ကာမာဝစရကုသိုလ်ကံ

ဝီကီပီးဒီးယား မှ

ကာမာဝစရ ကုသိုလ်စေတနာ ၈-ပါးသည် ကာမာဝစရ ကုသိုလ်ကံ မည်၏၊ ထိုကာမာဝစရ ကုသိုလ်ကံ ၈-ပါးသည် ကာမသုဂတိ ၇-ဘုံ၌ ပဋိသန္ဓေကျိုးကို ဖြစ်စေ၏၊ ပဝတ္တိအခါ ကာမဘုံ ရူပဘုံ၌ ထိုက်သည့် အားလျော်စွာ မဟာဝိပါက် ၈-ပါး, အဟိတ် ကုသလဝိပါက် ၈-ပါး အကျိုးတရားတို့ကိုဖြစ်စေ၏။[၁]

ကာမာဝစရ ကုသိုလ်ကံသည် တိဟိတ်ကုသိုလ်, ဒွိဟိတ်ကုသိုလ်ဟု နှစ်မျိုးရှိသည်၊ ထိုနှစ်မျိုးတွင် ဉာဏသမ္ပယုတ်မဟာကုသိုလ်စိတ် ၄- ပါးတို့တွင် တပါးပါးဖြင့် ပြုအပ်သော ကုသိုလ်မျိုးသည် တိဟိတ်ကုသိုလ်မည်၏၊ အလောဘ, အဒေါသ, အမောဟဟိတ်သုံးပါးနှင့် ယှဉ်သော ကုသိုလ်ဖြစ်သည်၊ ဉာဏဝိပ္ပယုတ် မဟာကုသိုလ်စိတ် ၄-ပါးတို့တွင် တပါးပါးဖြင့် ပြုလုပ်အပ်သော ကုသိုလ်မျိုးသည် ဒွိဟိတ် ကုသိုလ်မည်၏၊ အလောဘ, အဒေါသ ဟိတ် ၂-ပါးနှင့် ယှဉ်သော ကုသိုလ်ဖြစ်သည်၊ ထိုတိဟိတ်, ဒွိဟိတ်ကုသိုလ်၌ ပုဗ္ဗစေတနာနှင့် အပရစေတနာများ ရှိကြသည်၊ လှူဒါန်း ပေးကမ်းတော့မည်ဟု ကြံစည်သည်မှ စ၍ လှူတုန်း, လှူဆဲ အခိုက်အတံ့ထိ ဖြစ်သော စေတနာများကို ပုဗ္ဗစေတနာဟု ခေါ်၏၊ အချို့ပုဂ္ဂိုလ်မှာ ယင်း ပုဗ္ဗစေတနာအခိုက်၌ အလွန် ထက်သန်၏၊ ကုသိုလ်နှင့် စပ်သော ဇောတွေ များစွာ ဖြစ်၏၊ ကုသိုလ်ပြုပြီးနောက် ထိုကုသိုလ်ကို အာရုံပြု၍ “လှူဒါန်း ရပေပြီ၊ ပေးကမ်းရပေပြီ”ဟု ဝမ်းမြောက်သော စေတနာများကို အပရစေတနာဟု ခေါ်သည်၊ အချို့သောပုဂ္ဂိုလ်မှာ ထိုအပရ စေတနာ အလွန်အားကောင်း၏၊ ထိုကုသိုလ်မျိုးကို ရှေ့ရော နောက်ပါ ကုသိုလ်ခြံရံ၍ အလွန်အားရှိသောကြောင့် ဥက္ကဋ္ဌကုသိုလ်ဟု ခေါ်သည်၊ မြင့်မြတ်သောကုသိုလ်ဟု ဆိုလိုသည်။[၂] တိဟိတ်ဖြစ်လျှင် တိဟိတ်ဥက္ကဋ္ဌကုသိုလ်ဟု ခေါ်၍ ဒွိဟိတ်ဖြစ်လျှင် ဒွိဟိတ်ဥက္ကဋ္ဌကုသိုလ်ဟု ခေါ်သည်။ တိဟိတ်ဥက္ကဋ္ဌကုသိုလ်ကံသည် တိဟိတ် ပဋိသန္ဓေကျိုးကို ပေးသည်၊ ပဝတ္တိအခါ၌ မဟာဝိပါက် ၈-ခု အဟိတ် ကုသလဝိပါက် ၈-ခု အကျိုးတရားများကို ဖြစ်စေ၏၊ ဒွိဟိတ် ဥက္ကဋ္ဌကုသိုလ်ကံသည် ဒွိဟိတ်ပဋိသန္ဓေကျိုးကို ပေးသည်၊ ပဝတ္တိအခါ၌ မဟာဝိပါက် ဉာဏဝိပ္ပယုတ် စိတ် ၄-ခု အဟိတ်ကုသလဝိပါက် ၈-ခု အကျိုးတရားများကို ဖြစ်စေ၏။

အချို့သောပုဂ္ဂိုလ်မှာ မလှူမီ ရှေးအဖို့၌ ဝမ်းမြောက်ဝမ်းသာ မရှိလှ၊ ဂုဏ်သတင်း ကြီးလိုခြင်းစသော အကုသိုလ်များ ရှေ့သွား ပြုလျက်ရှိ၏၊ လှူပြီးနောက် အပရစေတနာ အခိုက်၌လည်း “လှူမိတာ မှားလေခြင်း”စသည်ဖြင့် နှလုံးမသာယာမှု အကုသိုလ် ဖြစ်၏၊ ထိုကုသိုလ်မျိုးမှာ ရှေ့ရော နောက်ပါ အကုသိုလ်ခြံရံလျက်ရှိသောကြောင့် များစွာ အားမရှိချေ၊ ဩမကကုသိုလ် = အညံ့စား ကုသိုလ်ဟု ခေါ်သည်၊ တိဟိတ်ဖြစ်မှု တိဟိတ် ဩမကကုသိုလ်ဟုခေါ်၍ ဒွိဟိတ်ဖြစ်မှု ဒွိဟိတ် ဩမကကုသိုလ်ဟု ခေါ်သည်၊ တိဟိတ်ဩမ ကုသိုလ်ကံသည် ဒွိဟိတ်ပဋိသန္ဓေကျိုးကို ပေးသည်၊ ပဝတ္တိအခါ၌ မဟာဝိပါက်ဉာဏဝိပ္ပယုတ်စိတ် ၄-ခု အဟိတ်ကုသလဝိပါက်စိတ် ၈-ခု အကျိုးတရားများကို ဖြစ်စေ၏၊ ဒွိဟိတ် ဩမကကုသိုလ်ကံသည်အဟိတ်ကုသလဝိပါက် ပဋိသန္ဓေကျိုးကိုသာ ပေး၏၊ ပဝတ္တိအခါ၌ အဟိတ်ကုသလဝိပါက် ၈-ပါး အကျိုးတရားများကို ဖြစ်စေ၏။[၃]

ထိုကာမာဝစရကုသိုလ်ကံသည်လည်း ကာယကံ, ဝစီကံ, မနောကံအားဖြင့် ၃-ပါး၊ ဒါနကုသိုလ်ကံ, သီလကုသိုလ်ကံ, ဘာဝနာ ကုသိုလ်ကံအားဖြင့် ၃-ပါး၊ ပုညကြိယာဝတ္ထုအားဖြင့် ၁၀-ပါး ပြားသေးသည်။[၄] အကုသိုလ်ကံ ၁၂-ပါး ကာမာဝစရ ကုသိုလ်ကံ ၈-ပါး ပေါင်း၂၀-ကို ကာမာဝစရ ကံဟု ခေါ်သည်။[၅] [၆]

ကိုးကား[ပြင်ဆင်ရန်]

  1. (သင်္ဂဟ၊၃၅။)
  2. (ဝိဘာဝိနီ၊၁၈၂။)
  3. (သင်္ဂဟ၊၃၅။)
  4. (သင်္ဂဟ၊၃၄။)
  5. (သင်္ဂဟ၊၃၅။)
  6. တိပိဋကအဘိဓာန် အတွဲ-၅