ဇနကကံ

ဝီကီပီးဒီးယား မှ

ပဋိသန္ဓေ, ပဝတ္တိကျိုးကို ဖြစ်စေတတ်သော ကံ။ ပဋိသန္ဓေအခါ ပဝတ္တိအခါတို့၌ ဝိပါက် နာမက္ခန္ဓာ, ကမ္မဇရုပ်, ကမ္မပစ္စယဥတုဇရုပ် တရားတို့ကို ဖြစ်စေနိုင်သော ကုသိုလ်, အကုသိုလ်စေတနာသည် “ဇနကကံ” မည်၏ [၁]

ကမ္မပထ မြောက်သော ဇနကကံသည် ပဋိသန္ဓေကျိုး ပဝတ္တိကျိုး ၂-မျိုးလုံးကို ပေးစွမ်းနိုင်သည်၊ ကမ္မပထ မမြောက်သော ဇနကကံသည် ပဋိသန္ဓေကျိုးကို မပေးစွမ်းနိုင်၊ ပဝတ္တိကျိုးကိုသာ ပေးစွမ်းနိုင်သည် [၂]

ဇနကကံသည် ပဋိသန္ဓေ, ပဝတ္တိကျိုးကို ပေးရာ၌ ကံတခုသည် တကြိမ်တခါသာ ပဋိသန္ဓေကျိုးကို ပေးစွမ်းနိုင်သည်၊ အကြိမ် များစွာ ပဋိသန္ဓေကျိုးကို မပေးစွမ်းနိုင်။ ပဝတ္တိကျိုးကိုကား ဘဝအရာ, ဘဝအထောင်ပင် ပေးစွမ်းနိုင်သည် [၃]

သူ့ အသက်တကြိမ်သတ်မှ ဆွမ်းတကြိမ် လှူမှု စသော အကုသိုလ်, ကုသိုလ်ကံကြောင့် အပါယ်ဘုံ, လူ့ဘုံ, နတ်ဘုံတို့၌ ထပ်ကာထပ်ကာ အကြိမ်များစွာ ဖြစ်ရခြင်းသည် ပုဗ္ဗစေတနာ, အပရစေတနာတို့၏ အစွမ်းသတ္တိကြောင့်ပင် ဖြစ်ပေသည် [၄]

ဇနကကံနှင့် ဥပဃာတကကံတို့သည် အကျိုးကို ပေးစွမ်းနိုင်ခြင်း သဘောတူညီသော်လည်း အကျိုးပေးပုံအခြင်းအရာမတူပါချေ။ မှန်၏ ... ဇနကကံသည် ကံတပါး၏အကျိုးကို မတားမြစ်ပဲ အကျိုးပေးသည်၊ ဥပဃာတကကံသည် ကံတပါး၏အကျိုးကို တားမြစ်၍ အကျိုးပေးသည်၊ တနည်း— ဥပဃာတကကံသည် ကံတပါး၏အကျိုးကို ဖြတ်တောက် တားမြစ်၍ တပါးသောကံအား အကျိုးပေး ခွင့်ကို ပြုသည်၊ မိမိကိုယ်တိုင်မူ အကျိုးကို မပေးစွမ်းနိုင်၊ ဤသို့ ကွဲပြားခြားနားသည် [၅]။ ကမ္မ, စေတနာ-တို့လည်း ကြည့်။ [၆]


ဇနကကံသည် ပဋိသန္ဓေအခါ၌ ပဋိသန္ဓေစိတ် စေတသိက် ကမ္မဇရုပ်ကလာပ်များကို၎င်း, နတ်ပြည်၌ နတ်တို့၏ ဘုံဗိမာန်များ ငရဲပြည်၌ သင်ဓုန်းစက်စသော ကမ္မပစ္စယဥတုဇရုပ်များကို၎င်း ဖြစ်စေ၏။ [၇]။ ပဝတ္တိအခါ၌ ပဉ္စဝိညာဉ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ မဟာဝိပါက်စ သော နာမ်ဝိပါက်များကို၎င်း ခဏတိုင်း ခဏတိုင်း ကမ္မဇရုပ်များကို၎င်း ဖြစ်စေ၏။

အကုသိုလ်ဇနကကံကြောင့် တိရစ္ဆာန်ဘုံ၌ နဂါး ဂဠုန်စသည် ဖြစ်ရသော်လည်း ပဝတ္တိ အခါ၌ လှပသောအဆင်းနှင့် ဘုံဗိမာန်စသည်ကို ရရှိအောင် ပဝတ္တိကုသိုလ် ဇနကကံက ဖြစ်စေနိုင်သည်၊ ကုသိုလ်ဇနကကံကြောင့် လူ့ဘုံ နတ်ဘုံ၌ ဖြစ်ရသော်လည်း ပဝတ္တိအခါ ရုပ်ဝါ အဆင်းလှပခြင်းမရှိအောင်, ဝေမာနိကပြိတ္တာကဲ့သို့ နေ့၌ ချမ်းသာသုခ ခံစားရသော်လည်း ည၌ ဆင်းရဲဒုက္ခခံရအောင် ပဝတ္တိဇနကကံက ဖြစ်စေသည်။ [၈]

ကမ္မပထမြောက်သော ဇနကကံသည် ပဋိသန္ဓေအကျိုး ပဝတ္တိအကျိုး နှစ်မျိုးလုံးကို ပေးစွမ်းနိုင်သည်၊ ကမ္မပထ မမြောက်သော ဇနကကံသည် ပဝတ္တိအကျိုးကိုသာ ပေးနိုင်သည်။ [၉] ([၁၀]-၌ ဇနကကံသည် ပဋိသန္ဓေအကျိုးကိုသာ ဖြစ်စေနိုင်သည်၊ ပဝတ္တိအကျိုးကို မဖြစ်စေနိုင်ဟု ဆိုသေး၏။) [၁၁]

ကိုးကား[ပြင်ဆင်ရန်]

  1. (မ၊ဋ္ဌ၊၄၊၁၇၈။ အံ၊ဋ္ဌ၊၂၊၁၀၉။ ပဋိသံ၊ဋ္ဌ၊၂၊၁၇၆။ ဝိသုဒ္ဓိ၊၂၊၂၃၆။ မ၊ဋီ၊၃၊၃၇၄။ အံ၊ဋီ၊၂၊၁၀၄။)
  2. (ပရမတ္ထဒီပနီ၊၂၀၈)
  3. (ဝိမတိ၊၁၊၂၄၈။ ဝိဘာဝိနီ၊၁၈၂)
  4. (သံ၊ဋ္ဌ၊၁၊၁၄၈။ သီ၊ဋီ၊သစ်၊၂၊၁၂)
  5. (ဝိဘာဝိနီ၊ ၁၆၉)
  6. တိပိဋကအဘိဓာန် အတွဲ-၈
  7. (အံ၊ဋ္ဌ၊၂၊၁၀၉)
  8. (ပရမတ္ထဒီပနီ။)
  9. (ပရမတ္ထဒီပနီ။)
  10. အံ၊ဋ္ဌ၊၂၊၁၀၉
  11. တိပိဋကအဘိဓာန် အတွဲ-၅