ဒိန်းမတ်နိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဒိန်းမတ်‌
Flag of Denmark.svg National Coat of arms of Denmark.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
ပထဝီ
LocationDenmark.png
မြို့တော် ကိုပင်ဟေဂင်
အကြီးဆုံးမြို့ ကိုပင်ဟေဂင်
ဧရိယာ
  • ဧရိယာ - ၄၃,၀၉၈ km² (၁၆,၆၄၀ sq mi) (အဆင့်: ၁၃၄)
  • ရေဖုံးလွှမ်းမှု - ၁.၆%
စံတော်ချိန်ဇုန် UTC + ၁
လူနေမှု
ရုံးသုံးဘာသာများ ဒိန်းမတ်
လူဦးရေ
လူမျိုးများ ဒိန်း (၉၁.၁%)၊ ဂျာမန်၊ ဂရိ၊ ဘော်စနီယံ၊ ရုရှ၊ တူရကီ၊ အာရပ် (၈.၉%)
ကိုးကွယ်ယုံကြည်မှု ခရစ်ယာန်ဘာသာ
နိုင်ငံရေး
အမျိုးအစား ပါလီမန်ဒီမိုကရေစီနှင့် ဖွဲ့စည်းပုံဥပဒေနှင့် ညီညွတ်သည့် ဘုရင်စနစ်
အစိုးရခေါင်းဆောင်များ
  • ဘုရင်မ - ဒုတိယမြောက် မာဂရက်ဘုရင်မကြီး
  • ဝန်ကြီးချုပ် - ဟေးလေးသော်နင်းစမစ်
  • ပါလီမန်ဥက္ကဋ္ဌ - မော်ဂင်းစ် လူကယ်တော့ဖ်
ထူထောင်မှု
  • -
စီးပွားရေး
GDP(PPP) US $ ၂၀၃.၅၁၉ ဘီလီယံ (အဆင့် - ၄၉)
GDP(PPP) US $ ၃၈,၂၀၇ (အဆင့် - ၁၄)
HDI ၀.၉၅၂ (မြင့်) (အဆင့် - ၁၃)
ငွေ ဒိန်းနစ်ရှ် ကရောင်း (DKK)
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .dk
Calling code +၄၅

ဒိန်းမတ်နိုင်ငံ (ရုံးသုံးဘာသာစကားဖြင့် ကင်းဒမ်းအော့ဖ်ဒိန်းမတ်) တွင် ဂရင်းလန်းနှင့် ဖာရိုးကျွန်းစုများ ပါဝင်ပြီး ဥရောပ မြောက်ပိုင်းတွင် ရှိသော စကင်ဒီနေးဗီးယန်းနိုင်ငံ ဖြစ်သည်။ နော်ဒစ်နိုင်ငံများတွင် တောင်ဘက် အကျဆုံးဖြစ်ပြီး ဆွီဒင်နိုင်ငံ၏ အနောက်တောင်ဖက်၊ နော်ဝေနိုင်ငံ၏ တောင်ဖက်နှင့် ဂျာမနီနိုင်ငံ၏ မြောက်ဖက်တွင် တည်ရှိသည်။ ဒိန်းမတ်နိုင်ငံသည် ဘော်လတစ်ပင်လယ်နှင့် မြောက်ဖက်ပင်လယ်တို့နှင့်လည်း ထိစပ်လျှက် ရှိသည်။ ပမာဏအားဖြင့် ငယ်ပင်ငယ်သော်လည်း သမဝါယမနည်းစံနစ်အရ ကြီးပွားထွန်းကားလျက်ရှိသော နိုင်ငံကား ဥရောပတိုက်၏ အနောက်မြောက်ပိုင်း ဂျတ်တလန်ကျွန်းဆွယ် တခုလုံးပါဝင်သည့် ဒိန်းမတ်နိုင်ငံပင် ဖြစ်သည်။ ဒိန်းမတ်နိုင်ငံတွင် ဂျတ်တလန် ကျွန်းဆွယ်နှင့်တကွ အနီးပတ်ဝန်းကျင်ရှိ ဖူနင်ဇီးလန်စသော ကျွန်းငယ်ကလေးများ ပါဝင်၍ နိုင်ငံ၏ အစုစုဧရိယာမှာ ၁၆၅၇၅ စတုရန်းမိုင် ကျယ်ဝန်းသည်။ ထိုကျွန်းစုများသည် ဆွီဒင်နှင့် ဂျာမနီနိုင်ငံအကြားတွင် တည်ရှိ၍ အနောက်ဘက်တွင် မြောက်ပင်လယ်၊ အရှေ့ဘက်တွင် ဘောလတစ်ပင်လယ်တို့ ကာစီးဝိုင်းရံလျက်ရှိ၏။ အထူးအားဖြင့် ဂျတ်တလန်ကျွန်းဆွယ်၏ အရှေ့ဘက်ကမ်းခြေသည် မြေဩဇာကောင်းသောလယ်မြေနှင့် သာယာစိုပြေသော သစ်တောများနှင့် ပြည့်စုံ၍၊ ညီမျှသောရာသီဥတုရှိ၏။ အနောက်ဘက်ကမ်းခြေ၌မူ သဲသောင်ကုန်းများ၊ နွံအိုင်များ၊ မြက်တောများနှင့် သစ်ပင်မပေါက်သော မြေကွက်များရှိလေသည်။ သတ္တုဟူ၍ မထွက်သလောက် ဖြစ်သော်လည်း အိုးခွက်ဖုတ်ရန် ရွှံစေးပေါများသည်။ ကျွန်းဆွယ်တခု ဖြစ်သည့်အတိုင်း နံဘေးပတ်လည်တွင် ပင်လယ်များ ဝိုင်းရံလျက် ရှိရုံမျှမက ဖျော့ (fjord) ခေါ် ရေမြောင်ကြားများကလည်း ကုန်းအတွင်းသို့ အတော်ပင်ရောက်အောင် ထိုးဝင်လျက်ရှိရကား၊ ငါးဖမ်းရန်အတွက် အလွန်အကွက်ကောင်းသဖြင့် လူတို့သည် ငါးဖမ်းခြင်းလုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ကြလေသည်။ တိုင်းပြည်၏ ၈၀ ရာခိုင်နှုန်းမျှသောမြေကို ထွန်ယက်စိုက်ပျိုးနိုင်၍ အစိုးရက မြေပိုင်ရှင်စံနစ်ကို အားမပေးသဖြင့် လယ်မြေအားလုံးမှာ လယ်ပိုင်ရှင်ကလေးများ လက်ထဲတွင် တည်ရှိသည်။ ထိုကြောင့် တိုင်းပြည်အတွင်း ဆင်းရဲလွန်းသူ၊ ချမ်းသာလွန်းသူ ဟူ၍ မရှိဘဲ ညီညီမျှမျှရှိလေသည်။ ဒိန်းမတ်နိုင်ငံတွင် ငါးလုပ်ငန်းနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် အခြားအရေးကြီးသော လုပ်ငန်း တခုမှာ နွား၊ ကြက်၊ဝက် မွေးမြူသောလုပ်ငန်းဖြစ်ရာ နွားနို့၊ မလိုင်၊ ဒိန်ခဲ၊ ဝက်သားနှင့် ကြက်ဥအမြောက်အမြားကို ဂရိတ်ဗြိတိန်နှင့် ဂျာမနီနိုင်ငံများသို့ အမြဲမပြတ် တင်ပို့ရသည်။ တိုင်းပြည်၏ အသက်သွေးခဲလုပ်ငန်းများတွင် လောကဓာတ် နည်းစံနစ်များ အသုံးပြုရန် အစိုးရက အားပေးလေသည်။ ဤလုပ်ငန်းများကို သမဝါယမစံနစ်ဖြင့် လုပ်ကိုင်ကြရာ၊ သမဝါယမအသင်းများကို အနှံ့အပြား ဖွဲ့စည်းထား၍ တောင်သူလယ်သမားတိုင်း အသင်းသားများဖြစ်ကြသည်။ သားသတ်ရုံကို သမဝါယမစံနစ်ဖြင့် အုပ်ချုပ်၏။ လယ်လုပ် ရာတွင် လိုသောပစ္စည်းများ၊ ကရိယာတန်ဆာပလာများကိုဝယ်ရန် သမဝါယမအသင်းများရှိ၏။ သမဝါယမဘဏ်လည်း ရှိ၏။ လယ်သမားများကို လေဘေးရေဘေးမှ ကာကွယ်ရန်အလို့ငှာ သမဝါယမအာမခံအသင်းများ ဖွဲ့စည်းထား၏။ ဗဟိုဓာတ်အားပေးရုံများအပြင် သမဝါယမလျှပ်စစ်ဓာတ်မီးရုံများလည်း ရှိသည်။ သမဝါယမလုပ်ငန်းများ၌ မည်သည့် နေရာကမျှ လိုလေသေးသည် ဟူ၍မရှိသောကြောင့် ဒိန်းမတ်နိုင်ငံသည် သမဝါယမစံနစ်၌ ကမ္ဘာကျော်ဖြစ်လေသည်။ ဤကဲ့သို့ များလှစွာသော သမဝါယမအသင်းများကို ဒိန်းမတ်နိုင်ငံဗဟို သမဝါယမကော်မတီက ကြီးမှူးအုပ်ချုပ်ထားလေသည်။ ဤသို့ သမဝါယမနည်းဖြင့် စံနစ်တကျလုပ်ကိုင်သဖြင့် ဒိန်းမတ်တောင်သူလယ်သမားတို့၏ နေမှုထိုင်မှုမှာ အတော် အဆင့်အတန်းမြင့်၍ လာခဲ့လေသည်။ အဆင့်အတန်း အလွန်ကွာသော လူအတန်းအစားမရှိ။ အခြားနိုင်ငံများ ရင်ဆိုင်ရသော သီးစားပြဿနာဟူ၍မရှိဘဲ လယ်လုပ်ခများကို ကောင်းစွာရကြလေသည်။ ဒိန်းမတ်နိုင်ငံသားများကို ဒိန်းလူမျိုးခေါ်ကြရာ ဒိန်းတို့မှာ သန်မာတောင့်တင်းသောလူမျိုးဖြစ်၍ ကစားခုန်စား ဝါသနာပါပြီးလျှင် ကမ္ဘာကျော်ရေကူးသမားများလည်း ဖြစ်ကြလေသည်။ လုံ့လဝီရိယရှိ၍ အလုပ်ကို ကြိုးပမ်းလုပ်သူများဖြစ်သည့်အတိုင်း အစားအသောက်ကောင်းကောင်းကို နှစ်သက်ကြ၏။ ပေါင်းသင်းဆက်ဆံရာ၌ လူအတန်းအစားမရွေးဘဲ ယဉ်ကျေးဖော်ရွေစွာ ဆက်ဆံတတ်ကြ၏။ ဒိန်းမတ်နိုင်ငံတွင် ပညာကို အလွန်မြတ်နိုး၍ ပညာသင်ကြားရေးကို အထူးအားပေးကြ၏။ ၁၈၁၄ ခုမှစ၍ မူလတန်းပညာကို မသင်မနေရ ပြုလုပ်ထား၏။ အထက်တန်းကျောင်းများအပြင် စက်မှုပညာသင်ကျောင်း၊ ကူးသန်းရောင်းဝယ်ရေး ပညာသင်ကျောင်း၊ ဆရာဖြစ်သင် ကျောင်း၊ လူကြီးများအတွက် စိုက်ပျိုးရေးကျောင်း စသည်ဖြင့် သက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားသည့်ကျောင်း မြောက်မြား စွာရှိသည်။ ကိုပင်ဟေဂင်မြို့တော်နှင့် အောဟု(စ်) မြို့များတွင် တက္ကသိုလ်ကျောင်းများရှိ၏။ အမျိုးသမီးများ မဲဆန္ဒပေးခွင့်နှင့် လွှတ်တော်အမတ်အဖြစ် အရွေးခံနိုင်ခွင့်ရှိသည်။ အမျိုးသမီးတို့သည် ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်သော အရည်အချင်းလည်းရှိ၍ ကိုယ်ပိုင်အလုပ်များ ကိုယ်စီရှိကြလေရာ အလုပ်ချိန်တွင် ယင်းတို့၏ကလေးများကို စောင့်ထိန်းရန် အလို့ငှာ ကလေးများ ဂေဟာတို့ကို နိုင်ငံနှင့် အဝှန်းတည်ထောင်ထားကြသည်။ ဒိန်းလူမျိုးတို့ကား တခါက ဥရောပမြောက်ပိုင်း၌ အတော်ပင်တန်ခိုးအာဏာကြီးခဲ့သော လူမျိုးတမျိုးဖြစ်ပြီးလျှင် ထိုအခါက သူတို့သည် မြောက်ဥရောပကမ်းခြေနှင့် အင်္ဂလန်ကျွန်းရှိ ဆိပ်ကမ်းမြို့ရွာများကို တိုက်ခိုက်လုယက်လေ့ရှိကြ၏။ ဒိန်းဘုရင်များတွင် တန်ခိုးအကြီးဆုံးမှာ ကနွတ်ဘုရင်ဖြစ်၍ တခါက အင်္ဂလန်၊ ဒိန်းမတ်နှင့် နော်ဝေးပြည်များကို အုပ်စိုးခဲ့ဘူးလေသည်။ ကနွတ်ဘုရင်သည် နှစ်အနည်းငယ်သာ နန်းစံ ရသော်လည်း ဒိန်းတို့သည် ၁၃ ရာစုအထိ ဥရောပမြောက်ပိုင်းတွင် အတော်တန်ခိုးကြီးခဲ့ကြ၏။ ဘောလတစ်ပင်လယ်တဝိုက်တွင် ဟန်ဆီ အက်တစ်အဖွဲ့၏ အာဏာပျံ့နှံ့လာသောအခါမှ အနည်းငယ် တန်ခိုးမှေးမှိန်သွားလေသည်။ ၁၃၉၇ ခုနှစ်တွင် ဒိန်းမတ်ဘုရင်မ မာဂရက် လက်ထက်၌ ဒိန်းမတ်၊ ဆွီဒင်နှင့် နော်ဝေး ၃ နိုင်ငံပူးပေါင်း၍ ခုခံတိုက်ခိုက်သောအခါမှာမှ ဟန်ဆီအက်တစ်အဖွဲ့၏ရန်အေးသွားလေသည်။ ၁၈၁၅ ခုနှစ်တွင် ဒိန်းမတ်နိုင်ငံက နပိုလီယန်ကို ကူညီသည်ဆိုကာ ဗီယင်နာအစည်းအဝေးကြီး၌ နော်ဝေးက ဆွီဒင်နှင့်ပူးပေါင်းလိုက်ရာ ဒိန်းမတ်နိုင်ငံမှာ ထီးတည်းကျန်ရစ်တော့၏။ ၁၈၆၄ ခုနှစ်တွင် ပရပ်ရှားနှင့် ဩစတြီးယားတို့က တိုက်ခိုက်သဖြင့် ဒိန်းမတ်နိုင်ငံမှာ ရှလဇွပ် - ဟိုင်စတိုင် နယ်များ ဆုံးရှုံးသွားရ၏။ သို့သော် ပထမကမ္ဘာစစ်ပြီးသောအခါ ရှလဲဇွစ်နယ်မြောက်ပိုင်းကိုပြန်ရခဲ့၏။ ဒုတိယကမ္ဘာစစ်အတွင်း၌ ဒိန်းမတ်နိုင်ငံကို ဂျာမန်တို့သိမ်းပိုက်ထား၍ ၁၉၄၅ ခုမေလ ၅ ရက်နေ့ကျမှ လွတ်မြောက်သွားလေသည်။ ယခုအုပ်စိုးလျက်ရှိသော ဘုရင်မှာ ၁၉၄၇ ခုတွင် နတ်ရွာစံခဲ့သည့် ဒဿမခရစ်စတီယန်ဘုရင်၏ အရိပ်အရာကို ဆက်ခံခဲ့သည့် နဝမဖရက်ဒရစ်ဘုရင် ဖြစ်သည်။ ဒိန်းမတ်နိုင်ငံ လူဦးရေမှာ ၂၀၀၉ သန်းခေါင်စာရင်းအရ ငါးသန်းငါးသိန်းကျော်ရှိသည်။ ။

ကိုးကား[ပြင်​ဆင်​ရန်​]

မြန်မာ့စွယ်စုံကျမ်း - အတွဲ (၅) အပိုင်း (ဂ)