အာဂန္တုကဝတ်
| တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
| ဗုဒ္ဓဘာသာ |
|---|
သူတပါး ကျောင်းတိုက်သို့ ခေတ္တခဏ သွားရောက်သော ရဟန်း, သာမဏေတို့ကို အာဂန္တုက (ဧည့်သည်) ဟုခေါ်သည်။ ဧည့်သည်အာဂန္တုကတို့ ပြုကျင့်ရမည့်ဝတ် ဖြစ်သောကြောင့် အာဂန္တုကဝတ် ဟု ခေါ်ဆိုခြင်း ဖြစ်သည်။ ဤဝတ်များကို မလိုက်နာပါက ရဟန်းတော်များမှာ ဒုက္ကဋ်အာပတ် သင့်နိုင်ပြီး၊ သာမဏေများမှာ ဒဏ်သင့်နိုင်ပါသည်။
အာဂန္တုက ပြုကျင့်ရမည့် ဝတ်များ
[ပြင်ဆင်ရန်]ကျောင်းတိုက်သို့ ရောက်သောအခါ
ကျောင်းတိုက်၏ ဥပစာ (အရံ) အတွင်းသို့ မဝင်မီ အောက်ပါတို့ကို ပြုလုပ်ရမည်။
- ဖိနပ် ချွတ်ခြင်း
- ထီး ရုပ်ခြင်း
- ဦးခေါင်းခြုံ (ရှိလျှင်) ဖွင့်ခြင်း
- ဦးခေါင်းပေါ်တင်ထားသော သင်္ကန်းကို ပခုံးသို့ ပြောင်းရွှေ့ခြင်း
- မနှေးမမြန်သော အမူအရာဖြင့် ကျောင်းတိုက်အတွင်းသို့ ဝင်ရောက်ခြင်း
- ကျောင်းနေ (အာဝါသိက) ရဟန်းများ မည်သည့်နေရာတွင် နေထိုင်ကြောင်း အမှတ်အသားပြုခြင်း
- အာဝါသိက ရဟန်းများထံ သွားရောက်၍ သပိတ်၊ သင်္ကန်းတို့ကို သင့်တော်ရာတွင် ထားခြင်း
- လျောက်ပတ်သော နေရာ၌ နေထိုင်ခြင်း
နေရာထိုင်ခင်းနှင့် အသုံးအဆောင်များ
[ပြင်ဆင်ရန်]- ရေကို မေးမြန်းခြင်း - သောက်ရေနှင့် သုံးရေကို မေးမြန်းပြီးမှ သုံးစွဲရမည်။
- ခြေဆေးခြင်း - သုံးရေကို ယူ၍ ခြေဆေးနိုင်သည်။ ခြေဆေးရာတွင် လက်တစ်ဖက်ဖြင့် ရေလောင်းပြီး အခြားလက်တစ်ဖက်ဖြင့် ပွတ်တိုက်ဆေးကြောရမည်။
- ဖိနပ်သုတ်ခြင်း - ဖိနပ်သုတ်ရန် အဝတ်ကို မေးမြန်းတောင်းခံရမည်။ ရှေးဦးစွာ ခြောက်သောအဝတ်ဖြင့် သုတ်ပြီးမှ စိုသောအဝတ်ဖြင့် သုတ်ရမည်။ အသုံးပြုပြီးလျှင် ပြန်လည်ဖွပ်လျှော်၍ သင့်တော်ရာ၌ နေလှန်းထားရမည်။
- ဂါရဝပြုခြင်း - အာဝါသိက မထေရ်ကြီးကို ရှိခိုးရမည်။ မိမိထက် ဝါငယ်သော အာဝါသိကရဟန်းများကိုမူ သူတို့၏ ဝါကိုမေးမြန်းခြင်းဖြင့် ရှိခိုးစေရာရောက်သည် ("သင်, ဝါ ဘယ်လောက်ရှိပြီလဲ" ဟု မေးရသည်)။
မေးမြန်းရမည့် အချက်များ
[ပြင်ဆင်ရန်]ကျောင်းတိုက်၏ အခြေအနေနှင့် စည်းကမ်းများကို သိရှိရန် အောက်ပါအချက်များကို မေးမြန်းရမည်။
- ကျောင်းနေရာ မေးမြန်းခြင်း - မိမိနေထိုင်ရမည့် ကျောင်းကို မေးမြန်းရမည်။ ထိုကျောင်းသည် ယခင်က လူများနေထိုင်ဖူးခြင်း ရှိ၊ မရှိ မေးရမည်။
- ဆွမ်းခံ နှင့် ပတ်သက်၍ မေးမြန်းခြင်း - ဆွမ်းခံထွက်ရမည့် ရွာ၏ အနီးအဝေး၊ ဆွမ်းခံချိန် စောခြင်း၊ နောက်ကျခြင်းတို့ကို မေးရမည်။
- အဂေါစရရွာ (ဆွမ်းမခံသင့်သော ရွာ) ကို မေးမြန်းခြင်း - မိစ္ဆာဒိဋ္ဌိရွာ၊ ဆွမ်းကို ပိုင်းခြားလှူသောရွာ ကဲ့သို့သော ရွာများကို သိရှိရန် မေးမြန်းရမည်။
- သေက္ခဟု သမုတ်ထားသော ဒါယကာများကို မေးမြန်းခြင်း - သဒ္ဓါတရားထက်သန်သော်လည်း ပစ္စည်းဥစ္စာရှားပါးသဖြင့် သံဃာတော်များက ဝန်မပိစေရန် "သေက္ခ" ဟု သမုတ်ထားသော ဒါယကာ၊ ဒါယိကာမများထံ ဆွမ်းမခံမိစေရန် မေးမြန်းရမည်။
- အိမ်သာနှင့် ရေသုံးစွဲမှု - ကျင်ကြီး၊ ကျင်ငယ်စွန့်ရာ နေရာများနှင့် ရေတွင်း၊ ရေကန်များ၏ ရေသည် သောက်ရေလော၊ သုံးရေလော (သို့မဟုတ်) နှစ်မျိုးလုံး သုံးနိုင်သလောဟု မေးရမည်။
- တောင်ဝှေး - လက်ကိုင်အဖြစ် အသုံးပြုရန် တောင်ဝှေးကို မေးမြန်း (ငှားရမ်း) နိုင်သည်။
- ကတိကဝတ် - ကျောင်းတိုက်ရှိ သံဃာများ အညီအညွတ် ချမှတ်ထားသော စည်းမျဉ်းဥပဒေ (ကတိကဝတ်) များကို မေးမြန်းလိုက်နာရမည်။
- လုံခြုံရေး - သားရဲ၊ ဘီလူးကဲ့သို့သော ဘေးအန္တရာယ်များကြောင့် မည်သည့်အချိန်တွင် ဝင်ထွက်သင့်သည်ကို မေးမြန်းရမည်။
ကျောင်းနေရာ ပြင်ဆင်ခြင်း
[ပြင်ဆင်ရန်]မိမိနေထိုင်ရန် ရရှိသောကျောင်းသည် လူမနေဘဲ ပစ်ထားသောကျောင်းဖြစ်ပါက -
၁။ တံခါးကို မဖွင့်မီ ခေါက်၍ ခဏစောင့်ဆိုင်းရမည်။
၂။ တံခါးဖွင့်ပြီးနောက် အတွင်း၌ ရှိနိုင်သော မြွေ၊ ဘီလူး စသည်တို့ ထွက်သွားနိုင်ရန် အပြင်၌ ခေတ္တရပ်စောင့်ကြည့်ရမည်။
၃။ ကျောင်းအတွင်း ရှုပ်ပွနေပါက တတ်နိုင်လျှင် တစ်ကျောင်းလုံးကို သန့်ရှင်းရေးလုပ်ရမည်။ မတတ်နိုင်ပါက မိမိနေထိုင်မည့်နေရာကိုသာ သုတ်သင်ရှင်းလင်းရမည်။
ကင်းလွတ်ခွင့်နှင့် အထူးအခြေအနေများ
[ပြင်ဆင်ရန်]- သိပြီးဖြစ်လျှင် မေးရန်မလို - ယခင်က ရောက်ဖူး၍ဖြစ်စေ၊ အာဝါသိကရဟန်းက ကြိုတင်ပြောပြထား၍ဖြစ်စေ ဝတ်များကို သိပြီးဖြစ်ပါက ထပ်မံမေးမြန်းရန် မလိုတော့ပေ။
- အာဝါသ-ပလိဗောဓ - မိမိ၏ မူလကျောင်း၌ ပြန်နေရန် ရည်ရွယ်ချက် (အာဝါသ-ပလိဗောဓ) မပြတ်သေးဘဲ ခေတ္တခဏသာ အခြားကျောင်းသို့ သွားရောက်နေထိုင်ပြီး ပြန်လာပါက မိမိကျောင်းအတွက် အာဂန္တုကဝတ် ပြုဖွယ်မရှိ။ နေရင်းကျောင်းနှင့် အပြီးတိုင် အဆက်အသွယ်ပြတ် (အာလာယပြတ်) သွားပြီးမှ ပြန်လာလျှင်မူ အာဂန္တုကဝတ်ကို ပြုကျင့်ရမည်။
- လမ်းဖြတ်သွားခြင်း - တိပိဋကဝိနိစ္ဆယကျမ်းအရ ကျောင်းတိုက်အတွင်းရှိ ရဟန်းများထံ မဝင်ဘဲ လမ်းဖြတ်သွားရုံမျှဖြင့် အာဂန္တုကဝတ် ပြုရန်မလိုပါ။ [၁]
- ဂိလာန (လူမမာ) - အာဂန္တုကသည် ဂိလာနဖြစ်ပါက ထီးဆောင်းခြင်း၊ ဖိနပ်စီးခြင်း၊ ယာဉ်စီးခြင်းတို့ဖြင့် ကျောင်းတိုက်အတွင်း ဝင်ရောက်သော်လည်း အပြစ်မရှိပေ။
- ခွင့်ပြုချက်ဖြင့် ဖိနပ်စီးခြင်း - အာဝါသိကပုဂ္ဂိုလ်တို့က ဖိနပ်စီးရန်၊ ထီးဆောင်းရန် ခွင့်ပြုပါက အပ်၊ မအပ်မှာ အငြင်းပွားဖွယ်ရာရှိသည်။
- ပုဂ္ဂလိကကျောင်း - ကျောင်းပိုင်ရှင် (အာဝါသိက) က ၎င်းပိုင်ဆိုင်သော ပုဂ္ဂလိကကျောင်း၌ ဖိနပ်စီးရန် ခွင့်ပြုပါက အပ်နိုင်သည်ဟု ယူဆကြသည်။ အကျွမ်းဝင်သူ၏ ပိုင်ဆိုင်မှုသည် မိမိပိုင်ဆိုင်မှုနှင့် တူသည်ဟူသော အဋ္ဌကထာကို ကိုးကားကြသည်။[၂]
- သံဃိကကျောင်း - သံဃာအားလုံးနှင့် သက်ဆိုင်သော သံဃိကကျောင်း၌မူ ခွင့်ပြုချက်ရလျှင်သော်မှ အပ်နိုင်ရန် မမြင်ဟု ယူဆကြသည်။[၂]