ခန္ဓကဝတ်

ဝီကီပီးဒီးယား မှ

သဒ္ဓိဝိဟာရိက စသော ရဟန်း, သာမဏေတို့သည် ဥပဇ္ဈာယ်ဆရာ စသည်တို့၌ ဖြစ်စေအပ်သောကြောင့် (ဝတ္တ) ဝတ်ဟု ခေါ်ပါသည်။ [၁]

ဝတ်ဆိုတာဘာလဲ-ဘာကို ဝတ်ဟု ယူရမလဲ ?[ပြင်ဆင်ရန်]

သဒ္ဓိဝိဟာရိကစသည်တို့က ဥပဇ္ဈာယ်ဆရာစသည်တို့၌ ပြုစုခြင်းစသော အာဘိသမာစာရိက သီလ ကျင့်ဝတ်မျိုးကို ဝတ်ဟု ယူပါ။[၂]

သင်္ကန်းပေး စသည်၌ လာသော ဝဋ်နှင့် ဤ ဝတ်ပိုင်းလာ ဝတ်တို့ ဘယ်လို ထူးသလဲ ?[ပြင်ဆင်ရန်]

အဖန်ဖန်လည်လိမ့်နေတဲ့ ဘုံသုံးပါး ရုပ်နာမ်တရားကို ဝဋ်ဟုဆိုသည်။ ထူးမြတ်ကောင်းမွန်သော အာဘိသမာစာရိကသီလကို ဝတ်ဟုအထူးမှတ်။

ဝတ် ဘယ်လောက် ရှိသလဲ ?[ပြင်ဆင်ရန်]

စူဠဝါပါဠိတော် ဝတ္တက္ခန္ဓကလာ ဤ၌ပြဆိုသည့်ဝတ်တို့ကား ၁၄-ပါး ရှိပါသည်၊ ပြဆိုခဲ့ပြီးသော သေခိယ ၇၅-ပါးတို့သည်လည်း ဝတ်ပင် မည်၏၊ ပရိဝါ၌ ၈၂-ပါးသော မဟာဝတ်ကိုလည်း ရှိပါသေးသည်။

ရှင့်ကျင့်ဝတ်၌ စုဒ္ဒသ ခန္ဓကဝတ္တာနိ နာမ-ကစ စရိတဗ္ဗာနိတိုင်အောင် စကားစဉ်ကား ဘယ်က ထုတ်ထားတာလဲ?[ပြင်ဆင်ရန်]

ဝိမတိဋီကာ ပထမပါရာဇိကအဖွင့်၌ဆိုသော စကားကိုမှီ၍ ရှေးဆရာတို့ ထည့်ထားဟန်တူသည်၊ ဝိမတိ၌ “ဝတ္တက္ခန္ဓကေ ဝုတ္တနိ”ဟု လာ၏၊ ပါဠိတော်၌ကား ဝတ်တပါး တပါးစီ ဟောကြားတော်မူပါသည်။

ဝတ္တံ အပရိပူရေန္တော စသော ဂါထာတို့ကား ဘယ်က ယူထားပါသလဲ ?[ပြင်ဆင်ရန်]

စူဠဝါ ဝတ္တက္ခန္ဓက ပါဠိတော်မှ ထုတ်ထားပါသည်။

ခန္ဓကဝတ္တာနိ ဆိုတဲ့ အဓိပ္ပာယ် ဘယ်လိုလဲ ?[ပြင်ဆင်ရန်]

စူဠဝါ ခန္ဓက, မဟာဝါ ခန္ဓက ပါဠိတော်တို့၌ ဟောကြားအပ်သော ဝတ်တို့ဖြစ်၍ ခန္ဓကဝတ်တို့ဟု ဆိုရပါသည်၊ မဟာဝါ၌ ၄-ပါးမျှ ဟောပါသည်၊ စူဠဝါ၌ ၁၄-ပါးစလုံးသည်၊ ထို့ကြောင့် “ခန္ဓကေ ဝုတ္တာနိ” ဟု ဆိုပါသည်။


၁။ အာဂန္တုကဝတ္တဉ္စ၊ အရံတွင်းသို့ မဝင်မီ ဘိနပ်ချွတ်ခြင်း, ထီးရုပ်ခြင်း, ဦးခေါင်းခြုံကို ဖွင့်ခြင်း, ဦးခေါင်း၌ တင်သော သင်္ကန်းကို ပခုံးသို့ချခြင်း အာဝါသိက ရဟန်းကြီးကို ရှိခိုးခြင်းစသော အာဂန္တုက ရဟန်း, သာမဏေတို့ ပြုရာသော ဝတ်လည်းကောင်း။

၂။ အာဝါသိကဝတ္တဉ္စ၊ အာဂန္တုကရဟန်းကြီးကို မြင်လျှင် ခရီးဦးကြိုဆိုခြင်း, သပိတ်သင်္ကန်းကို လှမ်းယူခြင်း, အာဂန္တုကရဟန်းကြီးကို ရှိခိုးခြင်း, ခြေဆေးရေ ခြေဆေးအင်းပျဉ် စသည်ကို အနီး၌ ထားခြင်းစသော အာဝါသိက ရဟန်း, သာမဏေတို့ ပြုရာသော ဝတ်လည်းကောင်း။

၃။ ဂမိကဝတ္တဉ္စ၊ သစ်ဘဏ္ဍာ, မြေဘဏ္ဍာ စသည်တို့ကို သိုမှိးခြင်း, တံခါးမ, လေသာတံခါးတို့ကို ပိတ်ခြင်း, ပန်ပြော၍ သွားခြင်းစသော ခရီးသွားအံ့သော ရဟန်း, သာမဏေတို့ ပြုရာသော ဝတ်လည်းကောင်း။

၄။ အနုမောဒနဝတ္တဉ္စ၊ မထေရ်ကြီး တရားဟောခြင်း, မထေရ်ကြီးက တိုက်တွန်းမှ ဟောခြင်း, ပန်လျှောက်၍ ဟောခြင်းစသော တရားဟောရာ၌ ပြုရာသော ဝတ်လည်းကောင်း။

၅။ ဘတ္တဂ္ဂဝတ္တဉ္စ၊ တရားဟောခြင်း, ရဟန်းကြီးကို တိုးဝှေ့၍ မနေမထိုင်ခြင်း, ရဟန်းငယ်တို့အား နေရာဖြင့် မမြစ်ခြင်းစသော ဆွမ်း စားဇရပ်၌ ပြုရာသော ဝတ်လည်းကောင်း။

၆။ ပိဏ္ဍစာရိကဝတ္တဉ္စ၊ သစ်ဘဏ္ဍာ, မြေဘဏ္ဍာ စသည်တို့ကို သိုမှီးခြင်း, သပိတ်ကို ရေကျင်းခြင်း, ခါးပန်းကို ဖွဲ့ခြင်း, သင်းပိုင် သင်္ကန်းတို့ကို အဝန်းညီစွာ ဝတ်ရုံခြင်း, သေခိယနှင့်အညီ သွားခြင်း, မနှေးမလျင် ရွာတွင်းသို့ ဝင်ခြင်း, မရှည်မကြာ ရပ်ခြင်း စသော ဆွမ်းခံ ရဟန်း, သာမဏေတို့ ပြုရာသော ဝတ်လည်ကောင်း။

၇။ အာရညကဝတ္တဉ္စ၊ သောက်ရေ, သုံးဆောင်ရေ တည်ထားခြင်း, မီးပွတ်ခုံ ပွတ်ကျည် တောင်ဝှေးထားခြင်း, အရပ်လေးမျက်နှာ တာရာနက္ခတ်တို့ကို မှတ်သားခြင်း စသော တောနေ ရဟန်း, သာမဏေတို့ ပြုရာသော ဝတ်လည်ကောင်း။

၈။ သေနာသနဝတ္တဉ္စ၊ ညောင်စောင်း, အင်းပျဉ်, အိပ်ရာ နေရာ တို့ကို သုတ်သင်ခြင်း, နေလှန်းခြင်း, ပရိဝုဏ်, ရေချိုးအိမ်, ဝစ္စကုဋိ စသည်တို့ကို တံမြက်လှည်းခြင်းစသော ကျောင်း၌ ပြုရာသောဝတ်လည်ကောင်း။

၉။ ဇန္တာဃရဝတ္တဉ္စ၊ ပြာကိုစွန့်ခြင်း, တံမြက်လှည်းခြင်း စသော ချွေးဇရုံးအိမ်၌ ပြုရာသော ဝတ်လည်‌ကောင်း။

၁၀။ ဝစ္စကုဋိဝတ္တဉ္စ၊ ချောင်းဟန့်ခြင်း, သင်္ကန်းတန်း၌ သင်္ကန်းကို တင်၍ မနှေးမလျင်ဝင်ခြင်း, သင်းပိုင်ကို ပင့်၍ မဝင်ခြင်း, နင်းခုံ၌ နင်းမိမှ သင်းပိုင်ကို ပင့်ခြင်း, ကြမ်းသော ကနုတံစသည်ဖြင့် မသုတ်ခြင်း, သန့်သက်ရေဆေးခြင်း, နင်းခုံ၌ နင်းလျက် သင်းပိုင်ကို ဖုံးလွှမ်းခြင်း စသော ကျင်ကြီးအိမ်၌ ပြုရာသော ဝတ်၎င်း။

၁၁။ ဥပဇ္ဈာယဝတ္တဉ္စ၊ နံနက်စောစောထ၍ ကိုယ်ဝတ်ကို လက်ကတော့တင်၍ မျက်သစ်ရေ တံပူကပ်ခြင်း, ယာဂုဆွမ်းကပ်ခြင်း, သပိတ်ခွက်ဆေးခြင်း, ကျောင်းအိပ်ရာ, နေရာတို့ကို သုတ်သင်ခြင်း, နေလှန်းခြင်း, တံမြက်လှည်းခြင်း, နေရာခင်းခြင်း စသည်ဖြင့် ဥပဇ္ဈာယ် ဆရာ၌ သဒ္ဓိဝိဟာရိက တပည့်တို့က ပြုရာသော ဝတ်လည်းကောင်း။

၁၂။ သဒ္ဓိဝိဟာရိကဝတ္တဉ္စ၊ သင်္ဂြိုဟ်ထောက်ပင့် ချီးမြှင့်ခြင်းစသည်တို့ဖြင့် သဒ္ဓိဝိဟာရိကတပည့်တို့၌ ဥပဇ္ဈာယ်ဆရာက ပြုရာသော ဝတ်လည်းကောင်း။

၁၃။ အာစရိယဝတ္တဉ္စ၊ နံနက်စောစောထ၍ ကိုယ်ဝတ်ကို လက်ကတော့တင်၍ မျက်သစ်ရေ တံပူကပ်ခြင်း, ယာဂုဆွမ်းကပ်ခြင်း, သပိတ်ခွက်ဆေးခြင်း, ကျောင်းအိပ်ရာ, နေရာတို့ကို သုတ်သင်ခြင်း, နေလှန်းခြင်း, တံမြက်လှည်းခြင်း, နေရာခင်းခြင်း စသည်ဖြင့် ဆရာလေးပါးတို့၌ တပည့်လေးပါးတို့က ပြုရာသော ဝတ်လည်းကောင်း။

၁၄။ အန္တေဝါသိကဝတ္တဉ္စ၊ သင်္ဂြိုဟ်ထောက်ပင့် ချီးမြှင့်ခြင်း စသည်ဖြင့် တပည့်လေးပါးတို့၌ ဆရာလေးပါးတို့က ပြုရာသော ဝတ်လည်းကောင်း။ [၃] [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ဝတ္တေတဗ္ဗံ ပဝတ္တေတဗ္ဗန္တိ ဝတ္တံ၊ သဒ္ဓိဝိဟာရိကာဒီဟိ ဥပဇ္ဈာယာဒီသု ပဝတ္တေတဗ္ဗံ အာဘိသမာစာရိကသီလံ။ (ဝိနယာလင်္ကာရ ဋီကာ)
  2. ခန္ဓကဝတ္တပရိယာပန္နံ အာဘိသမာစာရိကံ။ (ဝိသုဒ္ဓိမဂ်)
  3. ၃.၀ ၃.၁ ပဲခူးမြို့ ဓမ္မိကာရာမ ရွှေကျောင်းတိုက်ဆရာတော်။ ရွှေဂူရှင်ကျင့်ဝတ် အကျယ်ကျမ်း