အနုမောဒနာဝတ်

ဝီကီပီးဒီးယား မှ

ကျောင်းတိုက်တွင်းမှာဖြစ်စေ၊ မြို့ရွာတွင်းမှာဖြစ်စေ၊ ဆွမ်းကျွေးပြီးသောအခါ စသည်တို့၌ ဒကာ, ဒကာမတို့အား ဝမ်းမြောက် ဝမ်းသာ ရှိအောင် တရားဟောခြင်းကို အနုမောဒနာပြုသည်ဟု ခေါ်ဆိုသည်။ (အနု= အဖန်ဖန်+မောဒနာ= ဝမ်းမြောက်စေခြင်း) ထို အနုမောဒနာ တရား ဟောမှုနှင့် စပ်၍ ပြုကျင့်အပ်သောကြောင့် အနုမောဒနာဝတ် ဆိုရသည်။

အနု ပုနပ္ပုနံ မေ ဒိယတေ ပမောဒိယတေတိ အနုမောဒနာ၊ ကာ, သာ ဓမ္မကထာ အနုမောဒနာယ ကတ္တဗ္ဗံ ဝတ္တံ အနုမောဒနဝတ္တံ။ (ဝိနယာလင်္ကာရ ဋီကာ)

အနုမောဒနာ ဝတ်အကျင့်များ[ပြင်ဆင်ရန်]

တရားဟောခြင်း အနုမောဒနာပြုမှုသည် အကြီးဆုံးပုဂ္ဂိုလ်၏ တာဝန် ဖြစ်၏။ ထိုကြောင့် အကြီးဆုံးပုဂ္ဂိုလ်သည် စွမ်းနိုင်လျှင် ကိုယ်တိုင် အနုမောဒနပြုရခြင်း၊ မစွမ်းနိုင်လျှင် စွမ်းနိုင်သူ တပါးပါးကို (သာမဏေလေး ဖြစ်စေ) အနုမောဒနာပြုပါဟု တိုက်တွန်းရခြင်း၊ အကြီးဆုံးပုဂ္ဂိုလ်က မတိုက်တွန်းပဲ မည်သူမျှ အနုမောဒနာ မပြုရ၊ အကြီးဆုံး ပုဂ္ဂိုလ် တိုက်တွန်းလျှင် မငြင်းဆန်ပဲ စွမ်းနိုင်သမျှ ဟောရခြင်း၊ အကြီးဆုံးပုဂ္ဂိုလ်သည် ဝတ္တရားနားမလည်၍ မိမိလဲမဟော သူတပါးလဲ မတိုက်တွန်းလျှင် စွမ်းနိုင်သောပုဂ္ဂိုလ်က အကြီးဆုံးထံ ခွင့်ပန်၍ တရားဟောရခြင်း။

စောင့်ဆိုင်းရခြင်း[ပြင်ဆင်ရန်]

အကြီးဆုံးမထေရ်တရားဟောနေလျှင် ထိုမထေရ် ကြီးအောက် ဝါစဉ်အတိုင်းလေးပါး, ငါးပါးစောင့်ဆိုင်းထိုင်နေရမည်။ (စတူဟိ-ပဉ္စဟိ-ဟု ပါဠိတော် လာ၍ လေးပါး စောင့်စောင့်, ငါးပါး စောင့်စောင့် ဖြစ်နိုင်သည်။ ငါးပါးထက် အလွန်လဲ စောင့်နိုင်ပါသည်။) အကြီးဆုံး မထေရ်ကြီးအောက် ငယ်သော အနုထေရ်တရားဟောနေလျှင် အကြီးဆုံး မထေရ်ကြီးနှင့် တရားဟော အနုထေရ်အောက် သုံးပါးတို့ စောင့်ဆိုင်းရမည်၊ ငါးပါးမြောက် ရဟန်းက တရားဟောနေလျှင် အကြီးဆုံး မထေရ်မှစ၍ အထက်လေးပါးတို့က စောင့်ဆိုင်းရမည်။ ပဉ္စင်း ငယ်တပါးအား တိုက်တွန်း၍ တရားဟောနေလျှင် အကြီးဆုံးမထေရ် အစဉ်အတိုင်း မထေရ်လေးပါးတို့ စောင့်ဆိုင်းရမည်၊ (အချုပ်မှာ-တရားဟောပုဂ္ဂိုလ်မှတပါး ကျန်ရစ်သောပုဂ္ဂိုလ်ထဲတွင် အကြီးဆုံးမှစ၍ လေးပါး စောင့်ဆိုင်းရမည်ဟု ဆိုလိုသည်။) တရားဟော ရဟန်းက အရှင်ဘုရားတို့ ကြွတော်မူကြပါ၊ ငံ့လင့်ဖို့ကိစ္စ မရှိပါဟုဆိုလျှင် မငံ့ဆိုင်းပဲ ကြွသွားနိုင်ပါသည်၊ မဟာထေရ်က တရားဟောရဟန်း ငါ့သျှင် ငါတို့သွားကုန်တော့အံ့ဟုဆို၍ တရားဟောရဟန်းက ကြွကြပါဘုရားဟု ခွင့်လွှတ်လျှင် ကြွသွားနိုင်၏၊ (အဋ္ဌကထာ၌ မဟာထေရေန-သာ လာပါသော်လည်း တပါးပုဂ္ဂိုလ်များလည်း ထို့အတူ ခွင့်တောင်း၍ ခွင့်ပေးသဖြင့် သွားလျှင် အပ်ဖို့ရှိပါသည်) ရွာပမှုဖြစ်စေ၊ တကျောင်းကျောင်း မှဖြစ်စေ ငံ့လင့်စောင့်ဆိုင်းနေအံ့ဟု နှလုံးသွင်းလျက် ကြွသွားပြီးလျှင် နှလုံးသွင်းရာဌာန ရောက်သောအခါ မိမိ တပည့်များအား ဓမ္မကထိက ပုဂ္ဂိုလ်ကို သင်တို့ ငံ့လင့်နေကြဟု မှာကြား၍ လိုရာ သွားနိုင်သည်ဟု အဋ္ဌကထာဆိုသည်၊ စောင့်ဆိုင်းသောသူသည် ထသွားရန် ကိစ္စတစုံတခု ရှိက အနီးနေပုဂ္ဂိုလ်အား ပန်ကြား၍ ထသွားနိုင်လေသည်၊ လူဒါယကာတို့သည် မိမိတို့၏ အလိုအားဖြင့် နှစ်သက်ရာတပါးပါးကို တရားဟောရန် အစောက တောင်းဆိုခဲ့ငြားအံ့၊ ထို ပုဂ္ဂိုလ်သည် မပန်ကြားပဲ တရားဟောခြင်းကြောင့် အပြစ်မရောက်နိုင်၊ တရားဟောနေသူအား စောင့်ဆိုင်းရန်လဲ မထေရ်ကြီး၌ ဝန်မရှိ၊ အများစည်းဝေးကုန်စဉ် အနီးနေသူတို့အား ဟောကြားမည့် တရား၌ လူတို့က တရားဟောရန် တောင်းပန်လျှောက်ထားငြားအံ့၊ ထိုဓမ္မကထိက ပုဂ္ဂိုလ်သည် မထေရ်ကြီးကို ပန်ကြားအပ်သေး၏၊ မဟာထေရ်သည်လည်း အနုမောဒနာပြုရန် တိုက်တွန်းအပ်သော ရဟန်းကိုသာလျှင် စောင့်ဆိုင်းအပ်ပေသည်။

[၁] [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ပဲခူးမြို့ ဓမ္မိကာရာမ ရွှေကျောင်းတိုက်ဆရာတော်။ ရွှေဂူရှင်ကျင့်ဝတ် အကျယ်ကျမ်း