မာတိကာသို့ ခုန်သွားရန်

အာဝါသိကဝတ်

ဝီကီပီးဒီးယား မှ

အာဝါသိကဝတ် ဆိုသည်မှာ မိမိတို့နေထိုင်ရာ ကျောင်းတိုက်၌ အချိန်ကြာမြင့်စွာ သီတင်းသုံးနေထိုင်သော ရဟန်းသာမဏေ များ (အာဝါသိက) က အခြားနေရာမှ ရောက်ရှိလာသော ဧည့်သည်ရဟန်းများ (အာဂန္တုက) အပေါ် ပြုကျင့်ရမည့် ဝတ္တရားများကို ဆိုလိုသည်။

အာဝါသိကတို့ ပြုကျင့်ရမည့် ဝတ်များ

[ပြင်ဆင်ရန်]

ကျောင်းနေ အာဝါသိကပုဂ္ဂိုလ်တို့သည် မိမိတို့ထက် ဝါကြီးသော အာဂန္တုကရဟန်းတစ်ပါး ကြွလာသည်ကို မြင်လျှင် အောက်ပါဝတ္တရားများကို ဆောင်ရွက်ရမည် ဖြစ်သည်။

ကြိုဆိုခြင်း:
  • မြင်လျှင်မြင်ချင်း နေရာထိုင်ခင်း ပြင်ဆင်ပေးရခြင်း။
  • ခြေဆေးရေ၊ ခြေတင်ရန် အင်းပျဉ်၊ ခြေပွတ်တိုက်ရန် အိုးခြမ်းတို့ကို အနီးတွင် ပြင်ဆင်ထားပေးရခြင်း။
  • မထေရ်ကြီးထံသို့ သွားရောက်ကြိုဆိုပြီး လက်ထဲတွင်ပါလာသော သပိတ်၊ သင်္ကန်း အစရှိသည့် ပစ္စည်းများကို လှမ်းယူပေးရခြင်း။
ဝတ္တရားကို ဦးစားပေးခြင်း:
  • အကယ်၍ မိမိသည် သင်္ကန်းချုပ်ခြင်း၊ ကျောင်းဆောက်လုပ်ရေး (နวกမ္မ) ကိစ္စများဖြင့် မအားလပ်သော်လည်း ထိုအလုပ်များကို ခေတ္တရပ်နား၍ ဝတ်ပြုရမည်။
  • စေတီရင်ပြင် တံမြက်လှည်းနေစဉ် ကြွလာပါက တံမြက်စည်းကို ဘေးချ၍ ဝတ်ပြုရမည်။ (သို့သော် ပညာရှိသော အာဂန္တုကမထေရ်ဖြစ်ပါက တံမြက်လှည်းခြင်းကို အပြီးသတ်စေပါလိမ့်မည်။)
  • နေမကောင်းသော ရဟန်း (ဂိလာန) အတွက် ဆေးဝါးစီမံနေစဉ် ကြွလာပါက ရောဂါမပြင်းထန်လျှင် ဆေးစီမံခြင်းကိုရပ်၍ ဝတ်ပြုရမည်။ ရောဂါအလွန်ပြင်းထန်ပါက ဆေးတိုက်ခြင်းကိစ္စပြီးမှ ဝတ်ပြုနိုင်သည်။
ဧည့်ဝတ်ပြုခြင်း:
  • သောက်တော်ရေ လိုအပ်မှု ရှိ၊ မရှိ မေးမြန်းလျှောက်ထားရခြင်း။ (ပင်ပန်းနွမ်းနယ်သည့် အနေအထားဖြစ်ပါက မမေးဘဲ ရေဆက်ကပ်နိုင်သည်။)
  • သောက်တော်ရေ လိုအပ်ပါက ကိုယ်တိုင်ဖြစ်စေ၊ အခြားသူကိုဖြစ်စေ ကပ်စေရမည်။ ကပ်လှူသောရေကို အကုန်သုံးဆောင်ပါက နောက်ထပ် လိုအပ်သေးသလားဟု မေးလျှောက်ရမည်။
  • ယပ်ခပ်ပေးရခြင်း။ (ယပ်ခပ်ရာတွင် ခြေဖမိုး၊ ကိုယ်အလယ်ပိုင်း၊ ဦးခေါင်းသို့ ရွှေ့ပြောင်း၍ ခပ်ပေးရသည်။)
  • မထေရ်ကြီး၏ ခြေထောက်များကို ဆေးကြောပေးခြင်း၊ ခြောက်သွေ့အောင် သုတ်ပေးခြင်း၊ ဆီလိမ်းပေးခြင်းတို့ကို ပြုလုပ်ပေးရမည်။
နေရာထိုင်ခင်း စီစဉ်ပေးခြင်း:
  • အာဂန္တုကမထေရ်၏ ဖိနပ်ကို ဖုန်သုတ်ပေးလိုက သုတ်ပေးနိုင်သည်။ ရှေးဦးစွာ အဝတ်ခြောက်ဖြင့် သုတ်ပြီးမှ အဝတ်စိုဖြင့် ထပ်မံသုတ်ပေးရမည်။
  • မထေရ်ကြီးကို ရှိခိုးဦးချပြီး သင့်လျော်သော ကျောင်း သို့မဟုတ် အိပ်ရာနေရာကို ညွှန်ပြလျှောက်ထားရမည်။
  • ကျောင်းနှင့် ပတ်သက်၍ သိသင့်သည့်အချက်များဖြစ်သော လူများနေဖူးခြင်း ရှိ၊ မရှိ၊ ဆွမ်းခံချိန်၊ ဆွမ်းမခံသင့်သော ရပ်ရွာ၊ သေက္ခဟု သတ်မှတ်ထားသော ဒကာ၊ ဒကာမများ၊ အိမ်သာနှင့် သုံးရေ၊ သောက်ရေရှိရာနေရာ၊ သံဃာ့စည်းကမ်း (ကတိကဝတ်) များနှင့် ထွက်ခွာချိန်တို့ကို လျှောက်ထားရမည်။
အာဂန္တုကသည် ဝါငယ်သူဖြစ်လျှင်:
  • အထက်ပါ ဝတ်များကိုပင် ပြုကျင့်ရမည်ဖြစ်သော်လည်း ရှိခိုးဦးချရန် မလိုပေ။ ထိုင်လျက်ပင် နေရာထိုင်ခင်း ညွှန်ပြနိုင်သည်။ "ငါ့သျှင် ဝါဘယ်လောက်ရှိပြီလဲ" ဟု မေးမြန်းခြင်းဖြင့် သူ့အလိုလို ရှိခိုးစေနိုင်သည်။

အထူးသိမှတ်ဖွယ်ရာများ

[ပြင်ဆင်ရန်]

ကျောင်းဝင်းအတွင်း ဖြတ်သန်းသွားသော ရဟန်းများ

[ပြင်ဆင်ရန်]

မိမိတို့ကျောင်းသို့ တိုက်ရိုက်ကြွလာခြင်းမဟုတ်ဘဲ ကျောင်းဝင်းအတွင်းမှ ဖြတ်သွားသော အခြားကျောင်းမှ ပုဂ္ဂိုလ်များအား ခရီးဦးကြိုဆိုခြင်း စသည့် အာဝါသိကဝတ်များကို ပြုရန်မလိုအပ်ပါ။

ဖိနပ်၊ ထီးကိစ္စ

[ပြင်ဆင်ရန်]

အာဝါသိကက အာဂန္တုကအား "ဖိနပ်စီးပါ"၊ "ထီးဆောင်းပါ" ဟု ပြောရမည်ဟူသော ဝတ်သည် ပါဠိတော်၊ အဋ္ဌကထာတို့တွင် မတွေ့ရှိရပါ။

ဆွမ်းကျွေးခြင်းဝတ်

[ပြင်ဆင်ရန်]

ဝိနည်းတော်အရ အာဝါသိကက အာဂန္တုကအား မဖြစ်မနေ ဆွမ်းကျွေးရမည်ဟု ပြဋ္ဌာန်းထားခြင်း မရှိပါ။ အကယ်၍ မကျွေးနိုင်ပါက အပြစ်မရှိပါ။ သို့သော် အဝေးမှရောက်လာသော ဧည့်သည်များကို ကျွေးမွေးဧည့်ခံခြင်းသည် လောကဝတ်တစ်ပါးဖြစ်သဖြင့် ကျွေးမွေးခြင်းသည် ကောင်းမြတ်သော အပြုအမူတစ်ခု ဖြစ်သည်။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာတွင် အာဂန္တုကဒါန (ဧည့်သည်အလှူ) ကို ဤသို့ ဖွင့်ဆိုထားသည်။[]

နေမကောင်းသော (ဂိလာန) အာဝါသိက၏ ဝတ္တရား

[ပြင်ဆင်ရန်]

နေမကောင်းသော အာဝါသိကပုဂ္ဂိုလ်သည် ဝတ်မပြုနိုင်ပါက အပြစ်မရှိပေ။ ဝိနည်းတော်တွင် "န" အက္ခရာဖြင့် တားမြစ်ထားသော ဝတ်များမှလွဲ၍ အခြားဝတ်များကို ဂိလာနဖြစ်ပါက မဆောင်ရွက်နိုင်လျှင် အပြစ်လွတ်သည်ဟု အောက်ပါ အဋ္ဌကထာက ညွှန်ပြထားသည်။[][] []

ပြင်ပလင့်များ

ကိုးကား

[ပြင်ဆင်ရန်]
  1. ပါဟုနံ ဝုစ္စတိ ဒိသာ ဝိဒိသတော အာဂတာနံ ပိယမနာပါနံ ဉာတိမိတ္တာနမတ္ထာယ သက္ကာရေန ပဋိယတ္တံ အာဂန္တုကဒါနံ။
  2. အဂိလာနေနဟိ သဒ္ဓိဝိဟာရိကေန သဋ္ဌိဝဿေနာပိ သဗ္ဗံ ဥပဇ္ဈာယဝတ္တံ ကာတဗ္ဗံ၊ အနာဒရေန အကရောန္တဿ ဝတ္တဘေဒေ ဒုက္ကဋံ။ န-ကာရပဋိသံယုတ္တေသု ပန ပဒေသု ဂိလာနဿာပိ ပဋိက္ခိတ္တကိရိယံ ကရောန္တဿ ဒုက္ကဋမေဝ။ (ဝိ၊ဋ္ဌ၊)
  3. 1 2 ပဲခူးမြို့ ဓမ္မိကာရာမ ရွှေကျောင်းတိုက်ဆရာတော်။ ရွှေဂူရှင်ကျင့်ဝတ် အကျယ်ကျမ်း