အာရညကဝတ်

ဝီကီပီးဒီးယား မှ

တောကျောင်း၌ နေတတ်သော ပုဂ္ဂိုလ်ကို အာရညက ပုဂ္ဂိုလ်ဟု ခေါ်ရသည်၊ (အာရည=တော၌+ က=နေတတ်သူ) ထိုတောကျောင်းနေ အာရညက ပုဂ္ဂိုလ်သည် ကျင့်ကြံအပ်သော ဝတ်ဖြစ်သောကြောင့် အာရညကဝတ်ဟု ဆိုသည်။

အရညေ ဝသတီတိ အာရညိကော၊ တေန ဝတ္တိတဗ္ဗံ ဝတ္တံ အာရညိကဝတ္တံ။ (ဝိနယာလင်္ကာရ ဋီကာ)

ထိုဋီကာအရ အာရညကင်ဓုတင် မဆောက်တည်သော်လည်း အာရညကဝတ်ကိုကား ပြုရမည်ဟု မှတ်ပါလေ။

အာရညကဝတ်များ[ပြင်ဆင်ရန်]

တောနေပုဂ္ဂိုလ်သည် စောစောထ၍ သပိတ်ကို အိတ်၌ထည့်၍ ပခုံး၌ ချိတ်ပြီး သင်္ကန်းကို ပခုံး၌ တင်ခြင်း၊ သစ်ဘဏ္ဍာ, မြေဘဏ္ဍာတို့ကို သိုမှီးခြင်း၊ တံခါးမ, လေသာတံခါးတို့ကို ပိတ်ခြင်းတို့ကိုပြု၍ ဖိနပ်စီးလျက် မိမိ နေရာ အရပ်မှ ထွက်ရခြင်း၊ ရွာဝင်တော့မည် ပြုသောအခါ ဖိနပ်ချွတ်၍ ကောင်းမွန်စွာ ခါရမ်းလျက် သင်းပိုင်ကိုအဝန်းညီစွာ ဝတ်ခြင်း၊ ခါးပန်းကို ဖွဲ့ခြင်း အထပ်ရှိသည်ကို ပြု၍ သံဃာဋိ သင်္ကန်းတို့ကိုရုံခြင်း၊ (ဤ၌ ဒုကုဋ်နှင့်ကိုယ်ရုံ ထပ်ရုံရမည်၊ သံဃာဋိ-ဒုကုဋ်မရှိသောသူမှကား ကိုယ်ရုံ တထည်ဖြစ်စေ၊ နှစ်ထည်ဖြစ်စေ ရုံနိုင်သည်။ ထိုကြောင့် အထပ်ရှိသည်ကို ပြု၍ဟု ဆိုခဲ့သည်၊ အနားပတ်သီးတပ်ရခြင်း၊ ဆေးပြီး သပိတ်ယူ၍ ကောင်းမွန်စွာ မနှေးမလျင် ရွာထဲသို့ ဝင်ရခြင်း၊ ဘတ္တဂ္ဂဝတ်၌ ဆိုခဲ့ပြီးသောနည်းတူ ကောင်းစွာ ဖုံးလွှမ်း၍ သွားရခြင်း စသော သေခိယလာ သွားသော အစီအရင်တို့ဖြင့် သွားရခြင်း၊ အိမ်ဝင်သောအခါ အဝင် အထွက်, တံခါးမှတ်ခြင်း စသော ဆွမ်းခံ လှည့်လည်သော အစီအရင်ကို ပိဏ္ဍစာရိကဝတ်၌ ဆိုခဲ့ပြီးသောနည်းအတိုင်း ကျင့်ကြံရခြင်း၊ တောနေ ပုဂ္ဂိုလ်သည် သောက်ရေသုံးရေ တည်ထားရခြင်း၊ ရေအိုး, ရေခွက် မပြည့်စုံပါက သောက်ရေကိုပင် သုံးရေပြု၍ တအိုးတည်းပင် တည်ထားရခြင်း၊ အိုးခွက် ရှာမရခဲ့သော် ဝါးကျည်တောက်ကိုပင် အိုးပြု၍ တည်ထားရခြင်း၊ ဝါးကျည်တောက်ကိုပင် ရှာမရခဲ့သော် မိမိ ကျောင်းအနီး၌ ရေတွင်းနီးအောင်ပြုလုပ်ထားရခြင်း၊ မီးကို အမြဲမပြတ် တည်ထား မွှေးထားရခြင်း၊ မီးပွတ်ခုံနှင့် ပွတ်ကျည်ထားရခြင်း၊ (မီး လိုသောအခါ ရရှိရန် သစ်သားလေးဖက်ဖြစ်စေ၊ နှစ်ဖက်ဖြစ်စေ၊ တဖက်ဖြစ်စေ ညီညွတ်အောင်ရွေ၍ ပွတ်ရန် အရာများပြ၍ထားသော သစ်သားဝတ္ထုကို မီးပွတ်ခုံခေါ်သည်၊ ထိုမီးပွတ်ခုံအရာပြရာ၌ ပွတ်ရန်ပြုစားသော သစ်သားချောင်းကို ပွတ်ကျည်ဟု ခေါ်သည်၊ မီးလိုလျှင် ပွတ်ကျည် သစ်သား ချောင်းဖြင့် ပွတ်ခုံကို ပွတ်လှည့်လျှင် မီးထွက်နိုင်၏၊) မီးပွတ်ခုံ, ပွတ်ကျည် တို့အစား ယခုကာလ ဓာတ်မီးချစ်, သစ်သားမီးချစ်, မီးခတ်ကျောက်တို့ထားလျှင်လည်း အတူတူပင်ဟု မှတ်၊ ထိုသို့ မီးဖြစ်နိုင်သော မီးပွတ်ခုံ, ပွတ်ကျည်တို့ရှိခဲ့လျှင် မီးမွှေးမထားပဲလည်း နေနိုင်၏။

တောနေ ရဟန်းများအတူ ကန္တာရ ခရီးသွားသော သူများလည်း မီးပွတ်ခုံ ပွတ်ကျည်ကို ဆောင်သွားရမည်ဟု ဆို၏၊ အများစု၍ ဂိုဏ်း အပေါင်း၌နေသူအား ထိုမီးပွတ်ခုံ ပွတ်ကျည်တို့ မရှိပဲလည်း နေနိုင်၏။ တောင်ဝှေးထားရခြင်း အလုံးစုံဖြစ်စေ၊ အချို့ဖြစ်စေ၊ နက္ခတ်တို့ကို သင်ထားရခြင်း၊ ဤပါဠိတော်တွင် တောနေရဟန်းများအား ခိုးသူတို့က အရှင်ဘုရားတို့ ယနေ့သည် ဘယ်နက္ခတ်နှင့် ယှဉ်ပါသလဲဟု မေးမြန်း၍ မရသဖြင့် ဤသူတွေဟာ သူခိုးတွေပဲ ရဟန်းမဟုတ်ဟု ပြောဆိုရိုက်နှက် ကုန်လျက် သွားကြကုန်သောကြောင့် နက္ခတ်တို့ကို အလုံးစုံဖြစ်စေ၊ အချို့ဖြစ်စေ သင်ရမည့် ဝတ်အကျင့်တို့ကို ပညတ်တော်မူ၏။ နက္ခတ်ဟူသည် ကောင်းကင်၌ မြင်းမိုရ်တောင်ကို လှည့်ပတ်၍ သွားလာနေကြသော ခြောက်လုံး, သုံးလုံးစသော ကြယ်အပေါင်းကိုပင် အဿဝနီနက္ခတ်, ဘရဏီ နက္ခတ် စသည် ခေါ်ဝေါ်ပညတ်ကြ၏။ အဘိဓာန် သဂ္ဂကဏ္ဍမှ -

နက္ခတ် ၂၇-လုံး[ပြင်ဆင်ရန်]

၁။ အဿဝနီနက္ခတ်။ ၂။ ဘရဏီ။ ၃။ ကြတ္တိကာ။ ၄။ ရောဟဏီ။ ၅။ အနုရာဓ။ ၅။ မိဂသီ။ ၆။ အဒြ။ ၇။ ပုန္နဖုသျှ။ ၈။ ဖုသျှ။ ၉။ အသလိဿ။ ၁၀။ မာဃ။ ၁၁။ ပြုဗ္ဗဖလဂုနီ။ ၁၂။ ဥတ္တရဖလဂုနီ။ ၁၃။ ဟသတ။ ၁၄။ စိတြ ၁၅။ သွာတိ။ ၁၆။ ဝိသာခါ။ ၁၇။ အနုရာဓ။ ၁၈။ ဇေဋ္ဌ။ ၁၉။ မူလ။ ၂၀။ ပြုဗ္ဗာ။ ၂၁။ ဥတ္တရာသာဠ်။ ၂၂။ သရဝဏ်။ ၂၃။ ဓနသိဋ္ဌ။ ၂၄။ သတဘိသျှ။ ၂၅။ ပြုဗ္ဗဘဒြပိုဒ်။ ၂၆။ ဥတ္တရဘဒြပိုဒ်။ ၂၇။ ရေဝတီ နက္ခတ်၊ ပေါင်း ၂၇-လုံးရှိသည်။

မဟာနိဒ္ဒေသ ပါဠိတော် အဋ္ဌကဝဂ် တုဝဋ္ဋက သုတ္တနိဒ္ဒေသ၌ “နက္ခတ္တပါဌကာ နက္ခတ္တံ အာဒိသန္တိ အဋ္ဌဝီသတိ နက္ခတ္တာနိ ဣမိနာ နက္ခတ္တေန ဃရပ‌ဝေသော ကာတဗ္ဗော” စသည်ဖြင့် နက္ခတ် ၂၈-လုံး လာသည်။

အာရညကဝတ် အနက်၌ နက္ခတ် တာရာတို့ကို မှတ်သားခြင်းဟု သမ္ဗန်ရာဝယ် နက္ခတ်နှင့်တာရာ တူသလော ထူးသလာ? တာရာတို့ကို ဝိနည်းတို့၌ မတွေ့ရ၊ ထိုအာရညကဝတ်၌ “နက္ခတ္တ ပဒါနိ”ဟုသာ လာခဲ့သည်၊ မာဂဓ အဘိဓာန်၌ “နက္ခတ္တံ ဇောတိ တံ တာရာ၊ အပုမေ တာရကောဠူ စ”ဟု နက္ခတ်ပရိယာယ် ခြောက်ပုဒ် အတွင်း၌ တာရာ-ပါနေသဖြင့် နက္ခတ်, တာရာ အတူတူပါဟု ဆိုဖွယ်ရှိ၏။ သို့သော် လောကီကျမ်း၌ နက္ခတ်ကြီး ၂၇-လုံးအပြင် တာရာကြီး ၉-လုံးကို ပြကြသေး၏။ ထိုတာရာကြီး ၉-လုံးမှာ နက္ခတ်တို့ကဲ့သို့ ကြယ် ၁၀-လုံး အပေါင်းစသည်ကို ကျီးတာရာ စသည် ခေါ်ကြသဖြင့် ၎င်းလောကီတို့အလို နက္ခတ်နှင့် တာရာ မတူ ထူးခြားသည်ဟု ယူဆဖွယ် ရှိသည်၊

တာရာကြီး ၉-လုံးကား[ပြင်ဆင်ရန်]

၁။ ကျီးတာရာ။ ၂။ ဟင်္သာတာရာ။ ၃။ ပုဇွန်တာရာ။ ၄။ ချိန်တာရာ။ ၅။ ဆန်ကျင်တာရာ။ ၆။ တံငါတာရာ။ ၇။ ဆင်တာရာ။ ၈။ မြင်းတာရာ။ ၉။ ဗျိုင်းတရား

ပုဇွန်, ဟင်္သာ၊ ချိန်, တံငါ, ဆင်၊ ဆန်ကျင်, ကျီး, မြင်း၊ ဗျိုင်းကိုသွင်း, ကိုးသင်း တာရာကြီး။

ဆိုခဲ့သော နက္ခတ်, တာရာတို့ကို အမည်နှင့်တကွ လနှင့်ယှဉ်ပုံ စသည်တို့ကို သိအောင် စွမ်းနိုင်သမျှ သင်ကြားထားရမည့်ပြင် အရပ်မျက်နှာကို မှတ်သားထားခြင်း၊ (ဤအရာနှင့်စပ်၍ တနင်္ဂနွေစသောနေ့များ ဝါရ မိတ္တု, နဂါးလှည့်, ရက်ရာဇာ, ပြဿဒါးစသော သူခိုးဒမြတို့ မေးတတ်သော အချက်တို့ကို သိထားနိုင်က ဘုရားအလိုတော်နှင့်တကွ ဘေးရန် အပြစ်များ လွတ်လပ်ခြင်းအကျိုး တိုးပွားနိုင်ဖွယ်ရာ ရှိလေသည်။)

အာရညကဝတ် မှတ်သားဖွယ် ပြီးပြီ။ [၁] [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ပဲခူးမြို့ ဓမ္မိကာရာမ ရွှေကျောင်းတိုက်ဆရာတော်။ ရွှေဂူရှင်ကျင့်ဝတ် အကျယ်ကျမ်း