နတ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မြန်မာဝစ်ရှင်နရီ
မြန်မာ ဝစ်ရှင်နရီ တွင် ဤစကားလုံးအတွက်
အဓိပ္ပါယ်ဖွင့်ဆိုချက် ရှိသည် -

နတ်ဆိုသည်မှာ သတ္တဝါတို့ ကိုးကွယ်အားထားရာ ပုဂ္ဂိုလ်ကို ဆိုသည်။ ဝေါဟာရလိနတ္ထဒီပနီကျမ်း၌ 'ငါတို့ မြန်မာမှာ နာထသဒ္ဒါကိုရည်၍ ခေါ်ဝေါ်သည်ယူရမည်။ ထိုနာထသဒ္ဒါကား ကိုးကွယ်ရာ အနက်ရသည် မှတ်ရမည်'ဟု အဆိုရှိသည်။ ယင်းနတ်သည်လည်း-

  1. ဝိသုဒ္ဓိနတ်။ ။ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာများ၊
  2. ဥပပတ္တိနတ်။ ။နတ်ပြည်၊ ဗြဟ္မာပြည်၌ ဖြစ်သော နတ်ဗြဟ္မများ၊
  3. သမ္မုတိနတ်။ ။မင်း၊ မိဖုရား၊ သားတော်၊ သမီးတော်များ ဟူ၍ သုံးမျိုးဖြစ်သည်။

ယင်းသုံးမျိုးတွင် ဘုရားပစ္စေကဗုဒ္ဓရဟန္တာများကို နတ်ဆိုသည်မှာ၊ ပစ္စုပ္ပန်ဘဝနှင့် တမလွန်ဘဝအတွက် စီးပွားချမ်းသာ ဖြစ်ထွန်းစေရန်၎င်း၊ ဘေးဥပဒ်အန္တရာယ်တို့ကို ကာကွယ်စေရန်၎င်း၊ သတ္တဝါတို့ ကိုးကွယ်အားထားရာ ဖြစ်၍ ဆိုသည်။


နတ်ပြည်၊ ဗြဟ္မာပြည်၌ ဖြစ်သော နတ်ဗြဟ္မာများကို နတ်ဆိုသည်မှာ၊ အချို့လူတို့အယူအဆအားဖြင့် ပစ္စုန်ပ္ပန် ဘဝအတွက် စီးပွားချမ်းသာ ဖြစ်ထွန်းစေရန်၎င်း၊ ဘေးဥပဒ် အန္တရာယ်တို့ကို ကာကွယ်ရန် (ဝါ) မပြုလုပ်စေရန်၎င်း သတ္တဝါတို့ ကိုးကွယ် အားထားရာ ဖြစ်၍ ဆိုသည်။ အထူးအားဖြင့် နတ်ဆိုသော စကား၌၊ သတ္ထာဒေဝ မနုဿာနံစသော ပါဠိတို့၌ ဒေဝအရ၊ နတ်နှင့် ဗြဟ္မာကို ယူရသကဲ့သို့၊ နတ်ဗြဟ္မာကို ယူရသောကြောင့် ဗြဟ္မာကို ထည့်သွင်း၍ ပြသည်။


(တစ်နည်း)နတ်ဆိုသော အစကားအရ၊ အကျဉ်းအားဖြင့် ရေတွက်သော်၊ ပိဋကတ်တော်ကျမ်း၌ ပါရှိသော နတ်များကား၊ နတ်ပြည်ခြောက်ထပ်ရှိ နတ်များ၊ ဗြဟ္မာဘုံနှစ်ဆယ်ရှိ ဗြဟ္မာ များ၊ သုတ်မဟာဝါပါဠိတော် မဟာသမယသုတ်၌ ပါရှိသော နတ်များ၊ သုတ်ပါထေယျပါဠိတော် အာဋာနာဋိယသုတ်၌ ပါရှိသောနတ်များ၊ ဘူမဇိုဝ်း၊ ရုက္ခဇိုဝ်း၊ အာကသဇိုဝ်းနတ်များ စသည်တို့ ဖြစ်သည်။

(တစ်နည်း)လောကုတ္တရာဘက်ဆိုင်ရာ ပိဋကတ်တော်ကျမ်း များ၌ ပါရှိသောနတ်များ၊ လောကီဘက်ဆိုင်ရာ ကျမ်းများ၊ ရာဇဝင်၊ မဟာဝင်၊ သာသနာဝင် စသောကျမ်းများ၌ ပါရှိသော နတ်များ၊ ရှေးစာဟောင်း စာတမ်းများ၌ ပါရှိသောနတ်များ၊ လူတို့ မိရိုးဖလာ၊ အယူအဆစိတ်ဆန္ဒအလျောက် ကိုးကွယ် အားထားကြသော နတ်များနှင့် ထိုထိုအရပ်ဒေသတို့၌ ကိုးကွယ် ကြသော နတ်များကို ထည့်သွင်းရေတွက်လျှင် အလွန် များပြား လှသည်။

ထိုသို့ များပြားသော်လည်း ပြည်ထောင်စုမြန်မာနိုင်ငံတော် ဗလိနတ်စာ ပူဇော်နည်း စာအုပ်တွင် ပါရှိသော နတ်များ စာရင်းကို အဓိကထား၍ ပြဆိုပါမည်။ ထိုစာအုပ်တွင် ပါရှိသော နတ်များ စာရင်းကား၊ ၁၂၁၈ ခုနှစ် တပို့တွဲလဆန်း ၈ ရက် တနင်္ဂနွေနေ့၊ မန္တလေးရတနာပုံ ပထမမြို့တည် နန်းတည်အခါတော်၊ တောခုတ်သောအခါ တော်မှစ၍၊ ပန္နက်စိုက်ထူ အခါတော်၊ မြေသနစ်အခါတော်၊ တိုင်တူအခါတော်၊ အုတ်မြစ်စီခင်းအခါတော်၊ နန်းသိမ်း အခါတော်တို့၌ တင်ကြား ပသပူဇော်ရန် ဒီပဲယင်းဆရာတော်၊ စံကျောင်းဆရာတော် စသော တံဆိပ်တော်ရ ဆရာတော်ကြီး ရှစ်ပါးနှင့် သတိုးမင်းကြီး မဟာမင်းလှကျော်သူ ပုခန်းမြို့စား ဝန်ကြီး၊ သတိုးမင်းကြီး မဟာမင်းလှစည်သူ စသော လူပညာရှိ ပုဂ္ဂိုလ်ကြီး တစ်ဆယ့်သုံးဦးစီမံထားသော မန္တလေး ရွှေမြို့တော် တည် စာတမ်းလာစာရင်း ဖြစ်ပါသည်။ အထူးအားဖြင့် နတ်များ စာရင်းကို ပြဆိုရာ၌ ၃၇ မင်းနှင့် ဆက်စပ်နေသဖြင့်၊ သုတ်ပါထေယျပါဠိတော် အာဋာနာဋိယ သုတ်တွင် ပါရှိသော နတ်စစ်သူကြီး ၃၇ ပါး စာရင်းကို ထည့်သွင်း ပြဆိုပါမည်။

နတ်စစ်သူကြီး ၃၇ ပါး[ပြင်ဆင်ရန်]

  1. ဣန္ဒ
  2. သောမ
  3. ဝရုဏ
  4. ဘာရဒ္ဓါဇ
  5. ပဇာပတိ
  6. စန္ဒန
  7. ကာမသေဋ္ဌ
  8. ကိန္နုဃဏ္ဍု
  9. နိဃဏ္ဍု
  10. ပနာဒ
  11. ဩပမည
  12. မာတလိ
  13. စိတ္တသေန
  14. နဠောရာဇ
  15. ဇနေသဘ
  16. သာတာဂိရ
  17. ဟေမဝတ
  18. ပုဏ္ဏက
  19. ကရတိယ
  20. သိဝက
  21. မုစလိန္ဒ
  22. သောမိတ္တ
  23. ယုဂန္ဓရ
  24. ဂေါပါလ
  25. သုပ္ပရောဓ
  26. ဟိရိ
  27. နေတ္တိ
  28. မိန္ဒိယျ
  29. ပဉ္စာလစန္ဒ
  30. အာဠဝက
  31. ပဇ္ဇုန္န
  32. သုမန
  33. သုမုခ
  34. ဒဓိမုခ
  35. မဏိ
  36. မာဏိဝရ
  37. သေရိသက

နတ်ဗြဟ္မာများ[ပြင်ဆင်ရန်]

  1. ဗြဟ္မာဘုံ ၂ဝ ဗြဟ္မာများ
  2. နတ်ပြည်ခြောက်ထပ်ရှိ နတ်များ

နတ်ကြီးငါးပါး[ပြင်ဆင်ရန်]

  1. သူရဿတီ
  2. စန္ဒီ
  3. ပရမီသွာ
  4. မဟာပိန္နဲ
  5. ဂေါရမန္တ


ဂြိုဟ်ကြီး ၉ လုံး[ပြင်ဆင်ရန်]

  1. တနင်္ဂနွေဂြိုဟ်
  2. တနင်္လာဂြိုဟ်
  3. အင်္ဂါဂြိုဟ်
  4. ဗုဒ္ဓဟူးဂြိုဟ်
  5. ကြာသပတေးဂြိုဟ်
  6. သောကြာဂြိုဟ်
  7. စနေဂြိုဟ်
  8. ရာဟုဂြိုဟ်
  9. ကိတ်ဂြိုဟ်

အခြားနတ်များ[ပြင်ဆင်ရန်]

  1. နေနတ်
  2. လနတ်
  3. မီးနတ်
  4. လေနတ်
  5. ပဇ္ဇုန်နတ်
  6. မဏိမေခလာနတ်

အချို့ဒေသန္တရနတ်များ[ပြင်ဆင်ရန်]

  1. မန္တလေးတောင်စောင့်နတ်
  2. တောင်ပြုံးနတ်
  3. တောင်သမန်နတ်
  4. တောင်မြင့်နတ်
  5. တောင်ကျဉ်းနတ်
  6. ကြာပင်ရှင်မနတ်
  7. ကန်လယ်ရှင်မနတ်
  8. ဆည်ကတော်နတ်
  9. ရွှေဂူကတော်နတ်
  10. ရွှေပြည်ရှင်နတ်
  11. ပွေးမကြီးနတ်

အတွင်း ၃၇ မင်း[ပြင်ဆင်ရန်]

  1. သိကြား
  2. ဓတရဋ္ဌ
  3. ဝိရုဠ|က
  4. ဝိရူပက္ခ
  5. ကုဝေရ
  6. ဇမ္ဗူဒီပ
  7. ဇမ္ဗူတံဆိပ်
  8. ဇမ္ဗူချမ်းသာ
  9. ဇမ္ဗူကြက်သရေ
  10. ဇမ္ဗူသပြေ
  11. ဇမ္ဗူတန်ဆောင်
  12. ဇမ္ဗူတမွတ်
  13. ဇမ္ဗူရန်အောင်
  14. ရွှေသက်စိုး
  15. ဗျသင်္ဂီ
  16. မဟေသရ
  17. ရွှေပြည်သင်
  18. ရွှေညိုသင်
  19. ရွှေစကား
  20. ပွဲစားကြီး
  21. ခရားပင်
  22. အင်ကြင်းပင်စောင့်
  23. ယင်နှင်
  24. အာဠာဝက
  25. ကြေးစန္ဒီ
  26. ကြော့စန္ဒီ
  27. ဆင်ဖြူ့ရှင်
  28. ငဆွယ်သင်
  29. ဖက်ပသင်
  30. မြင်းဖြူရှင်
  31. မာရ်နတ်
  32. မန်ကျည်းပင်စောင့်
  33. သူရဿတီ
  34. ထုံသင်းကြီး
  35. မဟာပိန္နဲ
  36. ရွှေမြို့ရှင်

အပြင် ၃၇ မင်း[ပြင်ဆင်ရန်]

  1. မဟာဂီရိ
  2. တောင်ကြီးရှင်
  3. ရွှေနပေ
  4. သုံးပန်လှ
  5. မင်းခေါင်ကြီး
  6. မင်းတရားကြီး
  7. သံတော်ခံ
  8. ရွှေနော်ရထာ
  9. အောင်စွာမကြီး
  10. ငါးစီးရှင်
  11. ဆင်ဖြူရှင်
  12. တောင်မကြီး
  13. မြောက်မင်းရှင်ဖြူ
  14. ရှင်တော်
  15. ညောင်ချင်းအို
  16. တပင်ရွှေထီး
  17. မင်းရဲအောင်ထင်
  18. ရွှေစစ်သင်
  19. မောင်ပိုးတူ
  20. မယ်တော်ရွှေစကား
  21. ယွန်းဘုရင်
  22. မောင်မင်းဖြူ
  23. မန္တလေးဘိုးတော်ကြီး
  24. ရွှေဖျဉ်းကြီး
  25. ရွှေဖျဉ်းငယ်
  26. မင်းသားမောင်ရှင်
  27. ထီးဖြူဆောင်း
  28. သားတော်မင်းခေါင်
  29. မယ်တော်ရွှေအိမ်စည်
  30. မင်းစည်သူ
  31. ဘိုးမင်းကျော်
  32. မြောက်ဘက်ရှင်မ
  33. အနောက်မိဖုရား
  34. ရှင်ကုန်း
  35. ရှင်ကွ
  36. ရှင်နဲမိ
  37. ကိုးကျောင်းတကာ

ရှင်းလင်းချက်[ပြင်ဆင်ရန်]

အတွင်း ၃၇ မင်း၊ အပြင် ၃၇ မင်းထားခြင်းကား သုတ်ပါ ထေယျပါဠိတော် အာဋာနာဋိယသုတ်တွင် ပါရှိသော နတ်စစ်သူ ကြီး ၃၇ ပါးကို အတုယူ၍ ထားဟန်တူသည်။ ဦးဖိုးကျား ၃၇ မင်းစာအုပ်၌ ယင်းနတ်စစ်သူကြီး ၃၇ ပါးကို ဗုဒ္ဓသာသာ ၃၇ မင်းဟု ပြဆိုလျက်ရှိသည်။


၃၇ အရေအတွက်မှာလည်း ၃၇ မင်းသာမကသေး၊ အသံ ၃၇ ချင်း၊ အဆို ၃၇ ချင်း၊ သဘင်သည် ၃၇ ရပ်၊ ဓားရေး ၃၇ ချင်း၊ သိုင်းရေး ၃၇ ချင်း၊ ဒိုင်းရေး ၃၇ ချင်း၊ ကာရေး ၃၇ ချင်း၊ အဲမောင်း ၃၇ ချင်း၊ တက်ရေး ၃၇ ချင်း၊ လောကုတ္တရာဘက်တွင်လည်း ဗောဓိပက္ခိယတရား ၃၇ ပါး ဟူ၍၊ ၃၇ အရေအတွက်မှာ အလွန်အသုံးများ၍ ခေတ်စား လျက် ရှိသည်။


အထူးအားဖြင့် ဦးဖိုးကျား ၃၇ မင်း စာအုပ်တွင် အတွင်း ၃၇ မင်း၌ အာဠာဝက၊ ကြေးစန္ဒီ၊ ကြော့စန္ဒီ နတ်သုံးပါးမပါ။ ယင်းတို့အစား စန္ဒီ၊ စန္ဒာ၊ အာဠဝီ နတ်သုံးပါး ပါလာသည်။ ကြွင်းသော ၃၄ ပါးတို့ကား တူညီကြသည်၊ အပြင် ၃၇ မင်း၌လည်း တောင်ကြီးရှင်၊ မယ်တော် ရွှေအိမ်စည်၊ ဘိုးမင်းကျော်၊ ကိုးကျောင်းတကာ နတ်လေးပါး မပါ။ ယင်းတို့အစား သိကြား၊ နှမတော်၊ ကျော်စွာ၊ တောင်သူရှင် မင်းခေါင် နတ်လေးပါး ပါလာသည်။ ကြွင်းသော ၃၃ ပါးတို့ကား တူညီကြသည်။ ဦးကြီးဖေ နတ်ကိုးကွယ်သော ဝါဒသည် မြန်မာနိုင်ငံ၌သာမဟုတ်၊ ကမ္ဘာအရပ်ရပ်တွင် အနှံအပြား ထွန်းကားလျက် ရှိသည်။ နတ်တို့ကို လူတို့ကိုးကွယ်ကြခြင်းမှာ မိမိတို့ထက်ပိုမို၍ တန်ခိုး ရှိသည်ဟု ယုံကြည်ကြသောကြောင့်ပင် ဖြစ်၏။ ကမ္ဘာဦး အစ ကတည်းပင် နတ်ကိုးကွယ်ခြင်းသည် လူမျိုးတိုင်း၌ ရှိခဲ့၏။ လူမျိုးတိုင်း လူမျိုးတိုင်းက မိမိတို့ထက် နေရာတကာတွင် တန်ခိုးသာသည်ဟု ယူဆထားသော နတ်များကို အမည် အမျိုးမျိုးပေးကာ ကိုးကွယ်ကြလေသည်။ ရှေးဂရိလူမျိုးများက သူတို့နတ်ကို ဇုဟူ၍၎င်း၊ ရောမလူမျိုးများက ဂျူပီတာဟူ၍၎င်း၊ ယဟူဒီလူမျိုးများက အဒိုနေဟူ၍၎င်း၊ ခရစ်ယာန်တို့က ဂျီဟိုးဗားဟူ၍ ၎င်း အသီးအသီးအမည်များ ပေးကာ ကိုးကွယ် ကြ၏။*ဂရိနတ်များ


ရှေးကျသော လူများနှင့် လူရိုင်းများသည် နတ်များကို အလွန်ယုံကြည်၍၊ နတ်ဆိုလျှင် အထူးကိုးကွယ်ကြသည်။ သူတို့ ကိုးကွယ်သော နတ်မှာ တစ်ပါးတည်းမဟုတ်၊ မြောက်မြားစွာ ရှိ၏။ ထိုသို့ ရှိခြင်းမှာလည်း အခြားကြောင့်မဟုတ်။ ပထမ ဦးစွာ ကမ္ဘာဦးလူတို့က နေ လ နက္ခတ်တာရာတို့သည် လူတို့ကို အထောက်အပံ့ ပြုသော သဘာဝဓမ္မများပင် ဖြစ်သည်ဟု ယုံကြည်ကြ၏။ နေမင်းရှိ၍သာ လူတို့သည် အလင်းရောင်ရကြသည်။ ညဉ့်အခါ၌လည်း လမင်းကြီးရှိ၍ ညဉ့်မှောင်မိုက်ခြင်းမှ သက်သာရာ ရကြသည်။ မိုးနတ်သားရှိ၍ မိုးရွာသဖြင့်၊ လူတို့သည် ပူအိုက်ခြင်းမှ သက်သာရာရ၍၊ သစ်ပင်ပန်းမန် သစ်သီးဝလံများ ဖွံ့ဖြိုးသည်။ တောင်စောင့်နတ် ရှိ၍၊ သစ်ပင်များပေါက်ရသည်။ ယင်းသို့ ယုံကြည်အားကိုးချက် အမျိုးမျိုးဖြင့် နေ၊ လ၊ မိုး၊ လေ၊ နက္ခတ် စသည်တို့ကို ကိုးကွယ်ကြသဖြင့်၊ ရှေးလူများအဖို့ ကိုးကွယ်ရသည့် နတ် အရေအတွက် များပြားလာရတော့၏။


ရှေးလူများက မိမိတို့ကိုးကွယ်သော နတ်အားလုံးတို့သည် ကောင်းကင်တည်းဟူသော ဖခင်နှင့် ပထဝီမြေ တည်းဟူသော မိခင်မှ မွေးထုတ်လိုက်သည့် သားသမီးရတနာများဖြစ်သည်ဟု အယူရှိကြ၏။ အချုပ်မှာ ကောင်းကင်နှင့်မြေကြီးပင် ဖြစ်၏။ ထိုတောတောင် ရေမြေစောင့်နတ်များသည် မိမိတို့ထက် တန်ခိုး ရှိ၍၊ မိမိတို့ကိစ္စပြီးမြောက်စေရန် သူတို့၏အကူအညီကို ရှေးလူများသည် တောင်းခံလေ့ရှိ၏။ အမှန်စင်စစ် ကမ္ဘာဦးက နတ်များသည် သူတို့ကို ကိုးကွယ်သော လူများနှင့် စိတ် စရိုက်ချင်း တူကြသည်သာ ဖြစ်၏။ သူတို့သည် စိတ်ဆိုး တတ်သည်။ မနာလို ဝန်တိုရှိတတ်သည်။ ရန်ငြိုးထား တတ် သည်။ သူတို့ကိုလူများက စားဦးစားဖျားဖြင့် ပူဇော်ပသ၍၊ တောင်းပန် အသနားခံရသည်။ အကူအညီတောင်းကြရသည်။ အီဂျစ်လူမျိုးတို့သည် ရှေးပဝေဏီကတည်းက တတ်ကျွမ်း လိမ္မာမှု၊ ယဉ်ကျေးမှုတို့တွင် အထက်တန်းကျသော လူမျိုးများ ဖြစ်သည့်အတိုင်း၊ သူတို့ခေတ်တွင် နတ်ကိုးကွယ်သော ဝါဒ သည် တစ်နည်း တစ်ဖုံ အဆင့်အတန်း တက်လာသည်။ အစ ပထမ၌ အီဂျစ်လူမျိုးတို့သည် အခြားလူမျိုးများကဲ့သို့ နတ် အမျိုးမျိုးကို ကိုးကွယ်ကြသည်။ သူတို့သည် နေ နတ်သား၊ လနတ်သား၊ မိုးနတ်သားများနှင့် အခြားနတ်များကိုသာမက နွား၊ ကြောင်၊ မိကျောင်း၊ ကြံ့စသော တိရစ္ဆာန်များကိုပင် နတ်များကဲ့သို့ သဘောထား၍ ကိုးကွယ်ကြသည်။ သို့ရာတွင် နောက်၌ အီဂျစ်ဘုရင် အက်ခနာတန်သည် နတ်အမျိုးမျိုး ကိုးကွယ်သော ဝါဒကို ပိတ်ပင်တားမြစ်၍၊ တိုင်းသူ ပြည်သား များအား နေနတ်သား တစ်ပါးတည်းကိုသာ ကိုးကွယ်စေသည်။


ရှေးခေတ်အီဂျစ်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ရှေးခေတ်အီဂျစ်

အီဂျစ်လူမျိုးများက အစပြု၍ နတ်တစ်ပါးတည်းကိုသာ ကိုးကွယ်လိုက်သောအခါ၊ အခြားလူမျိုးများကလည်း ထိုအတိုင်း လိုက်နာကြလေသည်။ ဗက်ဗီလုံးပြည်သားများ၊ ဂရိလူများနှင့် ရောမလူမျိုးတို့သည် မိမိတို့အတွက် တန်ခိုးအကြီးဆုံးသော နတ်တစ်ပါးကိုသာ ရွေးချယ်၍၊ ထိုနတ်ကိုပင် ပူဇော်ပသ ကိုးကွယ်ကြသည်။ အခြားနတ်များသည် ထိုနတ်၏ လက်အောက်ခံ နတ်ငယ်များ ဖြစ်သည်ဟု ယူဆကြကုန်၏။ ဂရိတို့သည် အခြားနတ်ကိုးကွယ်သော လူမျိုးတို့ကဲ့သို့ မည်သည့်အရာမဆို နတ်များကြောင့် ဖြစ်ရသည် ဟူသော ရှေးဟောင်းဝါဒကို လက်မခံဘဲ၊ လောကသဘာဝ အဖြစ်အပျက် များကို အကျိုးအကြောင်း ဆက်စပ်ကာ ဆင်ခြင်သုံးသပ်ကြ သည်။ သို့ဖြစ်၍လည်း သူတို့၏ အသိပညာမှာ သိသိသာသာ တိုးတက်ခဲ့သည်။ ဤသို့ နတ်များစွာ ကိုးကွယ်ခဲ့ရာမှ နတ်တစ်ပါးတည်းကိုသာ ကိုးကွယ်လာကြသောအခါ၊ လောကတွင် အလွန်တန်ခိုးကြီးသော ထာဝရ ဘုရားတစ်ပါး တည်းသာ ရှိသည်ဟု လူတို့ ထင်မြင်ယူဆလာကြ၏။ ထိုတန်ခိုးအကြီးဆုံးသော နတ်ဟု ဆိုအပ်သည့် ဘုရားသာလျှင် ကိုးကွယ်ရာ အစစ်ဖြစ်၍၊ အခြားနတ်များမှာ ဘုရား၏ တပည့် ငယ်သားများ ဖြစ်လေသည်။


လောကတွင် ထာဝရဘုရား တစ်ပါးတည်းသာ ရှိသည် ဟူသော ခရစ်ယာန်ဝါဒသည် ယဟူဒီလူမျိုးတို့၏ အယူဝါဒမှ ဆင်းသက်လာသည်။ ရှေးဦးပေါ်သော ခရစ်ယာန်တို့သည် ယဟူဒီများသာ ဖြစ်၏။ ယဟူဒီတို့သည်လည်း လက်ဦး ပထမတွင် နတ်များစွာကို ကိုးကွယ်ကြသည်။ နောက်မှ ဘုရား တစ်ဆူတည်းကိုသာ ကိုးကွယ်ကြ၍၊ ထိုဘုရားသည် တန်ခိုး အနန္တရှိပြီးလျှင် ကမ္ဘာကြီးနှင့် လူသတ္တဝါအားလုံးကို ဖန်ဆင်း ခဲ့သော ထာဝရဘုရား ဖြစ်သည်ဟု ယုံကြည်လာကြသည်။ ထိုပြင် ထာဝရဘုရားသည် တရားနှင့် ပြည့်ဝသော ဘုရား ဖြစ်၍၊ လူများ၏ စိတ်ဆန္ဒကို သိတော်မူသည်ဟု သူတို့က ဆိုသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၆)