ဗုဒ္ဓဘာသာ၏ အချိန်မှတ်တမ်း

ဝီကီပီးဒီးယား မှ

ဗုဒ္ဓသာသနာနှစ်ကို မှန်ကန်စွာ တွက်ချက်လိုပါက[ပြင်ဆင်ရန်]

ယခုအခါ သာသနာသက္ကရာဇ် နှစ်ပေါင်း၂၆၀၀ ကျော်ခဲ့ပြီဖြစ်သည်။ ဗုဒ္ဓဘာသာသည် (ခရစ်တော်မပေါ်မီ) ဘီစီ ၅၈၈ တွင် စတင်ပေါ်ထွန်းခဲ့သည်။ သမိုင်းပညာရှင်များသည် ဗုဒ္ဓမြတ်စွာဘုရား၏ မွေးဖွားချိန်အား ဘီစီ ၆၂၃ ဟု သက်တမ်းသတ်မှတ်ကြသည်။ မဟာလူသားတစ်ဦး ဖြစ်ခဲ့သည်။ ဗုဒ္ဓသည် ကျင့်ကြံအားထုတ်ခဲ့သဖြင့် ဘီစီ ၅၈၈ တွင် အမြင့်မြတ်ဆုံးသော မြတ်စွာဘုရား ဖြစ်လာခဲ့သည်။[၁][၂] ယနေ့ကမ္ဘာတွင် သာသနာ သက္ကရာဇ်ကို ဗုဒ္ဓ ပရိနိဗ္ဗာန် စံလွန်တော်မူသည့် ဘီစီ ၅၄၃ မှစပြီး ရေတွက်သောကြောင့်(သဗ္ဗညု မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန် စံဝင်တော်မူ သည့်နှစ်ကို သာသနာ သက္ကရာဇ် ၁ နှစ်ဟူ ၍ စတင် ရေတွက်ခဲ့ရာ ၊ ဥပမာ-ခရစ်နှစ် ၂၀၁၂ တွင်၂၅၅၅ ဗုဒ္ဓ သာသနာနှစ် (၂၀၁၂+ဘီစီ ၅၄၃=၂၅၅၅ ဗုဒ္ဓ သာသနာနှစ်ဖြစ်နေသည်။ ထိုသို့ တွက်ချက်နည်းမှာ မမှန်ကန်ကြောင်း ) ဗုဒ္ဓသာသနာနှစ်ကို မှန်ကန်စွာ တွက်ချက်လိုပါက မြတ်စွာဘုရားက ဗုဒ္ဓဝါဒ ကို စတင်တည်ထောင်ခဲ့သော (ဘီစီ ၅၈၈) မှစပြီး ရေတွက်ရမည်ဖြစ်ကြောင်း သီတဂူဆရာတော် ဦးဉာဏိဿရချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ နှင့် မြန်မာ့သမိုင်းပညာရှင် ဦးမြင့်ကြွယ် (မြို့မမြင့်ကြွယ်) တို့က မှတ်ချက်ပြုခဲ့သည်။ (ယနေ့သာသနာနှစ်+ ၄၅ ဝါ ဖြစ်ရပါမည်။) ဥပမာ-ခရစ်နှစ် (၂၀၁၂ )တွင် (၂၆၀၀) ဗုဒ္ဓ သာသနာနှစ်(၂၀၁၂+ဘီစီ ၅၈၈=၂၆၀၀ ဗုဒ္ဓ သာသနာနှစ်) ဖြစ်ရပါမည်။ ထို့ကြောင့် ဗုဒ္ဓဘာသာသာသနာ သက်တမ်း သည်ရွှေတိဂုံစေတီတော် ၏ သက်တမ်းနှင့် အတူတူဖြစ်ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်သည်။ ဗုဒ္ဓဘာသာ သာသနာသက်တမ်း တွက်ချက်ပုံကို မြို့မ-မြင့်ကြွယ် ရေးသားခဲ့သော "မြန်မာ့ယဉ်ကျေးမှု အထူးမှတ်သားဖွယ်နှင့် လူငယ်ရေးရာ မှတ်စုများစာအုပ်" တွင် မြင်တွေ့နိုင်သည်။ [၃] [၄] ဗုဒ္ဓဘာသာ ၏ အခြေခံအုတ်မြစ်မှာ ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာမြတ်သုံးပါးတို့ကို ယုံကြည်ကိုးကွယ်ဆည်းကပ်ခြင်းဖြစ်သည်။ထေရဝါဒ ဗုဒ္ဓဘာသာဝင် အားလုံးသည် တိပိဋက ("ပိဋကတ်သုံးပုံ") ကို ဘုရားဟောတရားဓမ္မအဖြစ် လိုက်နာကျင့်ကြံကြပြီး မဟာယာနဗုဒ္ဓဘာသာဝင်များသည် ထေဝါရဒဗုဒ္ဓဘာသာမှ လက်မခံသော မဟာယာနသုတ်ခေါ် ကျမ်းစာများကို လိုက်နာကျင့်ကြံသည်။

နေမဝင်သော ဗုဒ္ဓနိုင်ငံတော်ကြီးတည်ရှိခဲ့ပုံ[ပြင်ဆင်ရန်]

ဤမျှရှည်လျားသော နှစ်ပရိစ္ဆေဒကာလအတွင်း ဖြတ်သန်းချီတက်လာ ခဲ့ရသော ဗုဒ္ဓသာသနာတော် ၏ ၂၆၀၀ ခရီးလမ်းမတလျောက် ပြန်လည်မျှော်ကြည့်၍ အတိတ်ကိုလှန် ဇာတ်ကြောင်း ပြန်ရပါမူ ရွှင်လန်းအားတက်ဖွယ်၊ ဝမ်းနည်းကြေကွဲဖွယ်၊ အံ့ဩထိတ်လန့်ဖွယ်၊ အောက်မေ့တသလွမ်းဆွတ်ဖွယ် တို့နှင့် ပြည့်လျှမ်းနေသော ဝတ္တုရှည်ကြီးတစ်ပုဒ်နှင့် တူလှပေတော့သည်။ သာသနာ၂၆၀၀ ခရီးစဉ် သမိုင်းတလျှောက်၌ ဗုဒ္ဓသာသနာတော်သည် မှိန်ခဲ့တခါ သာချီတလှည့် ဖြစ်ခဲ့ရ၏။ ငှက်ခါးပျံသလို နိမ့်တုံမြင့်တုံ ကြုံခဲ့ရသည်။ ခေတ်အဆက်ဆက် အတွင်းရန်သူ အပြင်ရန်သူတို့၏ တိုက်ခိုက်ထိုးနှက်ချက်များနှင့် ရင်ဆိုင်ခဲ့ရသည်။ အဖျက်အဆီးများ ဖယ်ရှား၍ အတားအဆီးများကို ဖြတ်ကျော်ခဲ့ရသည်။ သာသနာပြင်ပ အညတိတ္တိယတို့သည် ရံခါပြင်ပမှဝါဒချင်းယှဉ်ပြိုင် တိုက်ခိုက်ခဲ့ကြ၍ ရံခါသာသနာအတွင်း ဝင်ကာ ပူးသတ်ခဲ့ကြသည်။ သာသနာ့ဝန်ထမ်း ရဟန်းတော်များအထဲမှာလဲ သာသနာ့ရန်ဆူးရန်ငြောင့်များ ပေါ်ထွက်ခဲ့ပြန်သည်။ အသားထဲမှ လောက်ထွက်၍ သံကိုသံဖျက် သံချေးတက်ခဲ့သည်။ ယင်းသာသနာ့ဆူးငြောင့်ခလုပ်များကို ဖယ်ထုတ်ရာမှ ဂိုဏ်းကွဲများ ဖြစ်ပေါ် ခဲ့ရသည်။ ဆေးကြောဖယ်ရှားပစ်လိုက်သော အညစ်အကြေး များကပင် အင်အားစုကာ တစထောင်လာကြ ပြန်သည်။ ဗုဒ္ဓသာသနာတော်သည် ရံခါ သာသနာ့ဒါယကာ ဘုရင်မင်းမြတ်တို့၏ ချီးမြှောက် ထောက်ပံမှု ခံရ၍ ရံခါဆန့်ကျင်ဘက် ဘုရင်တို့၏ ဖိနှိပ်ညှဉ်းပန်းမှု ခံခဲ့ရသည်။ ရံခါလျစ်လျူရှုခြင်း ခံခဲ့ရ၍ ရံခါပြည်နှင်ဒဏ်ခတ်ခြင်းကို ခံခဲ့ရသည်။ တခေတ်တခါက ဗုဒ္ဓဘာသာ ကိုးကွယ်ပါမှ ခေတ်မီသည်ဟု ယူစခဲ့ကြရာမှ တဖန်တခေတ်ပြောင်းလာသောအခါ ဗုဒ္ဓဘာသာကို ခေတ်နောက်ကျသည်ဟု ယူဆလာကြပြန်သည်။ ဘုရင်မင်းမြတ်တို့၏ ဘွဲ့တံဆိပ်နာမကို ပါဠိဘာသာဖြင့် ခံယူကြ၍ စကားပြောရာ၌ပင် ပါဠိစကားလုံး များများညှပ်ပြောနိုင်မှဂုဏ်ရှိသည်ဟု ယူဆခဲ့ကြရာမှ တဖန်အခြားခေတ်တစ်ခု၌ ပါဠိဝေါဟာရကို တတ်နိုင်သမျှ ရှောင်ကွင်းဖယ်ထုတ်ရန် ကြိုးပမ်းကြပြန်သည်။ ဗုဒ္ဓမြတ်စွာ၏ သာသနာတော် သည် တခေတ်တခါက အနောက်သို့လားသော် ဂန္ဓာရ တိုင်းခေါ် ပါကစ်စတန်ပြည်၊ အာဖဂန်နစ္စတန်ပြည်၊ ခိုတန်ခေါ် တာကစ်စတန်ပြည် နှင့် ယောနကာလောကခေါ်သော တူရကီ၊ ဂရိနိုင်ငံ များအထိပြန့်နှံ့ထွန်းကားခဲ့သည်။ ဂင်္ဂါမြစ်မှဗော်ဂါမြစ်သို့တိုင်အောင် သာသနာ ရောင်ဝါထွန်းကားခဲ့ပေသည်။ မြောက်သို့လားသော် ဆစ်ကင်းပြည်၊ ဘူတန်ပြည်၊ တိဗက်ပြည်၊ မွန်ဂိုလျပြည်၊ တရုတ်ပြည်၊ ဆိုဗီရက်ရုရှားနိုင်ငံ ဆိုက်ဗေရီးယားအထိ ပြန့်နှံ့ခဲ့၍ ယခုတိုင်ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။ အရှေ့ သို့လားသော် သု၀ဏဒီပခေါ် (အင်ဒိုနီးရှား)နှင့် သုဝဏဘုမ္မိခေါ် မြန်မာနိုင်ငံ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ကိုရီးယား၊ ဂျပန်အထိ ပြန်နှံ့၍ ယခုထိ အချို့နိုင်ငံများ၌ သာသနာတည်ရှိနေလေသည်။ ဤသို့လျှင် နေမဝင်သော ဗုဒ္ဓနိုင်ငံတော်ကြီးတည်ရှိခဲ့ပုံကို ပြန်လည်မှန်းဆကြည့်နိုင်ရန် ရာစုနှစ်အလိုက် အတိတ်ကို လှန်၍ ဇာတ်ကြောင်းပြန်ပါမူ -

ဗုဒ္ဓသာသနာနိဒါန်း[ပြင်ဆင်ရန်]

သာသနာနှစ် – ၁ (အစ )

ရာဇဂြိုဟ်ပြည်တွင် အဇာတသတ်မင်းကြီး၏ ကာကွယ်စောင့်ရှောက် ထောက်ပံ့မှုကို ခံယူ၍ အရှင်မဟာကဿပ၊ အရှင်ဥပါလိ၊ အရှင်အာနန္ဒာ အမှူးပြုသော ရဟန္တာ ၅၀၀ တို့စုပေါင်းညီညာ ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။ ဘုရားဟောဒေသနာတော်ကို နုတ်ပယ်ဖြည့်စွက် ပြင်ဆင်ခြင်းမပြုကြရန် မူချမှတ်တော်မူခဲ့ကြသည်။

သာသနာနှစ် – (၁) ရာစု

ဝေသာလီပြည်တွင် ကောသလမင်းကြီး၏ အထောက်အပံ့ခံယူ၍ အရှင်မဟာယသ နှင့်တကွ ရဟန္တာမထေရ် ၇၀၀ တို့ ဒုတိယသင်္ဂါယနာ တင်ခဲ့ကြသည်။ ဝိဇိလီတိုင်းသားရဟန်းများသည် ဝိနည်းတော်ကို ပြင်ဆင်ဖြည့်စွက်လိုကြ၍ မဟာသံဃိကဂိုဏ်းအဖြစ် သီးခြားခွဲထွက်ခဲ့ကြသည်။

သာသနာနှစ် – (၂) ရာစု

မဟာသံဃိကဂိုဏ်း၏ ရှေ့ဆောင်လမ်းပြမှုကြောင့် ဂိုဏ်းကွဲများ ဆက်ကာဆက်ကာ ပေါ်ထွက်ခဲ့သည်။ မဟာသံဃိကဂိုဏ်းမှ ဂိုဏ်းကွဲ ၅ခု ထွက်ပေါ်ခဲ့၍ ထေရဝါဒမှ ၁၁ ဂိုဏ်း ကွဲထွက်ပြန်သည်။ ဂိုဏ်းကွဲ အသေးအဖွဲ့များကိုပါ ထည့်သွင်းရေတွက်ပါက သံဃာဂိုဏ်းပေါင်း ၃၀ အထက် အကွဲအပြဲခေတ်စားခဲ့သည်။ ထိုခေတ်က မြန်မာနိုင်ငံ သရေခေတ္တရာမြို့တွင် ဗုဒ္ဓသာသနာ ထွန်းကား၍ ဒွတ္တပေါင်မင်းကြီးလက်ထက် စေတီကြီး ၆ ဆူ တည်ခဲ့ကြောင်း မြန်မာ့သမိုင်း၌ ပြဆိုထားသည်။

သာသနာနှစ် – (၃) ရာစု

အရှင်မဟာမောဂ္ဂလိပုတ္တတိဿထေရ် အမှူးပြုသော ရဟန္တာရှင်မြတ် ၁၀၀၀ တို့သည် အာသောကမင်းကြီးကာကွယ်စောက်ရှောက် ထောက်ပံ့မှုခံယူ၍ တတိယသင်္ဂါယနာ တင်တော်မူခဲ့ ကြသည်။ ဗုဒ္ဓဘာသာဂိုဏ်းကွဲ အယူဝါဒအားလုံးကို ထေရဝါဒဘက်မှ ပြန်လည်ဖြေရှင်းပယ်ဖျက်နိုင်နင်းသော ကထာဝတ္တုကျမ်းကြီးကို အရှင်မဟာမောဂ္ဂလိပုတ္တတိဿ ထေရ်က ရဟန်း တော် ၁၂ သိန်းတို့ ၏အလည်၌ ဟောကြားတော်မူခဲ့သည်။ အနောက်သို့လားသော် ဂန္ဓာရတိုင်း နှင့် တူရဂီ ဂရိတ်တို့ ဒေသ ယာနကလောတိုင်အောင် လည်းကောင်း အရှေ့ သို့လားသော် သု၀ဏဘူမိခေါ် မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံတိုင်အောင်လည်းကေင်း တောင်သို့လားသော် သီရီလင်္ကာခေါ် သီဟိုဠ် ကျွန်း တိုင်အောင်လည်းကောင်း မြောက်သို့လားသော် ဟိမဝန္တာတောင်တန်းဒေသ တိုင်အောင် လည်းကောင်း ဗုဒ္ဓ သာသနာ တော်ပြန့်နှံ့စေရန် ရဟန္တာ မထေရ်ကြီးများ၏ အမိန့်အရ အာသောကမင်းကြီးသည် ၉တိုင်း ၉ဌာန သို့ သာသနပြုစေလွှတ်ခဲ့သည်။

သာသနာနှစ် – (၄) ရာစု

အိန္ဒိယပြည်တွင် ဗုဒ္ဓသာသနာတော်ကို ချီးမြှင့် ထောက်ပံ့သော သာသနာ့ဒါယကာ မောရိယ မင်းဆက် ပြုတ်၍ ဗြဟ္မဏ ဘာသာဝင် ဘုရင်များနန်းတက်ခဲ့သည်။ ဗြဟ္မဏ ဘုရင် တို့၏ နှိပ်စက် မှုကြောင့် ဟီနယာန သဗ္ဗတ္တိဝါဒဂိုဏ်း မှာ အိန္ဒိယအနောက် ပိုင်းသို့ပြေးခဲ့ရ၍ ထေရဝါဒ ဂိုဏ်းမှာ အိန္ဒိယတောင်ပိုင်း ထံသို့ ရွေ့ခဲ့ရသည်။ ဗြဟ္မဏ ဘုရင်တို့သည် သက္ကတ ဘာသာကို ဦးစားပေးရာ ၎င်း တို့၏မျက်နှာသာပေး ခံလို မှုကြောင့် ဟီနယာန သဗ္ဗတ္တိ ဝါဒဂိုဏ်း သည် ဘုရား ဟောပါဠိတော်များကို ပါဠိဘာသာမှသက္ကတ ဘာသာ သို့ပြောင်းလဲ ခဲ့ကြသည်။ ထိုခေတ်မှာပင် သီဟိုဠ်ကျွန်းကို စောဠတိုင်းမှ ဧဠာရမည်သော ဗြဟ္မဏဘုရင် သည် ကျူးကျော် တိုက်ခိုက် သိမ်း ပိုက် ၍ ဗုဒ္ဓသာသနာတော်ကို နှိပ်စက်ဖျက်ဆီးခဲ့သည်။ ဒုဋ္ဌဂါမဏိ မင်းကြီးက မိစ္ဆာဒိဋ္ဌိ ကျေးကုလား တို့ကို တိုက်ခိုက်နှိမ်နှင်း၍ ဗုဒ္ဓသာသနာတော် ကို ကာကွယ်စောက်ရှောက် ချီးမြှင့်ခဲ့ သည်။

သာသနာနှစ် – (၅) ရာစု

ပန်ဂျပ်ပြည်နယ် သာဂလမြို့တော်တွင် ဂရိတ်နွယ်ဝင် မိလိန္ဒမင်းကြီး၏ အမေးကို ရဟန္တာ အရှင် နာဂသိန် ကဖြေဆိုသောမိလိန္ဒပဉာ ပါဠိတော်ကျမ်းကြီးပေါ်ထွန်းခဲ့သည်။ သီဟိုဠ်ကျွန်းတွင် ဗြာဟ္မဏ အနွယ်ဝင်များ သူပုန်ထ၍ တမီလ်စစ်တပ် ၏ကျူးကျော်ဝင်ရောက် နှိပ်စက်မှုကို ၁၄နှစ် ခံစားခဲ့ကြရသည်။ ဝါဋဂါမဏိမင်းကြီးက နှိမ်နှင်းတိုက်ခိုက်အောင်မြင်၍ တိုင်းပြည်အေးချမ်း အောင်မြင်သောအခါ ပါဠိတော်နှင့် အဋ္ဌကထာ ပိဋကတ်ကျမ်းစာများကို စတုထ္ထသင်္ဂါယနာတင်၍ ပေထက်အက္ခရာတင်တော်မူခဲ့ကြသည်။

သာသနာနှစ် – (၆) ရာစု

ဂျေရုစလင်မြို့တွင် ခရစ်ရန်ဘာသာကို စတင်တည်ထောင်သော ခရစ်တော် ပေါ်ထွန်း ခဲ့သည်။ ဂန္ဓာရတိုင်းတွင်ထေရဝါဒ သာသနာ တော်အပေါ် ဟီနယာန သဗ္ဗတ္တိဝါဒဂိုဏ်းက လွှမ်းမိုးလာသည်။

သာသနာနှစ် – (၇) ရာစု

ဂန္ဓာရတိုင်း ပက်သျှဝါမြို့တွင် သကမင်းစိုးစံသည်။ အိန္ဒိယပြည် မထုရာ ၊ ဥဇေနီ ၊ ဒက်ကန်ဒေသ သို့တိုင်အောင် အာဏာစက်ပြန့်နှံ့ ခဲ့သည်။ သရေခေတ္တရာပြည် တွင် သုမုန္ဒရီမင်းက သာသနာနှစ် ၆၂၂ ကို ‌ချေ၍ သက္ကရာဇ် (၁)နှစ် ဟုစတင်ရေတွက်သည်။ အလားတူပင် သကမင်း များကလဲ သာသနာနှစ် ၆၂၂ ကိုချေ ၍ သကနှစ် (၁)နှစ် ဟုစတင်ရေတွက်သည်။ သကမင်းဆက်၌ ကနိသျှက ဘုရင်ကို ဒါယကာပြု၍ ဟိနယာန သဗ္ဗတ္တိဝါဒဂိုဏ်းက သင်္ဂါယနာတင်ခဲ့သည်။ မဟာယနဂိုဏ်း က လေးစားသော အဋ္ဌကထာဆရာ အဿဃောသ ပေါ်ထွန်းခဲ့သည်။ ဈာနီဗုဒ္ဓများနှင့် ဗောဓိ သတ္တဘုရားလောင်း နတ်သားများ စတင်ပေါ် ပေါက် ခဲ့သည်။ သာသနာနှစ် ၆၀၈ ခုနှစ် တပေါင်း လပြည့်နေ့ ညတွင် မင်တီအမည်ရှိ တရုတ်ဘုရင် ကြီးသည် ထူးဆန်းသောအိပ်မက်ကို မြင်မက်သည်။ အရပ်တော် ၁၆ပေရှိ ဦးခေါင်းတော်တွင် ရောင်ခြည်တော် စက်ဝန်းထွန်း လင်းနေသော ပုဂ္ဂိုလ်ထူး တဦးသည် ရွှေသင်္ကန်းရုံလျှက် မင်းကြီးရှေ့မှောက် ကြွရောက်လာသည်ဟု အိမ် မက် မြင်သည်။ ထိုအိပ်မက်နှင့် ဆက်လျဉ်း ၍ပညာရှိတရုတ် အမတ် ကြီးများက မဇ္ဈိမဒေသတွင် သဗေညု ဘုရား ပွင့်ထွန်းပေါ် ပေါက် ခဲ့ကြောင်းကို ၊ သာသနာနှစ် ၁၀၀၀ နောက်၌ တရုတ်ပြည် တွင် ဗုဒ္ဓသာသနာ တော် ထွန်းလင်း မည်ဟု ဗျာဒိတ်တော်ထားခဲ့ကြောင်းကို လျှောက်ထားရာ တရုတ် ဘုရင်သည် ဗုဒ္ဓရှင်တော်မြတ် ဘုရားကို ပင့်ရန် အနောက်ဘက်တိုင်းပြည်များသို့ တမန် တော်များစေလွှတ်သည်။ ခိုတန်ပြည် သို့ရောက်သော အခါ အရှင်ကဿပ မာတင်္ဂ (မိုထင်)ကို တွေ့၍ တရုတ်ပြည်သို့ပင့်ခဲ့သည်။ ဗုဒ္ဓပုံတော်ကို ပိတ်ဖြူပေါ်တွင်ရေး၍ ပိဋကတ်ကျမ်းစာများ နှင့်အတူတကွ မြင်းဖြူထက်၌ တင် ဆောင်၍ ပင့်ခဲ့ကြသည်။

သာသနာနှစ် – (၈) ရာစု

နာဂ္ဂအဇုန ရဟန်းတော်သည် နဂါးပြည်မှ ပိဋကတ်များရရှိ ခဲ့သည်ဟုဆို ၍ မဇ္ဈိမက သုည ဝါဒ ကျမ်းများကို ရေးသားသည်။ ၎င်းမှ မဟာယနဂိုဏ်းပေါ်ထွန်းခဲ့သည်။ အိန္ဒိယပြည်တပြည်လုံးတွင် မဟာယန ဝါဒပြန့်နှံ့သည်။ သီဟိုဠ်ကျွန်းတွင် ဝေါဟရတိဿ မင်းက ဝေတုလ္လပိဋက (သဒ္ဓမ္မပုဏ္႑ရိကကျမ်း)ကို မီးရှို့ ဖျက်ဆီး၍ မဟာယနဂိုဏ်းကို တိုင်း ပြည်မှ နှင်ထုတ်ခဲ့ သည်။

သာသနာနှစ် – (၉) ရာစု

သီဟိုဠ်ကျွန်းတွင် မဟာသေနမင်းသည် အဘယဂိရိကျောင်းနေ မဟာယန ရဟန်းတော် များကို ကြည်ညို၍ ထေရ ဝါဒဂိုဏ်း ၏ ဗဟိုဌာန ဖြစ်သော မဟာဝိဟာရကျောင်းနေ ရဟန်း များကို ဆွမ်းမလောင်းစေရ ဆွမ်းလောင်းသူကို ဒဏ်ငွေ ၁၀၀ ပေးဆောင်စေရသည်။ ဒုဋ္ဌဂါမဏိ မင်းကြီး တည်ဆောက်ခဲ့သော လောဟပါသာဒ ကြေးပြာသာဒ် ကျောင်းတော် ကြီးကိုဖျက် ဆီးသည်။ ကျောင်း တိုင်ပါ နုတ်စေ ၍ ကျောင်းဝန်း ကိုပြောင်းခင်းလုပ်စေခဲ့သည်။ အိန္ဒိယ ပြည်တွင် ကလိင်္ဂ တိုင်း ဒန္တပူရ မြို့တွင် ဂုဟသီဝမင်းကို ဟိန္ဒူ ဘုရင်များက တိုက်ခိုက်ရာ ဂုဟသီဝမင်း စစ်ပွဲ ၌ကျ ဆုံးသည်။ ဟေမမာလာသည် မြတ်စွာဘုရား၏ စွယ်တော်ကို ဆံထုံးကြား၌ ဝှက်ယူ၍ သီဟိုဠ် ကျွန်း သို့ ထွက်ပြေးခဲ့ရ သည်။ သီဟိုဠ်ဘုရင် ကိတ္တိသိရိမေဃ မင်းက ကြိုဆိုလက်ခံ ၍ စွယ်တော် ကိုထိမ်းသိမ်း စောက်ရှောက်ခဲ့ ရာ ယနေ့ အထိ သီဟိုဠ်ကျွန်း စွယ်တော်တိုက် ၌ ဆက်လက် တည် ရှိနေသည်။

သာသနာနှစ် – (၁၀) ရာစု

မဟာယန ဝိညာဏဝါဒဂိုဏ်းကို စတင်တည်ထောင်သော ကျမ်းပြုဆရာ အသင်္ဂနှင့် ဝသုဗန္ဓု တို့ ညီနောင်နှစ်ပါးပေါ်ထွန်းခဲ့သည်။ အိန္ဒိယပြည်တွင် ဂုတ္တမင်းများက နာလန္ဒ တက္ကသိုလ် စသော မဟာယန တက္ကသိုလ် ကျောင်းကြီးများ တည်ထောင်ပေးသည်။ ဂုတ္တမင်းများ မှာ ဟိန္ဒူဘာသာ ဝင်များဖြစ်ကြ ၍ ထိုခေတ်အိန္ဒိယ ပြည် ဗုဒ္ဓဘာသာမှာလည်းဟိန္ဒူဝါဒနှင့် ညီအကို ဖြစ်နေသည်။ ထေရဝါဒဂိုဏ်း ၌ အဋ္ဌကထာဆရာကြီး အရှင်မဟာ ဗုဒ္ဓဃောသ ပေါ်ထွန်းသည်။ အိန္ဒိယပြည်သား ရဟန်းတော်များသည် တရုတ်ပြည် သို့သာသနာပြုကြွခဲ့ကြ၍ တရုတ်ရဟန်းတော်များလဲ အိန္ဒိယ ပြည်သို့ ပညာတော်သင် ကြွခဲ့ ကြသည်။ တရုတ် ရဟန်းတော် ဖာဟိယန်သည် ဂိုဘီ သဲကန္တာရကြီး ကို အဖော်မပါတယောက်တည်း ဖြတ်သန်းခဲ့ ၍ အိန္ဒိယပြည်အရောက် ၆ နှစ်ကြာ ခရီးနှင် ခဲ့သည်။ အိန္ဒိယပြည်တွင် ၇ နှစ်ကြာပညာသင်ခဲ့ ၍ တရုတ်ပြည် သို့ ပိဋကတ်တော်များ သယ် ဆောင်ခဲ့သည်။ အင်ဒိုနီးရှား၊ မလေးရှား ၊ ကမ္မောဒီးယား တို့တွင် မဟာယန ဗုဒ္ဓသာသနာ ထွန်းကားကြောင်း မှတ်တမ်း တင် ခဲ့သည်။ အရှင်ကုမာရဇီဝ တရုတ် ပြည် သို့ကြွရောက် ၍ သာသနာပြုခဲ့သည်။ သာသနာ့ ဒါယကာ ချင်မင်း ဆက်ပြုတ်၍ မွန်ဂိုမင်း နှင့်တောင်ပိုင်း ဆွန်မင်းများ က ဗုဒ္ဓဘာသာကို ညှဉ်းပန်းနှိပ်စက် ကြသည်။ မွန်ဂိုဘုရင်သည် ဆင်းတုတော်များကို ဖြတ်ဆီး၍ ပိဋကတ် ကျမ်းစာများကို မီးတိုက်သည် ၊ ဘုန်းကြီးရဟန်းများကို သတ်သည် ၊၊ ပြည်သူလူထု မကြေနပ် သဖြင့် လူထုကို နှစ်သိမ့်စေရန် ပေ ၅၀ မြင့်သောကြေးဆင်းတု ကြီး တဆူသွန်းလုပ်၍ ရွှေချ ပေးသည် ၊ တစ်မြို့လျှင် ကျောင်းတိုက်တခုဆီ ဆောက်လုပ်၍ ရဟန်း ၅၀ သီလရှင် ၅၀ ပြုခွင့် ပေးပြန်သည်။

သာသနာနှစ် – (၁၁) ရာစု

တရုတ်ပြည်တွင် ကျောင်းတိုက်ပေါင်း ၁၃၀၀၀ ရှိ၍ မဟာယာန ဗုဒ္ဓဘာသာရွှေခေတ်ဟု ခေါ် လောက် သည်။ အရှင်ဗောဓိဓမ္မ တရုတ် ပြည် သို့ ကြွ၍ ဈင်ဂိုဏ်း ကို တည်ထောင်သည်။ ကိုရီးယားပြည် သို့ ဗုဒ္ဓသာသနာတော် စတင်ရောက်ရှိသည်။ ဂျပန်နိုင်ငံ သို့ ဗုဒ္ဓရုပ်ပွားတော် စတင်ရောက်ရှိသည်။

သာသနာနှစ် – (၁၂) ရာစု

အိန္ဒိယပြည်တွင် မဟာယာနမှ ဝိဇ္ဇာယာန အဖြစ်သို့ ပြောင်းလဲခဲ့ သောဝိဇ္ဇာဘုန်းကြီးများ ခေတ် စားခဲ့သည်။ အာရေဗျပြည် မက္ကာမြို့တွင် တမန်တော်မို ဟာမက်ပေါ်ထွန်း၍ အစ္စလမ် ဘာသာ ပေါ်ပေါက်လာသည်။ အစ္စလမ်ဘာသာဝင် အာရပ် တမျိုးသားလုံး စည်းလုံး ညီညွတ်၍ တူရဂီ ၊ ပါရှား ၊ အာဖဂန်နစ်စတန် အထိအောင် နိုင်၍ အစ်စလမ် သာသနာတော် အောက်ရောက် စေခဲ့သည်။

တရုတ်ပြည်တွင် တန်မင်းဆက် ကော်စုဘုရင်က ဘုန်းကြီးနှင့် မယ်သီလရှင်များ ရှိခြင်းကြောင့်တိုင်းပြည်၌ လူဦးရေနည်းပါး၍ စီးပွားရေးဆုတ်ယုတ် သည်ဟု ယူဆသဖြင့် ရဟန်း မဝတ်ရန် ၊ သီလရှင်မဝတ်ရန် ချုပ်ခြယ်သည်။ ယူအန်ဆောင်ဘုရင်လက်ထက်၌ ရဟန်း ၁၂၀၀၀ ကို လူထွက် စေ၍ တဖန်ထိုမင်းသည်ပင် သာသနာကို ကြည်ညို၍ သာသနာ့ ဒါယကာခံယူပြန်သည်။ တရုတ် ရဟန်းတော် ဟူရင်ဆန် (ဟိယင်ဆိုင် = ယွှန်ချွန်း = ယွန်ချောင်း)သည် အိန္ဒိယ ပြည်သို့ ကြွ၍ ၁၄ နှစ်ကြာပညာသင်ခဲ့သည်။

ဂျပန်ပြည်တွင် ဆူမိကို (ဆွိကို) ဘုရင်မကြီးလက်ထက်ရှိုတိုကု တိုင်းရှိ မင်းသားကြီး ၏ ကြိုးပမ်း မှုကြောင့် ဂျပန်တပြည်လုံး မဟာယန ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ကြသည်။ ဗုဒ္ဓဘာသာကို အခြေခံ၍ ဂျပန်ပြည် အုပ်ချုပ်ရေး ဥပဒေကိုရေးဆွဲခဲ့သည်။ တိဗက်ပြည်သို့ ဗုဒ္ဓသာ သနာတော် စတင်ရောက်ရှိသည်။ ဘုရင်ကိုးကွယ်ခံရ၍ နိုင်ငံတော် ဘာသာ ဖြစ်ခဲ့သည်။ အရှင်သန္တရက္ခိတ နှင့် ပဒုမသမ်ဘဝတို့ ကစတင်သာသနာ ပြုခဲ့သဖြင့် တိဗက်လားမား ဗုဒ္ဓဘာသာ စတင် ပေါ်ပေါက်ခဲ့သည်။ လားမားဗုဒ္ဓ ဘာသာသည် ဆစ်ကင်းပြည်၊ ဘူတန်ပြည်၊ မွန်ဂိုလျပြည် ဆိုဗီယက်နိုင်ငံ များသို့ ပြန့်နှံ့ ခဲ့သည်။ မြန်မာနိုင်ငံတွင် ပုပ္ပါးစော ရဟန်းမင်း က သုမုန္ဒရီမင်း ဖြိုကြွင်းသက္ကရာဇ် ၅၆၀ ကိုချေ၍ ၂ခုကြွင်းထားကာ မြန်မာသက္ကရာဇ် ၂ နှစ်ဟု စတင်ရေတွက် သည်။ ယနေ့လက်ရှိ မြန်မာ သက္ကရာဇ်၏ အစဖြစ်သည်။

သာသနာနှစ် – (၁၃) ရာစု

အိန္ဒိယတပြည်လုံးရှိ ရဟန်းများသည် ဝိဇ္ဇာဂိုဏ်းသို့ဝင်ကြသည်။ နတ်ရုပ် ၊ ဘီလူးရုပ် များကို ကန်တော့ ပွဲ ထိုး၍ ဆေးဝါးမန္တရား စီရင်ကြသည်။ သင်္ချိုင်း ၌ နေ၍လူဦးခေါင်းခွံတွင် ထမင်း ထည့် စားသောက်ကြသည်။ လူတို့ကိုခြောက်လှန့် ညာဖြန်းစားကြသည်။ ဟိန္ဒူဗြဟ္မဏ ဘာသာမှ ပညာရှိ ရှံကရဆရာကြီးသည် ဟိန္ဒူဘုရင်တို့၏ အကူအညီဖြင့် တန္တရ -မန္တရ ဂိုဏ်းဝင် ဗုဒ္ဓဘာသာ ရဟန်းတော်များကို နှိပ်ကွပ်လေရာ အိန္ဒိယပြည်တောင်ပိုင်း၌ သာသနာကွယ်ပခဲ့သည်။ အာရဗီစစ်ဗိုလ် မိုဟာမက်ဘိန်ကာစင်သည် က္ကုန္ဓုမြစ်ဝှမ်းတဝိုက် တိုက်ခိုက် သိမ်းပိုက်သည်။ တရုတ်ရဟန်းတော် အိဆင် (ယိကျင်)သည် ရေလမ်းခရီးဖြင့် အိန္ဒိယသို့ကြွ၍ ၂၂ နှစ်ကြာ ပညာ သင်ကြားခဲ့သည်။ တရုတ်ပြည်တွင် မင်းညီမင်းသား မှူးမတ် သူဌေးသူကြွယ် ကုန်သည်လယ်လုပ် လူတန်းစားအားလုံးမှ ရဟန်းဝတ်သူ၊ သီလရှင်ဝတ်သူ အလွန်များပြား သည်။ ဂျပန်ပြည်တွင် ဘုရင် များက ဘုရားတည် ကျောင်းဆောက် ပြုလုပ်ခဲ့ ကြသည်။

သာသနာနှစ် – (၁၄) ရာစု

တရုတ်ပြည်တွင် ဝူဆောင်ဘုရင်သည် တာအိုဘာသာဝင် ဖြစ်၍ ဘုန်းကြီးကျောင်း ပေါင်း ၄၀၀၀၀ ကျော်ဖျက်ဆီးသည်။ ရဟန်းပေါင်း ၄၆၀၀ အသတ်ခံရသည်။ ရဟန်းနှင့် သီလရှင် ၂၆၀၀၀၀ လူ သတ်လဲကြရသည်။ ကြေးစည်ခေါင်းလောင်များကို ဒင်္ဂါးပိုက်ဆံ သွန်း ခဲ့သည်။ ဤသို့ပြုလုပ် ၍ ၂ နှစ် အကြာတွင် ဘုရင်ကြီးမကျန်းမာ၍ နှုတ်ဆွံ့အ၍ စကားမပြော နိုင် ဖြစ်သွားသည်။ ထိုအခါ ဘုရင်ကြီး ထိတ်လန့် ၍ အမိန်တော်ကို ပြန်လည်ရုပ်သိမ်းပြီးလျှင် အကန့်သတ်ဖြင့် ရဟန်း ပြုခွင့် ပေး သည်။ တိဗက်ပြည်တွင် ဗုဒ္ဓသာသနာ တော်ကိုတရားလွန်ချီးမြှောက်ထောက်ပံ သော ရာလ် ပချန် ဘုရင် နတ်ရွာစံပြီးနောက် ဘုရင်လံဓရ်မသည် ဘုန်းကြီးကျောင်းများကို ဖြတ်ဆီး ၍ ပိဋကတ် ကျမ်းစာများကို မီးရှို့ သည်။ ဗုဒ္ဓရုပ်တုများကို မြေမြှပ်ပစ်သည်။ ဥပုသ်စောင့်မှူ ရဟန်းခံ ရှင်ပြုမှူများကို တာမြစ်ပိတ်ပင် သည်။ ရဟန်းများကိုပြည်နှင်ဒဏ်ပေး၍ ထွက်မပြေး နိုင်သော ရဟန်း များကို လူဝတ်လဲစေ၍ မုဆိုးတံငါလုပ် စေသည်။

သာသနာနှစ် – (၁၅) ရာစု

ပုဂံပြည်တွင် ညောင်ဦးစောရဟန်း (တောင်သူကြီး)မင်းဖြစ် ၍ ရှင်မထီးအရည်းကြီး ဂိုဏ်းကို ချီး မြှောက် ထောက်ပံသည်။ အိန္ဒိယပြည် မထုရာမြို့ဟီနယာန သဗ္ဗတ္တိဝါဒဂိုဏ်းက တည်ထောင် ခဲ့သော ၀လဘိတက္ကသိုလ် ၊ မဂဓတိုင်း မဟာယာန ဂိုဏ်း ကတည်ထောင် ခဲ့သော နာလန္ဒ တက္ကသိုလ်၊ ဘငွေဂါနယ်ရှိ ဩဒန္တပူရီတက္ကသိုလ် ကျောင်းတိုက်ကြီးများကို ဝိဇ္ဇာဂိုဏ်း ဝင်ရဟန်း များ လွှမ်းမိုးလေသည်။

သာသနာနှစ် – (၁၆)ရာစု

ဝိက္ကမသီ လာတက္ကသိုလ်မှ ကျောင်းအုပ်ကြီး အတိဆာခေါ် ဒီပင်္ကရ သီရိညဏသည် တိဗက် ပြည်သို့ သာသနာပြုကြွသည်။ ခိုတန် ပြည် ကို ယူဆစ်ကဒရ်ခန်ဦးဆောင်သော တူရကီစစ်တပ် ကသိမ်းပိုက်ရာ ဗုဒ္ဓသာသနာ ကွယ်ပ၍ တာကစ်စတန်နိုင်ငံ အဖြစ် သို့ရောက်သည်။ သုဏ္႑ဘုမ္မိ သထုံပြည် တွင် မနူဟာမင်းကြီးသည် ဝိဇ္ဇာဂိုဏ်းဝင်ဘုန်းကြီးတပါးကို နန်းဦး ဆရာတော်ပြု ကိုး ကွယ် သည်။ ဇောဂျီဖိုဝင်သားစားရလျှင် လူစွမ်းကောင်းဖြစ်နိုင်သည်ဟု မက်လုံးပြ ၍ ဝိဇ္ဇာဂိုဏ်း က ဘုရင်ကိုစည်းရုံးထားရာ သထုံပြည် တွင်ထေရဝါဒ သာသနာ မျက်နှာ ငယ်နေရသည်။ ထိုအချိန် တွင် ရှင်အရဟံသည် သထုံမှပုဂံပြည်သို့ကြွလာ၍ သာသနာပြု ရာ အနော်ရထာ မင်းကြီး သည် ရှင်မထီးကြီးတို့၏ အရည်းကြီးသာသနာကို နှိပ်ကွပ် ၍ ထေရဝါဒသာသနာကို ချီးမြှောက် ထောက်ပံသည်။ သထုံမှကျမ်းဂန်တတ် ဆရာတော်သံဃာ တော် များနှင့် ပိဋကတ် တော် များကို ပုဂံပြည်သို့ ပင့်ဆောင်၍ ကိုးကွယ်ချီးမြှောက်ထောက် ပံသည်။

သာသနာနှစ် – (၁၇) ရာစု

သီဟိုဠ်ကျွန်းတွင် ပရက္ကမဗာဟုမင်းကြီးလည်း တမီလ်နိုင်ငံကိုပါ တိုက်ခိုက်အောင်နိုင် သည်။ မဟာယန အနွယ်အဘရဂိရိတိုင်းသား များ ကို လူဝတ်လဲစေသည်။ သီဟိုဠ်ကျွန်းရှိ သံဃာ အားလုံး ကို မဟာဝိဟာရဂိုဏ်း တခုတည်းဖြစ်အောင် ပူးပေါင်း စေသည်။ သီဟိုဠ် ကျွန်း တခုလုံး တွင် ဂိုဏ်းကွဲမရှိ မဟာဟာရတဂိုဏ်းတည်းသာရှိစေသည်။ အလောင်းစည်သူ မင်းကြီးလက်ထပ် တွင် သီဟိုဠ်ကျွန်းမှ ပြန်ကြွလာသော မြန်မာပြည် သားရဟန်းတော် အရှင်ဆပ္ပဒက ဂိုဏ်း သီးခြား တည်ထောင်သဖြင့် ပုဂံပြည်တွင် ပုရိမသံဃာ နှင့် ပစ္ဆိမ သံဃာဟူ၍ နှစ်ဂိုဏ်းကွဲကြသည်။ သထုံမှလာသော ရှင်အရဟံအနွယ်များကို ပုရိမသံဃာဟုခေါ်ကြ ၍ အရှင်ဆပ္ပဒ အဆက် အနွယ် များကို ပစ္ဆိမသံဃာ ဟုကြသည်။ ပုဂံနှင့်သီဟိုဠ်တို့ အချင်းချင်း သာသနာရေး ဆက်သွယ် မှူ ပြုကြသည်။ အိန္ဒိယအနောက်ပိုင်း နှင့် အလယ်ပိုင်း မဂဓတိုင်းတို့ကို တူရဂီအနွယ်တို့က သိမ်း ပိုက်သည်။ နာလန္ဒတက္ကသိုလ် ၊ ဝိက္ကမသီလာတက္ကသိုလ် ၊ ဇဂ္ဂဒ္ဒလ တက္ကသိုလ် စသည်ဖြင့် ဗုဒ္ဓ ဘာသာ တက္ကသိုလ်ကျောင်းတော်ကြီးများ ဖျက်ဆီးခံရသည်။ အိန္ဒိယပြည်တွင် ရဟန်းတော်များ ထောင်သောင်းချီ၍ အစုအလိုက် အပြုံလိုက် သတ်ခံကြရသည်။

သာသနာနှစ် – (၁၈) ရာစု

ဘင်္ဂလား(ဝင်ဂတိုင်း)ပြည် ပါလမင်းများအနေဖြင့် တိုင်းပြည်လုံခြုံမှူ ကာကွယ်ရေးအတွက် ကိုးကွယ် အားထားနေသော ဩဒန္တပူရိ တက္ကသိုလ် ကျောင်းကြီးအတွင်းရှိ ဝိဇ္ဇာဘုန်းကြီးများ ကိုမိုဟာမေဒင် မြင်းစီးတပ် သား ၂၀၀ က သတ်ဖြက်မီးရှို့ ဖျက်ဆီး၍ ဘင်္ဂလားတပြည်လုံးကို သိမ်းပိုက်ခဲ့သည်။ ဝိဇ္ဇာဘုန်းကြီးများ၏ နတ်ရုပ်များ ၊ မန္တန်များ ၊ အင်းအိုင်များ ၊ ခလှဲများသည် တစုံတရာ အကာ အကွယ် မပေးနိုင်သဖြင့် ဝိဇ္ဇာဘုန်းကြီး များ၏ လိမ်ညာဝါကြွားမှူ ပေါ်သွား သည်။ ဗုဒ္ဓ သာသနာ တော်သည် အိန္ဒိယပြည်မှ လုံး၀ပြောက်ကွယ်သွားလေသည်။ ဂျပန်ပြည်တွင် အမိတာ ဘုရား ကိုးကွယ် သော ဂျိုဒိုဂိုဏ်းဝင် ဂျပန်မင်းမျိုးမင်းနွယ် မှ ရဟန် ပြုသော ရှိုနင်သည် အိမ်ထောင် ပြုသောဂိုဏ်းကိုစတင်တည်ထောင်သည်။ ထိုဂိုဏ်းကို “ရှင်” ဂိုဏ်းဟုခေါ်သည်။ နောက်ပိုင်းတွင် ဂျပန်ပြည်ရှိ အခြားသော ဗုဒ္ဓဘာသာဂိုဏ်းဝင် ရဟန်းများသည်လည်း “ရှင်” ဂိုဏ်းကို အတု ယူအား ကြ ၍ အိမ်ထောင်ပြုကြသည်။

ဤခေတ်၌ ဂျပန်ပြည် ဗုဒ္ဓဘာသာ ဘုန်းကြီးအားလုံးမှာ လူဝတ်ကြောင်များနှင့် အနေအထိုင် အကြာင့်သီလ ထူးခြားမှူမရှိချေ ၊ ဘုရားတရား ကြည်ညို၍ ဘာသာရေး စာပေတတ်ကျွမ်းသူကို (ဘုန်းကြီး = ဘိုစံ) ဟုခေါ်၍ ဘာသာရေးခေါင်းစောင်အဖြစ် အသိ အမှတ်ပြုကြသည်။ ထိုင်းနိုင်ငံ သည် စစ်အင်အားကောင်းလာ၍ ကမေ္ဘာဒီးယား ဩဇာရိပ်မှ လွတ်ကင်းခဲ့ သည်။ ထေရဝါဒသာသနာ ကို ချီးမြှောက်ထောက်ပံသည်။ သီဟိုဠ် နှင့် သာသနာရေး ဆက် သွယ် မှူပြုခဲ့သည်။

သာသနာနှစ် – (၁၉) ရာစု

မြန်မာနိုင်ငံ ပင်းယနေပြည်တော်တွင် ဂါမဝါသီရဟန်း ၊ အရညဝါသီ ရဟန်းနှင့် အရည်းကြီး အနွယ် ဝင်ရဟန်းများ အင်အားတူရှိ နေခဲ့သည်။ တရုတ်ပြည်တွင် ကုဗလိုင်ခန့်မင်းကြီးသည် မဟာ ယနဗုဒ္ဓဘာသာနှင့် တိဗက်လားမား ဗုဒ္ဓဘာသာကို ချီးမြှင့်ထောက်ပံခဲ့ သည်။ တိဗက်ပြည် ကို ရဟန်းမင်း (ဘုန်းကြီးဘုရင်)များက အုပ်စိုး ကြသည်။ အ၀လောကိတေသရ ဘုရားလောင်း သည် လူဝင်စား ဖြစ်လာ၍ ရဟန်း မင်းအဖြစ် အုပ်ချုပ်ရသည်။ သာသနာပိုင်ရဟန်းမင်းကြီး သေဆုံး လျှင် အသစ်တဖန်ပြန်လည် ဝင်စား၍ ဆက်လက် အုပ်ချုပ်ရသည်။

သာသနာနှစ် – (၂၀) ရာစု

ထိုင်းဘုရင် သီရိဓမ္မစက္ကဝတ္တိတိလက ရာဇာဓိရာဇာသည် ဇင်းမယ်မြို ့၌ သင်္ဂါယနာတင်ပွဲ ပြုလုပ်ခဲ့ သည်။ ပဲခူးဟံသာ၀တီ နေပြည် တော်တွင် ဓမ္မစေတီမင်းကြီးသည် ရဟန်းတော် ၄၀ ကို သီဟိုဠ် သို့လွှတ်၍ သိက္ခာအသစ်ယူ (ရဟန်းခံ)စေသည်။ သီဟိုဠ်မှပြန်ကြွ လာသော ရဟန်းသစ်များ ဖြင့် ကလျာဏီသိမ်ကြီး ကို သမုတ်သည်။ အောက်မြန်မာနိုင်ငံရှိ ရဟန်းတော်အားလုံးကို သိက္ခာ ချ စေ၍ ထိုသိမ်၌ သိက္ခာအသစ်ယူ (ရဟန်းခံ)စေသည်။ သံဃာတော်များကို ပရိယတ္တိ ၊ ပဋိပတ္တိ လုပ်ငန်း ၂ မျိုး၌ သာ အားထုတ်စေ၍ ဗေဒင်ဟော ၊ ဆေးကု ၊ စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ စီးပွား ရေး လုပ်သော ရဟန်းအားလုံးကို လူဝတ်လဲစေခြင်းဖြင့် သာသနာ တော် သန့် ရှင်းစင်ကြယ်ရေး ကို ဆောင်ရွက်ခဲ့သည်။ မလ္လာယု ကျွန်းဆွယ် နှင့်သု၀ဏဒီပခေါ် အင်ဒိုနီးရှား နိုင်ငံ၌ အာရပ် သင်္ဘော သား ကုန် သည် များရောက်ရှိ ၍ အစ္စလမ်သာသနာပြုကြသည်။

သာသနာနှစ် – (၂၁) ရာစု

အင်ဒိုနီးရှားနှင့် မလ္လာယုကျွန်း ဗုဒ္ဓသာသနာတော်ကွယ်ပ၍ အစ္စလမ်သာသနာ ထွန်းကားလာ သည်။ အင်း၀နေပြည်တော်တွင် သိုဟန်ဘွားနန်းစံ ၍ ရဟန်း ၃၀၀၀ ခန့်သတ်ဖြတ်ခံရသည်။ ပိဋကတ်ကျမ်း စာများကိုမီးတိုက်သည်။

သာသနာနှစ် – (၂၂) ရာစု

သီဟိုဠ်ကျွန်းတွင် ပထမရာဇ သီဟဘုရင်သည် ဖခင်ကို သတ်၍ နန်းတက်သည်။ ရဟန်းများကို သတ်၍ ပိဋကတ်ကျမ်းဂမ်တို့ကို မီးရှို့သည်။ ထို မင်းနန်းကျ ၍ ဝိမလဓမ္မသူရိယ မင်းလက်ထက်၌ ယိုးဒယားနှင့် ရခိုင်မှ သံဃာတော်များ ပင့်၍ သီဟိုဠ် ၌ သာသနာ ကိုပြန်လည် အသက် ဆက်ရ သည်။ မြန်မာနိုင်ငံ တွင်ငဇင်ကာသည် သန်လျှင်၌ အခြေစိုက်၍ ဘုရားပုထိုးများဖျက်သည်။ ဗုဒ္ဓ ဘာသာ ဝင် လူထုကို ဘုရင်ဂျီ ဘာသာသို့ အဓမ္မသွတ်သွင်းခဲ့သည်။

သာသနာနှစ် – (၂၃) ရာစု

တရုတ်ပြည်တွင် မန်ချူး မင်းဆက် ကန်ဆီ ဘုရင် ကရဟန်းတပါးလျှင် သာမဏေတပါး သာ ထား ခွင့်ပြုသည်။ ကျောင်းတိုက် ကြီးများ၌ သာရဟန်းခံခွင့် ပြုသည်။ မြန်မာနိုင်ငံ ဗုဒ္ဓ သာသနာတော် တွင် တုံဂိုဏ်း ရုံဂိုဏ်း ကွဲပြားခဲ့သည်။

သာသနာနှစ် – (၂၄) ရာစု

သီဟိုဠ်ကျွန်းသည် အင်္ဂလိပ်လက်အောက် သို့ကျရောက်ခဲ့သည်။ ဘိုးတော်မင်း တရားကြီး လက်ထပ် တွင် သီဟိုဠ်ကျွန်းမှ ရဟန်းများ သည် အမရပူရနေပြည်တော်သို့ ကြွလာ ၍ သိက္ခာ တင်ကြသည်။ သီဟိုဠ်သို့ပြန်၍ အမရပူရဂိုဏ်း သီးခြားတည်ထောင်သည်။ ယိုးဒယား ပြည်တွင် အယုဒ္ဓယမြို ့ပျက်ဆီးပြီးနောက် သင်္ဂါယနာတင်ပွဲကို တနှစ်ကြာ ပြုလုပ်ကြင်းပခဲ့သည်။

သာသနာနှစ် – (၂၅) ရာစု

မန္တလေးနေပြည်တော်တွင် မင်းတုံးမင်းတရားကြီး ၏ အထောက်အပံခံယူ ၍ ပဉ္ဓမသင်္ဂါ ယနာတင် ခဲ့သည်။ ဂျပန်ပြည်တွင် မေဂျီဘုရင်ခေတ်၌ ဘာသာတရားအားလုံး ကို တန်းတူညီမျှ လွတ်လပ် ခွင့် ပြုလိုက်ရာ ဗုဒ္ဓဘာသာအားနည်း၍ ရှင်တို ဘာသာ အားကောင်းလာသည်။ တရုပ်ပြည်တွင် ဒေ့က်တာဆွန်ယက်ဆင် ဦးစောင်၍ သမ္မတနိုင်ငံထူထောင်ပြီး သောအခါ ဘုန်းကြီးကျောင်း များကို ပြည်သူပိုင် အဖြစ်သိမ်း၍ စာသင်ကျောင်ပြုလုပ်ရာ ပြည်သူတို့ က မကျေ နပ် သဖြင့် အလျှော့ ပေးခဲ့ ရသည်။ မြန်မာနိုင်ငံ တွင် မြန်မာ၊ သီဟိုဠ်၊ ယိုးဒယား၊ ကမ္ဘောဒီးယား၊ လာအို၊ ထေရဝါဒ ၅ နိုင်ငံစုပေါင်း ၍ ဆဋ္ဌသင်္ဂါယနာတင် ပွဲကြီး ကျင်းပခဲ့ သည်။[၅]

ဗုဒ္ဓဘာသာ သည် ကမ္ဘာပေါ်တွင် လူဦးရေ သန်း ၆၉၀၀ ကျော် ရှိသည့် အနက် ဗုဒ္ဓဘာသာသည် ကမ္ဘာ့လူဦးရေ (သန်းပေါင်း ၂၀၀၀) ခန့်အထိ ကိုးကွယ်ယုံကြည်သော ဘာသာတရားနှင့်အယူဝါဒဖြစ်သည်။ တရုတ်ပြည်သည် ဗုဒ္ဓဘာသာလူဦးရေ အများဆုံး နိုင်ငံလည်းဖြစ်သည်။ တရုတ်ပြည်တွင် လူဦးရေ (သန်းပေါင်း ၁၂၀၀) ၁၂၁၉ ၁၄၉ ၆၀၀ ကျော်အထိ မဟာယာန ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်သည်။ [၆] [၇]ထို့ကြောင့် မဟာယာနနှင့် ထေရဝါရပေါင်းလျှင် ကိုးကွယ်ယုံကြည်သူ လူဦးရေအားဖြင့် ၁၉၂၁ ၉၈၉ ၆၄၁ (သန်း ၁၉၀၀ ကျော်၊ သန်း ၂၀၀၀ နီးပါး) ရှိပြီး ဒုတိယလူဦးရေအများဆုံး ကမ္ဘာ့ဘာသာနှင့် အကြီးထွား အမြန်ဆုံးသော ဘာသာတစ်ခုလည်း ဖြစ်သည်။[၄][၁] [၈]ဗုဒ္ဓဘာသာတွင် မဟာယာနနှင့်ထေရဝါဒ ဟူ၍ အဓိကဂိုဏ်းကြီးနှစ်ဂိုဏ်းရှိသည်။ မဟာယာနဂိုဏ်းသည် တရုတ်တိဘက်ကိုရီးယားမွန်ဂိုးလီးယားနိုင်ငံ နှင့် ဂျပန် စသော အရှေ့အာရှတခွင်တွင် ထွန်းကားပြန့်ပွားနေပြီး ၎င်းမှတဆင့် Pure Land၊ ချန်း/စီအန်/သီအန်/ဇန်၊ နီချီရန်၊ တိဘက်တန်၊ရှင်ဂုန်နှင့်အခြားဂိုဏ်းများထပ်မံ ကွဲပြားသွားသည်။ မဟာယာနကို မြောက်ပိုင်းဗုဒ္ဓဘာသာဟု ခေါ်သည်။ ထေရဝါဒဂိုဏ်းသည် သီဟိုဠ်မှတဆင့် မြန်မာလာအိုထိုင်းကမ္ဘောဒီးယား စသော အရှေ့တောင်အာရှဒေသသို့ ပြန့်ပွားသွားခြင်းဖြစ်၍ တောင်ပိုင်းဗုဒ္ဓဘာသာဟုလည်း ခေါ်ဆိုသည်။ တိဘက်ဗုဒ္ဓဘာသာ (Vajrayana ဂိုဏ်း) ကို အချို့က မဟာယန၏ ဂိုဏ်းခွဲဟု သတ်မှတ်သော်လည်း အချို့ကမူ မူလဗုဒ္ဓဘာသာ၏ တတိယမြောက် ဂိုဏ်းကြီးအဖြစ် သတ်မှတ်ကြသည်။ ထို့ပြင် ဗုဒ္ဓဘာသာတွင် အခြားဂိုဏ်းခွဲငယ် အများအပြားရှိသေးသည်။ ဤသို့များရခြင်းသည် ဝါဒနှင့် ဒေသကွာဟချက်များကြောင့် ဖြစ်သည်။" ဗုဒ္ဓ" အဓိပ္ပာယ်သည် "နိုးကြားလာသောတဦး" သို့မဟုတ် "ဉာဏ်အလင်းရသောတဦး" ဖြစ်သည်။ သိဒ္ဓတ္ထဂေါတမ ကို လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ကျော်ခရစ်တော်မပေါ်မီ ဘီစီ ၆၂၃ တွင် မွေးဖွားခဲ့သည်

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]

ရည်ညွှန်းချက်များ[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Buddha Purnima 2017 – The Birthday of Buddha – Significance, Celebration & Date in 2018
  2. thisismyanmar.com -&nbsp Resources and Information
  3. http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=23631&penname=About+Shwedagon+Pagoda[လင့်ခ်သေ]
  4. ၄.၀ ၄.၁ မော်ကွန်းတင်ပြီးမိတ္တူ။ 17 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 July 2013 တွင် ပြန်စစ်ပြီး။
  5. http://mminuae.org/?p=897[လင့်ခ်သေ]
  6. Buddhism in China
  7. Buddhists in the World - The Dhamma - thedhamma.com - Vipassana Foundation။ 16 January 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 July 2013 တွင် ပြန်စစ်ပြီး။
  8. မော်ကွန်းတင်ပြီးမိတ္တူ။ 8 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 July 2013 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]


  • မောင်အံ {သကျသီဟဓမ္မစရိယ ၊ ပါဠိပါရဂူ ၊ မဟာဝိဇာ (ဘုံဘေ)} ရေးသားသော ဗုဒ္ဓသာသနာတော် ၂၅၀၀ ခရီး (ပဌမတွဲ)