ဝိနည်းကံ
ပုံပန်းသွင်ပြင်
| တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
| ဗုဒ္ဓဘာသာ |
|---|
ဝိနည်းပိဋကလာ ကံတို့သည်—
- (၁) အပလောကနကံ။
- (၂) ဉတ္တိကံ။
- (၃) ဉတ္တိဒုတိယကံ။
- (၄) ဉတ္တိစတုတ္ထကံဟု ၄-မျိုးရှိ၏။ [၁][၂]
ဝိနည်းကံ ၄-မျိုး
[ပြင်ဆင်ရန်]ညီညွတ်သော သံဃာ၏ ခွင့်ပြုချက်အရ—
- (၁) သုံးကြိမ် သံဃာကို ပန်ကြား၍ ပြုအပ်သော အမှုကိစ္စအဝဝသည် အပလောကနကံ မည်၏။
- (၂) ဉတ်တစ်ကြိမ်ဖြင့်သာ ပြုအပ်သော ဥပုသ်ကံ, ပဝါရဏာစသောကံသည် ဉတ္တိကံ မည်၏။
- (၃) ဉတ်တစ်ကြိမ်, ကမ္မဝါစာတစ်ကြိမ်ဖြင့် ပြုအပ်သော ကထိန်ကံ, သိမ် သမုတ်ကံ စသောကံသည် ဉတ္တိဒုတိယကံ မည်၏။
- (၄) ဉတ်တစ်ကြိမ်, ကမ္မဝါစာသုံးကြိမ်ဖြင့် ပြုအပ်သော ရဟန်းခံခြင်း စသောကံသည် ဉတ္တိစတုတ္ထကံ မည်၏။ [၃] [၂]
ဝိနည်းကံ ၅-မျိုး
[ပြင်ဆင်ရန်]ထို့ပြင်
- (၁) တဇ္ဇနီယကံ။
- (၂) နိယဿကံ။
- (၃) ပဗ္ဗာဇနီယကံ။
- (၄) ပဋိသာရဏီယကံ။
- (၅) ဥက္ခေပနီယကံဟု ၅-မျိုး ရှိသေး၏။ [၄]
- ထိုတွင် (၁) သံဃာသည် ငြင်းခုံတတ်သောရဟန်းကို ငြင်းခုံခြင်း, မညီမညွတ်ခြင်း၏ အပြစ်ဘေးကိုပြ၍ သည်းခံစေ, ငြိမ်းချမ်းစေ သောကံသည် တဇ္ဇနီယကံမည်၏။ [၅]
- (၂) ဝိနည်းသိက္ခာပုဒ်၌ မကျွမ်းကျင် မလိမ္မာသဖြင့် အာပတ်(အပြစ်)အသင့် များ၍ လူတို့နှင့် ရောရော နှောနှော အနေ များသော ရဟန်းအား “သင်သည် ဆရာ သမားကို မှီခို၍ နေရမည်”ဟု နှိပ်ကွပ်သောကံသည် နိယဿကံ မည်၏။ [၆]
- (၃) ပန်းပင်ငယ် စိုက်ပျိုးခြင်း စသည်ဖြင့် ဒကာတို့၏ သဒ္ဓါတရားကို ဖျက်ဆီးသော ရဟန်းအား ထိုရဟန်းနေထိုင်ရာ ကျောင်းရွာ စသည်မှ နှင်ထုတ်သောကံသည် ပဗ္ဗာဇနီယကံ မည်၏။ [၇]
- (၄) ရတနာသုံးပါး ကြည်ညိုသော ဒကာအား ဆဲရေးမိသဖြင့် ထိုဒကာထံ ဆဲရေးမိသော ရဟန်းကိုယ်တိုင် သွား၍ သည်းခံစေရမည် (တောင်းပန် ရမည်)ဟု သံဃာက စေလွှတ်သောကံသည် ပဋိသာရဏီယကံမည်၏။ [၈]
- (၅) မိမိသင့်သော အာပတ်ကို-မရှူ-မကုစား–သဖြင့်လည်းကောင်း, မိစ္ဆာအယူရှိသဖြင့်၎င်း သံဃာက ဆွမ်းအတူ မစားခြင်း စသည်ဖြင့် ပယ်စွန့် ကြဉ်ဖယ်သောကံသည် ဥက္ခေပနီယကံ မည်၏။ [၉][၂]
ကံကြီး, ကံငယ်
[ပြင်ဆင်ရန်]ထို့ပြင်
- (၁) ဂရုကကံ = ကံကြီး။
- (၂) လဟုကကံ = ကံငယ်ဟု ၂-မျိုးရှိပြန်၏။
ထိုတွင် (၁)
- သီမာသမ္မုတိ = သိမ်သမုတ်သောကံ၊
- သီမာသမူဟနန = သိမ်နုတ်ကံ၊
- ကထိနဒါန = ကထိန်ကံ၊
- ကထိနုဒ္ဓါရ = ကထိန်နုတ်ကံ၊
- ကုဋိဝတ္ထုဒေသနာ = ကုဋိရာကြားသောကံ၊
- ဝိဟာရဝတ္ထု = ကျောင်းရာကြားသောကံ၊
ဤ ၆-ပါးသောကံတို့သည် ပန်ကြားခြင်း (အပလောကန)ကံမျှဖြင့် ပေါ့ပေါ့ ဆဆ မပြုသင့်၊ ဉတ္တိဒုတိယကမ္မဝါစာ ရွတ်ဖတ်ကာလေး လေးနက်နက် ပြုသင့်သောကြောင့် ဂရုကကံ မည်ကုန်၏။
(၂) ထိုမှကြွင်းသော ၁၃-ပါးသော သမ္မုတိကံ, သေနာသနဂ္ဂါဟကသမ္မုတိ ပေါ့ပါးစွာ ပြုနိုင်သော စသော ကံတို့သည် ပန်ကြားခြင်း (အပလောကန)ကံဖြင့်ကြောင့် လဟုကကံတို့ မည်ကုန်၏။ [၁၀] [၂]