ပိဏ္ဍစာရိကဝတ်

ဝီကီပီးဒီးယား မှ

ဆွမ်းခံကြွသွားလေ့ရှိသော ရဟန်း, သာမဏေတို့ကို ပိဏ္ဍစာရိက-ဟု ခေါ်သည်၊ (ပိဏ္ဍ=ဆွမ်းအလို့ငှာ+စာရိက=လှည့်လည်လေ့ရှိသူ) ထိုဆွမ်း အလို့ငှာ လှည့်လည်သော ပိဏ္ဍစာရိကပုဂ္ဂိုလ်သည် ကျင့်အပ်သောကြောင့် ပိဏ္ဍစာရိကဝတ်ဟု ခေါ်သည်။

ပိဏ္ဍစာရိကဝတ်များ[ပြင်ဆင်ရန်]

ရွာသို့ဝင်အံ့ဟု နှလုံးပြု၍ သင်းပိုင်ကိုအဝန်းညီစ္စာဝတ်ခြင်း၊ ခါးပန်းကို ဖွဲ့ခြင်း၊ အထပ်နှင့်တကွပြု၍ ကိုယ်ဝတ် ဒုကုဋ်တို့ကို သုပ္ပဋိစ္ဆန္န- အရ ရုံခြင်း၊ အနားပတ်သီးတပ်ခြင်း၊ သပိတ်ကို ရေဆေးခြင်း၊ ရေကျင်းခြင်းကို ပြုလျက် သပိတ်ယူ၍ ကောင်းမွန်စွာ မနှေးမလျှင် ရွာတွင်းသို့ ဝင်ရခြင်း၊ ဘတ္တဂ္ဂဝတ်၌ကဲ့သို့ ကောင်းစွာ ဖုံးလွှမ်းလျက် ရွာထဲသွားရခြင်း စသော သေခိယနှင့်အညီ ဝတ်တို့ကိုလည်း ပြုရခြင်း၊ အိမ်သို့ဝင်သည်ရှိသော်အဝင် အထွက် တံခါးကို အမှတ်ပြုရခြင်း၊ အဆောတလျင် မဝင်မထွက်ရခြင်း၊ အလွန်ဝေးသောအရပ်၌ မရပ်ရခြင်း၊ မရှည်မကြာရပ်ခြင်း၊ လျှင်မြန်စွာ မထွက်သွားရခြင်း၊ ဆွမ်းလှူလိုသလော, မလှူလိုသလောဟု ရပ်လျက် မှတ်သားရခြင်း၊ ပြုလုပ်မြဲအမှုကို ချခဲ့သော်လည်းကောင်း ယောက်ချို့, ယောက်မ, ဇွန်းကိုဖြစ်စေ၊ အိုးခွက်, ပန်းကန်ကိုဖြစ်စေ သုံးသပ်ခဲ့သော်လည်းကောင်း၊ ရပ်တော်မူပါဦးဟု လျှောက်ခဲ့သော်လည်းကောင်း၊ ဆွမ်းလှူလိုပေသည်ဟု နှလုံးပြု၍ ရပ်နေရခြင်း၊ ဆွမ်းလောင်းသည်ရှိသော် လက်ဝဲလက်ဖြင့် ရုံထားသော သံဃာဋိသင်္ကန်းကို ဖယ်ရှား၍ လ လက်ဖြင့်သပိတ်ကိုညွတ်၍ လက်နှစ်ဖက်တို့ဖြင့် သပိတ်ကိုမစသိမ်းဆည်း၍ ဆွမ်းကိုခံရခြင်း၊ သေခိယ သိက္ခာပုဒ်တော်နှင့်အညီ ခံယူရခြင်း၊ ဆွမ်းကို

လောင်းလှူသော ဒါယကာ ဒါယိကာမတို့၏ မျက်နှာကို မကြည့်ရခြင်း၊ ဟင်းကိုလည်း လှူလိုသည် မလှူလိုသည်ကို ရှေ့က ဆွမ်း၌ ဆိုခဲ့ပြီးအတူ အမူအရာကိုကြည့်ရှုခြင်း လျှောက်ထားခြင်းတို့ဖြင့် ဟင်းကို လှူလိုသေး သည်ဖြစ်ခဲ့မူ ရပ်နေရခြင်း၊ ဆွမ်းဟင်းစသည်ကို လောင်းလှူခဲ့ပြီးသော် သံဃာဋိသင်္ကန်းဖြင့် သပိတ်ကို ဖုံးလွှမ်း၍ ရိုသေကောင်းမွန်စွာ ကိုယ်အမူအရာဖြင့် မနှေးမလျင် ပြန်နစ်ထွက်လာခဲ့ရခြင်း၊

မှတ်ချက်[ပြင်ဆင်ရန်]

ရှေးအခါ ဆွမ်းခံရာတို့၌ သပိတ်ဖုံးမပါသဖြင့် ရုံထားသော သံဃာဋိဖြင့် သပိတ်ကို ဖုံးလျက် ဆွမ်းခံထွက်သောကြောင့် ထိုသံဃာကို ဖယ်၍ ဆွမ်းခံခြင်း၊ သပိတ်ကို ဖုံးရခြင်းဆိုသည်။ ယခုကာလ သပိတ်ဖုံး ပါပြီးဖြစ်၍ ဖယ်ခြင်း, ဖုံးခြင်းကိစ္စတို့ ပြုဖွယ်မရှိပြီ။

ရှေးဦးစွာ ဆွမ်းခံရွာမှ ကျောင်းသို့ ပြန်ရောက်သော ရဟန်းသည် ကျောင်း၌ နေရာခင်းရခြင်း၊ ခြေဆေးရေ, ခြေဆေးအင်းပျဉ်, ခြေပွတ် အိုးခြမ်းတို့ကို အနီး၌ထားရခြင်း၊ (အဝက္ကာရပါတိ)ခေါ် ဆွမ်းဦးထည့်သောခွက်ကို ဆေး၍ ထားရခြင်း၊ (အဝက္ကာရဝါတိ) ခေါ် ဆွမ်းထည့်သော ခွက်ကား, ဆွမ်းကိုခံယူပြီးသော ပိဏ္ဍစာရိကရဟန်းသည် မိမိမျှတ သုံးဆောင်လောက်ရုံသော ဆွမ်းထက် ပိုလျှံသော ဆွမ်းကို ရည်မှတ် တိုင်းထွာလျက် ရှေးဦးစွာ ပယ်ရှားဆောင်ယူ၍ ထားရာ ဖြစ်ခွက်ဟု ကျမ်းဂန်တို့၌ ဆို၏။

ရှေးအခါ ဆွမ်းခံအတူကြွရိုး, အတူစားရိုး မရှိပဲ ထိုဆွမ်းလောင်း ခွက်ကို ပထမပုဂ္ဂိုလ်က ဆွမ်းပိုများကို နောက်ကြွကိုယ်တော်တို့ဘုဉ်းပေးလိုက ဘုဉ်းပေးနိုင်ကြရန်ဟု ထားကြလေသည်။ ထို့ကြောင့် ထိုခွက်ကို ရှေးဦးရောက်နှင့်သော ပုဂ္ဂိုလ်က ဆေးထားခြင်း၊ ပိုလွန်သော ဆွမ်းများ မစားသေးမီ သွန်ထည့်ခြင်းတို့ ပြုရလေသည်၊ ထို့ပြင် သောက်ရေ, သုံးရေများ တည်ထားရခြင်း၊ ဆွမ်းခံရွာမှ နောက်ရောက်သော ရဟန်းသည် ရှေးပုဂ္ဂိုလ်များမှ ကျန်ခဲ့သော ဆွမ်းကို အလိုရှိခဲ့လျှင် ယူ၍ဘုဉ်းပေးရခြင်း၊ အလိုမရှိခဲ့လျှင် စိမ်းသော မြက်သစ်ပင် မရှိသော ပိုးမရှိသော ရေတို့၌ သွန်ပစ်, မျှောပစ်ရခြင်း၊ ရှေ့ရဟန်းခင်းထားသောနေရာတို့ကို ခေါက်သိမ်း ရခြင်း၊ ခြေဆေးရေ, ခြေဆေးအင်းပျဉ်, ခြေပွတ် အိုးချမ်းတို့ကို သိုမှီး သိမ်းဆည်းရခြင်း၊ ဆွမ်းဦးလောင်းခွက်ကို ဆေး၍ သိမ်းဆည်းရခြင်း၊ ဆွမ်းစားရာ အရပ်ကို တံမြက်စည်းလှည်းရခြင်း၊ ရေမရှိသော သောက်ရေအိုး, သုံးရေအိုး, သန့်သက်ရေအိုးတို့ တွေ့ခဲ့လျှင် ရေထည့်ရခြင်း၊ ထိုအိုးကို မချီ မ-မနိုင်လျှင် အဖော်ပုဂ္ဂိုလ်တို့ကို လက်ယပ်ခေါ်၍ နှစ်ယောက် လက်တွဲ၍ ရေတည်ရခြင်း၊ ဤရေအိုး မချီ မသယ်နိုင်မှုအတွက် နှုတ်မြွက်၍ မခေါ်ငင်ရခြင်း၊ စကားပြောလျှင် မိမိနှင့်တကွ စကားသံကြားသူတို့အတွက် သမာဓိပျက်ဖွယ်ရှိ၍သာ ပိတ်ပင်လေသည်၊ ကျောင်း၌ လူစောင့် မကျန်ခဲ့ပဲ ဆွမ်းခံရွာသို့ ထွက်ရမည့်ကျောင်း၌ သစ်ဘဏ္ဍာ, မြေဘဏ္ဍာ စသည်တို့ကို သိုမှီခြင်း၊ တံခါးပိတ်ခြင်း၊ သော့ခတ်ရခြင်း စသော ဘေးရန် တားမြစ်ရေးတို့ကိုလည်း ပြုသင့်လေသည်၊ ထိုကြောင့် ပိဏ္ဍစာရိကဝတ် အနက်၌ သစ်ဘဏ္ဍာ, မြေဘဏ္ဍာ စသည်တို့ကို သိုမှီးခြင်းဟု ထည့်၍ သမ္ဗန်တော်မူကြပါသည်။ ပါဠိတော်၌ကား မတွေ့။

ပိဏ္ဍစာရိကဝတ် မှတ်သားဖွယ် ပြီးပြီ။ [၁] [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ပဲခူးမြို့ ဓမ္မိကာရာမ ရွှေကျောင်းတိုက်ဆရာတော်။ ရွှေဂူရှင်ကျင့်ဝတ် အကျယ်ကျမ်း