ကံ ၁၆ ပါး

ဝီကီပီးဒီးယား မှ

တနည်း ကံတို့သည်—

(၁) ဂတိသမ္ပတ္တိပဋိဗာဠှ အကုသိုလ်ကံ = လူ့ဘုံ နတ်ဘုံ၌ ဖြစ်ခြင်း (ဂတိသမ္ပတ္တိ) တားမြစ်ချက်ကြောင့် အကျိုးမပေးသော အကုသိုလ်ကံ။

(၂) ဥပဓိသမ္ပတ္တိပဋိဗာဠှ အကုသိုလ်ကံ = ဥပဓိရုပ် ပြည့်စုံခြင်း (ဥပဓိသမ္ပတ္တိ) တားမြစ်ချက်ကြောင့် အကျိုး မပေးသော အကုသိုလ်ကံ။

(၃) ကာလသမ္ပတ္တိပဋိဗာဠှ အကုသိုလ်ကံ = ခေတ်ကောင်း အခါကောင်း (ကာလသမ္ပတ္တိ) တားမြစ်ချက်ကြောင့် အကျိုးမပေးသော အကုသိုလ်ကံ။

(၄) ပယောဂသမ္ပတ္တိပဋိဗာဠှ အကုသိုလ်ကံ = မှန်သော အားထုတ်ခြင်း (ပယောဂသမ္ပတ္တိ) တားမြစ်ချက်ကြောင့် အကျိုးမပေးသော အကုသိုလ်ကံ။

(၅) ဂတိဝိပတ္တိ အကုသိုလ်ကံ = အပါယ်ဘုံ၌ ဖြစ်ခြင်း (ဂတိဝိပတ္တိ)ကြောင့် အကျိုးပေးသော အကုသိုလ်ကံ။

(၆) ဥပဓိဝိပတ္တိ အကုသိုလ်ကံ = ဥပဓိရုပ်ချို့တဲ့ခြင်း (ဥပဓိဝိပတ္တိ)ကြောင့် အကျိုးပေးသော အကုသိုလ်ကံ။

(၇) ကာလဝိပတ္တိ အကုသိုလ်ကံ = ခေတ်ပျက် အခါပျက် (ကာလဝိပတ္တိ)ကြောင့် အကျိုးပေးသော အကုသိုလ်ကံ။

(၈) ပယောဂဝိပတ္တိ အကုသိုလ်ကံ = မှားသော အားထုတ်ခြင်း လုံ့လ (ပယောဂဝိပတ္တိ)ကြောင့် အကျိုးပေးသော အကုသိုလ်ကံ၊

(၉) ဂတိဝိပတ္တိပဋိဗာဠှ ကုသိုလ်ကံ = အပါယ်ဘုံ၌ ဖြစ်ခြင်း (ဂတိဝိပတ္တိ) တားမြစ်ချက်ကြောင့် အကျိုး မပေးသော ကုသိုလ်ကံ။

(၁၀) ဥပဓိဝိပတ္တိပဋိဗာဠှ ကုသိုလ်ကံ = ဥပဓိရုပ်ချို့တဲ့ခြင်း (ဥပဓိဝိပတ္တိ)တားမြစ်ချက်ကြောင့် အကျိုးမပေးသော ကုသိုလ်ကံ။

(၁၁) ကာလဝိပတ္တိပဋိဗာဠှ ကုသိုလ်ကံ = ခေတ်ပျက် အခါပျက် (ကာလဝိပတ္တိ) တားမြစ်ချက်ကြောင့် အကျိုး မပေးသော ကုသိုလ်ကံ။

(၁၂) ပယောဂဝိပတ္တိပဋိဗာဠှ ကုသိုလ်ကံ = မှားသော အားထုတ်ခြင်း လုံ့လ(ပယောဂဝိပတ္တိ) တားမြစ် ချက်ကြောင့် အကျိုးမပေးသော ကုသိုလ်ကံ။

(၁၃) ဂတိသမ္ပတ္တိကုသိုလ်ကံ = လူ့ဘုံနတ်ဘုံ၌ ဖြစ်ခြင်း (ဂတိသမ္ပတ္တိ)ကြောင့် အကျိုးပေးသော ကုသိုလ်ကံ။

(၁၄) ဥပဓိသမ္ပတ္တိ ကုသိုလ်ကံ = ဥပဓိရုပ်၏ ပြည့်စုံခြင်း (ဥပဓိသမ္ပတ္တိ)ကြောင့် အကျိုးပေးသော ကုသိုလ်ကံ။

(၁၅) ကာလသမ္ပတ္တိကုသိုလ်ကံ = ခေတ်ကောင်း အခါကောင်း (ကာလသမ္ပတ္တိ)ကြောင့် အကျိုးပေးသော ကုသိုလ်ကံ။

(၁၆) ပယောဂသမ္ပတ္တိကုသိုလ်ကံ = မှန်သော အားထုတ်ခြင်း လုံ့လ (ပယောဂသမ္ပတ္တိ)ကြောင့် အကျိုးပေးသော ကုသိုလ်ကံအားဖြင့် ၁၆-ပါးရှိ၏။[၁]

ထိုတွင် (၁) တယောက်သော သူအား များစွာသော အကုသိုလ်ကံတို့သည် ရှိကုန်၏၊ ထိုအကုသိုလ်ကံများသည် ဂတိဝိပတ္တိ ဖြစ်မူ အကျိုးပေးနိုင်ရာသည်၊ သို့သော် ထိုသူသည် ကုသိုလ်ကံကြောင့် လူ့ဘုံ နတ်ဘုံ ဟူသော ဂတိသမ္ပတ္တိ၌ ဖြစ်၏၊ ယင်းသို့ ဖြစ် ခြင်းကြောင့် အကုသိုလ်ကံများ အကျိုးပေး ခွင့်မရ၊ ကုသိုလ်ကံများသာ အကျိုးပေးခွင့် ရသည်၊ ဤကား ဂတိသမ္ပတ္တိ တားမြစ်ချက်ကြောင့် အကုသိုလ်ကံများ အကျိုးပေးခွင့် မရခြင်းပင် ဖြစ်သည်။[၂]

(၂) တယောက်သောသူအား များစွာသော အကုသိုလ်ကံတို့သည် ရှိကုန်၏၊ ထိုအကုသိုလ်ကံများသည် ဥပဓိရုပ် ချို့တဲ့မူ အကျိုးပေးနိုင်ရာသည်၊ သို့သော် ထိုသူသည် ကုသိုလ်ကံကြောင့် ဥပဓိရုပ်နှင့် ပြည့်စုံ၏ (ဥပဓိသမ္ပတ္တိဖြစ်၏)၊ ယင်းသို့ ဖြစ်ခြင်ကြောင့် အကုသိုလ်ကံများ အကျိုးပေးခွင့် မရ၊ ဥပမာ အကုသိုလ်ကံကြောင့် ယုတ်ညံ့သော အမျိုး၌ ဖြစ်ရစေကာမူ ဥပဓိသမ္ပတ္တိကြောင့် ယုတ်ညံ့သော အလုပ်တို့ကို မလုပ်ရပဲ ဘဏ္ဍာစိုး စသော ရာထူးများ၌ ခန့်ထားခံရခြင်းမျိုး ဖြစ်သည်။ ဘာတိကမင်း လက်ထက်၌ နွားသတ်သမားများကို ဖမ်း၍ မင်းထံ ခေါ်ဆောင်လာကြသည်၊ နွားသတ်သမားတို့၏ သမီးတယောက်သည် အလွန်တရာ အဆင်းလှပ၏၊ ထိုသတို့သမီး၏ ဥပရုပ်ပြည့်စုံခြင်းကြောင့် မင်းကြီးက မောင်းမအရာ၌ထား၍ ချီးမြှောက်သည်၊ ကျန်သောဆွေမျိုးများလည်း ထိုသတို့သမီး၏ အရှိအဝါကြောင့် ချမ်းချမ်းသာသာ အသက်မွေးကြရသည်၊ ဤကား ဥပဓိသမ္ပတ္တိတားမြစ်ချက်ကြောင့် အကုသိုလ်ကံများ အကျိုးပေးခွင့်မရသော သာဓကပင် ဖြစ်သည်။[၃]

(၃) တယောက်သောသူအား များစွာသော အကုသိုလ်ကံတို့သည် ရှိကုန်၏၊ ထိုအကုသိုလ်ကံများသည် ကာလဝိပတ္တိ၌ ဖြစ်မူ အကျိုးပေးနိုင်ရာသည်၊ သို့သော် ထိုသူသည်ကုသိုလ်ကံကြောင့် ခေတ်ကောင်း အခါကောင်းဟု ဆိုအပ်သော ကာလသမ္ပတ္တိ၌ဖြစ်၏၊ ယင်းသို့ ဖြစ်ခြင်းကြောင့် ထိုအကုသိုလ်ကံများသည် အကျိုးပေးခွင့်မရ၊ ကုသိုလ်ကံများသာ အကျိုးပေးခွင့်ရသည်၊ ဤကား ကာလသမ္ပတ္တိ တားမြစ်ချက်ကြောင့် အကုသိုလ်ကံများ အကျိုးပေးခွင့်မရခြင်းပင် ဖြစ်သည်။[၄]

(၄) တယောက်သောသူအား များစွာသော အကုသိုလ်ကံတို့သည် ရှိကုန်၏၊ ထိုအကုသိုလ်ကံများသည် ပယောဂဝိပတ္တိဖြစ်မူ အကျိုးပေးနိုင်ရာသည်၊ သို့သော် ထိုသူသည် ကုသိုလ်ကံကြောင့် မှန်သောအားထုတ်ခြင်း ပယောဂသမ္ပတ္တိဖြစ်၏၊ ယင်းသို့ ဖြစ်ခြင်းကြောင့် ထိုအကုသိုလ်ကံများ အကျိုးပေးခွင့်မရ၊ ကုသိုလ်ကံများသာ အကျိုးပေးခွင့် ရသည်၊ ဤကား ပယောဂသမ္ပတ္တိတားမြစ်ချက်ကြောင့် အကုသိုလ်ကံများ အကျိုးပေးခွင့် မရခြင်းပင် ဖြစ်သည်။[၅]

(၅) တယောက်သောသူအား များစွာသော အကုသိုလ်ကံတို့သည် ရှိကုန်၏၊ ထိုအကုသိုလ်ကံများသည် ဂတိသမ္ပတ္တိ၌ ဖြစ်မူ အကျိုးမပေးနိုင်ရာ၊ သို့သော် ထိုသူသည် တခုသော အကုသိုလ်ကံကြောင့် အပါယ်ဟု ဆိုအပ်သော ဂတိဝိပတ္တိ၌ ဖြစ်လာသည်၊ ယင်းသို့ ဖြစ်ခြင်းကြောင့် အကုသိုလ်ကံများ အကျိုးပေးခွင့်ရလာသည်၊ ဤကား ဂတိသမ္ပတ္တိတားမြစ်ချက်ကြောင့် အကျိုးပေးခြင်း ငှါ မစွမ်းနိုင်သော အကုသိုလ်ကံများသည် ဂတိဝိပတ္တိကြောင့် အကျိုးပေးခွင့်ရလာခြင်းပင် ဖြစ်သည်။[၆]

(၆) တယောက်သောသူအား များစွာသော အကုသိုလ်ကံတို့သည် ရှိကုန်၏၊ ထိုအကုသိုလ်ကံများသည် ဥပဓိသမ္ပတ္တိ ဖြစ်မှု အကျိုးမပေးနိုင်ရာ၊ သို့သော် ထိုသူသည် တခုသောအကုသိုလ်ကံကြောင့် ဥပဓိရုပ်ချို့တဲ့မှု (ဥပဓိဝိပတ္တိ) ဖြစ်လာသည်၊ ယင်းသို့ ဖြစ် ခြင်းကြောင့် အကုသိုလ်ကံများ အကျိုးပေးခွင့် ရလာသည်၊ ဥပမာ မြတ်သော အမျိုး၌ ဖြစ်သော်လည်း အခွန်တောင်းလာသော မင်းချင်း ယောက်ျားများက ဥပဓိဝိပတ္တိကြောင့် အိမ်ကျွန်မဟု မှတ်ထင်၍ ပျက်ရယ် ပြုခြင်းခံရသော ကောတလဝါပီရွာနေ သူဌေးကြီး၏ အိမ်ရှင်မကဲ့သို့တည်း၊ ဤကား ဥပဓိသမ္ပတ္တိ တားမြစ်ချက်ကြောင့် အကျိုးပေးခြင်းငှါ မစွမ်းနိုင်သော အကုသိုလ်ကံများသည် ဥပဓိဝိပတ္တိကြောင့် အကျိုးပေးခွင့် ရလာခြင်းပင် ဖြစ်သည်။[၇]

(၇) တယောက်သောသူအား များစွာသော အကုသိုလ်ကံတို့သည် ရှိကုန်၏၊ ထိုအကုသိုလ်များသည် ကာလသမ္ပတ္တိဖြစ်မှု အကျိုးမပေးနိုင်ရာ၊ သို့သော် ထိုသူသည် တခုသော အကုသိုလ်ကံကြောင့် ခေတ်ပျက် အခါပျက် (ကာလဝိပတ္တိ)၌ ဖြစ်လာသည်၊ ယင်းသို့ ဖြစ်ခြင်းကြောင့် အကုသိုလ်ကံများ အကျိုးပေးခွင့် ရလာသည်၊ ထိုအခါမျိုး၌ ကုသိုလ်ကံ အကျိုးပေးခွင့်မရှိ၊ ဤကား ကာလသမ္ပတ္တိ တားမြစ်ချက်ကြောင့် အကျိုးပေးခြင်းငှါ မစွမ်းနိုင်သော အကုသိုလ်ကံများသည် ကာလဝိပတ္တိကြောင့် အကျိုးပေးခွင့်ရ လာခြင်းပင် ဖြစ်သည်။[၈]

(၈) တယောက်သောသူအား များစွာသော အကုသိုလ်ကံတို့သည် ရှိကုန်၏၊ ထိုအကုသိုလ်ကံများသည် ပယောဂသမ္ပတ္တိဖြစ်မူ အကျိုးမပေးနိုင်ရာ၊ သို့သော်ထိုသူသည်မှားယွင်းသော အားထုတ်မှုဟူသော ပယောဂဝိပတ္တိ၌ တည်လျက် များစွာသော ပါဏာတိပါတ အဒိန္နာဒါန စသော အကုသိုလ်ကံများကို ပြု၏၊ ထိုသူကို ဥစ္စာနှင့်တကွ ဖမ်း၍ မင်းထံ ပို့ကြ၏၊ မင်းက ညှဉ်းဆဲမှု အမျိုးမျိုးကို ပြု၍ သတ်စေ၏၊ ဤကား ပယောဂသမ္ပတ္တိ တားမြစ်ချက်ကြောင့် အကျိုးပေးခြင်းငှါ မစွမ်းနိုင်သော အကုသိုလ်ကံများသည် ပယောဂဝိပတ္တိကြောင့် အကျိုးပေးခွင့်ရလာ ခြင်းပင် ဖြစ်သည်။[၉]

(၉) တယောက်သောသူအား များစွာသော ကုသိုလ်ကံတို့သည် ရှိကုန်၏၊ ထိုကုသိုလ်ကံများသည် ဂတိသမ္ပတ္တိ၌ ဖြစ်မူ အကျိုးပေး ကုန်ရာသည်၊ သို့သော် ထိုသူသည် တခုသော အကုသိုလ်ကံကြောင့် ငရဲ, အသူရကာယ် ဟူသော ဂတိဝိပတ္တိ၌ ဖြစ်၏၊ ယင်းသို့ ဖြစ် ခြင်းကြောင့် ကုသိုလ်ကံများ အကျိုးပေးခွင့် မရ၊ အကုသိုလ်ကံများသာ အကျိုးပေးခွင့်ရ၏၊ ဤကား ဂတိဝိပတ္တိ တားမြစ်ချက်ကြောင့် ကုသိုလ်ကံများ အကျိုးပေးခွင့်မရခြင်း ဖြစ်သည်။[၁၀]

(၁၀) တယောက်သောသူအား များစွာသော ကုသိုလ်ကံတို့သည် ရှိကုန်၏၊ ထိုကုသိုလ်ကံများသည် ဥပဓိရုပ်ကောင်းခြင်း (ဥပဓိသမ္ပတ္တိ)ဖြစ်မူ အကျိုးပေးကုန်ရာသည်၊ သို့သော် ထိုသူသည် တခုသော အကုသိုလ်ကံကြောင့် ဥပဓိရုပ် ချို့တဲ့မှု(ဥပဓိဝိပတ္တိ)ဖြစ်၏၊ ယင်းသို့ ဖြစ်ခြင်းကြောင့် ကုသိုလ်ကံများ အကျိုးပေးခွင့်မရ၊ အကုသိုလ်ကံများသာ အကျိုးပေးခွင့်ရ၏၊ ဤကား ဥပဓိဝိပတ္တိ တားမြစ်ချက်ကြောင့် ကုသိုလ်ကံများ အကျိုးပေးခွင့် မရခြင်း ဖြစ်၏၊ ရှင်းဦးအံ့ — ဥပဓိရုပ် ချို့တဲ့၍ ဥပဓိဝိပတ္တိ ဖြစ်နေသူသည် မင်းမျိုး၌ ဖြစ်သော်လည်း ဖခင်ဘုရင် ကွယ်လွန်သောအခါ မင်းအဖြစ် ကိုမရနိုင်၊ စစ်သူကြီးအိမ်၌ ဖြစ်စေဦးတော့ စစ်သူကြီးရာထူးကို ရနိုင်လိမ့်မည် မဟုတ်၊ ဒီပရာဇာသည် ဘုရင်သားပင်ဖြစ်၏၊ သို့သော်စက္ခုချို့တဲ့မှုကြောင့် တမ္ဗဒီပ တကျွန်းလုံးကို အုပ်ချုပ်ရသော မင်း ဖြစ်မလာပဲ မြို့စား နယ်စား ရာထူးဖြင့်သာ ကျေနပ်ရရှာလေသည်၊ ဤကား ဥပဓိဝိပတ္တိတားမြစ်ချက်ကြောင့် ကုသိုလ်ကံများ ပြည့်ပြည့်စုံစုံ အကျိုးပေးခွင့်မရသော သာဓကပင်ဖြစ်၏။[၁၁]

(၁၁) တယောက်သောသူအား များစွာသော ကုသိုလ်ကံတို့သည် ရှိကုန်၏၊ ထိုကုသိုလ်ကံများသည် ကာလသမ္ပတ္တိအခါ၌ ဖြစ်မူ အကျိုးပေးနိုင်ရာသည်၊ သို့သော် ထိုသူသည် တခုသော အကုသိုလ်ကြောင့် ခေတ်ပျက် အခါပျက် (ကာလဝိပတ္တိ)၌ ဖြစ်၏။ ယင်းသို့ ဖြစ်ခြင်းကြောင့် ကုသိုလ်ကံများ အကျိုး ပေးခွင့်မရ၊ ဤကား ကာလဝိပတ္တိ တားမြစ်ချက်ကြောင့် ကုသိုလ်ကံများ အကျိုးပေးခွင့် မရခြင်းပင် ဖြစ်သည်။[၁၂]

(၁၂) တယောက်သောသူအား များစွာသော ကုသိုလ်ကံတို့သည် ရှိကုန်၏။ ထိုကုသိုလ်ကံများသည် မှန်ကန်သော အားထုတ်မှု (ပယောဂသမ္ပတ္တိ) ဖြစ်မူ အကျိုးပေး ကုန်ရာသည်၊ သို့သော် ထိုသူသည် မှားယွင်းသော အားထုတ်ကြိုးစားမှု ပယောဂဝိပ္ပတ္တိ၌ တည်လျက် ပါဏာတိပါတ စသော မကောင်းမှုများကို ပြု၏။ ယင်းသို့ ပြုခြင်းကြောင့် မိမိနှင့်အမျိုးတူ အနွယ်တူများကပင် ထိမ်းမြားလက်ထပ်မှုမပြု၊ “သေသောက်ကြူးသူအလောင်းအစား ဝါသနာပါသူ”ဟု အဝေးမှ ရှောင်ကြဉ်ကြကုန်၏။ ထို့ကြောင့် ကုသိုလ်ကံများ အကျိုးပေးခွင့်မရ၊ ဤကား ပယောဂဝိပတ္တိ တားမြစ်ချက်ကြောင့် ကုသိုလ်ကံများ အကျိုးပေးခွင့်မရခြင်းပင် ဖြစ်သည်။[၁၃]

(၁၃) တယောက်သောသူအား များစွာသော ကုသိုလ်ကံတို့သည် ရှိကုန်၏။ ထိုကုသိုလ်ကံတို့သည် ဂတိဝိပတ္တိဖြစ်မူ အကျိုး မပေးကုန်ရာ၊ သို့သော် ထိုသူသည် တခုသောထိုကုသိုလ်ကံကြောင့် လူ့ဘုံ နတ်ဘုံ ဟူသောဂတိသမ္ပတ္တိ၌ဖြစ်၏။ ယင်းသို့ဖြစ်ခြင်းကြောင့်ကုသိုလ်ကံများသည် အခွင့်သင့်တိုင်း အကျိုးပေးကြ၏။ ရံခါ လူ့ဘုံ၌ ဖြစ်စေ၏။ ရံခါ နတ်ဘုံ၌ ဖြစ်စေ၏။ ဤကား ဂတိဝိပတ္တိ တားမြစ်ချက်ကြောင့် အကျိုးပေးခြင်းငှါ မစွမ်းနိုင်သော ကုသိုလ်ကံများသည် ဂတိသမ္ပတို့ကြောင့် အကျိုးပေးခွင့် ရလာခြင်းပင် ဖြစ်သည်။[၁၄]

(၁၄) တယောက်သောသူအား များစွာသော ကုသိုလ်ကံတို့သည် ရှိကုန်၏၊ ထိုကုသိုလ်ကံတို့သည် ဥပဓိရုပ်ချို့တဲ့ ( ဥပဓိဝိပတ္တိဖြစ်မူ) အကျိုးမပေးကုန်ရာ၊ သို့သော် ထိုသူသည် တခုသော ကုသိုလ်ကံကြောင့် ဥပဓိရုပ်နှင့်ပြည့်စုံ၏(ဥပဓိသမ္ပတ္တိဖြစ်၏)၊ ယင်းသို့ ဖြစ်ခြင်းကြောင့် ကုသိုလ်ကံများ အကျိုးပေးကြကုန်၏၊ ဥပဓိရုပ်ပြည့်စုံသူသည် မင်းမျိုး၌ဖြစ်မူ မိမိထက်ကြီးသော နောင်တော်မင်းသားများကို ကျော်လွန်၍ မင်းအဖြစ်ရနိုင်သည်၊ အိမ်ရှေ့မင်း၏ သားဖြစ်မူ ဖခင်သေလွန်ခဲ့သော် အိမ်ရှေ့မင်းသော်၎င်း, စစ်သူကြီးသော်၎င်း, ဘဏ္ဍာစိုးသော်၎င်း ဖြစ်နိုင်သည်၊ ဤကား ဥပဓိဝိပတ္တိ တားမြစ်ချက်ကြောင့် အကျိုးပေးခြင်းငှါ မစွမ်းနိုင်သော ကုသိုလ်ကံများသည် ဥပဓိရုပ်ပြည့်စုံမှု (ဥပဓိသမ္ပတ္တိ)ကြောင့် အကျိုးပေးခွင့် ရလာခြင်းပင် ဖြစ်သည်။[၁၅]

(၁၅) တယောက်သောသူအား များစွာသော ကုသိုလ်ကံတို့သည် ရှိကုန်၏၊ ထိုကုသိုလ်ကံများသည် ခေတ်ပျက် အခါပျက် (ကာလဝိပတ္တိ)ဖြစ်မူ အကျိုးမပေးကုန်ရာ၊ သို့သော် ထိုသူသည် တစုံတခုသော ကုသိုလ်ကံကြောင့် ခေတ်ကောင်း အခါကောင်း(ကာလသမ္ပတ္တိ)နှင့် ကြုံတွေ့ရ၏၊ ယင်းသို့ ဖြစ်ခြင်းကြောင့် ကုသိုလ်ကံများ အကျိုးပေးခွင့် ရလာသည်၊ ဤကား ကာလဝိပ္ပတ္တိ တားမြစ်ချက်ကြောင့် အကျိုးပေးခြင်းငှါ မစွမ်းနိုင်သော ကုသိုလ်ကံများသည် ကာလသမ္ပတ္တိကြောင့် အကျိုးပေးခွင့် ရလာခြင်းပင် ဖြစ်သည်။[၁၆] သီဟိုဠ်ကျွန်း၌ ဗြာဟ္မဏတိဿခိုးသူ(သူပုန်) နှိပ်စက်၍ ခေတ်ပျက် အခါပျက် (ကာလဝိပတ္တိ) ဖြစ်နေစဉ် မဟာသောဏထေရ် အမှူးရှိသော ရဟန်းတော်များသည်(ကုသိုလ်ကံများရှိလင့်ကစား ယင်းကုသိုလ်ကံများသည် ကာလဝိပတ္တိဖြစ်၍ အကျိုးမပေးပဲ) သစ်မည်စည်သီး သစ်ခေါက် သစ်ခွံ ကြာရိုး စသော အစာအာဟာရ များဖြင့် ရောင့်ရဲတင်းတိမ်၍ နေကြရှရှာလေသည်၊ ဗြာဟ္မဏတိဿခိုးသူ ( သူပုန် )ဘေး ငြိမ်း၍ မင်းကျင့်တရား ၁၀-ပါးနှင့် အညီ အုပ်ချုပ်သော ပိတုမဟာရာဇာ နန်းတက်လာသောအခါ မြို့ရွာ နယ်ပယ်များလည်း တစ တစ စည်ကားလာသည်၊ ရဟန်းတော်များလည်း ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး ဟူသော ပစ္စည်းလေးပါး ပေါများလာကြသည်၊ မဟာသောဏထေရ် တပါးတည်းကို အကြောင်းပြု၍ရသော ပစ္စည်းလေးပါးသည်ပင် ရဟန်းပေါင်းများစွာ သုံးစွဲ၍ မကုန်နိုင်တော့ပေ၊ ဤကား ခေတ်ပျက် အခါပျက် ( ကာလဝိပ္ပတ္တိ )၌ ကုသိုလ်ကံအကျိုးပေးခွင့် မရ၍ လာဘ်လာဘ နည်းပါးကြသော်လည်း ခေတ်ကောင်း အခါကောင်း(ကာလသမ္ပတ္တိ)၌ ကုသိုလ်ကံ အကျိုးပေးခွင့်ရ၍ လာဘ်လာဘ ပေါများသော သာဓကပင်ဖြစ်၏။[၁၇]

(၁၆) တယောက်သော သူအား များစွာသော ကုသိုလ်ကံတို့သည် ရှိကုန်၏၊ ထိုကုသိုလ်ကံတို့သည် မှားယွင်းသော အားထုတ် မှု(ပယောဂဝိပတ္တိ) ဖြစ်မူ အကျိုးမပေးနိုင်ရာ၊ သို့သော် ထိုသူသည် တခုသော ကုသိုလ်ကံကြောင့် မှန်ကန်သော အားထုတ်မှု(ပယောဂသမ္ပတ္တိ)၌ တည်၍ သုစရိုက်တရားများကို ဖြည့်ကျင့်၏၊ ၅-ပါး ၁၀-ပါး သီလကို စောင့်ထိန်း၏၊ (ပယောဂသမ္ပတ္တိနှင့် ပြည့်စုံသူအား မင်းများကပင် ဆင်ယာဉ်, မြင်းယာဉ် စသော လက်ဆောင်ပဏ္ဏာများနှင့် မင်းသမီးများကို “ထိုသူနှင့်တော်သည်”ဟု ပို့စေကုန်၏။ ရဟန်း ဖြစ်မူ အခြံအရံများ၏၊ ဘုန်းကြီး၏။) ယင်းသို့ ဖြစ်ခြင်းကြောင့် ကုသိုလ်ကံများ အကျိုးပေးခွင့် ရလာသည်၊ ဤကား ပယောဂဝိပတ္တိ တားမြစ်ချက်ကြောင့် အကျိုးပေးခွင့် မရသော ကုသိုလ်ကံများသည် ပယောဂသမ္ပတ္တိကြောင့် အကျိုးပေးခွင့် ရလာခြင်းပင် ဖြစ်သည်။ ကုဋကဏ္ဏမင်းသည် တိပိဋကစူဠနာဂ မထေရ်ကို ကြည်ညို၏၊ အခါတပါး မထေရ်၏လက်ညှိုးတွင် အနာတလုံးပေါက်၏၊ မင်းသည် မထေရ်၏ ရောဂါကို မေးရန် ကျောင်းသို့လာသည်၊ မထေရ်ကို အလွန်ကြည်ညိုသဖြင့် အနာပေါက်သော လက်ညှိုးကို ပါးစပ်ဖြင့် ငုံထားစဉ် ပါးစပ်တွင်း၌ပင် အနာသည် ပြည်ပေါက်၏၊ သွေး ပြည်တို့ကို ထွေးမပစ်ပဲ အမြိုက်ရသာကဲ့သို့ မျိုချလိုက်သည်၊ ထိုမထေရ် ပြန်လွန်တော်မူသောအခါ မင်းသည် မီးအိုးကင်းကို ခေါင်းပေါ်ရွက်၍ “ဓမ္မလှည်းယာဉ်ကြီး၏ ဝန်ရိုးကျိုးပါပြီ”ဟု ဆို၍ ငိုကြွေးမြည်တမ်း ရှာလေသည်၊ ဤကား မထေရ်၏ ပယောဂသမ္ပတ္တိကြောင့် ဘုန်းတန်ခိုးကြီးသော သာဓကပင်တည်း။[၁၈] [၁၉]

ကိုးကား[ပြင်ဆင်ရန်]

  1. (အဘိ၊ဝိ၊၃၅၁။)
  2. (အံ၊ဋ္ဌ၊၂၊၁၁၁။ အဘိ၊ဋ္ဌ၊၂၊၄၂၁-၂။)
  3. (အံ၊ဋ္ဌ၊၂၊၁၁၁။ အဘိ၊ဋ္ဌ၊၂၊၄၂၁-၂။)
  4. (အံ၊ဋ္ဌ၊၂၊၁၁၁။ အဘိ၊ဋ္ဌ၊၂၊၄၂၂။)
  5. (အံ၊ဋ္ဌ၊၂၊၁၁၁-၂။ အဘိ၊ဋ္ဌ၊၂၊၄၂၂။)
  6. (အံ၊ဋ္ဌ၊၂၊၁၁၂။ အဘိ၊ဋ္ဌ၊၂၊၄၂၂။)
  7. (အံ၊ဋ္ဌ၊၂၊၁၁၂။ အဘိ၊ဋ္ဌ၊၂၊၄၂၂-၃။)
  8. (အံ၊ဋ္ဌ၊၂၊၁၁၂။ အဘိ၊ဋ္ဌ၊၂၊၄၂၃။)
  9. (အံ၊ဋ္ဌ၊၂၊၁၁၂။ အဘိ၊ဋ္ဌ၊၂၊၄၂၃။)
  10. (အံ၊ဋ္ဌ၊၂၊၁၁၂။ အဘိ၊ဋ္ဌ၊၂၊၄၂၄။)
  11. (ဝတ္ထု၊ အကျယ်ကို အဘိ၊ဋ္ဌ၊၂၊၄၂၅ ကြည့်။)
  12. (အဘိ၊ဋ္ဌ၊၂၊၄၂၅။)
  13. (အဘိ၊ဋ္ဌ၊၂၊၄၂၅။)
  14. (အဘိ၊ဋ္ဌ၊၂၊၄၂၆။)
  15. (အံ၊ဋ္ဌ၊၂၊၁၁၃။ အဘိ၊ဋ္ဌ၊၂၊၄၂၆။)
  16. (အဘိ၊ဋ္ဌ၊၂၊၄၂၆။)
  17. (ဝတ္ထု အကျယ်ကို အဘိ၊ဋ္ဌ၊၂၊၄၂၆–၃၀တို့၌ကြည့်။ ဝတ္တဗ္ဗကနိရောဓထေရ် ဝတ္ထုလည်းကြည့်။ အဘိ၊ဋ္ဌ၊၂၊၄၃၀-၁-၂။)
  18. (အဘိ၊ဋ္ဌ၊၂၊၄၃၃။)
  19. တိပိဋကအဘိဓာန် အတွဲ-၅