ဗမာလူမျိုး

From Wikipedia

ဗမာအမျိုးသမီးနှင့် ကလေးများသည် သနပ်ခါးကို နေကာအတွက် မျက်နှာမှာ လိမ်းသည်။

ဗမာလူမျိုးသည် မြန်မာပြည်၏ အများဆုံးလူမျိုးဖြစ်သည်။ လူဦးရေ ၆၈% သို့မဟုတ် ၃၀,၀၀၀,၀၀၀ ဦး မျှရှိသည်။တိဘက်-ဗမာ လူမျိုးနွယ်စုကြီးမှ အကြီးဆုံးသော လူမျိုးဖြစ်သည်။ မနုဿသမိုင်းအရ ယနေ့ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်း ပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက် တို့က ဖျက်စီးပြီးချိန် မတိုင်မှီကပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟု ခန့်မှန်းကြပါသည်။ အေဒီ ၁၀ ရာစုမတိုင်မှီအချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီတွင် မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူထောင်ကာ ဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော်မြန်မာတို့က ထိုပြည်ထောင်စုကို ပထမပြည်ထောင်စုအဖြစ်သာ လက်ခံကြသည်။ သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊အပြင်ရန်အမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ဖူးပြီး အကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ပြန်လည်ကာရောက်ရှိနိုင်ခဲ့သည်။ အနော်ရထာ၏ ပထမပြည်ထောင်စု (ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ဒုတိယပြည်ထောင်စု (ဒုတိယမြန်မာနိုင်ငံတော်ကြီး)၊ အလောင်းဘုရား၏ တတိယပြည်ထောင်စု(တတိယမြန်မာနိုင်ငံတော်ကြီး) တို့ကိုတည်ထောင်ကာ သမိုင်းတစ်လျောက်တွင် အောင်နိုင်သူများအဖြစ် ရပ်တည်နိုင်ခဲ့သည်။

ပုဂံမြို့အနီးတွင် ဗမာယောက်ျား သုံးဦး ရေသယ်ဆောင်နေကြပုံ။ ရေရှားသည့် မြန်မာပြည် အလယ်ပိုင်းတွင် လူဦးရေ ၃၄% နေထိုင်သည်။
ရန်ကုန်မြို့ရှိ နတ်စင်တစ်စင်

[ပြင်​ဆင်​ရန်​] နောက်ခံသမိုင်းကြောင်း

မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်မလာမီ နှစ်ပေါင်း၄၀ဝ၀ကျော်ခန့်အချိန်က ဗမာလူမျိုးတို့သည် တရုတ်နိုင်ငံ အနောက်မြောက်ဖက် ကန်စုဒေသ၊ ထောင်မြစ်ဝှမ်းတွင် နေထိုင်ခဲ့ကြသည်ဟု ခန့်မှန်းရသည်။ သက်သေအထောက်အထားအားဖြင့် ဗမာတို့၏ ဘိုးဘွားများဖြစ်သည်ဟု ဆိုရန်ခက်သကဲ့သို့ ငြင်းပယ်နိုင်ခြင်းလည်းမရှိပေ။ တွေ့ရှိရသည့် ထိုလူမျိုးစုတို့၏ ကျန်ရစ်သောအသုံးအဆောင်များမှာ အတော်အတန်အဆင့်မြင့်သည့် ကျောက်ခေတ်နှောင်းလက်ရာမျိုးရှိပြီး ခေတ်ပြိုင်တရုတ်လက်ရာများနှင့် ရေချိန်ညီသောယဉ်ကျေးမှုမျိုးရှိသည်ဟု ဆိုနိုင်သည်။ တရုတ်တို့၏အင်အားကြီးမားစွာနယ်ပယ်ချဲ့ထွင်လာမှုများ၊ လူမျိုးစုအချင်းအချင်း တိုက်ခိုက်မှုများကြောင့် အဆိုပါလူမျိုးစုသည် တောင်ဖက်ဒေသများသို့ ရွေ့ပြောင်းလာကြသည်။ ထိုသို့ လွတ်လပ်မှုအတွက် ရွေ့ပြောင်းရာတွင် ပေးဆပ်ရသော တန်ဖိုးမှာ အနှစ် ၃၀ဝ၀နီးပါးမျှတိမ်ကောခဲ့ရသည်ယဉ်ကျေးမှုပင်ဖြစ်တော့သည်။ ဆိုလိုသည်မှာ မိမိတို့လူမျိုးစုလွတ်မြောက်ရေးအတွက် ယဉ်ကျေးမှုကို ပစ်ပယ်ကာ ရောက်ရာအရပ်မှ ယဉ်ကျေးမှုများရောနှောလာသည်ကို လက်ခံခဲ့ရခြင်းပင်ဖြစ်သည်။ တနည်းအားဖြင့် ပုဂံတွင်အခြေချသည့် အေဒီ ၁၁ရာစုက ဗမာတို့ယဉ်ကျေးမှုသည် အေဒီ ၁၁ရာစု တရုတ်တို့၏ ယဉ်ကျေးမှုနှင့် ယဉ်လျှင် အဆင့်အတန်းချင်းများစွာကွာခြားခဲ့ပေပြီ။

သို့ဖြင့် ခရစ်၇ ရာစုများအရောက်တွင် ထိုလူမျိုးစုသည် တရုတ်-မြန်မာနယ်စပ်သို့ရောက်လာပြီဖြစ်ပြီး တရုတ်မှတ်တမ်းများတွင် မန်းမန် ဟုခေါ်သည့် လူရိုင်းအုပ်စုကြီးအဖြစ် တည်ရှိခဲ့သည်။ ထိုအုပ်စုကြီးအတွင်းမှ မန်ဟုခေါ်သည့် လူမျိုးစုမှ မိမိတို့အကြီးအကဲဖြစ်သူကို မင်းမင်းစော ဟုခေါ်ကြပြီး စစ်မက်ရေးရာကျွမ်းကျင်သူများဖြစ်လာသည်။ သို့သော် မွှေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြကြောင်း သိရှိရသည်။ ထိုစဉ်ကပင် အိမ်ကြက်ကို မွှေးမြူနေပြီဖြစ်သည်ဟု သိရှိရသည်။ ထိုလူမျိုးသည် ထကြွလုံ့လရှိပြီး စစ်ရေးတွင်အလွန် အားသန်သူများဖြစ်သည် ဟုဆိုသည်။

စစ်ပွဲများတွင် လှံနှင့် မြင်းစီးကျွမ်းကျင်မှုကို အသုံးချကာ တိုက်ခိုက်သည်။ အမျိုးသားများသာမက အမျိုးသမီးများပါ မြင်းကိုကျွမ်းကျင်စွာ စီးနှင်းနိုင်သည်။ လေးမြားအတတ်တွင် ကျင်လည်ကာ အဆိပ်လူးမြားဖြင့်လည်း ရန်သူကိုတိုက်ခိုက်လေ့ရှိသည်။ ခြေတံရှည်အိမ်များတည်ဆောက်နေထိုင်သည်။ ဘောင်းဘီဝတ်ဆင်လေ့ရှိပြီး ခေါင်းပေါင်းအနီကို ပေါင်းလေ့ရှိကြောင်း သိရသည်။

၈ရာစုအစောပိုင်းကာလများတွင် နန်ကျောက်တို့၏ အုပ်စီးမှုကိုခံလာရပြီး ခရစ်နှစ်၇၉၄ ခန့်တွင် နန်ကျောက်လက်အောက်ခံဖြစ်ရသည်။ စစ်ရေးကျွမ်းကျင်မှုကြောင့် နန်ကျောက်တို့၏ အရှေ့တောင်အာရှကုန်းမြေအား ကျူးကျော်စစ်ပွဲများတွင် တပ်ဦးမှ အများဆုံးပါဝင်ရလေ့ရှိသည်။ မန်းမန်စစ်သည်များသည် အလွန်သတ္တိရှိပြီး သစ္စာလည်းမြဲသည်ဟုဆိုလေ့ရှိသည်။ စစ်ပွဲတွင် မန်းမန်စစ်သည်တစ်ဦးအား ဖမ်းဆီးရမိ၍ မည်သို့ပင်ရိုက်နှက်စစ်ဆေးစေကာမူ မည်သည့်လျှို့ဝှက်ချက်ကိုမှ ပြောပြမည်မဟုတ်ဟု ဆိုသည်။

[ပြင်​ဆင်​ရန်​] မြန်မာနိုင်ငံသို့ဝင်ရောက်လာခြင်း

စစ်တိုက်သန်သူများဖြစ်သော်လည်း မိမိတို့ကို အုပ်စီးထားသည့် နန်ကျောက်များခိုင်းသကဲ့သို့ အချိန်ကြာမြင့်စွာ လှည့်လည်တိုက်ခိုက်ခြင်းမှာ မဖြစ်နိုင်သည်ကြောင့်တစ်ကြောင်း၊ နဂိုကပင်လွတ်လပ်မှုကို အလေးထားသည့်လူမျိုးဖြစ်သည်ကြောင့် တစ်ကြောင်း ခရစ်နှစ် ၉ ရာစုမတိုင်မီကပင် နန်ကျောက်အုပ်ချုပ်သည့် ပြည်နယ်အတွင်းမှ အုပ်စုလိုက်စတင်ထွက်ခွာလာကြသည်။ အရှေ့တောင်အာရှတခွင် နေရာဒေသအတော်များများကို ရောက်ဖူးပြီးဖြစ်သဖြင့် မိမိတို့နှင့် အသင့်တော်ဆုံးဖြစမည့် ဒေသကို ရွေးချယ်နိုင်ပြီဖြစ်သည်။ သို့ဖြင့် ပူပြင်းစိုစွတ်သော၊ ငှက်ဖျားရောဂါကဲ့သို့ ရောဂါဆိုးမျိုးရှိရာ ဒေသများကို ရှောင်ရှားကာ မြန်မာနိုင်ငံ၏ ဗဟိုဒေသ၊ ပူအိုက်ခြောက်သွေ့ကာ ရောဂါဘယဘေးကင်းရှင်းသည့် ဒေသကို ရွေးချယ်အခြေချလေတော့သည်။

မြန်မာ့မြေပထဝီအနေအထားကို သိရှိပြီးဖြစ်သကဲ့သို့ မိမိတို့အား ခုခံသူမရှိမည့် လမ်းကြောင်းဖြစ်သည့် သံလွင်မြစ်ကို စုန်ဆင်းကာ မြောက်ပိုင်းရှမ်းပြည်နယ်ကို ဖြတ်သန်းကာ ဗဟိုမြန်မာဒေသကို အရှေ့တောင်ထောင့်မှ ဝင်ရောက်သည်။ ထို့နောက် စိုက်ပျိုးမြေကောင်းမွန်သည့် ကျောက်ဆည်နှင့် မင်းဘူးဒေသများကို မွန်၊သက်၊ပလောင် နှင့် ပျူတို့ထံမှ လုယူသည်။(လုယူသည်ဟုဆိုရာတွင် တစ်ပြိုင်နက် စစ်ပြု၍ ယူသည်မျိုးရှိနိုင်သကဲ့သို့၊ လူဦးရေအတိုးအပွားပေါ်တွင် အခြေပြုကာ ဝါးမြိုခြင်းလည်း ရှိနိုင်ပါသည်။) ထို့နောက် ဆက်သွယ်ရေး၊ရိက္ခာရရှိနိုင်မှုနှင့် အခြေအနေအရပ်ရပ်ကို သုံးသပ်ကာ မြို့တော်အဖြစ် အလယ်ဗဟိုတွင်ရှိသည့် ပုဂံကိုထူထောင်သည်။ ထိုနောက် မိမိအရင်လူမျိုးများဖြစ်သည့် ပျူနှင့် မွန်တို့ထံမှ ဘာသာစကား၊ဘာသာရေး နှင့် ယဉ်ကျေးမှုများကို လက်ခံသုံးစွဲလာကြသည်။ ထို့ကြောင့် အောင်နိုင်သူများသည် ယဉ်ကျေးမှုဖြင့်ကျဆုံးပြီဟု ဆိုရလောက်အောင်ပင်ဖြစ်တော့သည်။ ပလောင်နှင့် မွန်လူမျိုးများထံမှ ဆည်ရေသောက်လယ်ယာမြေစိုက်ပျိုးနည်းစနစ်ကို ရယူကာ စိုက်ပျိုးရေးကို အကြီးအကျယ်တိုးချဲ့သည်။ တောများကိုခုတ်ထွင်ရှင်းလင်းကာ စိုက်ပျိုးမြေအဖြစ် ဖေါ်ထုတ်သည်။ သို့ဖြင့် ရွှေဘို၊မုံရွာ၊ပခုက္ကူ၊စစ်ကိုင်း နှင့် မန္တလေးအစရှိသည့် ဒေသများတွင်လယ်စိုက်ပျိုးကြပြီး အခြားမြေသြဇာညံ့ဖျင်းသည့် အရပ်များတွင် ကွမ်း၊ထန်း အစရှိသည့် ဥယျာဉ်ခြံများကို လုပ်ကိုင်ကြသည်။ အလွန်မှ ညံ့ဖျင်းသည့် မြေများတွင် ပြောင်း၊နှမ်း အစရှိသည်တို့ကို စိုက်ပျိုးသည်။ ဤသို့ မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့ဒေသကြီးတစ်ခုလုံးအား စိုက်ပျိုးမြေအဖြစ် ပြောင်းလဲခဲ့ခြင်းမှာ အလွန်ပင်ဂုဏ်ယူဖွယ်ဖြစ်သည့် ကြီးမားသောအောင်မြင်မှုပင်ဖြစ်သည်။ စိုက်ပျိုးရေးဖြစ်ထွန်းကာ အခြေတကျနေထိုင်ခွင့်ရရှိလာပြီဖြစ်သဖြင့် လူဦးရေမှာလည်း အလျင်အမြန်ပင်တိုးပွားလာပြီး နယ်ပယ်မှာလည်း ကျယ်ပြန့်လာသည်။

[ပြင်​ဆင်​ရန်​] ကိုးကား

Wiki letter w.svg ဆောင်ပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသားနိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက်ရေးသားပြီး ဝီကီပိဒိယကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။