မှိုင်း၊ ကိုယ်တော်၊ သခင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
သခင်ကိုယ်တော်မှိုင်း
သခင်ကိုယ်တော်မှိုင်း
မွေးသက္ကရာဇ် ၁၈၇၆-၁၉၆၄
နို်င်ငံ Flag of Myanmar.svg မြန်မာ
ငယ်အမည် မောင်လွန်း
အလုပ်အကိုင် မြန်မာစာပေပညာရှင်
ဆောင်ရွက်ချက်များ စာပေဖြင့် လွတ်လပ်ရေးတိုက်ပွဲ ဝင်ခဲ့၊ ဆောင်းပါး၊ ကဗျာ၊ ပြဇတ်၊ ကျမ်းပေါင်းများစွာ ရေးသားခဲ့၊ အမျိုးသားစည်းလုံညီညွတ်ရေး အတွက်ကြိုးပမ်းခဲ့။
ရရှိခဲ့သည့်ဘွဲ့နှင့် ဆုတံဆိပ်များ အလင်္ကာကျော်စွာဘွဲ့ စတာလင်ငြိမ်းချမ်းရေးဆု(ဆိုဗီယက်) ဒေါက်တာဘွဲ့(အရှေ့ဂျာမဏီ)
ဆရာကြီးသခင်ကိုယ်တော်မှိုင်း

ဆရာကြီး သခင်ကိုယ်တော်မှိုင်းအား ၁၈၇၆ ခုနှစ် မတ်လ ၂၃ ရက်နေ့ မြန်မာ သက္ကရာဇ် ၁၂၃၇ ခုနှစ် တပေါင်းလပြည့်ကျော် ၁၄ ရက် ကြာသပတေးနေ့တွင် အဖ ဦးဒွန်းစံ၊ အမိ ဒေါ်အုန်းတို့က ပြည်ခရိုင် ရွှေတောင်မြို့နယ် ဝါးလယ်ရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်း ၅ ယောက်အနက် ဒုတိယမြောက်ဖြစ်ကာ ငယ်နာမည်မှာ မောင်လွမ်းမောင် ဖြစ်သည်။


ငယ်ဘဝနှင့်ပညာရေး[ပြင်​ဆင်​ရန်​]

ငယ်စဉ်က ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးထံတွင် စာပေပညာကို ဆည်းပူးလေ့လာ သင်ယူခဲ့သည်။ ၁၈၈၃ ခုနှစ်တွင် ဦးလေးတော်သူ ဦးပဇ္ဇင်း ဦးသီရိနှင့် အတူ မန္တလေးသို့ လိုက်ပါသွားပြီး မြတောင်ကျောင်းတိုက် ဆရာတော်ဘုရားကြီးထံတွင် ကိုရင်ဝတ်ဖြင့် ပညာ ဆက်လက်ဆည်းပူးခဲ့သည်။ ရှင်အမည်မှာ ပဏ္ဍိတ ဖြစ်သည်။

၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် နောက်ဆုံး မြန်မာဘုရင် သီပေါမင်းနှင့် မိဖုရား ပါတော်မူသည့် မြင်ကွင်းကို စာတော်ဝန် ဦးစံကျောင်း လက်ယမ်းပေါ်မှ မြင်တွေ့ခဲ့ရသည်။ ထိုနေ့မှာပင် စစ်ကိုင်းဘက်သို့ တောထွက်ခဲ့သည်။ စစ်ကိုင်း၊ ချောင်းဦး၊ မုံရွာ၊ အလုံ၊ မောင်းထောင်၊ ဘုတလင်၊ ကန္နီ ဒေသများတွင် ၆ နှစ်ခန့်လှည့်လည်၍ စာပေပညာ သင်ယူခဲ့ သည်။ အဂ္ဂိရတ် ဖိုထိုးခြင်းကိုလည်း ဝါသနာပါခဲ့သည်။

အိမ်ထောင်ရေးနှင့်အလုပ်အကိုင်[ပြင်​ဆင်​ရန်​]

၁၈၉၄ ခုနှစ်တွင် အဖ ဦးစံဒွန်းကွယ်လွန်သည်။ ၁၈၉၇ ခုနှစ်တွင် အစိုးရစစ် ၇ တန်းစာမေးပွဲကို မုံရွာမြို့ အလွတ်ပညာသင်ကျောင်းမှ ဦးပဏ္ဍိတ ရဟန်းအမည်ဖြင့် ဖြေဆိုအောင်မြင်ခဲ့သည်။ ၁၈၉၈ ခုနှစ်တွင် မော်လမြိုင်မြို့သို့ သွားရောက်ပြီး မြန်မာ့တိုင်း သတင်းစာတွင် ပဏ္ဍိလေး ဟူသော ကလောင်အမည်ဖြင့် စာများ ကဗျာများ ရေးသားခဲ့သည်။[၁]

၁၉၀၀ ပြည့်နှစ် အသက် ၂၄ နှစ်အရွယ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီ ဇမ္ဗူ့ကျက်သရေ ပုံနှိပ်တိုက်တွင် စာစီအလုပ်ဝင်လုပ်သည်။ မကြာမီပင် ထိုပုံနှိပ်တိုက်တွင် စာပြင်ဆရာ ဖြစ်လာသည်။

၁၉၀၃ ခုနှစ်တွင် ရန်ကုန်မြို့ ကြည့်မြင်တိုင် ငါးကျော်ဖိုရပ်နေ ဆန်စပါးပွဲစား ဦးနု၊ ဒေါ်နှင်းတို့၏သမီး ဒေါ်ရှင်နှင့် အကြောင်းပါခဲ့သည်။ ထိုနှစ်မှာပင် ဇမ္ဗူ့ကျက်သရေ ပုံနှိပ်တိုက်မှ ရန်ကုန်တိုင်း သတင်းစာတိုက်သို့ ပြောင်းရွှေ့ လုပ်ကိုင်သည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း

မောင်လွမ်းမှဆရာလွမ်းဘဝ[ပြင်​ဆင်​ရန်​]

ဇာတ်စာအုပ်များလည်း အများအပြား ရေးသားခဲ့သည်။ ပြဇာတ်ပေါင်း ၈၀ ခန့် ရေးသားပြုစုခဲ့သည်။ ထို့နောက် မော်လမြိုင်မြို့ မြန်မာတိုင်းမ် သတင်းစာ အယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်ကာ ပဏ္ဍိလေး၊ မောင်သမာဓိ အမည်များဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် ရွှေတောင် မောင်လွမ်း ကလောင်အမည်ဖြင့် မော်လမြိုင် ရာဇဝင် ဝတ္ထုကို ရေးသားထုတ်ဝေခဲ့ သည်။

ထိုနောက် ကဝိသာရ မြဉ္ဇူကျမ်း၊ ပရမတ္တ သံခိပ်အခြေကျမ်း (ဒုတိယတွဲ)တို့ကို ဆရာလွမ်း အမည်ဖြင့် ရေးသားခဲ့ပြန်သည်။ ၁၉၀၇ ခုနှစ်တွင် မြန်မာတိုင်းမ် သတင်းစာ ထုတ်ဝေမှု ရပ်ဆိုင်းသွားသောအခါ ဟင်္သာတမြို့ အမရဝတီ စာပုံနှိပ်တိုက်တွင် စာပြုအဖြင့်နှင့် အယ်ဒီတာ အဖြစ် ခေတ္တ ဝင်ရောက်လုပ်ကိုင်သည်။

၁၉၁၀ ပြည့်နှစ်တွင် သူရိယ သတင်းစာ စတင်ထုတ်ဝေသောအခါ အယ်ဒီတာအဖြစ် တာဝန်ယူ လုပ်ကိုင်ခဲ့သည်။ ခေါင်းဆောင်ကြီးနှင့် ဘုန်းကြီး ဒီပနီတို့ကို ရေးသားခဲ့သည်။ ကဗျာ ပရတ္တ သဂြိုလ်ကို ရေးသားပြုစု ထုတ်ဝေခဲ့သည်။ မြန်မာ ရာဇဝင်ချုပ်၊ ရွှေနတ်တောင် ဘုရား စာအုပ်များကို ဆရာလွန်းအမည်ဖြင့် ရေးသားထုတ်ဝေခဲ့သည်။[၂]

ချဉ်ပေါင်ရွက်သည်မောင်မှိုင်း[ပြင်​ဆင်​ရန်​]

၁၉၁၂ ခုနှစ် တဝိုက်တွင် ခေတ်ပညာတတ် မြန်မာလူငယ်များအကြားတွင် အမည်ရှေ့၌ မစ္စတာ တပ်ခြင်း ခေတ်စားကာ အင်္ဂလိပ်ကို အထင်တကြီး ရှိနေကြသည်။ အသင်း အစည်း အဝေးများတွင်ပင် မစ္စတာ မေအောင်၊ မစ္စတာ ဘဖေ၊ မစ္စတာ သိမ်းမောင် စသည်ဖြင့် မှတ်တမ်းတင် ရေးသား နေကြလေရာ ဆရာကြီးမှာ လွန်စွာ စိတ်မကောင်း ဖြစ်ရသည်ဟု ဆိုသည်။ တိုင်းပြည်ခေါင်းဆောင်လုပ်ကြရမည့် လူငယ်များ အမည်ရှေ့က မစ္စတာ အမြီး ပြုတ်သွားအောင် လုပ်မှဖြစ်တော့မည်ဟု ကြံစည်မိသည်။

ထိုအချိန်က ဝန်စာရေး ဦးကြီး ရေးသားသည့် “ချဉ်ပေါင်ရွက်သည် မောင်မှိုင်း” ဝတ္ထုထွက်နေ သည်။ ထိုဝတ္ထုထဲမှ ဇာတ်လိုက် မောင်မှိုင်းသည် လူရှုပ်လူပွေ၊ ကြသမား မြာပွေသူဖြစ်၍ စာဖတ်သူတို့က အော့နှလုံးနာကြသည်။ ဆရာကြီးသည် ထို မောင်မှိုင်း အမည်ကို ယူကာ ရှေ့က မစ္စတာတပ်ပြီး မစ္စတာ မောင်မှိုင်း ကလောင်အမည်ယူ၍ သူရိယ သတင်းစာတွင် ကြာ ဋီကာ ဆောင်းပါးများ ရေးသားသည်။ ထိုနောက် သူရိယ သတင်းစာတွင်ပင် မစ္စတာ မောင်မှိုင်း အမည်ဖြင့် “ဗိုလ်ဋီကာ” ဆောင်းပါးများ ဆက်လက် ရေးသားခဲ့သည်။ ထိုစဉ်က ဘိလပ်ပြန်ခေါ် နိုင်ငံခြားပြန်များ ယူကေနိုင်ငံမှ ပြန်လာသူများ အကြားတွင် ထိုဆောင်းပါးများကြောင့် အတော်ဂယက်ရိုက် ပွက်လောထသွားသည်။ သတင်းစာတိုက်သို့ မေးကြ မြန်းကြ၊ ဆူပူကြ အပြန်အလှန် ဆောင်းပါးများ ရေးသားကြသည်။ ထိုနောက်ပိုင်းတွင် မြန်မာအမည်များရှေ့က မစ္စတာများ ပြုတ်သွားသည်။


အယ်ဒီတာဘဝ[ပြင်​ဆင်​ရန်​]

ဆရာကြီး အသက် ၄၀ အရွယ် ၁၉၁၄-၁၅ ခန့်တွင် ဇနီးသည် ဒေါ်ရှင် ကွယ်လွန်သည်။ သားသမီးလေးဦးကျန်ခဲ့ကာ အငယ်ဆုံးသမီးလေးမှာ ၁၁ လအရွယ်သာရှိသေးသည်။ ဆရာကြီး အလွန် ကသီလင်တ ဖြစ်ရသည်။ ထိုမျှ ဒုက္ခရောက်သည့် နှစ်ပိုင်းများတွင် ဆရာကြီးသည် အရေးကြီးသည့် ဗိုလ်ဋီကာဆောင်းပါးများကို ရေးသားခဲ့သည်။ စာအုပ် အဖြစ် လည်း ရိုက်နှိပ်ထုတ်ဝေ နိုင်ခဲ့သည်။

ဆရာကြီးသည် ၁၉၂၀ ပြည့်နှစ်ခန့်အထိ သူရိယ သတင်းစာတိုက်တွင် မြန်မာစာဘက်ဆိုင်ရာ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ သူရိယတွင် အယ်ဒီတာလုပ်သည်မှာ တိုင်းပြည်အကျိုး အတွက် ဖြစ်သော်လည်း သပိတ်မှောက် ကျောင်းသားများ ကိစ္စမှာ အလွန် အရေးကြီးသော အမျိုးသားရေး ကိစ္စဟု မြင်ကာ စားဝတ်နေရေး အခက်အခဲရှိသည့်ကြားမှ ကျောင်းသားများနှင့် အမ်အေ ဦးမောင်ကြီးတို့၏ တောင်းပန်ချက်အရ သူရိယ သတင်းစာမှ အလုပ်ထွက်ပြီး ဗဟန်း အမျိုးသားကောလိပ်တွင် မြန်မာစာပေနှင့် ရာဇဝင်ဘာသာရပ်များ ပို့ချသင်ကြားသည့် တာဝန်ကို ယူခဲ့သည်။


ရေးသားခဲ့သည့်ဋီကာများ[ပြင်​ဆင်​ရန်​]

မှန်နန်းရာဇဝင်တော်ကြီးကို ပြင်ဆင်တည်းဖြတ်ကာ ၁၉၂၁ ခုနှစ်မှာပင် ရေးသားထုတ်ဝေခဲ့သည်။ ၁၉၁၉ ခုနှစ်က ရေးသားခဲ့သော ဒေါင်းဋီကာကိုလည်း အမျိုးသား ပညာရေး အဖွဲ့ သင်ခန်းစာ (သင်ရိုး) ကော်မတီက ကျောင်းသုံးစာအုပ်အဖြစ် ပြဌာန်း ပေးခဲ့ သည်။ ၁၉၂၁ ခုနှစ်တွင် ဗြိတိသျှ အိမ်ရှေ့စံ ဝေလမင်းသား ဂုဏ်ပြုရတုရေးရန် ဉာဏ်ပူဇော်ခ ၁၀၀၀ ကျပ် (ထိုခေတ်က ရွှေတစ်ကျပ်သားကို မြန်မာကျပ် ၁၀ ကျော်သာရှိ) ချီးမြှင့်ပါမည်ဟု ဦးမေအောင်က ပန်ကြားရာ ဆရာကြီးက ငြင်းပယ်ခဲ့သည်။

၁၉၂၂ ခုနှစ်တွင် မျောက်ဋီကာ၊ ၁၉၂၃ နိုင်ငံရေး အကွဲအပြဲ ခေတ်တွင် မြောက်ကဏ္ဍိ တို့ကိုရေးခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် မူလဂျီစီဘီအေ ဝံသာနုများနှင့် ၂၁ ဦးဂိုဏ်းသားများ စင်ပြိုင်ဖြစ်လာသည်ကို ပြန်လည် ညီညွတ်ကြစေရန် ဗန္ဓုလ ဂျာနယ်မှနေ၍ ခွေးဋီကာ ဆောင်းပါးများ ရေးသား သတိပေးခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်ကြီးကို မော်ကွန်းတင်ထားသော ဘွိုင်းကောက်ဋီကာကိုလည်း ရေးသားကာ ၁၉၂၇ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။

မစ္စတာ မောင်မှိုင်းမှ သခင်ကိုယ်တော်မှိုင်းဘဝ[ပြင်​ဆင်​ရန်​]

၁၉၂၈-၂၉ ခုနှစ်များတွင် တောပုန်းကြီး စံဖဲ ကြိုးမိန့်ကျသည့် အမှုတွင် အယူခံ ကိစ္စကို ဆရာကြီး ဦးဆောင်ပေးခဲ့ပြီး မြင်းခြံထောင်အထိသွားကာ စံဖဲကို တွေ့ဆုံအားပေးခဲ့ သည်။

၁၉၃၀ ပြည့်နှစ်တွင် ဆရာစံ တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်လာသည့် အခါ သူရိယ သတင်းစာတွင် ဂဠုန် ဒီပနီ ဆောင်းပါးများရေးသားကာ တောင်သူလယ်သမား သူပုန်များဘက်မှ ဆရာကြီး မားမားရပ်ခဲ့သည်။

၁၉၃၄ ခုနှစ်တွင် ရေနံချောင်းမြို့တွင် ကျင်းပသော ပထမအကြိမ် သခင်များ ညီလာခံသို့ တက်ရောက်ပြီး တို့ဗမာ အစည်းအရုံး၏ နာယကအဖြစ် တင်မြှောက်သည်ကို လက်ခံခဲ့သည်။ မစ္စတာ မောင်မှိုင်းမှ သခင်ကိုယ်တော်မှိုင်း အမည်သို့ ပြောင်းလဲခဲ့သည်။ ထိုနှစ်မှစ၍ တစ်နိုင်ငံလုံး အနှံ့အပြားသို့ သခင်လူငယ်များနှင့်အတူ တရားဟောထွက်ခဲ့သည်။ ၁၉၃၆ ခုနှစ် ရွေးကောက်ပွဲတွင် သခင်များ ပါဝင်ယှဉ်ပြိုင်ကြရာ လူငယ်များနှင့် အတူ ဆရာကြီး လိုက်လံ တရားဟောသည်။

၁၉၃၈ ခုနှစ်တွင် သခင်ဋီကာကို ရေးသားသည်။ ရေနံမြေ အလုပ်သမား အရေးတော်ပုံတွင် လည်း တက်ကြွစွာ အားပေးခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် မော်လမြိုင်ညီလာခံကို တက်ရောက် သည်။ ထိုခရိုင်အတွင်း အနှံ့ တရားဟောထွက်ခဲ့သည်။ ၁၉၄၀ သာယာဝတီ ညီလာခံ၊ ၁၉၄၁ ခုနှစ် မန္တလေး ညီလာခံနှင့် ပဲခူး လယ်သမား ညီလာခံများကို တက်ရောက်ခဲ့သည်။ တို့ဗမာ အစည်းအရုံး နာယကအဖြစ် နိုင်ငံတစ်ဝှမ်း နယ်ချဲ့ ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး တရားများ ဟောခဲ့သည်။

၁၉၄၁ ခုနှစ်တွင် ဗြိတိသျှ နယ်ချဲ့ တော်လှန်ရေးအတွက် ဆရာကြီး မြေအောက် လျှိုး ခဲ့ရသည်။ ဗြိတိသျှ၏ နံပါတ် တစ် ရန်သူတော်အဖြစ် ကြေညာကာ ဖမ်းဝရမ်း အထုတ်ခံခဲ့ရ သည်။ ဟင်္သာတ ခရိုင် ဒေါင့်ကြီးရွာ၊ ထိုမှတဆင့် ဇလွန် တစ်ဘက်ကမ်း၊ ထိုနောက် သာယာဝတီ၊ အနောက်စံရွေး၊ ဘိုခေါင်၊ ထိုမှ ပဲခူး စသဖြင့် အမျိုးမျိုး ဒုက္ခခံကာ လှည့်လည် တိမ်းရှောင်နေခဲ့ရသည်။

၁၉၄၄-၄၅ ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလတွင်လည်း ဆရာကြီးသည် တပည့် သခင်များနှင့် အတူ ရှောင်တိမ်း ပုန်းအောင်းနေရပြန်သည်။


ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ချက်များ[ပြင်​ဆင်​ရန်​]

၁၉၅၃ ခုနှစ်တွင် တရုတ်ပြည်၊ မွန်ဂိုးလီးယား၊ ဟန်ဂေရီ နှင့် ဆိုဗီယက် ယူနီယံနိုင်ငံများသို့ ခရီးလှည့်လည်ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ဆရာကြီးအား ငြိမ်းချမ်းရေး စတာလင်ဆု အပ်နှင်းခဲ့ကြသည်။ ၁၉၅၇ ခုနှစ်တွင် သီဟိုဠ် နှင့် အိန္ဒိယ နိုင်ငံများသို့ ငြိမ်းချမ်းရေး ကွန်ဖရက် တက်ရောက်ရန် သွားရောက်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် အရှေ့ ဂျာမနီ ဟမ်းဘတ် တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (ဒေါက်တာဘွဲ့) ကို ဆရာကြီးအားအပ်နှင်းခဲ့သည်။ ထိုနှစ်တွင်ပင် အရှေ့ ဂျာမနီ သို့ ဆေးကုသရန် သွားရောက်ခဲ့သည်။ ၁၉၆၃ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမတွင် ကျင်းပသည့် ဟီရိုရှီးမားနေ့ အခမ်းအနားသို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။

ကွယ်လွန်ချိန်[ပြင်​ဆင်​ရန်​]

၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက် ကြသပတေးနေ့ နံနက် ၁ နာရီခွဲတွင် လူကြီးရောဂါဖြင့် ကွယ်လွန်ချိန်တွင် သားသမီး နှစ်ယောက် မြေး ၁၅ ယောက်၊ မြစ် ၆ ယောက် ကျန်ရစ်ခဲ့သည်။


သခင်ကိုယ်တော်မှိုင်း ရေးသားပြုစုခဲ့သည့်ထင်ရှားကျော်ကြားသော စာအုပ်များ[ပြင်​ဆင်​ရန်​]

  • ၁။ ကဗျာ သာရမဉ္ဇူ
  • ၂။ မော်လမြိုင် ရာဇဝင် ဝတ္ထု
  • ၃။ ဗိုလ်ဋီကာ
  • ၄။ မစ္စတာ မောင်မှိုင်း မှာပုံတော် ဝတ္ထု (သုံးတွဲ)
  • ၅။ ဒေါင်းဋီကာသစ် နှင့် ဒေါင်းကဏ္ဍိ
  • ၆။ မျောက်ဋီကာနှင့် မျောက်ကဏ္ဍိ
  • ၇။ လက်မှုပညာ ဋီကာ
  • ၈။ ပဲခူး ရာဇဝင်
  • ၉။ ခွေးဋီကာ နှင့် ခွေးကဏ္ဍိ
  • ၁၀။ သခင်ဋီကာ
  • ၁၁။ စစ်ကိုင်းပြန် မှာတော်ပုံ
  • ၁၂။ ဓမ္မစေတီ
  • ၁၃။ အီနောင် နန်းတွင်း ဇာတ်တော်သစ်
  • ၁၄။ မှန်နန်း ရာဇဝင်တော်သစ်
  • ၁၅။ ကဗျာ့သာရတ္တ သဂြိုလ်
  • ၁၆။ ဂဠုန် ဒီပနီ
  • ၁၇။ ရွှေနန်းတော်သမိုင်းနှင့် ရာဇဝင်ချုပ်
  • ၁၈။ ဘွိုင်းကောက် ဋီကာ
  • ၁၉။ အာဇာနည် ဗိမာန် ဋီကာ
  • ၂၀။ လေးချိုးပေါင်းချုပ်

ဓာတ်ပုံများ[ပြင်​ဆင်​ရန်​]

ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]

  1. http://sandaywe.blogspot.com/2009/11/blog-post_08.html
  2. http://pyuland.blogspot.com/2008/03/blog-post_21.html