ဒိဗ္ဗသောတအဘိညာ
ဒိဗ္ဗသောတအဘိညာ ဆိုသည်မှာ ပကတိနားဖြင့် မကြားကောင်းသော အသံတို့ကို ကြားနိုင်သော ဉာဏ်ကို နတ်နားကဲ့သို့ ကြားတတ်သဖြင့် နတ်နားနှင့် တူခြင်းကြောင့် “ဒိဗ္ဗသောတအဘိညာ” ဟု ခေါ်သည်။[၁]
ဒိဗ္ဗသောတအဘိညာ
[ပြင်ဆင်ရန်]နတ်နားကဲ့သို့ သန်း, ကမျဉ်းနီတို့၏ မြည်တွန်သံ အစရှိသော အလွန်သိမ်မွေ့သော အသံ, ဝေးစွာသောအရပ်၌ ရှိသော အသံတို့ကို ကြားလိုသောအခါ အကယ်၍ နတ်ပြည်က ပြောဆိုသောအသံတို့ကို ကြားလိုပါက ပေါ့ပါးသော ကသိုဏ်းကို ထိုမိမိကြားလိုသော အသံရှိရာသို့ ဖြန့်၍ တန်ခိုးနှိုးဈာန်ကို ဝင်စား၍ ထ၍ ပကတိလူစကားပြောသံများကို နားကကြားရဘိသကဲ့သို့ ဤနတ်တို့၏ အသံကို ငါကြားအံ့ဟု ရည်မှန်းဆင်ခြင်ခြင်း ပရိကံကိုပြုကာ တဖန် ပါဒကဈာန်ကို ဝင်စား၍ ထပြီးလျှင် ဤနတ်တို့၏ အသံကို ငါကြားစေသတည်း-ဟု အဓိဋ္ဌာန်ခြင်းကို ပြုအပ်၏။ အဓိဋ္ဌာန်အဘိညာဇောကျသည်နှင့် တပြိုင်နက် ကြားရ၏၊ အကယ်၍ မကြားရသေးလျှင် ဤနည်းတူ အဖန်ဖန်အဓိဋ္ဌာန်အပ်၏၊ ကြားရ၏။ ကြမ်းပိုး, သန်း, ကမျဉ်းနီ စသည်ဖြင့် အဘယ်အသံကိုမဆို မိမိကြားလိုသောအခါ ဤနည်းတူချည်း ပြုအပ်၏။ ထိုသို့ အသံကို ကြားလိုရာ၌ မိမိနားမလည်သော ဘာသာကွဲ စကားသံကို ကြားရလျှင် အသံကိုသာကြားရ၏။ ဘာကို,ဘယ်လိုဟာကို ပြောသည်ဆိုသည်ကိုမူကား မသိ၊ ထိုအခါ ပရစိတ္တဝိဇာနနဉာဏ်ဖြင့် ထိုစကားပြောသူ၏ စိတ်အလိုကို သိအောင်လုပ်၍ စကားသံကို စကားသံ၏ အဓိပ္ပာယ်ကို သိအပ် နားလည်အပ်၏။[၁]