မိုင်းလွန်းနယ်

ဝီကီပီးဒီးယား မှ

မိုင်းလွန်းနယ်သည် ရှမ်းပြည်နယ် မြောက်ပိုင်း အရှေ့ဘက်တွင် တည်ရှိသောနယ်တစ်ခုဖြစ်သည်။ သံလွင်မြစ်၏ တစ်ဖက်တစ်ချက်တွင် တည်ရှိရကား မိုင်းလွန်းနယ်သည် အရှေ့မိုင်းလွန်းနယ် အနောက်မိုင်းလွန်းနယ် ဟူ၍ ၂ ပိုင်း ကွဲလျက်ရှိသည်။ အရှေ့မိုင်းလွန်းမှာ နယ်မဖြစ်၏။ ရှေးအခါက စော်ဘွား၏ ဟော်သည် အရှေ့မိုင်းလွန်းတွင် ရှိသည်။ ရှေးအခါက မြို့တော်မှာ တာကွန့်၏တောင်ဘက်မိုင် အနည်းငယ်ကွာတွင် တည်ရှိသော ပန်ယန်းမြို့ ဖြစ်၏။

မိုင်းလွန်းနယ်သည် နယ်နိမိတ်အားဖြင့် မြောက်ဘက်တွင် တောင်သိန္နီနယ်နှင့် ဝနယ်များ၊ အရှေ့ဘက်တွင် လွယ်လုံ၊ ဝနယ်၊ တရုတ်နိုင်ငံနှင့် ကျိုင်းတံနယ်၊ တောင်ဘက်တွင် သံလွင်မြစ်၊ အရှေ့ဘက်၌ ကျိုင်းတုံနယ်၊ အနောက်ဘက်တွင် မိုင်းရှုနယ်၊ မိုင်းနောင်၊ ကျေးသီးမံစံနယ်နှင့် တောင်သိန္နီနယ်(မိုင်းရယ်)နယ်များဖြင့် ပတ်ရံလျက်ရှိသည်။ အကျယ်အဝန်းအားဖြင့် အရှေ့မိုင်းလွန်းနယ်သည် ၂၈၄၂ စတုရန်းမိုင်နှင့် ၁၉၅၆ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၁၉,၆၄၆ ယောက် ရှိကာ၊ အနောက်မိုင်းလွန်းနယ်သည် အကျယ်အဝန်း ၈၇၈ စတုရန်းမိုင်နှင့် လူဦးရေမှာ ၁၉၅၆ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် ၁၈၆၅၅ ယောက်ရှိရကား စုစုပေါင်းအကျယ်အဝန်းမှာ စတုရန်းမိုင် ၃၇၂ဝ နှင့် လူဦးရေ ၃၈,၃ဝ၁ ယောက်ခန့် ရှိသည်။

ဆိုခဲ့သည့်အတိုင်း မိုင်းလွန်းနယ်သည် သံလွင်မြစ်ကမ်း ၂ ဘက် တွင် တည်ရှိရာ၌ မြစ်ကမ်းတစ်လျှောက် မိုင် ၁ဝဝ မျှ ရှည်လျား ကျယ်ပြန့်သည်။ မိုင်းလွန်းနယ် အရှေ့တောင်ပိုင်းသည် များသောအပိုင်းတွင် တောင်များဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ ယင်းတောင်များသည် သံလွင်မြစ်နှင့် နမ့်ခမြစ်၏ အကြား၌ တည်ရှိသည်။ နမ့်ခမြစ်သည် သံလွင်မြစ်၏ လက်တက်ကြီးတစ်ခု ဖြစ်သည်။ အရှေ့ဘက်နှင့် အနောက်ဘက် နယ်နိမိတ်လည်း ဖြစ်၏။ မိုင်းလွန်း နယ်သည် ရေကောင်းစွာ ရရှိသည်။ မြစ်ချောင်းများသည် ချိုင့်ဝှမ်းများဖြစ်ပေါ်စေသဖြင့် လမ်းပန်းဆက်သွယ်ရေးတွင် ခက်ခဲပေသည်။ အရှေ့မြောက်ပိုင်းတွင် မတ်စောက်သော တောင်များရှိသည်။ ချိုင့်ဝှမ်းများကျဉ်းမြောင်း၍ နက်ရှိုင်းသည်။ သံလွင်မြစ်၏ လက်တက်ငယ်များမှ ရေကိုရရှိသည်။ အနောက်ဘက် မိုင်းလွန်းနယ်သည် ကျဉ်းမြောင်းသော ကုန်းမြင့်ဒေသဖြစ်၍ ကျဉ်းမြောင်းသော တောင်ကြား များစွာရှိသည်။ မိုင်းလွန်းနယ်တွင် တောင်ယာများကို စိုက်ပျိုး လုပ်ကိုင်ကြသည်။ မိုင်းလွန်းနယ်တွင် ရှမ်းလူမျိုး၊ ဝလူမျိုး၊ လီရှောလူမျိုး၊ တရုတ်လူမျိုးတို့ နေထိုင်ကြ၏။ အရှေ့မိုင်းလွန်းနယ်၏ တောင်ပေါ်ဒေသတွင် ဝလူမျိုးတို့ နေထိုင်ကြ၍ ချိုင့်ဝှမ်းတွင် ရှမ်းလူမျိုးတို့ နေထိုင်ကြသည်။ အနောက် မိုင်းလွန်းနယ်တွင် ရှမ်းလူမျိုးတို့ အနေများသည်။ လီရှောနှင့် တရုတ် လူမျိုးတို့ကို အရှေ့ဘက်တွင်ရော အနောက်ဖက်တွင်ပါ တွေ့ရသည်။ ၁၉၅၉ ခုနှစ်တွင် စော်ဘွားများ အာဏာစွန့်လွှတ်ခဲ့၍၊ ရှမ်းပြည်နယ် အုပ်ချုပ်ရေးစံနစ်ကို ပြန်လည်စိစစ်သောအခါ မိုင်းလွန်းနယ်သည် ရှမ်းပြည်မြောက်ပိုင်းတိုင်း၊ ရှမ်းပြည်အရှေ့မြောက်ဖက် အထူးခရိုင်တွင် ပါဝင်သည့် နယ်တစ်နယ်ဖြစ်လာလေသည်။ [၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)