊၁၀။ မ၊၃၊၁၄၊ ၅၅။ အံ၊၂၊၃၃၉။ အံ၊၃၊၂၃၂၊ ၄၂၄။ နေတ္တိ၊၇၈။)
- "ပစ္ဆိမေ ဘိက္ခဝေ အာဝရဏာ နီဝရဏာ စေတသော အဇ္ဈာရုဟာ ပညာယ ဒုဗ္ဗလီကရဏာ။" (သံ၊၃၊၈၅။ အံ၊၂၊၅၆။)
- ↑ (သံ၊၃၊၈၆၊ ၁၆၉၊ ၂၁၁-ကြည့်။)
- ↑ (သံ၊၃၊၈၁၊ ၈၆-ကြည့်။)
- ↑ (ဒီ၊၁၊၂၃၁။ ဒီ၊၃၊၂၃၂။ သံ၊၃၊၅၆၊ ၈၆၊ ၂၈၄။ အံ၊၂၊၅၆။ အံ၊၃၊၂၅၀။ ပဋိသံ၊၁၆၂။ ထေရ၊၂၃၆။ ပေဋကော၊ ၂၅၉။ ပဋိသံ၊ဋ္ဌ၊၁၊၁၁၀။ ပဋိသံ၊ဋ္ဌ၊၂၊၂၃။ ဝိဘာဝိနီ၊၂၁၉။)
- ↑ (ဒီ၊၁၊၂၃၁)
- ↑ (အံ၊၂၊၅၇)
- ↑ (ပေဋကော၊ ၂၇၃-၄။ ဝိ၊ဋ္ဌ၊၁၊၁၁၄။ ဝိသုဒ္ဓိ၊၁၊၁၃၇။)
- ↑ (သံ၊၃၊၈၆။)
- ↑ (အဘိ၊ဓ၊၂၃၂။ အဘိ၊ဋ္ဌ၊၁၊၄၅၂။)
- ↑ (ပဋိသံ၊၁၆၂။)
- ↑ (ဝိဘာဝိနီ၊၂၂၁။)
- ↑ (မ၊၂၊၂၄-၆။ မ၊ဋ္ဌ၊၃၊၂၈။)
- ↑ (သံ၊၃၊၉၇။ ပေဋကော၊ ၂၇၃။)
- ↑ (မ၊ဋ္ဌ၊၂၊၃၉။)
- ↑ (သံ၊၃၊၅၈-၉၊ ၉၀။)
- ↑ (သံ၊၃၊၃၂၊ ၅၆။ အံ၊၃၊၂၅၀။ ပေဋကော၊၂၇၃။ သံ၊ဋ္ဌ၊၃၊၂၁၁။)
- ↑ (သံ၊၁၊၃။ သံ၊ဋ္ဌ၊၁၊၂၃။)
- ↑ (ဒီ၊၁၊၆၈-၉။ မ၊၁၊၃၄၃-၄။ ဒီ၊ဋ္ဌ၊၁၊၁၈၉၊ ၁၉၀။ မ၊ဋ္ဌ၊၂၊၂၁၇။)
- ↑ (ပေဋကော၊ ၂၅၉၊ ၂၆၀)
- ↑ (ပဋိသံ၊၁၆၂-၃)
- ↑ (သုတ္တနိ၊ဋ္ဌ၊၁၊၂၃)
- ↑ အဘိဓမ္မာသင်တန်းပို့ချချက်များ (ပထမတွဲ) အရှင်သီလာနန္ဒာဘိဝံသ (D.Litt)
- ↑ How to Overcome the Five Hindrances - ဖားအောက်တောရဆရာတော်