ဥပဇ္ဈာယဝတ်

ဝီကီပီးဒီးယား မှ

မိဘတို့သည် သားသမီးတို့အပေါ် အမြဲကြည့်ရှု၍ သွန်သင်ဆုံးမ သကဲ့သို့ တပည့်အပေါ်၌ အမြဲ ကြည့်ရှု၍ သွန်သင်ဆုံးမသော ဆရာကို ဥပဇ္ဈာယ်ဆရာဟု ခေါ်သည်၊ ထိုဥပဇ္ဈာယ်ဆရာသည် သာသနာတော်၌ အရင်းနှီးဆုံး ဆရာဖြစ်သည်။ ထို ဥပဇ္ဈာယ်၌ အတူနေတပည့်တို့က ပြုရသောဝတ် ဖြစ်သောကြောင့် ဥပဇ္ဈာယဝတ်ဟု ဆိုသည်။

ဥပဇ္ဈာယ ဝတ်များ[ပြင်ဆင်ရန်]

ဥပဇ္ဈာယ်နှင့် အတူနေတပည့်သည် မိမိကိုယ်တိုင် နေထိုင်ကောင်းလျှင် နံနက်စောစောထ၍ ဖိနပ်ချွတ်ခြင်း၊ ကိုယ်ဝတ်သင်္ကန်း လက်ကန်တော့ တင်ခြင်းပြု၍ ဥပဇ္ဈာယ်အား တံပူကပ်ရခြင်း၊ (ဤ၌ အကြီး, အလတ်, အငယ် တံပူသုံးမျိုးထားလျက် ကပ်ရမည်၊ နှစ်သက်သော တံပူတမျိုးမျိုးကိုသာ ကပ်ရ၏၊ အမှတ်မထား သုံးဆောင်ငြားအံ့၊ အမှတ်မရှိ ရသော တံပူကို ကပ်ရ၏။) မျက်နှာသစ်ရေ ကပ်ခြင်း၊ ဤ၌ ရေနွေး, ရေအေး နှစ်မျိုးပြုလုပ်၍ကပ်ရမည်၊ သုံးရက်တိုင်တိုင် ယူသုံးသောရေကို လေးရက်မြောက်နေ့ကစ၍ ကပ်ရ၏၊ အမှတ်မရှိ သုံးအံ့၊ ရသည့်အားလျော်စွာ ကပ်သင့်၏၊ (နှစ်မျိုးစလုံး သုံးအံ့၊ နှစ်မျိုးစလုံးပင် ကပ်သင့်၏) မျက်နှာသစ်ရေ မျက်နှာသစ်သောနေရာ၌ ထား၍ ဝစ္စကုဋီမှစ၍ တံမြက်လှည်း ရခြင်း၊ ဥပဇ္ဈာယ် ကုဋီတက်သည်ရှိသော် ပရိဝုဏ်ကို တံမြက်လှည်းရခြင်း၊ (ဤသို့ လှည်းသည်ရှိသော် ပရိဝုဏ် မဆိတ်သည်ဖြစ်၏။) ဥပဇ္ဈာယ်ကုဋီမှ မထွက်မီ နေရာထိုင်ရာများကို ခင်းထားရခြင်း၊ ကိုယ်လက်သုတ်သင်ခြင်း ကိစ္စပြီး၍ ခင်းထားသောနေရာ၌နေသော ဥပဇ္ဈာယ်အား ယာဂု ရှိအံ့၊ ခွက်ကို စင်ကြယ်အောင်ဆေး၍ ယာဂုကပ်ရခြင်း၊ ယာဂုဘုဉ်းပေးပြီး ဉပဇ္ဈာယ်အား ရေပေးရခြင်း၊ ယာဂုခွက်ကို ကောင်းမွန် ရိုသေစွာ မထိခိုက်စေပဲ ဆေးကြေ သိမ်းထားရခြင်း၊ ဥပဇ္ဈာယ် နေရာမှ ထသည် ရှိသော် နေရာကို ခေါက်သိမ်းရခြင်း၊ ထိုအရပ်၌ အမှိုက်သရိုက်တို့ ရှိအံ့၊ တံမြက်လှည်းရခြင်း၊ (အမှိုက်မရှိ ရေပေါက်, ရေစက်တို့သာရှိအံ့၊ လက်ဖြင့် ပွတ်တိုက်ရခြင်း) ဥပဇ္ဈာယ်ဆရာ ရွာသို့ ကြွလိုသည်ဖြစ်အံ့ ရွာဝတ်သင်းပိုင် ပေးရခြင်း၊ ကျောင်းဝတ်သင်းပိုင်ကို ယူရခြင်း၊ ခါးပန်း ပေးရခြင်း၊ အထပ်ပြု၍ ကိုယ်ရုံ ဒုကုဋ်တို့ကို ပေးရခြင်း၊ ဆေးကြော၍ ရေနှင့်တကွ သပိတ်ကို ပေးရခြင်း၊ (ဤ၌ သပိတ်တွင် ဆွမ်းမကပ်စေခြင်းငှာလည်းကောင်း၊ ရွာတွင်း၌ ရေငုံလိုက ငုံစေခြင်းငှာလည်းကောင်း ရေထည့်၍ ပေးရမည်။) ဥပဇ္ဈာယ်ဆရာသည် နောက်ပါ အလိုရှိခဲ့အံ့၊ ဥပဇ္ဈာယ်နည်း အတိုင်း ပြုလုပ်၍ နောက်လိုက်ပြုရခြင်း၊ မဝေးလွန်း မနီးလွန်း လိုက်ရခြင်း၊ (နောက်ပြန်ကြည့်သော ဥပဇ္ဈာယ်ကို ခြေတလှမ်း နှစ်လှမ်းဖြင့် မှီနိုင်သော လိုက်ပါ သွားလာခြင်းသည် မဝေးလွန်း မနီးလွန်း လိုက်သည်ဟု မှတ်။

ဥပဇ္ဈာယ်ဆရာ ယာဂုဆွမ်းတို့ကိုရ၍ သပိတ်ပူခြင်း၊ လေးခြင်းရှိခဲ့သော် မိမိသပိတ်ပေး၍ လဲယူရခြင်း ဥပဇ္ဈာယ်စကားပြောစဉ် ဝင်၍မပြောရခြင်း၊ အာပတ် နီးကပ်လာသော ဥပဇ္ဈာယ်စကားကို တားမြစ် ပိတ်ပင် ရခြင်း၊ (တားမြစ်ဆိုသော်လဲ ဤစကား ဆိုသင့်သလော, အာပတ် မသင့်သလောစသည်ဖြင့် မေးသည့်အနေဖြင့် မြစ်အပ်၏။ အဖိုးအို... သည်စကားမပြောနှင့် စသည် ရိုင်းပြသောစကားမျိုးဖြင့် မတားမြစ် အပ်၊) နီးခဲ့သော်လည်းကောင်း၊ ကျောင်း၌ ဂိလာနရှိခဲ့သော်လည်းကောင်း ရှေးဦးစွာ ပြန်လာရခြင်း၊ ရွာဝေးခဲ့အံ့၊ ဥပဇ္ဈာယ်နှင့်အတူ ပြန်သူမရှိခဲ့သော် ဥပဇ္ဈာယ်နှင့်အတူ ရွာမှ ထွက်ရခြင်း၊ ကျောင်းနီးသောအခါ ရှေးဦးရောက်အောင်ပြန်လာ၍ နေရာခင်းခြင်း၊ ခြေဆေးရေ, ခြေဆေးအင်းပျဉ်, ခြေပွတ်အိုးခြမ်းတို့ကိုထားခြင်း၊ ခရီးဦးကြိုဆို၍ သပိတ် သင်္ကန်းလှမ်းယူခြင်း၊ ကျောင်းဝတ်သင်းပိုင်ကိုပေးခြင်း၊ ရွာဝတ်သင်းပိုင် ယူသိမ်းခြင်း၊ သင်္ကန်းချွေးစိုအံ့၊ ခေတ္တနေလှန်းရခြင်း၊ (ကြာကြာသင်္ကန်း နေမလှန်းအပ်၊) သင်္ကန်းများကို ခေါက်ရခြင်း၊ အလယ်ကျိုးမဖြစ်ရန် နှလုံးပြု၍ လက်လေးသစ်မျှသော အနားကိုချန်၍ သင်္ကန်းခေါက်သင့်၏။ အညီပြု၍ ခေါက်ခဲ့အံ့၊ အလယ်၌ (ကျီး)ချိုးသည်ဖြစ်၍ နေ့စဉ် အမြဲ ချိုးခဲ့သောချိုးရာ၌ အားနည်း၍ ဆွေးမြေ့ခဲ့ရာ၏၊ ထိုအပြစ်ကို တားမြစ်ခြင်းငှာ လက်လေးသစ် ရှား၍ခေါက် ဟူသော စကားကို မိန့်သည်။ ထို့ကြောင့် ယနေ့ ခေါက်ချိုးသောနေရာ၌ နက်ဖန်ခေါက်လျှင် မကျိုးစိမ့်သောငှာ မကျိုးရအောင် နေ့တိုင်း နေ့တိုင်း လက်လေးသစ် ရှား၍ ရွေ့၍ ခေါက်သင့်၏၊ သင်္ကန်းခွေထဲ၌ ခါးပန်းကြိုးထည့်ရခြင်း၊ ဆွမ်း ရှိ၍ ဥပဇ္ဈာယ်ဆရာ ဘုဉ်းပေးလိုသည်ဖြစ်အံ့၊ ရေနှင့် ဆွမ်းကပ်ခြင်းကို ပြုရခြင်း၊ ရေဘုဉ်းပေးလိုသလားဟု သုံးကြိမ်တိုင် မေးမြန်းရခြင်း၊ နေမလွဲသေးပဲ အချိန်ရပါသေးလျှင် ဥပဇ္ဈာယ် ဆွမ်းဘုဉ်းပေးပြီးမှ မိမိဆွမ်းစားရခြင်း၊ အချိန်နီးကပ်နေအံ့၊ သောက်ရေကို ဥပဇ္ဈာယ်၏ အနီး၌ထား၍ ဆွမ်းစားရခြင်း၊ ဆွမ်းစားပြီးသော ဥပဇ္ဈာယ်အား ရေကိုပေးရခြင်း၊ သပိတ်ယူ၍ ရိုသေကောင်းမွန်စွာ မထိခိုက်ရအောင် ဆေးကြောပြီး ရေမရှိအောင်ပြု၍ တခဏမျှ နေပူလှန်းရခြင်း၊ (နေပူ၌ သပိတ် ကြာရှည်မလှန်းရခြင်း၊) သပိတ် သင်္ကန်းကို နေရာချထားရခြင်း၊ (သပိတ်, သင်္ကန်းထားသင့် မသင့် အစီအရင်ကို သေနာသနဝတ်၌ ဆိုခဲ့ပြီ၊) ဥပဇ္ဈာယ် ထခဲ့သည်ရှိသော် နေရာစသည် သိမ်းရခြင်း၊ ဥပဇ္ဈာယ် ရေချိုးလိုအံ့၊ ရေနွေး, ရေအေး လိုလိုရာရာ စီရင်ရခြင်း၊ ဥပဇ္ဈာယ် ချွေးဇရုံးအိမ်သို့ ဝင်လိုအံ့၊ ရေချိုးကသယ်မှုန့်ကို လုံးရခြင်း၊ မြေညက်ကို ရေဆွတ်ရခြင်း၊ ဇရုံးအိမ် အင်းပျဉ်ကို ယူ၍ ဥပဇ္ဈာယ်နောက်မှ လိုက်ပါ။ သွား၍ ဇရုံးအိမ် အင်းပျဉ်ကို ပေးရခြင်း၊ သင်္ကန်းကို ယူ၍ သင့်တော်ရာ မီးခိုးပြာ မရှိသောနေရာ၌ ထားရခြင်း၊ ရေချိုးကသယ်မှုန့် မြေညက်တို့ကို ပေးရခြင်း၊ စွမ်းနိုင်အံ့ ဇရုံးအိမ်သို့ ဝင်ရခြင်း၊ (ဇရုံးအိမ် ဝင်ပုံ ပြုကျင့်ပုံ ဝတ်တို့ကို ဇန္တာဃရဝတ်၌ ဆိုခဲ့ပြီ။)

ဥပဇ္ဈာယ်အား ရုံးအိမ်အတွင်း၌ ချေးတွန်းခြင်း စသောအမှု၊ နောင် ရေချိုးသောအခါ၌ ချေးတွန်းခြင်းစသော အမှုများပြုရခြင်း၊ မိမိကိုယ်ပါ ရေချိုးအံ့၊ ရှေးဦးစွာ တက်၍ မိမိကိုယ်ကို ရေမရှိအောင်ပြုခြင်း၊ သင်းပိုင်ဝတ်၍ ဥပဇ္ဈာယ်၏ ကိုယ်မှ ရေကို သုတ်ခြင်း သင်းပိုင်, ကိုယ်ရုံ, ဒုကုဋ် ပေးခြင်း၊ ဇရုံးအင်းပျဉ် ယူ၍ ဥပဇ္ဈာယ်ဆရာ၏ ရှေးဦးပြန်လာလျက် နေရာခင်းခြင်း စသည်ပြုပြင်ခြင်း၊ ဇရုံးအိမ်၌ မီးပူသောကြောင့် ရေတ်သိပ်ခြင်းဖြစ်တတ်ရကား ဥပဇ္ဈာယ်အား သောက်ရေဖြင့်မေးမြန်း ရခြင်း၊ ဆက်ကပ်ရခြင်း၊ ဥပဇ္ဈာယ်ဆရာနေသော ကျောင်း၌ အမှိုက်ရှိအံ့၊ တံမြက်လှည်းရခြင်း၊ အနာရောဂါ မနှိပ်စက်သဖြင့် စွမ်းနိုင်ခဲ့အံ့၊ ဥပဇ္ဈာယ် နေသောကျောင်းကို သုတ်သင်အပ်၏၊ (ကျောင်းသုတ်သင်ပုံ စုံစုံစေ့စေ့ သေနာသနဝတ်၌ရေးခဲ့ပြီ၊ သန့်သက်ရေအိုး၌ ရေထည့်ရခြင်းတိုင် သိလေ) ဥပဇ္ဈာယ်သာသနာ၌ မမွေ့မပျော်သည် ဖြစ်အံ့၊ ကလျာဏမိတ္တ စသည် ပြည့်စုံသော သင့်ရာအခြားအရပ်သို့ခေါ်ဆောင်သွားရခြင်း၊ သူတပါးကိုမူလည်း ခိုင်းရခြင်း၊ တရားစကားကိုမူလည်း ဟောရခြင်း၊ ဥပဇ္ဈာယ် ကုက္က္ကုစ္စ အလို့လို့ ဖြစ်အံ့၊ မိမိကိုယ်တိုင်ပင် ပယ်ဖျောက်ခြင်း၊ သူတပါးကိုမူလည်း ပယ်ဖျောက်စေရခြင်း၊ ဥပဇ္ဈာယ်ဒိဋ္ဌိအယူဖြစ်နေအံ့၊ မိမိကိုယ်တိုင် စွန့်လွှတ်အောင်ပြုရခြင်း၊ သူတပါးကိုလည်း ခိုင်းရခြင်း၊ ဥပဇ္ဈာယ်သော သံဃာဒိသိသ်သို့ရောက်ခဲ့သော် သံဃာဒိသိသ်လွတ်ငြိမ်းရေး အားထုတ်ရခြင်း၊ တဇ္ဇနီယကံစသည် အပြုခံရရေးနှင့် စပ်၍ ပေါ့လျော့လွတ်ငြိမ်းခွင့်ရအောင် အားထုတ်ရခြင်း၊ ဥပဇ္ဈာယ်သင်္ကန်းဖွပ်လို, ချုပ်လို, ဆိုးရေချက်လို, ဆိုးရေ ဆိုးလိုအံ့ မိမိက အားလုံးပြုလုပ်ပေးခြင်း၊ အလိုပြည့်အောင်လည်း လုံ့လ ပြုခြင်း၊ သင်္ကန်းဆိုးသူသည် ကောင်းစွာ သင်္ကန်းကို ပြန်လှန် ပြန်လှန်၍ ဆိုးရခြင်း၊ လှန်းသောသင်္ကန်းဆိုးရည်ကျ မပြတ်သေးမီ ဖဲမသွားရခြင်း၊ (ဤဝတ်တိုင် မှတ်ခဲ့ပါ။ ဥပဇ္ဈာယ်ဆရာ၏ မကြီးပွား မထွန်းကားခြင်းကို အလိုရှိသော ဥပဇ္ဈာယ်၏ ဝိသဘာဂပုဂ္ဂိုလ်အား ဥပဇ္ဈာယ် မပန်ကြားပဲ သပိတ်စသော ပရိက္ခရာ မပေးရခြင်း၊ မိမိကလဲ မယူရခြင်း၊ ဆံရိတ်ချေးတွန်းခြင်းစသော ဝေယျာဝစ္စတို့ကို ဥပဇ္ဈာယ် မပန်ကြားပဲ ပြုမပေးရခြင်း၊ မိမိအားလည်း မပြုလုပ်စေရခြင်း၊ နောက်လိုက်ရဟန်းမလုပ်ရခြင်း၊ ဆွမ်းဆောင် မပေးရခြင်း၊ မိမိအတွက်လည်း မလုပ်စေရ၊ ဥပဇ္ဈာယ် အလဇ္ဇီ ဖြစ်လျှင် သဒ္ဓိဝိဟာရိက တပည့်က ဆုံးမဟောပြောရမည်၊ မရလျှင် ဥပဇ္ဈာယ်၏ ဝိသဘာဂပုဂ္ဂိုလ် လဇ္ဇီနှင့် သမ္ဘောဂဆက်ဆံနိုင်၏၊ ဥပဇ္ဈာယ် အဖြစ် ပမာဏမဟုတ်ဟု ဝိမတိဆိုသည်၊ ဥပဇ္ဈာယ်မပန်ကြားပဲ ရွာမဝင်ရ။ သုသာန် မသွားရ၊ အရပ်တပါး မဖဲရ၊ ဖဲလိုလျှင် ဥပဇ္ဈာယ်အား သုံးကြိမ်တိုင် လျှောက်ကြားရမည်၊ ရလျှင် သွားကောင်း၏။ ခွင့်မရပဲ ဥပဇ္ဈာယ်နှင့် နေသော်လဲ စာသင်မှု ကမ္မဋ္ဌာန်းစီးဖြန်းမှုကို မပြည့်စုံပဲ ဥပဇ္ဈာယ်ကလည်း ဗာလဖြစ်လျှင် ခွင့်မရသော်လဲ သွားကောင်း၏၊ ဥပဇ္ဈာယ် မကျန်းမာလျှင် အသက်ထက်ဆုံး ဥပဇ္ဈာယ် ကျန်းမာအောင် လုပ်ကျွေး ငံ့လင့် စောင့်ဆိုင်းရ၏၊ လုပ်ကျွေးမည့်သူရှိအံ့ ဆေးများရှာပေး၍ ဤသူသည် အရှင်မြတ်အား လုပ်ကျွေးလတ္တံ့ ဟုဆို၍ ဖဲသွားနိုင်၏။ သဒ္ဓိဝိဟာရိက တပည့် မကျန်းမာခဲ့သော် ဝါ-၆၀ ရှိသော်လည်း ဥပဇ္ဈာယ ဝတ်ကို ပြုထိုက်၏၊ မရိုသေ၍မပြုခဲ့လျှင် အပြစ်မလွတ်ဟု အဋ္ဌကထာဆိုသည်။

ဥပဇ္ဈာယဝတ် မှတ်သားဖွယ် ပြီးပြီ။ [၁] [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ပဲခူးမြို့ ဓမ္မိကာရာမ ရွှေကျောင်းတိုက်ဆရာတော်။ ရွှေဂူရှင်ကျင့်ဝတ် အကျယ်ကျမ်း