သေနာသနဝတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ကျောင်းကို လည်းကောင်း၊ အိပ်ရာ နေရာကို လည်းကောင်း၊ သေနာသနဟု ခေါ်သည်၊ (သေန=အိပ်ရာ + အာသန= နေရာ) ထိုကျောင်းအိပ်ရာ နေရာတို့၌ ပြုကျင့်အပ်သော ဝတ်ဖြစ်သောကြောင့် သေနာသနဝတ်ဟု ဆိုရသည်။
သေနာသနဝတ်များ
[ပြင်ဆင်ရန်]ရဟန်း, သာမဏေတို့သည် မိမိတို့နေရာ ကျောင်း အိပ်ရာ နေရာကို သန့်ရှင်းအောင် သုတ်သင် ရှင်းလင်းကြရသည်။ ထိုကြောင့် နေသောကျောင်း၌ သုတ်သင်ရှင်းလင်းခြင်းငှာ စွမ်းနိုင်ခဲအံ့၊ ရှေ့ဦး သပိတ်, သင်္ကန်း, နိသီဒိုင်, ဘုံလျှို, ခေါင်းအုံးများကို လည်းကောင်း၊ ညောင်စောင်း, အင်းပျဉ်, ညောင်စောင်းခြေ, ကုလားထိုင်, ဗီရို, ထွေးခံ, တကဲပြင်, စားပွဲ စသည်တို့ကိုလည်းကောင်း မထိခိုက်အောင် ထုတ်၍ သင့်တော်ရာ၌ ထားရခြင်း၊ မြေအခင်း သင်ဖြူစသော အခင်းမျိုးတို့ကို ခင်းထားပုံ အခြင်းအရာ မှတ်သားလျက် ခေါက်လိပ် ထုတ်ဆောင်၍ သင့်လျော်ရာ၌ ထားရခြင်း၊ ကျောင်း၌ ပင့်ကူအိမ် ပိုးအိမ် စသော အမှိုက်သရိုက်ရှိခဲ့သော် အထက် မျက်နှာကြက် ဗိတာန်မှစ၍ လှည်းပယ် ပွတ်ခတ်ချရခြင်း၊ လေသာပြတင်း တိုက်ခန်းထောင့်အဖိုတို့ကို ပွတ်တိုက် ရခြင်း၊ ဂွေ့သင်္ဘော (သင်္ဘောဆေး) စသည်ဖြင့် အပြေအပြစ်ပြုထားသော နံရံတို့ မှိုတက်ခဲ့အံ့၊ ပုဆိုးကြမ်း ရေဆွတ်ညှစ်ပြီး ပွတ်တိုက်ရခြင်း၊ မည်းနက်သော အရောင်အဆင်းဖြင့် အပြေအပြစ်ပြုထားသော မြေသည် မှိုတက်ခဲ့အံ့၊ ထိုအတူ ပွတ်တိုက်ရခြင်း၊ အပြေအပြစ် မပြုသော မြေအဖို့၌ကား ကျောင်းကို မြူသည် မနှိပ်စက် မဖျက်ဆီးပါစေလင့်ဟု နှလုံးပြု၍ ရေဖြင့်ဖြန်းလျက် မြေအဖိုကို တံမြက်ခတ်ရခြင်း၊ အမှိုက်တို့ကို စုရုံး၍ သင့်တော်သောဒေသ၌ သွားစွန့်ပစ်ရခြင်း၊ ရဟန်း, သာမဏေတို့ အနီးအပါး ကျောင်းအနီးအပါး သောက်ရေအိုး, သုံးရေအိုး အနီး အပါး လေညာ, လေထက်အရပ်တို့၌ ကျောင်းအိပ်ရာ နေရာစသည်တို့ကို အမှိုက်အမှုန် ထုတ်ခြင်းဖြင့် မခါမပုတ်ရခြင်း၊ လေအောက်၌ ပုတ်ခါရခြင်း၊ အခင်းအမျိုးတို့ကို သင့်တော်ရာ၌ နေလှန်းခြင်း၊ သုတ်သင်ခြင်း၊ ခါပုတ်ခြင်းတို့ကို ပြု၍ ထားမြဲနေရာ၌ ပြန်ခင်းထားရခြင်း၊ ဤ၌ ပထမယူစဉ် ခင်းထားသူက နားလည်မှုမရှိ၍ ခင်းပုံ နေရာမကျ ရှိခဲ့သော်ရှေ့ခင်းထားအတိုင်း မခင်းမူ၍ ထက်ဝန်းကျင်မှု နံရံကို လက်နှစ်သစ် သုံးသစ်မျှ လွတ်စေ၍ ခင်းထားခြင်းကား ခင်းထားရာ ဝတ္တရားတည်း ဟု အဋ္ဌကထာ ဆိုသည်။
ညောင်စောင်းစသည်တို့ကို သင့်လျော်ရာ၌ နေလှမ်းသုတ်သင် ခါလှန်းပြီးလျှင် ရိုသေကောင်းမွန်စွာ တံခါးရွက်, တံခါးပေါင်, မြေစသည်တို့ မထိခိုက် မပွတ်ခတ်စေပဲ ရှေ့ခင်းထားမြဲ အစဉ်အတိုင်း ပြန်ခင်းထားရခြင်း၊ သပိတ်ထားသူသည် လက်တဖက်ဖြင့် သပိတ်ကို ကိုင်၍ လက်တဖက်ဖြင့် ညောင်စောင်း အင်းပျဉ်အောက်တို့ကို သုတ်သင်ပြီးမှ သပိတ်ထားရခြင်း၊ (အကြားမရှိ) အခင်းမရှိသော မြေ၌ သပိတ်မထားရခြင်း၊ အခင်းမရှိသော ဖုန်ကျောက်စရစ်ရှိသောမြေပေါ်၌ သပိတ်မထားအပ်၊ မည်းသော အဆင်းဖြင့် အပြေအပြစ်ပြုသော မြေပေါ်၌ ဖြစ်စေ၊ အင်္ဂတေကျံထားသော မြေပေါ်၌ ဖြစ်စေ၊ မြူမှုန်ကင်းခဲ့သည်ဖြစ်အံ့၊ သပိတ်ထားခြင်းငှာ အပ်၏၊ သန့်ရှင်းပြောင်စင်သော သဲပေါ်၌ သပိတ်ထားအပ်၏။ မြေမှုန့် မြူကျောက်စရစ် စသည်တို့ အပေါ်၌ သပိတ်မထားအပ်၊ ၎င်းတို့အပေါ် သစ်ရွက်ဖြစ်စေ၊ သပိတ်ခြေဖြစ်စေ ခံ၍ သပိတ်ထားအပ်၏။ သင်္ကန်းထား သူသည် လက်တဖက်ဖြင့် သင်္ကန်းကိုင်၍ လက်တဖက်ဖြင့် သင်္ကန်းတန်းကို ပွတ်တိုက်ပြီး၍ ထိုမှာဘက်က အစွန်းကို ထားလျက် ဤမှာဘက်မှ အခွေပြု၍(အခေါက်ပြု၍)တင်ထားရခြင်း (ဤ၌ သင်္ကန်းတန်းစသည်တို့၏ အောက်၌ လက်ကိုသွင်း၍ ရှေ့ရှုသောလက်ဖြင့် ဖြည်းဖြည်းသာသာ ချဖို့ရန်အတွက် ဟိုဘက်ကို အစွန်းပြု၍ မိမိဘက် အခွေအခေါက်) ပြထားဟု ဆိုလိုသည်၊ အစွန်းတို့ကို ကိုင်၍ အခွေလိုက် အခေါက်လိုက် သင်္ကန်းတန်း အပေါ်ပစ်တင်ခဲ့အံ့၊ အခေါက်ကို နံရံ၌ ထိပါးရာ၏၊ ထို့ကြောင့် ထိုထိပါးသော အခြင်းအရာအားဖြင့် မပြုအပ်ဟု အဋ္ဌကထာဆိုသည်။ မြူနှင့်တကွ လေလာသည်ရှိသော် လေသာပြတင်းကို ပိတ်ရခြင်း၊ ချမ်းအေးသောအခါ နေ့အချိန်တွင် လေသာပြတင်းဖွင့်၍ ညအချိန် ပိတ်ရခြင်း၊ ပူသောအခါ နေ့အချိန် လေသာပြတင်း ပိတ်၍ ညအချိန် ဖွင့်ရခြင်း ပရိဝုဏ်, ရေချိုးအိမ်, တံခါးမုခ်, ညီမူရာဇရပ်, မီးတင်းကုပ်တို့၌ အမှိုက်ရှိခဲ့အံ့၊ အမှိုက်များ လှည်းရခြင်း၊ (ဤ၌ ပရိဝုဏ်ဟူသည် ပတ်ဝန်းကျင် အတွင်း အရပ်ကို) ဆိုသည်။ ထိုပရိဝုဏ်သည် ကျောင်းပတ်ဝန်းကျင် အတွင်းကို ကျောင်းပရိဝုဏ်၊ ကုဋိပတ်ဝန်းကျင် အတွင်းကို ကုဋိပရိဝုဏ်၊ ဘုရားစေတီ ပတ်ဝန်းကျင် အတွင်းကို စေတီပရိဝုဏ်ဟု အမျိုးမျိုးရှိသည်ဟု မှတ်။
ပရိဝေဏန္တိ ဝစ္စကုဋိ ပရိက္ခေပဗ္ဘန္တရံ။ (စူဠဝါ အဋ္ဌကထာ ခုဒ္ဒကဝတ္ထု)
သောက်ရေ, သုံးရေမရှိက တည်ထားရခြင်း၊ သန့်သက်ရေအိုး၌ ရေ မရှိခဲ့အံ့၊ ရေခပ်သွန်းလောင်းရခြင်း၊ (ဤဝတ်တိုင်အောင် ကျောင်း သုတ်သင်ရှင်းလင်းသော ဝိဟာရ သောဓန ဝတ်ဟု ခေါ်သည်၊ တပါးသော ဝတ်ပြုခြင်းတို့၌ ကျောင်းသုတ်သင်ရခြင်း၊ ဝိဟာရ သောဓနဝတ် ဆိုပါက ဤ တိုင်အောင် ဝတ်စုဟု မှတ်ပါ။) မထေရ်ကြီးနှင့် တကျောင်းတည်း နေခဲ့အံ့၊ မထေရ်ကြီးကို မပန်ကြားပဲ ပါဠိ အဋ္ဌကထာ မချပို့ မသင်ပေးရခြင်း၊ ရွတ်အံသရဇ္ဈာယ်ခြင်းကို မပြုရခြင်း၊ တရားမဟောရခြင်း၊ (ဆီမီး ဓာတ်မီး) မထွန်းရ, မငြိမ်းသတ်ရခြင်း၊ လေသာပြတင်းကို မဖွင့် မပိတ်ရ၊ ဤတကျောင်းတည်းနေ မထေရ်ကြီးကို ပန်ကြားရာ၌ အများသုံးဆောင်သော တံခါးမ၌ ပန်ကြားဖွယ် မလို၊ ပါဠိတော် သင်ပေးခြင်း စသည်တို့ကိုကား ပန်ကြားရမည်သာ၊ နေ့တိုင်းသော်လည်း ပန်ကြားရ၏၊ သို့မဟုတ် ပါဠိ သင်ခြင်းစသည်တို့ကို အလိုရှိတိုင်း ပြုလုပ် နိုင်ရန် ခွင့်ပြုတော်မူပါသည် စသည်ဖြင့် အပြီးပန်ကြားထားသည်ရှိသော် မထေရ်ကြီးက ကောင်းပြီဟု ခွင့်ပြုခဲ့အံ့၊ ပန်ကြားဖွယ်မရှိ၊ မပန်ကြားသေးမီ မထေရ်ကြီး ကိုယ်တိုင်က ချမ်းသာအောင်နေဟု အစောက ခွင့် ပေးထားအံ့၊ ပန်ကြားဖွယ်မရှိပြီ။ တနည်းအားဖြင့် အကျွမ်းဝင် ချစ်ခင်သော မထေရ်ကြီးအား အကျွမ်းဝင်သောအားဖြင့် ငါပြုသည်ကိုသဘော တူလတ္တံ့ဟု နှလုံးပြု၍ မပန်ကြားပဲ ပါဠိသင်ခြင်းစသည်ပြုနိုင်၏ဟု အဋ္ဌကထာ ဆိုသည်၊ မထေရ်ကြီးနှင့် စင်္ကြံသွားခဲ့အံ့၊ ထေရ်ကြီးဘက်သို့ မျက်နှာမူလှည့်၍ သွားရခြင်း၊ (ကျောပေး၍ မလှည့်ရဟု ဆိုလိုသည်။) မထေရ်ကြီးကို သင်္ကန်းဝန်းဖြင့် ထိပါးတိုက်ခိုက်ခြင်းအမှုများ မပြုရခြင်း၊ ဆွမ်းစားကျောင်းစသည်တို့၌ နေထိုင်သွားသောအခါတို့၌ ထို့အတူ မထေရ်ကြီးကို မျက်နှာမူ၍ နေထိုင်သွားလာ လှည့်ပတ်ရခြင်း၊ ဤကား ပါဠိတော်အဋ္ဌကထာတို့၌ လာသော သေနာသန ဝတ်ပြုပုံတည်း၊ ဤမှ တပါး ယခုခေတ်နှင့်လျော်သော သေနာသနဝတ်များလည်း ရှိတန်ရာ၏။ ကျန်းဂန်ထဲ မပါသော်လည်း ပြုသင့်သည်ဟု မှတ်၊ ဥပမာ-စက်ရှိသော ကျောင်း၌ မီးစက်မောင်းခြင်း၊ မီတာဖွင့်ခြင်း၊ မီးဖွင့်ခြင်း၊ ထင်းလှောင် ထားသော ကျောင်းမျိုး၌ ထင်းပေါက် ထင်းခွဲ ထင်းဖြတ်ခြင်း စသည်တို့သည် သေနာသနဝတ်အတွင်းသို့ သက်ဝင်သည်ဟု မှတ်။
သေနာသနဝတ် မှတ်သားဖွယ် ပြီးပြီ။ [၁] [၁]