ဇန္တာဃရဝတ်

ဝီကီပီးဒီးယား မှ

ဆီးနှင်းအားကြီး၍ အအေးများသော အရပ်ဒေသတို့၌ ငှက်ဖျား စသော အအေးမိသောရောဂါများ ဖြစ်တတ်၏။ ထိုရောဂါများ မဖြစ်ရအောင် ကိုယ်ခန္ဓ၁၌ ချွေးထွက်၍ အဖွင့်ဓာတ်ရစေခြင်းငှာ မီးဖိုပါသော ရေချိုးအိမ်များကို ဆောက်လုပ်ကြရ၏၊ ထို ရေချိုးအိမ် ကျောင်းငယ်ကို ဇန္တာဃရ ဇရုံးအိမ်ဟု ခေါ်သည်၊ (ဇံ=ကိုယ်ကို+တာ=စောင့်ရှောက်သော ဆေးအကျိုးငှါ+ ဃရ=ပြုအိမ်)ထို ဇရုံးအိမ်ကို ချွေးအောင်းရာ အရပ်ဟုလည်း ဆိုနိုင်သည်။

ဇန္တာဃရဉှိ နာမ ဟိမပါတဗဟုလေသု ဒေသေသု တပ္ပစ္စယရောဂပီဠာဒိနိဝါရဏတ္ထံ သရီရသေဒါပနဋ္ဌာနံ။ (ဝိ-ဋီ)

ထိုဇရုံးအိမ်၌ ပြုကျင့်သော ဝတ်ဖြစ်သောကြောင့် ဇန္တာဃရဝတ်ဟု ခေါ်သည်။

ဇန္တာဃရဝတ်များ[ပြင်ဆင်ရန်]

ချွေးဇရုံးအိမ်သို့ ရှေးဦးစွာသွားသူသည် ပြာများနေအံ့၊ ပြာကိုစွန့်ပစ်ရခြင်း၊ ချွေးဇရုံးအိမ် အကျည်, ပရိဝုဏ်, တံခါးမုခ်, ချွေးဇရုံးဇရပ်တို့၌ အမှိုက်ရှိအံ့၊ တံမြက်လှည်းရခြင်း၊ ရေချိုးကသယ်မှုန့်ကို စုရုံးလုံးထွေး ရခြင်း၊ မြေညက်ကို ရေဆွတ်ရခြင်း၊ (ချွေးဇရုံးအိမ်ထဲ ဝင်သောအခါ မီးပူခံနိုင်ရန် မျက်နှာကို သုတ်လိမ်းရန်အတွက် မြေညက် ရေဆွတ်၍ ထားရလေသည်။) ရေထည့်သော စကျဉ်း, စည်ပိုင်းစသည်၌ ရေသွန်းလောင်း ရခြင်း၊ မြေညက်ဖြင့် မျက်နှာလိမ်းကျံ၍ ရှေ့ဘက် နောက်ဘက်မှ ဖုံးလွှမ်းလျက် ဇရုံးအိမ်ထဲသို့ ဝင်ရခြင်း၊ မထေရ်ကြီးကို တိုးဝှေ့၍ မနေရခြင်း၊ သီတင်းငယ်ကို နေရာဖြင့် မတားမြစ်ရခြင်း၊ စွမ်းနိုင်အံ့ မထေရ်ကြီးအား ချေးတွန်းပေးရခြင်း၊ (ဤ၌ ချွေးဇရုံးအိမ်ကား မှောင်မိုက်နေသဖြင့် အများအပြား တပြိုင်တည်းဝင်၍ သင်္ကန်းများ ချထား၍ မီးမပူအောင် မျက်နှာ မြေညက်လိမ်းကျံခါ ခန္ဓာကိုယ်၌ အလိုရှိသလောက် ချွေးထွက် စေပြီးလျှင် ဆပ်ပြာ ကသယ်မှုန့် စသည်တို့ဖြင့် ပွတ်တိုက်ကြ၍ နောင်ခါ ရေချိုးကြမည်ဖြစ်သောကြောင့် မထေရ်ကြီးများအားစွမ်းနိုင်က ဤ၌ပင် ချေးတွန်းပေးရခြင်း ဝတ်ကိုဆိုလေသည်။) ဇရုံးအိမ်မှ ထွက်သောအခါ ဇရုံးအိမ်ခင်း အင်းပျဉ်ကိုယူ၍ရှေ့အတူဖုံးလွှမ်းလျက် ထွက်ရခြင်း၊ အပြင်ရေချိုးရာ၌လည်းစွမ်းနိုင်လျှင် မထေရ်ကြီးတို့အား ချေးတွန်းပေးရခြင်း၊ မထေရ်ကြီးတို့၏ ရှေ့ဘက် အထက်ဘက်က ရေမချိုးရခြင်း၊ ရေချိုးရာမှ တက်သူသည် ရေချိုးဆင်းသူအား ရှောင်၍ လမ်းပေးရခြင်း၊ နောက်ဆုံး ဇရုံးအိမ်မှ ထွက်သူသည် ဇရုံးအိမ်၌ ညွှန်ဗွက် ထနေအံ့၊ ဆေးကြော သုတ်သင်ရခြင်း၊ မြေညက်ထည့်သော ခွက်စကျင်းတို့ကို ရေဆေးရခြင်း၊ ဇရုံးအင်းပျဉ်ကို သိမ်းဆည်းရခြင်း၊ မီးငြိမ်းသတ်ခြင်း၊ တံခါးပိတ်ခြင်း အမှုတို့ကိုပြု၍ ဖဲသွားရခြင်း။”

ဇန္တာဃရဝတ် မှတ်သားဖွယ် ပြီး၏။[၁] [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ပဲခူးမြို့ ဓမ္မိကာရာမ ရွှေကျောင်းတိုက်ဆရာတော်။ ရွှေဂူရှင်ကျင့်ဝတ် အကျယ်ကျမ်း