ဥပတ္ထမ္ဘကကံ

ဝီကီပီးဒီးယား မှ

အကျိုးပေးခြင်းငှါ ရအပ်သော အခွင့် မရှိသော (အကျိုးပေးခွင့်မရသော) ကုသိုလ် အကုသိုလ်စေတနာသည်လည်းကောင်း, ရင့်ကျက်ပြီးသောအကျိုးရှိသော ကုသိုလ် အကုသိုလ်စေတနာသည်လည်းကောင်း ဥပတ္ထမ္ဘကကံမည်၏။ ဥပတ္ထမ္ဘကကုသိုလ် အကုသိုလ်ကံစေတနာသည် ပဋိသန္ဓေကို ဖြစ်စေတတ် ပါသော်လည်း မိမိ၏ အကျိုးပေးသောအလှည့် အကြိမ်မှ ရှေ့၌လည်းကောင်း, နောက်၌ လည်းကောင်း, သဘောတူသော ကံတပါးကို သော်လည်းကောင်း, ကံကြောင့်ဖြစ်သော ခန္ဓာအစဉ်ကိုသော်လည်းကောင်းထောက်ပံ့လျက် (ထောက်ပံ့ခိုင်စေလျက်) ဖြစ်၏။ ကျမ်းဂန် ရေးသားပြုစုရာ၌ ပဏာမ (ဥပတ္ထမ္ဘက) စေတနာသည် အန္တရာယ်ပျောက်ကင်းခြင်း ကျမ်းပြီးခြင်းအကျိုးကို ထောက်ပံ့ကူညီ ပေးသည်။ (ဝိသုဒ္ဓိ၊၂၊၂၃၆) ၌ ဥပတ္ထမ္ဘကကံသည် အကျိုးကို ဖြစ်စေခြင်းငှာ မစွမ်းနိုင် (အကျိုးမပေးနိုင်)ဟု ဆိုထားခြင်းမှာ မရအပ်သော အကျိုးပေးခြင်းအလှည့် အကြိမ်ရှိသော ကံကို ရည်ရွယ်၍ ဆိုသည်ဟု မှတ်ရာ၏။ ထိုစကားမှန်၏၊ အကြောင်း ညီညွတ်ခဲ့သော် အကျိုးမပေးသော ကံမည်သည်မရှိ။ အယုတ်ဆုံး ပဝတ္တိအကျိုးမျှကိုကား ပေးသည်သာ။ ကံတပါးကို ထောက်ပံ့ခြင်းမည် သည်ကား အကျိုးပေးခွင့်မရသော အခြား ဇနကကံကို အကျိုးပေးခွင့်ရအောင် အကျိုးပေးဖို့ အခွင့်သာအောင် ထောက်ပံ့ခြင်းတည်း။ ထင်ရှားစေအံ့၊ မရဏသန္န ကုသိုလ်ဇော (ဥပတ္ထမ္ဘကကံ)သည် ပဋိသန္ဓေကျိုးပေးနိုင် သော ကုသိုလ်ဇနကကံကို အကျိုးပေးခွင့်သာအောင် ထောက်ပံ့၏။ မရဏာသန္န အကုသိုလ်ဇော(ဥပတ္ထမ္ဘကကံ)သည် ပဋိသန္ဓေကျိုးပေး နိုင်သော အကုသိုလ် ဇနကကံကို မကောင်းသော ပဋိသန္ဓေအကျိုးပေးခွင့်သာအောင် ထောက်ပံ့၏။ ဣတိဝုတ်၊၂၀၅။ ပရမတ္ထဒီပနီ၊၂၀၈) ပဝတ္တိအခါ၌လည်း ဥပတ္ထမ္ဘကကံ အထောက်အပံ့ များစွာရနိုင်၏။

ရအပ်သောအခွင့်ရှိသော ကုသိုလ် အကုသိုလ်ကံသည်ဖြစ်စေအပ်သော ခန္ဓာအစဉ်၏ အသက်အန္တရာယ်ကို ပယ်ရှားပေးခြင်း အသက်ရှည်အောင်ကူညီပေးခြင်းသည် ဥပတ္ထမ္ဘကကံက ခန္ဓာအစဉ်ကိုထောက်ပံ့ပေးခြင်း မည်၏။ ဤ၌ကုသိုလ်ဥပတ္ထမ္ဘကကံကလည်း အကုသိုလ်ကံကြောင့်ဖြစ်သော ခန္ဓာအစဉ်ကို ထောက်ပံ့နိုင်၏။ အကုသိုလ်ဥပတ္ထမ္ဘကကံ ကလည်း ကုသိုလ်ကံကြောင့်ဖြစ်သော ခန္ဓာ အစဉ်ကို ထောက်ပံ့နိုင်၏။ မှန်၏၊ အကုသိုလ်ကံကြောင့်ဖြစ်သော တန်ခိုးကြီးမားသော နဂါးဂဠုန်စသည်တို့၏ ခန္ဓာအစဉ်သည် ရှေးက ပြုခဲ့ဘူးသော ကုသိုလ် ဥပတ္ထမ္ဘကကံ၏ အထောက်အပံ့ကို ရရှိကြသဖြင့် ပဝတ္ထိအခါ၌ ကြီးမားသော စည်းစိမ်ချမ်းသာများကို ခံစားကြရသည်။ ထို့အတူ ကုသိုလ်ကံကြောင့် ဖြစ်သော အချို့သောဝိနိပါတိက အသူရာတို့၏ ခန္ဓာအစဉ်သည် ရှေးကပြုခဲ့ဘူးသော အကုသိုလ် ဥပတ္ထမ္ဘကကံ၏ ထောက်ပံ့မှုကြောင့် အသူရကာယ်ဘုံ၌ ကြာမြင့်စွာ ဒုက္ခခံရလေသည်။ [၁]

ကုသိုလ် ဥပတ္ထမ္ဘကကံက ကုသိုလ်ကြောင့်ဖြစ်သော ခန္ဓာအစဉ်ကို ထောက်ပံ့ သည်လည်းရှိ၏။ ဥပမာ အားနည်းသော ကုသိုလ်ကံကြောင့် လူ့ဘဝ ဖြစ်လာရသူကို (ပါဏာတိပါတမှ ရှောင်ကြဉ်ခြင်းတည်းဟူသော) ကုသိုလ် ဥပတ္ထမ္ဘကကံက လာရောက်ပြီး ဤသို့ပြော၏၊ (မပြောသော်လည်း ပြောသကဲသို့ ဖြစ်၏)

“ငါသာစောစောကသိရလျှင် အသင့်ကို ဤလူ့ဘဝမှာ ဖြစ်ခွင့်မပေးဘူး၊ နတ်ပြည်မှာသာ ဖြစ်ခွင့်ပေးမည်။ သို့သော် ရှိစေတော့။ သင့်ကို ငါထောက်ပံ့မည်” ဟုဆိုကာ ဘေးရန်အန္တရာယ်တို့ကို ပယ်ရှားထားဆီး၏။ စီးပွား ဥစ္စာများကို အသစ်အသစ် ဖြစ်ပေါ် လာစေ၏။ ထိုကလေး အမိဝမ်းတိုက် ပဋိသန္ဓေနေချိန်မှ စ၍ မိဘများ ချမ်းသာသုခ ရရှိအောင် ဖန် တီးပေး၏။ ဘေးရန်ခပင်း ပယ်ခွင်း၏။ “ရွှေအိုးကြီးများသည် ရှေ့ဘက် နောက်ဘက် နှစ်ဘက်လုံးတို့မှ လိမ့်၍လိမ့်၍ ဝင်လာကုန်၏။ လယ်ခင်း ယာခင်းတို့၌ ကောက်ပဲသီးနှံပင်များသည် ဖွံ့ထွားသန်မာ၍ မကြုံစဖူး အထွက်တိုးကုန်၏။ မွေးထားသော နွားမများ ရောဂါကင်း၍ နို့ရည်များများ ထွက်ကုန်၏။ ကြွေးယူ၍ ငွေတိုးပေးဆပ်ရမည့်သူများထံသို့ လိုက်လံတောင်းခံမှုမပြုရဘဲ သူတို့ဘာသာ လာရောက်၍ အတိုးပေးကြ ကြွေးဆပ်ကြ ကုန်၏။ အိမ်အစေခံကျွန်များသည် ပြောစကား နားထောင်သူများ, ဆိုဆုံးမ လွယ်ကူသူများ ဖြစ်ကြကာ မိမိတို့တာဝန် ဝတ္တရားများကို ကြေပြွန်အောင်ဆောင်ရွက် ကြ၏။ ထိုကလေး မမွေးမီနှင့် မွေးစအချိန် များ၌ ရောဂါကင်းကွာ ကျန်းမာအောင်စောင့်ရှောက်မည့် ဆရာဝန် များနှင့် ပြုစုယုယသူတို့သည် လိုလေသေးမရှိ ပြုစုစောင့်ရှောက် ကြကုန်၏။ ထိုကလေးသည် ရိုးရိုးလူလတ်တန်းစားဖြစ်ခဲ့သော် သူဌေးရာထူး အဆင့်အတန်းကိုရရှိ၏။ မှူးကြီးမတ်ကြီး အမျိုး၌ဖြစ်ခဲ့သော် စစ်သူကြီးရာထူး အဆင့်အတန်း စသည်ကိုရရှိ၏။ အသက်ရှည်၍ ရောဂါ ကင်းကွာ ကျန်းမာ၏။ ဤသို့အားဖြင့်တစ်ဘဝလုံး ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာတိုးပွား၍ သက်ရှည်ကျန်းမာ ချမ်းသာနေခြင်းသည် ကုသိုလ်ဇနကကံ၏ အကျိုးဝိပါက် ခန္ဓာအစဉ်ကို ကုသိုလ်ဥပတ္ထမ္ဘကကံက ထောက်ပံ့ခြင်း ကြောင့်ဖြစ်၏။ [၂] [၃]


ဥပတ္ထမ္ဘကကံဇနကကံကို၎င်း, ဇနကကံသည် ဖြစ်စေအပ်သော အကျိုးကို၎င်း ကူညီထောက်ပံ့တတ်သော ကုသိုလ်အကုသိုလ်စေတနာသည် ဥပတ္ထမ္ဘကကံမည်၏။ [၄]

ထိုဥပတ္ထမ္ဘကကံသည်— (က) ဇနကကံကို အကျိုးပေးခွင့်ရအောင်လည်း ကူညီထောက်ပံ့သည်။ (ခ) ဇနကကံ၏အကျိုးကို ကြာရှည်စွာ တည်တံ့အောင်လည်း ကူညီ ထောက်ပံ့သည်။ (ဝိဘာဝိနီ၊၁၆၉။ မ၊ဋီ၊၃၊၃၇၄။)

(က) မရဏာသန္န ( သေခါနီး) အခါ ကုသိုလ်ဇောစောလျှင် နောက်ဘဝ၌ ကုသိုလ် ဇနကကံ အကျိုးပေးခွင့်ရအောင် ကူညီ ထောက်ပံ့သည်၊ အကုသိုလ်ဇော စောလျှင် အကုသိုလ်ဇနကကံ အကျိုးပေးခွင့်ရအောင် ကူညီထောက်ပံ့သည်။ ပရမတ္ထဒီပနီ၊ဣတိဝုတ်၊၂၀၄-၅။ ဣတိဝုတ်၊ဋ္ဌ၊၆၉-လာ စကားတို့ဖြင့် ယင်းသို့ အကျိုးပေးနိုင်ကြောင်း ထင်ရှား၏၊ ပဝတ္တိအခါ၌လည်း ကုသိုလ်တရားတို့ကိုများစွာပြုလုပ်နေလျှင် ထိုကုသိုလ် ဥပတ္ထမ္ဘက ကံများက ရှေးရှေးကပြုခဲ့သော ပဝတ္တိ ကုသိုလ်ဇနကကံများအကျိုးပေးခွင့်ရအောင် ကူညီထောက်ပံ့ကြသည်၊ အကုသိုလ် တရားတို့ ကို များစွာပြုလုပ်နေလျှင်လည်း ထိုအကုသိုလ် ဥပတ္ထမ္ဘကကံများက ရှေးရှေးက ပြုခဲ့သော ပဝတ္တိအကုသိုလ်ဇနကကံများ အကျိုးပေးခွင့်ရအောင် ကူညီထောက်ပံ့ကြသည်။ [၅]

(ခ) ဇနကကံသည် ဖြစ်စေအပ်သော ကောင်းကျိုး မကောင်းကျိုးများကို ကြာရှည်စွာ တည်တံ့ခိုင်မြဲလာအောင် ဥပတ္ထမ္ဘကကံများက ထောက်ပံ့၏၊ ကုသိုလ် အကုသိုလ် ဇနကကံ၏ အစွမ်းကြောင့် လူနတ်တိရစ္ဆာန် ခန္ဓာအစဉ်ကို ရရှိလာရာ ယင်းခန္ဓာအစဉ် ကြာရှည်စွာ တည်မြဲအောင် ဝုဍ္ဎာပစာယန စ သော ကုသိုလ် ဥပတ္ထမ္ဘကကံများက အသက်၏ ဘေးအန္တရာယ်ကို ကာကွယ်ပေး၏၊ အသက်ရှည်ကြောင်း ဆေးဝါးကောင်းများကို မှီဝဲနိုင်ခွင့်ရှိအောင် ကူညီထောက်ပံ့၏။ [၆]

ကုသိုလ်ဥပတ္ထမ္ဘကကံက အကုသိုလ်ဇနက ကံကြောင့် ဖြစ်သော ရုပ်နာမ်ခန္ဓာ အစဉ် အကုသိုလ်ဥပတ္ထမ္ဘကကံက ကုသိုလ် ဇနက ကံကြောင့်ဖြစ်သော ရုပ်နာမ်ခန္ဓာ အစဉ်ကို ထောက်ပံ့ နိုင်သေး၏။ ရှင်းဦးအံ့-- အကုသိုလ် ဇနကကံကြောင့် နဂါး ဂဠုန်စသော ခန္ဓာအစဉ်ကို ရရှိလာရာ ပဝတ္တိအခါ၌ ရှေးက ပြုခဲ့ဘူးသော ကုသိုလ် ဥပတ္ထမ္ဘကကံ၏ ကူညီ ထောက်ပံ့မှုကြောင့် တန်ခိုးအာနုဘော်ကြီးခြင်း စသောအကျိုးတရားများကိုရရှိလာပေသည်၊ ကုသိုလ်ဇနကကံကြောင့် ဝိနိပါတိက အသုရာ ခန္ဓာအစဉ်ကို ရရှိလာရာ ပဝတ္တိအခါ ရှေးကပြုခဲ့ဘူးသော အကုသိုလ် ဥပတ္ထမ္ဘကကံ၏ ကူညီ ထောက်ပံ့မှုကြောင့် ကြာမြင့်စွာဆင်းရဲခံရခြင်းစသော အနိဋ္ဌအကျိုးများကို ရရှိလာသည်။ [၇] [၈]

ကိုးကား[ပြင်ဆင်ရန်]

  1. (ပရမတ္ထဒီပနီ၊၂၀၉)
  2. (မ၊ဋ္ဌ၊၄၊၁၇၉ အံ၊ဋီ၊၂၊၁၀၅။)
  3. တိပိဋကအဘိဓာန် အတွဲ-၄, အပိုင်း-၂
  4. (အံ၊ဋ္ဌ၊၂၊၁၀၉။ ဝိသုဒ္ဓိ၊၂၊၂၃၆။ ဝိဘာဝိနီ၊၁၆၉။)
  5. (အံ၊ဋ္ဌ၊၂၊၁၀၉။)
  6. (ပရမတ္ထဒီပနီ။)
  7. (ပရမတ္ထဒီပနီ။)
  8. တိပိဋကအဘိဓာန် အတွဲ-၅