ကိလေသ

ဝီကီပီးဒီးယား မှ

ကိလေသာ၏သဘာဝ[ပြင်ဆင်ရန်]

“အပူတွင် ကိလေသာ၊ အအေးတွင် မေတ္တာ”ဟု ဆိုရိုးရှိသည်၊ သတ္တဝါတို့၏ စိတ်ကို ပူပန်စေတတ်, ဆင်းရဲစေတတ်, ညစ်နွမ်းစေတတ်သော သဘောကို ကိလေသာဟု ခေါ်ဆိုသည်၊ တရားကိုယ်အားဖြင့် လောဘ-စသော တရားများကို ကောက်ယူရသည်။ အရာဌာနသို့ လိုက်၍ ကိလေသကိုပင် သံကိလေသဟု၎င်း, ဥပက္ကိလေသဟု၎င်း သုံးစွဲလေ့ရှိသည်။ [၁]

ကိလေသာ၏သရုပ်သင်္ချာ[ပြင်ဆင်ရန်]

[၂]-၌ ကိလေသာ၂-မျိုးပြသည်၊

ဒုစရိုက် ၁၀-ပါး လွန်ကျူးခြင်းကို လောကပြစ်(လောကဝဇ္ဇ) ကိလေသာ၊

ဝိနည်းသိက္ခာပုဒ် လွန်ကျူးခြင်းကို ပညပ်တော်ပြစ်(ပဏ္ဏတ္တိဝဇ္ဇ)ကိလေသာဟု ဆိုသည်။

ကိလေသာ ၃-မျိုး[ပြင်ဆင်ရန်]

[၃]-၌ (၁) ကိုယ်, နှုတ်, စိတ် ဒုစရိုက် ၃-မျိုးသည် ကမ္မပထမြောက်လျှင် အပါယ်သို့ ကျရောက်အောင် အကျိုးပေး ရုန့်ရင်း ပြင်းထန်သောကြောင့် ဩဠာရိကကိလေသာမည်၏။

(၂) ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာဝိတက် ၃-မျိုးသည် ဝဋ်ဆင်းရဲ၏ အကြောင်းရင်း မူလဖြစ်ခြင်းကြောင့် အကျိုးပေး အလယ် အလတ်စား ရှိသော မဇ္ဈိမကိလေသာ မည်၏။)၊

(၃) “ငါ့အမျိုး ငါ့တိုင်းပြည်ကား ချမ်းသာ ကြွယ်ဝပေစွ”စသည်ဖြင့် အစွဲရှိသော ကြံစည်ခြင်း(ဉာတိဝိတက္က၊ ဇနပဒဝိတက္က)၊

(ဒုက္ကရစရိယာ စသော) အကျင့် လမ်းစဉ်မှားဖြင့် ချမ်းသာလိမ့်မည်, နတ်ဖြစ်လိမ့်မည်ဟု တွေးခေါ်ကြံစည်ခြင်း၊ သက်ဝင် ယုံကြည်မှု မပြတ်သားသော လက်ဆုပ်လက်ကိုင် ဖမ်း၍မရနိုင်သော အယူဝါဒမှားနှင့် စပ်၍ ကြံစည်ခြင်း (အမရာဝိတက္က)

အပေါင်းအဖော် ပတ်ဝန်းကျင်တို့ အပေါ်၌ သနားကြင်နာမှုနှင့်စပ်၍ အစွဲမကင်းသော ကြံစည်ခြင်း (ပရာနုဒ္ဒိယတာပဋိသညုတ္တဝိတက္က)၊

လာဘ်ပူဇော်ကျော်စောမှုနှင့် စပ်၍ မြှော်ခေါ် တွက်ဆ ကြံစည်ခြင်း (လာဘသက္ကာရ သိလောကပဋိသညုတ္တ ဝိတက္က)၊

မိမိကို သူတပါးတို့က မထီမဲ့မြင်ပြုမှု, အထင် အမြင်သေးမှု ရှုတ်ချဝေဖန်မှု ပြုလုပ်မည့် အရေးနှင့်စပ်၍ တွေးတော ကြံစည်ခြင်း (အနဝညတ္တိပဋိသတ္တဝိတက္က) ၆-မျိုးသည် မိမိသန္တာန်၌ မသိမသာ ညစ်နွမ်း ပူလောင် စေတတ်သဖြင့် သိမ်မွေ့သော သုခုမကိလေသာမည်၏။

တနည်း—ကိလေသာ ၃-မျိုး[ပြင်ဆင်ရန်]

၃-မျိုးကား— (၁) အနုသယကိလေသာ၊ (၂) ပရိယုဋ္ဌာနကိလေသာ၊ (၃) ဝီတိက္ကမကိလေသာတို့ ဖြစ်၏၊

ထို၃-မျိုးတွင် (၁) အနုသယကိလေသာကို မဂ် ပညာဖြင့် ပယ်သတ်ရသည်။

(၂) ပရိယုဋ္ဌာနကိလေသာကို သမာဓိဖြင့် ထိန်းချုပ်ရသည်။

(၃) ဝီတိက္ကမကိလေသာကို သီလဖြင့် တားမြစ်ရသည်။

ပိဋက ၃-ပုံရှိရာတွင် ဝိနည်းပိဋက၌ ဝီတိက္ကမကိလေသာကို တားဆီးရန် သီလကို ပဓာနထား၍ ဟောကြားတော်မူသည်၊

သုတ္တန်ပိဋက၌ ပရိယုဋ္ဌာနကိလေသာကို ထိန်းချုပ်ရန် သမာဓိကို ဦးစားပေး၍ ဟောတော်မူသည်၊

အဘိဓမ္မာပိဋက၌ အနုသယကိလေသာကို ပယ်သတ်ရန် ပညာဉာဏ်ကို ဦးတည်၍ ဟောတော်မူသည်။ [၄]

တနည်း—ကိလေသာ ၈-မျိုး[ပြင်ဆင်ရန်]

၈-မျိုးကား

(၁) ကလဟ = ငြင်းခုံခြင်း၊

(၂) ဝိဝါဒ = ခိုက်ရန်ဖြစ်ခြင်း၊

(၃) ပရိဒေဝ = ငိုကျွေးခြင်း၊

(၄) သောက = စိုးရိမ် ပူပန်ခြင်း၊

(၅) မစ္ဆရိယ = နှမြောဝန်တိုခြင်း၊

(၆) မာန = ထောင်လွှား မာန်မူခြင်း၊

(၇) အတိမာန = အလွန် ထောင်လွှားမာန်မူခြင်း၊

(၈) ပေသုည = ချောပစ် ကုန်းတိုက်ခြင်းတို့ ဖြစ်သည်။ [၅]

တနည်း—ကိလေသာ ၁၀-မျိုး[ပြင်ဆင်ရန်]

၁၀-မျိုးကား—

(၁) လောဘ = လိုချင်တပ်မက်ကပ်ငြိခြင်း၊

(၂) ဒေါသ = အမျက်ထွက်ခြင်း၊

(၃) မောဟ = မသိခြင်း၊ တွေဝေခြင်း၊

(၄) မာန = မာန်မူခြင်း၊

(၅) ဒိဋ္ဌိ = အမှား စွဲယူခြင်း၊

(၆) ဝိစိကိစ္ဆာ = ယုံမှားခြင်း၊ မဆုံးဖြတ်နိုင်ခြင်း၊

(၇) ထိန = ထိုင်းမှိုင်း ပျင်းရိခြင်း၊

(၈) ဥဒ္ဓစ္စ = မတည်မငြိမ် ပျံ့လွင့်ခြင်း၊

(၉) အဟိရိက = မကောင်းမှု ပြုလုပ်ရမည်ကို မရှက်ခြင်း၊ မရွံရှာခြင်း၊

(၁၀) အနောတ္တပ္ပ = မကောင်းမှု ပြုလုပ်ရမည်ကို မကြောက်မရွံ့ခြင်းတို့ ဖြစ်သည်။ [၆]

တနည်း—ကိလေသာသည် ၁၇-မျိုး[ပြင်ဆင်ရန်]

၁၇-မျိုးကား—

(၁) လောဘ = လိုချင်တပ်မက်ကပ်ငြိခြင်း၊

(၂) ဒေါသ = အမျက်ထွက်ခြင်း၊

(၃) မောဟ = မသိခြင်း၊ တွေဝေခြင်း၊

(၄) ကောဓ = အမျက်ထွက်ခြင်း၊

(၅) ဥပနာဟ = ရန်ငြိုး ဖွဲ့ခြင်း၊

(၆) မက္ခ = သူပြုဘူးသော ကျေးဇူးကို ချေဖျက်ခြင်း၊

(၇) ပဠာသ = ဖက်ပြိုင်ခြင်း၊

(၈) ဣဿာ = ငြူစူခြင်း၊ မနာလိုခြင်း၊ သူတထူး ပျက်စီးစေလိုခြင်း၊

(၉) မစ္ဆရိယ = မိမိစည်းစိမ်စသည်ကို လျှို့ဝှက်ခြင်း၊ ဝန်တိုခြင်း၊

(၁၀) မာယာ = မိမိ၌ ရှိသော အပြစ်ကို လှည့်ပတ် ဖုံးကွယ်ခြင်း၊

(၁၁) သာဌေယျ = မိမိ၌ မရှိသော ဂုဏ်ကို ထုတ်ဖော် ဟန်ဆောင်ခြင်း၊

(၁၂) ထမ္ဘ = စိတ်ဓာတ် ခက်ထန် ကြမ်းတမ်းခြင်း၊

(၁၃) သာရမ္ဘ = သူတပါးကို ပြိုင်ဆိုင် ထိပါးချုပ် ချယ်ခြင်း၊

(၁၄) မာန = ထောင်လွှား မာန်မူခြင်း၊

(၁၅) အတိမာန= အလွန် ထောင်လွှား မာန်မူခြင်း၊

(၁၆) မဒ = အမျိုးဇာတ်စသည်ကိုစွဲ၍ မာန်ယစ်မူးခြင်း၊

(၁၇) ပမာဒ = ကာမဂုဏ်၌ တွယ်တာသဖြင့် ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းတို့ ဖြစ်သည်။ [၇] ([၈]-၌ မောဟလျှော့၍ ၁၆-မျိုး လာသည်။)

ယင်း ကိလေသာတို့၏ ဖြစ်ပုံ အမျိုးအစား အပြစ်များ ပုံဝတ္ထု သက်သေ စသည်တို့ကို အောက်ပါ ကျမ်းညွှန်းအတိုင်း အကျယ်ယူရန် ဖြစ်သည်။

ကိလေသာသရုပ်နှင့်သိဖွယ်[ပြင်ဆင်ရန်]

(၁) လောဘ—မျောက်နှဲစေး၊ သားတစ်၊ ဆီ မင်စွန်း ဥပမာ — [၉]

ကုသိုလ် ရေး၌လိုချင်မှု (ကုသလစ္ဆန္ဒ)သည် လောဘ မဟုတ်—[၁၀]

လောဘအပြစ်—[၁၁]

ရာဂကြောင့် အသက် သေရသော ဘိက္ခုနီမ—[၁၂]

လောဘဆိုး ၃-မျိုး— [၁၃]

(၂) ဒေါသ—မြွေ၊ အဆိပ်၊ တောမီး၊ ရန်သူ ဥပမာ—[၁၄]

ဒေါသကြောင့် မိမိသားကိုသတ်—[၁၅]

ဒေါသကြောင့် မနောပဒေါသိက နတ်များ စုတေ—[၁၆]

(၃) မောဟ—လကွယ် သန်ကောင် တိမ် တောင် တောအုပ်တည်းဟူသော မှောင်ကြီး ၄-ခု ဥပမာနှင့် ၉-ဌာန မသိမှု— [၁၇]

မောဟအပြစ် (ဟရိတစရသေ့နှင့်မိဖုရား)— [၁၈]

ပညာတု = မိစ္ဆာဉာဏ် = မောဟ-[၁၉]

သဒ္ဓါတု (အမှားယုံကြည်မှု မောဟ— [၂၀]

မသိတိုင်း မောဟမဟုတ်— [၂၁]

(၄) ကောဓ—ဒေါသနှင့်တူသည်။ [၂၂] အာဃာတဝတ္ထု-လည်း ကြည့်။

(၅) ဥပနာဟ—ဦးစွာအမျက်ထွက်ခြင်းသည် ကောဓ၊ နောက်မှ အမျက်ထွက်ခြင်းသည် ဥပနာဟ— [၂၃]

(၆) မက္ခ—မစင်ဖြင့် ပစ်သူ ဥပမာ—[၂၄]

အရိပ်နေနေ အခက်ချိုးချိုး— [၂၅]။ တရားကိုယ် ဒေါသ—[၂၆]

(၇) ပဠာသ[၂၇]။ တရားကိုယ် ဒေါသ—[၂၈]

(၈) ဣဿာ[၂၉]။ ဣဿာ အပြစ်—[၃၀]

(၉) မစ္ဆရိယ—ခါးစပ်သော အရသာ ဥပမာ—[၃၁]။ မစ္ဆရိယ ၂-မျိုး—[၃၂]။ ယင်း ၅-မျိုး— [၃၃]။ လာဘမစ္ဆရိယ အပြစ် —[၃၄]။ ဓမ္မမစ္ဆရိယအပြစ်—[၃၅]

(၁၀) မာယာ— မျက်လှည့် ဥပမာ— [၃၆]။ မာယာရှိသူ အသိခက်ပုံ ဥပမာ ၃-မျိုး [၃၇]။ ရသေ့မာယာ— [၃၈]။ မာယာ ၄၀−[၃၉]။ တရားကိုယ် လောဘ− [၄၀]

(၁၁) သာဌေယျ[၄၁]။ ဝက်ဘီလူး ဥပမာ—[၄၂]။ အာယတနငါး ဥပမာ− [၄၃]။ ရဟန္တာဟန်ဆောင်ခြင်း—[၄၄]။ တရားကိုယ် လောဘ—[၄၅]

(၁၂) ထမ္ဘ — ထွန်တုံး မျိုထားသော စပါးကြီးမြွေနှင့် ကော်ရည် တင်ထားသော အဝတ် ဥပမာ— [၄၆]။ တရားကိုယ် လောဘ— [၄၇]

(၁၃) သာရမ္ဘ—စီးပွားရေး, ပညာရေး စသည်၌ သူ့ထက်သာအောင် ပြုလုပ်ပုံနှင့် ကုသိုလ်မှု၌ စေတနာကောင်းဖြင့် ပြိုင်ဆိုင်မှုသည် သာရမ္ဘမဟုတ်ပုံ—[၄၈]။ တရားကိုယ် ဒေါသ—[၄၉]

(၁၄၊ ၅) မာန၊ အတိမာန—ရှိထိုက်သော (ယာထာဝမာန)မာန်၊ မာန် ၉-မျိုး— [၅၀]။ မာနအပြစ်(ကာလိင်္ဂမင်း) — [၅၁]။ ပဲဝက်သော အသပြာကြောင့် မာနတက်သော ပုတ်သင်-[၅၂]။ ရှင်အနုရုဒ္ဓါ၏ စကား ၃-ခွန်းနှင့် မာန, ဥဒ္ဓစ္စ, ကုက္ကုစ္စ—[၅၃]

(၁၆) မဒ—တရားကိုယ် မာန— [၅၄]။ ([၅၅]-၌ တရားကိုယ်ကို လောဘ, မာန အထူး ဟု ၂-မျိုး ကောက်သည်။) မဒ ၂၇-မျိုး စသည်—[၅၆]

(၁၇) ပမာဒ—ပုတ်သင် ဥပမာ-[၅၇]။ တရားကိုယ် လောဘ—[၅၈]

(၁၈) ဒိဋ္ဌိ—(အပဏ္ဏက, တိတ္ထိယ, ဒိဋ္ဌိဋ္ဌာန, ဒိဋ္ဌိဝဂ္ဂ-စသည်တို့လည်း ကြည့်။) ဒိဋ္ဌိ ဖြစ်ကြောင်း ၆-မျိုး-[၅၉]။ ယင်း၈-မျိုး-[၆၀]။ ဒိဋ္ဌိဖြစ်ပုံ ၁၈-မျိုး-[၆၁]။ ဒိဋ္ဌိ ၁၆-မျိုး— [၆၂]။ ယင်း ၆၂-မျိုး—[၆၃]။ သဿတ, ဥစ္ဆေဒ အပြစ်-[၆၄]။ ဥစ္ဆေဒ အပြစ်-[၆၅]။ နိယတ, အနိယတ ဖြစ်ပုံ (ဧကန် အကျိုးပေး မပေး-[၆၆]။ နိယတ အပြစ်-[၆၇]။ ဒိဋ္ဌိ စင်ကြယ်မှု (ဒိဋ္ဌိ-ဝိသုဒ္ဓိ) – [၆၈]

(၁၉) ဝိစိကိစ္ဆာ— (ကင်္ခါဝိတရဏဝိသုဒ္ဓိလည်း ကြည့်။) ယုံမှားခြင်း ၈-မျိုး၊ ၁၆-မျိုး-[၆၉]။ ယုံမှားတိုင်း ဝိစိကိစ္ဆာ မဟုတ်-[၇၀]။ ဥဒ္ဓစ္စနှင့် ဝိစိကိစ္ဆာထူးပုံ – [၇၁]

(၂၀) ထိန = [၇၂]။ ထိနမိဒ္ဓဖြစ်ချိန်၊ ၂-မျိုးအထူး၊ အိပ်ချင်ငိုက်မျဉ်းဖြစ်တိုင်း ထိန မိဒ္ဓမဟုတ်-[၇၃]။ ထိနမိဒ္ဓ-အပြစ်—[၇၄]

(၂၁) ဥဒ္ဓစ္စ— တံခွန်စသည် ဥပမာ-[၇၅]

(၂၂) အဟိရိက— မကောင်းမှုပြုရာ၌ ဆင်ခြင်ထောက်ဆရန် [၇၆]။ ဝက်နှင့်မစင် ဥပမာ-[၇၇]

(၂၃) အနောတ္တပ္ပ— ကြောက်ဖွယ်ဘေး ၄-မျိုး-[၇၈]။ ပိုးပရံ ဥပမာ-[၇၉]။ ကမ္ဘာဖျက်တရား ဆိုးကြီး၂-ခု (အဟိရိက, အနောတ္တပ္ပ)-[၈၀]

၁၅၀၀-ကိလေသာ[ပြင်ဆင်ရန်]

ကိလေသာ–ကိလေသာသည် ၂-မျိုး ၃-မျိုး ၁၀-မျိုး ၁၇-မျိုးဟု အသုံး ရှိသကဲ့သို့ ၁၅၀၀-ဟုလည်း ကျမ်းဂန်တို့၌ သုံးစွဲသည်၊ ဒိယဍ္ဎကိလေသသဟဿ-ဟု ပါဠိ သီကုံးသည်၊ [၈၁]

၁၅၀၀-ကိလေသာ ဖြစ်ရန် မြှောက်ပွား နည်းမှာ—စိတ်-၁၊ စေတသိက်-၅၂၊ နိပ္ဖန္နရုပ်-၁၀၊ အာကာသဓာတ်-၁၊ ဇာတိ၊ ဇရတာ၊ အနိစ္စတာ လက္ခဏရုပ် ၃-ပါး၊ ပေါင်းအာရုံ တရား-၇၅။ ယင်းသည် အတွင်း (အဇ္ဈတ္တ) အပြင်(ဗဟိဒ္ဓ)၂-မျိုးလုံး၌ရှိသဖြင့် ၇၅x၂ = ၁၅၀၊ ယင်းကို ကိလေသာ ၁၀-ပါးတို့က သင့်သလို အာရုံပြုသဖြင့် ၁၅၀x၁၀ = ၁၅၀၀ ဖြစ်သည်။ အနုဋီ၊၁၊၁၉။ (ကိလေသာ မြှောက်ပွားနည်း အမျိုးမျိုးကို [၈၂]-တို့၌ ကြည့်။)

ကိလေသာသည် ၁၅၀၀-ကျော်ရှိပုံကို [၈၃]-၌ ဖွင့်ပြသည်။ [၈၄]-တို့၌ ကိလေသာသည် အသိန်းမက မရေမတွက်နိုင်အောင် များပြားကြောင်း ပြသည်။ (ဒိယဍ္ဎ-ကိလေသသဟဿ-လည်း ကြည့်။) အချုပ်အားဖြင့် စိတ်ကိုပူပန် ညစ်နွမ်းစေတတ်သော တရားသဘော အားလုံးကို ကိလေသာဟူ၍ပင် သုံးစွဲသည်။

ကိလေသာ၏ အမည်များ[ပြင်ဆင်ရန်]

ကိလေသာသည် စွမ်းအင်သတ္တိ အမျိုးမျိုးသို့ လိုက်၍ အခြားအမည်ထူးများပါ ရရှိသည်၊

အင်္ဂဏ = ယုတ်နိမ့်သောဘဝသို့ ရောက်စေတတ်သော တရား [၈၅]

ရဏ = သတ္တဝါတို့ကို ငိုကြွေးစေတတ်သော တရား [၈၆]

အည = အကျိုးမပြု တစိမ်းပြင်ပြင် ဖြစ်သော တရား (အနညပေါသီ-ကြည့်)။

အပါရ = နိဗ္ဗာန်တည်းဟူသော ဤမှာဖက်ကမ်း (ပါရ) နှင့် အလှမ်းဝေးကွာသော တဖက်ကမ်း တရား [၈၇]

ကိဉ္စန = ပူပန်ကြောင့်ကြခြင်းကို ဖြစ်စေတတ်သောတရား (ကိဉ္စန-ကြည့်) စသည်ဖြင့် အမည်အမျိုးမျိုး သုံးစွဲသည်။

စွမ်းရည်တူ ကိလေသာများ[ပြင်ဆင်ရန်]

တဖန်— ဖော်ပြပါ ကိလေသာ တရားတို့တွင် စွမ်းရည်သတ္တိတူရာ အလိုက် ၂-မျိုး ၃-မျိုး စသည်ကို တွဲစပ်၍

အာသဝ = အရက် နှင့်တူသော အရက်ကဲ့သို့ သတ္တဝါတို့ကို ယစ်မူးစေသောတရား၊

သံယောဇန = တုပ်နှောင် တတ်သောတရား၊

ဂန္ထ = နှောင်ဖွဲ့တတ်သော တရား၊

ဩဃ = ရေအယဉ်(သမုဒ္ဒရာ) ကဲ့သို့ နစ်မြုပ်စေတတ်သောတရား၊

ယောဂ = တွယ် စပ်ဖွဲ့ချည်သည့် ထမ်းပိုးနှင့် တူသောတရား၊

နီဝရဏ = ပိတ်ဆို့တတ်သောတရား၊

ဥပါဒါန = (ဖားကို မြွေဖမ်းသကဲ့သို့) စွဲစွဲမြဲမြဲ အပြင်း ဖမ်းတတ်သောတရားစသည်ဖြင့်ခေါ်ဝေါ်သုံး စွဲသည်။ [၈၈]

ကိလေသာ၏ ဥပမာများ[ပြင်ဆင်ရန်]

ကိလေသာသည် သတ္တဝါတို့အား မည်မျှ အကျိုးယုတ် ပျက်စီးစေတတ်ကြောင်း ပါဠိ, အဋ္ဌကထာ, ဋီကာတို့၌ အရာဌာနအလိုက် ဥပမာ အမျိုးမျိုးတို့ဖြင့် ဖွင့်ဆိုတင်စားကြသည်၊ ထိုဥပမာတို့ကို ထောက်ဆ၍ ကိလေသာ၏ အကျိုးမဲ့ စေနိုင်ပုံကို သိရမည်၊ ဥပမာတို့ကား —

ကိလေသာသည် မြား, ငြောင့်တံကျင်ကဲ့သို့ စူးဝင်တတ်၍ နှုတ်ပစ်ရန် ခဲယဉ်းသည် (ကိလေသကဏ္ဍ၊ ...ဝိသူကာယိက၊ ... သလ္လ-ပုဒ်တို့ကြည့်)။

ကိလေသာသည် မိကျောင်း, ပိုး, ယင်မဲရိုင်းကောင်, ဦးချိုရှိသောသတ္တဝါ, မြေဘုတ် ဘီလူး, ရက္ခိုသ်တို့ကဲ့သို့ နှောက်ရှက် ကိုက်ခဲ ဖမ်းစားတတ်သည် (ကိလေသဂါဟ...ပါဏက၊ ..... မက္ခိကာ၊ ..... သိင်္ဂါရ၊ ... ပိသာစ... ရက္ခသ)။

ကိလေသာသည် မီးကျီး မီးတောက် မီး လျှံကဲ့သို့ ပူကျက်လောင်မြိုက် အိုက်စပ်စေသည် (ကိလေသဂ္ဂိ၊ ..... ဒရထ... ဒါဟ၊ သန္တာပ)။ ကိလေသာသည် ဖျားနာခြင်း အနာ ပေါက်ခြင်းကဲ့သို့ နာကျင်နှိပ်စက်ခြင်း လွတ်

မြောက်နိုင်ခဲခြင်း သဘောရှိ၍ (ကိလေသ ဂေလည...ဗျာဓိ၊ ...ရောဂ၊ ကိလေသာတုရ)၊ ကြွေးမြီတင်သကဲ့သို့ ကြေလည်အောင် ပေးဆပ် လျှော်နိုင်ခဲသည် (ကိလေသဣဏ)။ လေးလံလှသော ဝန်ထုပ်ဝန်ပိုးကြီးကဲ့သို့ ပစ်ချနိုင်ခဲသည် (ကိလေသ ဘာရ)။

ကိလေသာသည် သမုဒ္ဒရာ, ရေအယဉ်, လှိုင်း, ဝဲဂယက်, မိုး, ရွှံ့နွံကဲ့သို့ မျောပါး နစ်မြုပ် စွတ်စိုစေတတ်သည် (ကိလေသ-သမုဒ္ဒ၊.....သောတ၊...ဩဃ၊ ...ဦမိ၊ ...အာဝဋ္ဋ၊ ......ဝဿI... ပင်္က၊....ကဒ္ဒမ) ကိလေသာသည် ဘေး, ဥပဒ်, ရန်သူ, ခိုးသူ, မာရ်နတ်, သေမင်း, ရန်သူစစ်တပ် စစ်သည်ကဲ့သို့ အန္တရာယ်ကိုပြုတတ်သည်(ကိလေသဘယ၊ ...ဥပဒ္ဒဝ၊ ...ဝေရ...သတ္တု၊ ...စောရ၊ ...မစ္စု၊ ...ဗလ၊ ...သေနာ)

ကိလေသာသည် တော, တောင်, ချုံပုပ်, ခရီးဆိုးကဲ့သို့ ပိတ်ဆို့ တားဆီးခြင်း၊ လွဲမှား ရာသို့ ရောက်စေခြင်း သဘောရှိ၍ အသိဉာဏ်အမြင် အလင်းမရအောင် မှောင်ထုကြီး ဖုံးအုပ် ထားသကဲ့သို့သော သဘောရှိသည် (ကိလေသပဗ္ဗတ၊ ... ကန္တာရ၊ ...ဂဟန၊ ...ဝန၊ ...မဂ္ဂ၊ ...အန္ဓကာရ)။

ကိလေသာသည် ကျော့ကွင်း, လွန်ကြိုး, လှောင်ချိုင့်, ထောင်အိမ်, ပိုက်ကွန်ကဲ့သို့ တုပ်နှောင် လှောင်ပိတ်တတ်သည် (ကိလေသပါသ၊ ...ဝရတ္တ၊ .....ဗန္ဓန၊ ...ဇာလ)။

ကိလေသာသည်။ မြွေ အညစ်အကြေး, အစေးအညှော်ကဲ့သို့ ညစ်ပေ လိမ်းကျံ၍ ဖွပ် လျှော်ဆေးကြောရန် ခဲယဉ်းသည် (ကိလေသမလ၊ ...အသုစိ၊ ...သ္နေဟ၊ ...ရဇ၊ ...ဇလ္လ)။

ကိလေသာသည် အတွင်းလှိုက်ပုပ်သိုး၍ (ကိလေသပူတိ)၊ ဆိုးရွားသော အနံ့ရှိသည် (ကိလေသဒုဂ္ဂန္ဓ)။

ကိလေသာသည် အရက်စသည်ကဲ့သို့၎င်း၊ အဆိပ်အတောက်ကဲ့သို့၎င်း မူးယစ်တွေဝေ၍ သေစေတတ်သည် (ကိလေသာသဝ၊ ... မဒ၊ ...မူဠှ၊ ... မုစ္ဆာ၊ ...ဝိသ)။ ကိလေသာသည် ပြေပျောက် ခဲသော ဆာလောင်မွတ်သိပ်ခြင်း၊ ဖြောင့်နိုင်ခဲသော အကောက်အကွေးကဲ့သို့ ပြင်းစွာဆာလောင် မွတ်သိပ်ခြင်း ကွေးကောက်ခြင်း (ကောက်ကျစ်ခြင်း) သဘောရှိသည် (ကိလေသာဆာတဇ္ဈတ္တ၊ ...ဇိမှ၊ ...ဝင်္က)။

ကိလေသာသည် သတ္တဝါတို့အား တုန်လှုပ်ခြင်း (ကိလေသက္ခောဘ၊ ... ဝိပ္ဖန္ဒိတ)၊ ချောက်ချားခြင်း (ကိလေသကာလုဿိယ)၊ ကြောင့်ကြခြင်း (ကိလေသကိဉ္စိန)၊ ဖောက်ပြန်ခြင်း (ကိလေသဝိရူပ)၊ နယ်ချဲ့ခြင်း (ကိလေသပပဉ္စ)၊ ပင်ပန်းခြင်း (ကိလေသပရိဿမ) ကျွန်အဖြစ်စေခိုင်းခြင်း(ကိလေသ-ဒါသဗျ)၊ မဂ်ဖိုလ်နိဗ္ဗာန် မရအောင် တားဆီးခြင်း၊ အန္တရာယ် ပြုခြင်း (ကိလေသနီဝရဏ၊ ...အန္တရာယ) စသည်ကို ပြုတတ်သည်။

ကိလေသာပယ်သတ်နည်း[ပြင်ဆင်ရန်]

ကိလေသာ ပယ်သတ်နည်း ၆-မျိုးရှိသည်၊ (တနည်းအားဖြင့် ကိလေသာငြိမ်ဝပ်သော ပုဂ္ဂိုလ် ၇-ယောက်ရှိသည်။) ၆-မျိုးကား—(၁) ဝတ်အကျင့် ပြုလုပ်ခြင်း၊ (၂) ပရိယတ်သင်ကြား လေ့လာခြင်း၊ (၃) ဓုတင်ဆောက်တည်ခြင်း၊ (၄) သမာပတ် ဝင်စားခြင်း၊ (၅) ဝိပဿနာ ရှုပွားခြင်း၊ (၆) နဝကမ္မအမှု ပြုခြင်းတို့ ဖြစ်သည်။ [၈၉] ယင်း ၆-မျိုးကို ပြုလုပ်ခြင်းသည် ကိလေသာတို့ကို တဒင်္ဂအားဖြင့် ပယ်သတ်နိုင်သည်၊ ထိုအမှု ၆-မျိုးကို ပြုလုပ်နေသူများ၌ ကိသေသာတို့ ငြိမ်ဝပ်သည်။

(၁) ဝတ်အကျင့်ဟူသည် တံမြက်လှည်းခြင်းအစ ဆရာ့ဝတ် တပည့်ဝတ် စသော ၈၂-မျိုးသော ဝတ်အကျင့်ငယ် [၉၀]၊ ၁၄-မျိုးသော ဝတ်အကျင့်ကြီး [၉၁]တို့ ဖြစ်သည်။ ထိုဝတ်အကျင့်မှ တဆင့် တက်၍ ဝိပဿနာရှုပွားသော် မိလက္ခတိဿမထေရ်ကဲ့သို့ ရဟန္တာ ဖြစ်နိုင်သည်။ [၉၂]

(၂) ပရိယတ်—စာပေကျမ်းဂန် သင်ကြား လေ့လာခြင်းမှ တဆင့်တက်၍ ဝိပဿနာရှုပွားသော် မလိယဒေဝမထေရ်, တိဿ-ဘူတိမထေရ်ကဲ့သို့ ရဟန္တာဖြစ်နိုင်သည်။ [၉၃]

(၃) ဓုတင်— ၁၃-မျိုးသော ဓုတင် အကျင့်တို့တွင် တခုခုသော ဓုတင်ကို ကျင့်သုံးခြင်းဖြင့် မဟာသိဝ မထေရ်ကဲ့သို့ ရဟန္တာ ဖြစ်နိုင်သည်။ [၉၄]

(၄) သမာပတ်— သမာပတ် ၈-ပါးကို ဝသီဘော်နိုင်အောင် လေ့လာဝင်စားခြင်းဖြင့် မဟာတိဿမထေရ်ကဲ့သို့ ရဟန္တာဖြစ် နိုင်သည်။ [၉၅]

(၅) ဝိပဿနာ— ဝိပဿနာ ရှုပွားနေခြင်းဖြင့် ၆-ကျိပ်သော ရဟန္တာတို့ကဲ့သို့ ရဟန္တာဖြစ်နိုင်သည်။ [၉၆]

(၆) နဝကမ္မ— ကျောင်းဆောက်ခြင်း စသော အမှုကိစ္စကို ဆောင်ရွက်ခြင်းဖြင့် ကိလေသာ ငြိမ်ဝပ်နိုင်သည်၊ တဆင့်တက်၍ ဝိပဿနာ ရှုပွားသော် တိဿမထေရ်ကဲ့သို့ ကိလေသာကုန်ခန်း၍ ရဟန္တာဖြစ်နိုင်သည်။ [၉၇]

(၇) ရှင်မဟာကဿပကဲ့သို့ ဗြဟ္မာ့ပြည်မှ လာသော ပုဂ္ဂိုလ်များလည်း ကိလေသာများ ငြိမ်ဝပ်နေတတ်သည်၊ ထိုမှတဆင့်တက်၍ ဝိပဿနာရှုပွားသော် ရဟန္တာဖြစ်နိုင်သည်။ [၉၈] ဤကား တဒင်္ဂ, ဝိက္ခမ္ဘနအားဖြင့် ကိလေသာ ငြိမ်းအေး ငြိမ်ဝပ်ခြင်း ဖြစ်သည်၊

အမြစ်ပြတ် ပယ်သတ်ရန်[ပြင်ဆင်ရန်]

မဂ်ဉာဏ် ၄-ပါးဖြစ်ပေါ်အောင် ရှုပွားရသည်။ မဂ်ဉာဏ် ၄-ပါး သည်သာကိလေသာတို့ကို အဆင့်ဆင့် အမြစ်ပြတ် ပယ်သတ်နိုင်သည်၊ မဂ်ဉာဏ် ၄-ပါး အဆင့်ဆင့် ကိလေသာ ပယ်သတ်ပုံကား ကိလေသာ ၁၀-မျိုးတို့တွင် ဒိဋ္ဌိ ဝိစိကိစ္ဆာကို သောတာပတ္တိမဂ်ဖြင့်, ဒေါသကို အနာဂါမိမဂ်ဖြင့် လောဘ၊ မောဟ၊ မာန၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ၇-မျိုးကို အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ပယ်သတ်သည်။ [၉၉]

ဒေါသကိုအနာဂါမိမဂ်၊ လောဘကို အရဟတ္တမဂ်က ပယ်သတ်သည် ဆိုသော်လည်း အကြွင်းမဲ့ ပယ်သတ်သည်ကိုသာ ဆိုလိုသည်၊ စင်စစ် အပါယ်သို့ ကျစေနိုင်လောက်သော လောဘ ဒေါသကို သောတာပတ္တိမဂ်က၎င်း၊ ကြမ်းတမ်းသော လောဘ ဒေါသကို သကဒါဂါမိမဂ်က၎င်း၊ သိမ်မွေ့သော လောဘ ဒေါသကို အနာဂါမိမဂ်က၎င်း ချိုးနှိမ်ပယ်သတ်ပြီး ဖြစ်သည်။ [၁၀၀]

ကိလေသာ ၁၇-မျိုးတို့တွင် အတိမာန၊ မက္ခ၊ ပလာသ၊ ဣဿာ၊ မစ္ဆရိယ၊ မာယာ၊ သာဌေယျ ၇-မျိုးကို သောတာပတ္တိမဂ်က၎င်း။ ဒေါသ၊ ကောဓ၊ ဥပနာဟ၊ ပမာဒ ၄-မျိုးကို အနာဂါမိမဂ်က၎င်း။ ရာဂ၊ မောဟ၊ ထမ္ဘ၊ သာရမ္ဘ၊ မာန၊ မဒ ၆-မျိုးကို အရဟတ္တမဂ်က၎င်း အသီးအသီး ပယ်သတ်သည်။ [၁၀၁] ([၁၀၂]-၌ အတိမာနကို အရဟတ္တမဂ်ပယ်ရာ၌ ထည့်သွင်း ထားသည်။ အနာဂါမ်ပုဂ္ဂိုလ်တို့သည် အောက်ပိုင်းသံယောဇဉ် ၅-မျိုးကို ပယ်ပြီးဖြစ်သော်လည်း ဥပါဒါနက္ခန္ဓာ ၅-မျိုးတို့၌သိမ်မွေ့သော အသ္မိမာနများ ဖွပ်လျှော်ပြီးသော အဝတ်၌ ဆပ်ပြာနဲ့ ကျန်သကဲ့သို့ ကျန်ရှိနေကြောင်း သံ၊၂၊၁၀၇(ခေမကသုတ်)၌ ဟောသည်။

ထိုမှတပါး သံယောဇဉ်၊ ကိလေသာ၊ မိစ္ဆတ္တ၊ လောကဓံ ၈-မျိုး၊ ဝိပလ္လာသ၊ ဂန္ထ၊ အာသဝ၊ နီဝရဏ၊ ဥပါဒါန်၊ အနုသယ၊ မလ၊ အကုသလကမ္မပထ၊ အကုသလ စိတ္တုပ္ပါဒ-စသော အကုသိုလ်အစုနှင့် မဂ်ပယ်စဉ် အသေး စိတ်ကို [၁၀၃] ၌ကြည့်။)

မည်သည့်မဂ်က မည်သည့်ကိလေသာကို ပယ်သည်ဟု ဆိုရာ၌ ပဟာနေကဋ္ဌ (ပယ်ရာပုဂ္ဂိုလ် တဦးတည်းဖြစ်ခြင်း) သဟဇေကဋ္ဌ (အတူတကွ တခုတည်းသော စိတ်၌ဖြစ်ခြင်း) ၂-မျိုးဖြင့်လည်း ဖြည့်စွက် မှတ်သားရသည်။ ဥပမာ—သောတာပတ္တိမဂ်သည် ဒိဋ္ဌိကိုသာ ပယ်သည်ဟု ဆိုသော်လည်း အပါယ်သို့ကျစေ နိုင်လောက်သော ကြွင်း ကိလေသာတို့ကိုလည်း ဒိဋ္ဌိနှင့် တပြိုင်နက်ပင် ပယ်သတ်ပြီး ဖြစ်သည် (အပါယ်သို့မချနိုင်အောင် ဟန့်တား ထားလိုက်သည်ဟု ဆိုလိုသည်)။ ယင်းသို့ ပယ်သည်မှာ ကြွင်းကိလေသာ ၉-မျိုးတို့သည် ဒိဋ္ဌိနှင့် တည်ရာ မှီရာ ဖြစ်ရာ ခန္ဓာချင်း တူသောကြောင့် (ဝါ) ပုဂ္ဂိုလ်တဦးတည်းခြင်းကြောင့် ပယ်သတ်ပြီး ဖြစ်ရသည်(ပဟာနေကဋ္ဌနည်း)

အတူတကွ တခုတည်းသောစိတ်၌ ပူးတွဲ ဖြစ်ပုံချင်းတူလျှင်လည်း ဖြစ်ဖော်ဖြစ်ဖက် ကိလေသာတို့ကိုပါ ပယ်သတ်သည်၊ ဥပမာ သောတာပတ္တိမဂ်သည် ဒိဋ္ဌိဂတသမ္ပယုတ် သင်္ခါရိက စိတ်၌ရှိသော ဒိဋ္ဌိကိုပယ်သောအခါ ထိုစိတ်၌ ဒိဋ္ဌိနှင့်ယှဉ်ဖော်ယှဉ်ဖက် ဖြစ်သော လောဘ, မောဟ, ဥဒ္ဓစ္စ အဟိရိက, အနောတ္တပ္ပကိလေသာတို့ကိုလည်း ပူးတွဲ၍ ဟန့်တား ပယ်သတ်ပြီးဖြစ်သည် (သဟဇေကဋ္ဌနည်း) ။ (သသင်္ခါရိက စိတ်လည်းနည်းတူ။) [၁၀၄] ယမိုက်အရကောက်၊ အနုသယ၊ ပဟာနေကဋ္ဌ ပဇဟနဝါရ-လည်းကြည့်။ သဟဇေကဋ္ဌ-တို့လည်း ကြည့်။

ပစ္စဝေက္ခဏာဉာဏ်[ပြင်ဆင်ရန်]

အရိယသာဝကတို့ မည်သည် ကိလေသာကို ပယ်သတ်ရာတွင် ကိလေသာသည် မိမိသန္တာန်၌ ဤယနေ့ မည်မျှကုန်ပြီ၊ နက်ဖြန် မည်မျှကုန်လတ္တံ့ဟုကား မသိချေ၊ ကိလေသာကုန်သောအခါ ကုန်ပြီ ဟူ၍သာ သိသည်၊ ဥပမာ--လက်သမား ဆရာသည် နေ့စဉ်ခုတ်ရွေရန် ကိုင်တွယ်သော ပဲက္ခပ်ရိုး၌ လက်ချောင်းရာများ ချိုင့်ခွက်၍ ထင်ကျန်နေရာ ပဲက္ခပ်ရိုး၌ ယနေ့မည်မျှ ကုန်သွားပြီ စသည်ဖြင့်မသိပဲ ကုန်ပြီဟူ၍သာ သိသကဲ့သို့ ဖြစ်၏။ [၁၀၅] (ဝါသိဇဋသုတ်)။

ကိလေသာကို ပယ်သတ်ပြီးသော အရိယာတို့သည် မိမိသန္တာန်၌ ကိလေသာ မည်မျှ ကုန်ပြီဟု၎င်း၊ မည်မျှလောက်သော ကိလေသာများ ကျန်သေးသည်ဟု၎င်း ဆင်ခြင်စဉ်း စားသော ဉာဏ်ဖြစ်ပေါ်သည်။ ထိုဉာဏ်ကို ပစ္စဝေက္ခဏာဉာဏ်ဟု ခေါ်သည် (ဝိမုတ္တသ္မိံ ဝိမုတ္တမီတိ ဉာဏံ။ [၁၀၆])။ ဥပမာ− ပစ္စန္တရစ်အရပ်၌ သူပုန်ရန်ကို နှိပ်နင်းပြီးသော ဘုရင်သည် မိမိ၏ အောင်မြင်မှုကို ပြန်လည် ဆင်ခြင်၍ ဝမ်းမြောက်သကဲ့သို့ ဖြစ်သည်။ [၁၀၇]

ယင်းသို့ကုန်ပြီး ကိလေသာ, ကျန်သော ကိလေသာတို့ကို ဆင်ခြင်သည်ဆိုရာ၌ အရိယာ ပုဂ္ဂိုလ်တိုင်း ဆင်ခြင်ကြသည် မဟုတ်၊ အချို့ကမူ ကုန်ပြီး ကိလေသာကိုသာ ဆင်ခြင်၏၊ အချို့ကမူ ကြွင်းကျန်သောကိလေသာကိုသာ ဆင်ခြင်၏၊ ဆင်ခြင်သော ပုဂ္ဂိုလ်တို့သာ လျှင်သိနိုင်သည်၊ မဆင်ခြင်သော ပုဂ္ဂိုလ်တို့ မသိနိုင်၊ ဘုရားရှင်နှင့် ညီအစ်ကိုတော်စပ်သော အရိယာဖြစ်သူ မဟာနာမ် သာကီဝင် မင်းသားသည် မိမိသန္တာန်၌ ကိလေသာကုန်ခန်းမှုနှင့်စပ်၍ မသိသဖြင့် ဘုရားရှင်အား လျှောက်ထားဘူးသည်။ [၁၀၈]

အတုအစစ်[ပြင်ဆင်ရန်]

ကိလေသာ မကုန်ခန်းပဲ ရဟန္တာဖြစ်ပြီဟု အထင်ရောက်သော ပုဂ္ဂိုလ်တို့ကို—မဟာနာဂတ္ထေရ၊ မဟာဒတ္တတ္ထေရ၊ စူဠသုမတ္ထေရ၊ ဓမ္မဒိန္နတ္ထေရ [၁၀၉]နှင့် [၁၁၀] (စတုတ္ထပါရာဇိက ဝိနီတဝတ္ထု)တို့ကိုကြည့်။

ကိလေသာကုန်ခန်း၍ ဘုရားရဟန္တာဖြစ်ရာ၌ ဟုတ်မဟုတ် စူးစမ်းရှာဖွေနည်းများကို အဘယူပရတ သမနွေသန-နှင့် ဆဗ္ဗိသောဓန-တို့ကြည့်။

ကိလေသာကုန်ခန်းသူအဖြစ် (ဝါ) အရဟန္တအဖြစ် ဟန်ဆောင်တတ်ပုံကို စာဋိအရ ဟန္တ, ပါရောဟ အရဟန္တ([၁၁၁] နှင့် ဗာဟိယဒါရုစီရိယတ္ထေရ [၁၁၂] တို့ကြည့်။

စင်စစ်—ကိလေသာ ကုန်ခန်း၍ ရဟန္တာ ဟုတ်မဟုတ် သိရှိရန်မှာ လူသာမန်တို့ သိရန် မလွယ်ကူပေ၊ ကြာရှည်စွာ အတူတကွ နေထိုင်ခြင်း၊ သတိထား စူးစမ်းခြင်း၊ ပညာရှိခြင်း၊ ဝေါဟာရ နားလည်ခြင်း၊ ဆွေးနွေးခြင်း ပြုလုပ်မှသာလျှင် အတု အစစ်ကို ခွဲခြား သိမြင်နိုင်သည်။ [၁၁၃] (သတ္တဇဋိလသုတ်)။[၁၁၄]

ကိုးကား[ပြင်ဆင်ရန်]

  1. အဘိ၊ဋ္ဌ၊၁၊၅၈။ နေတ္တိ၊ဋ္ဌ၊၃၀။ မူလဋီ၊၁၊၃၉။
  2. မိလိန္ဒ၊၂၅၉
  3. မဟာနိ၊၃၀၁။ မဟာနိ၊ဋ္ဌ၊၃၆
  4. ဝိ၊ဋ္ဌ၊၁၊၁၈။ ဝိသုဒ္ဓိ၊၁၊၅။ သာရတ္ထ၊၁၊၇၆။ ပရမတ္ထဒီပနီ၊၃၉၉။
  5. မဟာနိ၊၁၉၈။
  6. အဘိ၊ဓ၊၂၄၃။
  7. မဟာနိ၊၁၀။ စူဠနိ၊၅၉။
  8. မ၊၁၊၁၉၊ ၄၃
  9. အဘိ၊ဋ္ဌ၊၁၊၂၉၁၊ ၂၉၅။
  10. မ၊ဋ္ဌ၊၂၊၁၆၉။ သာရတ္ထ၊၁၊၃၅၇။
  11. ဓမ္မ၊၄၃၊ ၄၉။ ဓမ္မ၊ဋ္ဌ၊၂၊၂၁၉။
  12. အဘိ၊ဋ္ဌ၊၁၊၄၈၀။ သာရတ္ထ၊၃၊၂၁၁။
  13. ဒီ၊၃၊၅၈။ အံ၊၁၊၁၅၉။ ဒီ၊ဋ္ဌ၊၃၊၃၆။ အံ၊ဋ္ဌ၊၂၊၁၄၂။ ဒီ၊ဋီ၊၃၊၃၁။ အံ၊ဋီ၊၂၊၁၂၈-၉။
  14. အဘိ၊ဋ္ဌ၊၁၊၂၉၉။
  15. ဇာ၊ဋ္ဌ၊၃၊၁၆၅။
  16. ဒီ၊ဋ္ဌ၊၁၊၁၀၅။ သာရတ္ထ၊၃၊၂၁၁။
  17. မ၊၁၊၆၇။ အဘိ၊ဓ၊၂၁၆။ အဘိ၊ဝိ၊၁၄၂။ မိလိန္ဒ၊၃၁၅။ အဘိ၊ဋ္ဌ၊၂၊၁၂၇၊ ၁၃၁၊ ၄၇၅။ ဝိသုဒ္ဓိ၊၂၊၁၆၁။ နေတ္တိ၊ဋ္ဌ၊၆၃။ ဝိသုဒ္ဓိ၊ဋီ၊၂၊၂၅၇။ မူလဋီ၊၁၊၁၂၀။ မူလဋီ၊၂၊၈၉။ အနုဋီ၊၁၊၁၂၇
  18. ဇာ၊ဋ္ဌ၊၃၊၄၇၃
  19. အဘိ၊ဝိ၊၄၀၅။ မဟာနိ၊၁၇၈။ အဘိ၊ဋ္ဌ၊၂၊၉၅။ မ၊ဋ္ဌ၊၁၊၁၉၂။ မ၊ဋီ၊၁၊၂၉၀။ မူလဋီ၊၂၊၂၂၉
  20. အဘိ၊ဋ္ဌ၊၁၊၂၉၂။ မူလဋီ၊၁၊၁၂၀။ အနုဋီ၊၁၊၁၂၆
  21. မိလိန္ဒ၊၄၂။ ဓမ္မ၊ဋ္ဌ၊၂၊၂၆၆
  22. မဟာနိ၊၂၀၆။ ပျက်စီးစေလိုမှု ၇-မျိုး—အံ၊၃၊၄၆၉။
  23. အဘိ၊ဝိ၊၃၇၁။ မဟာနိ၊ဋ္ဌ၊၅၃။
  24. အဘိ၊ဋ္ဌ၊၂၊၄၇၃။
  25. ဇာ၊၂၊၅၀-၁၄၉
  26. မ၊ဋီ၊၁၊၂၀၁
  27. အဘိ၊ဋ္ဌ၊၂၊၄၇၄
  28. မ၊ဋီ၊၁၊၂၀၁
  29. အဘိ၊ဋ္ဌ၊၁၊၂၉၉၊ ၄၀၅။ မ၊ဋ္ဌ၊၁၊၁၁၁၊ ၁၇၄။ မဟာနိ၊ဋ္ဌ၊၅၂
  30. ပေတ၊ဋ္ဌ၊၇၇
  31. အဘိ၊ဋ္ဌ၊၁၊၂၉၉
  32. အဘိ၊ဋ္ဌ၊၁၊၄၀၇
  33. အဘိ၊ဋ္ဌ၊၁၊၄၀၅-၆
  34. ဇာ၊ဋ္ဌ၊၁၊၂၅၁-၉
  35. အဘိ၊ဓ၊၂၂၆။ ဒီ၊၃၊၁၉၅။ အံ၊၂၊၂၃၈။ ဒီ၊ဋ္ဌ၊၂၊၃၁၁။ ဒီ၊ဋ္ဌ၊၃၊၂၀၉။
  36. အဘိ၊ဋ္ဌ၊၂၊၄၇၄-၅။ မ၊ဋ္ဌ၊၁၊၁၁၁၊ ၁၇၄
  37. အဘိ၊ဋ္ဌ၊၂၊၄၇၅
  38. ဇာ၊ဋ္ဌ၊၁၊၃၉၈
  39. ဇာ၊ဋ္ဌ၊၅၊၄၆၇၊ ၄၇၀
  40. မ၊ဋီ၊၁၊၁၁၁
  41. အဘိ၊ဋ္ဌ၊၂၊၄၇၅။ မ၊ဋ္ဌ၊၁၊၁၁၁
  42. ဒီ၊ဋ္ဌ၊၂၊၂၅၀။ အဘိ၊ဋ္ဌ၊၂၊၄၇၅။ မဟာနိ၊ဋ္ဌ၊၃၇၁
  43. မ၊ဋ္ဌ၊၁၊၁၇၄။ သာရတ္ထ၊၁၊၃၀၁။ မ၊ဋီ၊၁၊၂၇၃
  44. အဘိ၊ဋ္ဌ၊၂၊၄၅၈
  45. မ၊ဋီ၊၁၊၂၀၁
  46. အဘိ၊ဋ္ဌ၊၂၊၄၅၁။ မ၊ဋ္ဌ၊၁၊၁၁၁၊ ၁၇၄
  47. မ၊ဋီ၊၁၊၂၀၁
  48. အဘိ၊ဋ္ဌ၊၂၊၄၅၁။ မ၊ဋ္ဌ၊၁၊၁၇၄-၅
  49. မ၊ဋီ၊၁၊၂၀၁
  50. အဘိ၊ဝိ၊၃၆၇-၉။ အဘိ၊ဋ္ဌ၊၁၊၂၉၇၊ ၄၀၄။ အဘိ၊ဋ္ဌ၊၂၊၄၆၇-၉
  51. ဇာ၊ဋ္ဌ၊၄၊၂၃၀၊ ၂၃၅
  52. ဇာ၊ဋ္ဌ၊၆၊၁၈၅
  53. အံ၊ဋ္ဌ၊၃၊၂၂၅
  54. အဘိ၊ဝိ၊၃၆၃။ အဘိ၊ဋ္ဌ၊၂၊၄၄၇၊ ၄၅၀
  55. မ၊ဋီ၊၁၊၂၀၁
  56. သာရတ္ထ၊၁၊၃၀၂-၃
  57. အဘိ၊ဝိ၊၃၆၃။ အဘိ၊ဋ္ဌ၊၂၊၄၅၀-၁
  58. မ၊ဋီ၊၁၊၂၀၁
  59. မ၊၁၊၁၈၈။ မ၊ဋ္ဌ၊၂၊၁၆
  60. မ၊၁၊၉၄။ ပဋိသံ၊၁၃၄-၁၅၇။ ဒီ၊ဋ္ဌ၊၁၊၉၉။ မ၊ဋ္ဌ၊၁၊၃၁၇။ ပဋိသံ၊ဋ္ဌ၊၂၊၄၂
  61. အံ၊၃၊၄၁၇။ ပဋိသံ၊၁၃၄။ အံ၊ဋ္ဌ၊၃၊၃၃၂
  62. ပဋိသံ၊၁၂၉။ ပဋိသံ၊ဋ္ဌ၊၂၊၄၁
  63. ဒီ၊၁၊၁၁။ မ၊၃၊၁၈။ သံ၊၂၊၁၄၈၊ ၁၅၃။ အံ၊၁၊၁၇၄၊ ၅၆၀။ အဘိ၊ဝိ၊၄၁၄။ ဒီ၊ဋ္ဌ၊၁၊၉၂-၅။ မ၊၁၊၃၁၁။ မ၊ဋ္ဌ၊၄၊၁၀။ အံ၊ဋ္ဌ၊၁၊၃၉၂။ အဘိ၊ဋ္ဌ၊၂၊၄၇၈-၉
  64. ဣတိဝုတ်၊၂၂၄။ ယင်း ဋ္ဌ။ ၁၆၉။ ဘဝ, ဝိဘဝ မ၊၁၊၉၄။ မ၊ဋ္ဌ၊၁၊၃၁၇
  65. မ၊၂၊၁၆၅-၉
  66. ဒီ၊ဋ္ဌ၊၁၊၁၅၀။ မ၊ဋ္ဌ၊၁၊၂၀၅။ မ၊ဋ္ဌ၊၃၊၈၅။ အံ၊ဋ္ဌ၊၃၊၁၄၈။ အဘိ၊ဋ္ဌ၊၁၊၈၇
  67. အံ၊ဋ္ဌ၊၁၊၃၇
  68. ဝိသုဒ္ဓိ၊၂၊၂၂၂-၈
  69. အဘိ၊ဓ၊၂၃၃။ မ၊၁၊၁၀။ သံ၊၁၊၂၆၅။ အဘိ၊ဋ္ဌ၊၁၊၃၈၈
  70. ပရမတ္ထဒီပနီ၊၁၈၃-၄
  71. အဘိ၊ဋ္ဌ၊၁၊၃၀၂။ မူလဋီ၊၁၊၁၂၂
  72. အဘိ၊ဓ၊၂၃၃။ အဘိ၊ဋ္ဌ၊၁၊၂၉၇။ သာရတ္ထ၊၁၊၄၄၀
  73. အဘိ၊ဋ္ဌ၊၁၊၄၀၉၊ ၄၁၃။ ဝိဘာဝိနီ၊၁၀၈-၉။ ပရမတ္ထဒီပနီ၊၁၀၃
  74. သံ၊၃၊၈၆
  75. အဘိ၊ဋ္ဌ၊၁၊၂၉၂၊ ၃၀၁။ ပရမတ္ထဒီပနီ၊၉၈။
  76. အဘိ၊ဋ္ဌ၊၁၊၁၆၈၊ ၁၇၀၊ ၂၉၁
  77. ဝိဘာဝိနီ၊၁၀၇
  78. အဘိ၊ဋ္ဌ၊၁၊၁၆၉၊ ၁၇၀၊ ၂၉၁
  79. ဝိဘာဝိနီ၊၁၀၇
  80. အံ၊၁၊၅။ အဘိ၊ဋ္ဌ၊၁၊၁၇၃-၄
  81. သံ၊ဋ္ဌ၊၁၊၁၇၂။ အဘိ၊ဋ္ဌ၊၁၊၁၃။ ယင်း ဋ္ဌ၊၂၊၄၉။ ပဋိသံ၊ဋ္ဌ၊၁၊၁၂၄။ ဥဒါန၊ဋ္ဌ၊၁၂၂။ ဣတိဝုတ်၊ဋ္ဌ၊၁၂၁၊ ၂၄၂၊ ၃၄၆။ ထေရ၊ဋ္ဌ၊၁၊၁၀။ အပ၊ဋ္ဌ၊၁၊၁၁၄၊ ၃၁၅၊ ၃၃၃။ ယင်း ဋ္ဌ၊၂၊၈၀၊ ၁၆၂။ စရိယာ၊ဋ္ဌ၊၄။ ဇာ၊ဋ္ဌ၊၂၊၁၇၂။ ဇာ၊ဋ္ဌ၊၃၊၃၈၃။
  82. မူလဋီ၊၁၊၁၈။ အနုဋီ၊၁၊၁၉၊ ၂၀
  83. အနုဋီ၊၁၊၁၉၊ ၂၀
  84. ဝိ၊ဋ္ဌ၊၁၊၉၆။ မ၊ဋ္ဌ၊၁၊၁၇၅။ သာရတ္ထ၊၁၊၃၁၀
  85. (အဘိ၊ဝိ၊၃၈၂။ မ၊၁၊၃၂)
  86. (အဘိ၊ဓ၊၁၃။ အံ၊ဋ္ဌ၊၁၊၁၇၃)
  87. (စူဠနိ၊၂၀၁)
  88. အဘိ၊ဓ၊၅-၈။ အဘိ၊ဋ္ဌ၊၁၊၉၀၊ ၉၂။
  89. အဘိ၊ဋ္ဌ၊၂၊၂၈၃-၄။ ပဋိသံ၊ဋ္ဌ၊၁၊၁၅၆-၇။ အံ၊ဋ္ဌ၊၁၊၂၇-၃၅။
  90. (ဝိ၊၄၊၂၃၉)
  91. (ဝိ၊၄၊၃၇၃)
  92. အံ၊ဋ္ဌ၊၁၊၂၇-၉
  93. အံ၊ဋ္ဌ၊၁၊၂၉-၃၀။
  94. အံ၊ဋ္ဌ၊၁၊၃၁-၂။
  95. အံ၊ဋ္ဌ၊၁၊၃၂-၃။
  96. အံ၊ဋ္ဌ၊၁၊၃၃-၄။
  97. အံ၊ဋ္ဌ၊၁၊၃၄-၅။
  98. အံ၊ဋ္ဌ၊၁၊၃၅။
  99. ဝိသုဒ္ဓိ၊၂၊၃၂၅။
  100. ဝိသုဒ္ဓိ၊၂၊၃၂၅။ မဟာနိ၊ဋ္ဌ၊၁၇၃။
  101. မဟာနိ၊ဋ္ဌ၊၂၄၄။
  102. မ၊ဋ္ဌ၊၁၊၁၇၅-၆
  103. ဝိသုဒ္ဓိ၊၂၊၃၂၅-၇-နှင့် ပရမတ္ထသရူပဘေဒနီ၊၂၊၆၂၆
  104. ပဋိသံ၊ဋ္ဌ၊၁၊၁၂၄-၅။
  105. သံ၊၂၊၁၂၆။ သံ၊ဋ္ဌ၊၂၊၃၀၂
  106. ဝိ၊၃၊၂၀
  107. မဋ္ဌ၊၁၊၁၇၇။
  108. မ၊၁၊၁၂၆။ မ၊ဋ္ဌ၊၁၊၃၆၆။ ဝိသုဒ္ဓိ၊၂၊၃၁၆။ ဝိဘာဝိနီ၊၂၇၄။
  109. (အဘိ၊ဋ္ဌ၊၂၊၄၇၀)
  110. ဝိ၊၁၊၁၃၉-၁၅၀
  111. အဘိ၊ဋ္ဌ၊၂၊၄၅၈)
  112. (ဓမ္မ၊ဋ္ဌ၊၁၊၄၁၂)
  113. သံ၊၁၊၇၈
  114. တိပိဋကအဘိဓာန် အတွဲ-၆