ဗမာလူမျိုး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဦးဖိုးကျား ရေးသော ခေတ်မီ မြန်မာရာဇဝင်အကျဉ်းစာအုပ်မှ.....
၁၉၈၀ ခုနှစ်ပိုင်းတွင် တွေ့ရှိနိုင်သည့် ဗမာအမျိုးသား နှင့် အမျိုးသမီး
ဗမာအမျိုးသမီးနှင့် ကလေးများသည် သနပ်ခါးကို နေကာအတွက် မျက်နှာမှာ လိမ်းသည်။

ဗမာလူမျိုးသည် မြန်မာပြည်၏ အများဆုံးလူမျိုးဖြစ်သည်။ လူဦးရေ ၆၈% သို့မဟုတ် ၄၀,၀၀၀,၀၀၀ ဦး မျှရှိသည်။

ပုဂံမြို့အနီးတွင် ဗမာယောက်ျား သုံးဦး ရေသယ်ဆောင်နေကြပုံ။ ရေရှားသည့် မြန်မာပြည် အလယ်ပိုင်းတွင် လူဦးရေ ၃၄% နေထိုင်သည်။

နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ[ပြင်​ဆင်​ရန်​]

ဗမာလူမျိုးတို့သည် တိဘက်-မြန်မာ(Tbeto-Burman) လူမျိုးနွယ်စုကြီးမှ အကြီးဆုံးသော လူမျိုးဖြစ်သည်။ မွန်ဂိုလွိုက်(Mongoloid race) ဖြစ်သည်[၁][၂] ဟု မြန်မာ သမိုင်းပညာရှင် သမိုင်းပါမောက္ခဆရာကြီးဒေါက်တာသန်းထွန်း က မှတ်ချက် ပြုသည်။ ယနေ့ မြန်မာနိုင်ငံဟု ခေါ်သော နေရာတွင် ယခင်အနှစ် ၄၀၀,၀၀၀ လောက်က လက်နက်ကို အသုံးပြုတတ်ပြီ ဖြစ်သော ရှေးလူများ နေထိုင် ခဲ့ကြသည်။ ရာသီဥတုမှာ ယခုအခါထက် ပို၍ အေးသည်။ မိုးမှာ၊ ယခုထက် သုံးဆမှ ခြောက်ဆခန့် ပိုသဖြင့်၊ မိုးစွေကာလဟု ခေါ်ရပါသည်။ ယခင် အနှစ် ၂၀၀,၀၀၀ လောက်မှ စ၍ ထို ရှေးလူများသည် လက်နက် လုပ်တတ်သော အဆင့်သို့ ရောက်လာသည်။ အလွန်အေးသော မြောက်လေကို ကြောက်သဖြင့်၊ တောင်စောင်းများ၌ တောင်ဘက်သို့ အပေါက်လှည့်သော ဂူများတွင်သာ နေကြသည်။ ယခင်အနှစ် ၄၀,၀၀၀ လောက်မှ စ၍ လူအစစ်များ ဖြစ်လာ ကြသည်။ ရာသီဥတုမှာ ယခင်အနှစ် ၁၀,၀၀၀ မှ စ၍၊ တဖြည်းဖြည်း ယခု ရာသီဥတုမျိုး ဖြစ်လာပါသည်။ ယခင်အနှစ် ၁၁,၀၀၀ ခန့်က၊ ထိုသူများ နေခဲ့သော ပြဒါးလင်းဂူတွင် သူတို့ ရေးဆွဲခဲ့သော ကျောက်ခေတ်ဟောင်း နံရံ ပန်းချီကား တို့ကို တွေ့နိုင်ပါသည်၊၊ ယခု ဆင်၊ ဝက်၊ သမင်တို့နှင့် တူသော ပုံများ၊ အရိုးသာ ဖော်ပြသော ငါးနှင့် လက်ဝါးပုံများကို ရေးဆွဲခဲ့သည်။ ဂူတွင်းမှ မြင်ရသော နေထွက်ပုံမှာ၊ ရှုခင်းကား ဖြစ်မည် ထင်ရပါသည်။မြန်မာတို့သည် ခရစ် (၁၁) ရာစုနှစ်မှ စ၍ ဗုဒ္ဓ သာသနာကို လက်ခံခဲ့၍ မည်သည့် ကိစ္စမဆို ဗုဒ္ဓ သာသနာကို ထိပ်တန်းက ထား၍ စဉ်းစား ဆောင်ရွက်သော ဓလေ့ကို ရခဲ့ပါသည်။မျိုးရိုး စဉ်ဆက်မှာ တိဗက် တရုတ်နှင့် နီးစပ်သဖြင့် တရုတ် ဘက်မှ ဓလေ့ များစွာလည်း မြန်မာတို့ ယခုတိုင် ဆက်လက်၍ အသုံးပြု နေပါသည်။[၃][၄]

မနုဿသမိုင်းအရ ယနေ့ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်း ပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီကပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟု ခန့်မှန်းကြပါသည်။ အေဒီ ၁၀ ရာစုမတိုင်မှီအချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီတွင် မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူထောင်ကာ ဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော်မြန်မာတို့က ထိုပြည်ထောင်စုကို ပထမပြည်ထောင်စုအဖြစ်သာ လက်ခံကြသည်။ သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ဖူးပြီး အကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ပြန်လည်ကာရောက်ရှိနိုင်ခဲ့သည်။ အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ဒုတိယပြည်ထောင်စု(ဒုတိယမြန်မာနိုင်ငံတော်ကြီး)၊ အလောင်းဘုရား၏ တတိယပြည်ထောင်စု(တတိယမြန်မာနိုင်ငံတော်ကြီး)တို့ကိုတည်ထောင်ကာ သမိုင်းတစ်လျောက်တွင် အောင်နိုင်သူများအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ပထမ အင်္ဂလိပ် - မြန်မာ စစ်ပွဲ (အင်္ဂလိပ်တို့၏ မြန်မာနိုင်ငံအပေါ် ပထမ ကျူးကျော်စစ်ပွဲ) အပြီးတွင် မဏိပူရ ၊ တနင်္သာရီနှင့် ရခိုင် ဒေသများကို အင်္ဂလိပ်တို့ထံ ပေးအပ်ခဲ့ရပြီး ၁၈၈၆ တွင် မြန်မာနိုင်ငံသည် ဗြိတိသျှ အင်ပါယာအတွင်းသို့ ကျရောက်ခဲ့သည်။ ၁၉၃၇ ခုနှစ်အထိ မြန်မာနိုင်ငံသည် အိန္ဒိယ၏ ပြည်နယ်တစ်ခုအဖြစ် တည်ရှိခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်ကြိုးပမ်းမှုကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ဗြိတိသျှ အုပ်ချုပ်မှု အောက်မှ လွတ်လပ်ရေး ရရှိခဲ့ပြီး မြန်မာပြည် အဖြစ်ပြန်လည်ထူထောင်ခဲ့သည်။ နောက် ၁၉၆၂ ခုနှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် အဖြစ် ကူးပြောင်းကာ တစ်ပါတီဗဟိုဦးစီးစနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ၂၆ နှစ်အကြာတွင် တစ်ပါတီစနစ်ပျက်သုဉ်းပြီး တပ်မတော်မှ နိုင်ငံ့အာဏာကို ထိန်းသိမ်းခဲ့သည်။ ၂၀၁ဝ ခုနှစ်တွင် ပါတီစုံ ဒီမိုကရေစီစနစ်သို့ကူးပြောင်းရန်စီမံလျက်ရှိပြီး ကုလသမဂ္ဂ‎အာဆီယံWTO စသည့် အဖွဲ့အစည်းများတွင် ပါဝင်သည်။

ရန်ကုန်မြို့ရှိ နတ်စင်တစ်စင်

မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်မလာမီ နှစ်ပေါင်း၄၀ဝ၀ကျော်ခန့်အချိန်က ဗမာလူမျိုးတို့သည် တရုတ်နိုင်ငံ အနောက်မြောက်ဖက် ကန်စုဒေသ၊ ထောင်မြစ်ဝှမ်းတွင် နေထိုင်ခဲ့ကြသည်ဟု ခန့်မှန်းရသည်။ သက်သေအထောက်အထားအားဖြင့် ဗမာတို့၏ ဘိုးဘွားများဖြစ်သည်ဟု ဆိုရန်ခက်သကဲ့သို့ ငြင်းပယ်နိုင်ခြင်းလည်းမရှိပေ။ တွေ့ရှိရသည့် ထိုလူမျိုးစုတို့၏ ကျန်ရစ်သောအသုံးအဆောင်များမှာ အတော်အတန်အဆင့်မြင့်သည့် ကျောက်ခေတ်နှောင်းလက်ရာမျိုးရှိပြီး ခေတ်ပြိုင်တရုတ်လက်ရာများနှင့် ရေချိန်ညီသောယဉ်ကျေးမှုမျိုးရှိသည်ဟု ဆိုနိုင်သည်။ တရုတ်တို့၏အင်အားကြီးမားစွာနယ်ပယ်ချဲ့ထွင်လာမှုများ၊ လူမျိုးစုအချင်းအချင်း တိုက်ခိုက်မှုများကြောင့် အဆိုပါလူမျိုးစုသည် တောင်ဖက်ဒေသများသို့ ရွေ့ပြောင်းလာကြသည်။ ထိုသို့ လွတ်လပ်မှုအတွက် ရွေ့ပြောင်းရာတွင် ပေးဆပ်ရသော တန်ဖိုးမှာ အနှစ် ၃၀ဝ၀နီးပါးမျှတိမ်ကောခဲ့ရသည်ယဉ်ကျေးမှုပင်ဖြစ်တော့သည်။ ဆိုလိုသည်မှာ မိမိတို့လူမျိုးစုလွတ်မြောက်ရေးအတွက် ယဉ်ကျေးမှုကို ပစ်ပယ်ကာ ရောက်ရာအရပ်မှ ယဉ်ကျေးမှုများရောနှောလာသည်ကို လက်ခံခဲ့ရခြင်းပင်ဖြစ်သည်။ တနည်းအားဖြင့် ပုဂံတွင်အခြေချသည့် အေဒီ ၁၁ရာစုက ဗမာတို့ယဉ်ကျေးမှုသည် အေဒီ ၁၁ရာစု တရုတ်တို့၏ ယဉ်ကျေးမှုနှင့် ယဉ်လျှင် အဆင့်အတန်းချင်းများစွာကွာခြားခဲ့ပေပြီ။

သို့ဖြင့် ခရစ်၇ ရာစုများအရောက်တွင် ထိုလူမျိုးစုသည် တရုတ်-မြန်မာနယ်စပ်သို့ရောက်လာပြီဖြစ်ပြီး တရုတ်မှတ်တမ်းများတွင် မန်းမန် ဟုခေါ်သည့် လူရိုင်းအုပ်စုကြီးအဖြစ် တည်ရှိခဲ့သည်။ ထိုအုပ်စုကြီးအတွင်းမှ မန်ဟုခေါ်သည့် လူမျိုးစုမှ မိမိတို့အကြီးအကဲဖြစ်သူကို မင်းမင်းစော ဟုခေါ်ကြပြီး စစ်မက်ရေးရာကျွမ်းကျင်သူများဖြစ်လာသည်။ သို့သော် မွှေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြကြောင်း သိရှိရသည်။ ထိုစဉ်ကပင် အိမ်ကြက်ကို မွှေးမြူနေပြီဖြစ်သည်ဟု သိရှိရသည်။ ထိုလူမျိုးသည် ထကြွလုံ့လရှိပြီး စစ်ရေးတွင်အလွန် အားသန်သူများဖြစ်သည် ဟုဆိုသည်။

စစ်ပွဲများတွင် လှံနှင့် မြင်းစီးကျွမ်းကျင်မှုကို အသုံးချကာ တိုက်ခိုက်သည်။ အမျိုးသားများသာမက အမျိုးသမီးများပါ မြင်းကိုကျွမ်းကျင်စွာ စီးနှင်းနိုင်သည်။ လေးမြားအတတ်တွင် ကျင်လည်ကာ အဆိပ်လူးမြားဖြင့်လည်း ရန်သူကိုတိုက်ခိုက်လေ့ရှိသည်။ ခြေတံရှည်အိမ်များတည်ဆောက်နေထိုင်သည်။ ဘောင်းဘီဝတ်ဆင်လေ့ရှိပြီး ခေါင်းပေါင်းအနီကို ပေါင်းလေ့ရှိကြောင်း သိရသည်။

၈ရာစုအစောပိုင်းကာလများတွင် နန်ကျောက်တို့၏ အုပ်စီးမှုကိုခံလာရပြီး ခရစ်နှစ်၇၉၄ ခန့်တွင် နန်ကျောက်လက်အောက်ခံဖြစ်ရသည်။ စစ်ရေးကျွမ်းကျင်မှုကြောင့် နန်ကျောက်တို့၏ အရှေ့တောင်အာရှကုန်းမြေအား ကျူးကျော်စစ်ပွဲများတွင် တပ်ဦးမှ အများဆုံးပါဝင်ရလေ့ရှိသည်။ မန်းမန်စစ်သည်များသည် အလွန်သတ္တိရှိပြီး သစ္စာလည်းမြဲသည်ဟုဆိုလေ့ရှိသည်။ စစ်ပွဲတွင် မန်းမန်စစ်သည်တစ်ဦးအား ဖမ်းဆီးရမိ၍ မည်သို့ပင်ရိုက်နှက်စစ်ဆေးစေကာမူ မည်သည့်လျှို့ဝှက်ချက်ကိုမှ ပြောပြမည်မဟုတ်ဟု ဆိုသည်။

မြန်မာနိုင်ငံသို့ဝင်ရောက်လာခြင်း[ပြင်​ဆင်​ရန်​]

စစ်တိုက်သန်သူများဖြစ်သော်လည်း မိမိတို့ကို အုပ်စီးထားသည့် နန်ကျောက်များခိုင်းသကဲ့သို့ အချိန်ကြာမြင့်စွာ လှည့်လည်တိုက်ခိုက်ခြင်းမှာ မဖြစ်နိုင်သည်ကြောင့်တစ်ကြောင်း၊ နဂိုကပင်လွတ်လပ်မှုကို အလေးထားသည့်လူမျိုးဖြစ်သည်ကြောင့် တစ်ကြောင်း ခရစ်နှစ် ၉ ရာစုမတိုင်မီကပင် နန်ကျောက်အုပ်ချုပ်သည့် ပြည်နယ်အတွင်းမှ အုပ်စုလိုက်စတင်ထွက်ခွာလာကြသည်။ အရှေ့တောင်အာရှတခွင် နေရာဒေသအတော်များများကို ရောက်ဖူးပြီးဖြစ်သဖြင့် မိမိတို့နှင့် အသင့်တော်ဆုံးဖြစမည့် ဒေသကို ရွေးချယ်နိုင်ပြီဖြစ်သည်။ သို့ဖြင့် ပူပြင်းစိုစွတ်သော၊ ငှက်ဖျားရောဂါကဲ့သို့ ရောဂါဆိုးမျိုးရှိရာ ဒေသများကို ရှောင်ရှားကာ မြန်မာနိုင်ငံ၏ ဗဟိုဒေသ၊ ပူအိုက်ခြောက်သွေ့ကာ ရောဂါဘယဘေးကင်းရှင်းသည့် ဒေသကို ရွေးချယ်အခြေချလေတော့သည်။

မြန်မာ့မြေပထဝီအနေအထားကို သိရှိပြီးဖြစ်သကဲ့သို့ မိမိတို့အား ခုခံသူမရှိမည့် လမ်းကြောင်းဖြစ်သည့် သံလွင်မြစ်ကို စုန်ဆင်းကာ မြောက်ပိုင်းရှမ်းပြည်နယ်ကို ဖြတ်သန်းကာ ဗဟိုမြန်မာဒေသကို အရှေ့တောင်ထောင့်မှ ဝင်ရောက်သည်။ ထို့နောက် စိုက်ပျိုးမြေကောင်းမွန်သည့် ကျောက်ဆည်နှင့် မင်းဘူးဒေသများကို မွန်၊သက်၊ပလောင် နှင့် ပျူတို့ထံမှ လုယူသည်။(လုယူသည်ဟုဆိုရာတွင် တစ်ပြိုင်နက် စစ်ပြု၍ ယူသည်မျိုးရှိနိုင်သကဲ့သို့၊ လူဦးရေအတိုးအပွားပေါ်တွင် အခြေပြုကာ ဝါးမြိုခြင်းလည်း ရှိနိုင်ပါသည်။) ထို့နောက် ဆက်သွယ်ရေး၊ရိက္ခာရရှိနိုင်မှုနှင့် အခြေအနေအရပ်ရပ်ကို သုံးသပ်ကာ မြို့တော်အဖြစ် အလယ်ဗဟိုတွင်ရှိသည့် ပုဂံကိုထူထောင်သည်။ ထိုနောက် မိမိအရင်လူမျိုးများဖြစ်သည့် ပျူနှင့် မွန်တို့ထံမှ ဘာသာစကား၊ဘာသာရေး နှင့် ယဉ်ကျေးမှုများကို လက်ခံသုံးစွဲလာကြသည်။ ထို့ကြောင့် အောင်နိုင်သူများသည် ယဉ်ကျေးမှုဖြင့်ကျဆုံးပြီဟု ဆိုရလောက်အောင်ပင်ဖြစ်တော့သည်။ ပလောင်နှင့် မွန်လူမျိုးများထံမှ ဆည်ရေသောက်လယ်ယာမြေစိုက်ပျိုးနည်းစနစ်ကို ရယူကာ စိုက်ပျိုးရေးကို အကြီးအကျယ်တိုးချဲ့သည်။ တောများကိုခုတ်ထွင်ရှင်းလင်းကာ စိုက်ပျိုးမြေအဖြစ် ဖေါ်ထုတ်သည်။ သို့ဖြင့် ရွှေဘို၊မုံရွာ၊ပခုက္ကူ၊စစ်ကိုင်း နှင့် မန္တလေးအစရှိသည့် ဒေသများတွင်လယ်စိုက်ပျိုးကြပြီး အခြားမြေဩဇာညံ့ဖျင်းသည့် အရပ်များတွင် ကွမ်း၊ထန်း အစရှိသည့် ဥယျာဉ်ခြံများကို လုပ်ကိုင်ကြသည်။ အလွန်မှ ညံ့ဖျင်းသည့် မြေများတွင် ပြောင်း၊နှမ်း အစရှိသည်တို့ကို စိုက်ပျိုးသည်။ ဤသို့ မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့ဒေသကြီးတစ်ခုလုံးအား စိုက်ပျိုးမြေအဖြစ် ပြောင်းလဲခဲ့ခြင်းမှာ အလွန်ပင်ဂုဏ်ယူဖွယ်ဖြစ်သည့် ကြီးမားသောအောင်မြင်မှုပင်ဖြစ်သည်။ စိုက်ပျိုးရေးဖြစ်ထွန်းကာ အခြေတကျနေထိုင်ခွင့်ရရှိလာပြီဖြစ်သဖြင့် လူဦးရေမှာလည်း အလျင်အမြန်ပင်တိုးပွားလာပြီး နယ်ပယ်မှာလည်း ကျယ်ပြန့်လာသည်။

ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ[ပြင်​ဆင်​ရန်​]

ဝတ်စားဆင်ယင်မှု[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်ဒေသများတွင် အစဉ်အဆက် နေထိုင်ကြသည်။ AD ၁၀ ရာစု ခန့်စ၍ ဧရာဝတီ မြစ်ရိုးတစ်လျှောက်တွင် မြို့ပြများထူထောင်နေထိုင်ကြသည်။ပုဂံ၊ အင်းဝ၊ အမရပူရ၊ စစ်ကိုင်း၊ မန္တလေးတို့မှာ ထင်ရှားသည်။ ယနေ့အချိန်များတွင် ဗမာလူမျိုးမှာ မြန်မာနိုင်ငံစုစုပေါင်းလူဦးရေ ၆၀ ရာခိုင်နှုန်းကျော်ရှိသည်။ဗမာအမျိုးသမီး များသည် ရင်စေ့ ရှပ်အင်္ကျီကို ဝတ်ဆင်ပြီး ပိုးချည်ဖောက်ထားသော ကွင်းလုံချည်ကို ဝတ်ဆင်၍ပခုံးတွင်ပုဝါလွှား ရင်တစ်ဘက်တစ်ချက်တွင်ချထားသည်။ မြန်မာအမျိုးသမီးများသည်ဆံပင်ကိုအထူးဆင်ယင်ထုံးဖွဲ့လေ့ရှိသည်။ အမျိုးသားများမှာ ဦးခေါင်းတွင် ခေါင်းပေါင်းပေါင်း၍ တိုက်ပုံ ရင်စေ့နှင့် ပုဆိုးကို ဝတ်ဆင်ကြသည်။

ဘာသာနှင့်စာပေ[ပြင်​ဆင်​ရန်​]

  • ဘာသာ

ဘာသာအယူဝါဒအားဖြင့် အစပထမတွင် မဟာယာနဂိုဏ်း၊ ရိုးရာနတ်နှင့်ဟိန္ဒူနတ်တို့ကို ကိုးကွယ်သည်ဟု လေ့လာသိရှိရပါသည်။ အနော်ရထာမင်း လက်ထက်တွင် ထိုအယူကွဲဂိုဏ်းများကို နှိပ်ကွပ်ပြီး စစ်မှန်သည့် ထေရဝါဒ(မဟာယာနဂိုဏ်း က ဟိနယာနဟုခေါ်သည်။) ဗုဒ္ဓဘာသာကို ကိုးကွယ်ရန် ပျိုးထောင်ပေးခဲ့သည်။ သို့သော် သမိုင်းတစ်လျောက်တွင် မဟာယာန နွယ်သော ပွဲကျောင်းအလေ့အထများ၊ ရိုးရာနတ်နှင့် ဟိန္ဒူဆိုင်ရာအလေ့အထများကို ညောင်ရမ်းခေတ်အထိ တွေ့ရှိခဲ့ရသည်။ သက်သေအားဖြင့် ကျန်စစ်သားမင်း နန်းသစ်တည်ပြီး နန်းသိမ်းပွဲခံရာတွင် ဟိန္ဒူနတ်ဖြစ်သည့် ဗိဿနိုးနတ်ကို ပင့်ဖိတ်ပသခြင်း၊ တောင်ငူနန်းဆက်တွင်လည်း တောင်တွင်းရှင် မုန်ယိုဆရာတော်၊ ညောင်ရမ်းမင်းဆက်၏ နောက်ဆုံးမင်းဆက်များတွင် ဗားမဲ့၊ ဗားမော့ အစရှိသည့် မွန်ဆရာတော်များကို ပင့်ဖိတ်ကာ နတ်မေးစေခြင်း အစရှိသည်တို့ကိုတွေ့ရသည်။

  • စာပေ

ယနေ့ မြန်မာစာပေအရေးအသားမှာ ဗမာစာကိုစံထားပြီး ရုံးသုံးစာအဖြစ်၊ မြန်မာစာအဖြစ် သတ်မှတ်သည် ဟုဆိုနိုင်သည်။ စာပေအရေးအသားတွင် ဗမာတို့သည် အနွယ်တူသော ပျူတို့ထံမှ မသင်ယူခဲ့ပဲ ၊ မွန်တို့ကို ဆရာတင်ခဲ့ပြီး အက္ခရာ အရေးအသားမှာလည်း မွန်တို့ထံမှ ရယူသည်။ ထို့ကြောင့် မျက်မှောက်ခေတ်တွင် ပျူကျောက်စာ အကြွင်းအကျန်များကို ဖတ်ရှု အဓိပ္ပာယ် ဖော်နိုင်ရန်ခက်ခဲနေရသည်။

ဗမာ(ခေါ်) မြန်မာတို့သည် ခရစ်နှစ် ၁၁၁၃ မှ ၁၁၇၄ အတွင်း၌ မွန်ယဉ်ကျေးမှု့ကိုမှီငြမ်းပြု၍ သီးခြားယဉ်ကျေးမှု တည်ထောင်ရန် အားထုတ်နေဆဲ ဖြစ်ကြောင်း ဒေါက်တာသန်းထွန်း၏ ခေတ်ဟောင်းမြန်မာ့ရာဇဝင် စာ-၂၅ ၌ တွေ့ရသည်။ မြန်မာ့သမိုင်းဆရာတို့က မြန်မာစာသည် ပျူစာမှဆင်းသက်လာသည်ဟု ယူဆကြသည်။ ပျူစာမှဆင်းသက်ရိုးမှန်လျှင် ပျူစာမှသည် မြန်မာစာဖြစ်လာစေရန် ခေတ်အဆက်ဆက် ဆင့်ကဲဆင့်ကဲပြောင်းလဲလာခဲ့သော ကြားခံစာပေမျိုး ရှိရမည်။ ယင်းကဲ့သို့မရှိခဲ့ကြောင်းကို ရာဇကုမာရ် ကျောက်စာက သက်သေခံလျှက်ရှိသည်။ ရာဇကုမာရ်ကျောက်စာ၌ ပါဠိ၊ မြန်မာ၊ ပျူ၊ မွန် ဟူ၍ စာပေလေးမျိုးဖြင့် တပြိုင်တည်း ရေးထိုးထားသည်ကိုတွေ့ရှိနိုင်ပါသည်။ ယင်းကျောက်စာမှာ အကြောင်းအရာတစ်ခုတည်းကို စာပေလေးမျိုးဖြင့် တစ်ခေတ်တည်းတွင် ရေးထိုးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်မြန်မာစာသည် ပျူစာမှဆင်းသက်လာသည်ဟူသောအဆိုမှာ ခိုင်လုံသောအထောက်အထားမဟုတ်ချေ။ အလားတူစွာ မွန်စာမှဆင်းသက်လာသည်ဟု ဆိုပြန်ရန်လည်း ယင်းကျောက်စာမှာပင် မွန်စာလည်း ပါရှိနေပြီးဖြစ်သောကြောင်းတည်း။ ယနေ့ထိ လူတို့သည် ပျူစာကိုကောင်းစွာ ရေရေလည်လည် ဖတ်တတ်သူဟူ၍ မရှိသေးချေ။ အဘယ်ကြောင့်ဆိုသော် ပျူတို့သည် ရခိုင်နှင့် မွန်တို့ကဲ့သို့ သီးခြားစာပေဖြင့် ရပ်တည်နေထိုင်လာခဲ့သော လူမျိုးများဖြစ်နေသောကြောင့်တည်း။ ဒေါက်တာသန်းထွန်းက သူ၏ခေတ်ဟောင်း မြန်မာ့ရာဇဝင်စာ-၁၂၂ တွင် ထိုလေးရာစုတွင် စာရေးနည်းပညာကို ပျူတို့ရကြလျှက် မွန်နှင့်ရခိုင်တို့က ၆ ရာစုတွင်ရနေပြီးဖြစ်လျှက် နောင်အခါ မြန်မာတို့က ပျူ၊ မွန် နှစ်ဦးစလုံး ထံမှ နည်းကိုမှီလျှက် ၁၁ ရာစုတွင် ထိုပညာကိုရကြသည်ဟု မှတ်ယူနိုင်သည်ဟူ၍ ကောက်ချက်ချ ရေးသားခဲ့ပါသည်။

တဖန် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ် ကျောက်စာများကို သေသေချာချာ လေ့လာကြည့်ပါက “ရခိုင်သံဖြင့် ရေးသားထားသော ရခိုင်စာပေ အသုံးအနူန်းများကိုသာ ” တွေ့ရှိကြရပါသည်။ ထို့ကြောင့် မြန်မာတို့သည် မြန်မာစာကို ပျူနှင့် မွန်တို့ထံမှ ရသည်ဟူသောအဆိုကို စဉ်းစားစရာ အများ ကြီးရှိလာပါသည်။

ရခိုင့်အသံ၊ ပုဂံခေတ်ကျောက်စာနှင့် ဘာသာပြန်

  1. ရဟန်းသင်္ဃာ = ရဟန်းသံဃာ
  2. မင်းဆြာ = မင်းဆရာ
  3. ပင့်သကူ = ပံသကူ
  4. လှိယ် = လှေ
  5. အရှေ့လားသော် = အရှေ့သွားသော်

ထင်ရှားသောဗမာလူမျိုးများ[ပြင်​ဆင်​ရန်​]

ကျမ်းကိုး[ပြင်​ဆင်​ရန်​]

  1. http://dictionary.infoplease.com/mongoloid
  2. http://robertlindsay.wordpress.com/category/raceethnicity/asians/se-asians/burmese/
  3. https://www.myanmarisp.com/History/General_Hsitory/his0011/
  4. http://en.wikipedia.org/wiki/Mongoloid