မိုင်းရှုနယ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မိုင်းရှုနယ်သည် ရှမ်းပြည်နယ်၏ အလယ်ဗဟိုလောက်တွင်တည်ရှိ၍ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင်ကျရောက်သည်။ မိုင်းရှုနယ်သည် နယ်နိမိတ်အားဖြင့် အရှေ့ မြောက်ဖက်နှင့် အရှေ့ဖက်တွင် မိုင်းလွန်းနယ်၊ အနောက်မြောက်ဖက်တွင် ကျေးသီးမံစံနယ်၊ အနောက်တောင်ဖက်နှင့် တောင်ဖက်တွင် မိုင်းနောင်နယ်တို့ဖြင့် ရံလျက်ရှိသည်။ မိုင်းရှုနယ်သည် အကျယ်အဝန်းအားဖြင့် ၄၇၃ စတုရန်းမိုင်၊ ကျေးရွာပေါင်း ၂၄၆ ရွာနှင့် လူဦးရေ ၁၉၅၆ ခုနှစ်တွင် ခန့် မှန်းခြေအားဖြင့် ၁၆၄၁ဝ ခန့် ရှိသည်။

မိုင်းရှုနယ်သည် တောင်ထူထပ်၍ တောင်ပေါ်တွင် သစ်ပင်ကြီးများ မပေါက်ရောက်ဘဲ ချုံတော်များဖြင့်သာ ဖုံးလွှမ်းလျက်ရှိသည်။ မိုင်းရှုနယ်တွင် မြစ်ဝှမ်းကျယ်များ ရှိသည်။ ထိုနေရာများတွင် ရွာတည်ကြသည်။ လယ်ယာစိုက်ပျိုး လုပ်ကိုင်ကြသည်။ နမ့်ပန်နှင့် နမ့်အွတ်တို့မှာ အဓိက မြစ်များဖြစ်သည်။ ယင်းမြစ် ၂ ခုတို့သည် မိုင်းရှုနယ်အနီးတွင်ပေါင်းဆုံကြသည်။ နယ်၏အရှေ့တောင်ဖက်ရှိ လွယ်ဆုံတောင်သည် နယ်တွင်းရှိ အမြင့်ဆုံးတောင်ဖြစ်လေသည်။ ရှေးအခါက သီးခြား နယ်အဖြစ် တည်ရှိခဲ့သော မိုင်းစံသည် များသောအပိုင်းတွင် မြေပြန့်ဖြူး၍ ပတ်လည်တွင်မူတောင်များခြံရံလျက် ရှိသည်။ နမ့်စံမြစ်သည် မြေပြန့်လွင်ပြင်တွင်းသို့ အရှေ့ဖက်မှသည် အနောက်ဖက်သို့ စီးဆင်းသည်။ နမ့်ပန်မြစ်၏ လက်တက်ဖြစ်သည်။ နမ့်ပန်သည် ရှေးအခါက မိုင်းရှုနှင့် မိုင်းစံနယ်များကို ပိုင်းခြားသတ်မှတ်ခဲ့သည်။

မိုင်းရှုနယ်တွင်ရေ မိုင်းစံတွင်ပါ စပါးကို သာလျှင် စိုက်ပျိုးသည်။ ဝါဂွမ်း အနည်းငယ် စိုက်ပျိုးသော်လည်း လုံလောက်စွာမရရှိပေ။ ဆေးရွက်ကြီးနှင့် နှမ်းကို လည်း အနည်းအကျဉ်း စိုက်ပျိုးသည်။ ရောင်းနိုင်လောက်အောင် ကားမရပေ။ သွားလမ်းမှာ နွားလှည်းများကိုသာ အားထားရသည်။

ရှေးအခါက မိုင်းရှုနယ်သည် သိန္နီနယ်တောင်ပိုင်းတွင် ပါဝင်ခဲ့သည်။ ခရစ် ၁၈၅၇ ခုနှစ်တွင် မင်းတုန်းမင်း၏ အမိန့်တော်အားဖြင့် သီးခြားနယ်ဖြစ်လာသည်။ ကျေးသီးမံစံတွင်ရှိ မြန်မာမြို့အုပ်၏ လက်အောက်တွင် ထားရှိခဲ့သည်။ မိုင်းရှုနယ်ကို အမျိုးသမီး ၂ ဦး တို့သည် ၆ နှစ်တာမျှ အုပ်ချုပ်ခဲ့ဘူးသည်။ တစ်ဦးမှာ သိန္နီစော်ဘွား၏ ညီနှင့် လက်ထပ်လေသည်။ ထိုကြောင့် ယခု မိုင်းရှုမြို့စားများသည် တစ်ခါက ရှမ်းပြည်တွင် တန်ခိုးထွားခဲ့သော သိန္နီနယ်ရှင် စော်ဘွား များ၏ အဆက်အနွယ် ဖြစ်သည်ဟု ဂုဏ်ယူပြောဆိုကြသည်။ မိုင်းရှုနယ်ကို သိန္နီနယ်မှခွဲထုတ်သည့် အချိန်မှစ၍ ၁၈၇၄ ခုနှစ်အထိ မိုင်းစံသည် မိုင်းရှုနယ်တွင် ပါဝင်သော တိုက်နယ်အဖြစ်သာ အသိအမှတ် ပြုခြင်းခံရ၏။ ၁၈၇၄ ခုနှစ်တွင် ခွန်ဆောအား မိုင်းစံမြို့စားအဖြစ် ဖခင် ခွန်မုန်းက ခန့်အပ်သည်။ ခွန်မုန်း သေဆုံးသောအခါ အစ်ကိုဖြစ်သူ ခွန်မဟာသည် ဖခင်ကို ဆက်ခံသည်။ ညီဖြစ်သူကို မိုင်းစံ မြို့စားအဖြစ် ထားမြဲထားသည်။ ခရစ် ၁၈၈၈ ခုနှစ် ဗြိတိသျှတို့ ဝင်ရောက် သိမ်းပိုက်ပြီးနောက်၌လည်း၊ ညီအစ်ကိုနှစ်ဦးလုံးကို အတည်ပြုသည်။ နယ် ၂ ခုသည်တစ်ခုတည်းအဖြစ် တည်ရှိ၏။ မိုင်းစံနယ်သည် အမည်အားဖြင့်သာလျှင် တည်ရှိ၏။ အုပ်ချုပ်ရေးမှစ၍ အစစ အရာရာတွင် မိုင်းရှု၏ အစီအမံကို လိုက်နာဆောင်ရွက်ရသည်။ ၁၉ဝ၁ ခုနှစ်တွင် မိုင်းစံမြို့စားကွယ်လွန်၍ ယင်းအား ဆက်ခံမည့်သူမရှိသဖြင့် မိုင်းစံနယ်ကို မိုင်းရှုနယ်နှင့်ပေါင်းလိုက်လေသည်။ ထိုနောက် မြို့စားအစဉ်အဆက် အုပ်ချုပ်လာခဲ့ရာ၊ ၁၉၅၉ ခုနှစ်တွင် စော်ဘွားများ အုပ်ချုပ်ရေးအာဏာစွန့်လွှတ်ပြီး၍ အုပ်ချုပ်ရေးစံနစ် ပြောင်းလိုက်သည့် အခါတွင်ကား မိုင်းရှုနယ်သည် ရှမ်းပြည်တောင်ပိုင်းတိုင်း၊ လွယ်လင်ခရိုင်တွင် ပါဝင်လာလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)