မာတိကာသို့ ခုန်သွားရန်

မဂ္ဂသစ္စာ

ဝီကီပီးဒီးယား မှ
(မဂ္ဂင်ရှစ်ပါး မှ ပြန်ညွှန်းထားသည်)

သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ ဟု မဂ္ဂင် (၈)ပါး ရှိ၏။ ဤမဂ္ဂင် (၈)ပါး ကျင့်စဉ်တရား၌ လောကီမဂ္ဂင် (၈)ပါး, လောကုတ္တရာမဂ္ဂင် (၈)ပါးဟု နှစ်မျိုးနှစ်စား ရှိပေသည်။ ထိုတွင် လောကီမဂ္ဂင် (၈)ပါး သည်လည်း သမထပိုင်းမဂ္ဂင် (၈)ပါး, ဝိပဿနာပိုင်း မဂ္ဂင် (၈)ပါးဟု နှစ်မျိုးနှစ်စားပင် ရှိပေသည်။

[၁] နွားအပေါင်းကို ထိန်းကျောင်းနေသော နွားကျောင်းသားသည် မိမိထိန်းကျောင်းနေသော နွားတို့၏ သွားသင့်သောလမ်း, မသွားသင့်သောလမ်းကို ကွဲကွဲ ပြားပြား မသိခဲ့သော် နွားအပေါင်း၏ ကြီးပွားတိုးတက် မှုသည် မဖြစ်နိုင်သကဲ့သို့ အလားတူပင် ယောဂါဝစရ ရဟန်းတော်တစ်ပါးသည်လည်း ဤကား လောကီ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတည်း၊ ဤကား လောကုတ္တရာမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတည်းဟု ဖြူစင် မြင့်မြတ်သော မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကို ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား မသိ၊ ထိုသို့ မသိခဲ့သော် လောကီမဂ္ဂင် (၈)ပါး ကျင့်စဉ်တရား၌ နှလုံးသွင်း ရှုပွား၍ လောကုတ္တရာမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကို ဖြစ်ပေါ်စေဖို့ရန် မစွမ်းနိုင်လေရာ။ [၂]

ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ် = လောကီမဂ္ဂင် (၈)ပါး[ပြင်ဆင်ရန်]

ဤ လောကီမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကိုပင် မဟာသတိပဋ္ဌာနသုတ္တန် အဋ္ဌကထာ၌ [၃] ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ် = အရိယမဂ်၏ ရှေးအဖို့၌ ဖြည့်ကျင့်အပ်သော သတိပဋ္ဌာနမဂ်ဟု ခေါ်ဝေါ်သုံးစွဲ ထားပေသည်။ လောကုတ္တရာမဂ္ဂင် (၈)ပါး ဖြစ်ပေါ်လာ ရေးအတွက် ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်ဟု ဆိုအပ်သော လောကီမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကို ရှေးဦးစွာ ပွားများအားထုတ်ရမည် ဖြစ်ပေသည်။ ယင်းလောကီမဂ္ဂင် (၈)ပါး ကျင့်စဉ်တရား ပိုင်းတွင် သမထပိုင်း ဝိပဿနာပိုင်းဟု နှစ်မျိုး ရှိရာ သမထပိုင်း မဂ္ဂင် (၈)ပါးကို အကျဉ်းချုပ်ကာ ရှေးဦးစွာ တင်ပြအပ်ပါသည်။

သမထပိုင်း မဂ္ဂင် (၈) ပါး[ပြင်ဆင်ရန်]

ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးသည် အာနာပါန ကမ္မဋ္ဌာန်းကို အားထုတ်သည်ဖြစ်အံ့၊ စတုတ္ထဈာန် သမာဓိသို့ ဆိုက်အောင်လည်း အားထုတ်နိုင်ခဲ့သည် ဖြစ်အံ့၊ ပထမဈာန်သမာဓိအခိုက်၌ မဂ္ဂင် (၈)ပါး၊ ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန်အခိုက်တို့၌ သမ္မာသင်္ကပ္ပမဂ္ဂင်တစ်ခု လျော့နေသဖြင့် မဂ္ဂင် (၇)ပါးစီ ရှိနေမည် ဖြစ်ပေသည်၊ အကယ်၍ ကသိုဏ်းဈာန်တို့ကို အားထုတ်လျှင်လည်း ထို့အတူ မဂ္ဂင် (၈)ပါး, မဂ္ဂင် (၇)ပါး ရှိကြမည် ဖြစ်ပေသည်။ ဤတွင် အဖြူရောင် (= ဩဒါတ)ကသိုဏ်း ပထမဈာန်အခိုက် မဂ္ဂင် (၈)ပါး ကို တင်ပြပေအံ့။

အဖြူရောင်(= ဩဒါတ)ကသိုဏ်း ပဋိဘာဂနိမိတ် ကို အာရုံယူကာ ပထမဈာန်သမာဓိကို ထူထောင်ခဲ့သော် ယင်းပထမဈာန်အခိုက်၌ ပထမဈာန်နာမ်တရား (၃၄)လုံး ရှိနေ၏။ ယင်းတို့မှာ ---

၁။ အသိစိတ် = ပထမဈာန်စိတ် ၁

၂။ အညသမာန်းစေတသိက် ၁၃

၃။ သောဘဏသာဓာရဏစေတသိက် ၁၉

၄။ ပညိန္ဒြေစေတသိက် ၁

အားလုံး ပေါင်းသော် ၃၄

ယင်း ပထမဈာန်နာမ်တရား (၃၄)လုံးတို့တွင် မဂ္ဂင်တရားကိုယ် (၈)ပါးလည်း ပါဝင်ပေသည်။ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်ကြသည်။

၁။ သမ္မာဒိဋ္ဌိ = အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ် အာရုံကို ထွင်းဖောက်သိမြင်ခြင်းသဘော (= ဈာန သမ္မာဒိဋ္ဌိတည်း။)

၂။ သမ္မာသင်္ကပ္ပ = ယင်း ကသိုဏ်းပဋိဘာဂနိမိတ် အာရုံပေါ်သို့ စိတ်ကိုရှေ့ရှုတင်ပေးခြင်းသဘော။

၃။ သမ္မာဝါယာမ = ယင်း ကသိုဏ်းပဋိဘာဂနိမိတ် အာရုံကို ထိုးထွင်းသိအောင်, ယင်းအာရုံ၌ စိတ်ငြိမ်ဝပ်စွာ ကပ်တည်နေအောင် ကြိုးစားအား ထုတ်ခြင်းသဘော။

၄။ သမ္မာသတိ = ယင်း ကသိုဏ်းပဋိဘာဂနိမိတ် အာရုံကို အမှတ်ရနေခြင်းသဘော။

၅။ သမ္မာသမာဓိ = ယင်း ကသိုဏ်းပဋိဘာဂနိမိတ် အာရုံ၌ စိတ်ငြိမ်ဝပ်စွာ ကပ်တည်နေခြင်းသဘော။

၆။ ၇။ ၈။ ကြိုတင်ကာ ဆောက်တည် ကျင့်သုံး ထားအပ်သော သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ မဂ္ဂင် (၃)ပါး။

အားလုံး ပေါင်းသော် - မဂ္ဂင် (၈)ပါး ဖြစ်၏၊ သမထပိုင်းတည်း။

ဝိပဿနာပိုင်း မဂ္ဂင် (၈) ပါး[ပြင်ဆင်ရန်]

၁။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဒုက္ခသစ္စာတရားတို့ကို ထိုးထွင်း သိမြင်ခိုက်၌လည်း မဂ္ဂင် (၈)ပါးပင် ရှိ၏၊

၂။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ ဟူသော ဒုက္ခသစ္စာ၏ အကြောင်းရင်း သမုဒယသစ္စာတရား [၄] တို့ကို ထွင်းဖောက် သိမြင်ရာအခါ၌လည်း မဂ္ဂင် (၈)ပါး ပင် ရှိ၏။

၃။ ယင်း ဒုက္ခသစ္စာ+သမုဒယသစ္စာဟူသည့် သင်္ခါရ တရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံး တန်တို့သို့ တင်ကာ ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းရာအခါ၌လည်း မဂ္ဂင် (၈)ပါးပင် ရှိ၏။ ဤတွင် ဝိပဿနာအခိုက် မဂ္ဂင် (၈)ပါးကို တင်ပြပေအံ့ ---

၁။ သမ္မာဒိဋ္ဌိ = ဒုက္ခသစ္စာတရား သမုဒယသစ္စာ တရားဟူသော သင်္ခါရတရားတို့၏ အနိစ္စ (ဒုက္ခ, အနတ္တ) အခြင်းအရာကို ထိုးထွင်းသိမြင်ခြင်းသဘော။

၂။ သမ္မာသင်္ကပ္ပ = ယင်းသင်္ခါရတရားတို့၏ အနိစ္စ (ဒုက္ခ, အနတ္တ) အခြင်းအရာ အာရုံပေါ်သို့ စိတ် ကို ရှေးရှုတင်ပေးခြင်းသဘော။

၃။ သမ္မာဝါယာမ = ယင်း သင်္ခါရတရားတို့၏ အနိစ္စ (ဒုက္ခ, အနတ္တ) အခြင်းအရာကို ထိုးထွင်းသိအောင် ကြိုးစားအားထုတ်ခြင်းသဘော။

၄။ သမ္မာသတိ = ယင်း သင်္ခါရတရားတို့၏ အနိစ္စ (ဒုက္ခ, အနတ္တ ) အခြင်းအရာကို အမှတ်ရနေခြင်းသဘော။

၅။ သမ္မာသမာဓိ = ယင်း သင်္ခါရတရားတို့၏ အနိစ္စ (ဒုက္ခ, အနတ္တ) အခြင်းအရာ အာရုံ၌ စိတ် ငြိမ်ဝပ်စွာ ကပ်တည်နေခြင်းသဘော။

၆။ ၇။ ၈။ ကြိုတင်ကာ ဆောက်တည်ကျင့်သုံးထား အပ်သော သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာ အာဇီဝဟူသော သီလမဂ္ဂင် (၃)ပါး။

အားလုံးပေါင်းသော် ဝိပဿနာပိုင်း မဂ္ဂင် (၈)ပါး ဖြစ်၏။

[၅] ထို လောကီမဂ္ဂင် (၈)ပါး, လောကုတ္တရာမဂ္ဂင် (၈)ပါးတို့တွင် လောကိယမဂ္ဂင်ပိုင်း၌ မဂ္ဂင်အားလုံးတို့သည်ပင် ထိုက်သည့်အားလျော်စွာ အာရုံ (၆)မျိုးတို့တွင် အမှတ်မထား တစ်မျိုးမျိုးသော အာရုံကို အာရုံပြုကြ ကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၁၁၃။)

အာရုံ (၆) ပါး = ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ ဟု အာရုံ (၆)မျိုး ရှိ၏။ ယင်းတို့တွင် ဓမ္မာရုံမှာလည်း (၆)မျိုး ရှိ၏။ ယင်းတို့မှာ အောက်ပါ အတိုင်း ဖြစ်ကြ၏။

ဓမ္မာရုံ (၆) မျိုး[ပြင်ဆင်ရန်]

၁။ ပသာဒရုပ် = အကြည်ရုပ် ငါးမျိုး၊

၂။ သုခုမရုပ် = သိမ်မွေ့နူးညံ့သောရုပ် (၁၆)မျိုး၊

၃။ စိတ်အားလုံး၊

၄။ စေတသိက်အားလုံး၊

၅။ နိဗ္ဗာန်၊

၆။ ပညတ် (ကသိုဏ်းပညတ်စသည့် ပညတ်အမျိုးမျိုး)

ပေါင်းသော် ဓမ္မာရုံ (၆)မျိုးတည်း။

သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ ဟူသည့် သီလမဂ္ဂင်တို့ကို ဖြူစင်အောင် ဖြည့်ကျင့်ရာ၌ သူ့ အသက် သူ့ပစ္စည်း သူ့သားမယား စသည့် ထိုထို သတ္တဝါပညတ်အာရုံကို ယေဘုယျအားဖြင့် အာရုံပြု ကာ ယင်းမဂ္ဂင်တို့ကို ပြုစုပျိုးထောင်ရ၏။ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဟူသော ဗြဟ္မဝိဟာရဈာန် တို့ကို ပွားများအားထုတ်ရာ၌လည်း ထိုထို သတ္တဝါ ပညတ်အာရုံကို အာရုံပြုကာ ပြုစုပျိုးထောင်ရ၏။ ကသိုဏ်းဈာန်တို့ကို ပွားများအားထုတ်ရာ၌လည်း ထိုထို ပထဝီကသိုဏ်းပညတ်စသည့် ကသိုဏ်းပညတ် နိမိတ်တို့ကို အာရုံယူကာ ပြုစုပျိုးထောင်ရ၏။ ဝိပဿနာပိုင်းသို့ ရောက်သော အခါ၌ကား ထိုထို စိတ်+ စေတသိက်+ရုပ်ဟူသည့် အာရုံ (၆)ပါးတို့ကို ထိုက်သလို အာရုံယူကာ ဝိပဿနာအခိုက် မဂ္ဂင် (၈)ပါးတို့ကို ပွားများအားထုတ်ရပေသည်။ ထို့ကြောင့် လောကီ မဂ္ဂင်ပိုင်း၌ သီလမဂ္ဂင်နှင့် သမာဓိမဂ္ဂင် ပညာမဂ္ဂင် တို့သည် အာရုံမတူ ကွဲပြားကြသဖြင့် စိတ္တက္ခဏတစ်ခု အတွင်း ပြိုင်တူ မဖြစ်နိုင်ကြပေ။ သို့သော် လောကုတ္တရာမဂ္ဂင် (၈)ပါးတို့ကား အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ဟူသည့် တစ်ခုတည်းသော အာရုံကိုပင် အာရုံ ပြုကြပေသည်။ မဂ္ဂင် (၈)ပါးလုံး ပြိုင်တူ ဖြစ်နိုင်ကြသည်။

လောကုတ္တရာမဂ္ဂင် (၈) ပါး[ပြင်ဆင်ရန်]

လောကုတ္တရာ အရိယမဂ်ဉာဏ် အခိုက်၌လည်း မဂ္ဂင် (၈)ပါး, အရိယဖိုလ်ဉာဏ် အခိုက်၌လည်း မဂ္ဂင် (၈)ပါး - ဤသို့လျှင် မဂ္ဂင်(၈)ပါးစီ အသီးအသီး ရှိ၏။ ဤတွင် အရိယမဂ်ဉာဏ် အခိုက် မဂ္ဂင် (၈)ပါးကို သမ္မောဟဝိနောဒနီအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၂၊၁၁၃-၁၁၄။)၌ လာရှိသည့်အတိုင်း တင်ပြပေအံ့ ---

၁။ သမ္မာဒိဋ္ဌိ = လောကုတ္တရာ မဂ္ဂသစ္စာပိုင်း၌ အရိယသစ္စာ လေးပါးတို့ကို ထိုးထွင်း သိခြင်းငှာ ဖြစ်ပေါ်လာသော အရိယာပုဂ္ဂိုလ်၏ သန္တာန်ဝယ် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်လျှင် အာရုံရှိသော အဝိဇ္ဇာနုသယဓာတ်ကို အကြွင်းမဲ့ပယ်သတ်တတ်သော (= အရိယသစ္စာ လေးပါးကို မသိအောင် ဖုံးလွှမ်းထား သည့် မောဟအနုသယဓာတ်ကို အကြွင်းမဲ့ ပယ်သတ် တတ်သော) အရိယမဂ်ပညာစက္ခုသည် သမ္မာဒိဋ္ဌိ မည်၏။

၂။ သမ္မာသင်္ကပ္ပ = ထိုအခြင်းအရာအားဖြင့် ပြည့်စုံသော သမ္မာဒိဋ္ဌိဉာဏ်အမြင်ရှိသော အရိယာ သူတော်ကောင်း၏ သန္တာန်ဝယ် ထိုသမ္မာဒိဋ္ဌိနှင့်အတူ ယှဉ်တွဲ ဖြစ်သော ကာမဝိတက် = ကာမတဏှာနှင့် ယှဉ်သော ကြံစည်စိတ်ကူးမှု, ဗျာပါဒဝိတက် = သတ္တဝါတိ့ုကို ဖျက်ဆီးလိုသည့် ဗျာပါဒ (= ဒေါသ)နှင့် ယှဉ်သော ကြံစည်စိတ်ကူးမှု, ဝိဟိံသဝိတက် = သတ္တဝါတို့ကို ညှဉ်းပန်းနှိပ်စက်လိုသည့် ဝိဟိံသ (= ဒေါသ)နှင့် ယှဉ်သော ကြံစည်စိတ်ကူးမှုဟူသော သုံးမျိုးသော မိစ္ဆာသင်္ကပ္ပကို အကြွင်းမဲ့ ပယ်သတ်တတ်သော, စိတ်ကို ရောက်သင့် ရောက်ထိုက်သော နိဗ္ဗာန်အာရုံပေါ်သို့ ရောက်အောင် ရှေးရှုတင်ပေးတတ်သော ဝိတက်သည် သမ္မာသင်္ကပ္ပ မည်၏။

၃။ သမ္မာဝါစာ = ထိုအခြင်းအရာအားဖြင့် နိဗ္ဗာန်ကို မြင်သည်လည်းဖြစ်သော, နိဗ္ဗာန်အာရုံသို့ စိတ်ကို ရှေးရှုတင်ပေးသည်လည်းဖြစ်သော အရိယာသူတော်ကောင်း၏ သန္တာန်ဝယ် ထိုသမ္မာသင်္ကပ္ပမဂ္ဂင်နှင့် ယှဉ်ဖက် သမ္ပယုတ်တရားလည်း ဖြစ်သော, မုသား စကား ပြောကြားခြင်း, ကုန်းစကား ပြောကြားခြင်း, ကြမ်းတမ်းသည့်စကားကို ပြောကြားခြင်း, ပြိန်ဖျင်းသည့် စကားကိုပြောကြားခြင်းဟူသော လေးမျိုးသော ဝစီ ဒုစရိုက်ကို အကြွင်းမဲ့ ပယ်သတ်တတ်သော, မိစ္ဆာဝါစာ မှ (= လေးမျိုးသောဝစီဒုစရိုက်မှ) ရှောင်ကြဉ်ခြင်းသည် သမ္မာဝါစာ မည်၏။

၄။ သမ္မာကမ္မန္တ = ထိုအခြင်းအရာအားဖြင့် ဝစီဒုစရိုက်မှ ရှောင်ကြဉ်သော အရိယာသူတော်ကောင်း၏ သန္တာန်ဝယ် ထို သမ္မာဝါစာဝိရတီနှင့် အတူယှဉ်ဖက် သမ္ပယုတ်ပင်ဖြစ်သော, သူ့အသက်ကို သတ်ခြင်း, သူ့ပစ္စည်းကို မတရားယူခြင်း, သူ့သားမယားကို ဖျက်ဆီး ခြင်းဟူသော မိစ္ဆာကမ္မန္တ (= မှားယွင်းသော ကာယကံမှု)ကို အကြွင်းမဲ့ ပယ်ဖြတ်တတ်သော, ယင်း သုံးမျိုး သော ကာယဒုစရိုက်မှ ရှောင်ကြဉ်ခြင်းသည် သမ္မာကမ္မန္တ မည်၏။

၅။ သမ္မာအာဇီဝ = ထိုသမ္မာဝါစာ သမ္မာကမ္မန္တတို့၏ပင် ဖြူစင်ကြောင်းဖြစ်၍ဖြစ်သော, ထိုသမ္မာဝါစာ သမ္မာကမ္မန္တတို့နှင့် အတူယှဉ်ဖက် သမ္ပယုတ်တရားပင် ဖြစ်သော, လူဒါယကာ ဒါယိကာမတို့ အထင်ကြီးအောင် အံ့ဖွယ်သရဲ ပြုလုပ်ပြခြင်း (= ကုဟန) စသည် ကို အကြွင်းမဲ့ ပယ်ဖြတ်တတ်သော, မှားယွင်းသော အသက်မွေးမှု (= မိစ္ဆာအာဇီဝ)မှ ရှောင်ကြဉ်ခြင်းသည် သမ္မာအာဇီဝ မည်၏။

[မှတ်ချက် - သမ္မာဝါစာ မဖြစ်အောင်, သမ္မာကမ္မန္တ မဖြစ်အောင်, သမ္မာအာဇီဝ မဖြစ်အောင် တားမြစ်နှောင့်ယှက်တတ်သော ကိလေသာ တရားဆိုးတို့ကို အရိယမဂ်တရားက ပယ်ရှားလိုက်သဖြင့် ထို အရိယာ သူတော်ကောင်း၏ သန္တာန်ဝယ် သမ္မာဝါစာသဘော, သမ္မာကမ္မန္တသဘော, သမ္မာအာဇီဝသဘောတို့သည် ရှေးရှုတည်နေကုန်၏ဟု ဆိုလိုသည်။]

၆။ သမ္မာဝါယာမ = သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာ အာဇီဝတည်းဟူသော ဤသီလဘုံ၌ ရပ်တည်နေသော အရိယာသူတော်ကောင်း၏ သန္တာန်ဝယ် ထိုသီလအား လျော်သော ထိုဝိရတီ သုံးမျိုးနှင့် အတူယှဉ်ဖက် သမ္ပယုတ်တရားပင်ဖြစ်သော, ဘာဝနာမှု၌ ပျင်းရိခြင်း ကောသဇ္ဇတရားကို အကြွင်းမဲ့ ပယ်ဖြတ်တတ်သည် လည်းဖြစ်သော, မဖြစ်ပေါ်သေးသော အကုသိုလ် တရားတို့၏ မဖြစ်ခြင်း, ဖြစ်ပေါ်ပြီးသော အကုသိုလ် တရားတို့ကို ပယ်ခြင်း, မဖြစ်ပေါ်သေးသော ကုသိုလ် တရားတို့၏ ဖြစ်ပေါ်လာခြင်း, ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏ တည်တံ့ခြင်းကို ပြီးစေတတ်သည် လည်းဖြစ်သော, အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန် အာရုံကို ထိုးထွင်းသိရန် ကြိုးစားအားထုတ်ကြောင်း ဝီရိယသည် သမ္မာဝါယာမ မည်၏။

၇။ သမ္မာသတိ = ဤသို့ သမ္မာဝါယာမမဂ္ဂင်နှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်လျက်ရှိသော အရိယာ သူတော်ကောင်း၏သန္တာန်၌ ထိုသမ္မာဝါယာမ (= ဝီရိယ) နှင့် အတူယှဉ်ဖက်သမ္ပယုတ်တရားပင် ဖြစ်သော, မိစ္ဆာ သတိကို လှုပ်ခါတတ်သည်လည်း ဖြစ်သော, ကာယ ဝေဒနာ စိတ္တ ဓမ္မတည်းဟူသော အာရုံတို့၌ ကာယာနုပဿနာ ဝေဒနာနုပဿနာ စိတ္တာနုပဿနာ ဓမ္မာနုပဿနာတို့ကို ပြီးစေတတ်သည်လည်း ဖြစ်သော စိတ်၏ ကာယ ဝေဒနာ စိတ္တ ဓမ္မ အာရုံကို မပျောက် ပျက်ကြောင်း ဖြစ်သည့် နိဗ္ဗာန်အာရုံကို ကောင်းစွာ အမှတ်ရမှု သတိသည် သမ္မာသတိ မည်၏။

၈။ သမ္မာသမာဓိ = ဤသို့ ကဲသာလွန်ဘိ တုမရှိသော လွန်မြတ်သောသတိဖြင့် ကောင်းစွာ စီမံအပ်သော စိတ်၏ အစောင့်အရှောက်ရှိသော အရိယာ သူတော်ကောင်း၏သန္တာန်ဝယ် ထိုသမ္မာသတိနှင့် အတူယှဉ်ဖက် သမ္ပယုတ်တရားပင်ဖြစ်သော၊ မိစ္ဆာသမာဓိကို အကြွင်းမဲ့ ပယ်သတ်တတ်သော၊ နိဗ္ဗာန်ဟူသော တစ်ခု တည်းသောအာရုံပေါ်သို့ စိတ်ကျရောက်တည်ငြိမ် နေခြင်း (= စိတ္တေကဂ္ဂတာ)သည် သမ္မာသမာဓိ မည်၏။

အကြင်မဂ်တရားသည် လောကီဖြစ်သောမဂ် (= မဂ္ဂင်)နှင့်တကွ ဒုက္ခနိရောဓဂါမိနီပဋိပဒါ = ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းကျင့်စဉ် ပဋိပဒါဟူ၍ ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့ ရောက်၏။ ဤမဂ် သည်ကား လောကုတ္တရာဖြစ်သော, ကိလေသာတို့မှ ဝေးကွာသော (= ဖြူစင်မြင့်မြတ်သော), အင်္ဂါ (၈)ပါး ရှိသော အရိယမဂ်တည်း။ [၆]

လိုရင်းမှတ်သားရန်[ပြင်ဆင်ရန်]

အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်အာရုံကို ထွင်းဖောက် သိမြင်ခြင်း သဘောကား သမ္မာဒိဋ္ဌိ, ယင်းနိဗ္ဗာန်အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်း သဘောကား သမ္မာသင်္ကပ္ပ, ယင်းနိဗ္ဗာန်အာရုံကို ထွင်း ဖောက်သိမြင်အောင် ကြိုးစားအားထုတ်ခြင်းသဘော ကား သမ္မာဝါယာမ, ယင်းနိဗ္ဗာန်အာရုံကို အမှတ်ရ နေခြင်းသဘောကား သမ္မာသတိ, ယင်း နိဗ္ဗာန်အာရုံ တစ်ခုတည်းပေါ်၌ စိတ်ကျရောက် တည်ငြိမ်နေခြင်း သဘောကား သမ္မာသမာဓိတို့ ဖြစ်ကြ၏။

တစ်ဖန် ယင်းအရိယမဂ်တရားက သမ္မာဝါစာ မဖြစ်အောင်, သမ္မာကမ္မန္တ မဖြစ်အောင်, သမ္မာအာဇီဝ မဖြစ်အောင် တားမြစ်နှောင့်ယှက်တတ်သည့် မိစ္ဆာဝါစာ မိစ္ဆာကမ္မန္တ မိစ္ဆာအာဇီဝဖြစ်ကြောင်း ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်လိုက်သဖြင့် မိစ္ဆာဝါစာမှ ရှောင်ကြဉ်မှု သမ္မာဝါစာသဘော, မိစ္ဆာကမ္မန္တမှ ရှောင်ကြဉ်မှု သမ္မာကမ္မန္တသဘော, မိစ္ဆာအာဇီဝမှ ရှောင်ကြဉ်မှု သမ္မာအာဇီဝသဘောတို့သည် ရှေးရှု တည်နေကြ၏။ သို့အတွက် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို အာရုံယူနေသည့် အရိယမဂ်အခိုက်၌ လောကုတ္တရာ အရိယမဂ္ဂင် (၈)ပါး စုံစုံညီညီပင် ဖြစ်လျက် ရှိပေသည်။ သို့သော် ဒုတိယဈာန် နာမ်တရားစသည့် အထက်ပိုင်း ဈာန်နာမ်တရားတို့ကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ခဲ့ပါမူ သမ္မာသင်္ကပ္ပမဂ္ဂင် တစ်ခု လျော့သဖြင့် မဂ္ဂင် (၇)ပါး စုံညီလျက် ရှိပေသည်။

လောကီမဂ္ဂင်တရားကိုယ် (၈)ပါးကား လောကီ မဂ္ဂသစ္စာတရား, လောကုတ္တရာမဂ္ဂင်တရားကိုယ် (၈)ပါး ကား လောကုတ္တရာမဂ္ဂသစ္စာတရားတို့ ဖြစ်ကြသည်။

လောကုတ္တရာမဂ္ဂင်တရားကိုယ် (၈)ပါးတို့တွင် သမ္မာဒိဋ္ဌိက အဝိဇ္ဇာကို, သမ္မာသင်္ကပ္ပက မိစ္ဆာသင်္ကပ္ပ ကို, သမ္မာဝါစာက မိစ္ဆာဝါစာကို, သမ္မာကမ္မန္တက မိစ္ဆာကမ္မန္တကို, သမ္မာအာဇီဝက မိစ္ဆာအာဇီဝကို, သမ္မာဝါယာမက ဥပ္ပန္န အကုသိုလ်အချို့ကို, သမ္မာသတိက မိစ္ဆာသတိကို, သမ္မာသမာဓိက မိစ္ဆာသမာဓိကို အကြွင်း မဲ့ ပယ်ရှားနိုင်ပေသည်။ [၇] [၈]


ကိုးကား[ပြင်ဆင်ရန်]

  1. န ဝီထိံ ဇာနာတီတိ သော ဂေါပါလကော မဂ္ဂါမဂ္ဂံ ဝိယ အယံ လောကိယော အယံ လောကုတ္တရောတိ အရိယံ အဋ္ဌင်္ဂိကံ မဂ္ဂံ ယထာဘူတံ န ပဇာနာတိ၊ အဇာနန္တော လောကိယမဂ္ဂေ အဘိနိဝိသိတွာ လောကုတ္တရံ နိဗ္ဗတ္တေတုံ န သက္ကောတိ။ (မ၊ဋ္ဌ၊၂၊၁၆၅။)
  2. (မ၊ဋ္ဌ၊၂၊၁၆၅။)
  3. (မ၊ဋ္ဌ၊၁၊၂၃၅။)
  4. (အဘိ၊၂၊၁၁၅။ အံ၊၁၊၁၇၈။ အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၆။)
  5. တတ္ထ လောကိယမဂ္ဂေ သဗ္ဗာနေဝ မဂ္ဂင်္ဂါနိ ယထာနုရူပံ ဆသု အာရမ္မဏေသု အညတရာရမ္မဏာနိ ဟောန္တိ။ (အဘိ၊ဋ္ဌ၊၂၊၁၁၃။)
  6. (အဘိ၊ဋ္ဌ၊၂၊၁၁၃-၁၁၄။)
  7. (အဘိ၊ဋ္ဌ၊၂၊၁၁၃-၁၁၄။)
  8. ဖားအောက်တောရဝတ်ရွတ်စဉ် - ဖားအောက်တောရဆရာတော်