ဝစ္စကုဋိဝတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ကျင်ကြီးစွန့်သော ကျောင်းငယ်ကို ဝစ္စကုဋိဟုလည်းကောင်း၊ ကုဋိအိမ်ဟုလည်းကောင်း ခေါ်သည်၊ ထိုကုဋိအိမ်၌ ပြုသင့်သော ဝတ် ဖြစ်သောကြောင့် ဝစ္စကုဋိဝတ်ဟု ခေါ်သည်။
ဝစ္စကုဋိဝတ်များ
[ပြင်ဆင်ရန်]ကုဋိအိမ်သို့ဝင်မည်ကြံလျှင် အတွင်း၌ လူရှိ မရှိ သိရအောင်(အဟမ်း) ဟုချောင်းဟန့်ရခြင်း၊ အတွင်းမှာ လူရှိလျှင် ထိုသူက ပြန်၍ ချောင်းဟန့်လိမ့်မည်။ လူမရှိလျှင် အပေါ်ဧကသီကို အပြင်သင်္ကန်းတန်း၌ တင်ထားပြီးမှ တံခါးကို ဖွင့်၍ မနှေးမလျှင် အတွင်းသို့ ဝင်ရခြင်း၊ ကုဋိပြင်ဘက်၌ သင်္ကန်းထားဖို့ တန်းရှိစေရမည်၊ ယခုကာလ အတွင်း၌ တန်းထားသည်ကို တွေ့ရသည်၊ အတွင်းသို့ ရောက်လျှင် ခြေနင်းခုံပေါ်၌ ခြေစုံ ရပ်ပြီးမှ သင်းပိုင်ကို ပင့်(မ)ရခြင်း၊ ကုဋိတွင်းသို့ သင်းပိုင်ကို ပင့်(မ)၍ မဝင်ရခြင်း၊ ကျင်ကြီးစွန့်နေစဉ် (အင်း, အင်း) ဟု ညည်းသံ ညှစ်သံ မမြည်စေရခြင်း၊ ကျင်ကြီးစွန့်နေတုန်းမှာ တံပူကို ပါးစပ်ဖြင့် ကိုက် မထားရခြင်း၊ ကျင်ကြီးခွက်, ကျင်ငယ်ခွက် (ကျင်ကြီးသရောက်, ကျင်ငယ် သရောက်)တို့၏ ဘေးမရောက်စေပဲ ခွက် သရောက်ထဲ တဲ့တဲ့ကျအောင် စွန့်ရခြင်း၊ ကျင်ငယ်ခွက်သရောက်ထဲ၌ နှပ်, တံတွေးတို့ကို မညှစ်ထွေး ရခြင်း၊ (ကုဋိတွင်း ထွေးခံရှိစေသင့်သည်) ကြမ်းသော ကနုတံစသည်တို့ဖြင့် မသုတ်အပ်။
မအပ်သော ကနုတံ ခြောက်မျိုး
[ပြင်ဆင်ရန်]၁။ ဖောလိတ=ကွဲတဲ့ ကနုတံ။ ၂။ ခရ =ကြမ်းတမ်းတဲ့ ကနုတံ။ ၃။ ဂဏ္ဌိက = အဆစ်ရှိတဲ့ ကနုတံ။ ၄။ ကဏ္ဋက =ဆူးရှိတဲ့ ကနုတံ။ ၅။ သုသိရ =အခေါင်းရှိတဲ့ ကနုတံ။ ၆။ ပုတိ =ပုပ်ဆွေးတဲ့ ကနုတံ ပေါင်း ခြောက်မျိုး။
ကွဲ, ကြမ်း, ဆစ်, ဖု၊ ဆူး, ခေါင်း, ပု၊ ကနု မအပ်ခြောက်။
ကနုတံ မယူပဲ ဝင်သွားသော ရဟန်းအား ကနုတံ မသုတ်သင်၍ အာပတ် မသင့်ဟု အဋ္ဌကထာဆိုသည်၊ ကနုတံကို ကျင်ကြီးတွင်း သရောက်တို့၌ မချရခြင်း၊ ဝစ္စကုဋီအတွင်း နင်းခုံပေါ်ရပ်လျက် သင်းပိုင်ကို ဖုံးလွှမ်း ရခြင်း၊ မနှေးမလျှင် ထွက်ခြင်း၊ သန့်သက်ရေဆေးတဲ့ နင်းခုံပေါ်တက်၍ သင်းပိုင်ကို ပင့်ပြီး သန့်သက်ရေဆေးရခြင်း၊ (ဖင်ဆေးရေကို သန့်သက် ရေဟု ခေါ်သည်။) ထိုသန့်သက်ရေကို ရှေးတုန်းက ကုဋီထဲ မထားပဲ သီးသန့်ထားလေ့ရှိ၏၊ ယခုအခါ ကုဋီထဲမှာပင် ထားကြ၏၊ ထိုထားသည့် နေရာ၌ပင် သန့်သက်ရေဖြင့် ကျင်ကြီး ပြောင်စင်အောင် ဆေးရခြင်း၊ သန့်သက်ရေဆေးသောအခါ အသံမမြည်အောင်ဆေးရခြင်း၊ သန့်သက် ရေခွက်ထဲ၌ ရေကျန် မထားရခြင်း၊ (ခွက်မှောက်ထားပါဟုဆိုလိုသည်။) သန့်သက်ရေခွက်ထဲ၌ ရေကြွင်း မထားရဟု ဆိုသောစကားကို ခပ်သိမ်းသော ရဟန်းတို့နှင့် ဆက်ဆံသော အရပ်ကို ရည်၍သာဆိုသည်၊ သံဃိကကျောင်းတနေရာရာ၌ မိမိမပြတ်သွားဖို့ လုပ်ထားသောဌာနနှင့် ပုဂ္ဂလိက ကုဋီတို့၌ ရေကြွင်းကျန်သော်လည်း အပြစ်မရှိ၊ ဝမ်းနုတ်ဆေး စား၍ မကြာခဏ ကုဋီတက်နေသူလည်း ရေကြွင်းရှိ၍ အပြစ်မရောက်ဟု အဋ္ဌကထာဆိုသည်၊ ဝစ္စကုဋီကျင်ကြီးများ လိမ်းကျံမှုတွေက ဆေးကြော သုတ်သင်ရခြင်း၊ အကယ်၍ ကနုတံပုံး ပြည့်နေက ယူသွန်ရခြင်း၊ ရေမရှိ ခွက်မရှိက တခုခုဖြင့် သုတ်ပြီး သွားနိုင်၏၊ ဝစ္စကုဋီ အကျည် ပရိဝုဏ် တံခါးမုခ်တို့၌ အမှိုက်ရှိက အမှိုက်လှဲရခြင်း၊ သန့်သက်ရေအိုး၌ ရေမရှိအံ့၊ ပုဂ္ဂိုလ်မရွေး ရေခပ်ထည့်ရခြင်း၊ တာဝန်ယူထားသူ ရှိပါက အကြောင်းကြား ခပ်စေသဖြင့် အပြစ်လွတ်ဖွယ်ရှိ၏၊ ကျင်ကြီး စွန့်ပြီး သူသည် ရေရှိလျက် သန့်သက်ရေ မဆေးပဲ မနေရခြင်း၊ ရေရှိသော နေရာကာ ဖုံးကွယ်ရာမရှိပါက ရေယူ၍ ဖုံးကွယ်ရာ၌ ဆေးရခြင်း၊ အိုးခွက်မရှိက သပိတ်ဖြင့်ဆောင်၍ ဆေးကြောအပ်၏၊ သပိတ် မရှိက မဆေးကြောပဲ နေနိုင်၏။ ဤနေရာ၌ ဟင်းလင်း ပွင့်နေ၍ ရှေ့မှာ ရေရလတ္တံ့ဟု သွားသူအား ရေမရပဲ ဆွမ်းခံဖို့ စသော ကိစ္စကြုံလာက ရေမဆေးတော့ပဲ တုတ်စသည်ဖြင့် သုတ်၍ ဆိုင်ရာအလုပ် လုပ်နိုင်တော့သည်၊ ကျင်ကြီးအိမ်, ကျင်ငယ်စွန့်ရာဌာန, ရေချိုးဆိပ် ဤသုံးပါးတို့၌ ဝါစဉ်မလို၊ ရောက်လာသော အစဉ်အားဖြင့် တက်ကြ ချိုးကြရမည်။ ရောက်စဉ်သာ ပမာဏဟု အဋ္ဌကထာ ဆိုသည်။
ကနုတံဖြင့်သုတ်ရမည်ကို ဝတ္တရားအနေဖြင့် ပါဠိတော် အဋ္ဌကထာ ရှိပါသလား ?
[ပြင်ဆင်ရန်]“န ဖရုသေန ကဋ္ဌေန အဝလေခိတဗ္ဗံ”၌ ကြမ်းသော ကနုတံဖြင့် မသုတ်ရဟုသာ ပါဠိတော် လာပါသည်၊ ကနုတံချောချောနှင့် သုတ်ဟု တိုက်ရိုက်မလာ၊ ကနုတံမသုတ်ခြင်းကြောင့် အပြစ်ပြမှု မတွေ့ပါ၊ တုတ်, စက္ကူ တို့ဖြင့်သုတ်၍ အပြစ်တွေ့ပါသည်၊ “အဝလေခနကဋ္ဌံပန အဂ္ဂဟေတွာ ပဝိဋ္ဌဿ အာပတ္တိနတ္ထိဟူသော အဋ္ဌကထာ၌ ကနုတံမယူပဲ ဝင်သွားတဲ့ ပုဂ္ဂိုလ် အာပတ်မရှိဟုဆိုသော စကား၌ ကနုတံ ယူသွားခဲ့လျှင် လည်းကောင်း၊ ကုဋီထဲ၌ ကနုတံရှိခဲ့လျှင် လည်းကောင်း၊ ကနုတံဖြင့် သုံးရမည်ဟူသော အဓိပ္ပာယ် ထွက်နေပါသေးသည်။ ထို့ပြင် “သစေ အဝလိခန ပိဓရော ပူရာဟောတိ အဝလိခနကဋ္ဌံ ဆဍ္ဍေတဗ္ဗံ" ဟူသော ပါဠိတော်၌ ကနုတံပုံပြည့်နေလျှင် ကနုတံကို စွန့်ရမည့်ဝတ် တွေ့နေပါသောကြောင့် ကနုတံဖြင့် သုတ်လိုက သုတ်သင့်သည်ဟု ယူဆသည်၊ သို့သော် မသုတ်ခြင်းကြောင့် အပြစ်တပ်နိုင်မည်ဟု ဉာဏ်မရောက်ပါ၊ ထိုသို့ ကနုတံဖြင့် မသုတ်ပဲ ကိစ္စပြီးနိုင်လျှင် ရေများများထား၍ ကနုတံတို့ မထားပဲ ရေများ ဆပ်ပြာများ လက်သုတ်ပုဝါများ ထားခဲ့လျှင် ကိစ္စနည်း၍ ဗုဒ္ဓအလိုကျမည်ဟု ယူဆရလေသည်။
ဝစ္စကုဋိဝတ် မှတ်သားဖွယ်ပြီးပြီ။ [၁] [၁]