ဘုရားဂုဏ်တော်
| တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
| ဗုဒ္ဓဘာသာ |
|---|
ဘုရားဂုဏ်တော် ဆိုသည်မှာ သဗ္ဗညုမြတ်စွာဘုရားရှင်၏ ပြည့်စုံလှသော အရည်အချင်းတော်များနှင့် ဘုန်းတော်များကို ဆိုလိုသည်။ မြတ်စွာဘုရားရှင်သည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပါရမီတော်များကို စုဆောင်းဖြည့်ကျင့်ခဲ့ခြင်းကြောင့် အတုမရှိသော ဂုဏ်တော်ထူးများနှင့် ပြည့်စုံတော်မူခြင်း ဖြစ်သည်။ [၁]
ပါရမီတော်နှင့် ရုပ်ပုံတော်
[ပြင်ဆင်ရန်]မြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်ရှိရန် အလွန်ရှည်လျားသော ကာလပတ်လုံး ပါရမီတော်များကို မဆုတ်မနစ် ဖြည့်ကျင့်ခဲ့သည်။ ထိုပါရမီတော်များ၏ အကျိုးပေးကြောင့် မြတ်စွာဘုရား၏ ရုပ်ပုံတော်သည် လက္ခဏာတော်ကြီး ၃၂ ပါး၊ လက္ခဏာတော်ငယ် ၈၀ တို့ဖြင့် တံဆိပ်ခတ်ထားသကဲ့သို့ အလွန်တင့်တယ် သပ္ပါယ်တော်မူသည်။ ဘုရားရှင်၏ ရုပ်ပုံတော်သည် တက်သစ်စ နေဝန်း၊ ထွန်းသစ်စ လစန်းနှင့် ပွင့်ကာစ ပန်းကဲ့သို့ ဖူးမဝနိုင်အောင် ကျက်သရေ ရှိလှသည်။
ရောင်ခြည်တော် ခြောက်သွယ်
[ပြင်ဆင်ရန်]ဘုရားရှင်၏ စိတ်တော်ကြည်လင်မှုနှင့် တန်ခိုးတော်ကြောင့် ကိုယ်တော်မှ ရောင်ခြည်တော် ခြောက်သွယ် အမြဲဖြာထွက်လျက်ရှိသည်။ ၎င်းတို့မှာ -
၁။ နီလာ - ဆံတော်၊ မျက်နက်ဝန်းတော်တို့မှ ထွက်သော အညိုရောင်။
၂။ ပီတာ - အရေတော်၊ မျက်ခွံတော်တို့မှ ထွက်သော ရွှေအဆင်းဝါသောအရောင်။
၃။ ဩဒါတာ - အရိုးတော်၊ သွားတော်၊ မျက်ဖြူတော်တို့မှ ထွက်သော ဖြူဝင်းသောအရောင်။
၄။ လောဟိတာ - အသားတော်၊ အသွေးတော်တို့မှ ထွက်သော နီမြန်းသောအရောင်။
၅။ မဉ္ဇိဋ္ဌာ - အဝါရင့်နှင့် အနီနု ရောယှက်နေသော မောင်းသောအရောင်။
၆။ ပဘဿရာ - လျှပ်စစ်ကဲ့သို့ ပြိုးပြိုးပြက်ပြက် ထွက်သောအရောင်။
ဘုရားဂုဏ်တော် ၉ ပါး
[ပြင်ဆင်ရန်]ဗုဒ္ဓဘာသာဝင်တို့ နေ့စဉ်ရွတ်ဆို ပူဇော်လေ့ရှိသော ဂုဏ်တော် ၉ ပါးမှာ အောက်ပါအတိုင်း ဖြစ်သည် -
ဣတိပိ သော ဘဂဝါ -
- အရဟံ
- သမ္မာသမ္ဗုဒ္ဓေါ
- ဝိဇ္ဇာစရဏသမ္ပန္နော
- သုဂတော
- လောကဝိဒူ
- အနုတ္တရောပုရိသဒမ္မသာရထိ
- သတ္ထာဒေဝမနုဿာနံ
- ဗုဒ္ဓေါ
- ဘဂဝါ
အရဟံ ဂုဏ်တော်
[ပြင်ဆင်ရန်]- ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူထိုက်တော်မူထိုက်သော မြတ်စွာဘုရား။ ဆိတ်ကွယ်ရာ (စိတ်ကွယ်ရာ)အရပ်၌ပင် မကောင်းမှုကို ပြုလုပ်တော်မမူသော မြတ်စွာဘုရား။
အရဟံဂုဏ်တော် (၅) ချက်
[ပြင်ဆင်ရန်]၁။ အာရကတ္တာ - ကိလေသာတို့မှ ဝေးတော်မူသောကြောင့် အရဟမည်၏။
၂။ ပစ္စယာဒီနံ အရဟတ္ထာပိ- လူနတ်ဗြဟ္မာသုံးပါးတို့၏ ပစ္စည်းလေးပါး စသော ပူဇော်အထူးကို ခံထိုက်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၃။ နတ္ထိ ရဟော ဧတဿာတိ - ဆိတ်ကွယ်ရာ အရပ်၌ မကောင်းမှုပြုခြင်းသည် မရှိသောကြောင့် အရဟမည်၏။
၄။ အရီနံ ဟတတ္တာပိ- ကိလေသာ တည်းဟူသော ရန်သူကို သတ်အပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၅။ အရာနံ ဟတတ္တာပိ- သံသရာ စက်တို့ ၏အကန့်တို့ကို ဖျက်ဆီးအပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်
[ပြင်ဆင်ရန်]- တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရား။
(အရာအားလုံးကို ကိုယ်ပိုင်ဉာဏ်စွမ်းဖြင့် အမှန်အတိုင်းသိမြင်တော်မူသော မြတ်စွာဘုရား )
ဝိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော်
[ပြင်ဆင်ရန်]- ဝိဇ္ဇာဉာဏ် ၃ ပါး(၈ ပါး)၊ စရဏ အကျင့် ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊ အကြီးဆုံး ဝိဇ္ဇာနှင့် အကောင်းဆုံး အကျင့်ရှိသူဖြစ်တော်မူသော မြတ်စွာဘုရား။
ဝိဇ္ဇာဉာဏ် (၃) ပါး
[ပြင်ဆင်ရန်]၁။ ပုဗ္ဗေနိဝါသဉာဏ်- ရှေးဘဝမှ နေခဲ့သော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ဉာဏ်။
၂။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏ မျက်စိကဲ့သို့ အပိတ်အပင် အတားအဆီးမရှိ မြင်နိုင်သော ဉာဏ်။
၃။ အာသဝက္ခယဉာဏ် - အာသဝေါတရား လေးပါးကို ကုန်စင်အောင် ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
ဝိဇ္ဇာဉာဏ် (၈) ပါး
[ပြင်ဆင်ရန်]၁။ ဣဒ္ဓိဝိဓဉာဏ် - တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်သောဉာဏ်။
၂။ မနောမယိဒ္ဓိဉာဏ် - စိတ်သွားတိုင်း ကိုယ်ပါနိုင်သောဉာဏ်။
၃။ ဒိဗ္ဗသောတဉာဏ် - နတ်တို့၏ နားကဲ့သို့ ကြားနိုင်သောဉာဏ်။
၄။ ပရစိတ္တဝိဇာနနဉာဏ် - သူတပါး၏စိတ်ကိုပိုင်းခြား၍သိနိုင်သောဉာဏ်။
၅။ ပုဗ္ဗေနိဝါသဉာဏ် - ရှေးရှေးသော ဘဝပေါင်းခြားများစွာက နေခဲ့ဘူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သောဉာဏ်။
၆။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏မျက်စိကဲ့သို့ မြင်နိုင်သောဉာဏ်။
၇။ ဝိပဿနာဉာဏ် - ဖြစ်ပေါ်သမျှသော သင်္ခါရတရားတို့ကို လက္ခဏာသုံးပါးတင်၍ ရှုမြင်ဆင်ခြင်နိုင်သောဉာဏ်။
၈။ အာသဝက္ခယဉာဏ် - အာသဝေါတရားလေးပါးကို ကုန်စင်အောင်ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
စရဏ အကျင့် ၁၅ ပါး
[ပြင်ဆင်ရန်]သုဂတော ဂုဏ်တော်
[ပြင်ဆင်ရန်]- သတ္တဝါတို့၏ အကျိုးစီးပွားအတွက် ကောင်းသောစကားကို ဆိုတော်မူခြင်းနှင့် နိဗ္ဗာန်သို့ ကောင်းစွာ ကြွတော်မူသော ဂုဏ်။
လောကဝိဒူ ဂုဏ်တော်
[ပြင်ဆင်ရန်]- ဩကာသလောက၊ သင်္ခါရလောက၊ သတ္တလောက တည်းဟူသော လောကသုံးပါးကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။
အနုတ္တရော ပုရိသဓမ္မသာရထိ ဂုဏ်တော်
[ပြင်ဆင်ရန်]- မယဉ်ကျေးသော ဆုံးမထိုက်သူတို့ကို ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမရာ၌ အသာလွန်ဆုံးဖြစ်တော်မူသော မြတ်စွာဘုရား။
သတ္ထာဒေဝ မနုဿာနံ ဂုဏ်တော်
[ပြင်ဆင်ရန်]- လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော မြတ်စွာဘုရား။
ဗုဒ္ဓေါ ဂုဏ်တော်
[ပြင်ဆင်ရန်]- သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူပြီး တစ်ပါးသူတို့အားလည်း ဟောကြားညွှန်ပြနိုင်သော မြတ်စွာဘုရား။
သစ္စာလေးပါးသည် ပါဠိဘာသာအားဖြင့် အရိယသစ္စာ ဟု ခေါ်သည်။ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော သဘောတရားတစ်ခု ဖြစ်သည်။ အကျဉ်းအားဖြင့် ဆိုလျှင် - ဒုက္ခသစ္စာ - ဒုက္ခဟူသော ဆင်းရဲခြင်းတရားသည် အမှန်တကယ်ရှိသည်။ သမုဒယသစ္စာ - သမုဒယသည် 'ဒုက္ခ'ကိုဖြစ်စေသော အကြောင်းအရင်း အမှန်ဖြစ်သည်။ နိရောဓသစ္စာ - ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည် အမှန်တကယ်ရှိသည်။ မဂ္ဂသစ္စာ - နိဗ္ဗာန်ကိုရရှိရန် နည်းလမ်းသည် မဂ္ဂင်ရှစ်ပါး အမှန်ပင်ဖြစ်သည်။
ဘဂဝါ ဂုဏ်တော်
[ပြင်ဆင်ရန်]- ဘုန်းတော် ၆ ပါးနှင့် ပြည့်စုံတော်မူခြင်း၊ ဘုန်းတန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရား။
ဘုန်းတော်ခြောက်ပါး
[ပြင်ဆင်ရန်]- ဣဿရိယဘုန်းတော် - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား။
- ဓမ္မဘုန်းတော် - မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
- ယသဘုန်းတော် - များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
- သိရီဘုန်းတော် - အတုမရှိသော ကျက်သရေတော် နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
- ကာမဘုန်းတော် - လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား
- ပယတ္တဘုန်းတော်- အတုမရှိသော လုံလဝီရိယနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
နေ့စဉ် အကျိုးဆောင်ပုံ
[ပြင်ဆင်ရန်]မြတ်စွာဘုရားရှင်သည် သက်တော် ၈၀ အတွင်း ၄၅ ဝါ ကာလပတ်လုံး နေ့ညမပြတ် သတ္တဝါတို့၏ အကျိုးကို ဆောင်ရွက်တော်မူခဲ့သည်။ နေ့အချိန်တွင် ဆွမ်းခံကြွခြင်းနှင့် တရားဟောခြင်း၊ ညဦးယံတွင် ရဟန်းတို့အား ဩဝါဒပေးခြင်း၊ သန်းခေါင်ယံတွင် နတ်ဗြဟ္မာတို့၏ အမေးကို ဖြေကြားခြင်းနှင့် မိုးသောက်ယံတွင် ချေချွတ်ထိုက်သူတို့ကို ကြည့်ရှုခြင်းဟူသော တာဝန်များကို အားလပ်ခွင့်မရှိအောင် ဆောင်ရွက်တော်မူခဲ့သည်။
ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း
[ပြင်ဆင်ရန်]မြတ်စွာဘုရား၏ ဂုဏ်တော်များကို အဖန်ဖန် အထပ်ထပ် အောက်မေ့နေခြင်းကို ဗုဒ္ဓါနုဿတိ ဟု ခေါ်သည်။ ဂုဏ်တော်များကို အာရုံပြုခြင်းဖြင့် စိတ်နှလုံး ကြည်လင်ရွှင်လန်းခြင်း၊ သဒ္ဓါတရား တိုးပွားခြင်းနှင့် ဘေးအန္တရာယ်များမှ ကင်းဝေးခြင်း စသော အကျိုးကျေးဇူးများကို ခံစားရနိုင်သည်။
ကိုးကားချက်
[ပြင်ဆင်ရန်]- ယဉ်ကျေးလိမ္မာ ရင်သွေးကမ္ဘာ-ဒေါက်တာ မင်းတင်မွန်