အောင်ဆန်း

Wikipedia မှ
(ဗိုလ်ချုပ်အောင်ဆန်း မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Merge arrows ဤ အကြောင်းအရာကို (သို့မဟုတ်) ဤစာမျက်နှာ၏ တစိတ်တပိုင်းကို အောင်​ဆန်း၊ ဦး နှင့် ပေါင်းစပ်ရန် အကြံ ပြုထားပါသည်။ (ဆွေးနွေးရန်)

Template:Infobox နိုင်​ငံ့​ဝန်​ထမ်း

ဗိုလ်​ချုပ်​အောင်​ဆန်း(General Aung San)သည် မြန်မာ​နိုင်ငံ​၏ အမျိုးသား​သူရဲကောင်း တော်​လှန်​ရေး​သမား၊ မျိုး​ချစ်​ပုဂ္ဂိုလ်၊ စစ်​သေ​နာ​ပတိ​တစ်​ဦး​ဖြစ်​သည့်​အပြင် နိုင်ငံ​ရေး​သမား​လည်း ဖြစ်​သည်။ မွေး​ချင်း ၉ ယောက်​အနက် အငယ်​ဆုံး ဖြစ်​သည်။ မန္တလေး​မြို့တော်​ရှိ မြန်မာ​ဘုရင်​အုပ်ချုပ်​ရေး​စနစ်​ကို ပျက်​သုန်း​စေ​ပြီး မြန်မာ​တ​နိုင်ငံ​လုံး ဗြိတိသျှ​အုပ်ချုပ်​ရေး​လက်အောက်​သို့ ကျ​ဆင်း​စေ​ခဲ့​သော တတိယ​အင်္ဂလိပ်-မြန်မာ​စစ်​ပွဲ​အပြီး နှစ်​ပေါင်း (၃​၀) အကြာ​တွင် ဖြစ်​ပါ​သည်။ နတ်​မောက်​နယ်​သူ​နယ်​သား​များ​သည် မြန်မာ​ဘုရင်​များ​၏ အမှု​ကို​ထမ်း​ဆောင်​သည့် အစဉ်​အလာ​ရှိ​သူ​များ​ဖြစ်​၏။ အောင်​ဆန်း​၏ မိ​ခင်​မျိုး​ရိုး​ထဲ​တွင် ရာထူး​ကြီး မင်း​မှု​ထမ်း​အချို့ ပါဝင်​ခဲ့​ပါ​သည်။ ဖ​ခင်​ဖြစ်​သူ ဦး​ဖာသည် လယ် သမား​မျိုး​ရိုး​မှ​ဖြစ်​ပြီး လောကီ​ရေးရာ​တွင် လိမ္မာ​ရေးခြား​မ​ရှိ၊ စကားမ​ပြော တုံ​ဏှိ​ဘာ​ဝေ နေ​တတ်​သူ​တ​ဦး ဖြစ် ပါ​သည်။ ဉာဏ်​ရည်​ကောင်း​၍ စာပေ​ဖက်​တွင် ထူး​ချွန်သော်​လည်း စကား​နည်း​လွန်း​သ​ဖြင့် ဦး​ဖာသည် မိမိ​၏ အသက်မွေး​ဝမ်း​ကြောင်း​အလုပ်​ဖြစ်​သော ရှေ့နေ​အလုပ်​၌ အောင်မြင်​ခြင်း​မ​ရှိ​ခဲ့​ပါ။ ထို့​ကြောင့် ထက်မြက်​သွက် လက်​လှ​သော မိ​ခင်ဒေါ်​စု​သာ​လျှင် မိသား​စု​စား​ဝတ်နေ​ရေး​ကို အဓိက​တာဝန်​ယူ​ရ​ပါ​သည်။

ဒေါ်​စု​၏ ဦး​လေးတော်​သူ​သည် ဗြိတိသျှ​တို့​ကို ရှေးဦးစွာ တော်​လှန်​ဆန့်ကျင်​ခဲ့​သော မြန်မာ​အုပ်စု​တ​စု​ကို ခေါင်းဆောင်​ခဲ့​ပါ​သည်။ နောက်ဆုံး​၌ “ဗိုလ်​လ​ရောင်” ခေါ် “ဦးမင်း​ရောင်” အား ဗြိတိသျှ​တို့​က ဖမ်းဆီး​သတ်​ဖြတ် လိုက်​ပါ​သည်။ “ကုလား​တို့ ကျွန်မ​ခံ” ဟူ​သော စိတ်ထား​ရှိ​ခဲ့​သည့် ထို​ရဲရဲတောက် မျိုး​ချစ်​ပုဂ္ဂိုလ်​ကြီး​ကား အောင်​ဆန်း​မိသား​စု​နှင့် နယ်​သူ​နယ်​သား​များ ဂုဏ်​ယူ​စံ​ထား အားကျ​ဖွယ်ရာ ဖြစ်လာ​ပါ​သည်။

မာတိကာ

အမည်

ဇာတာ​တွင်​ပါရှိ​သည့် အမည်​မှာ ‘မောင်​ထိန်​လင်း’ ဖြစ်​သည်။ မိဘ​များ​က အကို​ဖြစ်​သူ အောင်​သန်း နှင့် လိုက်​ရန် အောင်​ဆန်း ဟု ခေါ်​ခဲ့​သည်။ တို့​ဗမာ​အစည်း​အရုံးဝင်​ရောက်​သော​အခါ သခင်​အောင်​ဆန်း ဖြစ်လာ​ခဲ့​သည်။ သခင်​အောင်​ဆန်း​၏ တရုတ်​အမည်​မှာ ထန်​လု​ရှို​ဖြစ်​ကာ၊ ဂျပန်​အမည်​မှာ အို​မို​ဒါ​မွန်​ဂျိ ဖြစ်​သည်။ ထိုင်း​နိုင်ငံ ဘန်​ကောက်​မြို့တွင် ရဲဘော်​သုံး​ကျိတ်​ဝင်​များ ဗိုလ်​အမည်​ခံ​ရာ​တွင် ဗိုလ်​တေ​ဇ ဖြစ်လာ​ခဲ့​သည်။ တိုင်း​ပြည်​နှင့် လူ​မျိုး​အတွက် နိုင်ငံ​ရေး​ဆောင်ရွက်​ရာ​တွင် ဗိုလ်​ချုပ်​အောင်​ဆန်း​အမည် ဖြင့်​ထင်ရှား​သည်။ တော်​လှန်​ရေး​ကာလ​အတွင်း​တွင် အသုံးပြု​ခဲ့​သော လျှို့​ဝှက်​အမည်​များ​မှာ ဦး​နောင်​ချို၊ မျိုး​အောင် ဟူ၍​ဖြစ်​ပြီး၊ ထောက်လှမ်း​ရေး​ရှေ့ပြေး​ဖြစ်​သည့် ဗိုလ်​နေ​ဝင်းနှင့် ဆက်​သွယ်​သော လျှို့​ဝှက်​အမည်​မှာ ကို​စက်​ဖေ​ဖြစ်​သည်။ ထို့​အပြင် အရိုင်း၊ င​မိုး စ​သည်​ဖြင့် မိတ်ဆွေ၊ သူငယ်ချင်း​များ​က ချစ်​စနိုး​ဖြင့် နောက်​ပြောင်ခေါ်​သည့် အမည်​များ​လည်း ရှိ​ခဲ့​သည်။

ဗိုလ်​ချုပ်​အောင်​ဆန်း​၏​ဆွေစဉ်မျိုးဆက် ဇယား
ဗိုလ်​ချုပ်​အောင်​ဆန်း​၏ ဇာတာ

လူ​ငယ်​ဘဝ

ညီ​အကို​မောင်​နှမ (၆) ဦး (ကလေး​ဘဝ​က​ပင် ကွယ်​လွန်​ကြ​သူ​များ​အပါအဝင်​ဆို​လျှင် မွေး​ချင်း - ၉ ဦး) အနက် အထွေး​ဆုံး​ဖြစ်​သူ အောင်​ဆန်း​သည် သူ​ကိုယ်တိုင်​ရေး​ခဲ့​သော မှတ်တမ်း​အရ ညစ်ပတ်​ချူချာ အစား​ကြူး​၍ လုံး ဝ​နှစ်​လို​ဖွယ်​မဟုတ်​သော ကလေး​တ​ဦး​ဖြစ်​ပါ​သည်။ စကားပြော​လည်း နောက်ကျ​လှ​သ​ဖြင့် မိသား​စု​က ‘ဆွံ့အ’ နေ​သလား​ဟူ၍​ပင် ပူပင်​ခဲ့​ရ​၏။ သို့သော် အောင်​ဆန်း​ကလေး​သည် ပရိယာယ်​မ​ရှိ​ခြင်း၊ အလွန်​ရိုးသား​ဖြောင့် မတ်​ခြင်း၊ ဆင်းရဲ​သူ​များ​အား သနား​ကြင်နာ​တတ်​ခြင်း စ​သော ချစ်​စ​ဖွယ်​စိတ်​ဓာတ်​များ​ဖြင့် ပြည့်စုံ​သည်​ဟု သူ့ အားငယ်​စဉ်​က ကောင်း​စွာ​သိ​ခဲ့​သူ​များ​နှင့် သူ့​မိသား​စု​ဝင်​များ​က ကောက်ချက်​ချ​ကြ​ပါ​သည်။

အောင်​ဆန်း​မိသား​စု​မှာ ဉာဏ်​ရည်​ကောင်း​ပြီး ပညာ​ဖက်​တွင် ထွန်း​ပေါက်​သူ​များ​အဖြစ် နာမည်ကောင်း​ရထား ပါ​သည်။ အောင်​ဆန်း​၏ အကို (၃) ဦး​မှာ အသက်​ငယ်⁠ငယ်​လေး​တွင် ကျောင်း​စ​တက်​ကြ​၏။ သို့သော် အောင်​ဆန်း​မှာ​မူ အမေ​ပါ​တက်​မှ ကျောင်း​တက်​မည်​ဆို​ကာ ကတ်ဖဲ့​နေ​၏။ စိတ်​ဓာတ်​ကြံ့ခိုင်​လှ​ပါ​သည်​ဟု ဆို​ရ​မည် ဖြစ်​သော ဒေါ်​စု​သည် သားထွေး​လေး​ကို အလွန်​ညှာတာ​လေ့​ရှိ​ပြီး သူ့​စိတ်ပါ​မှ​သာ ကျောင်း​တက်​ပါ​စေ​တော့​ဟု အလိုလိုက်​ထားခဲ့​၏။

သို့​ဖြင့် (၈) နှစ်​သား​အရွယ်ရောက်​သော​အခါ​မှ အောင်​ဆန်း ကျောင်း​တက်​ရန် ဆုံးဖြတ်​ပါ​တော့​သည်။ အကို​ဖြစ် သူ အောင်​သန်း ရှင်​သာမဏေ​ဘောင်​သို့ ဝင်​သော​အခါ​၌ ဘုန်းကြီး​ကျောင်း​နေ သံဃာ​တို့​ဘဝ​ကို သဘောကျ​၍ ပေ​လား၊ ရှင်လောင်း​များ​စီး​သည့် ကကြိုးတန်ဆာ ဆင်​ရင်​ထား​သော​မြင်း​ဖြူ​လေး​ကို သဘောကျ​၍​လား​မ​သိ၊ အောင်​ဆန်း​က သူ​လည်း ရှင်ပြု​ချင်​ပါ​သည်​ဟု ဆို​လာ​ပါ​တော့​သည်။ လိမ္မာ​ပါး​နပ်​သော အမေ​က အခွင့်​ကောင်း​ကို ချက်ချင်း​ယူ​၍ ရှင်မ​ပြု​မီ စာရေး​စာ​ဖတ်​တတ်​ရန် လို​မည်​ဟု ထောက်​ပြ​လိုက်​ပါ​သည်။

ကျောင်း​စ​တက်​သည်​ဆို​သည်​နှင့် အောင်​ဆန်း​သည် ထူးချွန်​သော ကျောင်းသား​တ​ဦး​ဖြစ်​ကြောင်း ပေါ်လွင်​လာ​ပါ​သည်။ စာ​ကြိုးစား​၍ စည်းကမ်း​ရိုသေ​ပြီး အတန်း​ထဲ​တွင် အစဉ်​ထိပ်​တန်း​က ရှိ​နေ​ခဲ့​ပါ​သည်။ အောင်​ဆန်း​၏ ပထမ​ကျောင်း​မှာ နတ်​မောက် ဦး​သော​ဘိ​တ ဘုန်းတော်​ကြီး​ကျောင်း​ပင်​ဖြစ်​ပါ​သည်။ လောကုတ္တရာ​ပညာ​သာ​မက ခေတ်​သစ်​ပညာ​ရပ်​အချို့​ကို​ပါ သင်ကြား​ပေး​သော ထို​စဉ်​အခေါ် လောက​ဓာတ်​ကျောင်း​မျိုး​ဖြစ်​ပါ​သည်။ သို့သော် နတ်​မောက်​ကျောင်း​တွင် အင်္ဂလိပ်​စာ သင်ကြား​ပေး​ခြင်း​မ​ရှိ​ပေ။

ထို​အချိန်​က အထက်​တန်း​ပညာသင်​ကြား​ရာ​၌ လို​အပ်​ချက်​တ​ခု​ဖြစ်​သော အင်္ဂလိပ်​စာ​ကို အကိုကြီး​များ​က သင်​ထား​ပြီး​ဖြစ်​သည့်​အတိုင်း အောင်​ဆန်း​က​လည်း တတ်​အောင်​သင်​မည်​ဟု စိတ်​ပိုင်းဖြတ်​ထား​လိုက်​၏။ သို့​ဖြင့် အောင်​ဆန်း​လည်း ရေနံ​ချောင်း အမျိုးသား​ကျောင်း​သို့ အသက် (၁​၃) နှစ်​အရွယ်​၌ ပြောင်း​သွား​ပါ​သည်။ သားထွေး​လေး​ကို အိမ်​မှ ခွဲခွာ​မ​သွား​စေ​လို​သော ဒေါ်​စု​ထံ​မှ ရေနံ​ချောင်း​ကျောင်း​တက်​ခွင့်​ရ​ရန် အောင်​ဆန်း​သည် အစာ ငတ်​ခံ​ဆန္ဒ​ပြ​ပွဲ​လေး​တ​ခု​ကို ဆင်​နွှဲ​ခဲ့​ရ​ပါ​သေး​သည်။

ရေနံ​ချောင်း​ရောက်​သော​အခါ ကျောင်း​တွင် ဆရာ​တ​ဦး​အဖြစ် အလုပ်​လုပ်​နေ​သော အကိုကြီး ဦး​ဘ​ဝင်း​၏ ထိန်းကျောင်း​စောင့်ရှောက်​မှု​အောက်​တွင် နေ​ခဲ့​ရ​သည်မှာ အောင်​ဆန်း​အတွက် လွန်စွာ​မှ ကံကောင်း​ပါ​သည်။ ဦး​ဘ​ဝင်း​သည် ညီ​ငယ်​လေး​၏ ပညာ​ရေး၊ စား​ဝတ်နေ​ရေး၊ အထွေ​ထွေ​ကောင်းမွန်​တိုးတက်​ရေး​တို့​ကို စည်းကမ်းရှိ​ရှိ၊ ဆင်​ဆင်ခြင်​ခြင် အထူး​ဂရုစိုက်​ခဲ့​၏။ ညီ​ဖြစ်​သူ​က​လည်း ပညာ​ရေး​ဖက်​တွင် အား​ကောင်း​ကြောင်း ဆက်လက်​ပြသ​ကာ အသက် (၁​၅) နှစ်​အရွယ်​၌ သတ္တမ​တန်း​စာ​မေး​ပွဲ​တွင် ဗုဒ္ဓ​ဘာသာစာသင်ကျောင်း​များ​နှင့် အမျိုးသား​ကျောင်း​များ​၌ ပထမ​စွဲ​သူ​များ​အား ချီးမြှင့်​သော ဦး​ရွှေဘို ရွှေ​တံဆိပ်​နှင့် ပညာသင်​ထောက်ပံ့​ကြေး ဆု​ကို ရ​ရှိ​ခဲ့​၏။


အမျိုးသား​ကျောင်းများ​မှာ ၁​၉​၂​၀ ခု​နှစ် ရန်ကုန်​တက္ကသိုလ် အက်ဥပဒေ​ဆန့်ကျင်​သပိတ်​မှ ထွက်ပေါ်​လာ​ခြင်း ဖြစ်​ပါ​သည်။ ထိုအက်ဥပဒေသည် အခွင့်​ထူး​ခံ လူ​နည်း​စု​လေး​ကို​သာ အထက်​တန်း​ပညာ သင်ကြား​ခွင့်​ပေး​ရန် ရည်​ရွယ်​သည်​ဟု ဆန့်ကျင်​သူ​များ​က​ယူဆ​ခဲ့​ပါ​သည်။ အမျိုးသား​ကျောင်း​များ​သည် မြန်မာ​လူ​ငယ်​တို့​အား သူ​တို့ ၏ ကို​လို​နီ​လက်အောက်​ခံ ဘဝ​အခြေအနေ​ကို နိုင်ငံ​ရေး​အသိ​တရား​အရ ခံစား​နားလည်​စေ​ပြီး၊ ထို​ဘဝ​မှ လွတ် မြောက်​လို​စိတ်​များ အသည်း​နှလုံး​အတွင်း​မှ ဖြစ်ပေါ်​လာ​ရန် ကျိုချက်​ပေးလိုက်​သော နေရာ​များ​သဖွယ်​ဖြစ်​ပါ သည်။

မိမိ​၏​နိုင်ငံ​ကို လူ​မျိုး​ခြား​တို့​အုပ်ချုပ်​မှု​အောက်​မှ လွတ်မြောက်​အောင် ဆောင်ရွက်​လို​သော​ဆန္ဒ​သည် ရေနံ ချောင်း​အမျိုးသား​ကျောင်း မ​တက်​မီ​ကာလ​က​ပင် အောင်​ဆန်း​၏ စိတ်​တွင် ကိန်းအောင်း​နေ​ခဲ့​ပုံ​ရ​ပါ​သည်။ ကလေး​ဘဝ​က ဗြိတိသျှ​တို့​အား ပုန်ကန်​မောင်း​ထုတ်​ရန် နည်း​အမျိုး​မျိုး ကို ကြံစည်​စဉ်းစား​ခဲ့​ပုံ၊ တ​ခါ​တ​ရံ ပြ​ဒါး​ရှင် လုံး​ကဲ့သို့​သော တန်ခိုး​သိဒ္ဓိ​ရှင်​ပစ္စည်း​များ အကူအညီ​ဖြင့် မြန်မာ​ပြည်​လွတ်မြောက်​ရေး​ကို​ရ​ယူ​ရန် စိတ်ကူး​ယဉ် ခဲ့​ပုံ​အကြောင်း​ကို သူ​၏ ကိုယ်​ရေး​အတ္ထုပ္ပတ္တိ​ဆောင်းပါး​တွင် ရေးသား​ထား​ပါ​သည်။

အမျိုးသား​ကျောင်း​၌ နေ​စဉ်​အတွင်း နိုင်ငံ​ရေး​လောက​၌ နာမည်ကြီး​သော ပုဂ္ဂိုလ်​များ​၏ မိန့်ခွန်း​များ​ကို စိတ်​ဝင် စား​လာ​ပြီး စကား​ရည်​လု​ပွဲ​များ​တွင်​လည်း ပါဝင်​ဆင်​နွှဲ​ခဲ့​၏။ သူ​၏ ဟော​ပုံ​ပြော​ပုံ​မှာ အားတက်​စရာ​မ​ဟုတ်သော် လည်း ကိုင်တွယ်​ရ​မည့် အကြောင်းအရာ​နှင့်​ပတ်သက်​၍ သေချာ​စေ့စပ်​စွာ ပြင်ဆင်​ထား​ခြင်း၊ ယုံကြည်​ချက် အပြည့်​အဝ​ရှိ​ခြင်း​တို့​ကြောင့် အဟော​ကောင်း၊ အပြော​ကောင်း​ဟူ၍ နာမည်​ရ​ခဲ့​၏။

ကျောင်း​ဂျာနယ် စာတည်း​အဖြစ်​လည်း​ဆောင်ရွက်​ခဲ့​၏။ ထို​ကဲ့သို့ စာ​သင်​ခန်း​ပြင်​ပ​လုပ်​ငန်း​များ​တွင် ပါ​ဝင်သော် လည်း တ​ယောက်​တည်း အတွေး​နယ်​ထဲ နစ်​မြုပ်​နေ​တတ်​ခြင်း၊ နေ​ပုံ​ထိုင်​ပုံ​ထောင့်​မ​ကျိုး​ခြင်း​တို့​ကြောင့် အောင် ဆန်း​ကို လူ့​ဂွ​စာ လူ​ထူး​လူ​ဆန်း​အဖြစ် ကျောင်းနေဖက်​များ​က မြင်​ကြ​ပါ​သည်။ ၁​၉​၃​၂ ခု​နှစ်​တွင် တက္ကသိုလ်​ဝင် စာ​မေး​ပွဲ​၌ မြန်မာ​စာ၊ ပါဠိ​ဘာသာ​ဂုဏ်​ထူး​များ​ဖြင့် “အေ” အဆင့်​မှ အောင်မြင်​ကာ ရန်ကုန်​တက္ကသိုလ်သို့ ပ ညာ​ဆက်​သင်​ရန် ရောက်​သွား​ပါ​သည်။

အောင်​ဆန်း ရန်ကုန်​တက္ကသိုလ်​သို့ ရောက်လာ​သည့်​နှစ်​သည်ကား ဆရာ​စံသူပုန်​ကို ဗြိ​တိ​သျ​အစိုးရ​က ချေ​မှုန်း ကာ ခေါင်းဆောင်​များ​ကို သေ​ဒဏ်ပေး​ခဲ့​ပြီး တ​နှစ်​ကြာ​ကာလ​က​ပင်​ဖြစ်​ပါ​သည်။ တောင်သူ​လယ်သမား​များ ခံစား​နေ​ရ​သော အတိ​ဒုက္ခ​များ​မှ ပေါ်ပေါက်​လာ​ရ​သော ပုန်ကန်​မှု​ကို ဗြိတိသျှ​အစိုးရ​က ရှင်ဘုရင်​ဖြစ်​လို​သော အယူ​သည်း​သူ​တ​ယောက် ဦးဆောင်​သည့် တော​သူ​တောင်​သား ပုန်ကန်​မှု​မျှ​သာ​ဖြစ်​သည်​ဟု သေး​သိမ်​စေ​ရန် နှိမ်​၍ဖော်​ပြ​ခဲ့​ပါ​သည်။ သို့သော်​လည်း မြန်မာ​များ​အနေ​ဖြင့် ကိုယ်​ထိ​လက်​ရောက် ပါဝင်​ဆင်​နွှဲ​ခဲ့​သူ မ​များပြား သော်လည်း ထို​ပုန်ကန်​မှု​အပေါ် အတော်​ပင် ဂရုဏာ​ထား​ကြ​ပါ​သည်။ ဆရာ​စံ​ကို စွဲဆောင်​နိုင်​စွမ်း​ရှိ​သူ​တ​ဦး​အ ဖြစ် မ​မြင်​သူ​များ​က​ပင် သူပုန်​တို့​၏ မျိုး​ချစ်​စိတ်​နှင့် သတ္တိ​ပြောင်​မြောက်​မှု​ကြောင့် စိတ်​လှုပ်ရှား​တက်​ကြွ​ခဲ့​ရ​ပြီး အစိုးရ​၏ ရက်စက်​ကြမ်းတမ်း တုံ့​ပြန်​မှု​များ​ကြောင့် အရေး​နိမ့်​သွား​ရ​သော သူပုန်​တို့​ကို များ​စွာ​သနား​ကြင်နာ​ခဲ့ ကြ​၏။

ဗြိတိသျှ​အုပ်ချုပ်​မှု အစော​ပိုင်း​ကာလ​တွင် ကျင့်​သုံး​သော ငြိမ်ဝပ်​အေးချမ်း​ရေး​လမ်း​စဉ်​မှာ အတော်​အတန် အောင်မြင်​မှု​ရှိ​ခဲ့သော်​လည်း လူ​မျိုး​ခြား​ကြီးစိုး​မှု​ကို မြန်မာ​များ​က ကျေနပ်​စွာ လက်ခံ​ခြင်း​မ​ရှိ​ပါ။ ကို​လို​နီ​အစိုးရ ပိုမို​ခိုင်​မြဲ​လာ​သည်​နှင့် အုပ်ချုပ်​သူ​လူ​မျိုး​ခြား​တို့​၏ ပလွှား​မောက်မာ​သော အမူအကျင့်​များ​နှင့် တိုင်း​ပြည်​အတွက် စစ်​မှန်​သော​ကောင်းကျိုး​ကိစ္စ​ရပ်​တို့​ကို လျစ်လျူရှု​မှု​များ​သည် တိုင်း​သူ​ပြည်​သား​တို့​၏ မနှစ်​သက် မ​ကျေနပ်​စိတ် များ​ကို ဆွ​ပေး​သကဲ့သို့ ဖြစ်လာ​ပါ​သည်။

ပထမ​ဦး​စွာပေါ်​ထွန်း​ခဲ့​သော အမျိုးသား​ရေးရာ အဖွဲ့​အစည်း​များ​သည် ဗုဒ္ဓ​ဘာသာ​နှင့် မြန်​မာ့​ရိုးရာ​ယဉ်ကျေး​မှု တည်တံ့​ခိုင်​မြဲ​ရန်​နှင့် သန့်ရှင်း​စင်ကြယ်​ရန်​ကို​သာ ဆောင်ရွက်​ကြ​သည်။ သို့သော် ခေတ်​ပညာ​တတ် မြန်မာ​လူ ငယ်​အရေအတွက် များပြား​လာ​သည်​နှင့်​အမျှ နိုင်ငံ​ရေး​ရည်​မှန်း​ချက်​များ​ပါ ပေါ်ပေါက်​လာ​ပါ​သည်။ ၁​၉​၀​၆ ခု​နှစ် တွင် တည်ထောင်​သော ဗုဒ္ဓ​ဘာသာ​ကလျာဏ​ယု​ဝ​အသင်း(ဝိုင်​အမ်​ဘီ​အေ)သည် နိုင်ငံ​ရေးရာ​များ​ကို စတင် ကိုင်တွယ်​သော အဖွဲ့​အစည်း​ဖြစ်​ပြီး ရန်ကုန်​တက္ကသိုလ်​သပိတ်​ကို အောင်မြင်​စွာ စည်း​ရုံး​လှုံ့ဆော်​ခဲ့​ပါ​သည်။

အမျိုးသား​လှုပ်ရှား​မှု အရှိန်​အဟုန်​ရ​လာ​သော​အခါ ‘ဝိုင်​အမ်​ဘီ​အေ’ သည် ၁​၉​၂​၀ ခု​နှစ်​၌ ‘ဂျီ​စီ​ဘီ​အေ’ အသွင် သို့ ကူးပြောင်း​သွား​ပါ​သည်။ ပထမ​ဦး​ဆုံး ပေါ်ပေါက်​လာ​သော အမျိုးသား​မဟာမိတ်​အဖွဲ့​ဟု ခေါ်​နိုင်​ပါ​သည်။ မြန်​မာ့​အမျိုးသား​ရေးရာ​လှုပ်ရှား​မှု​ကို တိုက်​ရည်​ခိုက်​ရည်​သွင်းပေး​လိုက်​သော ပုဂ္ဂိုလ်​မှာ ဆရာတော်​ဦး​ဥတ္တမ ဖြစ်​သည်။ ဆရာတော်​၏ စိတ်​အား​ထက်သန်​သော လွတ်လပ်​ရေး​တောင်း​ဆို​မှု​တို့​ကြောင့် နိုင်ငံ​တ​ဝှမ်း​တွင် မျိုး ချစ်​စိတ်​ဓာတ်​ပြင်းပြ​စွာ တက်​ကြွလာ​ပါ​သည်။ သို့သော်​လည်း စုပေါင်း​ညီညာ​သော လွတ်လပ်​ရေး​လှုပ်ရှား​မှု ပေါ်ပေါက်​စေ​မည့် အင်အား​များ​မှာ နိုင်ငံ​ရေး​အကွဲ​အပြား​များ​ကြောင့် လွင့်​စင်​သွား​ရ​၏။

၁​၉​၂​၂ ခု​နှစ်​တွင် (၂​၁) ဦး​ပါ​တီ​သည် ဂျီ​စီ​ဘီ​အေ​မှ ခွဲ​ထွက်​သွား​ပြီး​နောက်​တွင် ထပ်မံ​ကွဲ​ကြ​ပြန်​သ​ဖြင့် ၁​၉​၂​၀ ခု နှစ်​များ ကုန်​ဆုံး​ခါ​နီး​တွင် အဖွဲ့​အစည်း (၃) ဖွဲ့ ဖြစ်​သွား​ပါ​တော့​သည်။ ၁​၉​၃​၀ ခု​နှစ်​များ​၏ အစ​ပိုင်း​ကာလ​တွင်​မူ ဗြိတိသျှ​အုပ်ချုပ်​မှု​အောက်​တွင် မြန်မာ​နိုင်ငံ​နှင့် အိန္ဒိယ​နိုင်ငံ​တို့ ပူးတွဲ​ထား​သင့်၊ မ​ထား​သင့် ဟူ​သော “ခွဲ​ရေး-တွဲ​ရေး” ကိစ္စ​အပေါ် မြန်မာ​နိုင်ငံ​ရေး​သမား​များ စိတ်ဝင်စား​စွာ အငြင်း​ပွား​ကြ​သည်​ကို တွေ့​ရ​ပါ​သည်။

ထို​နိုင်ငံ​ရေး​သမား​များ​အနက် အချို့​မှာ ဆရာ​စံ​သူပုန်​တို့​အား ဗြိတိသျှ​အစိုးရ​က ခုံ​ရုံး​တင်​စစ်ဆေး​ရာ​၌ သူပုန် များ​ဘက်​မှ ခုခံ​ကာ​ကွယ်​ပေး​ခဲ့​သ​ဖြင့် ထင်ပေါ်ကျော်​ကြား​လာ​သူ​များ​ဖြစ်​ပါ​သည်။ တ​ချိန်​တည်း​မှာ​ပင် ငြိမ်​၍ ခေါင်း​ငုံ့​ခံ​သည့်​ကာလ​မှာ​လည်း ဆုံးခန်း​သို့ ဦးတည်​လာ​ကာ ထိုး​နှက်​တိုက်ခိုက်​ခြင်း သဘော​ဆောင်​သော နည်း​ဗျူဟာ​များ​သုံးစွဲ​ရန် တွန့်​ဆုတ်​လိမ့်​မည်​မဟုတ်​သော အမျိုးသား​ရေး​စိတ်​ဓာတ်​ရှိ​သည့် မျိုး​ဆက်​သစ်​များ လည်း နိုင်ငံ​ရေး​ဇာတ်​ခုံပေါ်​သို့ ရောက်​ရှိ​လာ​ပါ​သည်။

အသက် (၁​၈) နှစ်​အရွယ် အောင်​ဆန်း​သည် ခပ်​ရိုင်း​ရိုင်း အညာသား​ကလေး​ပင်​ဖြစ်​ပါ​သည်။ မိမိ​တို့​ကိုယ်​မိမိ​တို့ လူ့​မလိုင်​ဟု အထင်ရောက်​နေ​ကြ​ပြီး ကြော့ရှင်း​ဝံ့​ကြွား​စွာ ဝတ်ဆင်​နေထိုင်​ကြ​သော ရန်ကုန်​တက္ကသိုလ် ကျောင်းသား​များ အသိုင်းအဝိုင်း​တွင် မျက်နှာထား​ရှု​သိုး⁠သိုး​နှင့် အဝတ်​အစား ပို​သီ​ပတ်​သီ​ဝတ်ဆင်​သော အောင်​ဆန်း​သည် အံ​မ​ဝင်​ဂွင်​မ​ကျ ဖြစ်​နေ​၏။ ထို့​အပြင် သူ့​ထက်​သိမ်မွေ့​ပါး​နပ်​သော ကျောင်းနေဖက်​များ​၏ ဝေဖန်​နောက် ပြောင်​မှု​ကို​လည်း ဂရု​မ​စိုက်​ကြောင်း စော​စီး​စွာပေါ်​လွင်​စေ​ခဲ့​၏။


အောင်​ဆန်း တက္ကသိုလ်​ရောက်​စ ပထမ​နှစ်​ပတ်​တွင် ကျောင်းသား​သမဂ္ဂ​မှ စကား​ရည်​လု​ပွဲ​တ​ရပ် ကျင်းပ​ပါ သည်။ ထို​စကား​ရည်​လု​ပွဲ​အပြီး​၌ အောင်​ဆန်း​သည် ပရိသတ်​အကြား​မှ​ထ​ကာ သူ့​အကို အောင်​သန်း တင်​သွင်း သော “ဘုန်းတော်​ကြီး​များ နိုင်ငံ​ရေး​မ​လုပ်​သင့်”ဟူ​သည့် အဆို​ကို ထောက်ခံ​လိုက်​ပါ​သည်။ ဤ​သည်မှာ မိသား​စု​သွေးစည်း​ရေး သဘော​ဆောင်​သည့် အပြုအမူ​မဟုတ်​ပါ။ ယုံကြည်​ချက်​အရ လုပ်ဆောင်​လိုက်​ခြင်း ဖြစ်​ပါ သည်။

အောင်​ဆန်း အင်္ဂလိပ်​စကားပြော​ရာ​တွင် အသံ​ထွက် အမှား​မှား​အယွင်း​ယွင်း ကို့​ယို့​ကားရား ချောမွေ့​ပြေပြစ် ခြင်း မ​ရှိ​သော​ကြောင့် သူ့​စကား​များ​မှာ နား​မ​လည်​နိုင်​သ​လောက်​ပင်​ဖြစ်​၏။ ပရိသတ်​က ပြောင်​လှောင်​သရော် အော်ဟစ်​ကြ​သ​ဖြင့် အကို​ဖြစ်​သူ အတော်​ပင်​အနေ​ရ​ခက်​သွား​၏။ အောင်​ဆန်း​က​မူ ကြောက်ရွံ့​၍ အသံ​ပျောက် သွား​ခြင်း​မ​ရှိ။ ကဲ့ရဲ့​သံ​များ၊ မြန်မာ​စကား​နှင့်​သာ​ပြော​ရန် ရိုင်း​ရိုင်းစိုင်း​စိုင်း အော်ဟစ်​သံ​များ​ကို လျစ်လျူရှု​ကာ အဆင့်​အတန်း​မ​မီ​သော သူ့​အင်္ဂလိပ်​စကား​ကို ပါဠိ​အသုံး​အနှုန်း​များ​ဖြင့် ဖြည့်စွက်​၍ သူ​ပြော​လို​ရာ​အားလုံး​ကို ပြီး​ဆုံး​အောင် ဆက်လက်​ပြောဆို​သွား​ပါ​သည်။

ထို​ပထမ​စကား​ရည်​လု​ပွဲ အဖြစ်အပျက်​သည် နောင်​အတွက် အစဉ်​အလာ​တ​ရပ် ချ​မှတ်​ပေးလိုက်​သကဲ့သို့ ဖြစ်​သွား​ပါ​သည်။ ပရိသတ်​က ကဲ့ရဲ့​ရှုတ်ချ​နေ​သည့်​ကြား​က​ပင် သူ​ပြော​လို​ရာ​ကို အင်္ဂလိပ်​စကား​နှင့်​ပြော​ခြင်း၊ သုန်သုန်​မှုန်​မှုန် နေ​တတ်​ခြင်း​တို့​ကြောင့် သူ​သည် အူ​ကြောင်ကြောင်​နိုင်​သော အရူး​တ​ယောက်​ဟူ၍​ပင် နာမည်​ရ​ခဲ့ ၏။

သို့သော် အောင်​ဆန်း​သည် အဝေ​ဖန်​ခံ​ရ​မည်​ကို ကြောက်ရွံ့​ပြီး သူ​လုပ်ကိုင်​ရန် ဆုံးဖြတ်​ထား​သော​ကိစ္စ​များ​ကို မ​လုပ်​ဘဲ​နေ​မည့် လူ​မျိုး​မဟုတ်​ပါ။ ခေတ်​ပြိုင်​ကမ္ဘာ​တွင် အင်္ဂလိပ်​စကား အရေး​ပါ​ပုံ​ကို သိရှိ​နားလည်​သ​ဖြင့် အင်္ဂလိပ်​စကား​ကို ပိုင်​ပိုင်နိုင်​နိုင်​သုံးစွဲ​နိုင်​ရန် သူ ကြိုးစား​၏။ အင်္ဂလိပ်​စာအုပ်​များ​ကို သဲ​ကြီး​မဲကြီး​ဖတ်​ခြင်း၊ အခြား​သူ​များ ပြော​ပုံ​ဆို​ပုံ​ကို နားထောင်​လေ့​လာ​ခြင်း၊ အင်္ဂလိပ်​စာသင်ကျောင်း​တွင် ပညာ​ဆည်း​ပူး​ခဲ့​သူ မိတ်ဆွေ​ရင်း​တ​ဦး​ထံ​မှ အကူအညီ​ယူ​ခြင်း စ​သည်​တို့​ဖြင့် ဘုန်းကြီး​ကျောင်း​ထွက် အညာသား​တ​ဦး​အတွက် ထူးခြား​လောက်​သော အင်္ဂလိပ်​စကား​ကျင်လည်​မှု​ကို သူ​ရ​ရှိ​လာ​၏။

ထို​ပထမ​စကား​ရည်​လု​ပွဲ​တွင် အောင်​ဆန်း ထောက်ခံ​ခဲ့​သော​အဆို​မှာ သူ​၏ ရေ​ရှည်​ယုံကြည်​ချက်​တ​ရပ်​အား ဖော်​ထုတ်​ခဲ့​ခြင်း​ဖြစ်​သည်​ကို သတိမူ​သင့်​ပါ​သည်။ ထို​ယုံကြည်​ချက်​မှာ သံ​ဃာတော်​များ နိုင်ငံ​ရေး​တွင် ဝင်​ရောက်​လုပ်ကိုင်​ခြင်း မ​ပြု​သင့်​ကြောင်း​ပင်​ဖြစ်​ပါ​သည်။ မ​ကွယ်​လွန်​မီ တ​နှစ်ကျော်​ခန့်​က ပြော​ကြား​ခဲ့​သော ရွှေတိဂုံ​စေ​တီတော် အလယ်​ပစ္စ​ယံ​ညီလာခံ​မိန့်ခွန်း​၌ “ဘာသာ​ရေး​နှင့် နိုင်ငံ​ရေး​ကို ရော​စပ်​ပါ​မူ ဘာသာ​ရေး​၏ သဘော​တရား​ကို ဆန့်ကျင်​ရာ​ရောက်​ပေ​၏”ဟု ပြော​ခဲ့​၏။ ရ​ဟန်​သံဃာ​များ​အား “အရှင်ဘုရား​တို့​က သာ​သ​နာတော်​ရောင် ထွန်း​ပြောင်​အောင် အား​ထုတ်တော်​မူ​ကြ​ပါ – ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့ မေတ္တာ​တရား​ပွား​များ​၍ သမ​စိတ္တ​နှင့် ညီ​ရင်း​အကို မောင်​ရင်း​နှမ​ကဲ့သို့ နေ​နိုင်​ကြ​ပါ​လိမ့်​မည် -- ဤ​ကဲ့သို့​ဆောင်ရွက်​မှု​သည် သာသနာ​ဖက်​က​သာ​ကြည့်​၍ မြင့်မြတ်​သည်မ​ဟုတ်​ပါ၊ တပည့်တော်​တို့​၏ နိုင်ငံ​နှင့် လူ​မျိုး​အတွက် အမြင့်​မြတ်​ဆုံး​သော နိုင်ငံ​ရေး​ကို ဆောင်ရွက်​ရာ​ရောက်​ပါ​သည်​ဘုရား” စ​သ​ဖြင့် လျှောက်ထား​ခဲ့​ပါ​သည်။

အများ​က နိုင်ငံ​ရေး​သတ္တဝါ ပကတိ​အဖြစ်​ဖြင့်​မြင်​ကြ​သော အောင်​ဆန်း​မှာ စင်စစ်​တွင် ဘာသာ​ရေး​၌ လေးနက်​စွာ တ​သက်​လုံး စိတ်ဝင်စား​သူ​ပင် ဖြစ်​ပါ​သည်။ ရေနံ​ချောင်း​၌ ကျောင်း​တက်​နေ​စဉ် ဖ​ခင်​ကွယ်​လွန်သွား​သ​ဖြင့် ဝမ်းနည်း​ကြေကွဲ​ကာ ရဟန်း​ဘောင်​ဝင်​ရန်​ပင် စိတ်ကူး​ခဲ့​ပါ​သည်။ တက္ကသိုလ်​ရောက်​စ​အချိန်​က​လည်း အီ​တ​လီ လူ​မျိုး ဗုဒ္ဓ​ဘာသာ​ဘုန်းတော်​ကြီး ဦး​လောက​နန္ဒ​ကို ကြည်ညို​လေးစား​လှ​သ​ဖြင့် ဆရာတော်​နှင့် အတူ​လိုက်​ပြီး သာသနာပြု​လုပ်​ငန်း​များ ဆောင်ရွက်​ရန် မိ​ခင်​ထံ အခွင့်​တောင်း​ဖူး​၏။ အခွင့်​ကား မ​ရ​ခဲ့​ပေ။ သို့သော် လောကုတ္တရာ​ကိစ္စ​များ​ကို အောင်​ဆန်း ဆက်လက်​၍ ဂရု​တ​စိုက်​အလေး​ထား​ပါ​သည်။

နိုင်ငံ​ရေး​လောက​ထဲ​သို့ ခြေ​စုံ​ပစ်​ဝင်​ပြီး​နောက်​ပိုင်း​၌​ပင် သူ​နှင့် အရင်း​နှီး​ဆုံး မိတ်ဆွေ​တ​ဦး​အား သူ​၏ “သစ္စာ​တရား​နှင့် လုံး​ဝ​အပြစ်​ကင်း​စင်​မှု ရှာ​ပုံတော်​ဘဝ​ခရီး” အကြောင်း​နှင့် ကာယကံ၊ ဝစီကံ၊ မနောကံ​အရ ရိုး​ဖြောင့်​နိုင်​ရန် သတိပြု​ကြိုးပမ်း​နေ​ကြောင်း​တို့​ကို စာရေး​၍ ရှင်း​ပြ​ဖူး​ပါ​သည်။ ခေတ်​လူ​ငယ် စိတ်​ပိုင်း​ဆိုင်​ရာ အသိ​တရား ခေါင်းပါး​နေ​သည်​ကို စိုးရိမ်​မိ​ကြောင်း၊ လောက​ဒဏ်​လှိုင်း​များ​ကို ကြံ့​ကြံ့ခိုင် ရင်ဆိုင်​တွန်း​လှန်​နိုင်​စွမ်း​မ​ရှိ​ပါ​က ထို​အသိ​တရား​များ လုံး​ဝ​ကွယ်ပျောက်​ပြီး စိတ်​ဓာတ်​ဗလာ မွဲ​ပြာ​ကျ​သော​အဖြစ်​သို့ ရောက်​ရှိ​သွား​မည်​ကို စိုးရိမ်​ပူပန်​မိ​ကြောင်း စ​သ​ဖြင့်​လည်း ရေးသား​ထား​ပါ​သည်။

ကို​အောင်​ဆန်း ကျောင်းသား​နိုင်ငံ​ရေး​တွင် ပါဝင်​မှု​မှာ အစ​၌ ခပ်​ဖြေးဖြေး မှန်⁠မှန်​သာ​ဖြစ်သော်​လည်း ၁​၉​၃​၅ ခု​နှစ်​နောက်​ပိုင်း​၌ အရှိန်​အဟုန် မြင့်​မား​လာ​၏။ ထို​အချိန်​တွင် သူ​သည် ကို​နု၊ ကို​လှ​ဖေ (နောင် ဗိုလ်​လင်္ကျာ)၊ ကို​သိန်း​ဖေ၊ ကိုကျော်​ငြိမ်း၊ ကို​ရာ​ရှစ်​ကဲ့သို့​သော ပုဂ္ဂိုလ်​များ​နှင့်​အတူ စတင်​လုပ်ကိုင်​နေ​ပြီး မြန်​မာ့​လွတ်လပ်​ရေး လှုပ်ရှား​မှု​တွင် ထင်ရှား​လာ​မည့် ထို​လူ​ငယ်​များ​နှင့် အောင်​ဆန်း​တို့ လက်​တွဲ​ကာ ကျောင်းသား​များ အတော်​ပင် ဂရုပြု​ရ​မည့် နိုင်ငံ​ရေး​အင်အား​စု​တ​စု​ဖြစ်လာ​အောင် စည်း​ရုံး​ပါ​သည်။


သူ​၏ ပညာ​ရေး​ကို နတ်​မောက်​နှင့် ရေနံ​ချောင်း​တို့​တွင် သင်ကြား​ပြီး​နောက် ရန်ကုန်​တက္ကသိုလ်​တွင် ဘီ​အေ​ဘွဲ့​ကို အင်္ဂလိပ်​စာပေ၊ ခေတ်​သစ်​သမိုင်း နှင့် နိုင်ငံ​ရေး​သိပ္ပံ တို့​ဖြင့် ရ​ယူခဲ့​သည်။ ကို​အောင်​ဆန်း​တို့​လူစု​သည် အာဏာပိုင်​အလိုတော်​ရိ​များ လွှမ်းမိုး​ထား​သော တက္ကသိုလ်​ကျောင်းသား​သမဂ္ဂ​ကို ထိုးထွင်း​ဝင်​ရောက်​နိုင်​ရန် ကြိုးပမ်း​ခြင်း​ဖြင့် စတင်​လှုပ်ရှား​၏။ ပထမ​တွင် အောင်မြင်​မှု​သိပ်​မ​ရှိ​ခဲ့​ပေ။ ၎င်း​တို့​အထဲ​မှ ကိုကျော်​ငြိမ်း​နှင့် ကို​သိန်း​ဖေ​တို့​သာ သမဂ္ဂ​အမှုဆောင်​များ​အဖြစ် အရွေး​ချယ်​ခံ​ရ​သည်။ သို့သော် နောက် ပိုင်း​တွင် ထက်သန်​သော အမျိုးသား​ရေး​စိတ်​ဓာတ်​နှင့် ဇွဲ​လုံ့လ​တို့​၏ အကျိုး​အမြတ်​များ ထွန်းကား​လာ​၏။ တက္ကသိုလ်​ကျောင်းသား​များ​၏ စိတ်​နေ​စိတ်ထား​လည်း ပြောင်း​လာ​၏။ လှုပ်ရှား​တက်​ကြွ​သော ပြည်​ချစ်​စိတ်​လွှမ်းမိုး လာ​၏။

၁​၉​၃​၅-၃​၆ စာ​သင်​နှစ်​အတွင်း ကျောင်းသား​သမဂ္ဂ​အမှုဆောင် ရွေး​ကောက်​ပွဲ​တွင် အဓိက​နေရာ​အား လုံး အမျိုးသား​ရေး​စိတ်​ဓာတ် ထက်သန်​သော​လူ​ငယ်​များ​က ရ​ရှိ​သွား​ကြ​၏။ ကို​အောင်​ဆန်း​သည် အမှုဆောင် အဖွဲ့​ဝင်​တ​ဦး​အဖြစ် အရွေး​ခံ​ရ​ပြီး သမဂ္ဂ​မဂ္ဂဇင်း​၏ အယ်​ဒီ​တာ​လည်း ဖြစ်လာ​ပါ​သည်။

သူ​သည် ရန်ကုန်​တက္ကသိုလ်​၏ ကျောင်းသား​သမဂ္ဂ​တွင် အမှုဆောင်​အဖွဲ့​ဝင်​အဖြစ် ရွေးချယ်​ခြင်း​ခံ​ခဲ့​ရ​ပြီး ၎င်း​အဖွဲ့​မှ ထုတ်​ဝေ​သော အိုး​ဝေ​မဂ္ဂဇင်းတွင် အယ်​ဒီ​တာ​အဖြစ် ပါဝင်​ခဲ့​သည်။ ၁​၉​၃​၆ ခု​နှစ် ဖေဖော်ဝါရီ​လ​တွင် ‘ငရဲ‌ခွေး​ကြီး လွတ်​နေ​ပြီ’ ဟူ​သည့် တက္ကသိုလ် အုပ်ချုပ်​ရေး​အရာရှိ​ကြီး​တစ်​ဦး​ကို ရည်ညွှန်း​ထား​သည့် ဆောင်းပါး​တစ်​ပုဒ်​ကို​ရေးသား​ခဲ့​သည်။၊ ဆောင်းပါး​ရှင်​အားဖေါ်​ထုတ်​ရန် တောင်း​ဆို​သည်​ကို မဖော်​ပြ​ခြင်း၊ ကို​နု​သည်​လည်း ကျောင်း​အုပ်​ကြီး​အား ပစ်⁠ပစ်​ခါ​ခါ ဝေ ဖန်​မှု​ဖြင့် ကို​နု(နောင် သခင်​နု) နှင့် အတူ တက္ကသိုလ်​မှ ထုတ်​ပယ်​ခြင်း​ခံ​ရ​သည်။

တက္ကသိုလ်​စာ​မေး​ပွဲ​များ​စစ်​ချိန် ဖြစ်​လေ​ရာ ဤ​ဆုံးဖြတ်ချက်​မှာ အထူး​လေးနက်​သည့် ကိစ္စ​တ​ရပ်​ဖြစ်​ပါ​သည်။ သပိတ်​သ​တင်း​မှာ ချက်ချင်း​ပင် ဟို​လေး​တကျော်​ဖြစ်​သွား​လေ​သည်။ ကို​နု နှင့် ကို​အောင်​ဆန်း​တို့ ကျောင်း​ထုတ်​ခံ​ခဲ့​ရ​သော​ကြောင့် ကျောင်းသား​များ​ထဲ​တွင် မ​ကျေနပ်​မှု၊ ဒေါသ​ထွက်​မှု ပို​၍​များပြား​လာ လေ​သည်။ သို့​ဖြင့် သပိတ်မှောက်​ရန် ဆုံးဖြတ်​ကြ​ပါ​တော့​သည်။ သတင်းစာ​များ​နှင့်​တ​ကွ တ​နိုင်ငံ​လုံး​က သပိတ်မှောက်​ကျောင်းသား​များ​ကို ကြင်နာ​စွာ ထောက်ခံ​ကြ​ပါ​သည်။ ဤ​ကဲ့သို့ အများ​ထောက်ခံ​မှု​ကို ရ​ယူ​နိုင် ခြင်း၊ လေးစား​လောက်​အောင် စီမံ​ကွပ်​ကဲ​နိုင်​ခြင်း၊ စည်းကမ်းရှိ​ခြင်း စ​သည်​တို့​ကြောင့် ကျောင်းသား​များ​၏ လုပ်​ရည်​ကိုင်​ရည်​နှင့် ကျောင်းသား​အင်အား​၏ တန်ခိုး​အာနိသင်​ကို လူကြီး​ပိုင်း နိုင်ငံ​ရေး​သမား​များ အသိ​အ မှတ်​ပြု​လာ​ကြ​ရ​သည်။ အစိုးရ​အနေ​ဖြင့်​လည်း သပိတ်မှောက်​သူ​များ​၏ မ​ကျေနပ်​ချက်​များ​ကို လေးနက်​စွာ မ စဉ်းစား​၍ မ​ဖြစ်​တော့​ပါ။ နောက်ဆုံး​၌ နိုင်​လူ​မင်း​ထက်​ပြု​တတ်​သော ကျောင်း​အုပ်​ကြီး​မှာ အငြိမ်းစား​ယူ​လိုက်​ရ ၏။ တက္ကသိုလ်​အက်ဥပဒေ​တွင် ကျောင်းသား​များ​ထည့်​သွင်း​လို​သော ပြင်ဆင်​ချက်​များ​ကို လေ့​လာ​ရန် ကော်​မ တီ​တ​ရပ်​ကို​လည်း ဖွဲ့​စည်း​လိုက်​ရ​ပြီး အရေး​မ​ပါ​လှ​သော တောင်း​ဆို​ချက်​များ​ကို​မူ လိုက်လျော​လိုက်​လေ​သည်။


ထို့​ကြောင့် သမိုင်း​တွင် ကျောင်းသား​သပိတ်​ကို ဖြစ်ပေါ်​စေ​ခဲ့​သည်။ နောက်​ပိုင်း​တွင် ကျောင်း​ထုတ်​သည့် အမိန့်​ကို ရုတ်​သိမ်း​ခဲ့​ရ​သည်။ ၁​၉​၃​၈ ခု​နှစ်​တွင် ဗိုလ်​ချုပ်​အောင်​ဆန်း​သည် ရန်ကုန်​တက္ကသိုလ် ကျောင်းသား​သမဂ္ဂ နှင့် ကျောင်းသား​သပိတ် မန္တလေး​သို့ ကူး​ဆက်​ပြီး နောက်​ဖွဲ့​စည်း​သော မြန်မာ​နိုင်ငံ​လုံး​ဆိုင်​ရာ ကျောင်းသား​သမဂ္ဂ နှစ်​ရပ်​လုံး​၌ ဥက္ကဌ အဖြစ်​ရွေးချယ်​ခြင်း​ခံ​ရ​သည်။ ထို​နှစ်​မှာ​ပင် အစိုးရ​သည် သူ့​အား ရန်ကုန်​တက္ကသိုလ် အက်ဥပဒေ​ပြင်ဆင်​ရေး ကော်မတီ​တွင် ကျောင်းသား​ကိုယ်စားလှယ် အဖြစ်​ရွေးချယ်​ခဲ့​သည်။

ကို​အောင်​ဆန်း​နှင့် အိုး​ဝေ​မဂ္ဂဇင်း အယ်​ဒီ​တာ​အဖွဲ့

၁​၉​၃​၈ ခု​နှစ်​တွင် သမဂ္ဂ​နှစ်​ရပ်​စလုံး​၏ ဥက္ကဋ္ဌ​ဖြစ်လာ​ပါ​သည်။ ထို​အချိန်​၌ ကို​အောင်​ဆန်း တက္ကသိုလ်​မှ ဝိဇ္စာ​ဘွဲ့ ရ​ပြီး​၍ ဥပဒေ​ဝိဇ္စာ​တန်း​တွင် တက်​ရောက်​နေ​၏။ ထို​ကဲ့သို့ ဥပဒေ​တန်း​ဆက်​တက်​နေ​ခြင်း​မှာ တက္ကသိုလ်​တွင် ဆက်လက်​နေထိုင်​လှုပ်ရှား​နိုင်​ခွင့်​ရ​ရှိ​ရန်​ဟူ​သော အကြောင်း​လည်း ပါဝင်​ပါ​သည်။ ဖြောင့်မတ်​တည်ကြည်​ခြင်း၊ ဇွဲ​လုံ့လ​ကြီး​ခြင်း၊ အလုပ်​လုပ်​နိုင်​စွမ်း​ရှိ​ခြင်း စ​သည်​တို့​ကြောင့် ကို​အောင်​ဆန်း​အနေ​ဖြင့် လေးစား​ခြင်း ခံ​ရသော် လည်း အခြား​ကျောင်းသား​ခေါင်းဆောင်​များ​ကဲ့သို့ ယဉ်ကျေး​သိမ်မွေ့​၍ ဆက်ဆံ​ရေး​ပြေပြစ်​ခြင်း​မ​ရှိ​သော လူ့​ဂွ စာ​တ​ဦး​ပင် ဖြစ်​ပါ​သည်။

သုန်သုန်​မှုန်⁠မှုန်​နေ​တတ်​ခြင်း၊ မ​သပ်ရပ်​ခြင်း၊ စိတ်​မ​ပါ​လျှင် သူ​တ​ပါး အနေ​ရ​ကြပ်​လောက်​အောင် တုံ​ဏှိ​ဘာ​ဝေ နေ​တတ်​ခြင်း၊ စိတ်ပါ​ပြန်​တော့​လည်း သူ​တ​ပါး မ​ခံ​နိုင်​လောက်​အောင် စကား​ဖောင်​ဖွဲ့​ခြင်း​နှင့် အခြား​ထောင့်​မ ကျိုး​သော အမူအကျင့်​တို့​ကြောင့် ကို​အောင်​ဆန်း မ​ကြာ​ခဏ အဝေ​ဖန်​ခံ​ရ​ပါ​သည်။ သူ​ကိုယ်တိုင်​လည်း “ရံ​ဖန် ရံ​ခါ လူ့​ယဉ်ကျေး​များ​နှင့် အသား​မ​ကျ​ခဲ့​ချေ၊ မျက်​စေ့​နောက် မြင်​ပြင်း​ကပ်​လာ​သည်။ ထို​အခါ လူ့​ယဉ်ကျေး​များ နှင့် ငါ လူ​ရိုင်း​ဟု ဇာတိ​ခွဲ​ပစ်​ချင်​သည့် စိတ်​များ​ရှိ​လာ​သည်” ဟု ရေးသား​ခဲ့​ဖူး​၏။ သို့သော် လူ​ရိုင်း​များ​ကို အောင် ဆန်း​မြင်​ပုံ​မှာ စိတ်ကူး​ယဉ်​ဆန်​၏။ ရိုး​ဖြောင့်​တည်ကြည်၊ ကျန်းမာ​သန်စွမ်း​ပြီး၊ လွတ်လပ်​ချမ်းသာ​စွာ နေထိုင်​သူ များ​ဟု သူ​က အမွှန်း​တင်​ထား​ခြင်း​ပင်​ဖြစ်​ပါ​သည်။


၁​၉​၃​၈ ခု​နှစ် အောက်တိုဘာ​လ​တွင် ဗိုလ်​ချုပ်​အောင်​ဆန်း​သည် ကျောင်းသား​နိုင်ငံ​ရေး​မှ အမျိုးသား​နိုင်ငံ​ရေး​သို့ ကူးပြောင်း​ခဲ့​သည်။ ဤ​အချိန်​တွင် သူ​သည် ဗြိတိသျှ​ဆန့်ကျင်​ရေး​သမား​နှင့် ယုံကြည်​မှု​ပြင်းထန်​သော နယ်​ချဲ့​ဆန့်ကျင်​ရေး​သမား ဖြစ်​ခဲ့​သည်။ သူ​သည် ဒို့​ဗမာ​အစည်း​အရုံး​ဝင်​တစ်​ဦး​ဖြစ်လာ​သော​အခါ​တွင် သခင် (အရှင်​သခင်/ဆရာ-မြန်မာ​လူ​မျိုး​များ​သည် ဗမာ​ပြည်​၏ အရှင်​သခင်/ဆရာ​စစ်​များ ဖြစ်​သည်။ ကို​လို​နီ​နယ်​ချဲ့​ကြီး​များ​က သူ​တို့​သာ​လျှင် သူ​တို့​သာ​လျှင် အသုံးပြု​ရန်​မ​တရား သိမ်းပိုက်​ခဲ့​ခြင်း ဖြစ်​သည်။) တစ်​ဦး​ပါ​ဖြစ်လာ​သည်။ အသင်း​ကြီး​ကို ၁​၉​၃​၀ ခု​နှစ် မေ​တွင် ဖွဲ့​စည်း​တည်ထောင်​ခဲ့​သည်။ ဗိုလ်​ချုပ်​အောင်​ဆန်း​သည် အသင်း​ကြီး​၏ အထွေ​ထွေ အတွင်း​ရေး​မှုး​အဖြစ် ၁​၉​၄​၀ ခု​နှစ် ဩဂုတ်​လ​အထိ ဆောင်​ရွတ်​ခဲ့​သည်။ ဤ​တာဝန်​ကို ထမ်း​ဆောင်​စဉ် ၁​၃​၀​၀ ပြည့် အရေးတော်​ပုံ​ဟု လူ​သိ​များ​သည့် နိုင်ငံ​တ​ဝန်း​သပိတ်​ပွဲ​များ​ကို လှုံ​ဆောင်​ဦးဆောင်​ခဲ့​သည်။ ထို​စဉ်​က​ပင် ဗ​မာ့​ထွက်​ရပ်​ဂိုဏ်း​ကြီး​အား​ထူထောင်​ရာ​တွင် ပါဝင်​ခဲ့​ပြီး ၎င်း​အဖွဲ့​ကြီး​မှာ ဒို့​ဗမာ​အစည်း​အရုံး၊ မြန်မာ​နိုင်ငံ ကျောင်းသား​သမဂ္ဂ၊ နိုင်ငံ​ရေး နိုးကြား​သော​ရဟန်း​များ၊ ဒေါက်​တာ​ဘမော်​၏ ဆင်းရဲသား​ပါ​တီ​တို့​ကို မဟာမိတ်​ပြု​ထား​ခြင်း​ဖြစ်​ပြီး သူ​သည် ယင်းမ​ဟာ​မိတ်​အဖွဲ့​၏ အတွင်း​ရေး​မှုး​ဖြစ်လာ​ခဲ့​သည်။

ကျောင်းသား​ခေါင်းဆောင် ကို​အောင်​ဆန်း

သူ​၏ သမိုင်း​တွင် လူ​အများ​ကောင်း​စွာ မ​ရှင်းလင်း​သော​အချက်​မှာ ၁​၉​၃​၉ ခု​နှစ် ဩဂုတ်​လ​တွင် ဗမာ​ပြည်​ကွန်​မြူ​နစ်​ပါ​တီ​ကို ထူထောင်​ခဲ့​သူ အဖွဲ့​ဝင်​တစ်​ဦး​နှင့် ပထမ​ဆုံး အထွေ​ထွေ​အတွင်း​ရေး​မှုး ဖြစ်​ခဲ့​ကြောင်း​ပင် ဖြစ်​သည်။ များ​မ​ကြာ​မီ​တွင် သူ​သည့် ပြည်​သူ့တော်​လှန်​ရေး​ပါ​တီ​ကို ထူထောင်​ရာ​တွင် ပါဝင်​ခဲ့​သည်။ ဒုတိယ​ကမ္ဘာ​စစ်​ပြီး​နောက်​ပိုင်း​တွင် ယင်း​အဖွဲ့​ကို ဆို​ရှယ်​လစ်​ပါ​တီ​ဟု ပြန်လည်​အမည်ပေး​ခဲ့​သည်။ ဗိုလ်​ချုပ်​အောင်​ဆန်း​သည် ၁​၉​၄​၀ ခု​နှစ် မတ်​လ​တွင် အိန္ဒိယ​နိုင်ငံ ရမ်​ဂါ​တွင် ကျင်းပ​သော အိန္ဒိယ အမျိုးသား​လွှတ်​တောင် စည်းဝေး​ပွဲ​သို့​တက်​ရောက်​ခဲ့​သည်။ သို့သော် အစိုးရ​သည် ဗြိတိသျှ​တို့​ကို သခင်​တို့​က တော်​လှန်​ပုန်ကန် ကြိုးပမ်း​အားထုတ်​မှု​ဖြင့် ဗိုလ်​ချုပ်​အောင်​ဆန်း​အား ဖမ်း​ဝရမ်းထုတ်​ပြန်​ခဲ့​ရာ သူ​သည် မြန်မာ​နိုင်ငံ​မှ ပြေး​ခဲ့​ရ​သည်။ ပထမ​တွင် သူ​သည် တရုတ်​ပြ​သည်သို့​သွား​၍ ကွန်​မြူ​နစ်​တရုတ်​များ​ထံ အကူအညီ​တောင်း​ရန် ရည်​ရွယ်သော်​လည်း ဂျပန်​စစ်​တပ်​မှ ပြည်​သိမ်း​တပ်​များ​က သူ့​အား အမွိုင်​မြို့​တွင် ကြား​ဖြတ်​တားဆီး​ပြီး ဂျပန်​ပြည်​သို့​သာ သွား​ရန် တိုက်တွန်း​ခဲ့​လေ​သည်။

ဒုတိယ​ကမ္ဘာ​စစ်‌ကာလ

၁​၉​၃​၉ ခု​နှစ် ဥရောပတိုက်​တွင် ဒုတိယ​ကမ္ဘာ​စစ်​မီး စတင်​လောင်ကျွမ်း​ပြီး များ​မ​ကြာ​မီ ‘ကို​လို​နီဝါ​ဒ​အခက်၊ လွတ်လပ်​ရေး​အချက်’ ဟု​မြင်​ကာ ‘ထွက်​ရပ်​ဂိုဏ်း​ကြီး’ တည်ထောင်​နိုင်​ရန် သခင်​အောင်​ဆန်း ကူညီ​ပေး​ခဲ့​ပါ သည်။ ဒေါက်​တာ​ဘမော်​၏ ဆင်းရဲသား​ပါ​တီ၊ ဒို့​ဗမာ​အစည်း​အရုံး၊ ကျောင်းသား​များ​နှင့် ပုဂ္ဂလိက​နိုင်ငံ​ရေး​သ မား​များ စုပေါင်း​ဖွဲ့​စည်း​လိုက်​သော ထို ‘ထွက်​ရပ်​ဂိုဏ်း​ကြီး’ သည် သခင်​အောင်​ဆန်း​၏ တီထွင်​မှု​ဖြစ်​သည်​ဟု သခင်​နု​က သတ်​မှတ်​ခဲ့​၏။ ‘ထွက်​ရပ်​ဂိုဏ်း​ကြီး’ ၏ ပြည်​သူ​လူထု​ကို တိုက်​တွန်းဆော်​ဩ​ချက်​မှာ စစ်​ပြီး​သည်​နှင့် လွတ်လပ်​ရေး​ပေး​ရန်​သဘောတူ​သော ကတိ​ရ​မှ​သာ​လျှင် ဗြိ​တိ​သျ​စစ်​ရေး​ကြိုးပမ်း​ချက်​များ​ကို ကူညီ​ပံ့ပိုး​ရ​မည်။ ဗြိတိသျှ​အစိုးရ​အနေ​နှင့် ထို​ကဲ့သို့​ကတိ​ကြေညာ​ချက်မ​ပြု​ပါ​က စစ်​ရေး​ကြိုးပမ်း​ချက်​များ​ကို အင်​တိုက်​အား​တိုက် ဆန့်ကျင်​ရ​မည်။ တုံ့​ပြန်​သည့်​အနေ​နှင့် ဗြိတိသျှ​အစိုးရ​သည် အမျိုးသား​ရေး​လှုပ်ရှား​နေ​သူ​အများ​အပြား​ကို ဖမ်း ဆီး​လိုက်​ပါ​သည်။ ၁​၉​၄​၀ ခု​နှစ် ကုန်​ဆုံး​ချိန်​၌ သခင်​ခေါင်းဆောင် အမြောက်အမြား​နှင့် ဒေါက်​တာ​ဘမော်​တို့​မှာ ထောင်​ထဲ​ရောက်​နေ​ကြ​ပေ​ပြီ။ သခင်​အောင်​ဆန်း​ကို ဖမ်းဆီး​ရန် ဝ​ရန်း​အမိန့်​ထုတ်​ခဲ့သော်​လည်း အချိန်မီ​သတိ ပေး​ချက်​ရသ​ဖြင့် သူ​သည် ခြေရာ​ဖျောက်​ကာ တိမ်းရှောင်​သွား​နိုင်​ခဲ့​သည်။

ဂျပန်​နှင့် ပူ​ပေါင်း​ခြင်း

သခင်​အောင်​ဆန်း​သည် လက်နက်ကိုင်​တိုက်​ပွဲ​ဆင်​နွှဲ​ရန် လို​အပ်​ကောင်း​လို​အပ်​မည်​ဟု ယူဆ​ခဲ့​သည်မှာ ကာ လ​အတန်​ကြာ​က​ပင် ဖြစ်​ပါ​သည်။ ၁​၉​၄​၀ ခု​နှစ် ဩဂုတ်​လ​တွင် သခင်​အောင်​ဆန်း​နှင့် သခင်​လှ​မြိင် (နောင်​အခါ ဗိုလ်​ရန်​အောင်​ဟု​ထင်ရှား​သူ)တို့ မြန်မာ​ပြည်​မှ ဟိုင်​လီ​အမည်​ရှိ သင်္ဘော​နှင့် ထွက်​ခွာ​ခဲ့​ရာ တရုတ်​နိုင်ငံ အမွိုင်​မြို့​ရှိ ‘အပြည်​ပြည်​ဆိုင်​ရာ​ဒေသ’ ဖြစ်​သော ကူ​လန်​စု​သို့ ရောက်​သွား​ကြ​ပါ​သည်။ ထို​နေရာ​၌ သူ​တို့​နှစ်​ဦး လ​အနည်းငယ်​မျှ သောင်တင်​နေ​ပြီး တ ရုတ်​ကွန်​မြူ​နစ်​များ​နှင့် ဆက်​သွယ်​ရန် ကြိုးစား​ချက်​များ​လည်း အောင်မြင်​ခြင်း​မ​ရှိ​ခဲ့​ပါ။ တရုတ်ကွန်​မြူ​နစ်များ​နှင့် အဆက်​အသွယ် မ​လုပ်​နိုင်​ခဲ့သော်​လည်း ဂျပန်​ကိုယ်စားလှယ်​တ​ဦး သူ​တို့​အား ချဉ်းကပ်​ပြီး ဂျပန်​တပ်​မတော် အရာရှိ​တ​ဦး​ဖြစ်​သူဗိုလ်​မှူး​ကြီး​စူ​ဇူ​ကီ​ကေ​အီ​ဂျီနှင့်​တွေ့​ရန် တို​ကျို​သို့ လေ​ယာဉ်​နှင့်​ပို့​လိုက်​ပါ​သည်။ ထို​ဗိုလ်​မှူး​ကြီး သည် နောင်​အခါ​၌ ‘မြန်မာ​ပြည်​လွတ်လပ်​ရေး​ကို ကူညီ​ရန်​နှင့် တရုတ်​မြန်မာ​လမ်းမ​ကြီး​ကို ပိတ်​ဆို့​ရန်’ ရည် ရွယ်​ချက်​များ​နှင့် တည်ထောင်​သော မီ​နာ​မီ​ကီ​ကန် လျှို့​ဝှက်​အသင်း​၏ ခေါင်းဆောင်​အဖြစ် ထင်ရှား​မည့်​သူ​ဖြစ် ပါ​သည်။

မြန်မာ​နိုင်ငံ​ရေး​သမား​များ​နှင့် ဂျပန်​တို့​အကြား​အဆက်​အသွယ်​ရှိ​ခြင်း​မှာ အသစ်​အဆန်း​မဟုတ်​ချေ။ဒေါက်​တာ ဘမော်နေရာ​၌ ဝန်ကြီး​ချုပ်​ဖြစ်လာ​သောဦး​စောသည် ဂျပန်​ထောက်ပံ့​မှု​ကြောင့် ချမ်းသာ​ကြွယ်​ဝ​လာ​သူ​ဟူ၍ နာမည်​ထွက်​ခဲ့​ပါ​သည်။ ဒေါက်​တာ​ဘမော်​ကိုယ်တိုင်​လည်း ‘ထွက်​ရပ်​ဂိုဏ်း’ အတွက် ဂျပန်​တို့​ထံ​မှ အကူအညီ ရှာ​ခဲ့​ပါ​သည်။ ဒေါက်​တာ​ဘမော်​၏ အစိုးရ​အတွင်း ဝန်ကြီး​တ​ဦး​ဖြစ်​ခဲ့​သော ဝါ​ရင့်​နိုင်ငံ​ရေး​သမား​ကြီး ဒေါက်​တာ သိမ်း​မောင်​က​မူ ဂျပန်​သို့ အလည်​အပတ်​သွား​ရောက်​ခဲ့​ပြီး ဂျပန်-ဗမာ ချစ်​ကြည်​ရေး​အသင်း​ကို ရှေ့ဆောင် တည်ထောင်​ခဲ့​ပါ​သည်။ ၁​၉​၄​၀ ခု​နှစ်​လယ်​တွင် ဗိုလ်​မှူး​ကြီး​စူ​ဇူ​ကီး မြန်မာ​ပြည်​သို့ အလည်​ရောက်​စဉ်​က ဒေါက် တာ​သိမ်း​မောင်​နှင့် တွေ့​ခဲ့​၏။ ဤ​တွေ့​ဆုံ​ဆက်​သွယ်​မှု​မှ​တ​ဆင့် ဂျပန်​များ​က အမွိုင်​ရောက် သခင်​နှစ်​ဦး​အား ရှာဖွေ​တွေ့​ရှိ​နိုင်​ခဲ့​ခြင်း ဖြစ်​ပါ​သည်။

၁​၉​၄​၅ ခု​နှစ် ဖေဖော်ဝါရီ​လ​တွင် ဗိုလ်​ချုပ်​အောင်​ဆန်း မြန်မာ​နိုင်ငံ​သို့ ပြန်လာ​သည်။ ဖူ​မီ​မာ​ရို​ကို​နိုး အစိုးရ​ထံ​မှ လက်နက်​နှင့် ငွေ​ကြေး​ထောက်​ပံ​မှု ကတိကဝတ်​များ​ရ​လာ​သည်။ သူ​သည် ရဲဘော်​သုံး​ကျိတ်​အဖွဲ့​ဝင်​များ​နှင့် အတူ စစ်​သင်​တန်း​တက်​ရောက်​ရန် ဂျပန်​ပြည်​သို့ ခေတ္တ​ပြန်လည် ထွက်​ခွာ​သွား​ခဲ့​သည်။ ၁​၉​၄​၅ ခု​နှစ် ဒီဇင်ဘာ​တွင် လျှို့​ဝှက်​ထောက်လှမ်း​ရေး​အဖွဲ့ မီ​နာ​မီ​ကီး​ကန်း​၏ အကူအညီ​ဖြင့် မြန်မာ​ပြည်​လမ်းမ​ကြီး​အား ပိတ်​ဆို့​ရန်​နှင့် ပြည်​တွင်း​ရှိ အမျိုးသား​ပုန်ကန်​ထကြွ​မှု​အား ထောက်ပံ့​ကူညီ​ရန်​အတွက် ဗိုလ်​ချုပ်​အောင်​ဆန်း​သည် ဗိုလ်​မှုး​ကြီး ဆူ​ဇူ​ကီး​၏ ဦးဆောင်​မှု​ဖြင့် ဗ​မာ့​လွတ်မြောက်​ရေး​တပ်​မတော်​ကို ထိုင်း​နိုင်ငံ ဗန်​ကောက်​မြို့ (ထို​အချိန်​တွင် ထိုင်း​နိုင်ငံ​မှာ ဂျပန်​သိမ်းပိုက်​မှု အောက်​တွင် ရှိ​သည်) တွင် ထူထောင်​ခဲ့​သည်။ ဗိုလ်​ချုပ်​အောင်​ဆန်း​သည် ဗိုလ်​ချုပ်​ရာထူး​ကို ရ​ယူခဲ့​ပြီး ကာ​ကွယ်​ရေး​ဦးစီး​ချုပ် ဖြစ်လာ​ခဲ့​သည်။

၁​၉​၄​၁ ခု​နှစ် ဖေဖော်ဝါရီ​လ​တွင် သခင်​အောင်​ဆန်း​သည် တရုတ်​သင်္ဘောသား​အသွင်​ဖြင့် မြန်မာ​ပြည်​သို့ ပြန် ရောက်လာ​လေ​သည်။ သူ​မှ​တ​ဆင့် ဂျပန်​တို့​ကမ်းလှမ်း​လိုက်​သည့် သဘောတူ​ညီ​ချက်​အရ၊ တော်​လှန်​ပုန်ကန် ရန် လက်နက်​များ​နှင့် ငွေ​ကြေး​ထောက်ပံ့​မည်​ဟု မြန်မာ​တို့​က နားလည်​ခဲ့​၏။ ထို့​ပြင် လက်ရွေး​စင်​လူ​ငယ်​တ​စု ကို စစ်​သင်​တန်း​ပေး​မည်။ ထို​လူ​ငယ်​များ​ကို မြန်မာ​နိုင်ငံ​မှ ခိုး​ထုတ်​သွား​ရန် လို​ပေ​မည်။ သခင်​အောင်​ဆန်း မြန် မာ​ပြည်​၌ ကြာမြင့်​စွာ​မ​နေ​ပါ။ ဂျပန်​သို့ သခင်​လှ​ဖေ​နှင့် အခြား​လူ​ငယ်​သုံး​ဦး​တို့​နှင့်​အတူ ပြန်သွား​ပါ​သည်။ ထို အုပ်စု​မှာ ‘ရဲဘော်​သုံး​ကျိပ်’ ၏ ရှေ့ပြေး​တပ်ဦး ဖြစ်​ပါ​သည်။

ရဲဘော်​သုံး​ကျိပ်​သည် ဟိုင်​နန်​ကျွန်း​၌ ပင်ပန်း​ကြီး​စွာ စစ်​ပညာသင်​ယူ​ရ​ပါ​သည်။ ၎င်း​တို့​အနက် သခင်​အောင် ဆန်း၊ သခင်​လှ​ဖေ (ဗိုလ်​လင်္ကျာ)၊ သခင်​အောင်​သန်း(ဗိုလ်​စင်္ကြာ)နှင့် သခင်​ထွန်း​အုပ်​တို့​ကို စစ်​ဌာန​ဦးစီး​ကွပ် ကဲ​ရေး​နှင့် အုပ်ချုပ်​ရေး​တို့​ကို အထူး​လေ့​လာ​ရန် ရွေးချယ်​လိုက်​ပါ​သည်။ သခင်​ပါ​တီ အုပ်စု​တ​စု​ကို ကိုယ်စား​ပြု သော သခင်​ထွန်း​အုပ်​အား နိုင်ငံ​ရေး​ခေါင်းဆောင်​တင်​မြှောက်​လိုက်​၏။ သို့သော်​လည်း သခင်​အောင်​ဆန်း သည် ရဲဘော်​သုံး​ကျိပ်​၏ ခေါင်းဆောင်​အဖြစ် ထင်​ထင်ရှား​ရှား ပေါ်ထွက်​လာ​သည်။ ဗ​မာ့​လွတ်လပ်​ရေး​တပ်မ တော် ဖွဲ့​သော​အခါ​၌​လည်း တပ်​မတော်​၏ ပြိုင်ဘက်​မ​ရှိ​ခေါင်းဆောင် ဖြစ်လာ​လေ​သည်။ သခင်​အောင်​ဆန်း သည် ကိုယ်​ခန္ဓာ​ညှက်​ပြီး အား​ကောင်း​သန်မာ​လှ​ခြင်း​မ​ရှိသော်​လည်း တိုက်​ရေး​ခိုက်​ရေး​ကျွမ်းကျင်​ကာ သတ္တိရှိ ၍ အပင်​ပန်း​ခံ​နိုင်​သော စစ်​သား​တ​ဦး​ဖြစ်လာ​၏။

လူ​ငယ်​စစ်​သင်​တန်းသား​များ​သည် ဂျပန်​နည်း​ပြ​ဆရာ​အချို့​ကို လေးစား​ချစ်ခင်​ကြသော် လည်း၊ ဂျပန်​စိတ်​နေ​သဘောထား​အချို့​ကို​မူ များ​စွာ​မနှစ်​မြို့​ရကား ၁​၉​၄​၁ ခု​နှစ်​ကုန်​ပိုင်း မြန်မာ​ပြည်​တွင်း​သို့ မ​ချီ​တက်​မီ​က​ပင် ဗမာ​နှင့် ဂျပန်​တို့​အကြား ကတောက်​က​ဆ​ဖြစ်​မှု​များ စ​တင်ပေါ်​ပေါက်​ခဲ့​သည်။

ဗိုလ်​ချုပ်​အောင်​ဆန်း​နှင့် ဂျပန် စစ်​ဘက်​ဆိုင်​ရာ​အရာရှိ​ကြီး​များ(အရှေ့​တန်း​ဝဲ​မှ စ​တုထ္တ​မြောက်)

မြန်မာ​နိုင်ငံ​၏​မြို့တော် ရန်ကုန်​သည် ဂျပန်​တို့​လက်အောက်​သို့ ၁​၉​၄​၂ ခု​နှစ် မတ်​လ​တွင် ကျ​ရောက်​သွား​ပြီး (ဒုတိယ ကမ္ဘာ​စစ်​အတွင်း မြန်မာ​နိုင်ငံ စစ်ဆင်​ရေး​၏ တစ်စိတ်တစ်ဒေသ အဖြစ်) ဂျပန်​စစ်​ဘက် အုပ်ချုပ်​ရေး​အဖွဲ့​က တိုင်း​ပြည်​ကို သိမ်းပိုက်​လိုက်​သည်။ ဇူလိုင်​တွင် ဗိုလ်​ချုပ်​အောင်​ဆန်း​သည် ဘီ​အိုင်​အေ တပ်​မတော်​အား မြန်​မာ့​ကာ​ကွယ်​ရေး​တပ်​မတော် (ဘီ​ဒီ​အေ) အဖြစ် ပြင်ဆင်​ဖွဲ့​စည်း​ခဲ့​သည်။ သူ​သည် အဖွဲ့​၏ ကာ​ကွယ်​ရေး​ဦးစီး​ချုပ်​အဖြစ် ဆက်လက်​ရပ်​တည်​ခဲ့သော်​လည်း ဤ​အကြိမ်​တွင် ဗိုလ်​မှုး​ကြီး​အောင်​ဆန်း အဖြင့်​သာ​နေ​ခဲ့​သည်။ ၁​၉​၄​၄ ခု​နှစ် မတ်​လ​တွင် သူ့​အား ဗိုလ်​ချုပ်​ရာထူး​သို့ ပြန်လည်​ခန့်​အပ်ခဲ့​သည်။ များ​မ​ကြာ​မီ​တွင် ဂျပန်​နိုင်ငံ​သို့ ဖိတ်ခေါ်​ခြင်း​ခံ​ရ​ပြီး ဂျပန်​ဧကရာဇ်​မှ တက်​နေဝန်း​ဂုဏ်​ထူး​ဆောင် ဘွဲ့​ကို ချီးမြှင့်​ခဲ့​သည်။ ၁​၉​၄​၃ ခု​နှစ် ဩဂုတ် ၁ ရက်​တွင် ဂျပန်​တို့​က မြန်မာ​နိုင်ငံ​အား လွတ်လပ်​ရေး​ကြေငြာ​ပေး​ခဲ့​သည်။ ဗိုလ်​ချုပ်​အောင်​ဆန်း​အား စစ်​ဝန်ကြီး​အဖြစ် ခန့်​အပ်​ပြီး ၎င်း​၏ တပ်​မတော်​ကို​လည်း ဗ​မာ့​အမျိုးသား​တပ်​မတော် (ဘီ​အင်​အေ)ဟု ပြောင်း​လဲခေါ်ဝေါ်​ခဲ့​သည်။ သူ​၏ ဂျပန်​တို့​နှင့် ပူးပေါင်း​မှု​မှာ ကြာ⁠ကြာ​မ​ခံ​ပေ။ ဗိုလ်​ချုပ်​အောင်​ဆန်း​သည် ဂျပန်​များ​ပြော​သည့် လွတ်လပ်​ရေး​ဆို​သည်​ကို သံသယ​ဝင်​လာ​သည်။ ဗမာ​လူ​မျိုး​များ​အပေါ် ဆက်ဆံ​သည့် ဆက်ဆံ​ရေး​ကို​လည်း မနှစ်​မြို့​ပေ။ ဂျပန်​တပ်​များ​မ​ဝင်​ရောက်​မီ​က​ပင် ဖက်​ဆစ်​တို့​၏ အန္တာ​ရာယ်​ကို ကြိုတင်​သတိပေး​ခဲ့​သည့် ကွန်​မြူ​နစ်​ခေါင်းဆောင်​များ​ဖြစ်​သော သခင်​သန်း​ထွန်း​နှင့် သခင်​စိုး​တို့​၏ အကူအညီ​ဖြင့် ဗိုလ်​ချုပ်​အောင်​ဆန်း​သည် ဂျပန်​များ​အား တိုက်​ထုတ်​ရန် အိန္ဒိယ​ပြည်​ရှိ ဗြိတိသျှ​အာဏာပိုင်​များ​နှင့် တိတ်တဆိတ် ဆက်​သွယ်​ခဲ့​ပြီး လျှို့​ဝှက်​အစီ​အစဉ်​များ​ကို ရေး​ဆွဲ​ခဲ့​သည်။ ၁​၉​၄​၅ ခု​နှစ် မတ်​လ ၂​၇ ရက်​တွင် သူ​သည် ဘီ​အင်​အေ​တပ်​ကို ဦးဆောင်​၍ ဂျပန်​ကျုးကျော်​သူ​များ​အား မဟာမိတ်​တို့​နှင့် ပူးပေါင်း​ကာ တိုက်​ထုတ်​ခဲ့​လေ​သည်။ မတ်​လ ၂​၇ ရက်​နေ့​ကို တော်​လှန်​ရေး​နေ့​ဟု သတ်​မှတ်​ခဲ့​သည်။ နောင်​တွင် စစ်​အစိုးရ​မှ တပ်​မတော်​နေ့​ဟု ပြောင်း​လဲခေါ်​တွင်​ခဲ့​လေ​သည်။

ဗိုလ်​ချုပ်​အောင်​ဆန်း‎
စစ်ဝတ်​စုံ​ဖြင့် ဗိုလ်​ချုပ်​အောင်​ဆန်း

ဒုတိယ​ကမ္ဘာ​စစ်​ပြီး​ခေတ်

‌ဗြိတိသျှ​များ ပြန်လည်​ဝင်​ရောက်လာ​၍ စစ်​အုပ်ချုပ်​ရေး​တစ်​ခု​ကို ဖွဲ့​စည်း​တည်ထောင်​ခဲ့​ပြီး နောက် ဖက်​ဆစ်​ဆန့်ကျင်​ရေး​အဖွဲ့​ကို ညီညွတ်​သော​တပ်​ပေါင်း​စု​အဖြစ် အသွင်​ပြောင်း​ဖွဲ့​စည်း​ခဲ့​ရာ​တွင် ဘီ​အင်​အေ၊ ကွန်​မြူ​နစ်၊ ဆို​ရှယ်​လစ်​များ ပါဝင်​ကြ​ပြီး ၁​၉​၄​၄ ခု​နှစ် ဩဂုတ်​လ​တွင် ‘ဖက်​ဆစ်​ဆန့်ကျင်​ရေး ပြည်​သူ့​လွတ်လပ်​ရေး​အဖွဲ့​ကြီး’ (ဖ​ဆ​ပ​လ) အဖြစ် အသစ်​ပြန်လည်​ဖွဲ့​စည်း​ခဲ့​သည်။ ဗ​မာ့​အမျိုးသား​တပ်​မတော်​ကို​လည်း မျိုး​ချစ် ဗ​မာ့​တပ်​မတော်​အဖြစ် ပြောင်းလဲ​ဖွဲ့​စည်း​ခဲ့​၍ ဂျပန်​များ​ကို တိုက်​ထုတ်​ပြီး​နောက် တ​ဖြည်း⁠ဖြည်း​ဖျက်​သိမ်း​ခဲ့​သည်။ ၁​၉​၄​၅ ခု​နှစ် စက်တင်ဘာ​လ​က သီဟိုဠ်​တွင် ပြုလုပ်​ခဲ့​သော ကန်​ဒီ​အစည်းအဝေး​မှ သဘောတူ​ညီ​ချက်​များ​အရ မျိုး​ချစ်​ဗ​မာ့​တပ်​မတော်​သား​များ​အား ဗြိတိသျှ​တပ်​မတော်​အောက်​ရှိ ဗ​မာ့​တပ်​မတော်​အောက်​သို့ သွတ်သွင်း​ယူခဲ့​သည်။ စစ်​ပြန်​ရဲဘော်​အချို့​ကို ပြည်​သူ့​ရဲဘော်​တပ်​အဖြစ် ဗိုလ်​ချုပ်​အောင်​ဆန်း​၏​အောက်​တွင် အရန်​အင်အား​ဖြင့် ဖွဲ့​ထား​ပြီး လူ​မြင်​ကွင်း​တွင် ဗြောင်​ကျ​ကျ စစ်​ရေး​လေ့ကျင့်​ခဲ့​ကြ​ရာ ဗြိတိသျှ​အာဏာပိုင်​များ​၏ အစ​ပိုင်း​က မ​လိုက်လျော​လို​မှု​များ​ကို ပြယ်​စေ​ခဲ့​ဟန်​တူ​၏။ ဗိုလ်​ချုပ်​အောင်​ဆန်း​အား ဗ​မာ့​တပ်​မတော်​၏ ဒုတိယ​စစ်ဆေး​ရေး​မှုး​ရာထူး​ကို ကမ်းလှမ်း​ခဲ့သော်​လည်း အရပ်သား​နိုင်ငံ​ရေး​သမား ဘဝ​ကို သာ ရွှေး​ချယ်​ခဲ့​သည်။ ၁​၉​၄​၆ ခု​နှစ် ဇန်နဝါရီ​လ​တွင် ဗိုလ်​ချုပ်​အောင်​ဆန်း​သည် ဖ​ဆ​ပ​လ အဖွဲ့​၏ ဥက္ကဋ္ဌ အဖြစ် လွန်ခဲ့သော အောက်တိုဘာ​က မြန်မာ​ပြည် အရပ်​ဘက် အုပ်ချုပ်​ရေး​ပြန်လည် ထူထောင်​ပြီး​နောက် ခန့်​အပ်​ခြင်း​ခံ​ရ​သည်။ စက်တင်ဘာ​လ​တွင် မြန်မာ​နိုင်ငံ အမှုဆောင်​ကောင်​စီ​၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဗြိတိသျှ​ဘုရင်​ခံ​အသစ် ဆာ​ဟူး​ဘတ်​ရန့်​မှ ခန့်ထား​ခြင်း​ခံ​ရ​ပြီး​နောက် ကာ​ကွယ်​ရေး​နှင့် နိုင်ငံ​ခြား​ရေးရာ​တို့​ကို တာဝန်​ပေး​အပ်ခဲ့​သည်။ ရန့်​နှင့် မောင်​ဘတ်​တန်​တို့​သည် ယခင်​ဘုရင်​ခံ​ချုပ်​ဟောင်း ဆာဒေါ်​မန်​စ​မစ်​နှင့် ဝင်​စ​တန်​ချာ​ချီ​တို့​က ဗိုလ်​ချုပ်​အောင်​ဆန်း​အား ‘သစ္စာ​ဖောက် သူပုန်​ခေါင်းဆောင်’ ဟု သမုတ်​ခဲ့​သည်​ကို လက်မ​ခံ​ခဲ့​ပေ။ ဖ​ဆ​ပ​လ အဖွဲ့​တွင်​လည်း ကွန်​မြူ​နစ်​များ​နှင့် အမျိုးသား​ရေး​နှင့် ဆို​ရှယ်​လစ်​ကို ဦးဆောင်​သည့် ဗိုလ်​ချုပ်​အောင်​ဆန်း​တို့ အကြား​ကွဲ​ကြ​ရာ​မှ အမှုဆောင်​ကောင်​စီ​တွင် ဗိုလ်​ချုပ်​အောင်​ဆန်း နေရာ​ယူ​သည်​ကို အကြောင်းပြု​ပြီး ဖ​ဆ​ပ​လ အဖွဲ့​မှ သခင်​သန်း​ထွန်း​နှင့် ဗမာ​ပြည်​ကွန်​မြူ​နစ်​ပါ​တီ တို့​ကို ထုတ်ပစ်​ခဲ့​သည်။

ဗိုလ်​ချုပ်​အောင်​ဆန်း​နှင့် အက်​တ​လီ

ဗိုလ်​ချုပ်​အောင်​ဆန်း​သည် ဝန်ကြီး​ချုပ် လုံး⁠လုံး​လျား⁠လျား​ဖြစ်​နေ​ပြီ ဖြစ်သော်​လည်း ဗြိတိသျှ​၏ ဗီ​တို​ကျ​ခံ​နိုင်​လျက် ရှိ​သည်။ ၁​၉​၄​၇ ခု​နှစ် ဇန်နဝါရီ ၂​၇ ရက်​တွင် ဗိုလ်​ချုပ်​အောင်​ဆန်း​နှင့် ဗြိတိသျှ ဝန်ကြီး​ချုပ် က​လီ​မင့်​အက်​တ​လီ တို့​သည် လန်ဒန်​မြို့​တွင် တစ်​နှစ်​အတွင်း မြန်​မာ့​လွတ်လပ်​ရေး​ကို ပေး​ရ​မည်​ဖြစ်​ကြောင်း သဘောတူ​စာချုပ် ချုပ်​ဆို​ခဲ့​သည်။ သူ​သည် မြန်​မာ့​လွတ်လပ်​ရေး​ကို တာဝန်​ခံ ရ​ယူ​ပေး​ခဲ့​သူ ဖြစ်​သည်။ န​ယူး​ဒေ​လီ​မြို့​၌ တစ်​ထောက်​ရပ်နား​စဉ် သတင်းစာ​ရှင်းလင်း​ပွဲ​တွင် သူ​က မြန်မာ​တို့​သည် အကြွင်းမဲ့​လွတ်လပ်​ရေး​ကို လိုလား​ကြောင်း၊ ဓန​သဟာယ အဆင့်​ကို မ​လိုလား​ကြောင်း ဤ​အခြေအနေ​ကို ရ​ရှိ​ရန် အကြမ်း​ဖတ်​သည့်​နည်း သို့မဟုတ် မ​ဖက်​သည့်​နည်း သို့မဟုတ် နှစ်​နည်း​စလုံး​တို့​ကို အသုံးပြု​ရန်​တွန့်​ဆုတ်​နေ​မည် မဟုတ်​ကြောင်း​နှင့် အဆုံးသတ်​တွင် သူ​သည် အကောင်း​ဆုံး​ဖြစ်လာ​ရန် မျှော်လင့်​ထားသော်​လည်း အဆိုး​ဆုံး​ကို​လည်း ရင်ဆိုင်​ရန်​ပြင်ဆင်​ထား​ကြောင်း ပြော​ကြား​ခဲ့​သည်။ အချို့​က သူ့​အား ကရင်​လူ​မျိုး​တို့​အပေါ် ဗြိတိသျှ​တို့​အား​သစ္စာရှိ​မှု၊ ဂျပန်​နှင့် ဘီ​အိုင်​အေ​တပ်​များ​ကို ပြန်လည်​တိုက်ခိုက်​မှု​တို့​ကို အကြောင်းပြု နှိပ်ကွပ်​ခဲ့​ခြင်း​နှင့် ပတ်​သတ်​၍ တာဝန်ရှိ​သည်​ဟု ယူဆ​ကြ​သည်။ ဒေါ်​မန်​စ​မစ်​သည် ဖ​ဆ​ပ​လ ကိုယ်စားလှယ်​အဖွဲ့ လန်ဒန်​သို့ လာ​ရောက်​ရန် ကိစ္စ​ကို ငြင်းပယ်​ခဲ့​ပြီး ဗိုလ်​ချုပ်​အောင်​ဆန်း​အား​လည်း စစ်​အတွင်း​က သူကြီး​တစ်​ဦး​အား ကွက်​မျက်​မှု​နှင့် အရေးယူ​ရန် ကြိုးစား​အားထုတ်​ခဲ့​သည်။

ဗိုလ်​ချုပ်​အောင်​ဆန်း​နှင့် သခင်​မြ၊ Lord Pethwick-Lawrence၊(၁​၉​၄​၇ ခု​နှစ် လန်ဒန်​မြို့​၌)

၁​၉​၄​၇ ခု​နှစ် ဖေဖော်ဝါရီ ၁​၂ ရက်​တွင် ဗိုလ်​ချုပ်​အောင်​ဆန်း​သည် ဆာ​မောင်ကြီး၊ ဗိုလ်​မှူး​အောင်၊ မြို့မ-ဦး​သန်း​ကြွယ်၊ အခြား​တိုင်း​ရင်း​သား ခေါင်းဆောင်​များ​နှင့် အတူ ပင်​လုံ​ညီလာခံ​တွင် တက်​ရောက်​ခဲ့ပြီး၊ စည်း​လုံး​ညီညွတ်​ရေးဖော်​ဆောင်​သည့် စာချုပ်​လက်မှတ်​ရေး​ထိုး​ခဲ့​သည်။ ဧပြီ​တွင် ဖ​ဆ​ပ​လ​သည် တိုင်း​ပြု​ပြည်​ပြု လွှတ်တော်​ရွေး​ကောက်​ပွဲ​ကြီး​တွင် နေရာ ၂​၀​၂ နေရာ​အနက် ၁​၉​၆ နေရာ​ကို ရ​ရှိ အနိုင်​ယူခဲ့​သည်။ ဇူလိုင်​တွင် ဗိုလ်​ချုပ်​အောင်​ဆန်း​သည် မြန်မာ​နိုင်ငံ ပြန်လည်​ထူထောင်​ရေး​အတွက် ဆွေ​နွေး​ပွဲ​များ​ကို ရန်ကုန်​ရှိ ဆို​ရန်​တာ​ဗီ​လာ​တွင် ကျင်းပ​ခဲ့​သည်။

လွတ်လပ်​ရေး​မ​ရ​မီ လ​အနည်းငယ်​အလို ၁​၉​၄​၇ ခု​နှစ် ဇူလိုင် ၁​၉ ရက်​တွင် ဗိုလ်​ချုပ်​အောင်​ဆန်း​နှင့် အတူ သူ​၏ အစ်ကို ဦး​ဘ​ဝင်း အပါအဝင် အသစ်​ဖွဲ့​စည်း​ထား​သော ကက်​လိ​နက်​ဝန်ကြီး ခြောက်​ဦး​တို့​ကို လုပ်ကြံ​သတ်​ဖြတ် ခံ​ခဲ့​ကြ​ရ​သည်။ လုပ်ကြံ​မှု​မှာ သူ​၏ ပြိုင်ဘက်​ဖြစ်​သူ ဦး​စော၏ လက်​ချက်​ဟု ယူဆ​ရသော်​လည်း ဦး​စော​၏ တရားခွင်​စစ်ဆေး​ချက်​များ​မှာ သံသယ ဖြစ်​စရာ​များ တွေ့​ရှိ​ခဲ့​သည်။ ၁​၉​၄​၈ ခု​နှစ် ဇန်နဝါရီ​လ ၄ ရက်​တွင် မြန်မာ​နိုင်ငံ လွတ်လပ်​ရေး​ရ ရှိ​ခဲ့​သည်။

မိသား​စု

ဗိုလ်​ချုပ်​အောင်​ဆန်း​၏ မိသား​စု(ဇနီး ဒေါ်​ခင်​ကြည်၊ သား​ကြီး အောင်​ဆန်​ဦး၊ သား​လတ် အောင်​ဆန်း​လင်း၊ သမီး​ငယ် အောင်​ဆန်း​စု​ကြည်)

၁​၉​၄​၂ ခု​နှစ် ဗိုလ်​ချုပ်​အောင်​ဆန်း​သည် ကာ​ကွယ်​ရေး​ဝန်ကြီး တာဝန်​ထမ်း​ဆောင်​နေ​စဉ်​တွင် ဒေါ်​ခင်​ကြည်နှင့် ထိမ်းမြား​ခဲ့​သည်။ တစ်​ချိန်​တည်း​မှာ​ပင် ညီမ​ဖြစ်​သူ​က ကွန်​မြူ​နစ် ခေါင်းဆောင်​သခင် သန်း​ထွန်း​နှင့် အကြောင်းပါ​ခဲ့​လေ​သည်။ ဗိုလ်​ချုပ်​အောင်​ဆန်း​၏ သမီး ဒေါ် အောင်​ဆန်း​စု​ကြည်သည် ယခု​အခါ အမျိုးသား​ဒီ​မို​က​ရေ​စီ အဖွဲ့​ကို ခေါင်းဆောင်​လျက်​ရှိ​သည်။

နတ်​မောက်​မြို့ ဗိုလ်​ချုပ်​အောင်​ဆန်း​၏ နေအိမ်
နတ်​မောက်​မြို့ ဗိုလ်​ချုပ်​အောင်​ဆန်း​၏ နေအိမ်

သူ​၏ သားတစ်​ဦး​ဖြစ်​သူ အောင်​ဆန်း​လင်း​မှာ ၈ နှစ်​သား အရွယ်​တွင် ရေနစ်​သေ​ဆုံး​ခဲ့​သည်။ အခြား​သားတစ်​ဦး​ဖြစ်​သူ ဦး​အောင်​ဆန်း​ဦး​မှာ အမေ​ရိ​ကန်​နိုင်ငံ​တွင် အလုပ်​လုပ်​လျက်​ရှိ​သည်။ ဗိုလ်​ချုပ်​အောင်​ဆန်း​၏ ဇ​နီးဒေါ်​ခင်​ကြည်​သည် ၁​၉​၈​၈ ခု​နှစ် ဒီဇင်ဘာ ၂​၇ ရက်​တွင် ကွယ်​လွန်​ခဲ့​သည်။

ဗိုလ်​ချုပ်​အောင်​ဆန်း​နှင့် ဗုဒ္ဓ​ဘာသာ

ဗိုလ်​ချုပ်​အောင်​ဆန်း​သည် မြန်မာ​ပြည်​သူ​ပြည်​သား အများ​စု သက်ဝင်​ယုံကြည်​သည့် ဗုဒ္ဓ​ဘာသာ​နှင့် ပတ်သက်​ပြီး ၁​၉​၃​၅ ခု​နှစ် ဧပြီ​လ​ထုတ် ဂန္ဓ​လောက မဂ္ဂဇင်း​တွင် Burma and Buddhism ဟူ​သော ခေါင်းစဉ်​နှင့် ဆောင်းပါး​တ​ပုဒ် ရေးသား​ခဲ့​လေ​သည်။ အသက် (၂​၀)အရွယ်​က အင်္ဂလိပ်​ဘာသာ​ဖြင့် ရေးသား​ခဲ့​သည့် ထို​ဆောင်းပါး​ထဲ​တွင် ဗိုလ်​ချုပ်​က ‘ဗုဒ္ဓ​ဘာသာ​၏ အနှစ်သာရ​မှာ ဝေဖန်​ဆန်း​စစ်​၍ လက်တွေ့​ကျင့်​သုံး​နည်း ဖြစ်​သည်။ ထို​နည်း​မှာ​လည်း ကေ​သ​မုတ္တိ​သုတ်ခေါ် ကာ​လာ​မ​သုတ္တန်​လာ ဂေါတမ​မြတ်​စွာ​ဘုရား​၏ ဟောကြား​ချက်​ဖြစ်​သည်။ ထို​ဟောကြား ချက်​မှာ အယူဝါဒ​တ​ခု​၏ အမှား​အမှန်​ကို ဆုံးဖြတ်​ရာ​တွင် တ​ဆင့်​ကြား​မျှ​ဖြင့်​လည်း ဟုတ်​ပြီ မှန်​ပြီ​ဟု လက်မ​ခံ​သင့်၊ မိရိုးဖလာ အယူဝါဒ​ဖြစ်​၍​လည်း လက်မ​ခံ​သင့်၊ ဤ​အရာ​သည် ဤသို့​ဖြစ်​သ​ကဲ့​ဟူ​သော ကော​လာ​ဟာ​လ​ဖြင့်​လည်း လက်မ​ခံ​သင့်၊ ကျမ်းဂန်​စာပေ​နှင့် ညီညွတ်​သည်​ဆို​ရုံ​နှင့်​လည်း လက်မ​ခံ​သင့်၊ မိမိ​တို့ ယုံကြည်​ထိုက်​သော ပုဂ္ဂိုလ်​၏ စကား​ဖြစ်​သည်​ဟု​ဆို​ကာ ပုဂ္ဂိုလ်​စွဲ​ဖြင့်​လည်း လက်မ​ခံ​သင့်၊ မိမိ​တို့ လေးစား​သော ဆရာ​၏ စကား​ဖြစ်​သည်​ဟု​ဆို​ကာ ဆရာ​စွဲ​ဖြင့်​လည်း လက်မ​ခံ​သင့်​ဘဲ ဝေဖန်​ဆန်း​စစ်​ကာ လက်တွေ့​လုပ်​ကြည့်​၍ အကျိုး​ရှိ​သည့် အယူဝါဒ (ဝိ​ဘဇ္စ​ဝါဒ)ကို​သာ လက်ခံ​ရ​မည် ဆို​သည့်​အချက် ဖြစ်​သည်၊ ဗုဒ္ဓ​ဘာသာ​၏ အနှစ်သာရ​ဖြစ်​သော အထက်ဖော်​ပြ​ပါ ဝိ​ဘဇ္စ​ဝါဒ​ကို​သုံး​၍ မြန်မာ​နိုင်ငံ လွတ်လပ်​ရေး​နှင့် တိုးတက်​ကြီးပွား​ရေး​အတွက် လုပ်ဆောင်​သွား​ကြ​ရန်​မှာ မြန်မာ​နိုင်ငံသား​အားလုံး​၏ အဓိက​တာဝန် ဖြစ်​သည်’ ဟူ၍ ဗုဒ္ဓ​ဘာသာ​အပေါ် သူ​၏ အမြင်​နှင့် တိုင်း​ပြည်​လွတ်လပ် ရေး​နှင့် တိုးတက်​ကြီးပွား​ရေး​အတွက် ဗုဒ္ဓ​ဘာသာ​၏ အနှစ်သာရ​ကို လက်တွေ့​ကျင့်​သုံး​နိုင်​ကြောင်း ဓမ္မ​ဓိဋ္ဌာန်​ကျ​ကျ ဆွေးနွေး​တင်ပြ​ထား​သည်​ကို တွေ့​ရ​သည်။

ဗိုလ်​ချုပ်​အောင်​ဆန်း​နှင့် အနု​ပညာ

စာရေး​ဆရာ​ကြီး ဒ​ဂုန်​တာရာ​က သူ​၏ ‘ရုပ်ပုံ​လွှာ’ အဖွဲ့​အနွဲ့​တွင် ဗိုလ်​ချုပ်​အောင်​ဆန်း​အား ‘အောင်​ဆန်း (သို့မဟုတ်) အရိုင်း’ ဟူ​သော ခေါင်းစဉ်​ဖြင့် ရေးသား​ခဲ့​သည်​ကို ဖတ်​ရ​ဖူး​သည်။ ဆရာ​ဒ​ဂုန်​တာရာ​က သူ​၏ ရုပ်ပုံ​လွှာ​အဖွဲ့​တွင် ဗိုလ်​ချုပ်​သည် မြန်မာ​ပြည်​လွတ်လပ်​ရေး အကြောင်း​ကို​သာ အစဉ်​အမြဲ တွေးတော​နေ​ပြီး ကျန်​သည့်​အရာ​များ​ကို ဂရု​မ​စိုက်​ဘဲ နေ​တတ်​ပုံ၊ လူ​ရိုင်း​တ​ဦး​နှင့် ပုံပန်း​သဏ္ဍာန်​တူ​ကာ ဆက်ဆံ​ရ​ခက်​ပြီး ဂွ​တီး​ဂွ​ကျ နိုင်​လှ​ပုံ၊ သူ ယုံကြည်​ရာ​ကို စိုက်လိုက်မတ်တတ်​နှင့် တ​ဇွတ်​ထိုး လုပ်​တတ်​ပုံ၊ သို့သော် သူ့​တွင် အနု​ပညာ​ဓာတ်​ခံ​ရှိ​ပုံ စ​သည်​တို့​ကို ရသ​ဟန်​နှင့် လှ​လှပ​ပ ခြယ်​မှုန်း​ခဲ့​လေ​သည်။ ထို​ရုပ်ပုံ​လွှာ အဖွဲ့​အနွဲ့​ကို​ဖတ်​ပြီး ဗိုလ်​ချုပ်​အောင်​ဆန်း​က ‘ကို​ဌေး​မြိုင် ပြော​သ​လောက်​လည်း ငါ​မ​ရိုင်း​သေး​ပါ​ဘူး​ကွာ’ ဟု သူ​၏ ကိုယ်ရံတော် ဗိုလ်​ထွန်း​လှ​ကို ရယ်မော​ကာ ပြော​ခဲ့​ဖူး​ကြောင်း ဆောင်းပါး​တ​ပုဒ်​တွင် ဖတ်​ရ​ဖူး​သည်။ ထို့​အပြင် အလင်္ကာကျော်​စွာ မြို့မ​ငြိမ်း​၏ ‘သက်​ဝေ’၊ ‘ကဉ္စ​န’ သီချင်း​များ​ကို ဗိုလ်​ချုပ်​အောင်​ဆန်း နှစ်သက်​ပုံ၊ ပင်​လုံ​စာချုပ်​အတွက် ရှမ်း​ပြည်​သို့​အသွား အင်း​လေးကန်​ထဲ လှေ​စီး​နေ​စဉ် ‘လှေ​ကလေး​ကို လှော်​မည် … ဘေးမ​သမ်း​ဘဲ အေးချမ်း​တော့​မည် …’ ဆို​သည့် အဆိုတော် ဒို​ရာ​သန်း​အေး​၏ သီချင်း​အား ဗိုလ်​ချုပ်​ညည်းတွား​ပုံ​တို့​ကို ဖတ်​ရ​သည့်​အခါ ဗိုလ်​ချုပ်​သည် တိုင်း​ပြည်​လွတ်လပ်​ရေး​အတွက် မ​အားလပ်​အောင် အလုပ်​များ​နေ​လင့်ကစား သူ​၏ ရင်​ထဲ​၌​မူ အနု​ပညာ​ဓာတ်​အပြည့် ကိန်း​အောင်​နေ​ကြောင်း အထင်​အရှား တွေ့​ရ​လေ​သည်။ ‘ဗမာ​အက၊ ဗမာ​ဂီ​တ​တွေ​ဟာ ဟို​ဘက်​က လှည့်​လာ​တာ​တွေ​ရှိ​တယ်။ ဒါ​တွေ​ကို စုံစမ်း​ရ​မယ်။ အာ​ရှ​တိုက်​သား​တွေ တ​ဦး​နဲ့​တ​ဦး ဘယ်​လို ဆက်​စပ်​မှု ရှိ​တယ်​ဆို​တာ လေ့​လာ​ရ​မယ်၊ ကျွန်တော်​လည်း အနု​ပညာ​သမား​ပါ​ဗျာ’ ဟူ၍​လည်း ဗိုလ်​ချုပ် ပြော​ကြား​ခဲ့​ဖူး​သည်။ ထို​စကား​ကို ထောက်ရှု​ခြင်း​ဖြင့် ဗိုလ်​ချုပ်​၏ အနု​ပညာ​အပေါ် စိတ်​ဝင်​တ​စား​ရှိ​ပုံ​နှင့် အနု​ပညာ​သမား​အဖြစ် ဂုဏ်​ယူ​ဝင့်​ကြွား​ချင်​ပုံ​ကို ရိပ်​စား​မိ​ပြီး လူ​သား​တိုင်း​အပေါ် အနု​ပညာ​၏ ညှို့​ငင်​ဖမ်းစား​မှု​အား ကြီးမား​ပုံ​ကို ဆက်​စပ် တွေးတော​နေ​မိ​ပါ​သည်။

ဗိုလ်​ချုပ်​အောင်​ဆန်း​နှင့် ပညာ

ဗိုလ်​ချုပ်​အောင်​ဆန်း​သည် ပညာ​နှင့် ပတ်သက်​၍ သူ​မြင်​သည့် အဓိပ္ပာယ်​ကို​လည်း သူ​၏ ကိုယ်တိုင်​ရေး အတ္ထုပ္ပတ္တိ​တွင် ရှင်း​ပြ​ခဲ့​ရာ အလွန်​ပင် မှတ်သား​ဖွယ် ကောင်း​သည်​ကို တွေ့​ရ​သည်။ ဗိုလ်​ချုပ်​က ‘ပညာ​သည် စာအုပ်​များ​ထဲ​၌​သာ ရှိ​သည်မ​ဟုတ်။ စာအုပ်​များ​ကို ကျော်​၍ မြင်​စွမ်းနိုင်​ခြင်း​ကို ဆောင်​နိုင်​ရ​ပေ​မည်။ ပညာ​သည် လူ​၏ ရာဇဝင်​ကို​သာ ပြုပြင်​တိုး​ချဲ့​ရုံ​သည်မ​ဟုတ်။ လူ​၏ စိတ်​နေ​စိတ်ထား၊ အယူ​အဆ​များ​ကို​လည်း တိုးတက်​စေ​ရ​မည်။ ရာဇဝင်​သိ​ရုံ​သာ မဟုတ်၊ ရာဇဝင်​ကို ဖန်တီး​နိုင်​စေ​ရ​မည်။ လောက​ဓာတ်​ပညာ​ကို သိ​ရုံ​သာ​မဟုတ်၊ လောက​ဓာတ်​ပညာ​ကို တိုး​ချဲ့ နိုင်​စေ​ရ​မည်။ လောက​အကြောင်း​ကို နားလည်​စေ​သာ​မဟုတ်၊ သည့်​ထက်​ကောင်း​သော လောက​ကို ဖန်ဆင်း​နိုင် စေ​ရ​မည်။ လှေ​နံ​ဓား​ထစ်​ဆို​သော အလုပ်၊ အပြော၊ အတွေး​တို့​မှာ ပညာ​၏ အဓိပ္ပာယ် ဆန့်ကျင်ဘက်​ပေ​တည်း’ ဟု အမြင်​ကျယ်​စွာ ရှင်း​ပြ​ခဲ့​လေ​သည်။

ဗိုလ်​ချုပ်​အောင်​ဆန်း​နှင့် စာပေ

ဗိုလ်​ချုပ်​အောင်​ဆန်း​သည် သူ​ရိ​ယ မဂ္ဂဇင်း​တွင် အညာသား​လေး ကလောင်​နာမည်​နှင့် စာရေး​သား​သည်။ ဗိုလ်​ချုပ်​အောင်​ဆန်း​သည် တိုင်း​ပြည်​၏ ဦးစားပေး လို​အပ်​ချက်​အရ နိုင်ငံ​ရေး​ခေါင်းဆောင်၊ စစ်​ရေး​ခေါင်းဆောင် လုပ်​နေ​ရသော်​လည်း သူ​အမှန်​တကယ် ဖြစ်​ချင်​သည့် အာ​သီ​သ​မှာ စာရေး​ဆရာ​ဘဝ ဖြစ်​သည်။ ၁​၉​၄​၇​ခု​နှစ် မေ​လ (၃​၀)ရက်​နေ့​တွင် ကိုယ့်​မင်း​ကိုယ့်​ချင်း​လမ်း​ရှိ ဖ​ဆ​ပ​လဌာန​ချုပ်​၌ ပြုလုပ်​သော သတင်းစာဆရာ​များ အစည်းအဝေး​တွင် ဗိုလ်​ချုပ်​က ‘လွတ်လပ်​ရေး​ရ​တဲ့ အချိန်​အထိ​တော့ ကျုပ် နိုင်ငံ​ရေး လုပ်​ရ​အုံး​မှာ​ဘဲ၊ လွတ်လပ်​ရေး​ရ​ပြီး​လို့ ပါ​တီ​တိုက်​ပွဲ​တွေ ဖြစ်​တဲ့​အချိန်​မှာ ကျုပ်​က မ​ပါ​ချင်​ဘူး။ ဘေး​ဖယ်​နေ​မယ်။ သူ​များ​တွေ​လုပ်​တာ ထိုင်​ကြည့်​ပြီး စာအုပ်​ရေး​မယ်’ ဟူ၍ သူ​၏ ချင်ခြင်း​ကို ဖွင့်​ဟ​ပြော​ကြား​ခဲ့​သည်။ ဗိုလ်​ချုပ်​၏ ထို​ပြော​စကား​သည် ဝမ်းသာ​စရာ ကောင်း​သ​လို ဝမ်းနည်း​ဖွယ်​လည်း ကောင်း​လှ​သည်။ ဝမ်းသာ​စရာ​ကောင်း​သည်​က စာရေး​ဆရာ ဗိုလ်​ချုပ်​အောင်​ဆန်း​ထံ​မှ ယူ​၍ မ​ကုန်ခန်း​နိုင်​သည့် စာပေ​ဗ​ဟု​သုတ ဟင်းလေး​အိုး​ကြီး ပိုင်ဆိုင်ခွင့်​ရ​မည်​ကို​ဖြစ်​ပြီး ဝမ်းနည်း​စရာ​ကောင်း​သည်​က ဗိုလ်​ချုပ်​လို အရည်အချင်း ပြည့်​ဝ​သည့် နိုင်ငံ​ရေး​သမား​ကောင်း​တ​ယောက် နိုင်ငံ​ရေး​လောက​မှ ဘေး​ဖယ်​နေ​ချင်​လောက်​အောင် နိုင်ငံ​ရေး လုပ်ဖော်​ကိုင်​ဖက်​တွေ​ကြားမှာ အတိုက်​အခိုက်​တွေ၊ စားခွက်​လု​မှု​တွေ၊ နောက်​ကျော ဓား​နှင့် ထိုး​မှု​တွေ၊ တိုင်း​ပြည် ကောင်းစား​ရေး​ထက် ကိုယ့်​အုပ်စု၊ ကိုယ့်​ပါ​တီ အာဏာ​ရ​ရေး ကောင်းစား​ရေး​အတွက်​သာ ဦးတည်​လုပ်ဆောင်​မှု​တွေ ရှိ​လာ​မည်​ကို ကြိုတင်​မြင်​တွေ့​နေ​၍​လား​ဟု တွေး​စရာ ဖြစ်​နေ​ခြင်း​ပင် ဖြစ်​သည်။ ဗိုလ်​ချုပ်​သည် မ​ကွယ်​လွန်​မီ အချိန်​အထိ နိုင်ငံ​ရေး၊ ပညာ​ရေး၊ စစ်​ရေး၊ လောကီ​ရေးရာ​များ​နှင့် ပတ်သက်​သည့် ဆောင်းပါး​များ​စွာ​ကို ရေးသား​ခဲ့​သည်။ ဗိုလ်​ချုပ်​ရေးသား​ခဲ့​သည့် စာ​များ​တွင် သူ​၏ တိ​ကျ​ရှင်းလင်း အား​ကောင်း​သော စကားပြေ အရေး​အသား​နှင့် ဦးတည်​ချက်​ရောက်​အောင် ထိ⁠ထိ​မိမိ ကွင်း⁠ကွင်း​ကွက်​ကွက် ရေးသား​တတ်​ပုံ​ကို အားကျ​အတု​ယူ​ဖွယ် တွေ့​ရ​သည်။ ဗိုလ်​ချုပ်​တို့ ကွယ်​လွန်​ပြီး​နောက် ၁​၉​၄​၉ ခု​နှစ်​ထုတ် အိုး​ဝေ​မဂ္ဂဇင်း​တွင် ဂုဏ်​ပြုဖော်​ပြ​ခဲ့​သည့် ‘ဗိုလ်​ချုပ်​နှင့်​စာပေ’ ဟူ​သော ဆောင်းပါး​တွင် ဗိုလ်​ချုပ်​၏ ခေတ်​မီ​မီ ကမ္ဘာ​ကြည့် ကြည့်​မြင်​တတ်​ပုံ​ကို အထင်​အရှား တွေ့​ရ​သည်။ ဗိုလ်​ချုပ်​က ‘တ​ကမ္ဘာ​လုံး​ဟာ ယခု​အခါ ခေတ်​ပြောင်း​နေ​တဲ့ အချိန်​အခါ​ကြီး ဖြစ်​တယ်။ ကျွန်တော်​တို့​လည်း ကမ္ဘာ​ကြီး​နဲ့​အတူ ခေတ်​နောက်​မ​ကျအောင် လိုက်​ကြ​စို့။ ကမ္ဘာ့​ဇာတ်​ခုံ ကြီး​မှာ ကမ္ဘာ့​တေး​သံ​လိုက်​၍ က​နိုင်​တဲ့ ဗမာ​ပြည်​ကြီး​ဖြစ်​အောင် ဖန်တီး​ပြုပြင်​ကြ​စို့။ ဗမာ​ပြည်​ကြီး​ကို လွတ်လပ်​ပြီး တိုးတက်​ထွန်းကား​တဲ့ တိုင်း​ပြည်​ဖြစ်​အောင် ကြံဆောင် ကြိုးစား​ကြ​စို့။ ကျွန်တော်​တို့​အားလုံး စစ်​သား​ရော၊ နိုင်ငံ​ရေး​သမား​ရော၊ စာရေး​ဆရာ​ရော၊ သတင်းစာဆရာ​ရော၊ ဗမာ​တ​မျိုး​သား​လုံး ယခု​ပြော​တဲ့​အတိုင်း ခေတ်​ပြောင်း အလုပ်​ကို တူ​ပြိုင်​ပြိုင် လုပ်ကိုင်​ကြ​ပါ​စို့’ ဟု ပြော​ကြား​ခဲ့​သည်။

ဗိုလ်​ချုပ်​အောင်​ဆန်း​နှင့် နိုင်ငံ​ရေး

တိုင်း​ပြည်​တွင် နိုင်ငံ​ရေး​နှင့် ပတ်သက်​၍ တွေး​တတ်ခေါ်​တတ် စဉ်းစား​တတ်​သည့် နိုင်ငံ​ရေး​သမား​တွေ မ​ရှိ​မှ သူ​တို့ အာဏာတည်​မြဲ​အောင် လုပ်ဆောင်​နိုင်​မည်​ဟု စစ်​အာဏာ​ရှင်​တွေ တွေး​ပုံပေါ်​သည်။ ထို့​အတွက်​ကြောင့် အာဏာ​ရှင် ဗိုလ်​နေ​ဝင်း လက်ထက်​မှ ယနေ့​အာဏာ​ရှင် ဗိုလ်​သန်း​ရွှေ လက်ထက်​အထိ မြန်မာ​ပြည်​တွင် နိုင်ငံ​ရေး​သမား မျိုး​ဆက်​ပြတ်​အောင် စနစ်​တ​ကျ လုပ်ဆောင်​ခဲ့၊ လုပ်ဆောင်​နေ​ခြင်း ဖြစ်​သည်။ အာဏာ​ရှင်​တို့​က နိုင်ငံ​ရေး​သမား ဆို​သည်​ကို ခွေးလှေး​ကြမ်းပိုး​ဟု လူပြိန်း​တွေ​က မြင်​လာ​အောင်၊ နိုင်ငံ​ရေး လုပ်ဆောင်​ခြင်း​ကို လူ​ညစ်ပတ်​တွေ အလုပ်​ဟု ထင်မြင်​အောင် ဝါဒ​ဖြန့်ချိ​သည်။ ဗိုလ်​ချုပ်​အောင်​ဆန်း​က​မူ တိုင်း​ပြည် တိုးတက်​ထွန်းကား​ရေး​အတွက် နိုင်ငံ​ရေး​သမား​ကောင်း​တွေ များ⁠များ​ရှိ​ဖို့ လို​အပ်​ပုံ၊ နိုင်ငံ​ရေး လုပ်ဆောင်​ခြင်း​၏ မွန်​မြတ်​ပုံ​တို့​ကို ၁​၉​၄​ဝ​ခု​နှစ် ဖေဖော်ဝါရီ​လ​ထုတ် ဒ​ဂုန်​မဂ္ဂဇင်း​၌ ဖော်​ပြ​ခဲ့​သည့် ‘နိုင်ငံ​ရေး​အမျိုး​မျိုး’ ဟူ​သည့် ဆောင်းပါး​တွင် အရိပ်အမြွက် ထည့်​သွင်း ရေးသား​ခဲ့​သည်။ ထို​ဆောင်းပါး​တွင် ဗိုလ်​ချုပ်​က ‘အစိုးရ​ဟု ဖြစ်ပေါ်​လာ​စဉ်​က​ပင် လူ​တွေ တရားမ​စောင့်​နိုင်​၍ ဖြစ်​၏။ လူ​တွေ​သာ တရားစောင့်​နိုင်​လျှင် အစိုးရ ရှိ​တော့​မည်​မဟုတ်။ ဤ​ကား ဗ​မာ့​ကျမ်းဂန်​တွေ​၌​ပင် ရှိ​၏။ လူ​တွေ​တရား မ​စောင့်​နိုင်​သည့် အကြောင်း​မှာ​လည်း လောဘ​တရား​ကြောင့် ဖြစ်​၏။ လောဘ​တရား ဖြစ်​ခြင်း​မှာ​လည်း ပုဂ္ဂလိက ပစ္စည်းပေါ်​လာ​သ​ဖြင့် ငါ့ဟာ၊ ငါ့​အိမ်၊ ငါ့​ခြံ စ​သ​ဖြင့် ငါ​တည်း​ဟူ​သော သက္ကာ​ယ​ဒိဌိ အရင်း​ခံ​သည့် လောဘ၊ ထို​လောဘ​ကြောင့်​ဖြစ်​သော ဒေါသ၊ ထို​လောဘ ဒေါသ​မီး​တို့​ကြောင့် မောဟ​တည်း​ဟူ​သော မ​သိ​မ​လိမ္မာ မိုက်မဲ​မှု​ဖြစ်လာ​၏။’

‘ဦး​ဘ​ဘေ​ကြီး ပြော​သ​လို ညစ်ပတ်​တဲ့ အလုပ်​လား ဆို​သည့် မေးခွန်း​ကို​လည်း ဖြေ​လို​၏။ ဦး​သိန်း​မောင်ကြီး​ကတော့ ဝန်ခံ​သွား​ရှာ​ပြီ။ ညစ်ပတ်​တယ်​တဲ့ သူ​တော့ မ​လုပ်​ချင်​ဟု ဖြေ​ခဲ့​ပြီ။ တေ​မိ​မင်း အားကျ​လို့ ထင်​၏။ ယခု​တော့ ဆွဲ​ချခေါ်​တဲ့ ရှေ့နေ​ချုပ်​ကြီး ဖြစ်​နေ​တယ်။ အမှန်​မှာ နိုင်ငံ​ရေး​သည် လောကီ​ရေး​ပင်​ဖြစ်​၏။ နိုင်ငံ​ရေး​မှာ နိဗ္ဗာန်​ရောက်​ကြောင်း တရားမ​ဟုတ်။ သို့သော်​လည်း လောကီ​ရှိ​မှ​လည်း လော​ကုတ်​ရှိ​နိုင်​၏။ လော​ကုတ်​ရှိ​မှ​လည်း လောကီ တည်​နိုင်​၏။ အူ​မ​တောင့်​မှ သီလ​စောင့်​နိုင်​၏။

လူ​တွေ​သည် ပြုပြင်​လို့​ရ​၏။ ပြုပြင်​လို​၏။ တိုးတက်​လို​၏။ ဤ​အချက်​မှာ ထင်ရှား​နေ​ပေ​ပြီ။ စင်စစ်​နိုင်ငံ​ရေး​မှာ ထို​ပြုပြင် တိုးတက်​လို​သည့် ပင်မ​တရား​ကြီး​တ​ရပ်​ပင် ဖြစ်​၏။ ထို​တရား​ကား လောကီ​နိဗ္ဗာန်​ကို နောက်ဆုံး​ရည်​မှန်း​ပေ​၏။ ထို​၌​ကြောင့် အဘယ်​မှာ​လျှင် ညစ်ပတ်​ရ​ပေ​မည်​နည်း’ ဟု ပြတ်​ပြတ်သား​သား ရေးသား​ခဲ့​သည်။

ထို​ဆောင်းပါး​ထဲ​တွင် နိုင်ငံ​ရေး လုပ်ဆောင်​မှု​နှင့် ပတ်သက်​၍​လည်း ‘မိမိ​ကိုယ်​ကို နာမည်ကြီး​အောင်၊ ကြွယ်​ဝ​အောင် လုပ်​တတ်​သည်မှာ နိုင်ငံ​ရေး​မဟုတ်။ တိုင်း​ပြည်​ကောင်း အောင်​လုပ်​တတ်​မှ နိုင်ငံ​ရေး​ဖြစ်​၏’ ဟု ဗိုလ်​ချုပ် က သတိပေး ရေးသား​ခဲ့​သေး​၏။

ထို့​အပြင် နိုင်ငံ​ရေး လုပ်ဆောင်​ရာ​၌ ဗိုလ်​ချုပ်​အောင်​ဆန်း​၏ စိတ်​စေတနာ သန့်စင်​ပုံ​ကို ပင်​လုံ​ညီလာခံ အောင်မြင်​စွာ ကျင်းပ​ပြီးစီး​ခဲ့​သည့် အထိမ်းအမှတ် ညစာ​စားပွဲ​တွင် ပြော​ကြား​ခဲ့​သည့် ဗိုလ်​ချုပ်​၏ ရင်​တွင်း​လာ စကား​ကို ထောက်ရှု​ပြီး သိမြင်​နိုင်​သည်။ ထို​ညစာ​စားပွဲ​တွင် ဗိုလ်​ချုပ်​က ‘ကျွန်တော် ဒီ​ကို ရောက်လာ​တဲ့​ကိစ္စ နားလည်​တာ တ​ခု​ရှိ​ပါ​တယ်။ ဘာ​လဲဆို​ရင် ဗမာ​ပြည်​ကြီး လွတ်လပ်​စေ​ချင်​တယ်၊ ညီညွတ်​စေ​ချင်​တယ်၊ ကြီးပွား​စေ​ချင်​တယ် သည်​ဟာ​ပါ​ဘဲ။ တိုင်း​ပြည် လွတ်လပ်​အောင်၊ ညီညွတ်​အောင်၊ ကြီးပွား​အောင် ဘယ်​လို​လုပ်​ရ​မ​လဲ ဆို​တာ​ကို လွန်​ခဲ့​တဲ့ (၁​၀)နှစ်​လောက်​က​စ​ပြီး ကြိုးစား​လာ​ပါ​တယ်။ နောင်​လဲ ကြိုးစား​ပါ​ဦး​မယ်။ လုံး⁠လုံး​လွတ်လပ်​တဲ့​ကိစ္စ ပြီးပြတ်​သည်​အထိ ကြိုးစား​ပါ​မယ်’ ဟု ရင်​ထဲ​တွင်​ရှိ​သည့်​အတိုင်း အရိုး​သား​ဆုံး ပြော​ကြား​ခဲ့​လေ​သည်။

အချုပ်​အား​ဖြင့်​ဆို​ရ​လျှင် ဗိုလ်​ချုပ်​အောင်​ဆန်း​သည် လူ​ဘဝ​တွင် နေထိုင်​သွား​သည့် အခိုက်အတန့်​လေး အတွင်း​၌ မှတ်​ကျောက်​များ​စွာ အတင်​ခံ​နိုင်​ခဲ့​သည်​ကို တွေ့​ရ​ပေ​သည်။ ရိုးသား​ဖြောင့်မတ်​တည်ကြည်​မှု၊ ရဲရင့်​မှု၊ ယုံကြည်​သည့်​အတိုင်း ပြောဆို​လုပ်ဆောင်​မှု၊ ကိုယ်​ကျင့်​သီလ ကောင်းမွန်​မှု၊ ရပ်​တည်​ချက် ခိုင်မာ​မှု၊ ဆုံးဖြတ်​ချ​ရာ​တွင် ပြတ်သား​မှု၊ မှန်ကန်​သည့် ဦးဆောင်​မှု​ကို ပေး​နိုင်​မှု၊ ကိုယ်​ယုံကြည်​ရာ​ကို မ​ကြောက်​မ​ရွံ့ နောက်​မ​တွန့်​ဘဲ တ​စိုက်​မတ်​မတ် လုပ်ဆောင်​တတ်​မှု၊ တိုင်း​ပြည်​နှင့် လူ​မျိုး​အပေါ် စိတ်​စေတနာ ကြီးမား​မှု၊ ကိုယ်ကျိုး​စွန့် အနစ်​နာခံ​လို​စိတ် အပြည့်​ရှိ​မှု၊ နိုင်ငံ​ရေး​ကို နှံ့​နှံ့စပ်​စပ် လေ့​လာ​ပြီး လက်တွေ့​ကျ​ကျ အဖြေ​ရှာ​နိုင်​မှု၊ အနာဂတ်​ကို ကြို​မြင်​တတ်​ပြီး အရှည်​သ​ဖြင့် တွေးခေါ်​လမ်းပြ​ပေး​နိုင်​မှု … စ​သည့် အရည်အချင်း​ပေါင်း မြောက်​မြား​စွာ​နှင့် လူ​ဘဝ​ကို ဖြတ်​သန်း​သွား​ခဲ့​သည်။ ။

ဘဝ​နိဂုံး

၁​၉​၄​၇ ခု​နှစ် ဇူလိုင်​လ ၁​၉ ရက်​နေ့​တွင် ရန်ကုန်မြို့​ရှိ အတွင်းဝန်​များ​ရုံး​၌ နိုင်ငံ​ရေး​တွင် အလွန် အရေး​ပါသော ခေါင်းဆောင်​ကြီး များ ရဲဘော်​ကို​ထွေး (အာဇာနည် ကိုး​ဦး)တို့​နှင့်​အတူ လုပ်ကြံ​ခြင်း​ခံ​ခဲ့​ရ​ပြီး ကျ​ဆုံး​ခဲ့​သည်။

ဗိုလ်​ချုပ်​အောင်​ဆန်း လုပ်ကြံ​ခံ​ရသ​ဖြင့် ဆေး​ရုံ​၌
File:အာဇာနည်​ကုန်း.jpg
ဗိုလ်​ချုပ်​နှင့် အတူတကွ​ကျ​ဆုံး​သော အာဇာနည်​ခေါင်းဆောင်​ကြီး​များ​၏ ဂူ​သင်္ချိုင်း

ဗိုလ်​ချုပ်​၏ စကား​များ

  • ဗမာ​က တစ်​မျိုး ၊ ကရင်​က တစ်​ဖုံ ၊ ရှမ်း ၊ ကချင် ၊ ချင်း​တို့​က တစ်​ခြား အကွဲ​ကွဲ အပြား​ပြား လုပ်​နေ​ကြ​ရင် အကျိုး​ရှိ​မှာ မဟုတ်​ဘူး ။ စုပေါင်း လုပ်​မှ​သာ အကျိုး ရှိ​နိုင်​မယ်။
(၁​၉​၄​၇ ၊ ဖေဖော်ဝါရီ ၁​၁ ရက် ၊ ပင်​လုံ​မိန့်ခွန်း)
  • လူကြီး​ဆို​တာ အသက်ကြီး​တာ​ကို ဆိုလို​တာ​လား ။ မဟုတ်​ဘူး ။ အသက်​မ​ကြီး​ပေး​မယ့် လုပ်​တဲ့ အလုပ်​ကြီး​ရင် လူကြီး​ပဲ။
(၁​၉​၄​၄ ၊ မတ် ၁​၄ ၊ ဗိုလ်​သင်​တန်း ကျောင်း​ဆင်း​မိန့်ခွန်း)
  • ဟေ့ ... သေ​လဲ ဗမာ​ပီပီ ဇာတိ​မာန်​နှင့် သေ​ကြ​ပါ .. ရန်သူ​ကို မိမိ​လက်​အား​နေ​ရင် လက်​နှင့်​ထိုး၊ ခြေ​အား​နေ​ရင် ခြေ​နဲ့​ကန်​ပါ ..။ နောက်ဆုံး ပါး​စပ်​အား​နေ​လျှင် ပါး​စပ်​နှင့် ကိုက်​ပြီး​မှ ရဲ⁠ရဲ​သေ​ပြ​လိုက်​ကြ​တာ​ပေါ့ ...။
(ဗိုလ်​ချုပ်​အောင်​ဆန်း​နှင့် ရဲဘော်​သုံး​ကျိပ်​တို့ ဟေ​နန်​ကျွန်း​တွင် ဂျပန်​များ​က စစ်​ပညာသင်​ပေး​နေ​ကြ​စဉ် ဂျပန်​တို့​က ၄င်း​တို့​အား အားလုံး​ဖျောက်ဖျက်​မည့် အခြေအနေ​မျိုး​ကို ကြုံတွေ့​နေ​ကြ​ရ​စဉ်)
  • ရဲ​ဘော​သုံး​ကျိပ်​ဟာ နိုင်ငံ​ရေး​အဖွဲ့ တ​ဖွဲ့​တည်း မဟုတ်​ပဲ သခင်​ဂိုဏ်း​ကြီး​နှစ်​ခု​ဖြစ်​တယ်၊ အနာ​ဂါတ် လွတ်လပ်​ရေး​တိုက်​ပွဲ​မှာ ဒီ​သုံး​ကျိပ် ညီညွတ်​ဖို့ လို​တယ်။ ဒါ​မှ လူ​ငယ်​များ​ဖြစ်​တဲ့ သခင်​ဂိုဏ်း နှစ်​ဂိုဏ်း​လုံး ညီညွတ်​မယ်။ ဒါ​မှ လူ​များ​စု​ကို ကိုယ်စား​ပြု​မဲ့​လူ​တွေ တကယ်​လဲ အလုပ်​လုပ်​ကြ​မဲ့ လူ​ငယ်​တွေ ညီညွတ်​မယ်။ ဒါ​မှ လွတ်လပ်​ရေး​တိုက်​ပွဲ​ဟာ ခိုင်မာ​တောင့်တင်း​မယ်။
  • စစ်​ထွက်​ကြ​တာ​ပေါ့၊ ရှေး⁠ရှေး​တုန်း​က ဗ​မာ့​တပ်​တွေ စစ်​ထွက်​ကြ​တာ တနင်္သာရီ​ကို လှေ​ကြီး​တွေ​နဲ့ ရေကြောင်း​လွှင့်​ကြ​တော့ တချို့​က ရေကြောင်း​မှား​ပြီး ရခိုင်​ပြည်​ဘက် ရောက်​လို​ရောက်​ဖြစ်​ကြ​တာ​ပဲ၊ ဒါပေမဲ့ ရောက်​တဲ့​နေရာ​က ဆက်​ပြီး ဖြစ်​သ​လို လုပ်​ကြ​တာ​ပေါ့ ... ။
(ဗိုလ်​ချုပ်​အောင်​ဆန်း​တို့ ယိုးဒယား​တွင် တပ်​များ​စု​ကြ​ပြီး တပ်​စစ်​ကြောင်း အသီး​သီး​ထွက်​ရန် စီစဉ်​ကြ​စဉ် ဖာ​ပွန်​စစ်​ကြောင်း ချီ​တက်​ရန် တာဝန်​ကျ​သူ ဗိုလ်ကျော်​ဇော​က ဗိုလ်​ချုပ်​အောင်​ဆန်း​အား ကန်တော့​သော​အခါ)
  • ခင်ဗျား​တို့​ရွှာ​ကို ရှေး​ယခင်​တုန်း​က ယုံ​မိ​တယ်၊ ဘာ့​ကြောင့်​လဲဆို​တော့ ဆရာ​စံ​ထ​တုန်း​က​လဲ ထ​ထကြွ​ကြွ​ရှိ​တဲ့ ရွာ​တ​ရွာ​လို့ အသိ​အမှတ်ပြု​ခဲ့​တယ်၊ မှင်​နီ အဝိုင်း​ခံ​ခဲ့​ရ​တယ်၊ ခု​တော့ ကျုပ်​အထင်ကြီး​သ​လောက် မဟုတ်​တာ တွေ့​ရ​တယ် ...။
(ပဲခူး​ခ​ရိုင် ဝေါ​အပိုင် အညာ​စု​ရွာ ဗိုလ်​ချုပ်​အောင်​ဆန်း ရောက်​၍၊ ရဲဘော် ၃​၇ ယောက်​စု​ရန်​ပြော​ရာ ရပ်​ရွာ​ထဲ​က တုတ်တုတ်​မ​လှုပ်​ကြ​၍ ဗိုလ်​ချုပ်​အောင်​ဆန်း​က)

အမွေအနှစ်‌

စစ်​အစိုးရ​သည် ဗိုလ်​ချုပ်​အောင်​ဆန်း​အား အမှတ်ရ​စေ​မည့် ကိစ္စ​မှန်​သ​မျှ​အား ဖျက်ဆီး​ရှင်းလင်း​ပစ်သော်​လည်း မြို့တော်​ရန်ကုန်​တွင် ၎င်း​၏ ရုပ်ပုံ​များ​က အိမ်​များ၊ ရုံး​များ​တွင်​လည်း နေရာ​ယူထား​လျက် ရှိ​သည်။ စ​ကော့​ဈေး​နှင့် ကော်​မရှင်​နာ လမ်း​များ​ကို လည်း ဗိုလ်​ချုပ်​အောင်​ဆန်း​ဈေးနှင့် ဗိုလ်​ချုပ်​အောင်​ဆန်း​လမ်း​များ​အဖြစ် လွတ်လပ်​ရေး နောက်​ပိုင်း​တွင် ပြောင်းလဲ​မှည့်ခေါ်​ခဲ့​သည်။ မြန်မာ​နိုင်ငံ​အနှံ မြို့​ကြီး​ပြ​ကြီး​ရှိ လမ်း​များ၊ ပန်းခြံ​များ​လည်း သူ့​အား အမှတ်ရ​စေ​ရန် ဗိုလ်​ချုပ်​အောင်​ဆန်း​လမ်း​နှင့် ဗိုလ်​ချုပ်​အောင်​ဆန်း​ပန်းခြံ​အဖြစ် မှည့်ခေါ်​ကြ​သည်။ ဗိုလ်​ချုပ်​အောင်​ဆန်း အား​အမှတ်ရ​မိ​စေ​မည့် ဗိုလ်​ချုပ်​အောင်​ဆန်း​သီချင်း မှာ​လည်း ထင်ရှား​သည်။ ရှစ်​လေး​လုံး​အရေးတော်​ပုံ အတွင်း သူ​၏ ဓါတ်​ပုံ​အား ကိုင်​ဆောင်​လှည့်လည်​ကြ​သည်။ သူ​ကွယ်​လွန်​စဉ်​က အသက် ၃​၂ သာ ရှိ​သေး​သည်။ ရွှေတိဂုံ​စေတီ ခြေရင်း​တွင် အာဇာနည် ဗိ​မာန်​တစ်​ခု တည်ဆောက်​ထား​ပြီး ဇူလိုင် ၁​၉ ရက်​ကို အာဇာနည်​နေ့ အဖြစ် နှစ်စဉ် အခမ်းအနား​ကျင်းပ ကြ​သည်။ မြန်မာ​နိုင်ငံ လွတ်လပ်​ရေး​ဖ​ခင်​နှင့် နိုင်​ငံတော်​သူရဲကောင်း​အဖြစ်​တို့​မှ သူ့​အား ဖယ်​ထုတ်​၍ ရ​မည် မဟုတ်​ချေ။

တည်း​ဖြတ်​ရန် ကျန်​သေး​သည့် အရာ​များ

ဤ​ဦး​အောင်​ဆန်း ဆောင်းပါး​သည် မြန်​မာ့​အမျိုးသား​ရေး​ခေါင်းဆောင်​ကြီး ဗိုလ်​ချုပ်​အောင်​ဆန်း​အား ရည်ညွှန်း​သုံးစွဲ​ထား​ခြင်း​ဖြစ်​သည်။ အခြား ခေါင်းစဉ်​အသစ်​အနေ​ဖြင့် ဗိုလ်​ချုပ်​အောင်​ဆန်းအား ကြည့်ရှူ​နိုင်​ပါ။

ဦး​အောင်​ဆန်း အပိုင်း(၁)

ကျ​မ မှတ်မိ​နိုင်​သော အရွယ်​မ​ရောက်​မီ​က​ပင် ကျ​မ​၏ ဖ​ခင် ကွယ်​လွန်သွား​ပါ​သည်။ ထို့​ကြောင့် “ဖေ⁠ဖေ​ဟာ ဘယ်​လို​လူ​စား​မျိုး​ပါ​လိမ့်”ဟူ​သော သိ​ချင်​စိတ်​ဖြင့် ဖ​ခင်​၏​ဘဝ​လုပ်ဆောင်​ချက်​များ​နှင့် ပတ်သက်​သော စာပေ အထောက်​အထား​များ​ကို ကျ​မ စတင်​စုဆောင်း လေ့​လာ​ဖတ်​ရှု​ခြင်း​ပင် ဖြစ်​ပါ​သည်။ အောက်​တွင် ဖော်​ပြ​ပါ အတ္ထုပ္ပတ္တိစာ​တမ်း​ကို ရေးသား​ရာ​၌ ပုံနှိပ်​ထုတ်​ဝေ​ခြင်း အထောက်​အထား​များ​ကို အဓိက​အခြေ​ခံထား​ပါ​သည်။ အကြောင်းအရာ​နှစ်​ရပ်​နှင့် ပတ်သက်​၍​သာ​လျှင် ကျ​မ​တို့​မိသား​စု​နှင့် ဖေ​ဖေ့​အား ကောင်း​စွာ​သိကျွမ်း​ခဲ့​သူ​များ ထံ​မှ သိရှိ​ရ​သော​အချက် အလက်​များ အပေါ်​တွင် အတော်​အသင့် အခြေ​ခံထား​ပါ​သည်။

သွေး​သား​နီး​ကပ်​စွာ တော်စပ်​သူ​တ​ဦး​၏ အတ္ထုပ္ပတ္တိ​ကို​ရေး​ရ​သည်မှာ မလွယ်​ကူ​ပါ။ ဓမ္မ​ဓိဌာန်​ကျ⁠ကျ​ရေး​နိုင်​မည် မဟုတ်​ဟု အစွပ်​စွဲ​ခံ​ရ​နိုင်​ပါ​သည်။ တကယ်​တမ်း​တွင်​လည်း အတ္ထုပ္ပတ္တိ​ရေး​သူ​တို့​သည် မိမိ​တို့ ရှာဖွေ​စုဆောင်း​ရ ရှိ​သော အထောက်​အထား​များ​ဖြင့် မိမိ​တို့​၏ ကိုယ်​ပိုင်​ဆုံးဖြတ်​ဉာဏ်​ကို ပုံစံ​သွင်းပေး​ခဲ့​သော အဖြစ်အပျက်၊ အတွေ့​အကြုံ​များ​၏ ဩဇာ​သက်ရောက်​မှု​မှ ကင်း​လွတ်​နိုင်​မည်​မဟုတ်​ပါ။ ကျ​မ​အနေ​ဖြင့် ကျ​မ​ဖ​ခင်​၏ ရုပ်ပုံ​လွှာ ကို ကျ​မ​မြင်​သည့်​အတိုင်း မှန်ကန်စွာ ပေါ်လွင်​စေ​ရန် ကြိုးပမ်း​ရေးသား​ထား​ပါ​သည်​ဟု​သာ ပြော​နိုင်​ပါ​သည်။ [၁]


အောင်​ဆန်း​ကို မြန်မာ​နိုင်ငံ အညာ​ဒေသ​ရှိ နတ်​မောက်​မြို့​ကလေး​၌ ၁​၉​၁​၅ ခု​နှစ် ဖေဖော်ဝါရီ​လ ၁​၃ ရက်​နေ့ တွင် ဖွားမြင်​ပါ​သည်။ မန္တလေး​မြို့တော်​ရှိ မြန်မာ​ဘုရင်​အုပ်ချုပ်​ရေး​စနစ်​ကို ပျက်​သုန်း​စေ​ပြီး မြန်မာ​တ​နိုင်ငံ​လုံး ဗြိတိသျှ​အုပ်ချုပ်​ရေး​လက်အောက်​သို့ ကျ​ဆင်း​စေ​ခဲ့​သော တတိယ​အင်္ဂလိပ်-မြန်မာ​စစ်​ပွဲ​အပြီး နှစ်​ပေါင်း (၃​၀) အကြာ​တွင် ဖြစ်​ပါ​သည်။ နတ်​မောက်​နယ်​သူ​နယ်​သား​များ​သည် မြန်မာ​ဘုရင်​များ​၏ အမှု​ကို​ထမ်း​ဆောင်​သည့် အစဉ်​အလာ​ရှိ​သူ​များ​ဖြစ်​၏။

အောင်​ဆန်း​၏ မိ​ခင်​မျိုး​ရိုး​ထဲ​တွင် ရာထူး​ကြီး မင်း​မှု​ထမ်း​အချို့ ပါဝင်​ခဲ့​ပါ​သည်။ ဖ​ခင်​ဖြစ်​သူ ဦး​ဖာသည် လယ် သမား​မျိုး​ရိုး​မှ​ဖြစ်​ပြီး လောကီ​ရေးရာ​တွင် လိမ္မာ​ရေးခြား​မ​ရှိ၊ စကားမ​ပြော တုံ​ဏှိ​ဘာ​ဝေ နေ​တတ်​သူ​တ​ဦး ဖြစ် ပါ​သည်။ ဉာဏ်​ရည်​ကောင်း​၍ စာပေ​ဖက်​တွင် ထူး​ချွန်သော်​လည်း စကား​နည်း​လွန်း​သ​ဖြင့် ဦး​ဖာသည် မိမိ​၏ အသက်မွေး​ဝမ်း​ကြောင်း​အလုပ်​ဖြစ်​သော ရှေ့နေ​အလုပ်​၌ အောင်မြင်​ခြင်း​မ​ရှိ​ခဲ့​ပါ။ ထို့​ကြောင့် ထက်မြက်​သွက် လက်​လှ​သော မိ​ခင်ဒေါ်​စု​သာ​လျှင် မိသား​စု​စား​ဝတ်နေ​ရေး​ကို အဓိက​တာဝန်​ယူ​ရ​ပါ​သည်။

ဒေါ်​စု​၏ ဦး​လေးတော်​သူ​သည် ဗြိတိသျှ​တို့​ကို ရှေးဦးစွာ တော်​လှန်​ဆန့်ကျင်​ခဲ့​သော မြန်မာ​အုပ်စု​တ​စု​ကို ခေါင်း ဆောင်ခဲ့​ပါ​သည်။ နောက်ဆုံး​၌ “ဗိုလ်​လ​ရောင်” ခေါ် “ဦးမင်း​ရောင်” အား ဗြိတိသျှ​တို့​က ဖမ်းဆီး​သတ်​ဖြတ် လိုက်​ပါ​သည်။ “ကုလား​တို့ ကျွန်မ​ခံ” ဟူ​သော စိတ်ထား​ရှိ​ခဲ့​သည့် ထို​ရဲရဲတောက် မျိုး​ချစ်​ပုဂ္ဂိုလ်​ကြီး​ကား အောင် ဆန်း​မိသား​စု​နှင့် နယ်​သူ​နယ်​သား​များ ဂုဏ်​ယူ​စံ​ထား အားကျ​ဖွယ်ရာ ဖြစ်လာ​ပါ​သည်။


ညီ​အကို​မောင်​နှမ (၆) ဦး (ကလေး​ဘဝ​က​ပင် ကွယ်​လွန်​ကြ​သူ​များ​အပါအဝင်​ဆို​လျှင် မွေး​ချင်း - ၉ ဦး) အနက် အထွေး​ဆုံး​ဖြစ်​သူ အောင်​ဆန်း​သည် သူ​ကိုယ်တိုင်​ရေး​ခဲ့​သော မှတ်တမ်း​အရ ညစ်ပတ်​ချူချာ အစား​ကြူး​၍ လုံး ဝ​နှစ်​လို​ဖွယ်​မဟုတ်​သော ကလေး​တ​ဦး​ဖြစ်​ပါ​သည်။ စကားပြော​လည်း နောက်ကျ​လှ​သ​ဖြင့် မိသား​စု​က ‘စွန့်​အ’ နေ​သလား​ဟူ၍​ပင် ပူပင်​ခဲ့​ရ​၏။ သို့သော် အောင်​ဆန်း​ကလေး​သည် ပရိယာယ်​မ​ရှိ​ခြင်း၊ အလွန်​ရိုးသား​ဖြောင့် မတ်​ခြင်း၊ ဆင်းရဲ​သူ​များ​အား သနား​ကြင်နာ​တတ်​ခြင်း စ​သော ချစ်​စ​ဖွယ်​စိတ်​ဓာတ်​များ​ဖြင့် ပြည့်စုံ​သည်​ဟု သူ့ အား ငယ်​စဉ်​က ကောင်း​စွာ​သိ​ခဲ့​သူ​များ​နှင့် သူ့​မိသား​စု​ဝင်​များ​က ကောက်ချက်​ချ​ကြ​ပါ​သည်။

အောင်​ဆန်း​မိသား​စု​မှာ ဉာဏ်​ရည်​ကောင်း​ပြီး ပညာ​ဖက်​တွင် ထွန်း​ပေါက်​သူ​များ​အဖြစ် နာမည်ကောင်း​ရထား ပါ​သည်။ အောင်​ဆန်း​၏ အကို (၃) ဦး​မှာ အသက်​ငယ်⁠ငယ်​လေး​တွင် ကျောင်း​စ​တက်​ကြ​၏။ သို့သော် အောင် ဆန်း​မှာ​မူ အမေ​ပါ​တက်​မှ ကျောင်း​တက်​မည်​ဆို​ကာ ကတ်ဖဲ့​နေ​၏။ စိတ်​ဓာတ်​ကြံ့ခိုင်​လှ​ပါ​သည်​ဟု ဆို​ရ​မည် ဖြစ်​သော ဒေါ်​စု​သည် သားထွေး​လေး​ကို အလွန်​ညှာတာ​လေ့​ရှိ​ပြီး သူ့​စိတ်ပါ​မှ​သာ ကျောင်း​တက်​ပါ​စေ​တော့​ဟု အလိုလိုက်​ထားခဲ့​၏။

သို့​ဖြင့် (၈) နှစ်​သား​အရွယ်ရောက်​သော​အခါ​မှ အောင်​ဆန်း ကျောင်း​တက်​ရန် ဆုံးဖြတ်​ပါ​တော့​သည်။ အကို​ဖြစ် သူ အောင်​သန်း ရှင်​သာမဏေ​ဘောင်​သို့ ဝင်​သော​အခါ​၌ ဘုန်းကြီး​ကျောင်း​နေ သံဃာ​တို့​ဘဝ​ကို သဘောကျ​၍ ပေ​လား၊ ရှင်လောင်း​များ​စီး​သည့် ကကြိုးတန်ဆာ ဆင်​ရင်​ထား​သော မြင်း​ဖြူ​လေး​ကို သဘောကျ​၍​လား​မ​သိ၊ အောင်​ဆန်း​က သူ​လည်း ရှင်ပြု​ချင်​ပါ​သည်​ဟု ဆို​လာ​ပါ​တော့​သည်။ လိမ္မာ​ပါး​နပ်​သော အမေ​က အခွင့်​ကောင်း ကို ချက်ချင်း​ယူ​၍ ရှင်မ​ပြု​မီ စာရေး​စာ​ဖတ်​တတ်​ရန် လို​မည်​ဟု ထောက်​ပြ​လိုက်​ပါ​သည်။

ကျောင်း​စ​တက်​သည်​ဆို​သည်​နှင့် အောင်​ဆန်း​သည် ထူးချွန်​သော ကျောင်းသား​တ​ဦး​ဖြစ်​ကြောင်း ပေါ်လွင်​လာ ပါ​သည်။ စာ​ကြိုးစား​၍ စည်းကမ်း​ရိုသေ​ပြီး အတန်း​ထဲ​တွင် အစဉ်​ထိပ်​တန်း​က ရှိ​နေ​ခဲ့​ပါ​သည်။ အောင်​ဆန်း​၏ ပထမ​ကျောင်း​မှာ နတ်​မောက် ဦး​သော​ဘိ​တ ဘုန်းတော်​ကြီး​ကျောင်း​ပင်​ဖြစ်​ပါ​သည်။ လောကုတ္တရာ​ပညာ​သာ မက ခေတ်​သစ်​ပညာ​ရပ်​အချို့​ကို​ပါ သင်ကြား​ပေး​သော ထို​စဉ်​အခေါ် လောက​ဓာတ်​ကျောင်း​မျိုး​ဖြစ်​ပါ​သည်။ သို့သော် နတ်​မောက်​ကျောင်း​တွင် အင်္ဂလိပ်​စာ သင်ကြား​ပေး​ခြင်း​မ​ရှိ​ပေ။

ထို​အချိန်​က အထက်​တန်း​ပညာသင်​ကြား​ရာ​၌ လို​အပ်​ချက်​တ​ခု​ဖြစ်​သော အင်္ဂလိပ်​စာ​ကို အကိုကြီး​များ​က သင် ထား​ပြီး​ဖြစ်​သည့်​အတိုင်း အောင်​ဆန်း​က​လည်း တတ်​အောင်​သင်​မည်​ဟု စိတ်​ပိုင်းဖြတ်​ထား​လိုက်​၏။ သို့​ဖြင့် အောင်​ဆန်း​လည်း ရေနံ​ချောင်း အမျိုးသား​ကျောင်း​သို့ အသက် (၁​၃) နှစ်​အရွယ်​၌ ပြောင်း​သွား​ပါ​သည်။ သား ထွေး​လေး​ကို အိမ်​မှ ခွဲခွာ​မ​သွား​စေ​လို​သော ဒေါ်​စု​ထံ​မှ ရေနံ​ချောင်း​ကျောင်း​တက်​ခွင့်​ရ​ရန် အောင်​ဆန်း အစာ ငတ်​ခံ​ဆန္ဒ​ပြ​ပွဲ​လေး​တ​ခု​ကို ဆင်​နွှဲ​ခဲ့​ရ​ပါ​သေး​သည်။

ရေနံ​ချောင်း​ရောက်​သော​အခါ ကျောင်း​တွင် ဆရာ​တ​ဦး​အဖြစ် အလုပ်​လုပ်​နေ​သော အကိုကြီး ဦး​ဘ​ဝင်း​၏ ထိန်းကျောင်း​စောင့်ရှောက်​မှု​အောက်​တွင် နေ​ခဲ့​ရ​သည်မှာ အောင်​ဆန်း​အတွက် လွန်စွာ​မှ ကံကောင်း​ပါ​သည်။ ဦး​ဘ​ဝင်း​သည် ညီ​ငယ်​လေး​၏ ပညာ​ရေး၊ စား​ဝတ်နေ​ရေး၊ အထွေ​ထွေ​ကောင်းမွန်​တိုးတက်​ရေး​တို့​ကို စည်း ကမ်း​ရှိ​ရှိ၊ ဆင်​ဆင်ခြင်​ခြင် အထူး​ဂရုစိုက်​ခဲ့​၏။ ညီ​ဖြစ်​သူ​က​လည်း ပညာ​ရေး​ဖက်​တွင် အား​ကောင်း​ကြောင်း ဆက်လက်​ပြသ​ကာ အသက် (၁​၅) နှစ်​အရွယ်​၌ သတ္တမ​တန်း​စာ​မေး​ပွဲ​တွင် ဗုဒ္ဓ​ဘာသာ​စာသင်ကျောင်း​များ​နှင့် အမျိုးသား​ကျောင်း​များ​၌ ပထမ​စွဲ​သူ​များ​အား ချီးမြှင့်​သော ဦး​ရွှေဘို ရွှေ​တံဆိပ်​နှင့် ပညာသင်​ထောက်ပံ့​ကြေး ဆု​ကို ရ​ရှိ​ခဲ့​၏။

အမျိုးသား​ကျောင်း​များ​မှာ ၁​၉​၂​၀ ခု​နှစ် ရန်ကုန်​တက္ကသိုလ် အက်ဥပဒေ​ဆန့်ကျင်​သပိတ်​မှ ထွက်ပေါ်​လာ​ခြင်း ဖြစ်​ပါ​သည်။ ထို​အက်ဥပဒေ​သည် အခွင့်​ထူး​ခံ လူ​နည်း​စု​လေး​ကို​သာ အထက်​တန်း​ပညာ သင်ကြား​ခွင့်​ပေး​ရန် ရည်​ရွယ်​သည်​ဟု ဆန့်ကျင်​သူ​များ​က​ယူဆ​ခဲ့​ပါ​သည်။ အမျိုးသား​ကျောင်း​များ​သည် မြန်မာ​လူ​ငယ်​တို့​အား သူ​တို့ ၏ ကို​လို​နီ​လက်အောက်​ခံ ဘဝ​အခြေအနေ​ကို နိုင်ငံ​ရေး​အသိ​တရား​အရ ခံစား​နားလည်​စေ​ပြီး၊ ထို​ဘဝ​မှ လွတ် မြောက်​လို​စိတ်​များ အသည်း​နှလုံး​အတွင်း​မှ ဖြစ်ပေါ်​လာ​ရန် ကျိုချက်​ပေးလိုက်​သော နေရာ​များ​သဖွယ်​ဖြစ်​ပါ သည်။

မိမိ​၏​နိုင်ငံ​ကို လူ​မျိုး​ခြား​တို့​အုပ်ချုပ်​မှု​အောက်​မှ လွတ်မြောက်​အောင် ဆောင်ရွက်​လို​သော​ဆန္ဒ​သည် ရေနံ ချောင်း​အမျိုးသား​ကျောင်း မ​တက်​မီ​ကာလ​က​ပင် အောင်​ဆန်း​၏ စိတ်​တွင် ကိန်းအောင်း​နေ​ခဲ့​ပုံ​ရ​ပါ​သည်။ က လေး​ဘဝ​က ဗြိတိသျှ​တို့​အား ပုန်ကန်​မောင်း​ထုတ်​ရန် နည်း​အမျိုး​မျိုး ကို ကြံစည်​စဉ်းစား​ခဲ့​ပုံ၊ တ​ခါ​တ​ရံ ပြ​ဒါး​ရှင် လုံး​ကဲ့သို့​သော တန်ခိုး​သိဒ္ဓိ​ရှင်​ပစ္စည်း​များ အကူအညီ​ဖြင့် မြန်မာ​ပြည်​လွတ်မြောက်​ရေး​ကို​ရ​ယူ​ရန် စိတ်ကူး​ယဉ် ခဲ့​ပုံ​အကြောင်း​ကို သူ​၏ ကိုယ်​ရေး​အတ္ထုပ္ပတ္တိ​ဆောင်းပါး​တွင် ရေးသား​ထား​ပါ​သည်။

အမျိုးသား​ကျောင်း​၌ နေ​စဉ်​အတွင်း နိုင်ငံ​ရေး​လောက​၌ နာမည်ကြီး​သော ပုဂ္ဂိုလ်​များ​၏ မိန့်ခွန်း​များ​ကို စိတ်​ဝင် စား​လာ​ပြီး စကား​ရည်​လု​ပွဲ​များ​တွင်​လည်း ပါဝင်​ဆင်​နွှဲ​ခဲ့​၏။ သူ​၏ ဟော​ပုံ​ပြော​ပုံ​မှာ အားတက်​စရာ​မ​ဟုတ်သော် လည်း ကိုင်တွယ်​ရ​မည့် အကြောင်းအရာ​နှင့်​ပတ်သက်​၍ သေချာ​စေ့စပ်​စွာ ပြင်ဆင်​ထား​ခြင်း၊ ယုံကြည်​ချက် အပြည့်​အဝ​ရှိ​ခြင်း​တို့​ကြောင့် အဟော​ကောင်း၊ အပြော​ကောင်း​ဟူ၍ နာမည်​ရ​ခဲ့​၏။

ကျောင်း​ဂျာနယ် စာတည်း​အဖြစ်​လည်း​ဆောင်ရွက်​ခဲ့​၏။ ထို​ကဲ့သို့ စာ​သင်​ခန်း​ပြင်​ပ​လုပ်​ငန်း​များ​တွင် ပါ​ဝင်သော် လည်း တ​ယောက်​တည်း အတွေး​နယ်​ထဲ နစ်​မြုပ်​နေ​တတ်​ခြင်း၊ နေ​ပုံ​ထိုင်​ပုံ​ထောင့်​မ​ကျိုး​ခြင်း​တို့​ကြောင့် အောင် ဆန်း​ကို လူ့​ဂွ​စာ လူ​ထူး​လူ​ဆန်း​အဖြစ် ကျောင်းနေဖက်​များ​က မြင်​ကြ​ပါ​သည်။ ၁​၉​၃​၂ ခု​နှစ်​တွင် တက္ကသိုလ်​ဝင် စာ​မေး​ပွဲ​၌ မြန်မာ​စာ၊ ပါဠိ​ဘာသာ​ဂုဏ်​ထူး​များ​ဖြင့် “အေ” အဆင့်​မှ အောင်မြင်​ကာ ရန်ကုန်​တက္ကသိုလ်​သို့ ပ ညာ​ဆက်​သင်​ရန် ရောက်​သွား​ပါ​သည်။

အောင်​ဆန်း ရန်ကုန်​တက္ကသိုလ်​သို့ ရောက်လာ​သည့်​နှစ်​သည်ကား ဆရာ​စံ​သူပုန်​ကို ဗြိ​တိ​သျ​အစိုးရ​က ချေ​မှုန်း ကာ ခေါင်းဆောင်​များ​ကို သေ​ဒဏ်ပေး​ခဲ့​ပြီး တ​နှစ်​ကြာ​ကာလ​က​ပင်​ဖြစ်​ပါ​သည်။ တောင်သူ​လယ်သမား​များ ခံစား​နေ​ရ​သော အတိ​ဒုက္ခ​များ​မှ ပေါ်ပေါက်​လာ​ရ​သော ပုန်ကန်​မှု​ကို ဗြိ​တိ​သျ​အစိုးရ​က ရှင်ဘုရင်​ဖြစ်​လို​သော အယူ​သည်း​သူ​တ​ယောက် ဦးဆောင်​သည့် တော​သူ​တောင်​သား ပုန်ကန်​မှု​မျှ​သာ​ဖြစ်​သည်​ဟု သေး​သိမ်​စေ​ရန် နှိမ်​၍ဖော်​ပြ​ခဲ့​ပါ​သည်။ သို့သော်​လည်း မြန်မာ​များ​အနေ​ဖြင့် ကိုယ်​ထိ​လက်​ရောက် ပါဝင်​ဆင်​နွှဲ​ခဲ့​သူ မ​များပြား သော်လည်း ထို​ပုန်ကန်​မှု​အပေါ် အတော်​ပင် ဂရုဏာ​ထား​ကြ​ပါ​သည်။ ဆရာ​စံ​ကို စွဲဆောင်​နိုင်​စွမ်း​ရှိ​သူ​တ​ဦး​အ ဖြစ် မ​မြင်​သူ​များ​က​ပင် သူပုန်​တို့​၏ မျိုး​ချစ်​စိတ်​နှင့် သတ္တိ​ပြောင်​မြောက်​မှု​ကြောင့် စိတ်​လှုပ်ရှား​တက်​ကြွ​ခဲ့​ရ​ပြီး အစိုးရ​၏ ရက်စက်​ကြမ်းတမ်း တုံ့​ပြန်​မှု​များ​ကြောင့် အရေး​နိမ့်​သွား​ရ​သော သူပုန်​တို့​ကို များ​စွာ​သနား​ကြင်နာ​ခဲ့ ကြ​၏။

ဗြိတိသျှ​အုပ်ချုပ်​မှု အစော​ပိုင်း​ကာလ​တွင် ကျင့်​သုံး​သော ငြိမ်ဝပ်​အေးချမ်း​ရေး​လမ်း​စဉ်​မှာ အတော်​အတန် အောင်မြင်​မှု​ရှိ​ခဲ့သော်​လည်း လူ​မျိုး​ခြား​ကြီးစိုး​မှု​ကို မြန်မာ​များ​က ကျေနပ်​စွာ လက်ခံ​ခြင်း​မ​ရှိ​ပါ။ ကို​လို​နီ​အစိုးရ ပိုမို​ခိုင်​မြဲ​လာ​သည်​နှင့် အုပ်ချုပ်​သူ​လူ​မျိုး​ခြား​တို့​၏ ပလွှား​မောက်မာ​သော အမူအကျင့်​များ​နှင့် တိုင်း​ပြည်​အတွက် စစ်​မှန်​သော​ကောင်းကျိုး​ကိစ္စ​ရပ်​တို့​ကို လျစ်လျူရှု​မှု​များ​သည် တိုင်း​သူ​ပြည်​သား​တို့​၏ မနှစ်​သက် မ​ကျေနပ်​စိတ် များ​ကို ဆွ​ပေး​သကဲ့သို့ ဖြစ်လာ​ပါ​သည်။

ပထမ​ဦး​စွာပေါ်​ထွန်း​ခဲ့​သော အမျိုးသား​ရေးရာ အဖွဲ့​အစည်း​များ​သည် ဗုဒ္ဓ​ဘာသာ​နှင့် မြန်​မာ့​ရိုးရာ​ယဉ်ကျေး​မှု တည်တံ့​ခိုင်​မြဲ​ရန်​နှင့် သန့်ရှင်း​စင်ကြယ်​ရန်​ကို​သာ ဆောင်ရွက်​ကြ​သည်။ သို့သော် ခေတ်​ပညာ​တတ် မြန်မာ​လူ ငယ်​အရေအတွက် များပြား​လာ​သည်​နှင့်​အမျှ နိုင်ငံ​ရေး​ရည်​မှန်း​ချက်​များ​ပါ ပေါ်ပေါက်​လာ​ပါ​သည်။ ၁​၉​၀​၆ ခု​နှစ် တွင် တည်ထောင်​သော ဗုဒ္ဓ​ဘာသာ​ကလျာဏ​ယု​ဝ​အသင်း(ဝိုင်​အမ်​ဘီ​အေ)သည် နိုင်ငံ​ရေးရာ​များ​ကို စတင် ကိုင်တွယ်​သော အဖွဲ့​အစည်း​ဖြစ်​ပြီး ရန်ကုန်​တက္ကသိုလ်​သပိတ်​ကို အောင်မြင်​စွာ စည်း​ရုံး​လှုံ့ဆော်​ခဲ့​ပါ​သည်။

အမျိုးသား​လှုပ်ရှား​မှု အရှိန်​အဟုန်​ရ​လာ​သော​အခါ ‘ဝိုင်​အမ်​ဘီ​အေ’ သည် ၁​၉​၂​၀ ခု​နှစ်​၌ ‘ဂျီ​စီ​ဘီ​အေ’ အသွင် သို့ ကူးပြောင်း​သွား​ပါ​သည်။ ပထမ​ဦး​ဆုံး ပေါ်ပေါက်​လာ​သော အမျိုးသား​မဟာမိတ်​အဖွဲ့​ဟု ခေါ်​နိုင်​ပါ​သည်။ မြန်​မာ့​အမျိုးသား​ရေးရာ​လှုပ်ရှား​မှု​ကို တိုက်​ရည်​ခိုက်​ရည်​သွင်းပေး​လိုက်​သော ပုဂ္ဂိုလ်​မှာ ဆရာတော်​ဦး​ဥတ္တမ ဖြစ်​သည်။ ဆရာတော်​၏ စိတ်​အား​ထက်သန်​သော လွတ်လပ်​ရေး​တောင်း​ဆို​မှု​တို့​ကြောင့် နိုင်ငံ​တ​ဝှမ်း​တွင် မျိုး ချစ်​စိတ်​ဓာတ်​ပြင်းပြ​စွာ တက်​ကြွလာ​ပါ​သည်။ သို့သော်​လည်း စုပေါင်း​ညီညာ​သော လွတ်လပ်​ရေး​လှုပ်ရှား​မှု ပေါ်ပေါက်​စေ​မည့် အင်အား​များ​မှာ နိုင်ငံ​ရေး​အကွဲ​အပြား​များ​ကြောင့် လွင့်​စင်​သွား​ရ​၏။

၁​၉​၂​၂ ခု​နှစ်​တွင် (၂​၁) ဦး​ပါ​တီ​သည် ဂျီ​စီ​ဘီ​အေ​မှ ခွဲ​ထွက်​သွား​ပြီး​နောက်​တွင် ထပ်မံ​ကွဲ​ကြ​ပြန်​သ​ဖြင့် ၁​၉​၂​၀ ခု နှစ်​များ ကုန်​ဆုံး​ခါ​နီး​တွင် အဖွဲ့​အစည်း (၃) ဖွဲ့ ဖြစ်​သွား​ပါ​တော့​သည်။ ၁​၉​၃​၀ ခု​နှစ်​များ​၏ အစ​ပိုင်း​ကာလ​တွင်​မူ ဗြိတိသျှ​အုပ်ချုပ်​မှု​အောက်​တွင် မြန်မာ​နိုင်ငံ​နှင့် အိန္ဒိယ​နိုင်ငံ​တို့ ပူးတွဲ​ထား​သင့်၊ မ​ထား​သင့် ဟူ​သော “ခွဲ​ရေး-တွဲ​ရေး” ကိစ္စ​အပေါ် မြန်မာ​နိုင်ငံ​ရေး​သမား​များ စိတ်ဝင်စား​စွာ အငြင်း​ပွား​ကြ​သည်​ကို တွေ့​ရ​ပါ​သည်။

ထို​နိုင်ငံ​ရေး​သမား​များ​အနက် အချို့​မှာ ဆရာ​စံ​သူပုန်​တို့​အား ဗြိတိသျှ​အစိုးရ​က ခုံ​ရုံး​တင်​စစ်ဆေး​ရာ​၌ သူပုန် များ​ဘက်​မှ ခုခံ​ကာ​ကွယ်​ပေး​ခဲ့​သ​ဖြင့် ထင်ပေါ်ကျော်​ကြား​လာ​သူ​များ​ဖြစ်​ပါ​သည်။ တ​ချိန်​တည်း​မှာ​ပင် ငြိမ်​၍ ခေါင်း​ငုံ့​ခံ​သည့်​ကာလ​မှာ​လည်း ဆုံးခန်း​သို့ ဦးတည်​လာ​ကာ ထိုး​နှက်​တိုက်ခိုက်​ခြင်း သဘော​ဆောင်​သော နည်း​ဗျူဟာ​များ​သုံးစွဲ​ရန် တွန့်​ဆုတ်​လိမ့်​မည်​မဟုတ်​သော အမျိုးသား​ရေး​စိတ်​ဓာတ်​ရှိ​သည့် မျိုး​ဆက်​သစ်​များ လည်း နိုင်ငံ​ရေး​ဇာတ်​ခုံပေါ်​သို့ ရောက်​ရှိ​လာ​ပါ​သည်။

အသက် (၁​၈) နှစ်​အရွယ် အောင်​ဆန်း​သည် ခပ်​ရိုင်း​ရိုင်း အညာသား​ကလေး​ပင်​ဖြစ်​ပါ​သည်။ မိမိ​တို့​ကိုယ်​မိမိ​တို့ လူ့​မလိုင်​ဟု အထင်ရောက်​နေ​ကြ​ပြီး ကြော့ရှင်း​ဝံ့​ကြွား​စွာ ဝတ်ဆင်​နေထိုင်​ကြ​သော ရန်ကုန်​တက္ကသိုလ် ကျောင်းသား​များ အသိုင်းအဝိုင်း​တွင် မျက်နှာထား​ရှု​သိုး⁠သိုး​နှင့် အဝတ်​အစား ပို​သီ​ပတ်​သီ​ဝတ်ဆင်​သော အောင်​ဆန်း​သည် အံ​မ​ဝင်​ဂွင်​မ​ကျ ဖြစ်​နေ​၏။ ထို့​အပြင် သူ့​ထက်​သိမ်မွေ့​ပါး​နပ်​သော ကျောင်းနေဖက်​များ​၏ ဝေဖန်​နောက် ပြောင်​မှု​ကို​လည်း ဂရု​မ​စိုက်​ကြောင်း စော​စီး​စွာပေါ်​လွင်​စေ​ခဲ့​၏။


အောင်​ဆန်း တက္ကသိုလ်​ရောက်​စ ပထမ​နှစ်​ပတ်​တွင် ကျောင်းသား​သမဂ္ဂ​မှ စကား​ရည်​လု​ပွဲ​တ​ရပ် ကျင်းပ​ပါ သည်။ ထို​စကား​ရည်​လု​ပွဲ​အပြီး​၌ အောင်​ဆန်း​သည် ပရိသတ်​အကြား​မှ​ထ​ကာ သူ့​အကို အောင်​သန်း တင်​သွင်း သော “ဘုန်းတော်​ကြီး​များ နိုင်ငံ​ရေး​မ​လုပ်​သင့်”ဟူ​သည့် အဆို​ကို ထောက်ခံ​လိုက်​ပါ​သည်။ ဤ​သည်မှာ မိသား စု​သွေးစည်း​ရေး သဘော​ဆောင်​သည့် အပြုအမူ​မဟုတ်​ပါ။ ယုံကြည်​ချက်​အရ လုပ်ဆောင်​လိုက်​ခြင်း ဖြစ်​ပါ သည်။

အောင်​ဆန်း အင်္ဂလိပ်​စကားပြော​ရာ​တွင် အသံ​ထွက် အမှား​မှား​အယွင်း​ယွင်း ကို့​ယို့​ကားရား ချောမွေ့​ပြေပြစ် ခြင်း မ​ရှိ​သော​ကြောင့် သူ့​စကား​များ​မှာ နား​မ​လည်​နိုင်​သ​လောက်​ပင်​ဖြစ်​၏။ ပရိသတ်​က ပြောင်​လှောင်​သရော် အော်ဟစ်​ကြ​သ​ဖြင့် အကို​ဖြစ်​သူ အတော်​ပင်​အနေ​ရ​ခက်​သွား​၏။ အောင်​ဆန်း​က​မူ ကြောက်ရွံ့​၍ အသံ​ပျောက် သွား​ခြင်း​မ​ရှိ။ ကဲ့ရဲ့​သံ​များ၊ မြန်မာ​စကား​နှင့်​သာ​ပြော​ရန် ရိုင်း​ရိုင်းစိုင်း​စိုင်း အော်ဟစ်​သံ​များ​ကို လျစ်လျူရှု​ကာ အဆင့်​အတန်း​မ​မီ​သော သူ့​အင်္ဂလိပ်​စကား​ကို ပါဠိ​အသုံး​အနှုန်း​များ​ဖြင့် ဖြည့်စွက်​၍ သူ​ပြော​လို​ရာ​အားလုံး​ကို ပြီး​ဆုံး​အောင် ဆက်လက်​ပြောဆို​သွား​ပါ​သည်။

ထို​ပထမ​စကား​ရည်​လု​ပွဲ အဖြစ်အပျက်​သည် နောင်​အတွက် အစဉ်​အလာ​တ​ရပ် ချ​မှတ်​ပေးလိုက်​သကဲ့သို့ ဖြစ် သွား​ပါ​သည်။ ပရိသတ်​က ကဲ့ရဲ့​ရှုတ်ချ​နေ​သည့်​ကြား​က​ပင် သူ​ပြော​လို​ရာ​ကို အင်္ဂလိပ်​စကား​နှင့်​ပြော​ခြင်း၊ သုန်သုန်​မှုန်​မှုန် နေ​တတ်​ခြင်း​တို့​ကြောင့် သူ​သည် အူ​ကြောင်ကြောင်​နိုင်​သော အရူး​တ​ယောက်​ဟူ၍​ပင် နာမည်​ရ​ခဲ့ ၏။

သို့သော် အောင်​ဆန်း​သည် အဝေ​ဖန်​ခံ​ရ​မည်​ကို ကြောက်ရွံ့​ပြီး သူ​လုပ်ကိုင်​ရန် ဆုံးဖြတ်​ထား​သော​ကိစ္စ​များ​ကို မ​လုပ်​ဘဲ​နေ​မည့် လူ​မျိုး​မဟုတ်​ပါ။ ခေတ်​ပြိုင်​ကမ္ဘာ​တွင် အင်္ဂလိပ်​စကား အရေး​ပါ​ပုံ​ကို သိရှိ​နားလည်​သ​ဖြင့် အင်္ဂ လိပ်​စကား​ကို ပိုင်​ပိုင်နိုင်​နိုင်​သုံးစွဲ​နိုင်​ရန် သူ ကြိုးစား​၏။ အင်္ဂလိပ်​စာအုပ်​များ​ကို သဲ​ကြီး​မဲကြီး​ဖတ်​ခြင်း၊ အခြား သူ​များ ပြော​ပုံ​ဆို​ပုံ​ကို နားထောင်​လေ့​လာ​ခြင်း၊ အင်္ဂလိပ်​စာသင်ကျောင်း​တွင် ပညာ​ဆည်း​ပူး​ခဲ့​သူ မိတ်ဆွေ​ရင်း တ​ဦး​ထံ​မှ အကူအညီ​ယူ​ခြင်း စ​သည်​တို့​ဖြင့် ဘုန်းကြီး​ကျောင်း​ထွက် အညာသား​တ​ဦး​အတွက် ထူးခြား​လောက် သော အင်္ဂလိပ်​စကား​ကျင်လည်​မှု​ကို သူ​ရ​ရှိ​လာ​၏။

ထို​ပထမ​စကား​ရည်​လု​ပွဲ​တွင် အောင်​ဆန်း ထောက်ခံ​ခဲ့​သော​အဆို​မှာ သူ​၏ ရေ​ရှည်​ယုံကြည်​ချက်​တ​ရပ်​အား ဖော်​ထုတ်​ခဲ့​ခြင်း​ဖြစ်​သည်​ကို သတိမူ​သင့်​ပါ​သည်။ ထို​ယုံကြည်​ချက်​မှာ သံ​ဃာတော်​များ နိုင်ငံ​ရေး​တွင် ဝင် ရောက်​လုပ်ကိုင်​ခြင်း မ​ပြု​သင့်​ကြောင်း​ပင်​ဖြစ်​ပါ​သည်။ မ​ကွယ်​လွန်​မီ တ​နှစ်ကျော်​ခန့်​က ပြော​ကြား​ခဲ့​သော ရွှေတိဂုံ​စေ​တီတော် အလယ်​ပစ္စ​ယံ ညီလာခံ​မိန့်ခွန်း​၌ “ဘာသာ​ရေး​နှင့် နိုင်ငံ​ရေး​ကို ရော​စပ်​ပါ​မူ ဘာသာ​ရေး​၏ သဘော​တရား​ကို ဆန့်ကျင်​ရာ​ရောက်​ပေ​၏”ဟု ပြော​ခဲ့​၏။ ရ​ဟန်​သံဃာ​များ​အား “အရှင်ဘုရား​တို့​က သာ​သ နာတော်​ရောင် ထွန်း​ပြောင်​အောင် အား​ထုတ်တော်​မူ​ကြ​ပါ – ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့ မေတ္တာ​တရား​ပွား​များ​၍ သမ​စိတ္တ​နှင့် ညီ​ရင်း​အကို မောင်​ရင်း​နှမ​ကဲ့သို့ နေ​နိုင်​ကြ​ပါ​လိမ့်​မည် -- ဤ​ကဲ့သို့​ဆောင်ရွက်​မှု​သည် သာသနာ ဖက်​က​သာ​ကြည့်​၍ မြင့်မြတ်​သည်မ​ဟုတ်​ပါ၊ တပည့်တော်​တို့​၏ နိုင်ငံ​နှင့် လူ​မျိုး​အတွက် အမြင့်​မြတ်​ဆုံး​သော နိုင်ငံ​ရေး​ကို ဆောင်ရွက်​ရာ​ရောက်​ပါ​သည်​ဘုရား” စ​သ​ဖြင့် လျှောက်ထား​ခဲ့​ပါ​သည်။

အများ​က နိုင်ငံ​သတ္တဝါ ပကတိ​အဖြစ်​ဖြင့်​မြင်​ကြ​သော အောင်​ဆန်း​မှာ စင်စစ်​တွင် ဘာသာ​ရေး​၌ လေးနက်​စွာ တ​သက်​လုံး စိတ်ဝင်စား​သူ​ပင် ဖြစ်​ပါ​သည်။ ရေနံ​ချောင်း​၌ ကျောင်း​တက်​နေ​စဉ် ဖ​ခင်​ကွယ်​လွန်သွား​သ​ဖြင့် ဝမ်းနည်း​ကြေကွဲ​ကာ ရဟန်း​ဘောင်​ဝင်​ရန်​ပင် စိတ်ကူး​ခဲ့​ပါ​သည်။ တက္ကသိုလ်​ရောက်​စ​အချိန်​က​လည်း အီ​တ​လီ လူ​မျိုး ဗုဒ္ဓ​ဘာသာ​ဘုန်းတော်​ကြီး ဦး​လောက​နန္ဒ​ကို ကြည်ညို​လေးစား​လှ​သ​ဖြင့် ဆရာတော်​နှင့် အတူ​လိုက်​ပြီး သာသနာပြု​လုပ်​ငန်း​များ ဆောင်ရွက်​ရန် မိ​ခင်​ထံ အခွင့်​တောင်း​ဖူး​၏။ အခွင့်​ကား မ​ရ​ခဲ့​ပေ။ သို့သော် လောကုတ္တရာ​ကိစ္စ​များ​ကို အောင်​ဆန်း ဆက်လက်​၍ ဂရု​တ​စိုက်​အလေး​ထား​ပါ​သည်။

နိုင်ငံ​ရေး​လောက​ထဲ​သို့ ခြေ​စုံ​ပစ်​ဝင်​ပြီး​နောက်​ပိုင်း​၌​ပင် သူ​နှင့် အရင်း​နှီး​ဆုံး မိတ်ဆွေ​တ​ဦး​အား သူ​၏ “သစ္စာ​တ ရား​နှင့် လုံး​ဝ​အပြစ်​ကင်း​စင်​မှု ရှာ​ပုံတော်​ဘဝ​ခရီး” အကြောင်း​နှင့် ကာယကံ၊ ဝစီကံ၊ မနောကံ​အရ ရိုး​ဖြောင့်​နိုင် ရန် သတိပြု​ကြိုးပမ်း​နေ​ကြောင်း​တို့​ကို စာရေး​၍ ရှင်း​ပြ​ဖူး​ပါ​သည်။ ခေတ်​လူ​ငယ် စိတ်​ပိုင်း​ဆိုင်​ရာ အသိ​တရား ခေါင်းပါး​နေ​သည်​ကို စိုးရိမ်​မိ​ကြောင်း၊ လောက​ဒဏ်​လှိုင်း​များ​ကို ကြံ့​ကြံ့ခိုင် ရင်ဆိုင်​တွန်း​လှန်​နိုင်​စွမ်း​မ​ရှိ​ပါ​က ထို​အသိ​တရား​များ လုံး​ဝ​ကွယ်ပျောက်​ပြီး စိတ်​ဓာတ်​ဗလ မွဲ​ပြာ​ကျ​သော​အဖြစ်​သို့ ရောက်​ရှိ​သွား​မည်​ကို စိုးရိမ်​ပူ ပန်​မိ​ကြောင်း စ​သ​ဖြင့်​လည်း ရေးသား​ထား​ပါ​သည်။

ကျောင်းသား​နိုင်ငံ​ရေး​နှင့် သခင်​များ

ကို​အောင်​ဆန်း ကျောင်းသား​နိုင်ငံ​ရေး​တွင် ပါဝင်​မှု​မှာ အစ​၌ ခပ်​ဖြေးဖြေး မှန်⁠မှန်​သာ​ဖြစ်သော်​လည်း ၁​၉​၃​၅ ခု​နှစ်​နောက်​ပိုင်း​၌ အရှိန်​အဟုန် မြင့်​မား​လာ​၏။ ထို​အချိန်​တွင် သူ​သည် ကို​နု၊ ကို​လှ​ဖေ (နောင် ဗိုလ်​လင်္ကျာ)၊ ကို​သိန်း​ဖေ၊ ကိုကျော်​ငြိမ်း၊ ကို​ရာ​ရှစ်​ကဲ့သို့​သော ပုဂ္ဂိုလ်​များ​နှင့်​အတူ စတင်​လုပ်ကိုင်​နေ​ပြီး မြန်​မာ့​လွတ်လပ်​ရေး လှုပ်ရှား​မှု​တွင် ထင်ရှား​လာ​မည့် ထို​လူ​ငယ်​များ​နှင့် အောင်​ဆန်း​တို့ လက်​တွဲ​ကာ ကျောင်းသား​များ အတော်​ပင် ဂရုပြု​ရ​မည့် နိုင်ငံ​ရေး​အင်အား​စု​တ​စု​ဖြစ်လာ​အောင် စည်း​ရုံး​ပါ​သည်။

ကို​အောင်​ဆန်း​တို့​လူစု​သည် အာဏာပိုင်​အလိုတော်​ရိ​များ လွှမ်းမိုး​ထား​သော တက္ကသိုလ်​ကျောင်းသား​သမဂ္ဂ​ကို ထိုးထွင်း​ဝင်​ရောက်​နိုင်​ရန် ကြိုးပမ်း​ခြင်း​ဖြင့် စတင်​လှုပ်ရှား​၏။ ပထမ​တွင် အောင်မြင်​မှု​သိပ်​မ​ရှိ​ခဲ့​ပေ။ ၎င်း​တို့​အထဲ​မှ ကိုကျော်​ငြိမ်း​နှင့် ကို​သိန်း​ဖေ​တို့​သာ သမဂ္ဂ​အမှုဆောင်​များ​အဖြစ် အရွေး​ချယ်​ခံ​ရ​သည်။ သို့သော် နောက် ပိုင်း​တွင် ထက်သန်​သော အမျိုးသား​ရေး​စိတ်​ဓာတ်​နှင့် ဇွဲ​လုံ့လ​တို့​၏ အကျိုး​အမြတ်​များ ထွန်းကား​လာ​၏။ တက္က သိုလ်​ကျောင်းသား​များ​၏ စိတ်​နေ​စိတ်ထား​လည်း ပြောင်း​လာ​၏။ လှုပ်ရှား​တက်​ကြွ​သော ပြည်​ချစ်​စိတ်​လွှမ်းမိုး လာ​၏။ ၁​၉​၃​၅-၃​၆ စာ​သင်​နှစ်​အတွင်း ကျောင်းသား​သမဂ္ဂ​အမှုဆောင် ရွေး​ကောက်​ပွဲ​တွင် အဓိက​နေရာ​အား လုံး အမျိုးသား​ရေး​စိတ်​ဓာတ် ထက်သန်​သော​လူ​ငယ်​များ​က ရ​ရှိ​သွား​ကြ​၏။ ကို​အောင်​ဆန်း​သည် အမှုဆောင် အဖွဲ့​ဝင်​တ​ဦး​အဖြစ် အရွေး​ခံ​ရ​ပြီး သမဂ္ဂ​မဂ္ဂဇင်း​၏ အယ်​ဒီ​တာ​လည်း ဖြစ်လာ​ပါ​သည်။


သမဂ္ဂ​မဂ္ဂဇင်း “အိုး​ဝေ”တွင် “ငရဲ​ခွေး​ကြီး လွတ်​နေ​ပြီ”ဟူ​သော ဆောင်းပါး​ကို ထည့်​သွင်းခဲ့​ခြင်း​သည် ကျယ် ပြန့်​စွာ​ထိ​ရောက်​မှု​ရှိ​ခဲ့​သည့် ၁​၉​၃​၆ ခု​နှစ် တက္ကသိုလ်​ကျောင်းသား​သပိတ်​ကို သွယ်​ဝိုက်​သော​နည်း​ဖြင့် လှုံ့ဆော် ပေး​ခြင်း​ပင် ဖြစ်​ပါ​သည်။ ဤ​ဆောင်းပါး​သည် တက္ကသိုလ်​အရာရှိ​တ​ဦး​အား ပုတ်ခတ်​တိုက်ခိုက် ရေးသား​ထား ခြင်း​ဖြစ်​သည်​ဟု အာဏာပိုင်​များ​က ယူဆ​ကာ ဆောင်းပါး​ရှင်​အမည်​ကို ဖော်​ထုတ်​ရန် အယ်​ဒီ​တာ ကို​အောင် ဆန်း​အား တောင်း​ဆို​လာ​တော့​၏။

ကို​အောင်​ဆန်း​က​လည်း ယင်း​ကဲ့​သို့ဖော်​ထုတ်​ခြင်း​သည် သတင်းစာဆရာ​ကျင့်ဝတ်​နှင့် ကိုက်​ညီ​မည်​မဟုတ်​ဟု ဆို​ကာ ငြင်းဆန်​လိုက်​၏။ အာဏာပိုင်​များ​က ယခုကဲ့သို့ ငြင်းဆန်​မှု​ကို အခွင့်​ကောင်း​ယူ​ပြီး ကို​အောင်​ဆန်း​အား ကျောင်း​မှ​ထုတ်​ပယ်​လိုက်​တော့​၏။ မ​ကြာ​သေး​မီ​က​ပင် ကို​နု​သည်​လည်း ကျောင်း​အုပ်​ကြီး​အား ပစ်⁠ပစ်​ခါ​ခါ ဝေ ဖန်​မှု​ဖြင့် ကျောင်း​ထုတ်​ခံ​ခဲ့​ရ​သော​ကြောင့် ကျောင်းသား​များ​ထဲ​တွင် မ​ကျေနပ်​မှု၊ ဒေါသ​ထွက်​မှု ပို​၍​များပြား​လာ လေ​သည်။ သို့​ဖြင့် သပိတ်မှောက်​ရန် ဆုံးဖြတ်​ကြ​ပါ​တော့​သည်။

တက္ကသိုလ်​စာ​မေး​ပွဲ​များ​စစ်​ချိန် ဖြစ်​လေ​ရာ ဤ​ဆုံးဖြတ်ချက်​မှာ အထူး​လေးနက်​သည့် ကိစ္စ​တ​ရပ်​ဖြစ်​ပါ​သည်။ သပိတ်​သ​တင်း​မှာ ချက်ချင်း​ပင် ဟို​လေး​တကျော်​ဖြစ်​သွား​လေ​သည်။ သတင်းစာ​များ​နှင့်​တ​ကွ တ​နိုင်ငံ​လုံး​က သပိတ်မှောက်​ကျောင်းသား​များ​ကို ကြင်နာ​စွာ ထောက်ခံ​ကြ​ပါ​သည်။ ဤ​ကဲ့သို့ အများ​ထောက်ခံ​မှု​ကို ရ​ယူ​နိုင် ခြင်း၊ လေးစား​လောက်​အောင် စီမံ​ကွပ်​ကဲ​နိုင်​ခြင်း၊ စည်းကမ်းရှိ​ခြင်း စ​သည်​တို့​ကြောင့် ကျောင်းသား​များ​၏ လုပ်​ရည်​ကိုင်​ရည်​နှင့် ကျောင်းသား​အင်အား​၏ တန်ခိုး​အာနိသင်​ကို လူကြီး​ပိုင်း နိုင်ငံ​ရေး​သမား​များ အသိ​အ မှတ်​ပြု​လာ​ကြ​ရ​သည်။ အစိုးရ​အနေ​ဖြင့်​လည်း သပိတ်မှောက်​သူ​များ​၏ မ​ကျေနပ်​ချက်​များ​ကို လေးနက်​စွာ မ စဉ်းစား​၍ မ​ဖြစ်​တော့​ပါ။ နောက်ဆုံး​၌ နိုင်​လူ​မင်း​ထက်​ပြု​တတ်​သော ကျောင်း​အုပ်​ကြီး​မှာ အငြိမ်းစား​ယူ​လိုက်​ရ ၏။ တက္ကသိုလ်​အက်ဥပဒေ​တွင် ကျောင်းသား​များ​ထည့်​သွင်း​လို​သော ပြင်ဆင်​ချက်​များ​ကို လေ့​လာ​ရန် ကော်​မ တီ​တ​ရပ်​ကို​လည်း ဖွဲ့​စည်း​လိုက်​ရ​ပြီး အရေး​မ​ပါ​လှ​သော တောင်း​ဆို​ချက်​များ​ကို​မူ လိုက်လျော​လိုက်​လေ​သည်။

လူ​ငယ်​အမျိုးသား​ရေး​ဝါ​ဒီ​များ​၏ နိုင်ငံ​ရေး​ဖွံ့ဖြိုး​တိုးတက်​မှု​တွင် အရေးကြီး​သည့် မှတ်တိုင်​တ​တိုင်​ဖြစ်​သော ၁​၉​၃​၆ ခု​နှစ်​သပိတ်​ကြောင့် ကို​အောင်​ဆန်း​သည်​လည်း ကျောင်းသား​ခေါင်းဆောင်​တ​ဦး​အဖြစ် လူ​သိ​များ​လာ ပါ​သည်။ သူ့​ဂုဏ်​သိက္ခာ​လည်း အရှိန်​မှန်⁠မှန်​မြင့်​မား​လာ​ပြီး ရန်ကုန်​တက္ကသိုလ်​ကျောင်းသား​သမဂ္ဂ​နှင့် သပိတ် မှောက်​ပြီး​နောက် တည်ထောင်​ခဲ့​သော မြန်မာ​နိုင်ငံ​လုံး​ဆိုင်​ရာ ကျောင်းသား​သမဂ္ဂ​တို့​၏ အမှုဆောင်​အဖွဲ့​များ တွင်​လည်း တ​ဆင့်​ထက်​တ​ဆင့် ပိုမို​အရေး​ပါသော အမှုဆောင်​နေရာ​များ​တွင် တာဝန်​ထမ်း​ဆောင်​ရ​၏။


၁​၉​၃​၈ ခု​နှစ်​တွင် သမဂ္ဂ​နှစ်​ရပ်​စလုံး​၏ ဥက္ကဋ္ဌ​ဖြစ်လာ​ပါ​သည်။ ထို​အချိန်​၌ ကို​အောင်​ဆန်း တက္ကသိုလ်​မှ ဝိဇ္စာ​ဘွဲ့ ရ​ပြီး​၍ ဥပဒေ​ဝိဇ္စာ​တန်း​တွင် တက်​ရောက်​နေ​၏။ ထို​ကဲ့သို့ ဥပဒေ​တန်း​ဆက်​တက်​နေ​ခြင်း​မှာ တက္ကသိုလ်​တွင် ဆက်လက်​နေထိုင်​လှုပ်ရှား​နိုင်​ခွင့်​ရ​ရှိ​ရန်​ဟူ​သော အကြောင်း​လည်း ပါဝင်​ပါ​သည်။ ဖြောင့်မတ်​တည်ကြည်​ခြင်း၊ ဇွဲ​လုံ့လ​ကြီး​ခြင်း၊ အလုပ်​လုပ်​နိုင်​စွမ်း​ရှိ​ခြင်း စ​သည်​တို့​ကြောင့် ကို​အောင်​ဆန်း​အနေ​ဖြင့် လေးစား​ခြင်း ခံ​ရသော် လည်း အခြား​ကျောင်းသား​ခေါင်းဆောင်​များ​ကဲ့သို့ ယဉ်ကျေး​သိမ်မွေ့​၍ ဆက်ဆံ​ရေး​ပြေပြစ်​ခြင်း​မ​ရှိ​သော လူ့​ဂွ စာ​တ​ဦး​ပင် ဖြစ်​ပါ​သည်။

သုန်သုန်​မှုန်⁠မှုန်​နေ​တတ်​ခြင်း၊ မ​သပ်ရပ်​ခြင်း၊ စိတ်​မ​ပါ​လျှင် သူ​တ​ပါး အနေ​ရ​ကြပ်​လောက်​အောင် တုံ​ဏှိ​ဘာ​ဝေ နေ​တတ်​ခြင်း၊ စိတ်ပါ​ပြန်​တော့​လည်း သူ​တ​ပါး မ​ခံ​နိုင်​လောက်​အောင် စကား​ဖောင်​ဖွဲ့​ခြင်း​နှင့် အခြား​ထောင့်​မ ကျိုး​သော အမူအကျင့်​တို့​ကြောင့် ကို​အောင်​ဆန်း မ​ကြာ​ခဏ အဝေ​ဖန်​ခံ​ရ​ပါ​သည်။ သူ​ကိုယ်တိုင်​လည်း “ရံ​ဖန် ရံ​ခါ လူ့​ယဉ်ကျေး​များ​နှင့် အသား​မ​ကျ​ခဲ့​ချေ၊ မျက်​စေ့​နောက် မြင်​ပြင်း​ကပ်​လာ​သည်။ ထို​အခါ လူ့​ယဉ်ကျေး​များ နှင့် ငါ လူ​ရိုင်း​ဟု ဇာတိ​ခွဲ​ပစ်​ချင်​သည့် စိတ်​များ​ရှိ​လာ​သည်” ဟု ရေးသား​ခဲ့​ဖူး​၏။ သို့သော် လူ​ရိုင်း​များ​ကို အောင် ဆန်း​မြင်​ပုံ​မှာ စိတ်ကူး​ယဉ်​ဆန်​၏။ ရိုး​ဖြောင့်​တည်ကြည်၊ ကျန်းမာ​သန်စွမ်း​ပြီး၊ လွတ်လပ်​ချမ်းသာ​စွာ နေထိုင်​သူ များ​ဟု သူ​က အမွှန်း​တင်​ထား​ခြင်း​ပင်​ဖြစ်​ပါ​သည်။

၁​၉​၃​၈ ခု​နှစ်​တွင် ကို​အောင်​ဆန်း​သည် ၁​၉​၃​၀ ခု​နှစ် ကုလား-ဗမာ​အဓိကရုဏ်း​မှ မြစ်ဖျား​ခံ​သော ဒို့​ဗမာ​အစည်း အရုံး​ထဲ​သို့ ဝင်​ရောက်​လှုပ်ရှား​နိုင်​ရန် တက္ကသိုလ်​မှ ထွက်​လိုက်​ပါ​သည်။ ထို​အစည်း​အရုံး​သည် အမျိုးသား​ရေး စိတ်​ဓာတ်​ပြင်းပြ​၍ နုပျို​တက်​ကြွ​သည့် အခြေ​ခံ​လက္ခဏာ​ရှိ​ပြီး အစည်း​အရုံး​ခေါင်းဆောင်​များ​သည် သက်ကြီး နိုင်ငံ​ရေး​သမား​များ​နှင့်​မ​တူ တမူ​ထူးခြား​ကြ​ပါ​သည်။ မျိုး​ချစ်​အရေးတော်​ပုံ​၌ ဘဝ​ကို​မြှုပ်​နှံ​ရန် အာ​သီ​သ​ပြင်းထန် နေ​သော ခေတ်​သစ်​ပညာ​တတ်​လူ​ငယ်​များ​က ထို​သက်ကြီး​နိုင်ငံ​ရေး​သမား​များ​သည် ရဲ​သင့်​သည်​လောက်​မ​ရဲ၊ မြန်မာ​ဆန်​သင့်​သည်​လောက်​မ​ဆန်၊ အခြေ​ခံ​မှ ပြောင်း​လွဲ​မှု​များ​လုပ်​ရန် ဆန္ဒ​ရှိ​သင့်​သည်​လောက်​မ​ရှိ၊ ငယ်ရွယ် သင့်​သ​လောက်​လည်း မ​ငယ်ရွယ်​ဟု ယူဆ​ကြ​ပါ​သည်။

တို့​ဗမာ​အစည်း​အရုံး​ဝင်​များ​ကို လူ​တိုင်း​က ကြိက်​ကြ​သည်​တော့​မဟုတ်​ပါ။ အချို့​က သူ​တို့​ကို က​လေ​က​ချေ ပြ ဿ​နာ​ရှာ​နေ​သော လူမိုက်​လူဆိုး​လေး​များ​ဟူ၍ အထင်​သေး​ပြီး၊ အမည်​ရှေ့​တွင် ‘သခင်’တပ်​၍ ခေါ်ဝေါ်​ခြင်း​ကို ကြီးကျယ်​သည်၊ မ​လုပ်​သင့်​မ​လုပ်​ထိုက်​ဟု ဝေဖန်​ကြ​ပါ​သည်။ ဗြိတိသျှ​အုပ်ချုပ်​ရေး​သမား​များ​ကို လက်အောက် ခံ​ဖြစ်​နေ​သော ဗမာ​တို့​က ‘သခင်’ ဟု ခေါ်​လေ့ခေါ်​ထ​ရှိ​ရာ၊ ဗမာ​များ​သည် ကျွန်​မျိုး​မဟုတ် ကိုယ့်ကို​ကိုယ် အုပ် စိုး​နိုင်​သည့် မွေး​ရာ​ပါ​အခွင့်အရေး​ရှိ​သူ​များ​ဖြစ်​ကြောင်း​ကို ရှင်း​ရှင်းလင်း​လင်း ရဲ​ရဲတင်း​တင်း ဖေါ်​ပြ​သည့်​အနေ နှင့် အစည်း​အရုံး​ဝင်​များ​က ‘သခင်’ ဘွဲ့​ကို သုံးစွဲ​ခြင်း ဖြစ်​ပါ​သည်။

အတွင်း​သဘောထား မ​တိုက်ဆိုင်​မှု​များ​ကြောင့် တို့​ဗမာ​အစည်း​အရုံး နှစ်​ခြမ်း​ကွဲ​သွား​ပါ​သည်။ သခင်​အများ​စု​ပါ ဝင်​သည့် အပိုင်း​ကို ခေါင်းဆောင်​သူ​မှာ မြန်​မာ့​စာပေ​နှင့် နိုင်ငံ​ရေး​လောက​တွင် အထင်​ကရ​ပုဂ္ဂိုလ်​ကြီး​ဖြစ်​ပြီး မူလ​က အစည်း​အရုံး​၏ နာ​ယ​က​ဖြစ်​သော ဆရာ​ကြီး​သခင်​ကိုယ်တော်​မှိုင်း ဖြစ်​ပါ​သည်။ ကို​အောင်​ဆန်း​လည်း သခင်​ကိုယ်တော်​မှိုင်း ဦးဆောင်​သည့် တို့​ဗမာ​အစည်း​အရုံး​ဝင်​တ​ဦး ဖြစ်လာ​ပါ​သည်။ ‘မှိုင်း​သခင်’ များ​အနက် ကို​နု၊ ကို​လှ​ဖေ​နှင့် ကို​သိန်း​ဖေ​တို့​အပြင် ကျောင်းသား​ခေါင်းဆောင်​များ မဟုတ်​ခဲ့သော်​လည်း မြန်​မာ့​နိုင်ငံ​ရေး တွင် ထင်ရှား​အရေး​ပါလာ​မည့် သခင်​သန်း​ထွန်း​နှင့် သခင်​စိုး​တို့​လည်း​ပါဝင်​ပါ​သည်။ မ​ကြာ​မီ သခင်​အောင်​ဆန်း သည် တို့​ဗမာ​အစည်း​အရုံး အထွေ​ထွေ​အတွင်း​ရေး​မှူး ဖြစ်လာ​ပြီး​နောက် အစည်း​အရုံး​၏ ကြေညာ​စာ​တမ်း​ကို စီ ရင်​ရေးသား​ခဲ့​ပါ​သည်။

ဦး​အောင်​ဆန်း အပိုင်း(၂)

၁​၉​၃​၈-၁​၉​၃​၉ ခု​နှစ်​များ​တွင် ‘၁​၃​၀​၀ ပြည့် အရေးတော်​ပုံ’ ဟု အမည်တွင်​မည့် အရေး​အခင်း​များ ဖြစ်ပေါ်​ခဲ့​ပါ သည်။ ရေနံ​မြေ​အလုပ်​သမား​များ ချီ​တက်​ပွဲ၊ တောင်သူ​လယ်သမား​များ ချီ​တက်​ပွဲ၊ ရဲ​၏ နံပါတ်​တုတ်​ဒဏ်​ဖြင့် ဗိုလ်​အောင်ကျော် ကျ​ဆုံး​ခဲ့​ရ​သော ကျောင်းသား​ဆန္ဒ​ပြ​ပွဲ၊ ထို​ဖြစ်​ရပ်​ကြောင့် ပေါ်ပေါက်​ရ​သော နိုင်ငံ​အဝှမ်း ကျောင်းသား​သပိတ်​များ၊ ဗမာ​တို့​နှင့် အိန္ဒိယ​အနွယ် မူ​ဆ​လင်​များ​အကြား ဖြစ်ပွား​ခဲ့​သော အဓိကရုဏ်း၊ အလုပ် သမား​များ​သပိတ်၊ ရဲ​၏ လက်​ချက်​ဖြင့် အာဇာနည် (၁​၇) ဦး ကျ​ဆုံး​ခဲ့​သော မန္တလေး​ဆန္ဒ​ပြ​ပွဲ၊ ဒေါက်​တာ​ဘမော် အစိုးရ ပြုတ်​ကျ​သွား​ခြင်း စ​သည်​တို့ တ​သီ​တ​တန်း​ကြီး ဖြစ်ပေါ်​ခဲ့​ပါ​သည်။

ဤ​အရေး​အခင်း​များ​ကြောင့် နိုင်ငံ​အတွင်း မ​ကြုံ​စဖူး မ​ငြိမ်​မ​သက် ဆူ​ဆူပွက်​ပွက်​ဖြစ်လာ​ပြီး အမျိုးသား​ရေး​လှုပ် ရှား​မှု​များ အရှိန်​အဟုန်ပြင်း​ထန်​လာ​သည်။ သို့သော် ဤ​မျှ​စိတ်​လှုပ်ရှား​ဖွယ်​ဖြစ်​ရပ်​များ အကြား​က​ပင် မြန်​မာ့ နိုင်ငံ​ရေး​၏ ကပ်​ကြီး​နှစ်​ပါး​ဖြစ်​သော ဂိုဏ်း​ဂ​ဏ​ဝါဒ​နှင့် မ​နာလို​မုန်း​တီး​ရေး​ဝါဒ​တို့​၏ ဆိုးဝါး​သော အရှိန်​ဩဇာ​များ လွှမ်းမိုး​လာ​၏။ အုပ်စု​တ​အုပ်စု၊ လူ​တ​ဦး​ချင်း​တို့​အနေ​နှင့် မိမိ​တို့​သာ​လျှင် အထိ ရောက်​ဆုံး၊ မျိုး​ချစ်​စိတ်​အထက်​သန်​ဆုံး၊ အတော်​ဆုံး​ဟူ၍ ဂုဏ်​တု၊ ဂုဏ်ပြိုင်​လုပ်​လို​သော စိတ်​ရူး များ​ဝင်​ကာ အပြန်​အလှန် စွပ်စွဲ​ပုတ်ခတ်​မှု​များ၊ ခါး​သီး​မှု​များ ပျံ့နှံ့​လာ​လေ​သည်။

ဂိုဏ်း​ဂ​ဏ​စိတ်​နှင့် မ​နာလို​ဝန်တို​စိတ်​များ​မှ ကင်း​ရှင်း​သည်​ဟု အများ​က သတ်​မှတ်ထား​သော လူ​နည်း​စု​လေး တွင် သခင်​အောင်​ဆန်း ပါဝင်​၏။ သူ​သည် လက်ဝဲ​ဝါဒ​များ​ဘက်​သို့​ယိမ်း​၍ ၁​၉​၃​၉ ခု​နှစ်​တွင် ပေါ်ပေါက်​လာ သော အချို့​က မာ့က်ဆ်​ဝါဒ လေ့​လာ​ရေး​အုပ်စု​ဟူ၍​လည်းကောင်း၊ အချို့​က ပထမ​ဦး​ဆုံး မြန်မာ​ကွန်​မြူ​နစ်​က လပ်​စည်း​ဟူ၍​လည်းကောင်း ခေါ်ဝေါ်​သည့်​အုပ်စု​ကို တည်ထောင်​ခဲ့​သူ​တ​ဦး​ဖြစ်​ပြီး၊ ထို​အုပ်စု​၏ အထွေ​ထွေ​အ တွင်း​ရေး​မှူး​အဖြစ် တာဝန်​ထမ်း​ဆောင်ခဲ့​၏။ သို့သော် သခင်​အောင်​ဆန်း​သည် ကွန်​မြူ​နစ်​ဝါဒ​ကိုသော်​လည်း ကောင်း၊ အခြား​တင်း​ကြပ်​သော ဝါဒ​များ​ကိုသော်​လည်းကောင်း၊ မ​ဆင်​မ​ခြင် အစွန်း​ရောက်​အမြင်​ဖြင့် ယုံကြည် လက်ခံ​ခြင်း​မ​ရှိ​ခဲ့​ပါ။ ကျယ်ဝန်း​ထွေပြား​သော ဆို​ရှယ်​လစ်​သီ​အို​ရီ အယူ​အဆ​အမျိုး​မျိုး​အနက် သူ့​အား​ဆွဲ​ဆောင် နိုင်​သော သဘော​တရား​များ အတော်​အတန်​ရှိ​ခဲ့​ပါ​သည်။ သို့သော် သူ​၏ အဓိက​ရည်​မှန်း​ချက်​မှာ သူ့​တိုင်း​ပြည် အတွက် လွတ်လပ်​ရေး​နှင့် စည်း​လုံး​ညီညွတ်​ရေး စွမ်း​ဆောင်​ပေး​နိုင်​မည့် အတွေး​အခေါ်​များ၊ နည်း​ဗျူဟာ​များ ကို လေ့​လာ​သုံးစွဲ​ရန်​သာ​ဖြစ်​ပါ​သည်။

၁​၉​၃​၉ ခု​နှစ် ဥရောပတိုက်​တွင် ဒုတိယ​ကမ္ဘာ​စစ်​မီး စတင်​လောင်ကျွမ်း​ပြီး များ​မ​ကြာ​မီ ‘ကို​လို​နီဝါ​ဒ​အခက်၊ လွတ်လပ်​ရေး​အချက်’ ဟု​မြင်​ကာ ‘ထွက်​ရပ်​ဂိုဏ်း​ကြီး’ တည်ထောင်​နိုင်​ရန် သခင်​အောင်​ဆန်း ကူညီ​ပေး​ခဲ့​ပါ သည်။ ဒေါက်​တာ​ဘမော်​၏ ဆင်းရဲသား​ပါ​တီ၊ ဒို့​ဗမာ​အစည်း​အရုံး၊ ကျောင်းသား​များ​နှင့် ပုဂ္ဂလိက​နိုင်ငံ​ရေး​သ မား​များ စုပေါင်း​ဖွဲ့​စည်း​လိုက်​သော ထို ‘ထွက်​ရပ်​ဂိုဏ်း​ကြီး’ သည် သခင်​အောင်​ဆန်း​၏ တီထွင်​မှု​ဖြစ်​သည်​ဟု သခင်​နု​က သတ်​မှတ်​ခဲ့​၏။ ‘ထွက်​ရပ်​ဂိုဏ်း​ကြီး’ ၏ ပြည်​သူ​လူထု​ကို တိုက်​တွန်းဆော်​ဩ​ချက်​မှာ စစ်​ပြီး​သည်​နှင့် လွတ်လပ်​ရေး​ပေး​ရန်​သဘောတူ​သော ကတိ​ရ​မှ​သာ​လျှင် ဗြိ​တိ​သျ​စစ်​ရေး​ကြိုးပမ်း​ချက်​များ​ကို ကူညီ​ပံ့ပိုး​ရ​မည်။ ဗြိတိသျှ​အစိုးရ​အနေ​နှင့် ထို​ကဲ့သို့​ကတိ​ကြေညာ​ချက်မ​ပြု​ပါ​က စစ်​ရေး​ကြိုးပမ်း​ချက်​များ​ကို အင်​တိုက်​အား​တိုက် ဆန့်ကျင်​ရ​မည်။ တုံ့​ပြန်​သည့်​အနေ​နှင့် ဗြိတိသျှ​အစိုးရ​သည် အမျိုးသား​ရေး​လှုပ်ရှား​နေ​သူ​အများ​အပြား​ကို ဖမ်း ဆီး​လိုက်​ပါ​သည်။ ၁​၉​၄​၀ ခု​နှစ် ကုန်​ဆုံး​ချိန်​၌ သခင်​ခေါင်းဆောင် အမြောက်အမြား​နှင့် ဒေါက်​တာ​ဘမော်​တို့​မှာ ထောင်​ထဲ​ရောက်​နေ​ကြ​ပေ​ပြီ။ သခင်​အောင်​ဆန်း​ကို ဖမ်းဆီး​ရန် ဝ​ရန်း​အမိန့်​ထုတ်​ခဲ့သော်​လည်း အချိန်မီ​သတိ ပေး​ချက်​ရသ​ဖြင့် သူ​သည် ခြေရာ​ဖျောက်​ကာ တိမ်းရှောင်​သွား​နိုင်​ခဲ့​သည်။

ဂျပန်​နှင့် မဟာမိတ်​ဖွဲ့​ခြင်း

သခင်​အောင်​ဆန်း​သည် လက်နက်ကိုင်​တိုက်​ပွဲ​ဆင်​နွှဲ​ရန် လို​အပ်​ကောင်း​လို​အပ်​မည်​ဟု ယူဆ​ခဲ့​သည်မှာ ကာ လ​အတန်​ကြာ​က​ပင် ဖြစ်​ပါ​သည်။ ကလေး​ဘဝ​က တိုက်​ခိုက်တော်​လှန်​ရန် စိတ်ကူး​ယဉ်​အိပ်မက်​ခဲ့သော်​လည်း လွတ်လပ်​ရေး​ကို အခြေ​ခံ​ဥပဒေ​ဘောင်​အတွင်း​မှ နိုင်ငံ​ရေး​နည်း​ဖြင့် ရ​ယူ​နိုင်​မည့် အလားအလာ​ကို အစဉ်​တ စိုက် ပယ်ထား​ခဲ့​သူမ​ဟုတ်​ပါ။ တက္ကသိုလ်​ကျောင်းသား​ဘဝ​က အစိုးရ​ဝန်​ထမ်း (ထို​စဉ်​က အိုင်​စီ​အက်၊ ဘီ​စီ အက်) စာ​မေး​ပွဲ​ဖြေ​ဆို​ကာ ၎င်း​တို့​၏​ပညာ​ရှင်​ပီ​သ​စွာ နိုင်ငံ​ရေး​လုပ်ကိုင်​မှု​နှင့် မျိုး​ချစ်​စိတ်ထက်သန်​မှု​တို့​ကြောင့် သူ​ကိုယ်တိုင်​လေးစား​သော အိန္ဒိယ​နိုင်ငံ​ရေး​သမား​အချို့​၏ န​မူ​နာ​အတိုင်း လုပ်ကိုင်​ရန်​ကို​လည်း သခင်​အောင် ဆန်း စဉ်းစား​ခဲ့​ဖူး​၏။ အများ​သိ ကျောင်းသား​ခေါင်းဆောင်​တ​ဦး ဖြစ်လာ​ပြီး​နောက်​ပိုင်း​၌ ရန်ကုန်​တက္ကသိုလ် အင်္ဂလိပ်​စာ​ပါ​မောက္ခ​အား ပေး​ပို့​သော စာ​တ​စောင်​တွင် သူ​သည် ‘ငြိမ်း​ချမ်း​သော တော်​လှန်​ရေး​သမား’ သာ ဖြစ်​သည်​ဟု ရေးသား​ခဲ့​ကြောင်း ကြားသိ​ရ​ပါ​သည်။ သို့သော်​လည်း မြန်မာ​နိုင်ငံ​အတွင်း အရေး​အခင်း​များ​၏ ဒီ ရေ​လှိုင်း​သည် သူ့​အား သဘောထား​ပြောင်းလဲ​စေ​ခဲ့​သည်။ ၁​၉​၄​၀ ခု​နှစ်​က သူ​၏ တွေးခေါ်​ပုံ​ကို အောက်​ပါ​အ တိုင်း ရှင်း​ပြ​ထား​ပါ​သည်။

“ကျနော်​တ​ဦး​ချင်း​အနေ​နှင့်​ကား ကျနော်​တို့​၏ အရေးတော်​ပုံ​အတွက် ကမ္ဘာ့​ဝါဒ​ဖြန့်​မှု​နှင့် ကမ္ဘာ့​အကူအညီ​လို သည်မှာ မှန်သော်​လည်း အဓိက​လုပ်​ငန်း​မှာ ပြည်​တွင်း​တွင်​သာ​ရှိ​သည်။ အဓိက​လုပ်​ငန်း​မှာ အမျိုးသား​ရေး တိုက်​ပွဲ​အတွက် ပြည်​သူ​လူထု​ကို စည်း​ရုံး​ရန်​ဖြစ်​သည်​ဟု ယူဆ​ခဲ့​သည်။ ကျနော့်​မှာ​လည်း အကြမ်း​ဖျဉ်း​အစီ​အ စဉ်​တ​ခု​ရှိ​ခဲ့​သည်။ ၎င်း​အစီ​အစဉ်​မှာ ဗြိတိသျှ​နယ်​ချဲ့​စနစ်​ကို တ​ပြည်​လုံး​တွင် ဆန့်ကျင်​ရန်၊ ဤ​လှုပ်ရှား​မှု​ကို ကမ္ဘာ့​အခြေအနေ ဗ​မာ့​အခြေအနေ​နှင့်​အညီ တ​ဆ​တ​ဆတိုး​ချဲ့​ရန်၊ မြို့​နေ​အလုပ်​သမား တော​နေ​အလုပ်​သ မား​တို့​၏ ဒေသ​အလိုက်​သပိတ်​များ​မှ​စ​၍ အထွေ​ထွေ​သပိတ်​များ၊ အခွန်​အခ​ပေး​ရေး​သပိတ်​များ​အထိ တိုး​ချဲ့ ဆင်​နွှဲ​ရန်၊ တက်​ကြွလာ​သော ဝါဒ​ဖြန့်ချိ​မှု​များ​ဖြစ်​သည့် လူထု​ဆန္ဒ​ပြ​ပွဲ​များ ချီ​တက်​ပွဲ​များ​မှ​စ​၍ ပြည်​သူ​တို့​၏ အာ ဏာ​ဖီဆန်​ရေး​တိုက်​ပွဲ​အထိ ဆက်လက်​ဆင်​နွှဲ​ရန်၊ စီးပွား​ရေး​အရ​တွင်​လည်း ဗြိတိသျှ​ကုန်​ပစ္စည်း​များ​ကို သပိတ် မှောက်​ရာ​မှ​စ​၍ လူထု​နှင့်​ချီ​၍ အခွန်​မ​ပေး​ရေး​တိုက်​ပွဲ​အထိ ဆင်​နွှဲ​ရန် စစ်​ဖက်​အုပ်ချုပ်​ရေး​ဖက်​နှင့် ပုလိပ်​ဖက် ကင်းစ​ခန်း​များ ဆက်​သွယ်​ရေး​လမ်းကြောင်း​များ​ကို ပြောက်ကျား​နည်း​နှင့် ဝင်​ရောက်​တိုက်ခိုက်​၍ ဗမာ​ပြည်​အ တွင်း ဗြိတိသျှ​အုပ်ချုပ်​မှု​စနစ်​ကို လုံး​ဝ​သွက်ချာ​ပါဒ​လိုက်​သည်​အထိ တိုက်​ပွဲ​ဆင်​နွှဲ​ရန်၊ ထို​အခါ ကမ္ဘာ​ဖြစ်ပေါ်​တိုး တက်​မှု​နှင့် တပြိုင်နက် နောက်ဆုံးပိတ်​အာဏာ​သိမ်း​ပွဲ​ကို ဆင်​နွှဲ​ရန် အစီ​အစဉ်​ပင်​ဖြစ်​သည်။ ဗြိတိသျှ​အစိုးရ​၏ လက်နက်ကိုင်​တပ်​များ၊ အထူးသဖြင့် ဗြိတိသျှ​လူ​မျိုး​မဟုတ်​သော တပ်​များ​သည် ကျနော်​တို့​ဘက်​သို့ ကူး ပြောင်း​လာ​ကြ​လိမ့်​မည်​ဟု​လည်း ကျနော်​တွက်​ခဲ့​သည်။ ဤ​အစီ​အစဉ်​တွင် ဂျပန်​များ ဝင်​ရောက်​တိုက်ခိုက်​မှု​ကို လည်း မှန်း​ဆ​ခဲ့​သည်။ သို့သော် ဤ​နေရာ​တွင် ကျနော်​မှာ ရှင်းလင်း​သော​အမြင် မ​ရှိ​ခဲ့​ပေ။ ထို​အခါ​က ကျနော် တို့​အထဲ​မှ မည်​သူ​မျှ ရှင်း​ရှင်းလင်း​လင်း​မ​ရှိ​ခဲ့။ သို့သော် ယခု​ဖြစ်​ပျက်​ပြီး​သွား​သည့်​အခါ​တွင်​ကား လူ​အချို့​အနေ နှင့် ကျန်​လူ​များ​ထက်​ပို​၍ သိမြင်​ခဲ့​ဟန် ဟန်ဆောင်​ကောင်း ဆောင်​ကြ​မည်။)”

အထက်​ပါ​အကြံအစည်​များ​မှာ သူ​၏ “ကြီးမား​သော​အစီ​အစဉ်” သာ​ဖြစ်​ကြောင်း သခင်​အောင်​ဆန်း ဝန်ခံ​ခဲ့​ပါ သည်။ သူ​၏ ရဲဘော်​ရဲ​ဘက်​များ​တွင် ထို​စီမံ​ကိန်း​ကို ထောက်ခံ​သူ မ​များ​လှ​ပါ။ ထို​ကဲ့သို့​မ​ထောက်ခံ​ခြင်း​မှာ သ ခင်​အောင်​ဆန်း​အမြင်​အရ “ကျနော်​တို့​မှာ ဓန​ရှင်​ပေါက်​စ ဇာတိ​ရှိ​သူ​များ​ဖြစ်​ရာ စဉ်းစား​ရာ ပြောဆို​ရာ​တွင် ရဲ ရင့်​သ​လောက်၊ ပြတ်သား​သော ဆောင်ရွက်​ချက်​ကို​လုပ်​ရာ​၌ တွန့်​ဆုတ်​လေ့​ရှိ​ကြ​လေ​သည်။ ပြည်​သူ​လူထု​ကို နှိုး​ဆွ​ရ​မည့်​လုပ်​ငန်း ကြာရှည်​ခက်ခဲ​မည်​ကို​လည်း စိတ်​မ​ရှည်​ကြ​ပေ။ ကျနော်​တို့​အများ​စု​မှာ လူထု​တိုက်​ပွဲ​အ ကြောင်း ပြောဟော​ကြသော်​လည်း လူထု​တိုက်​ပွဲ အကျိုး​အာနိသင်​ကို သဘော​မ​ပေါက်​ကြ” စ​သည်​တို့​ကြောင့် ပင် ဖြစ်​ပါ​သည်။ သို့သော် သခင်​အောင်​ဆန်း​သည် အမျိုးသား​ရေး​ဝါ​ဒီ​များ ပြောက်ကျား​တိုက်​ပွဲ​ဆင်​နွှဲ​နိုင်​ရန် လက်နက်​များ​ရှိ​ရန်လို​သည်​ဟူ​သော ထင်မြင်​ချက်​ကို အခိုင်​အမာ ဆက်လက်​ဆုပ်​ကိုင်​ထား​ပါ​သည်။ နောက်ဆုံး တွင် ၎င်း​တို့​အနက်​မှ တ​ဦးဦး မြန်မာ​ပြည်​ပြင်​ပ​သို့​သွား​ပြီး အကူအညီ၊ အထောက်​အပံ့​နှင့် လက်နက်​များ​ရှာ​ရန် ဆုံးဖြတ်​လိုက်​ပါ​သည်။ “ထို​အခါ​က ကျနော်​တ​ဦး​တည်း​သာ မြေ​အောက်​၌ နေ⁠နေ​ရ​သော​ကြောင့် ထိုသို့​သွား​ရန် ကျနော့်​ကို​ရွေးချယ်​ခဲ့​ကြ​လေ​သည်” ဟု သခင်​အောင်​ဆန်း မှတ်တမ်း​တင်​ခဲ့​ပါ​သည်။

၁​၉​၄​၀ ခု​နှစ် ဩဂုတ်​လ​တွင် သခင်​အောင်​ဆန်း​နှင့် သခင်​လှ​မြိင် (နောင်​အခါ ဗိုလ်​ရန်​အောင်​ဟု​ထင်ရှား​သူ)တို့ မြန်မာ​ပြည်​မှ ဟိုင်​လီ​အမည်​ရှိ သင်္ဘော​နှင့် ထွက်​ခွာ​ခဲ့​ရာ တရုတ်​နိုင်ငံ အမွိုင်​မြို့​ရှိ ‘အပြည်​ပြည်​ဆိုင်​ရာ​ဒေသ’ ဖြစ်​သော ကူ​လန်​စု​သို့ ရောက်​သွား​ကြ​ပါ​သည်။ ထို​နေရာ​၌ သူ​တို့​နှစ်​ဦး လ​အနည်းငယ်​မျှ သောင်တင်​နေ​ပြီး တ ရုတ်​ကွန်​မြူ​နစ်​များ​နှင့် ဆက်​သွယ်​ရန် ကြိး​စား​ချက်​များ​လည်း အောင်မြင်​ခြင်း​မ​ရှိ​ခဲ့​ပါ။ တရုတ်​ကွန်​မြူ​နစ်​များ​နှင့် အဆက်​အသွယ် မ​လုပ်​နိုင်​ခဲ့သော်​လည်း ဂျပန်​ကိုယ်စားလှယ်​တ​ဦး သူ​တို့​အား ချဉ်းကပ်​ပြီး ဂျပန်​တပ်​မတော် အရာရှိ​တ​ဦး​ဖြစ်​သူ ဗိုလ်​မှူး​ကြီး​စူ​ဇူ​ကီ​ကေ​အီ​ဂျီ​နှင့်​တွေ့​ရန် တို​ကျို​သို့ လေ​ယာဉ်​နှင့်​ပို့​လိုက်​ပါ​သည်။ ထို​ဗိုလ်​မှူး​ကြီး သည် နောင်​အခါ​၌ ‘မြန်မာ​ပြည်​လွတ်လပ်​ရေး​ကို ကူညီ​ရန်​နှင့် တရုတ်​မြန်မာ​လမ်းမ​ကြီး​ကို ပိတ်​ဆို့​ရန်’ ရည် ရွယ်​ချက်​များ​နှင့် တည်ထောင်​သော မီ​နာ​မီ​ကီ​ကန် လျှို့​ဝှက်​အသင်း​၏ ခေါင်းဆောင်​အဖြစ် ထင်ရှား​မည့်​သူ​ဖြစ် ပါ​သည်။

မြန်မာ​နိုင်ငံ​ရေး​သမား​များ​နှင့် ဂျပန်​တို့​အကြား​အဆက်​အသွယ်​ရှိ​ခြင်း​မှာ အသစ်​အဆန်း​မဟုတ်​ချေ။ ဒေါက်​တာ ဘမော်​နေရာ​၌ ဝန်ကြီး​ချုပ်​ဖြစ်လာ​သော ဦး​စော​သည် ဂျပန်​ထောက်ပံ့​မှု​ကြောင့် ချမ်းသာ​ကြွယ်​ဝ​လာ​သူ​ဟူ၍ နာမည်​ထွက်​ခဲ့​ပါ​သည်။ ဒေါက်​တာ​ဘမော်​ကိုယ်တိုင်​လည်း ‘ထွက်​ရပ်​ဂိုဏ်း’ အတွက် ဂျပန်​တို့​ထံ​မှ အကူအညီ ရှာ​ခဲ့​ပါ​သည်။ ဒေါက်​တာ​ဘမော်​၏ အစိုးရ​အတွင်း ဝန်ကြီး​တ​ဦး​ဖြစ်​ခဲ့​သော ဝါ​ရင့်​နိုင်ငံ​ရေး​သမား​ကြီး ဒေါက်​တာ သိမ်း​မောင်​က​မူ ဂျပန်​သို့ အလည်​အပတ်​သွား​ရောက်​ခဲ့​ပြီး ဂျပန်-ဗမာ ချစ်​ကြည်​ရေး​အသင်း​ကို ရှေ့ဆောင် တည်ထောင်​ခဲ့​ပါ​သည်။ ၁​၉​၄​၀ ခု​နှစ်​လယ်​တွင် ဗိုလ်​မှူး​ကြီး​စူ​ဇူ​ကီး မြန်မာ​ပြည်​သို့ အလည်​ရောက်​စဉ်​က ဒေါက် တာ​သိမ်း​မောင်​နှင့် တွေ့​ခဲ့​၏။ ဤ​တွေ့​ဆုံ​ဆက်​သွယ်​မှု​မှ​တ​ဆင့် ဂျပန်​များ​က အမွိုင်​ရောက် သခင်​နှစ်​ဦး​အား ရှာဖွေ​တွေ့​ရှိ​နိုင်​ခဲ့​ခြင်း ဖြစ်​ပါ​သည်။

‘ထွက်​ရပ်​ဂိုဏ်း’ ဝင်​များ​အနက် ဂျပန်​အကူအညီ လက်ခံ​သင့်၊ မ​ခံ​သင့်​နှင့်​ပတ်သက်​၍ စိတ်သဘော​ထား​ကွဲပြား မှု​များ ရှိ​နေ​ခဲ့​ပါ​သည်။ ကွန်​မြူ​နစ်​များ(၎င်း​တို့​အနက်​အထင်​ရှား​ဆုံး​မှာ သခင်​စိုး၊ သခင်​ဗ​ဟိန်း၊ သခင်​သန်း​ထွန်း နှင့် သခင်​သိန်း​ဖေ) က အထူးသဖြင့် ဖက်​ဆစ်​ဂျပန်​နှင့် ပူးပေါင်း​ဆောင်ရွက်​ရေး​ကို ဆန့်ကျင်​ကြ​သည်။ သခင် အောင်​ဆန်း​ကတော့ အကူအညီ​ကို ရ​သည့်​နေရာ​မှ​ယူ​ပြီး အခြေအနေ​များ မည်​ကဲ့သို့ ပြောင်းလဲ​ဖြစ်ပေါ်​လာ မည်​ကို စောင့်​ကြည့်​သင့်​သည်​ဟု လက်တွေ့​အကျိုး​ဖြစ်​မည့် နည်း​လမ်း​အမြင် အယူ​အဆ​ကို စွဲကိုင်​ခဲ့​၏။ သို့ သော် သူ​၏ စကား​အတိုင်း​ဆို​ရ​လျှင် သူ​သည် ဂျပန်​တို့​နှင့် ပူးပေါင်း​ခြင်း​ကြောင့် နောင်​ဖြစ်ပေါ်​လာ​မည့် အကျိုး ဆက်​များ​ကို အသေ​အချာ ရှင်း​ရှင်းလင်း​လင်း​တွက်​ဆ​ခဲ့​ပုံ​မပေါ်။

တို​ကျို​တွင် သခင်​အောင်​ဆန်း​နှင့် ဗိုလ်​မှူး​ကြီး​စူ​ဇူ​ကီး​တို့​နှစ်​ဦး နားလည်​မှု​ယူ​နိုင်​ခဲ့​ကြ​၏။ သို့သော် နှစ်​ဦး​နှစ်​ဖက် လုံး​တွင် ထိန်​ချန်​ထား​သော သဘော​မ​တွေ့​မှု​လေး​များ ရှိ​ခဲ့​ပုံ​ရ​ပါ​သည်။ ဗိုလ်​မှူး​ကြီး​စူ​ဇူ​ကီး​သည် သခင်​အောင် ဆန်း​၏ ဖြောင့်မတ်​တည်ကြည်​မှု​နှင့် မျိုး​ချစ်​စိတ်​တို့​ကို လေး​စားသော်​လည်း ‘သူ​၏ နိုင်ငံ​ရေး​အတွေး​အခေါ်​များ မ​ရင့်​ကျက်​လှ​သေး’ ဟု ထင်မြင်​၏။ ဤ​ဝေဖန်​ချက်​သည် ထို​စဉ်​က​အနေအထား​အရ ဓမ္မ​ဓိ​ဠာန်​မ​ကျ​ဟု မ​ဆို​နိုင် ပါ။ သခင်​အောင်​ဆန်း ကိုယ်တိုင်​ရေး​ခဲ့​သည်မှာ သူ​နှင့် သူ့​ရဲဘော်​ရဲ​ဘက်​တို့ ဂျပန်​များ​အား မြန်မာ​နိုင်ငံ​ကို ဝင် ရောက်​သိမ်းပိုက်​ရန် ဖိတ်ခေါ်​သကဲ့သို့ ဖြစ်​ရ​သည်မှာ “ဖက်​ဆစ်​စနစ်​ကို လိုလား​၍​မဟုတ်၊ ကျနော်​တို့​၏ လူပါး မ​ဝ​မှု​ကြောင့်၊ ဓန​ရှင်​ပေါက်​စ စိုးရိမ်​မှု​ကြောင့်​တို့​သာ ဖြစ်​လေ​သည်။”

သူ​သည် ဂျပန်​ပြည်​သို့​အသွား​၌ စိုးရိမ်​ကြောင့်ကြ​စိတ်​များ ဖြစ်ပေါ်​ခဲ့​သည်။ ရောက်​သွား​သော​အခါ သူ​စိုးရိမ်​ခဲ့ သ​လောက် မ​ဆိုး​လှ​သ​ဖြင့် စိတ်သက်သာ​ရာ​ရသော်​လည်း စိတ်​မ​ချ​ဖွယ်၊ မနှစ်​သက်​ဖွယ် ကိစ္စ​လေး​များ ကျန် လျက်​ရှိ​နေ​ပါ​သည်။ ဂျပန်​လူ​မျိုး​တို့​၏ မျိုး​ချစ်​စိတ်၊ သန့်ပြန့်​စွာ​နေထိုင်​ပုံ​နှင့် ကိုယ့်​အလို​ကိုယ်​မ​လိုက်၊ ခြိုး​ခြိုးခြံ​ခြံ နေ​နိုင်​သော အရည်အချင်း​တို့​ကို သခင်​အောင်​ဆန်း လေး​စားသော်​လည်း ၎င်း​တို့​၏ စစ်​ဝါ​ဒီ​ဆန်​သော သဘော ထား​အချို့​၏ ရိုင်းစိုင်း​ကြမ်း​ကြု​ုတ်​မှု​ကို သူ မနှစ်​မြို့​သည့်​အပြင် ဂျပန်​များ အမျိုးသမီး​တို့​အပေါ်​ဆက်ဆံ​ပုံ​မှာ သူ့ အမြင်​တွင် အံ့ဩ​ထိတ်လန့်​ဖွယ်ရာ ဖြစ်​နေ​၏။

၁​၉​၄​၁ ခု​နှစ် ဖေဖော်ဝါရီ​လ​တွင် သခင်​အောင်​ဆန်း​သည် တရုတ်​သင်္ဘောသား​အသွင်​ဖြင့် မြန်မာ​ပြည်​သို့ ပြန် ရောက်လာ​လေ​သည်။ သူ​မှ​တ​ဆင့် ဂျပန်​တို့​ကမ်းလှမ်း​လိုက်​သည့် သဘောတူ​ညီ​ချက်​အရ၊ တော်​လှန်​ပုန်ကန် ရန် လက်နက်​များ​နှင့် ငွေ​ကြေး​ထောက်ပံ့​မည်​ဟု မြန်မာ​တို့​က နားလည်​ခဲ့​၏။ ထို့​ပြင် လက်ရွေး​စင်​လူ​ငယ်​တ​စု ကို စစ်​သင်​တန်း​ပေး​မည်။ ထို​လူ​ငယ်​များ​ကို မြန်မာ​နိုင်ငံ​မှ ခိုး​ထုတ်​သွား​ရန် လို​ပေ​မည်။ သခင်​အောင်​ဆန်း မြန် မာ​ပြည်​၌ ကြာမြင့်​စွာ​မ​နေ​ပါ။ ဂျပန်​သို့ သခင်​လှ​ဖေ​နှင့် အခြား​လူ​ငယ်​သုံး​ဦး​တို့​နှင့်​အတူ ပြန်သွား​ပါ​သည်။ ထို အုပ်စု​မှာ ‘ရဲဘော်​သုံး​ကျိပ်’ ၏ ရှေ့ပြေး​တပ်ဦး ဖြစ်​ပါ​သည်။ နောင် ဗ​မာ့​လွတ်လပ်​ရေး​တပ်​မတော်​၏ မဏ္ဍိုင်​သ ဖွယ်​ဖြစ်လာ​မည့် ဤ​ရဲဘော်​သုံး​ကျိပ်​ဝင် ပုဂ္ဂိုလ်​များ​ကို​ရွေးချယ်​ရာ​၌ အလွယ်​တ​ကူ​လိုက်​ပါ​နိုင်​မှု​နှင့် သခင်​ပါ​တီ အတွင်း​ရှိ ဂိုဏ်း​ဂ​ဏ​အသီး​သီး​က ကျေနပ်​လက်ခံ​နိုင်​မှု​တို့​အပေါ် မူ​တည်​ခဲ့​သ​ဖြင့် အကျဉ်း​ကျ​ခံ​နေ​ရ​သော အ မျိုး​သား​ရေး​ခေါင်းဆောင်​များ မ​ပါ​ဖြစ်​သည့်​အပြင် နောင် အချင်းချင်း​အကြား စိတ်​ဝမ်း​ကွဲ​စေ​မည့် မျိုးစေ့​ကို ပျိုး လိုက်​သကဲ့သို့​လည်း ဖြစ်​သွား​ပါ​သည်။

ရဲဘော်​သုံး​ကျိပ်​သည် ဟိုင်​နန်​ကျွန်း​၌ ပင်ပန်း​ကြီး​စွာ စစ်​ပညာသင်​ယူ​ရ​ပါ​သည်။ ၎င်း​တို့​အနက် သခင်​အောင် ဆန်း၊ သခင်​လှ​ဖေ (ဗိုလ်​လင်္ကျာ)၊ သခင်​အောင်​သန်း(ဗိုလ်​စင်္ကြာ)နှင့် သခင်​ထွန်း​အုပ်​တို့​ကို စစ်​ဌာန​ဦးစီး​ကွပ် ကဲ​ရေး​နှင့် အုပ်ချုပ်​ရေး​တို့​ကို အထူး​လေ့​လာ​ရန် ရွေးချယ်​လိုက်​ပါ​သည်။ သခင်​ပါ​တီ အုပ်စု​တ​စု​ကို ကိုယ်စား​ပြု သော သခင်​ထွန်း​အုပ်​အား နိုင်ငံ​ရေး​ခေါင်းဆောင်​တင်​မြှောက်​လိုက်​၏။ သို့သော်​လည်း သခင်​အောင်​ဆန်း သည် ရဲဘော်​သုံး​ကျိပ်​၏ ခေါင်းဆောင်​အဖြစ် ထင်​ထင်ရှား​ရှား ပေါ်ထွက်​လာ​သည်။ ဗ​မာ့​လွတ်လပ်​ရေး​တပ်မ တော် ဖွဲ့​သော​အခါ​၌​လည်း တပ်​မတော်​၏ ပြိုင်ဘက်​မ​ရှိ​ခေါင်းဆောင် ဖြစ်လာ​လေ​သည်။ သခင်​အောင်​ဆန်း သည် ကိုယ်​ခန္ဓာ​ညှက်​ပြီး အား​ကောင်း​သန်မာ​လှ​ခြင်း​မ​ရှိသော်​လည်း တိုက်​ရေး​ခိုက်​ရေး​ကျွမ်းကျင်​ကာ သတ္တိရှိ ၍ အပင်​ပန်း​ခံ​နိုင်​သော စစ်​သား​တ​ဦး​ဖြစ်လာ​၏။

သူ့​အား လူ​မှု​ဆက်ဆံ​ရေး​ညံ့​ဖျင်း​သည်​ဟု စွပ်စွဲ​ချက်​များ​ရှိ​ခဲ့သော်​လည်း ရဲဘော်​များ ကိုယ်​ပင်ပန်း၊ စိတ်​ပင်ပန်း ဖြစ်​နေ​ချိန်​များ​တွင် စိတ်​ဓာတ်​ပြန်လည်​တက်​ကြွလာ​စေ​ရန် အားပေး​ခြင်း၊ အငယ်​ဆုံး​ရဲဘော်​များ​ကို အထူး​ဂရု စိုက်​ခြင်း၊ စစ်​သင်​တန်းသား​ဘဝ​၏ က​ရိ​က​ထ​များ​ကြောင့်​လည်းကောင်း၊ ဂျပန်​များ​ကြောင့်​လည်းကောင်း၊ နာ ကျည်း​စိတ်​များ ဆူပွက်​လာ​ချိန်​တွင် စိတ်​လိုက်​မာန်​ပါ​မ​လုပ်​ရန် အကြံပေး​တိုက်တွန်း​ခြင်း စ​သည်​တို့​ကို သူ စွမ်း ဆောင်​နိုင်​ခဲ့​သည်။ လူ​ငယ်​စစ်​သင်​တန်းသား​များ​သည် ဂျပန်​နည်း​ပြ​ဆရာ​အချို့​ကို လေးစား​ချစ်ခင်​ကြသော် လည်း၊ ဂျပန်​စိတ်​နေ​သဘောထား​အချို့​ကို​မူ များ​စွာ​မနှစ်​မြို့​ရကား ၁​၉​၄​၁ ခု​နှစ်​ကုန်​ပိုင်း မြန်မာ​ပြည်​တွင်း​သို့ မ​ချီ​တက်​မီ​က​ပင် ဗမာ​နှင့် ဂျပန်​တို့​အကြား ကတောက်​က​ဆ​ဖြစ်​မှု​များ စ​တင်ပေါ်​ပေါက်​ခဲ့​သည်။

ဟိုင်​နန်​သင်​တန်း​ကျောင်း​ဆင်း​များ၊ ထိုင်း​နိုင်ငံ​နေ မြန်မာ​များ​နှင့် မီ​နာ​မီ​အဖွဲ့​ဝင်​များ​ပါဝင်​သော ဗ​မာ့​လွတ်လပ် ရေး​တပ်​မတော်​ကို ၁​၉​၄​၁ ခု​နှစ် ဒီဇင်ဘာ​လ​တွင် ဘန်​ကောက်​မြို့​၌ တရားဝင်​ဖွဲ့​စည်း​လိုက်​၏။ စူ​ဇူ​ကီး​သည် ဗိုလ်​ချုပ်​ကြီး​ရာထူး​ဖြင့် တပ်​မတော်​အကြီးအကဲ​ဖြစ်လာ​ပြီး အောင်​ဆန်း​သည် ဗိုလ်​ချုပ်​ရာထူး​နှင့် စစ်​ဦးစီး​ချုပ် ဖြစ်လာ​ပါ​သည်။ အပျံ​သင်​စ တပ်​မတော်​အဖွဲ့​ဝင်​များ​သည် သစ္စာရေ​သောက်​ပြီး အရာရှိ​များ​က သူရဲကောင်း ဆန်​သော ပါဠိ​အမည်​များ​ကို ခံယူ​ကြ​ပါ​သည်။ စူ​ဇူ​ကီး​သည် ဗိုလ်​မိုးကြိုး​ဖြစ်လာ​ပြီး၊ အောင်​ဆန်း​သည် ဗိုလ်​တေ ဇ ဖြစ်လာ​သည်။ မိမိ​တို့​အမည်​သစ်​များ​နှင့် ထင်ရှား​လာ​မည့် ရဲဘော်​သုံး​ကျိပ်​ဝင်​များ​အနက် ဗိုလ်​လင်္ကျာ၊ ဗိုလ် စင်္ကြာ၊ ဗိုလ်​ဇေ​ယျ၊ ဗိုလ်​နေ​ဝင်း၊ ဗိုလ်​ရန်​နိုင်၊ ဗိုလ်ကျော်​ဇော စ​သည်​တို့ ပါဝင်​ပါ​သည်။ ‘ဗိုလ်​ချုပ်​တေ​ဇ’ က​မူ ကျောင်းသား​ခေါင်းဆောင်​နှင့် သခင်​ခေါင်းဆောင်​အဖြစ် တိုင်း​ပြည်​က​သိ​ခဲ့​သော အောင်​ဆန်း​အမည်​ကို​သာ ပြန်လည်​သုံးစွဲ​ကာ ‘ဗိုလ်​ချုပ်​အောင်​ဆန်း’ ဟူ၍ ပြည်​သူ​တို့ အမြတ်တနိုး​ထား​သော အာဇာနည်​သူရဲကောင်း​အ ဖြစ် ထင်ပေါ်​လာ​ပါ​သည်။

ဗ​မာ့​လွတ်လပ်​ရေး​တပ်​မတော် ဂျပန်​များ​နှင့် ရင်​ဘောင်​တန်း​၍ မြန်မာ​ပြည်​တွင်း​သို့ ချီ​တက်​လာ​ခြင်း​သည် မြန် မာ​များ​အတွက် ဂုဏ်​ယူ​ဖွယ် ပျော်​ရွှင်​ဖွယ်​ဖြစ်​ပါ​သည်။ ကျ​ဆင်း​နေ​သော မိမိ​တို့​၏​အမျိုးသား​ဂုဏ်​သိက္ခာ​ကို ပြန် လည်​မြှင့်​တင်​ပေးလိုက်​သကဲ့သို့ ဖြစ်​သွား​ပါ​သည်။ သို့သော် ဗိုလ်​ချုပ်​အောင်​ဆန်း​နှင့်​သူ​၏ ရဲဘော်​ရဲ​ဘက်​အချို့ က ရှေ့​တွင်​ပြဿနာ​များ​ရှိ​မည်​ကို သိ​နှင့်​ကြ​ပြီ။ ဘန်​ကောက်​မှာ ရှိ​နေ​စဉ်​က​ပင် မြန်မာ​ပြည်​တွင်း​သို့ ဂျပန်​များ ဝင်​လာ​သော​အခါ နိုင်ငံ​အတွင်း​ရှိ အမျိုးသား​ရေး​ခေါင်းဆောင်​များ​၏ စီမံ​လုပ်ဆောင်​ချက်​ဖြင့် လွတ်လပ်​ရေး ကြေညာ​ပြီး နိုင်ငံ​၌ ရင်ဆိုင်​ရ​မည့် အခြေအနေ​ကို စီစဉ်​ရန် ကြိုးစား​ခဲ့​ကြောင်း ဗိုလ်​ချုပ်​အောင်​ဆန်း မှတ်တမ်း တင်​ခဲ့​၏။ ထို​ကဲ့သို့ မ​ဆောင်ရွက်​နိုင်​ပါ​က ပြည်​သူ​လူထု​ကို စည်း​ရုံး​လှုံ့ဆော်​ကာ မြေ​အောက်တော်​လှန်​ရေး စ တင်​ထား​ခြင်း​ဖြင့် ကျူးကျော်​ဝင်​ရောက်လာ​သူ​များ ခြေ​ကုပ်​မ​ရ​နိုင်​အောင် အခြေအနေ​ဖန်တီး​ရန် ဖြစ်​၏။ သို့ သော် မြန်မာ​နိုင်ငံ​မှာ က​မောက်​က​မ​ဖြစ်​နေ​ပြီး နိုင်ငံ​ရေး​သမား​အများ​စု​လည်း ထောင်​သွင်း​အကျဉ်းချ​ခံ​ဘဝ ရောက်​နေ​ကြ​ရာ အစီ​အစဉ်​နှစ်​ခု​လုံး လက်တွေ့​ကျ​ကျ အကောင်​အထည်ဖော်​ရန် မ​ဖြစ်​နိုင်​ပါ။ ဂျပန်​များ​လည်း မြန်မာ​ပြည်​ကို ဝင်​ရောက်​သိမ်းပိုက်​လိုက်​ပါ​သည်။

ဂျပန်​ခေတ်​ကား အထင်​အမြင်​ကြီး​ခဲ့​သ​မျှ ပြို​ကွဲ​ရ​ပြီး မ​သေ​ချ​မ​ရေရာ​မှု​များ​နှင့် ဒုက္ခ​ပေါင်း​စုံ​ဖြစ်​နေ​သော ကာလ ဖြစ်​ပါ​သည်။ ဗြိတိသျှ​တို့​ထံ​မှ လွတ်လပ်​ရေး​ရ​မည်​ဟု မျှော်​မှန်း​ခဲ့​သူ​များ​သည် အာ​ရှ​တိုက်​သားချင်း​၏ ဖ​နောင့် အောက်​သာ ရောက်​ရ​ကြောင်း သိ​လာ​သော​အခါ အကြေ​ကွဲ​ကြီး ကြေကွဲ​ခဲ့​ရ​၏။ အများ​က လွတ်လပ်​ရေး​ပေး မည့် ကယ်တင်​ရှင်​များ​အဖြစ် ကြိုဆို​ခဲ့​သော နိ​ပွန်​စစ်​သား​များ​သည် လူ​ကြိုက်​မ​များ​သော ဗြိတိသျှ​တို့​ထက်​ပင် ဆိုးဝါး​သည်​ကို တွေ့​ရ​တော့​၏။ တ​နေ့​တခြား စက်ဆုပ်​ဖွယ်ရာ​ဖြစ်​ရပ်​များ တိုးပွား​လာ​လေ​သည်။ ‘ကင်​ပေ​အိ’ (စစ်​ပုလိပ်) ဟူ​သော အမည်​သည် ကြောက်မက်​ဖွယ်ရာ ဝေါဟာရ​ဖြစ်လာ​သည်။ လူ​များ အစအန​မ​ကျန် ပျောက်​သွား​ခြင်း၊ အနှိပ်​စက်​အညှင်း​ဆဲ​ခံ​ရ​ခြင်း၊ ချွေး​တပ်​ဆွဲ​ခံ​ရ​ခြင်း စ​သည်​တို့​မှာ နိစ္စ​ဓူ​ဝ​ကိစ္စ​မျှ​သာ​ဖြစ်​သော လောက​ကြီး​တွင် နေ​တတ်​အောင်​နေ​ကြ​ရ​လေ​သည်။

ထို့​အပြင် မဟာမိတ်​လေ​တပ်၊ ဂျပန်​လေ​တပ်​တို့​၏ ဗုံး​ကြဲ​ဒဏ်၊ စစ်​တွင်း​ရိက္ခာ​ရှားပါး​မှု​ဒဏ်၊ ထောက်လှမ်း​ရေး သတင်းပေး​များ​ဒဏ်၊ စိတ်​ဓာတ်​နှင့် ယဉ်ကျေး​မှု​အရ ဖီလာ​ဆန့်ကျင်​နေ​သူ​များ​အကြား ဖြစ်ပွား​သော ပဋိပက္ခ များ၊ ဘာသာ​စကားမ​တူ​သူ​တို့​အကြား ဖြစ်​တတ်​သော​အထင်​အမြင်​လွဲ​မှု​များ စ​သည်​ဖြင့် ဒုက္ခ​အပေါင်း​ကို​လည်း ထပ်လောင်း​ခံ​ရ​ပါ​သေး​သည်။ မြန်မာ​ပြည်​ရောက် ဂျပန်​များ​အနက် တရား​မျှတ​ရေး၊ လူ​သားချင်း​စာနာ​ရေး စိတ်​ဓာတ်​များ​အရ ကျင့်ကြံ​နေထိုင်​သူ​များ ရှိ​ကြသော်​လည်း ၎င်း​တို့​၏ ကောင်းမွန်​သော ဆောင်ရွက်​ချက်​များ သည် စစ်​ဝါ​ဒီ​များ​၏ လူ​မျိုး​ခွဲ​ခြား​ရေး​စနစ်​ကြောင့် အချည်း​အနှီး​ဖြစ်​ရ​ပါ​သည်။

မိမိ​တို့​ကတိ​သစ္စာ တည်ကြည်​နိုင်​ရန် မြန်မာ​နိုင်ငံ​ကို လွတ်လပ်​ရေး​ပေး​သင့်​သည်​ဟု ယုံကြည်​သော မီ​နာ​မီ​ကီ ကန် အဖွဲ့​ဝင်​များ​သည် ဖြစ်ပေါ်​လာ​သော​အခြေအနေ​များ​ကြောင့် စိတ်​မ​ချမ်းမြေ့​ဟန်​တူ​ပါ​သည်။ ၁​၉​၄​၂ ခု​နှစ်၊ ရန်ကုန်မြို့​ကို ဂျပန်​တပ်​များ​သိမ်း​ပြီး​သည်​နှင့် ဗိုလ်​မိုးကြိုး​သည် ဗဟို​အစိုးရ​တည်ထောင်​ကာ သခင်​ထွန်း​အုပ်​ကို ဦးစီး​ဦးဆောင်​ခန့်​လိုက်​ပါ​သည်။ ထို​အစိုးရ ကြာ⁠ကြာ​မ​ခံ​ပါ။ ဂျပန်​တပ်​များ တိုင်း​ပြည်​ကို ဆက်လက်​သိမ်းပိုက် သည်​နှင့်​အမျှ ဂျပန်​စစ်​အုပ်ချုပ်​ရေး ကျယ်⁠ကျယ်​ပြန့်​ပြန့် လွှမ်းမိုး​လာ​ကာ မြန်မာ​နိုင်ငံ​ကို စစ်ရှုံး​နယ်​မြေ​တ​ခု​ကဲ့ သို့ ကိုင်တွယ်​လာ​လေ​သည်။

ဗ​မာ့​လွတ်လပ်​ရေး​တပ်​မတော်​၏ အနေအထား​သည်​လည်း မ​ရေ​မ​ရာ​နှင့် အားကျ​ဖွယ်ရာ လုံး​ဝ​မ​ရှိ​ပေ။ တပ်မ တော်​သည် ချီ​တက်​လာ​ရာ လမ်း​တ​လျှောက် စိတ်​အား​ထက်သန်​စွာ ဝင်​လာ​သူ​များ​နှင့် ဖောင်း​ပွ​နေ​၏။ ထို​စစ် သား​သစ်​များ​ကို ထိ​ရောက်​သည့် တိုက်​ရည်​ခိုက်​ရည်​ရှိ​သော တပ်​များ​ဖြစ်လာ​စေ​ရန် စနစ်​တ​ကျ၊ စည်းကမ်းရှိ​ရှိ လေ့ကျင့်​ပေး​ရ​ပေ​ဦး​မည်။ ဗိုလ်​ချုပ်​အောင်​ဆန်း​ကား မိမိ​တပ်​များ​ကို အမိန့်​ပေး​အုပ်ချုပ်​ပိုင်​ခွင့်​မ​ရှိ။ သူ​သည် ဗိုလ်​မိုးကြိုး​၏ လက်ထောက်​အရာရှိ​များ​အနက် အဆင့်​မြင့်​ဆုံး​မျှ​သာ​ဖြစ်​၏။ ဗိုလ်​မိုးကြိုး​ကိုယ်တိုင်​လည်း မြန်မာ ပြည်​၏ အနာဂတ်​အရေး​များ​တွင် သူ​နှင့် ဗ​မာ့​လွတ်လပ်​ရေး​တပ်​မတော်​တို့ မည်​သည့်​အခန်း​ကဏ္ဍ​က ပါဝင်​ရ မည်​ဟူ​သော ကိစ္စ​နှင့်​ပတ်သက်​၍ စစ်​အုပ်ချုပ်​ရေး​ဆိုင်​ရာ​များ​နှင့် ပြဿနာ​တက်​နေ​ပုံ​ရ​၏။

ဗိုလ်​ချုပ်​အောင်​ဆန်း​နှင့် သူ​၏​ရဲဘော်​ရဲ​ဘက်​များ​က​မူ ဗ​မာ့​လွတ်လပ်​ရေး​တပ်​မတော်​သည် မြန်မာ​အရာရှိ​များ လက်အောက်​တွင်​သာ ရှိ​သင့်​သည်​ဟု ယူဆ​ကြ​သည်။ ထို​ကိစ္စ​နှင့်​ပတ်သက်​၍ ဗိုလ်​လင်္ကျာ​က သူ၊ ဗိုလ်​ချုပ် အောင်​ဆန်း​နှင့် အခြား​ရဲဘော်​သုံး​ကျိပ်​ဝင်​အချို့ ဗိုလ်​မိုးကြိုး​နှင့်​ရင်ဆိုင်​ခဲ့​စဉ်​က ဇာတ်​ဆန်​ဆန် အဖြစ်အပျက် အကြောင်း​ကို​ရေးသား​ခဲ့​ဖူး​၏။ ရင်ဆိုင်​မှု​၏​ရလဒ်​ကား ဗိုလ်​ချုပ်​အောင်​ဆန်း​ကို ဗ​မာ့​လွတ်လပ်​ရေး​တပ်​မတော် ၏ သေ​နာ​ပတိ​ချုပ်​အဖြစ်​၎င်း၊ ဗိုလ်​လင်္ကျာ​ကို စစ်​ဦးစီး​အဖြစ်​၎င်း ခန့်​အပ်​လိုက်​ခြင်း​ဖြစ်​ပါ​သည်။

ဗိုလ်​ချုပ်​အောင်​ဆန်း​သည် သူ​၏​အနေအထား​နှင့် ပတ်သက်​၍​လည်းကောင်း၊ မြန်မာ​နိုင်ငံ​အခြေအနေ​နှင့် ပတ် သက်​၍​လည်းကောင်း စိတ်ကူး​ယဉ်​ပြီး ထင်​ယောင်​ထင်​မှား​မ​ဖြစ်​ခဲ့​ပါ။ လွတ်လပ်​ရေး​ရုန်း​ကန်​မှု​ကား ဆုံးခန်း တိုင်​ရန် များ​စွာ​လို​သေး​သည်​ကို သူ​သိ​နားလည်​သည့်​အလျောက် တပ်​မတော်​တောင့်တင်း​ခိုင်မာ​ရန်​နှင့် စည်း ကမ်း​ရှိ​ရန်​ကို အာရုံ​စိုက်​ခဲ့​၏။ ဗ​မာ့​တပ်​မတော်​ကို ပါ​တီ​နိုင်ငံ​ရေး​မှ ကင်း⁠ကင်း​ရှင်း⁠ရှင်း​နေ​ရန်​နှင့် အရပ်သား​အုပ် ချုပ်​ရေး​ဖက်​တွင် ဝင်​ရောက်​စွက်ဖက်​ခြင်း​မ​ပြု​ရန်​ကို​လည်း သူ​ကြိုးပမ်း​ခဲ့​၏။ သို့သော်​လည်း နိုင်ငံ​ရေး​သမား​များ ကို ဗဟို​မဏ္ဍိုင်​ပြု​ကာ ဖွဲ့​စည်း​ခဲ့​သော တပ်​မတော်​အနေ​နှင့် နိုင်ငံ​ရေး​နှင့် ကင်း⁠ကင်း​ရှင်း​ရှင်း နေ​နိုင်​ဖို့​ရန်​မှာ အ ချိန်​များ​စွာ​မှ နှောင်း​သွား​ပြီ​ဖြစ်​ကြောင်း သူ ဧကန်​သိရှိ​ခဲ့​မည်​ဖြစ်​သည်။

၁​၉​၄​၂ ခု​နှစ် ဇူလိုင်​လ​တွင် ဗိုလ်​မိုးကြိုး မြန်မာ​ပြည်​မှ ထွက်​ခွာ​သွား​ပါ​သည်။ ဗ​မာ့​လွတ်လပ်​ရေး​တပ်​မတော်​ကို ဗ​မာ့​ကာ​ကွယ်​ရေး​တပ်​မတော်​အဖြစ် ပြန်လည်​ဖွဲ့​စည်း​လိုက်​ပြီး အောင်​ဆန်း​သည် ဗိုလ်​မှူး​ကြီး​ရာထူး​နှင့် စစ် သေ​နာ​ပတိ​ဖြစ်လာ​ပါ​သည်။ သို့သော်​လည်း အသစ်​ဖွဲ့​စည်း​လိုက်​သော တပ်​မတော်​၏ အဆင့်ဆင့်​၌ ဂျပန်‘အ ကြံ​ပေး​အရာရှိ’များ တွဲ​ခန့်​အပ်ထား​ပြီး မြန်မာ​အရာရှိ​များ​၏ လက်တွေ့​အာဏာ​များ​ကို တင်း​ကျပ်​စွာ ကန့်သတ် ချုပ်ချယ်​ထား​ပါ​သည်။ ဩဂုတ်​လ​တွင် ဂျပန်​တပ်​များ​၏ သေ​နာ​ပတိ​ချုပ် ဗိုလ်​ချုပ်​ကြီး​အီ​ဒါ​သည် မြန်​မာ့​အုပ်ချုပ် ရေး​ကို တရားဝင်​အတည်ပြု​လိုက်ကာ ဒေါက်​တာ​ဘမော်​အား နိုင်​ငံတော်​အကြီးအကဲ​အဖြစ် ခန့်​အပ်​လိုက်​ပါ သည်။ အပေါ်ယံ​အား​ဖြင့် မြန်မာ​အစိုးရ​အာဏာ​သည် မြန်မာ​ပြည်​သူ​ပြည်​သား​တို့​လက်​သို့ ကူးပြောင်း​သွား သည်​ဟု မြင်​နိုင်သော်​လည်း စင်စစ်​မှာ​တော့ ဂျပန်​အုပ်ချုပ်​ရေး ခြေ​ကုပ်​ရ​သွား​ခြင်း​ပင်​ဖြစ်​ပါ​သည်။

ဖက်​ဆစ်တော်​လှန်​ရေး

ဗိုလ်​ချုပ်​အောင်​ဆန်း​နှင့် သူ​၏ ရဲဘော်​ရဲ​ဘက်​များ​သည် ဗ​မာ့​လွတ်လပ်​ရေး​တပ်​မတော်​နှင့် ချီ​တက်​လာ​ရာ​တွင် ပင်ပန်း​ဆင်းရဲ​ဒဏ် အတော်​ကြီး​ပင် ခံ​ခဲ့​ရ​၏။ အများ​အပြား​သည် ငှက်ဖျား​ရောဂါစွဲ​ကပ်​၍​လည်းကောင်း၊ ခြေ ကုန်​လက်​ပန်း​ဖြစ်​၍​လည်းကောင်း ဆေး​ရုံ​တက်​ရ​ကြ​၏။ ဗိုလ်​ချုပ်​နှင့် အပေါင်းဖော်​အချို့​လည်း ရန်ကုန်​ဆေး​ရုံ ကြီး​သို့ ရောက်လာ​လေ​သည်။ ထို​ဆေး​ရုံ​ကို မိမိ​တို့​အလုပ်​တာဝန်​အပေါ် အထူး​သစ္စာထား​သော ဆရာဝန်၊ ဆ ရာ​မ​တ​စု​က အခက်​အခဲ​များ​စွာ​ကြား​မှ စီမံ​ဖွင့်​လှစ်​ထား​ခြင်း​ဖြစ်​ပါ​သည်။ ဗိုလ်​ချုပ်​အောင်​ဆန်း​သည် မျက်နှာ ထား​တည်​လွန်း တင်း​လွန်း​ပြီး အရောတဝင် မ​နေ​တတ်​သူ​ဟူ၍ အများ​က သိ​နေ​ကြ​ပါ​သည်။ ထို့​အပြင် သူရဲ ကောင်း​တ​ဦး​အဖြစ် တ​နေ့​တခြား နာမည်​ထွက်​လာ​နေရာ သူနာ​ပြု​ဆရာ​မ​ငယ်​များ​သည် သူ့​အနား​ကပ်​ရ​မည် ကို​ပင် ကြောက်ရွံ့​နေ​ကြ​ပါ​သည်။

သို့သော် ဆရာ​မ​ကြီး​ဖြစ်​သူ မ​ခင်​ကြည်​ကိုယ်တိုင် ဗိုလ်​ချုပ်​အား ပြုစု​ရ​ပါ​သည်။ မ​ခင်​ကြည်​သည် စွဲ​မက်​ဖွယ်ရာ ရုပ်​ရည်​နှင့် ချစ်​စ​ဖွယ်​အမူ​အယာ​ရှိ​ပြီး မိမိ​၏ သူနာ​ပြုလုပ်​ငန်း​ကို စေတနာ​ပြည့်​ဝ​စွာ​ဖြင့် အထူး​တာဝန်​သိသိ ဆောင်ရွက်​ခြင်း​ကြောင့် လူ​နာ​များ​နှင့် လုပ်ဖော်​ကိုင်​ဖက်​များ​က လေးစား​ချစ်ခင်​ကြ​ပါ​သည်။ ဆရာ​မ မ​ခင် ကြည်​သည် ဗိုလ်​ချုပ်​ကို ပြုစု​ရာ​၌ တင်း​သင့်​သည့်​နေရာ​တွင် တင်းသော်​လည်း ယုယ​ကြည်သာ​စွာ စိတ်ရှည်​စွာ ဆက်ဆံ​ပါ​သည်။ အလွန်​ကြောက်မက်​ဖွယ်​ကောင်း​ပါ​သည်​ဟူ​သော စစ်​သေ​နာ​ပတိ​ကြီး​လည်း အစွဲကြီး​စွဲ​သွား ပါ​တော့​သည်။ ဗိုလ်​ချုပ်​အောင်​ဆန်း​သည် ရှက်​တတ်​၍​လည်းကောင်း၊ သူ​၏ ဘဝ​ရည်​မှန်း​ချက်​အပေါ် တာဝန် သိ​စိတ်​ပြင်းထန်​၍​လည်းကောင်း အမျိုးသမီး​များ​နှင့် ခပ်​ခွာ⁠ခွာ​နေ​ခဲ့​၏။

အကျင့်​သီလ​နှင့်​ပတ်သက်​၍ တင်း⁠တင်း​ကြပ်​ကြပ် တွေးခေါ်​သူ​တ​ဦး​ဖြစ်​ရကား တို​ကျို​မြို့​၌ စူ​ဇူ​ကီး​က အမျိုး​သ မီး အလို​ရှိ​ပါ​က စီစဉ်​ပေး​မည်​ဟု ကမ်း​လှမ်းသော်​လည်း ဗိုလ်​ချုပ် အံ့ဩ​တုန်လှုပ်​သွား​ပါ​သည်။ စူ​ဇူ​ကီး​အနေ​နှင့် ဂျပန်​ယဉ်ကျေး​မှု​အရ ဧည့်​ဝတ်​ကျေ​စေ​ရန် ပြော​ခဲ့​ပုံ​ရ​ပါ​သည်။ သို့သော် ဗိုလ်​ချုပ်​ကတော့ သူ့​အား ‘အကျင့်​စာ ရိတ္တ ပျက်ပြား​ယုတ်ညံ့​သွား​အောင် ကြိုးစား​နေ​လေ​ရော့​လား’ ဟု သံသယ​စိတ်​ဝင်​ခဲ့​၏။ ဗိုလ်​ချုပ်​အောင်​ဆန်း သည် သူ့​စိတ်​ကို​သူ ကောင်း​စွာ​သိ​သည့်​အပြင် ပွင့်လင်း​ပြတ်သား​စွာ လုပ်​တတ်​သူ​လည်း ဖြစ်​ပါ​သည်။ သို့​ဖြင့် ရှည်​ရှည်ဝေး​ဝေး လူပျိုလှည့်​ခြင်း​မျိုး မ​လုပ်​နေ​ဘဲ ၁​၉​၄​၂ ခု​နှစ် စက်တင်ဘာ​လ ၆ ရက်​နေ့​တွင် ဆရာ​မ မ​ခင် ကြည်​နှင့် လက်ထပ်​ထိမ်းမြား​လိုက်​ပါ​သည်။

“ဒေါ်​ခင်​ကြည်​သည် အောင်​ဆန်း​ကို လက်ထပ်​ရာ​၌ လူ​ပုဂ္ဂိုလ်​တ​ဦး​ကို​သာ လက်ထပ်​လိုက်​သည်မ​ဟုတ်၊ ကံ​အ ကြောင်း​တရား​တ​ရပ်​ကို​ပါ လက်ထပ်​လိုက်​ခြင်း​ဖြစ်​သည်” ဟု အပြော​ရှိ​ခဲ့​ပါ​သည်။ ဗိုလ်​ချုပ်​အောင်​ဆန်း​က လည်း သူ​၏ ဘဝ​ကြင်ဖော်​အနေ​နှင့် ရှိ​အပ်​သော​သတ္တိ​နှင့် နွေး​ထွေး​သော မေတ္တာ​တို့​ကို ပိုင်ဆိုင်​နိုင်​ရုံ​သာ​မက သူ​ကွယ်​လွန်သွား​ပြီး​နောက် သူ​၏ စံ​တင်​ထား​မှု​များ​ကို ဂုဏ်​သရေ​ရှိ​ရှိ၊ ကြံ့​ကြံ့ခိုင်​ခိုင် ထိန်းသိမ်း​သွား​မည့် အ မျိုး​သမီး​တ​ဦး​ကို လက်ထပ်​လိုက်​ခြင်း​ဖြစ်​ပါ​သည်။ ဗိုလ်​ချုပ်​တို့​၏ အိမ်ထောင်​ရေး​ကား သာယာ​အောင်မြင်​ပါ သည်။

သူ​တို့​လေးစား​မြတ်နိုး​လှ​သော လူ​ငယ်​ဗိုလ်​ချုပ် အိမ်ထောင်​ပြု​သွား​သ​ဖြင့် က​န​ဦး​တွင် စိတ်​မ​ချမ်းသာ​ဖြစ်​ခဲ့ သော ရဲဘော်​များ​လည်း လျင်မြန်​စွာ​ပင် သဘောတူ​ကျေနပ်​လာ​လေ​သည်။ အိမ်ထောင်သည်​ဖြစ်လာ​ပြီး နောက် ဗိုလ်​ချုပ်​အောင်​ဆန်း​၏ နူးညံ့​ပျော့​ပြောင်း​သော အသွင်​လက္ခဏာ​များ ပိုမို​တောက်​ပြောင်​လာ​သည်။ သူ သည်​ခင်ပွန်း​သည်​တ​ဦး​အနေ​နှင့်​လည်းကောင်း၊ ဖ​ခင်​တ​ဦး​အနေ​နှင့်​လည်းကောင်း ကြင်နာ​ယုယ​တတ်​၏။ သူ ၏ ခက်ခဲ အန္တရာယ်​များ​သော​ဘဝ​ကို အတူ​ရင်ဆိုင်​ရန် စွမ်း​ရည်၊ နားလည်​မှု​တို့​နှင့်​ပြည့်စုံ​သော ဘဝ​ကြင်ဖော် သူ​၏​အနား​၌ ရှိ​နေ​ခြင်း​သည် အရေးကြီး​သော​လုပ်​ငန်း​များ​ဆောင်ရွက်​ရာ​၌ သူ့​ကို အား​ပြည့်​စေ​သည်​ဟု ယုံမှား သံသယ​ရှိ​ဖွယ် မဟုတ်​ချေ။

ဦး​အောင်​ဆန်း အပိုင်း(၃)

၁​၉​၄​၃ ခု​နှစ် မတ်​လ​တွင် အောင်​ဆန်း​အား ဗိုလ်​ချုပ်​အဆင့်​သို့ တိုး​မြှင့်​ခန့်​အပ်​လိုက်​ပြီး ဂျပန်​ဘုရင်​မင်း​မြတ်​ထံ မှ ဘွဲ့​တံဆိပ်​ရ​ယူ​ရန် ဂျပန်​သို့​ဖိတ်ကြား ပါ​သည်။ တို​ကျို​သို့​သွား​သော​အဖွဲ့​ကို ဒေါက်​တာ​ဘမော်​ဦးဆောင်​ပြီး ထို အဖွဲ့​တွင် ဗိုလ်​ချုပ်​အောင်​ဆန်း​အပြင် ဒေါက်​တာ​သိမ်း​မောင်​နှင့် သခင်​မြ​တို့ ပါဝင်​ပါ​သည်။ ဇန်နဝါရီ​လ​အတွင်း က ဂျပန်​ဝန်ကြီး​ချုပ်​တို​ဂျို​သည် မြန်မာ​နိုင်ငံ မ​ကြာ​မီ​လွတ်လပ်​ရေး​ရ​တော့​မည်​ဟု ကြေညာ​ထား​ပြီး​ဖြစ်​ပါ​သည်။ မြန်မာ​အဖွဲ့​ပြန်လာ​သော​အခါ သဘောတူ​ညီ​ချက်​စာ​တမ်း​တ​စောင် သယ်ယူ​လာ​ခဲ့​ပါ​သည်။

ဗိုလ်​ချုပ်​အောင်​ဆန်း​၏ ခပ်​ပြတ်⁠ပြတ်​စကား​အသုံး​အနှုန်း​အရ စာ​တမ်း​ပါ​အကြောင်းအရာ​များ​မှာ “မြန်မာ​နိုင်ငံ သည် ၁​၉​၄​၃ ခု​နှစ် ဩဂုတ်​လ (၁) ရက်​နေ့​တွင် လွတ်လပ်​ရေး​ရ​မည်​ဖြစ်​ပြီး ကျွနု်ပ်​တို့​တွေ စာချုပ်​အချို့​ကို ချုပ် ဆို​ရန် စ​သ​ဖြင့်” ဖြစ်​ပါ​သည်။ စာ​တမ်း​ကို အလွန်အမင်း အရေး​ထား​ခြင်း မ​ရှိ​ခဲ့​ပါ။ အစီ​အစဉ်​အတိုင်း ဩဂုတ်​လ (၁) ရက်​နေ့​တွင် မြန်မာ​ပြည်​ကို လွတ်လပ်​သော အချုပ်​အခြာ​အာဏာပိုင်​နိုင်ငံ​အဖြစ်​လည်းကောင်း၊ “မဟာ အရှေ့​အာ​ရှ​သာ​တူညီ​မျှ ကြီးပွား​ရေး​နယ်​မြေ”၏ တန်းတူ​ညီတူ​အဖွဲ့​ဝင်​နိုင်ငံ​အဖြစ်​လည်းကောင်း ကြေညာ​လိုက် ပါ​သည်။

ဒေါက်​တာ​ဘမော်​အား အဓိပတိ​ဟူ​သော​ဘွဲ့​နှင့် နိုင်ငံ​ခေါင်းဆောင် ဝန်ကြီး​ချုပ်​အဖြစ် ခန့်​အပ်​လိုက်​ပြီး ဗိုလ်​ချုပ် အောင်​ဆန်း​ကား စစ်​ဝန်ကြီး​ဖြစ်လာ​ပါ​သည်။ မြန်​မာ့​အမျိုးသား​တပ်​မတော်​ဟု အမည်​သစ်​ပြောင်း​ထား​သော ဗ​မာ့​တပ်​မတော် ထိ​ရောက်​မှု​မ​ရှိ​စေ​ရန် ဂျပန်​တို့ နည်း​ပရိယာယ်​မျိုး​စုံ သုံးစွဲ​ပါ​တော့​သည်။ ပထမ​တွင် တပ်​များ ကို နိုင်ငံ​အဝှမ်း​ဖြန့်​ကြဲ​ထား​သည်။ ထို့နောက် နေရာ​အချို့​တွင် စု​ပြုံ​ထား​ပြန်​သည်။ စစ်​ဝန်ကြီး​ဌာန​နှင့် တပ်​များ အကြား ဆက်​သွယ်​ရေး​ခက်ခဲ​စေ​ရန် ဖြစ်​ပါ​သည်။

ဗိုလ်​ချုပ်​အောင်​ဆန်း​ကား မ​တုန်​မ​လှုပ်။ ဂျပန်​တွေ​အကြံပေး​သ​မျှ​ကို သဘောတူ​လိုက်ကာ သူ့​ထင်မြင်​ချက်​များ ကို လူ​သိ​မ​ပေး​ဘဲ သူ့​အစီ​အစဉ်​နှင့်​သူ ဆက်​လုပ်​သွား​ပါ​သည်။ တို​ကျို​မှ ပြန်​ရောက်လာ​ချိန်​လောက်​တွင် ဗိုလ် ချုပ်​အောင်​ဆန်း​သည် ဗိုလ်​လင်္ကျာ၊ ဗိုလ်​ဇေ​ယျ၊ ဗိုလ်​နေ​ဝင်း​နှင့် ဗိုလ်ကျော်​ဇော​တို့​အပါအဝင် သူ​၏ အရာရှိ​အ ချို့​ကိုခေါ်​၍ တော်​လှန်​ရေး​စတင်​ရန်​အချိန်​ကို တိုင်ပင်​ဆွေးနွေး​ပါ​သည်။ အရာရှိ​များ​က အခြေအနေ ပိုမို​စိတ် ချ​ရ​သည်​အထိ စောင့်ဆိုင်း​ရန် အကြံပေး​ပါ​သည်။ တ​ဖန် သခင်​သန်း​ထွန်း​နှင့်​တိုင်ပင်​ရာ ၎င်း​က​လည်း တော် လှန်​ရေး​စ​ရန် အချိန်​မတန်​သေး​ဟု​တင်ပြ​သ​ဖြင့် ဗိုလ်​ချုပ်​လည်း စိတ်ပါ​လက်​ပါ​မ​ရှိ​လှသော်​လည်း စောင့်ဆိုင်း ရန် သဘောတူ​လိုက်​ပါ​သည်။

အခြား​ကွန်​မြူ​နစ်​များ၊ အထူးသဖြင့် သခင်​စိုး​နှင့် သခင်​သိန်း​ဖေ​တို့​သည် ဗြိတိသျှ​တို့ ဆုတ်ခွာ​သွား​သ​ဖြင့် သူ​တို့ ထောင်​မှ​လွတ်​သည့် အချိန်​မ​တိုင်​ခင်​က​ပင် ဂျ​ပန်တော်​လှန်​ရေး​တရားဟော​ခဲ့​၏။ ဂျပန်​တပ်​များ ချီ​တက်​လာ သည်​နှင့် သူ​တို့​နှစ်​ဦး တောခို​သွား​ပါ​သည်။ သခင်​သိန်း​ဖေ​သည် ဗိုလ်​ချုပ်​အောင်​ဆန်း​နှင့် ဗိုလ်​နေ​ဝင်း​တို့​ကို ရွှေဘို​၌ ခဏ​တွေ့​ပြီး ဗြိတိသျှ​တပ်​များ​နှင့် အဆက်​အသွယ်​ရ​ရေး ကြိုးပမ်း​ရန် အိန္ဒိယ​သို့ ထွက်​ခွာ​သွား​ပါ​သည်။

၁​၉​၄​၃ ခု​နှစ် နိုဝင်ဘာ​လ​ရောက်​ချိန်​တွင် တော်​လှန်​ရေး​အစီ​အစဉ်​များ အတော်​ပင်​ခရီး​ရောက်​နေ​ပြီ​ဖြစ်​ရကား မြန်မာ​နိုင်ငံ​တော​တောင်​များ​ထဲ​တွင် ပြောက်ကျား​တပ်​များ​ဖွဲ့​စည်း​ရန် ကြိုးစား​နေ​သော ဗိုလ်​မှူး​စီ​ဂ​ရင်း ခေါ် ဗြိ တိ​သျှ​တပ်​မတော်​အရာရှိ​သည် ‘ဗ​မာ့​ကာ​ကွယ်​ရေး​တပ်​မတော်​မှ အောင်​ဆန်း​ဆို​သူ​သည် အခါ​အခွင့်​ကြုံ​လာ လျှင် သူ​၏​တပ်​များ​နှင့် ဂျပန်​ကို ပြန်​တိုက်​ရန်​စီစဉ်​နေ​သည်’ ဟု အိန္ဒိယ​သို့ သ​တင်း​ပို့​ခဲ့​ပါ​သည်။ လောလော ဆယ် တွင်​မူ တော်​လှန်​ရေး​အစီ​အစဉ်​များ ပြီးစီး​သည်​အထိ ဗိုလ်​ချုပ်​အောင်​ဆန်း​သည် ဂျပန်​တို့​၏ သံသယ​စိတ် များ ပျောက်​ကွယ်​သွား​စေ​ရန် အားထုတ်​ရ​ပါ​သည်။ သို့သော်​လည်း သူ​သည် လက်​ရှိ​လွတ်လပ်​ရေး​သည် အတု အယောင်​မျှ​သာ​ဖြစ်​ကြောင်း၊ စစ်​မှန်​သော​လွတ်လပ်​ရေး​ရ​ရှိ​ရန် ရုန်း​ကန်​ရ​မည်​ဖြစ်​ကြောင်း​ကို သူ​၏​မိန့်ခွန်း​များ တွင် ပြည်​သူ​တို့​အား အသိ​ပေး​ခဲ့​၏။

၁​၉​၄​၂ ခု​နှစ်​ကုန်​ပိုင်း​တွင် ကရင်​များ​နှင့် ဗ​မာ့​လွတ်လပ်​ရေး​တပ်​မတော်​အတွင်း​မှ တာဝန်​မဲ့​သူ​တို့​အကြား ပေါ် ပေါက်​ခဲ့​သော ပဋိပက္ခ​တို့​မှ​စ​၍ သွေး​ထွက်​သံ​ယို​မှု​နှင့် လူ​မျိုး​ရေး​အဓိကရုဏ်း​များ ဖြစ်ပွား​လာ​သည်။ ဗိုလ်​ချုပ် အောင်​ဆန်း​သည် မြန်မာ​နိုင်ငံ​ရှိ တိုင်း​ရင်း​သား​များ​အကြား ဆက်ဆံ​ရေး​ကောင်းမွန်​မှု​ကို အထူး​အလေး​ပေး​ခဲ့ ၏။ ထို​ကဲ့သို့ ဆက်ဆံ​ရေး​ကောင်း​မှ​သာ​လျှင် နိုင်ငံ​စည်း​လုံး​ညီညွတ်​မည်​ဖြစ်​ကြောင်း သူ ကောင်း​စွာ​သဘော ပေါက်​ခဲ့​၏။ စူ​ဇူ​ကီး​အတွက် သခင်​အောင်​ဆန်း​ရေး​ဆွဲ​ခဲ့​သော ‘မြန်မာ​နိုင်ငံ စီမံ​ကိန်း’တွင် ‘ယခု​အခါ​၌ ဗြိတိသျှ ပယောဂ​ကြောင့် လူ​များ​စု​ဖြစ်​သော ဗမာ​တို့​နှင့် ရခိုင်၊ ရှမ်း စ​သော တောင်ပေါ်​တိုင်း​ရင်း​သား​များ​အကြား​တွင် တည်​ရှိ​နေ​သော ကွာ​ဟ​ချက်​များ ကျဉ်းမြောင်း​သွား​စေ​ပြီး အားလုံး​တန်းတူ​ညီမျှ​ရှိ​သော နိုင်ငံ​ထူထောင်​ရန်’ လို အပ်​ကြောင်း​ကို အလေး​အနက်ဖော်​ပြ​ခဲ့​ပါ​သည်။

ကရင်-ဗမာ​အဓိကရုဏ်း​သည် သူ့​အား များ​စွာ​ဒေါ​မန​ဿ​ဖြစ်​စေ​ပါ​သည်။ ၁​၉​၄​၃ ခု​နှစ်​နောက်​ပိုင်း​တွင် ဗိုလ်​ချုပ် အောင်​ဆန်း၊ သခင်​သန်း​ထွန်း​နှင့် ဗိုလ်​လင်္ကျာ​တို့​သည် ဤ​လူ​မျိုး​စု​နှစ်​စု​အကြား ငြိမ်း​ချမ်း​ရေး​နှင့် နားလည်​မှု​ရ ရှိ​စေ​ရန် အပန်းတကြီး ဆောင်ရွက်​ခဲ့​ပါ​သည်။ ၎င်း​တို့​၏ စုပေါင်း​ကြိုးပမ်း​မှု​မှ သီး​ပွင့်​လာ​သော အကျိုး​ကား က ရင်ခေါင်း​ဆောင်​များ မြန်မာ​ခေါင်းဆောင်​တို့​အား ယုံကြည်​စိတ်ချ​လာ​ခြင်း​နှင့် မြန်​မာ့​တပ်​မတော်​အတွင်း ကရင် တပ်​ရင်း​တ​ခု ဖွဲ့​စည်း​လိုက်​ခြင်း​ဖြစ်​ပါ​သည်။

ဗိုလ်​ချုပ်​အောင်​ဆန်း အစော​တ​လျင် ကိုင်တွယ်​ရန်လို​နေ​သော နောက်​ကိစ္စ​တ​ရပ်​မှာ ကွန်​မြူ​နစ်​များ​နှင့် ပြည် သူ့​အရေးတော်​ပုံ​ပါ​တီ​အတွင်း​မှ ဆို​ရှယ်​လစ်​များ​အကြား တ​နေ့​တခြား ကြီး​ထွား​နေ​သော အာဃာတ​များ​ပင် ဖြစ်​ပါ​သည်။ ကွန်​မြူ​နစ်​ခေါင်းဆောင်​များ​မှာ ဂျပန်​ခေတ်​တလျှောက်လုံး တောခို​နေ​ခဲ့​သော သခင်​စိုး၊ သစ် တော​နှင့် လယ်ယာ​စိုက်ပျိုး​ရေး​ဝန်ကြီး​ဖြစ်​နေ​သော သခင်​သန်း​ထွန်း​နှင့် သခင်​ဗ​ဟိန်း​တို့ ဖြစ်​ကြ​ပါ​သည်။ ဦး ကျော်​ငြိမ်း​နှင့် ဦး​ဘ​ဆွေ​တို့​သည်ကား ထင်ရှား​သော ဆို​ရှယ်​လစ်​ခေါင်းဆောင်​နှစ်​ဦး ဖြစ်​ပါ​သည်။

ဗိုလ်​ချုပ်​အောင်​ဆန်း​သည် နှစ်​ဖက်​ခေါင်းဆောင်​များ​အကြား ပြေလည်​စေ​ရန် အထူး​ကြိုးပမ်း​ခဲ့​ပါ​သည်။ စေ့စပ် ဖြန်​ဖြေ​ရေး​ကို အမြန်​ဆုံး​ဆောင်ရွက်​ရန်လို​အပ်​နေ​ခြင်း​မှာ နိုင်ငံ​ရေး​သဘောထား​ကွဲလွဲ​မှု​များ​သည် တပ်​မတော် ထဲ​သို့ စိမ့်​ဝင်​နေကာ ရဲဘော်​များ​၏ ညီညွတ်​ရေး​နှင့် တော်​လှန်​ရေး​၏ အောင်မြင်​ရေး​တို့​ကို ခြိမ်းခြောက်​နေ​၍ ဖြစ်​ပါ​သည်။ ထို့​အပြင် သခင်​စိုး​သည် ဖက်​ဆစ်​ဆန့်ကျင်​ရေး​စည်း​ရုံးဆော်​ဩ​ရာ​တွင် တပ်​မတော်​ကို ထိခိုက်​နစ် နာ​စေသော ဝါဒ​ဖြန့်ချိ​ရေး ပြုလုပ်​နေ​သ​ဖြင့် တပ်​အတွင်း မ​ကျေနပ်​မှု​များ ဖြစ်​ရုံ​သာ​မက ဗိုလ်​ချုပ်​အောင်​ဆန်း လည်း ဒေါသ​ထွက်​ရ​ပါ​သည်။

လ​ပေါင်း​များ​စွာ သဘောထား​ချင်း​ဖ​လှယ်​ပြီး​နောက် ဗိုလ်​ချုပ်​အောင်​ဆန်း​သည် သခင်​စိုး၊ သခင်​သန်း​ထွန်း၊ သ ခင်​ဗ​ဟိန်း​တို့​နှင့် ၁​၉​၄​၄ ခု​နှစ် ဩဂုတ်​လ​တွင် ရက်​အနည်းငယ်​ကြာ လျှို့​ဝှက်​စည်းဝေး​ပါ​သည်။ ဗိုလ်​ချုပ်​အောင် ဆန်း​၏ ဖက်​ဆစ်​ဆန့်ကျင်​ရေး​အဖွဲ့ တည်ထောင်​ရန်​အဆို​ကို ဆွေးနွေး​ကြ​ပြီး အဖွဲ့​၏ ကြေညာ​စာ​တမ်း​နှင့် စု ပေါင်း​ဆောင်ရွက်​ရ​မည့် စီမံ​ကိန်း​တ​ရပ်​ကို သဘောတူ​အတည်ပြု​လုပ်​ပါ​သည်။ များ​မ​ကြာ​မီ ကွန်​မြူ​နစ်​ခေါင်း ဆောင်​များ​နှင့် ပြည်​သူ့​အရေးတော်​ပုံ​ပါ​တီ​ခေါင်းဆောင်​များ အတူ​စည်းဝေး​ရန်​စီစဉ်​လိုက်​ပြီး၊ ထို​အစည်းအဝေး ၌ ဗိုလ်​ချုပ်​အောင်​ဆန်း​သည် “ဖက်​ဆစ်​ဓါး​ပြ​များ​ကို တိုက်​ထုတ်​ကြ​လော့” ခေါင်းစဉ်​ပါ ကြေညာ​စာ​တမ်း​ကို​ဖတ် ကာ တော်​လှန်​ရေး​ကို တရားဝင်​အကောင်​အထည်ဖော်​လိုက်​ပါ​သည်။

အဖွဲ့​၌ သခင်​စိုး​သည် နိုင်ငံ​ရေး​ခေါင်းဆောင်​ဖြစ်​ပြီး သခင်​သန်း​ထွန်း​သည် အထွေ​ထွေ​အတွင်း​ရေး​မှူး​တာဝန်​နှင့် မဟာမိတ်​များ​နှင့်​ဆက်​သွယ်​ရေး တာဝန်​တို့​ကို​ယူ​ကာ ဗိုလ်​ချုပ်​အောင်​ဆန်း​သည် စစ်​ရေး​ခေါင်းဆောင်​ဖြစ်​ပါ သည်။ ထို​အချိန်​၌ လူ​ငယ်​တပ်​မတော်​အရာရှိ​အချို့​သည် စတင်​လှုပ်ရှား​ရန် ဇော​ကြီး​ကာ သခင်​ခေါင်းဆောင် အချို့​နှင့် တပ်​မတော်​အဆင့်​မြင့်​အရာရှိ​အချို့​တို့​ကို​သာ တိုင်ပင်​လေ့​ရှိ​သော ဗိုလ်​ချုပ်​၏ ဆိတ်⁠ဆိတ်​နေ​မှု ကြောင့် မ​ချင့်​မ​ရဲ​ဖြစ်​နေ​ကြ​ပါ​သည်။ ၎င်း​တို့​သည် တော်​လှန်​ရေး​တ​ရပ်​ကို မိမိ​တို့​ဖာ​သာ​စတင်​ရန် ကြံစည်​ကြ​ပါ သည်။ ဤ​ကိစ္စ​ကို ဗိုလ်​ချုပ်​အောင်​ဆန်း သိ​သွား​သော​အခါ ၎င်း​တို့​အား ဖက်​ဆစ်​ဆန့်ကျင်​ရေး​အဖွဲ့​၏ လှုပ်ရှား​မှု ထဲ​၌ တိ​ကျ​သော အခန်း​ကဏ္ဍ​များ စီစဉ်​ပေး​ခြင်း​ဖြင့် အခြေအနေ​ကို ပြေလည်​စေ​ခဲ့​ပါ​သည်။ အတွင်း​အင်အား​စု များ​၏ ညီညွတ်​မှု​ရ​ယူ​ပြီး​နောက် တော်​လှန်​ရေး​အစီ​အစဉ် အပြီးသတ်​နိုင်​ရန် မဟာမိတ်​တပ်​များ​နှင့် မည်​ကဲ့သို့ သော သဘောတူ​ညီ​မှု​များ ရ​နိုင်​မည်​ကို​သာ သိရှိ​ရန်လို​ပါ​တော့​သည်။

ဗိုလ်​ချုပ်​အောင်​ဆန်း​နှင့် အပေါင်းအဖော်​များ​သည် ပြည်​ပ​အကူအညီ ရ​သည်​ဖြစ်​စေ၊ မ​ရ​သည်​ဖြစ်​စေ ဂျပန်​ကို တော်​လှန်​ရန် ဆုံးဖြတ်ချက်​ချ​ပြီး​ဖြစ်သော်​လည်း အောင်မြင်​မှု​များ ပို​၍​ပို​၍​ရ​နေ​သော မဟာမိတ်​တပ်​များ​နှင့် ပူး ပေါင်း​ဆောင်ရွက်​ခြင်း​ဖြင့် လက်တွေ့​အကျိုး​အမြတ်​များ ရ​ရှိ​နိုင်​မည်​ဖြစ်​ကြောင်း ထင်ရှား​လာ​ပါ​သည်။ အမှန်​မှာ နိုင်ငံ​အဝှမ်း မြန်မာ​တပ်​များ ဂျပန်​တို့​ကို စ​တင်တော်​လှန်​သော ၁​၉​၄​၅ ခု​နှစ် မတ်​လ ၂​၇ ရက်​နေ့​ရောက်​သည့် တိုင် ဗြိတိသျှ​တို့​နှင့် ရှင်းလင်း​သော​သဘောတူ​ညီ​ချက် မ​ရ​ရှိ​သေး​ပေ။ ထို​နေ့​မ​တိုင်​မီ (၁​၀) ရက်​အလို​က ဗိုလ် ချုပ်​အောင်​ဆန်း​သည် ရန်ကုန်မြို့​၌ စစ်ရေးပြ​အခမ်းအနား​တ​ရပ်​တွင် ပါဝင်​ပြီး​နောက် သူ​၏ တပ်​များ​နှင့် အတူ စစ်​လေ့ကျင့်​ခန်း​ဆင်း​ရန်​ဟု အကြောင်းပြ​ကာ မြို့တော်​မှ ထွက်​ခွာ​ခဲ့​ပါ​သည်။

ဗိုလ်​ချုပ်​ကြီး​စ​လင်း​၏ တပ်မ (၁​၄) သည် ဧရာဝတီ​မြစ်​ကို မန္တလေး​မြောက်​ပိုင်း​မှ ဖြတ်​ကူး​နေ​ပြီး၊ သခင်​သန်း ထွန်း​သည် ဗြိတိသျှ​တပ်​မတော်​အရာရှိ​တ​ဦး​နှင့်​ဆုံ​ရန် တောင်ငူ​သို့ ထွက်​ခွာ​သွား​ပေ​ပြီ။ များ​မ​ကြာ​မီ တော်​လှန် ရေး​ရေစီး​ကြောင်း​ကား တ​ဟုန်​တည်း စီး​ဆင်း​လာ​ပေ​တော့​သည်။ မေ​လ (၁​၅) ရက်​နေ့​တွင် ဗိုလ်​ချုပ်​အောင် ဆန်း​သည် လက်ထောက်​အရာရှိ​တ​ဦး​နှင့်​အတူ စ​လင်း​နှင့်​တွေ့​ဆုံ​ရန် ၎င်း​၏​ဌာန​ချုပ်​သို့ ရောက်​သွား​၏။

တွေ့​ဆုံ​ရာ​တွင် ဗိုလ်​ချုပ်​အောင်​ဆန်း​သည် မိမိ​ကိုယ်​မိမိ မြန်မာ​နိုင်ငံ​ယာယီ​အစိုးရ​၏​ကိုယ်စားလှယ်​အဖြစ် မိတ် ဆက်​ပြီး၊ မဟာမိတ်​စစ်​ဦးစီး​တ​ဦး​အဖြစ် အသိ​အမှတ်ပြု​ရန် ရဲ​ရဲတင်း​တင်း တောင်း​ဆို​လိုက်​ပါ​သည်။ ဗြိတိသျှ ဗိုလ်​ချုပ်​ကြီး​ထံ​မှ လိုက်လျော​မှု​အများ​ဆုံး​ရ​ရှိ​နိုင်​ရန် တဖက်​က​ကြိး​စား​လျက် တဖက်​က​လည်း လက်တွေ့​ကျ​ကျ တွေး​မြင်​တတ်​ကြောင်း၊ ပူးပေါင်း​ဆောင်ရွက်​လို​ကြောင်း၊ မိမိ​နှင့်​ဆက်ဆံ​သူ​များ စိတ်​ခွေ့​ရ​လောက်​အောင် ရိုး သား​ဖြောင့်မတ်​ကြောင်း​တို့​ကို ဗိုလ်​ချုပ်​အောင်​ဆန်း ပြသ​ခဲ့​ရာ စ​လင်း​၏ နှစ်သက်​သဘောကျ​မှု​နှင့် လေးစား​မှု တို့​ကို ရ​ရှိ​ခဲ့​၏။

စ​လင်း​၏​စကား​အရ “သူ​နှင့်​ပတ်သက်​၍ ကျနော် မှတ်⁠မှတ်​ရ⁠ရ​ကြီး သတိပြု​မိ​သည်​ကတော့ သူ​၏​ရိုးသား​ဖြောင့် မတ်​မှု​ဖြစ်​ပါ​သည်။ သူ​သည် အာ​သွက်​လျာ​သွက် အကြိုက်​လိုက် အာမခံ​ချက်​ပေး​ခြင်း​မျိုး​မ​ရှိ။ လွယ်⁠လွယ်​နှင့် ကတိ​မ​ပေး။ သို့သော် တ​ခု⁠ခု​လုပ်​ပါ​မည်​ဟု​သဘောတူ​ခဲ့​လျှင်​တော့ စကား​တည်​မည့်​သူ​ဟု ကျနော်​မြင်​ပါ​သည်။” ဗိုလ်​ချုပ်​အောင်​ဆန်း​နှင့် ဗိုလ်​ချုပ်​ကြီး​စ​လင်း​တို့ တွေ့​ဆုံ​ပြီး​နောက် မြန်မာ​တပ်​များ​နှင့် ဗြိတိသျှ​တပ်​များ ပူးတွဲ​၍ ဂျပန်​တို့​ကို တိုက်​လေ​ရာ ဂျပန်​တပ်​များ အလျင်အမြန် ပြို​ကွဲ​သွား​ပါ​သည်။ ဇွန်​လ (၁​၅) ရက်​နေ့​တွင် ရန်ကုန်မြို့ အောင်ပွဲ​စစ်ချီ​အခမ်းအနား​များ ကျင်းပ​ရာ​၌ ဗြိတိသျှ​အင်​ပိုင်​ယာ​တပ်​များ၊ မဟာမိတ်​တပ်​များ​နှင့်​အတူ မြန်​မာ့ တပ်​မတော်​က​လည်း ပါဝင်​ခဲ့​ပါ​သည်။ ဂျ​ပန်တော်​လှန်​ရေး​ကား ပြီး​ဆုံး​သွား​ပေ​သည်။

အမျိုးသား​ရေး​လှုပ်ရှား​နေ​သော​မြန်မာ​များ​သည် တူညီ​သော​ရည်​မှန်း​ချက်​အောင်မြင်​စေ​ရန် ဝါဒ​ရေးရာ​မ​တိုက် ဆိုင်​မှု​များ​နှင့် ပုဂ္ဂိုလ်​ရေး​ဆန်​သော သဘောထား​များ​ကို ဘေး​ဖယ်​ခဲ့​သော ဂုဏ်​ယူ​ဖွယ်​အကောင်း​ဆုံး အချိန် ကာလ​ဖြစ်​ပါ​သည်။ ၁​၉​၄​၅ ခု​နှစ် ဩဂုတ်​လ​တွင် ကျယ်​ပြန့်​သော လူ​မှု​ရေး​နှင့် နိုင်ငံ​ရေး​အင်အား​စု​များ​ကို ကိုယ် စား​ပြု​သော ပုဂ္ဂိုလ်​များ​နှင့် အဖွဲ့​အစည်း​များ​ပါဝင်​နိုင်​ရန် ဖက်​ဆစ်​ဆန့်ကျင်​ရေး​အဖွဲ့​ကို တိုး​ချဲ့​ဖွဲ့​စည်း​ပြီး ‘ဖက် ဆစ်​ဆန့်ကျင်​ရေး ပြည်​သူ့​လွတ်မြောက်​ရေး​အဖွဲ့​ချုပ်’ (ဖ​ဆ​ပ​လ) ဟူ၍ အမည်​သစ်​ပေးလိုက်​ပါ​သည်။

ဦး​အောင်​ဆန်း အပိုင်း(၄)

ဗြိတိသျှ​နှင့် စေ့စပ်​ဆွေးနွေး​ခြင်း

ဂျပန်​တို့​ကို မဟာမိတ်​များ​နှင့်​ပေါင်း​၍​တိုက်ခိုက်​ရန် ဖက်​ဆစ်​ဆန့်ကျင်​ရေး​အဖွဲ့​၏​ကမ်းလှမ်း​ချက်​ကို ဗြိတိသျှ​တို့ လက်ခံ​ခဲ့​ခြင်း​မှာ အရှေ့တောင်​အာ​ရှ မဟာမိတ်​တပ်​များ​၏ စစ်​ဦးစီး​ချုပ် လော့ဒ်​မောင့်​ဘက်​တင်​၏ နိုင်ငံ​ရေး​ပါး နပ်​အမျှော်အမြင်​ရှိ​မှု​တို့​ကြောင့် ဖြစ်​ပါ​သည်။ ၁​၉​၄​၂ ခု​နှစ် မြန်မာ​နိုင်ငံ​မှ ဗြိတိသျှ​တို့ ဆုတ်ခွာ​ပြီး​နောက် အိန္ဒိယ တွင် အဝေး​ရောက်​အစိုးရ​ရုံးစိုက်​ခဲ့​ပါ​သည်။ ထို​အစိုးရ​ကို​လွှမ်းမိုး​နေ​သော အရာရှိ​များ​သည် အမျိုးသား​ရေး​စိတ် ပြင်းထန်​သော​လူ​ငယ်​များ​က ၎င်း​တို့​၏ ဩဇာ​ကို စိန်ခေါ်​ခြင်း​နှင့် ၎င်း​တို့​၏​အုပ်ချုပ်​ရေး ဝ​ရုန်း​သုန်း​ကား​ဖြစ်​စေ ရန် လှုပ်ရှား​ခဲ့​သည်​ကို ခံ​ခဲ့​ရ​သူ​များ​ဖြစ်​ပေ​သည်။ ဤ​အရာရှိ​များ​သည် ဖ​ဆ​ပ​လ​နှင့်​ပူးပေါင်း​ဆောင်ရွက်​မှု​မှန်​သ မျှ​ကို လုံး​ဝ​ဆန့်ကျင်​၍ ဗြိတိသျှ​တို့ မြန်မာ​နိုင်ငံ​ကို ပြန်လည်​သိမ်းပိုက်​ပြီး​စ စစ်​အုပ်ချုပ်​ရေး​ကာလ​အတွင်း ဖ​ဆ​ပ လ​ကို မ​တရား​သင်း​ကြေညာ​ကာ ဗိုလ်​ချုပ်​အောင်​ဆန်း​ကို နိုင်​ငံတော်​သစ္စာ​ဖောက်​အဖြစ် ဖမ်းဆီး​ရန် လိုလား​ကြ ပါ​သည်။

ပိုမို​၍ အဓိဌာန်​ကျ​စွာ​ရှု​မြင်​နိုင်​သော အနေအထား​တွင်​ရှိ​နေ​သော မောင့်​ဘက်​တင်​က​မူ မြန်မာ​နိုင်ငံ​ကိစ္စ​များ​ကို ငြိမ်း​ချမ်း​စွာ​ဖြေ​ရှင်း​နိုင်​ရာ​တွင် မြန်မာ​လူထု​ကြီး​က မိမိ​တို့​လွတ်မြောက်​ရေး​ကို ဆောင်ကြဉ်း​ပေး​ခဲ့​သူ​ဟူ၍ အသိ အမှတ်ပြု​ထား​သော ပုဂ္ဂိုလ်​၏ ပူးပေါင်း​ဆောင်ရွက်​မှု​ကို ရ​ယူ​ရန် လို​အပ်​မည်​ကို နားလည်​သည်။ လူထု​၏ စိတ် နေ​သဘောထား​နှင့် ကင်းကွာ​နေ​သော စစ်​အုပ်ချုပ်​ရေး​ခေါင်းဆောင် အရပ်သား​အရာရှိ​၏​နေရာ​တွင် လျင်မြန် စွာ​ပင် ဝါ​ရင့်​တပ်​မတော်​အရာရှိ​တ​ဦး​ဖြစ်​သူ ဗိုလ်​ချုပ်​ရန်စ်​အား ခန့်​အပ်​လိုက်​ပါ​သည်။

ဗိုလ်​ချုပ်​အောင်​ဆန်း ဖြေ​ရှင်း​ရ​သော လတ်​တ​လော ပြဿနာ​တ​ရပ်​မှာ ဗ​မာ့​မျိုး​ချစ်​တပ်​မတော်​ဟု အမည် ပြောင်း​ထား​သော မြန်​မာ့​တပ်​မတော်​၏ အနာဂတ်​အရေး​ဖြစ်​ပါ​သည်။ တပ်​များ​ကို ကျွေးမွေး​ရေး​နှင့် လက်နက် တပ်​ဆင်​ပေး​ရေး လုပ်​ငန်း​များ​သည် လွန်စွာ​မှ ခက်ခဲ​နေ​၏။ မဟာမိတ်​တို့ စစ်အောင်​ပွဲခံ​ပြီး​နောက် ဗိုလ်​ချုပ် အောင်​ဆန်း​သည် မောင့်​ဘက်​တင်​နှင့် တွေ့​ဆုံ​ဆွေးနွေး​၍ ဗ​မာ့​မျိုး​ချစ်​တပ်​မတော်​ဝင်​များ​သည် မိမိ​တို့​ဆန္ဒ​အ လျောက် ဗြိတိသျှ​လက်အောက်​ရှိ မြန်​မာ့​တပ်​မတော်​ထဲ​သို့ ဝင်​လို​က ဝင်​နိုင်​စေ​ရန် သဘောတူ​လိုက်​ပါ​သည်။

ဤ​သဘောတူ​ညီ​ချက်​၏ အသေး​စိတ်​အချက်​များ​ကို ၁​၉​၄​၅ ခု​နှစ် စက်တင်ဘာ​လ​တွင် မဟာမိတ်​စစ်​ဦးစီး​ဌာန နှင့် ဗိုလ်​ချုပ်​အောင်​ဆန်း၊ ဗိုလ်​လင်္ကျာ၊ သခင်​သန်း​ထွန်း​တို့​ပါဝင်​သော မြန်မာ​ကိုယ်စားလှယ်​အဖွဲ့​တို့ ကန္ဒီ​အ စည်း​အဝေး​၌ ဆုံးဖြတ်​ခဲ့​ကြ​သည်။ ကန္ဒီ​သို့​အသွား ကိုယ်စားလှယ်​အဖွဲ့​ဝင်​အချို့ ကာလ​ကတ္တား​မြို့​တွင် ခေတ္တ​ခ ဏ​ရပ်​စဉ် သခင်​သိန်း​ဖေ​နှင့်​တွေ့​ဆုံ​ပြီး ဗိုလ်​ချုပ်​အောင်​ဆန်း​၏ အနာဂတ်​အရေး​ကို ဆွေးနွေး​ကြ​၏။ သဘော ထား​အမြင်​တ​ခု​အရ လာ​မည့်​နိုင်ငံ​ရေး​တိုက်​ပွဲ​တွင် ဗိုလ်​ချုပ်​ပါဝင်​ရန် လို​အပ်​သည်။ “သူ​သည်​သာ အမျိုးသား ရေး​အင်အား​စု​အပေါင်း​ကို ညီညွတ်​သော တပ်ဦး​တ​ရပ်​ဖြစ်လာ​စေ​ရန် စွမ်း​ဆောင်​ပြီး ခေါင်းဆောင်​မှု​ပေး​နိုင် မည့် တ​ဦး​တည်း​သော ပုဂ္ဂိုလ်​ဖြစ်​သည်။”

သခင်​သိန်း​ဖေ​မှ​အပ အခြား​ကွန်​မြူ​နစ်​များ​တင်ပြ​သော အခြား​အမြင်​တ​ခု​အရ ဗိုလ်​ချုပ်​သည် နိုင်ငံ​ရေး​ခေါင်း ဆောင်​တ​ဦး​ရှိ​သင့်​သော အရည်အချင်း​ပေါင်း​စုံ​မ​ရှိ၊ လူ​မှု​ဆက်ဆံ​ရေး ညံ့​ဖျင်း​နေ​ပြီး နိုင်ငံ​ရေး​နည်း​ပရိယာယ်​မ ကျွမ်းကျင်၊ ထို့​ကြောင့် နိုင်ငံ​ရေး​စွန့်​လွှတ်​ပြီး တပ်​မတော်​ထဲ​တွင်​သာ နေ​သင့်​သည်။ “နောက်ဆုံး​တိုက်​ပွဲ​ကြီး” တွင် အင်အား​စု​အားလုံး​၏ စည်း​လုံး​ညီညွတ်​ရေး​ရ​ရှိ​စေ​ရန် မြန်မာ​နိုင်ငံ​လို​အပ်​နေ​သော အမျိုးသား​ခေါင်းဆောင် သည် ဗိုလ်​ချုပ်​အောင်​ဆန်း​သာ​လျှင် ဖြစ်​ကြောင်း​ကို ခိုင်​ခိုင်မာ​မာ ယုံကြည်​သော ဗိုလ်​လင်္ကျာ​က ကွန်​မြူ​နစ်​တို့ အကြံပေး​ချက်​ကို အဓိပ္ပာယ်​ဖွင့်​ပုံ​ရာ​၌ “နိုင်ငံ​ရေး​နယ်ပယ်​ကို သူ​တို့​သာ​လွှမ်းမိုး​ထား​လို​၍ ဗိုလ်​ချုပ်​ကို ဘေး​ဖယ် ထား​ပြီး သူ​တို့​အလို​ရှိ​သော​အခါ​မှ ဗိုလ်​ချုပ်​အနေ​နှင့် သွယ်​ဝိုက်​သော​နည်း​များ​နှင့် အထောက်​အကူ​ပေး​ရန်​ဖြစ် သည်။”

ဗိုလ်​ချုပ်​အောင်​ဆန်း​သည် နှစ်​ဖက်​သဘောထား​များ​ကို နားထောင်​ပြီး ကိုယ်​ပိုင်​ဆုံးဖြတ်ချက်​ချ​လိုက်​သည်။ တပ်​မတော်​မှ​ထွက်​၍ နိုင်ငံ​ရေး​ရှေ့​တန်း​မှ လွတ်လပ်​ရေး​တိုက်​ပွဲ​ကို အစွမ်း​ကုန်​ဆင်​နွှဲ​တော့​မည်။ ၁​၉​၄​၅ ခု​နှစ် နှင့် ၁​၉​၄​၇ ခု​နှစ်​များ​အတွင်း ဗိုလ်​ချုပ်​အောင်​ဆန်း​သည် အင်အား​ကြီး​သော ခေါင်းဆောင်​တ​ဦး​အဖြစ်​လည်း ကောင်း၊ လူထု​၏ ယုံကြည်​မှု​နှင့် မေတ္တာ​ကို​ရ​ရှိ​သော လုပ်​ရည်​ကိုင်​ရည်​ရှိ နိုင်ငံ​ရေး​သမား​တ​ဦး​အနေ​နှင့်​လည်း ကောင်း ထင်ပေါ်​လာ​၏။ ၎င်း​အား စစ်​တပ်​အတွင်း​သာ နေ​စေ​လို​သော​သူ​တို့​၏ ဝေဖန်​ချက်​များ​မှာ ခိုင်လုံ​မှု​မ​ရှိ ကြောင်း​ကို အတိ​အလင်း​ပြ​နိုင်​ခဲ့​၏။

၁​၉​၄​၅ ခု​နှစ် မေ​လ​တွင် ဗြိတိသျှ​အစိုးရ​သည် စက္ကူ​ဖြူ​စီမံ​ကိန်း​ဖြင့် မြန်မာ​နိုင်ငံ အနာဂတ်​အပေါ်​ထား​သော ၎င်း တို့​၏ အခြေ​ခံ​မူ​ဝါဒ​ကို ကြေညာ​လိုက်​ပါ​သည်။ ထို​စီမံ​ကိန်း​အရ ဘုရင်​ခံ​သည် နိုင်ငံ​ကို သုံး​နှစ်​ကြာ​တိုက်ရိုက် အုပ်ချုပ်​ပြီး ကာလ​အားလျော်စွာ ရွေး​ကောက်​ပွဲ​များ​ကျင်းပ​ခြင်း၊ မြန်မာ​ကောင်​စီ​နှင့် ဥပဒေ​ပြု​အဖွဲ့​တို့​တည် ထောင်​ခြင်း​တို့​ကို ဆောင်ရွက်​သွား​မည်။ ဤ​အချက်​များ​သည် ၁​၉​၃​၅ ခု​နှစ် မြန်မာ​နိုင်ငံ​အက်ဥပဒေ​ပါ အချက် အလက်​များ​ထက် သာလွန်​တိုးတက်​ခြင်း​သဘော​ကို မ​ဆောင်​ပါ။ ကောင်​စီ​နှင့် ဥပဒေ​ပြု​အဖွဲ့ ပြန်လည်​တည် ထောင်​ပြီး​မှ ရှေ့​တ​ဆင့်​တိုး​၍ မြန်မာ​နိုင်ငံ​ကို ဒို​မီ​နီ​ယန်​အဆင့်​ရ​စေ​မည့် အခြေ​ခံ​ဖွဲ့​စည်း​ပုံ​ဥပဒေ​ကို ပါ​တီ​ပေါင်း​စုံ က ရေး​ဆွဲ​ရန်​ဖြစ်​ပါ​သည်။ သို့သော် တောင်တန်း​နှင့် နယ်စပ်​ဒေသ​များ​သည် ပြည်​မ​နှင့် ပေါင်း​စည်း​လို​ကြောင်း တိတိ​ကျ​ကျ မဖော်​ပြ​လျှင် သီးခြား​ဒေသ​များ​ကို ဤ​စီမံ​ကိန်း​၌​မ​ထည့်​ဘဲ ထား​မည်​ဖြစ်​ပါ​သည်။

စက္ကူ​ဖြူ​စီမံ​ကိန်း​ပါ အချက်အလက်​များ လုံး​ဝ​လက်ခံ​နိုင်​ဖွယ် မ​ရှိ​ကြောင်း​ကို စစ်​အုပ်ချုပ်​ရေး မ​ပြီး​ဆုံး​မီ​က​ပင် ဗိုလ်​ချုပ်​အောင်​ဆန်း​နှင့် သခင်​သန်း​ထွန်း​တို့​သည် မြန်မာ​ပြည်​ကို ပြန်လာ​မည်​ဖြစ်​သော ဘုရင်​ခံ ဆာ​ရက်​ဂျီ နဲလ်ဒေါ်​မန်​ဆ​မစ်​အား ရှင်းလင်း​စွာ​အသိ​ပေး​ပြီး​ဖြစ်​ပါ​သည်။ ဖ​ဆ​ပ​လ​ခေါင်းဆောင်​များ​သည် ၎င်း​တို့​ပါ​တီ​သာ နိုင်ငံ​ကို​ကိုယ်စား​ပြု​သော​ကြောင့် ၎င်း​တို့​သည်​သာ စစ်​အုပ်ချုပ်​ရေး​ကို အစားထိုး​ရန် ယာယီ​အမျိုးသား​အစိုးရ တ​ရပ် ဖွဲ့​ခွင့်​ရှိ​သင့်​ကြောင်း တင်ပြ​ခဲ့​ပါ​သည်။

ဒေါ်​မန်​ဆ​မစ်​သည် စိတ်​စေတနာ​ကောင်း မ​ရှိ​သူမ​ဟုတ်​ပါ။ သို့သော် သူ့​အား​ဝိုင်း​ရံ​နေ​သော ဝန်​ထမ်း​အရာရှိ များ​နည်းတူ စစ်​ပြီး​ခေတ်​မြန်မာ​နိုင်ငံ​၏ ရှုပ်​ထွေး​ပွေလီ​အပြောင်း​အလဲ​မြန်​လှ​သော နိုင်ငံ​ရေး​ဥတု​ကို နား​မ​လည် နိုင်​ချေ။ ဖ​ဆ​ပ​လ​အဖွဲ့​ချုပ်​သည် မြန်မာ​ပြည်​သူ​အများ​စု​၏ ထောက်ခံ​မှု​ရ​ရှိ​ထား​သည်​ဟူ​သော​အချက်​ကို ဒေါ်​မန် ဆ​မစ် ယုံကြည်​လက်ခံ​ရန် အခက်​အခဲ​တွေ့​နေ​ပြီး ထို​အချိန်​၌ မြန်မာ​နိုင်ငံ​တွင် အရေး​ပါ​ဆုံး​ပုဂ္ဂိုလ်​သည် ဗိုလ် ချုပ်​အောင်​ဆန်း​ဖြစ်​ကြောင်း​ကို သူမ​မြင်​၍​မ​ဖြစ်သော်​လည်း ထို​အချက်​ကို​လည်း လက်ခံ​ရန် ဝန်လေး​နေ​၏။

ထို့​အပြင် စစ်​တွင်း​ကာလ​တ​လျှောက် မိမိ​၏ အစိုးရ​အပေါ် သစ္စာစောင့်​ခဲ့​သော ဝါ​ရင့်​မြန်မာ​နိုင်ငံ​ရေး​သမား​ကြီး များ​ကို ချီးမြှင့်​လို​သော အံ့ဖွယ်​ရာ​မဟုတ်​သည့် ဆန္ဒ​သည် သူ​၏ နားလည်​မှု​ကို ချို့​ယွင်း​စေ​ပါ​သည်။ ဝါ​ရင့်​နိုင်ငံ ရေး​သမား​များ​၏ ကဏ္ဍ ခေတ်​သစ်​မြန်မာ​နိုင်ငံ​၌ မ​ရှိ​တော့​ပြီ​ဟူ​သော​အချက်​ကို သူမ​မြင်​နိုင်​၍သော်​လည်း ကောင်း၊ မ​မြင်​လို​၍သော်​လည်းကောင်း ဖြစ်​နိုင်​ပါ​သည်။ ဗြိတိသျှ​အင်​ပိုင်​ယာ ပြို​ပျက်​ခြင်း​ကို လက်မ​ခံ​နိုင်​ဟူ သော ချာ​ချီ​၏ ဧကရာဇ် စိတ်​ဓာတ်​ပြင်းပြ​သည့် ခံယူ​ချက်​သည် မြန်မာ​နိုင်ငံ​ကို အထောက်​အကူ​မ​ပြု​ခဲ့​ပါ။ ချာ​ချီ အား ဝန်ကြီး​ချုပ်​နေရာ​၌​ဆက်ခံ​သူ အတ္တ​လီ​က​လည်း မြန်မာ​နိုင်ငံ​အတွင်း​ရှိ အယူ​အဆ၊ သဘောထား​အသွယ် သွယ်​ကို အကဲ​ဖြတ်​ရန် အခက်​အခဲ​တွေ့​နေရာ တိ​ကျ​သော မူ​ဝါဒ​တ​ရပ်​ချ​မှတ်​ရန် နှေး​ကွေး​ခဲ့​၏။

၁​၉​၄​၅ ခု​နှစ် အောက်တိုဘာ​လ​တွင် ဒေါ်​မန်​ဆ​မစ် ရန်ကုန်​သို့ ပြန်လည်​ရောက်​ရှိ​လာ​သော​အခါ အရပ်သား​အ စိုး​ရ ပြန်လည်​ဖွဲ့​စည်း​လိုက်​ခြင်း​ဖြင့် မြန်မာ​နိုင်ငံ​လွတ်လပ်​ရေး​တိုက်​ပွဲ ပြီး​ဆုံး​ပြီ​ဖြစ်​ကြောင်း​ကို အလေး​အနက် ပြသ​လိုက်​ပါ​သည်။ သို့သော် ဗိုလ်​ချုပ်​အောင်​ဆန်း​နှင့် ဖ​ဆ​ပ​လ​တို့​၏ သဘောထား​ကား ထို​ကဲ့သို့ မဟုတ်​ပါ။ ၎င်း​တို့​လိုလား​သော လွတ်လပ်​ရေး​ကို ၎င်း​တို့​တောင်း​ဆို​ချက်​များ​နှင့်​အညီ ဗြိတိသျှ​အစိုးရ​က ပေး​ရန်​ပျက်ကွက် ပါ​က လက်နက်ကိုင်​တိုက်​ပွဲ ထပ်မံ​ဆင်​နွှဲ​ရ​မည့် အလားအလာ​ကို ၎င်း​တို့ မ​ပယ်​ချထား​ပါ။

ပထမ​ဦး​ဆုံး​တိုက်​ပွဲ​ကား ဘုရင်​ခံ​ကောင်​စီ​ဖွဲ့​စည်း​ရေး​ကိစ္စ​နှင့် ပတ်သက်​ပါ​သည်။ ဖ​ဆ​ပ​လ​သည် ရာထူး​နေရာ (၁​၁) နေရာ​အနက် (၇) နေရာ​တွင် ၎င်း​တို့​အမည်​တင်​သွင်း​သော ပုဂ္ဂိုလ်​များ​ကို ခန့်​အပ်​ရန် အတင်း​အကျပ် တောင်း​ဆို​၏။ ထို့​အပြင် ဘုရင်​ခံ​ကောင်​စီ​ကို ၎င်း​တို့​မူလ​က​တောင်း​ဆို​ခဲ့​သော ယာယီ​အမျိုးသား​အစိုးရ​ပုံစံ ဖြစ် စေ​မည့် အခြား​လို​အပ်​ချက်​များ​ကို​ပါ တွဲ​၍​တောင်း​ဆို​လိုက်​ပါ​သည်။ မျှော်လင့်​ထား​သည့်​အတိုင်း ဗြိတိသျှ​အစိုး ရ​သည် တောင်း​ဆို​ချက်​များ​ကို ငြင်းပယ်​လိုက်​ပါ​သည်။

ထို့နောက် ဒေါ်​မန်​ဆ​မစ်​သည် ကောင်​စီ​နှင့် ဥပဒေ​အဖွဲ့​ဝင်​များ​အဖြစ် အလယ်​အလတ်​လမ်း​စဉ်​သမား​များ​ဟု မိ မိ​ယုံကြည်​သူ​တို့​ကို ခန့်​အပ်​လိုက်​ပါ​သည်။ သို့သော် ထို​ပုဂ္ဂိုလ်​များ​အနက် ကပ်​ပါး​ရပ်​ပါး မင်း​မြှောင်​များ၊ အမျိုး သား​ရေး​သစ္စာ​ဖောက် ကိုယ်ကျိုး​ရှာ​သမား​များ​ဟု မြန်မာ​အများ​က ယူဆ​ထား​သူ​အချို့​လည်း ပါဝင်​နေ​ပါ​သည်။ ၁​၉​၄​၆ ခု​နှစ် ဇန်နဝါရီ​လ​တွင် အများ​သဘောတူ တ​ညီ​တ​ညွတ်​တည်း​ထောက်ခံ​မှု​ဖြင့် ဗိုလ်​ချုပ်​အောင်​ဆန်း​ကို ဖ​ဆ​ပ​လ​ဥက္ကဌ တင်​မြှောက်​လိုက်​ပါ​သည်။ ကန္ဒီ​သဘောတူ​ညီ​မှု ရှိ​ထား​ပါသော်​လည်း မြန်​မာ့​တပ်​မတော်​အ တွင်း ဝင်​ရောက်​အမှုထမ်း​ခြင်း​မ​ရှိ​သော ဗ​မာ့​မျိုး​ချစ်​တပ်​မတော်​သား အများ​အပြား ကျန်​နေ​ပါ​သည်။ ဗိုလ်​ချုပ် အောင်​ဆန်း​သည် စစ်​မှု​ထမ်း​ဟောင်း​များ​နှင့် အသစ်​ဝင်​လာ​သူ​များ​ကို​ပေါင်း​ကာ သူ့​ပြည်​သူ့​ရဲဘော်​အဖွဲ့​ကို တည်ထောင်​လိုက်​ပါ​သည်။

ပြည်​သူ့​ရဲဘော်​အဖွဲ့​တပ်သား​များ​သည် ယူ​နီ​ဖောင်းဝတ်​ဆင်​ကာ ပွင့်​ပွင့်လင်း​လင်း​ပင် စစ်​လေ့ကျင့်​ရေး​များ ပြု လုပ်​ပါ​သည်။ ပြည်​သူ့​ရဲဘော်​အဖွဲ့​သည် တရားဝင်​အား​ဖြင့် ပြန်လည်​ထူထောင်​ရေး​လုပ်​ငန်း​များ ဆောင်ရွက် နေ​သော လူ​မှု​ရေး​အဖွဲ့​အစည်း​တ​ရပ်​သာ ဖြစ်သော်​လည်း ဖ​ဆ​ပ​လ​၏ လက်ရုံး​တပ်​ဖြစ်လာ​နိုင်​သော အခြေ​ခံ အရည်အချင်း​များ ရှိ​နေ​သော​ကြောင့် အစိုးရ​အတွက် စိတ်​မ​အေး​ဖွယ်​ဖြစ်​နေ​ပါ​သည်။ ဗိုလ်​ချုပ်​အောင်​ဆန်း သည် ဘုရင်​ခံ​၏ မ​ကျေနပ်​ချက်​များ​ကို သိမ်မွေ့​စွာ တုံ့​ပြန်​လိုက်​ပါ​သည်။ ကြေညာ​ချက်​တ​ရပ်​တွင် တပ်ဖွဲ့​၏ ရည်​ရွယ်​ချက်​များ​ကိုဖော်​ပြ​ကာ ၎င်း​တို့​အနက် တ​ချက်​မှာ “သူခိုး​ဓားပြ စ​သော ရာဇဝတ်မှု​များ ပပျောက်​ရန်​နှင့် ရပ်​ရွာ​ငြိမ်ဝပ်​ပိ​ပြား​ရေး​အတွက် သက်ဆိုင်​ရာ​အစိုးရ​အဖွဲ့​ဝင်​များ၊ အခြား​အဖွဲ့​အစည်း၊ တိုင်း​သူ​ပြည်​သား​များ​နှင့် ပူးပေါင်း​ဆောင်ရွက်​၍ ပြည်​သူ့​ကာ​ကွယ်​ရေး​အတွက် ကူညီ​စောင့်ရှောက်​ပေး​ရန်” ဖြစ်​ပါ​သည်။

ဒေါ်​မန်​ဆ​မစ်​လည်း မည်သို့​အဓိပ္ပာယ်​ကောက်​ရ​မည် မ​သိ​ဖြစ်​နေ​ပါ​သည်။ ဘုရင်​ခံ​သည် ဗိုလ်​ချုပ်​အောင်​ဆန်း နှင့် ဖ​ဆ​ပ​လ​တို့​ကို​ကိုင်တွယ်​ရာ​၌ မ​နိုင်​မ​နင်း​ဖြစ်​နေ​၏။ မြန်မာ​ခေါင်းဆောင်​နှင့်​ပတ်သက်​၍ သူ စိတ်​မ​ပိုင်းဖြတ် နိုင်။ လှိုက်⁠လှိုက်​လှဲ​လှဲ ချီး​ကျူး​သည့်​အခါ​များ​ရှိ​သကဲ့သို့ ဇဝေဇဝါ၊ သံသယ​စိတ်​များ လွှမ်းမိုး​သည့်​အခါ​များ လည်း​ရှိ​ပြီး နာရီ​ချိန်သီး​ပမာ အတွေး​နှစ်​ဖက်​အကြား စိတ်​မ​တည်​မ​ငြိမ် ဖြစ်​နေ​၏။ ဗိုလ်​ချုပ်​အောင်​ဆန်း​သည် လွတ်လပ်​ရေး​ရ​ယူ​ရာ​၌ ပြည်​သူ​လူထု​ခံ​နေ​ရ​ဆဲ အတိ​ဒုက္ခ​များ​ကို ပိုမို​ဆိုးဝါး​စေ​မည့် လက်နက်ကိုင်​တိုက်​ပွဲ​ကို မ လိုလား​ကြောင်း​အရိပ်အမြွက်​ပြ​ပါ​သည်။ တ​ချိန်​တည်း​တွင် မြန်​မာ့​လွတ်လပ်​ရေး​ရ​ရန်​အတွက် လို​အပ်​မည်​ဆို​ပါ က အကြမ်း​ဖက်​နည်း​များ​သုံး​ရန်​ကို တွန့်​ဆုတ်​နေ​မည်​မဟုတ်​ကြောင်း​ကို​လည်း ထင်ရှား​စေ​သည်။ လူထု​စည်း ဝေး​ပွဲ​ကြီး​များ​တွင်​လည်းကောင်း၊ ဆန္ဒ​ပြ​ချီ​တက်​နေ​စဉ် ပုလိပ်​လက်​ချက်​ဖြင့် ကျ​ဆုံး​ခဲ့​သော တောင်သူ​လယ်​သ မား​များ​၏ ဈာပန​ကဲ့သို့​သော စိတ်​လှုပ်ရှား​ဖွယ်​အခမ်းအနား​များ​တွင်​လည်းကောင်း ဗိုလ်​ချုပ်​အောင်​ဆန်း​သည် ဗြိတိသျှ​အုပ်ချုပ်​ရေး​၏ မူ​ဝါဒ​များ​ကို​ရှုတ်ချ​ပြီး လွတ်လပ်​ရေး​အတွက် တ​တိုင်း​ပြည်​လုံး ဆ​ထက်​ထမ်းပိုး ကြိုး စား​ဆောင်ရွက်​ရန် နှိုးဆော်​နေ​လျက်​က​ပင် လူ​အုပ်​ကြီး​များ​ငြိမ်​သက်​စည်းကမ်းရှိ​စေ​ရန် ထိန်းသိမ်း​ထား​နိုင် ကြောင်း​ပြသ​ခဲ့​၏။

သို့သော်​လည်း ဒေါ်​မန်​ဆ​မစ်​နှင့် သူ​၏ အကြံပေး​ပုဂ္ဂိုလ်​တို့​သည် ပြဿနာ​များ​ကို အေးချမ်း​စွာ ဖြေ​ရှင်း​နိုင်​ရန် ဗိုလ်​ချုပ်​အောင်​ဆန်း​၏ ပူးပေါင်း​ဆောင်ရွက်​မှု​လို​အပ်​သည်​ကို လက်ခံ​ရန် ဝန်လေး​နေ​ကြ​၏။ ဖ​ဆ​ပ​လ​၏ အင် အား​ကို​စမ်း​ရန် အခြား​ပါ​တီ​အဖွဲ့​အစည်း​များ တည်ထောင်​၍ ရ၊ မ​ရ စဉ်းစား​ကြ​သည်။ ဤ​ကဲ့သို့ အားစမ်း​ရန် စိတ်သန်​သော နိုင်ငံ​ရေး​သမား​များ​ကား ရှိ​ပါ​သည်။ အင်္ဂလိပ်​စာရေး​ဆရာ​ကြီး​တ​ဦး ဘုရင်​ခံ​ကောင်​စီ​ဝင်​များ​နှင့် ပတ်သက်​၍ ရေး​သကဲ့သို့ ထို​နိုင်ငံ​ရေး​သမား​များ​နှင့် ပတ်သက်​၍​လည်း ရေး​နိုင်​သည်မှာ ၎င်း​တို့​နှင့် ဖ​ဆ​ပ​လ အကြား ကွာ​ခြား​ချက်​များ​သည် လွတ်လပ်​ရေး​မူ​ဝါဒ​များ​အပေါ် အခြေ​ခံ​သည်​ထက် အာဏာ​ရ​ရှိ​ရေး​ပြိုင်ဆိုင်​မှု အပေါ်​တွင်​သာ အခြေ​ခံ​ပါ​သည်။ ထို့​အပြင် ဗိုလ်​ချုပ်​အောင်​ဆန်း အမျိုးသား​ခေါင်းဆောင်​အဖြစ် ထင်ပေါ်ကျော် ကြား​လာ​ခြင်း​နှင့် သူ့​အား ပြည်​သူ​တို့​က ကိုးကွယ်​သည်​ဟု​ပင် ပြော​ရ​လောက်​မတတ် ချစ်ခင်​ကြည်ညို​ခြင်း​တို့ ကြောင့် အချို့​အသိုင်းအဝိုင်း​များ​တွင် မ​နာလို​မုန်း​တီး​စိတ်​များ ပြင်းပြ​နေ​ပါ​သည်။

ဒေါ်​မန်​ဆ​မစ်​သည် ဖ​ဆ​ပ​လ​ကို စိန်ခေါ်​နိုင်​သော အင်အား​စု​များ ပေါ်ပေါက်​လာ​နိုင်​မည့် အလားအလာ​များ​ကို သုံးသပ်​နေ​ပြီး သူ​၏ အကြံပေး​ပုဂ္ဂိုလ်​အချို့​က ဗိုလ်​ချုပ်​အောင်​ဆန်း​အား နိုင်​ငံတော်​ပုန်ကန်​မှု စွဲချက်​ဖြင့် ဖမ်း ဆီး​ရန် နား​ပူ​နား​ဆာ​တိုက်​နေ​စဉ် ဘုရင်​ခံ​ကောင်​စီ​ဝင်​ဖြစ်​နေ​သော သခင်​ထွန်း​အုပ်​သည် ဗိုလ်​ချုပ်​ကို လူသတ် မှု​နှင့် စွဲချက်တင်​လိုက်​ပါ​သည်။ ဗ​မာ့​လွတ်လပ်​ရေး​တပ်​မတော် ချီ​တက်​လာ​စဉ်​က ရွာသူကြီး​တ​ဦး​အား ဗြိတိသျှ အလိုတော်​ရိ​လုပ်​ငန်း​များ​ဆောင်ရွက်​မှု၊ ဖိ​နှိပ်​ရက်စက်​မှု​နှင့် အဂတိ​လိုက်စား​မှု စွဲချက်​များ​တင်​ကာ စစ်​ခုံ​ရုံးဖွင့်​၍ စစ်ဆေး​ခဲ့​ပါ​သည်။ စစ်​ခုံ​ရုံး​မှ​ချ​မှတ်​လိုက်​သော သေ​ဒဏ်​အပြစ်​ကို ဗိုလ်​ချုပ်​အောင်​ဆန်း​ကိုယ်တိုင် ဆောင်ရွက် ခဲ့​ပါ​သည်။

ဤ​အမှု​နှင့် ဗိုလ်​ချုပ်​အောင်​ဆန်း​ကို ရုံး​တင်​စစ်ဆေး​မည်​ဆို​ပါ​က သခင်​ထွန်း​အုပ်​သည် ဖြစ်​ရပ်​လုံး​စုံ​ကို တွေ့​မြင် ခဲ့​သ​ဖြင့် သက်သေ​ထွက်​ဆို​ပေး​မည်​ဟု ကမ်းလှမ်း​လိုက်​၏။ ဗိုလ်​ချုပ်​အောင်​ဆန်း​ကို ချက်ချင်း​ဖမ်းဆီး​သင့်၊ မ ဖမ်းဆီး​သင့်​နှင့်​ပတ်သက်​၍ အစိုးရ​အဖွဲ့​အတွင်း ဝိ​ဝါဒ​ကွဲပြား​နေ​၏။ အရပ်သား​ဗြိတိသျှ​အရာရှိ​အချို့​က ဖမ်းဆီး ရေး​တိုက်တွန်း​ကြ​သည်။ ဤ​ကဲ့သို့​ဆောင်ရွက်​ခြင်း​ဖြင့် အခြေအနေ​များ ပိုမို​၍ ရှင်းလင်း​သွား​စေ​မည်၊ ထကြွ​ပုန် ကန်​မှု ဖြစ်ပေါ်​စေ​မည့် အလားအလာ​ကို​လည်း ဖယ်ရှား​နိုင်​မည်။ ဗိုလ်​ချုပ်​အောင်​ဆန်း​ကို လူထု​က မ​ကြာ​မီ မေ့ ပျောက်​သွား​မည်​ဖြစ်​သ​ဖြင့် ပြဿနာ​များ​စွာ​လည်း ရှိ​မည်​မဟုတ်​ဟု ထောက်​ပြ​ကြ​သည်။

ဤ​အချက်​များ​ကို ရဲ​မင်းကြီး​က သဘော​မ​တူ​ပါ။ စစ်​အတွင်း​ပြစ်​မှု​များ​နှင့်​ပတ်သက်​၍ အထွေ​ထွေ​လွတ်ငြိမ်း​ချမ်း သာ​ခွင့် ပေး​ရန်ရှိ​နေ​ကြောင်း၊ ဖ​ဆ​ပ​လ​နှင့် ပြည်​သူ့​ရဲဘော်​အဖွဲ့​၏ ခေါင်းဆောင်​ဖြစ်​သူ​ကို ဖမ်းဆီး​ခြင်း​သည် ပုန်​ကန်တော်​လှန်​မှု​ကို တားဆီး​သည်​ထက်၊ ထကြွ​ရန်​လှုံ့ဆော်​လိုက်​သကဲ့သို့​သာ ဖြစ်​သွား​နိုင်​ကြောင်း တင်ပြ ပါ​သည်။ မြန်မာ​နိုင်ငံ စစ်​ဌာန​ချုပ်​သေ​နာ​ပတိ​က​လည်း ရဲ​မင်းကြီး​၏​အမြင်​ကို ထောက်ခံ​ကာ ဗိုလ်​ချုပ်​အောင် ဆန်း​သည် အသိ​တရား​နှင့် ပြည့်စုံ​သူ​ဖြစ်​သ​ဖြင့် ပုန်ကန်​ထကြွ​မှု​တ​ရပ်​ကို စတင်​မည်​သူ​ဟု မ​ထင်​ကြောင်း တင် ပြ​ပါ​သည်။ ထို့​အပြင် သခင်​ထွန်း​အုပ်​၏ ပြော​ကြား​ချက်​များ​အပေါ် မူ​တည်​၍ ဆောင်ရွက်​သင့်​မ​သင့်​က​လည်း ဆင်ခြင်​ဖွယ်ရာ​ဖြစ်​နေ​၏။

၎င်း​၏ ရည်​ရွယ်​ချက်​များ​သည် သံသယ​မ​ကင်း​ဖွယ်​ဖြစ်​သည့်​အပြင် ဂျပန်​ခေတ်​အတွင်း တာဝန်​ဝတ္တရား​မ​ရှိ​ပါ ဘဲ​နှင့် ၎င်း​ဆောင်​ရွ​ွက်​ခဲ့​သော ကြမ်းတမ်း​သည့် လုပ်​ရပ်​များ​အကြောင်း​ကို ဂုဏ်​ဝင့်​စွာ ရေးသား​ထုတ်​ဝေ​ထား သော စာအုပ်​က​လည်း ရှိ​နေ​သေး​သည်။ ဒေါ်​မန်​ဆ​မစ်​သည် သခင်​ထွန်း​အုပ်​၏ စွပ်စွဲ​ချက်​များ​ကို ဗိုလ်​ချုပ် အောင်​ဆန်း​နှင့် ဆွေးနွေး​ရန် ဆုံးဖြတ်​လိုက်​၏။ ဗိုလ်​ချုပ်​အောင်​ဆန်း​သည် ဤ​အမှု​နှင့်​ပတ်သက်​၍ လုံး​ဝ​တာ ဝန်​ယူ​ကာ စစ်​ခုံ​ရုံး​တွေ့​ရှိ​ချက်​အရ သေ​ဒဏ်​အပြစ်ပေး​ခဲ့​ရ​ကြောင်း ရှင်း​ပြ​ပါ​သည်။ ဘုရင်​ခံ​လည်း တ​ဖန် မ​ဝေခွဲ နိုင် ဖြစ်​ရ​ပြန်​သည်။ တဖက်​တွင် ဗိုလ်​ချုပ်​အောင်​ဆန်း​၏ ဖြောင့်မတ်​မှု​နှင့် စိတ်​သတ္တိ​တို့​ကို များ​စွာ​လေးစား​မိ ၏။ တဖက်​တွင်​ကား သူ့​အုပ်ချုပ်​ရေး​၏ အဓိက​အတိုက်​အခံ​ဖြစ်​နေ​သူ​ကို လူသတ်​မှု​စွဲချက်တင်​ကာ ဖယ်ရှား​နိုင် လိုက်​ပါ​က နိုင်ငံ​ရေး​အကျိုး​အမြတ် မည်​မျှ​ထုတ်​နိုင်​မည်​ကို​လည်း တွေး​မိ​၏။

ဤ​ကိစ္စ​နှင့်​ပတ်သက်​၍ ဝှိုက်​ဟော(လန်ဒန်)အစိုးရ​က မိမိ​တို့​သာ​ဆုံးဖြတ်​ရန် အာဏာ​ရှိ​သည်​ဟု ကန့်သတ် ချက်​ထား​ခြင်း​မှာ ကံကောင်း​သည်​ဟူ၍​ပင် ပြော​ရ​မည်​ကဲ့သို့​ဖြစ်​ပါ​သည်။ ၁​၉​၄​၆ ခု​နှစ် ဧပြီ​လ၊ ဒေါ်​မန်​ဆ​မစ် စင်္ကာ​ပူ​သို့ အလည်​အပတ်​ရောက်​စဉ် ဗိုလ်​ချုပ်​အောင်​ဆန်း​ကို ဖမ်းဆီး​ရန် ညွှန်​ကြား​သော သံကြိုးစာ​ရောက် လာ​၏။ ဘုရင်​ခံ​လည်း ညွှန်​ကြား​ချက်​အရ ဆောင်ရွက်​ရန် ချက်ချင်း​ပင် ရန်ကုန်​သို့ ပြန်​ခဲ့​၏။ ဝရမ်း​မ​ထုတ်​မီ လေး​တွင် အမိန့်​ပယ်ဖျက်​လိုက်​ကြောင်း သံကြိုး​နောက်​တ​စောင် ရောက်လာ​လေ​သည်။ ဤ​ကိစ္စ​သည် အုပ်ချုပ် ရေး​၏ မ​ရေရာ​လှ​သော​ဩဇာ​ကို ပိုမို​၍ ယိုယွင်း​လာ​စေ​သည်။ အုပ်ချုပ်​သူ​များ​၏ ခြေလှမ်း​အားလုံး​ကို ဖ​ဆ​ပ​လ သည် အစိုးရ​ဌာန​များ​အတွင်း​ရှိ ၎င်း​တို့​အား ထောက်ခံ​သူ​များ​ထံ​မှ​တ​ဆင့် သိ​နေ​၏။

ဗြိတိသျှ​တို့​သည် ဗိုလ်​ချုပ်​ကို ဖယ်ရှား​လိုသော်​လည်း မ​ထိ​ဝံ့​ဟူ​သော​သ​တင်း​သည် ပြန့်​နှံ့​သွား​၏။ ဒေါ်​မန်​ဆ​မစ် လည်း အခြေအနေ​ကို ထိန်းသိမ်း​နိုင်​ရန် ကြိုးစား​ပါ​သည်။ စက္ကူ​ဖြူ​စီမံ​ကိန်း​ကို လက်တွေ့​အကောင်​အထည်ဖော် ၍​ရ​မည်​မဟုတ်​ကြောင်း လန်ဒန်​အစိုးရ​ကို ဝန်ခံ​အသိ​ပေး​ပြီး ဖ​ဆ​ပ​လ လက်ခံ​နိုင်​မည့် ကမ်းလှမ်း​ချက်​အသစ် များ​ကို တင်ပြ​လေ​သည်။ သို့သော် အချိန်​ကား နှောင်း​ခဲ့​လေ​ပြီ။ ၁​၉​၄​၆ ခု​နှစ် ဇွန်​လ​တွင် ပူပင်​သောက​များ​နေ သော ဘုရင်​ခံ​ကြီး ဝမ်းကိုက်​ရောဂါစွဲ​ကပ်​သော​ကြောင့် အင်္ဂလန်​သို့ ပြန်​ရ​ပါ​သည်။ ဇူလိုင်​လ​မ​တိုင်​မီ အတ္တ​လီ သည် ဒေါ်​မန်​ဆ​မစ်​နေရာ​တွင် ဗိုလ်​ချုပ်​ရန်ဆ့်​ကို ခန့်​အပ်​ရန် ဆုံးဖြတ်​လိုက်​၏။ ရန်ဆ့်​အား ရွေးချယ်​ခြင်း​ကား သင့်လျော်​လှ​ပါ​သည်။ သူ​သည် စစ်​အုပ်ချုပ်​ရေး အကြီးအကဲ​အဖြစ် တာဝန်​ထမ်း​ဆောင်​စဉ်​က မြန်မာ​ပြည်​အ ခြေ​အနေ​ကို ကောင်း​စွာ​သိ​နိုင်​ခဲ့​ပြီး ဗိုလ်​ချုပ်​အောင်​ဆန်း​အပါအဝင် ဖ​ဆ​ပ​လ​ခေါင်းဆောင်​များ​နှင့် သင့်မြတ်​သူ ဖြစ်​၏။

ဦး​အောင်​ဆန်း အပိုင်း(၅)

လွတ်လပ်​ရေး​ကြိုးပမ်း​မှု

ဘုရင်​ခံ​ပြောင်းလဲ​ခြင်း​သည် ဖ​ဆ​ပ​လ​၏ မူ​ဝါဒ​များ ပြောင်းလဲ​ခြင်း​မ​ဟုတ်သော်​လည်း ဗြိတိသျှ​အစိုးရ​၏ ချဉ်း ကပ်​ပုံ​ချဉ်းကပ်​နည်း ပြောင်းလဲ​ခြင်း​ကို ဖော်​ပြ​လိုက်​သ​ဖြင့် လွတ်လပ်​ရေး​တိုက်​ပွဲ​တွင် နိုင်ငံ​ရေး​အခန်း​ကဏ္ဍ​အ သစ်​တ​ရပ် ဖွင့်​လိုက်​ခြင်း​ဖြစ်​ပါ​သည်။ ဘုရင်​ခံ​ကောင်​စီ​ဟောင်း​ကို ပယ်ဖျက်​လိုက်​ပြီး၊ ၁​၉​၄​၆ ခု​နှစ် စက်တင်ဘာ လ​တွင် ဦး​အောင်​ဆန်း​သည် ကာ​ကွယ်​ရေး​နှင့် နိုင်ငံ​ခြား​ရေး​ဝန်ကြီး တာဝန်​များ​ယူ​ကာ ဘုရင်​ခံ​၏ ကောင်​စီ​အ သစ်​တွင် ဒုတိယ​ဥက္ကဌ ဖြစ်လာ​ပါ​သည်။ ကောင်​စီ​ဝင် (၁​၁) ဦး​အနက် ဦး​အောင်​ဆန်း​အပြင် ဖ​ဆ​ပ​လ​အဖွဲ့​ဝင် (၅) ဦး ပါရှိ​လေ​သည်။ ကောင်​စီ​ဝင်​များ​သည် စုပေါင်း​တာဝန်​ယူ​ကြ​ရ​၏။ အမည်​အား​ဖြင့် ဘုရင်​ခံ​၏ အကြံပေး အဖွဲ့​မျှ​သာ​ဖြစ်သော်​လည်း လက်တွေ့​အား​ဖြင့် ကောင်​စီ​သည် ကြာမြင့်​စွာ​က​ပင် တောင်း​ဆို​ခဲ့​သော ယာယီ​အ မျိုး​သား​အစိုးရ​ပင်​ဖြစ်​ပါ​သည်။

ဦး​အောင်​ဆန်း​သည် ဤ​ဖြစ်ပေါ်​ချက်​အသစ်​များ​ကို သတိရှိ​ရှိ​နှင့် အကောင်း​ဖက်​က ရှု​မြင်​ပါ​သည်။ တရားဝင် တည်​ဆဲ​ဖြစ်​နေ​သေး​သော စက္ကူ​ဖြူ​စီမံ​ကိန်း​ကို ဆန့်ကျင်​ကန့်ကွက်​သည့် လူထု​စည်းဝေး​ပွဲ​ကြီး​တွင် တိုက်​ပွဲ​ဆုံး ခန်း​တိုင်​မ​ရောက်​သေး​ကြောင်း ထုတ်ဖော်​ပြောဆို​ခဲ့​ပါ​သည်။ သူ ရာထူး​နေရာ လက်ခံ​ခဲ့​ခြင်း​ကြောင့် ပြဿနာ အားလုံး ပြေလည်​သွား​ပြီ​ဟု မ​ယူဆ​သင့်​ကြောင်း​နှင့် နောင်​ဆောင်ရွက်​ရန် အလုပ်​တာဝန် များ​စွာ​ရှိ​သေး ကြောင်း လူထု​အား ဦး​အောင်​ဆန်း​က သတိပေး​လိုက်​ပါ​သည်။ ပြည်​သူ​လူထု​၏ ထောက်ခံ​အားပေး​မှု​သည် သူ နှင့် ဖ​ဆ​ပ​လ​အတွက် မည်​မျ​အရေးကြီး​ကြောင်း ပြော​ကြား​ပြီး​နောက် လူထု​နှစ်သက်​မြတ်နိုး​သော ရိုးသား​ပွင့် လင်း​မှု​ဖြင့် ကိုယ်​ရေး​ကိုယ်​တာ​ကိစ္စ​နှင့်​ပတ်သက်​၍ အောက်​ပါ​အတိုင်း မှတ်ချက်​ချ​လိုက်​ပါ​သည်။

“နောက်ဆုံး ကျုပ်​အကြောင်း​ကို ခင်ဗျား​တို့​ကို နည်း⁠နည်း​ပြော​ချင်​တယ်။ အခု​အခါ ကျုပ်ဟာ (ပတ်​ဗ​လစ်​မှာ ပေါ်​ပြူ​လာ​ဖြစ်​နေ​တဲ့​သူ​ပဲ)။ ဒါ​ပေ​မယ့် ကျုပ်ဟာ ဘုရား​လည်း​မဟုတ်၊ မှော်​ဆရာ မျက်​လှည့်​ဆရာ​လည်း မ ဟုတ်၊ လူ​ပဲ။ နတ်​လည်း​မဟုတ်၊ လူ​လောက်​ပဲ အစွမ်း​ရှိ​မှာ​ပဲ။ ကျုပ်​အသက်​ဟာ အင်မတန်​မှ ငယ်​တယ်။ ကျုပ် အခု​ထမ်း​ရ​တဲ့ တာဝန်​ဟာ​လည်း တ​တိုင်း​ပြည်​လုံး​ရဲ့​တာဝန်​ကို ရှေ့ဆုံး​က ထမ်း​နေ​ရ​တယ်။ ကျုပ်​ကိုယ်​ကို ဒီ တာဝန်​တွေ ထမ်း​နိုင်​အောင် အရည်အချင်း​ပြည့်စုံ​တယ်​လို့ မ​ယူဆ​ဘူး။ ပြီး​တော့ ကျုပ် စိတ်တို​တတ်​တယ်​ဆို တာ​လည်း လူ​အများ သိ​ကြ​တာ​ပဲ။ ဒါ ကျုပ် န​ဂို​ပဲ။ အလုပ်​ရှုပ်​ပြီး အနှောင့်​အယှက်​များ​ရင် စိတ်တို​တတ်​တယ်။ ဒါ​ကို ပြုပြင်​နိုင်​သျှ ပြုပြင်​ဖို့ ကြိုးစား​မယ်။ သို့သော်​လည်း ခင်ဗျား​တို့​လည်း စိတ်ရှည်​ရှည်​ထား​ပြီး က​နေ့​ပြ​တဲ့ အင်အား​မျိုး​ထက် ဆ​ထက်​ထမ်းပိုး တိုး​အောင်​လုပ်​ပြီး ကျုပ်​တို့​က ခင်ဗျား​တို့​အတွက် လုပ်​တဲ့​နေရာ​မှာ အားပေး မယ်​ဆို​ရင် ကျုပ်​တို့​လိုချင်​တဲ့ လွတ်လပ်​ရေး၊ လူထု​ကောင်းစား​ရေး​တွေ​ကို ရအောင်​ပို​လုပ်​နိုင်​မယ်။ ပို​အကျိုး​ရှိ မှာ​ပဲ။ ဒါ​ကြောင့် လူထု​တွေ​ကို ဆက်​တောင့်​ထား​ကြ​ပါ​အုံး​လို့​ဆို​တာ ထပ်ပြော​ခဲ့​ချင်​တယ်။”

ပြည်​သူ​လူထု​သည် ဦး​အောင်​ဆန်း​နောက်မှ မား⁠မား​မတ်⁠မတ်​ရပ်​၍ တောင့်​ထားသော်​လည်း သူ့​ကို အတိုက်​အခံ လုပ်​မှု မ​ရှိ​တော့ မဟုတ်​ပါ။ ဖ​ဆ​ပ​လ​၏ အင်အား​ကို ပြင်​ပ​မှ စိန်ခေါ်​သော နိုင်ငံ​ရေး​ပါ​တီ​များ​ထက် ဖ​ဆ​ပ​လ​အ တွင်း​မှ ပြဿနာ​များ ပို​၍ပေါ်​ပေါက်​ခဲ့​ပါ​သည်။ တ​သီး​ပုဂ္ဂ​လ သစ္စာ​ဖောက်​သွား​သူ အနည်းငယ်​မျှ​သာ​ရှိသော် လည်း ကွန်​မြူ​နစ်​များ​သည် ဖ​ဆ​ပ​လ​အဖွဲ့​ချုပ်​နောက်မှ ညီညွတ်​စွာ​ရှိ​သ​ယောင်​နှင့် မိမိ​တို့​ပါ​တီ​အား​ကောင်း​ရေး အတွက် ဆောင်ရွက်​နေ​ကြ​ပါ​သည်။

ပုဂ္ဂိုလ်​ရေး​နှင့် ဝါဒ​ရေး​အယူ​အဆ မ​တိုက်ဆိုင်​မှု​ကြောင့် ၁​၉​၄​၆ ခု​နှစ် မတ်​လ​တွင် သခင်​စိုး​၏ ‘အလံ​နီ’ ကွန်​မြူ နစ်​များ​နှင့် သခင်​သန်း​ထွန်း၊ သခင်​သိန်း​ဖေ​တို့​ခေါင်းဆောင်​သော ‘အလံ​ဖြူ’ ကွန်​မြူ​နစ်​များ​ဟူ၍ ကွန်​မြူ​နစ်​ပါ တီ နှစ်​ခြမ်း​ကွဲ​သွား​ခဲ့​ပါ​သည်။ အလံ​နီ​ကွန်​မြူ​နစ်​များ​သည် အကြမ်း​ဖက်​မှု​ဝါဒ​များ စွဲကိုင်​ခြင်း​ကြောင့် ၎င်း​တို့​အား ဇူလိုင်​လ​တွင် မ​တရား​အသင်း​အဖြစ် ကြေညာ​လိုက်​ပါ​သည်။ သခင်​သန်း​ထွန်း​သည် ဖ​ဆ​ပ​လ​၏ အထွေ​ထွေ​အ တွင်း​ရေး​မှူး ဖြစ်လာ​ပြီး သခင်​သိန်း​ဖေ​သည် ကောင်​စီ​ဝင်​တ​ဦး ဖြစ်လာ​ပါ​သည်။ သို့သော်​လည်း ‘သိန်း၊ သန်း’ ကွန်​မြူ​နစ်​တို့​သည် ‘ရန်စ်’ မ​ရောက်​မီ​က စတင်​ခဲ့​သော အထွေ​ထွေ​သပိတ် ပြီးငြိမ်း​သွား​စေ​ရန် ကောင်​စီ​၏ ဒု- ဥက္ကဌ​အနေ​နှင့် ဦး​အောင်​ဆန်း​၏ စေ့စပ်​ရေး​ဆောင်ရွက်​ချက်​များ​ကို အနှောင့်​အယှက်​ပေး​ခဲ့​၏။ အထွေ​ထွေ​သ ပိတ်​ပြီးငြိမ်း​ရေး ဆောင်ရွက်​ချက်​များ ပျက်ပြား​စေ​ရန် ကြိး​ပမ်း​မှု​မှာ အောင်မြင်​ခြင်း​မ​ရှိ​ခဲ့​ချေ။ သို့သော် ဤ​ကြိုး ပမ်း​မှု​သည် ဦး​အောင်​ဆန်း​နှင့် ဖ​ဆ​ပ​လ​တို့​၏ ဩဇာ​ပြို​ပျက်​စေ​ရန် အတန်​ကြာ​က​ပင် စတင်​ခဲ့​သော စည်း​ရုံး​လှုံ့ ဆော်​ရေး​လုပ်​ငန်း​များ​၏ တ​စိတ်​တ​ပိုင်း​သာ​ဖြစ်​ပါ​သည်။

အခြေအနေ​ကို မ​ဖြေ​ရှင်း​၍ မ​ရ​တော့​ပါ။ ဆို​ရှယ်​လစ် ဦးကျော်​ငြိမ်း​ကို သခင်​သန်း​ထွန်း​နေရာ​၌ အထွေ​ထွေ​အ တွင်း​ရေး​မှူး ခန့်​အပ်​လိုက်​ပြီး အောက်တိုဘာ​လ​တွင် ကွန်​မြူ​နစ်​များ​ကို ဖ​ဆ​ပ​လ​အတွင်း​မှ ထုတ်​ပယ်​လိုက်​ပါ သည်။ ဤ​လုပ်​ရပ်​ကို နောက်​လ​အတွင်း ကျင်းပ​သော အဖွဲ့​ချုပ်​၏ အထွေ​ထွေ​ညီလာခံ​၌ အတည်ပြု​လိုက်​ပါ သည်။ ထုတ်​ပယ်​ရ​ခြင်း​၏ အကြောင်း​များ​ကို ရှင်း​ပြ​သော မိန့်ခွန်း​၌ ဦး​အောင်​ဆန်း​သည် ကွန်​မြူ​နစ်​တို့​အား တိုင်း​ပြည်​၏ ညီညွတ်​မှု​ပျက်ပြား​စေ​ရန် ကြိုးပမ်း​သည်။ မိမိ​တို့​၏​ပါ​တီ​ရေး​ကို မြန်​မာ့​လွတ်လပ်​ရေး​ထက် အလေး ပေး​သည်။ မြန်​မာ့​အခြေအနေ​နှင့် သင့်လျော်၊ မ​သင့်လျော်​ကို မ​ဆင်ခြင်​ဘဲ အိန္ဒိယ​ကွန်​မြူ​နစ်​ပါ​တီ​၏ ညွှန်​ကြား ချက်​များ​ကို မျက်​စေ့စုံ​ပိတ်​၍ လိုက်နာ​သည် စ​သ​ဖြင့် ရှုတ်ချ​ပါ​သည်။

အမှုဆောင်​ကောင်​စီ​မှ နှုတ်ထွက်​လိုက်​သော သခင်​သိန်း​ဖေ​က ဦး​အောင်​ဆန်း​နှင့် သူ​၏ လုပ်ဖော်​ကိုင်​ဖက် များ​အား တော်​လှန်​ရေး​သမား​ထက် ပြုပြင်​ရေး​သမား​ဆန်သည်၊ ၎င်း​တို့​သည် ဗြိတိသျှ​၏ လှည့်ဖြား​မှု​ကို အညံ့ ခံ​ခဲ့​ပြီး ဘုရင်​ခံ​နှင့် ဆက်ဆံ​ရာ​၌ ပျော့​လွန်း​သည်၊ အဝေ​ဖန်​လည်း မ​ခံ​နိုင်​ဟု ပြောဆို​ပါ​သည်။ ဖ​ဆ​ပ​လ​နှင့် ကွန် မြူ​နစ်​တို့ လမ်း​ခွဲ​သွား​ကြသော်​လည်း လက်ဝဲ​ညီညွတ်​မှု​ကို အထူး​လိုလား​သော ဦး​အောင်​ဆန်း​သည် မာက်စ်​ဆို ရှယ်​လစ်​ဝါဒ​နှင့် ကွန်​မြူ​နစ်​ပါ​တီ​ဝင်​အချို့​အပေါ် သံယောဇဉ်​မ​ကုန်​ပါ။ အလံ​နီ​ကွန်​မြူ​နစ်​များ​နှင့် အလံ​ဖြူ​ကွန် မြူ​နစ်​များ​အကြား စေ့စပ်​ဖြန်​ဖြေ​ရန် သူ ကြိုးစား​ခဲ့​ပါ​သည်။ သိန်း၊ သန်း ကွန်​မြူ​နစ်​များ​ကို ဖ​ဆ​ပ​လ​အတွင်း​မှ ဖယ်​ထုတ်​ပြီး​နောက် ပြည်​သူ့​ရဲဘော်​နှင့် ဆို​ရှယ်​လစ်​တို့​ကို ပေါင်း​စည်း​ပြီး မက်စ်​အဖွဲ့​ချုပ်​တည်ထောင်​ရန် ဦး အောင်​ဆန်း စဉ်းစား​ခဲ့​သည်​ဟု အဆို​ရှိ​ပါ​သည်။

အမှုဆောင်​ကောင်​စီ​အသစ်​သည် သခင်​စိုး​ကွန်​မြူ​နစ်​များ​အပေါ် ချ​မှတ်ထား​သော ပိတ်​ပင်​ချက်​ကို ပယ်ဖျက် ပေးလိုက်​ပါ​သည်။ သို့သော် အလံ​နီ​ကွန်​မြူ​နစ်​များ​သည် လက်နက်​ကိုင်တော်​လှန်​ရေး​လမ်း​စဉ်​ကို တရား​သေ ဆုပ်​ကိုင်​ထား​သ​ဖြင့် ၁​၉​၄​၇ ခု ဇန်နဝါရီ​လ​တွင် ၎င်း​တို့​အား တ​ဖန် မ​တရား​အသင်း​ကြေညာ​ရ​ပြန်​သည်။ အဖြူ၊ အနီ​မ​ရွေး ကွန်​မြူ​နစ်​အများ​အပြား အထူးသဖြင့် ပြည်​သူ့​ရဲဘော်​ဟောင်း​များ​သည် ဦး​အောင်​ဆန်း​ကို ဆက် လက်​၍ ကြည်ညို​လေးစား​ကြ​ပါ​သည်။ သူ့​အနေ​နှင့်​လည်း ကွယ်​လွန်သွား​သည့်​တိုင် ပြန်လည်​ပေါင်း​စည်း​ရေး ကို လုံး⁠လုံး​လျား​လျား ပစ်​ပယ်​ခဲ့​ခြင်း ရှိ​ဟန်​မ​တူ​ပါ။ သို့သော် သူ​သည် မြန်မာ​နိုင်ငံ​လွတ်လပ်​ရေး​နှင့် ညီညွတ်​ရေး ထက်​ပို​ပြီး မည်​သည့်​ဝါဒ​ကို​မှ ဦးစား​မ​ပေး​ခဲ့​ပါ။

၁​၉​၄​၆ ခု​နှစ် ဒီဇင်ဘာ​လ​တွင် ဖ​ဆ​ပ​လ​သည် အချုပ်​အခြာ​အာဏာပိုင် မြန်မာ​နိုင်ငံ​တည်ထောင်​ရေး​အတွက် လို​အပ်​သော​ကိစ္စ​များ ဆွေးနွေး​ရန် ဗြိတိသျှ​အစိုးရ​၏ ဖိတ်ကြား​ချက်​ကို လက်ခံ​လိုက်​ပါ​သည်။ နှစ်​ဦး​ပိုင်း​တွင် လန်ဒန်​သို့ ထွက်​ခွာ​သွား​သော​ကိုယ်စားလှယ်​အဖွဲ့​ကို ဦး​အောင်​ဆန်း ဦးဆောင်​၍ အဖွဲ့​ထဲ​တွင် အမှုဆောင် ကောင်​စီ​ဝင်​များ၊ နိုင်ငံ​ရေး​သမား​များ​နှင့် အရပ်သား​အစိုးရ​ဝန်​ထမ်း​များ ပါရှိ​ပါ​သည်။

ဒေ​လီ​မြို့​၌ ရပ်နား​စဉ် ကျင်းပ​သော သတင်းစာ​ရှင်းလင်း​ပွဲ​တွင် ဦး​အောင်​ဆန်း​က လုံး​ဝ​လွတ်လပ်​ရေး​ကို​သာ လိုလား​ကြောင်း၊ ဒို​မီ​နီ​ယန်​အဆင့်​အတန်း လက်ခံ​ရေး​ကို ထည့်​သွင်း​စဉ်းစား​မည် မဟုတ်​သ​ဖြင့် မေး​စရာ​ပင် မ လို​ကြောင်း​ပြော​ကြား​ခဲ့​ပါ​သည်။ သတင်းစာဆရာ​တို့​၏ မေးခွန်း​တ​ရပ်​ကို ဖြေ​ကြား​ရာ​၌ မြန်မာ​တို့​၏ တောင်း​ဆို ချက်​များ​ကို ကျေနပ်​ဖွယ်ရာ​လိုက်လျော​ခြင်း မ​ရှိ​ပါ​က အကြမ်း​ဖက်​နည်း​ကို​ဖြစ်​စေ၊ အကြမ်း​မ​ဖက်​သော​နည်း ကို​ဖြစ်​စေ၊ နည်း​နှစ်​မျိုး​လုံး​ကို​ဖြစ်​စေ၊ စဉ်းစား​ရန် လုံး​ဝ​တွန့်​ဆုတ်​မည်​မဟုတ်​ဟု ပြော​ခဲ့​၏။ နိဂုံး​ချုပ်​အနေ​နှင့် အ ကောင်း​ဆုံး​ကို မျှော်လင့်​ထားသော်​လည်း အဆိုး​ဆုံး​အတွက်​လည်း အဆင်သင့်​ပြင်​ထား​ကြောင်း ပြော​သွား​ပါ သည်။ ဤ​ကား မြန်မာ​နိုင်ငံ​မှ မ​ထွက်​ခွာ​မီ နှစ်​သစ်​ကူး​မိန့်ခွန်း​ထဲ​တွင် အသေး​စိတ်​ပြော​ခဲ့​သော အချက်အလက် တို့​ထက် ပိုမို​ခြင်း​မ​ရှိ​ပါ။

ထို​မိန့်ခွန်း​တွင် ပွင့်​ပွင့်လင်း​လင်း ဖော်​ပြ​ခဲ့​သည်မှာ ဗြိတိသျှ​တို့​သည် အေးချမ်း​စွာ ဖြေ​ရှင်း​ရေး​ကို လိုလား​သည် ဟု သူ ယုံကြည်​လို​ကြောင်း၊ သူ​ကိုယ်တိုင်​လည်း အေး​ဆေး​သော နည်း​များ​ကို​သာ ပို​၍​နှစ်သက်​ကြောင်း၊ သို့ သော်လည်း လို​အပ်​သည့် သဘောတူ​ညီ​ချက်​များ မ​ရ​ပါ​က လူထု​အနေ​နှင့် တရား​ဥပဒေ​ပြင်​ပ​မှ လွတ်လပ်​ရေး တိုက်​ပွဲဝင်​ရန် အဆင်သင့်​ပြင်​ထား​ရ​မည်​ဖြစ်​ကြောင်း စ​သ​ဖြင့် ဖြစ်​ပါ​သည်။ အမှန်​မှာ ဦး​အောင်​ဆန်း​နှင့် ဖ​ဆ ပ​လ​သည် ဗြိ​တိ​သျ​တို့​နှင့် ဆွေးနွေး​ပွဲ​များ မ​အောင်မြင်​ပါ​က ဖြစ်​ပျက်​လာ​မည့် အခြေအနေ​အတွက် ပြင်ဆင်​မှု​အ နေ​နှင့် လက်နက်​များ​စုဆောင်း​ပြီး၊ ပြည်​သူ့​ရဲဘော်​တပ်ဖွဲ့​များ​ကို အသင့်​အနေအထား​တွင် ရှိ​နေ​စေ​ရန် စီစဉ်​ပြီး ဖြစ်​ပါ​သည်။

“အောင်​ဆန်း-အတ္တ​လီ သဘောတူ​ညီ​ချက်” ထွက်ပေါ်​စေ​ခဲ့​သော ဆွေးနွေး​ပွဲ​များ​အတွင်း ဦး​အောင်​ဆန်း​၏ ကဏ္ဍ​နှင့်​ပတ်သက်​၍ ပုဂ္ဂလိက​အမှုဆောင်​ဝင်​တ​ဦး​ဖြစ်​သူ ဦးတင်​ထွဋ်​က အောက်​ပါ​အတိုင်း​ရေးသား​ခဲ့​ပါ​သည်။ ပြည်​သူ့​လွှတ်တော်​ရွေးကော်​ပွဲ​မ​ကျင်းပ​မီ​နှင့် အခြေ​ခံ​ဥပဒေ​သစ် မ​ရေး​ဆွဲ​သေး​မီ မြန်မာ​နိုင်ငံ​၏ အစိုးရ​တာဝန် ဝတ္တရား​တို့​ကို မြန်မာ​အစိုးရ​ထံ​သို့ လက်တွေ့​အရ​လည်းကောင်း၊ ဥပဒေ​သဘော​အရ​လည်းကောင်း၊ ချက်ချင်း လွှဲ​ပြောင်း​ပေး​ရန်​ကို သူ​က အားထုတ်​ခဲ့​ပါ​သည်။ ဥပဒေ​သဘော​အရ လွှဲ​ပြောင်း​ပေး​ခြင်း​ကို သူ​က မ​ရ​ယူ​နိုင်​ခဲ့ သော်လည်း လက်တွေ့​အား​ဖြင့် လွှဲ​ပြောင်း​ပေး​ခြင်း​ကို​ကား အနှစ်သာရ​အား​ဖြင့် နှစ်​ဖက်​သဘောတူ​ညီ​မှု​အပေါ် မူ​တည်​၍ ရ​ယူ​နိုင်​ခဲ့​ပါ​သည်။

ဤ​အနေအထား​ကို သူ​၏ နိုင်ငံ​ရေး​အတိုက်​အခံ​တို့​က သူ​ခေါင်းဆောင်​ခဲ့​သော ကိုယ်စားလှယ်​အဖွဲ့​၏ ရှုံး​နိမ့်​မှု ကဲ့သို့​ဖြစ်​စေ​ရန် ကောက်​ကွေ့​ပွေလီ​စွာ အဓိပ္ပာယ်​ဖွင့်​လို​က ဖွင့်​နိုင်​ပါ​သည်။ သူ​သည် အနည်း​ဆုံး လို​အပ်​ချက် များ တောင်း​ဆို​ရာ​၌ ခိုင်မာ​၏။ ထိုသို့​ခိုင်မာ​ခြင်း​ကြောင့် တော်​လှန်​ရေး​ဖြစ်ပေါ်​လာ​နိုင်​သည်​ဟု သူ​သိ​သ​ဖြင့် တာဝန်​မှာ​ကြီး​လေး​လှ​၏။ နိုင်ငံ​ရေး​ပညာရှိ​တ​ဦး​ပီ​သ​စွာ မြန်မာ​ပြည်​သူ​ပြည်​သား​များ​၏ လိုလား​ချက်​တို့​ကို အ နှစ်​သာ​ရ​အား​ဖြင့် ပေး​သည်​ကို သူ​လက်ခံ​ခဲ့​၏။ လိုလား​ချက်​ကား လွတ်လပ်​ရေး​သို့ ရှင်းလင်း​တိုတောင်း​သော လမ်း​မှ ချီ​တက်​နိုင်​ရန်​နှင့် မိမိ​တို့​တိုင်း​ပြည်​၏ လက်တွေ့​အစိုးရ​တာဝန်​များ​ကို ချက်ချင်း​ရ​ရှိ​ရန်​တို့​ဖြစ်​ပါ​သည်။

နှစ်​ဖက်​အလို​ကျ သဘောတူ​ညီ​ချက်​ကို လက်ခံ​ပြီး​နောက် ဤ​သဘောတူ​ညီ​ချက်​၏ အဓိပ္ပာယ်​သက်​မှု​ကို လူထု အား ရိုး⁠ရိုး​ရှင်း⁠ရှင်း​တင်ပြ​၍ လို​အပ်​ချက်​များ ဖြစ်မြောက်​စေ​ရန် ခေါင်းဆောင်​မှု​ပေး​ခဲ့​၏။ သူ​၏ ခေါင်းဆောင်​မှု နောက်မှ လိုက်​ပါ​က တ​နှစ်​အတွင်း လုံး​ဝ​လွတ်လပ်​ရေး​ရ​စေ​ရ​မည်​ဟု ရဲရင့်​စွာ ကတိ​ပေး​ခဲ့​၏။ ဤ​ကား ပေါ့​ပေါ့ ဆ​ဆ ကတိ​မျိုး မဟုတ်​ပါ။ သူ​၏ နိုင်ငံ​ရေး​လုပ်​ငန်း၊ သူ​၏ ဂုဏ်​သိက္ခာ​နှင့် သူ​၏ ဘဝ​တို့​ကို​ရင်း​၍ ပေးလိုက် သော၊ ခံယူ​ချက်​အပေါ် အခြေ​ခံ​သော ကတိ​မျိုး​ဖြစ်​ပါ​သည်။ ဤသို့​ဆောင်ရွက်​ခြင်း​ဖြင့် သူ​၏ ခေါင်းဆောင်​ပီ​သ မှု​ကို အပြည့်​အဝ သက်သေပြ​လိုက်​ပါ​သည်။

သဘောတူ​ညီ​ချက်​ကို လက်မှတ်ထိုး​ရန် ငြင်း​ဆို​ခဲ့​သော ကိုယ်စားလှယ်​အဖွဲ့​ဝင်​နှစ်​ဦး​ကား ဝန်ကြီး​ချုပ်​ဟောင်း ဦး​စော​နှင့် ၁​၉​၃​၈ ခု​နှစ် ဒို့​ဗမာ​အစည်း​အရုံး နှစ်​ခြမ်း​ကွဲ​ပြီး​နောက် အနည်း​စု​သခင်​များ​ကို သခင်​ထွန်း​အုပ်​နှင့်​အ တူ ခေါင်းဆောင်​ခဲ့​သော သခင်​ဗ​စိန်​တို့​ဖြစ်​ပါ​သည်။ မြန်မာ​ပြည်​သို့ ပြန်​ရောက်​သော​အခါ ဦး​စော​နှင့် သခင်​ဗ​စိန် သည် ဒေါက်​တာ​ဘမော်​နှင့် ဝန်ကြီး​ချုပ်​ဟောင်း နောက်​တ​ဦး​ဖြစ်​သူ ဆာပေါ်​ထွန်း​တို့​နှင့်​ပေါင်း​ကာ အမျိုးသား အတိုက်​အခံ​တပ်ဦး တည်ထောင်​၍ ဦး​အောင်​ဆန်း​သည် ရာထူး​တည်​မြဲ​ရေး​အတွက် နယ်​ချဲ့​တို့​ဘက်​သို့ ကူး ပြောင်း​သွား​ပြီ​ဟု ပြော​လေ​သည်။

နိုင်ငံ​ရေး​အတိုက်​အခံ​တို့​၏ စွပ်စွဲ​ချက်​များ​ကြောင့် ဦး​အောင်​ဆန်း ထူး​ထူးခြား​ခြား စိတ်​အနှောင့်​အယှက်​မ​ဖြစ်​ခဲ့ ပါ။ တိုင်း​ရင်း​သား​လူ​မျိုး​စု​များ​နှင့် ဆွေးနွေး​စေ့စပ်​ရေး​ကို​သာ ဇောက်​ချ​၍ လုပ်​ပါ​တော့​သည်။ ဤ​ကိစ္စ​ကို ဖြေ ရှင်း​ရန် လန်ဒန်​သွား​ကိုယ်စားလှယ်​အဖွဲ့ မြန်မာ​ပြည်​ပြန်​ရောက်​ပြီး ရက်​ပိုင်း​အတွင်း​ပင် ပင်​လုံ​၌ ညီ​လာ​ခံခေါ် ရေး စီစဉ်​ထား​ပြီး​ဖြစ်​ပါ​သည်။ ညီလာခံ​၏ ရလဒ်​ဖြစ်​သော ပင်​လုံ​စာချုပ်​အရ “ကြား​ဖြတ်​မြန်မာ​အစိုးရ​နှင့် ချက် ချင်း​ပူး ပေါင်း​လိုက်​ခြင်း​အား​ဖြင့် ရှမ်း၊ ကချင်​နှင့် ချင်း​တို့​သည် လွတ်လပ်​ရေး​ကို ပိုမို​လျင်မြန်​စွာ ရ​ရှိ​လိမ့်​မည်” ဟူ၍ အသိ​အမှတ်ပြု​လိုက်​ပါ​သည်။၁​၉​၄​၇ ခု​နှစ် ဖေဖော်ဝါရီ ၁​၂ ရက်​တွင် ဗိုလ်​ချုပ်​အောင်​ဆန်း​သည် ဆာ​မောင်ကြီး၊ ဗိုလ်​မှူး​အောင်၊ မြို့မ-ဦး​သန်း​ကြွယ်၊ အခြား​တိုင်း​ရင်း​သား ခေါင်းဆောင်​များ​နှင့် အတူ ပင်​လုံ​ညီလာခံ​တွင် တက်​ရောက်​ခဲ့ပြီး၊ စည်း​လုံး​ညီညွတ်​ရေးဖော်​ဆောင်​သည့် စာချုပ်​လက်မှတ်​ရေး​ထိုး​ခဲ့​သည်

ပင်​လုံ​ညီလာခံ​ကား စစ်​အတွင်း​က တိုင်း​ရင်း​သား​များ​အကြား သင့်မြတ်​ကြည်ဖြူ​ရေး​အတွက် သခင်​များ​ကြိုး ပမ်း​ချက်​များ​နှင့် အစ​ပျိုး​ခဲ့​သော ဦး​အောင်​ဆန်း​၏ မြန်မာ​နိုင်ငံ​အတွင်း​ရှိ လူ​မျိုး​စုပေါင်း​စုံ စည်း​လုံး​ညီညွတ်​ရေး ဦးတည်​သော လုပ်​ငန်း​စဉ်​၏ အထွတ်​အထိပ်​ပင်​ဖြစ်​ပါ​သည်။ တ​ဖန် ဦးတင်​ထွဋ်​၏ စကား​အရ​ပြော​ရ​လျှင် ဆွေး နွေး​စေ့စပ်​ရေး​နယ်ပယ်​တွင် သူ(ဦး​အောင်​ဆန်း) အောင်မြင်​မှု​များ ရ​ရှိ​ခဲ့​ခြင်း​မှာ သူ​၏ မ​သွယ်​မ​ဝိုက်​ပွင့်လင်း​မှု နှင့် ပုဂ္ဂလိက​အရည်အသွေး​တို့​ကြောင့် ဖြစ်​ပါ​သည်။ ထို​နယ်ပယ်​တွင် သူ​၏ အကြီး​မား​ဆုံး​ဆောင်ရွက်​ချက်​ကား တောင်တန်း​ဒေသ တိုင်း​ရင်း​သား​များ​နှင့် အခြား​လူ​ငယ်​စု​များ​၏ လုံး​ဝ​ဥဿုံ စိတ်ချ​ယုံကြည်​မှု​ကို ရ​ယူ​နိုင်​ခြင်း ဖြစ်​ပါ​သည်။

ပင်​လုံ​ညီလာခံ ပြီး​လျှင်​ပြီး​ချင်း ဧပြီ​လ​တွင် ကျင်းပ​မည်​ဖြစ်​သော ရွေး​ကောက်​ပွဲ​တွင် ဝင်​ရောက်​ယှဉ်​ပြိုင်​မည့် ဖ​ဆ​ပ​လ​ကိုယ်စား ဦး​အောင်​ဆန်း​သည် ပင်ပန်း​ကြီး​စွာ နိုင်ငံ​အနှံ့ စည်း​ရုံး​ရေး​ခရီး​ထွက်​ခဲ့​ပါ​သည်။ မြန်မာ​နိုင်ငံ ပြည်​သူ​လူထု​နှင့် (၃​၂) နှစ် မျှ​သာ​ရှိ​သေး​သော သူ​တို့​၏ နုပျို​ရွယ်​ခေါင်းဆောင်​အကြား မ​ကြံ​စဖူး ထူးခြား​သော ဆက်ဆံ​ရေး​အနေအထား​မျိုး ပေါ်ပေါက်​ခဲ့​ပါ​သည်။ ဦး​အောင်​ဆန်း​သွား​လေ​ရာ လူ​အုပ်​ကြီး​များ​သည် ‘ငါ​တို့​ဗိုလ် ချုပ်’ ကို မြင်​လို​ဇော၊ နားထောင်​လို​ဇော၊ သွေးစည်း​ခိုင်မာ​မှု​ကို ပြသ​လို​ဇော​တို့​နှင့် ဖုံ​ကို​မ​မှု၊ နေပူ​ကို​မ​ရွံ့၊ လာ ရောက်​အားပေး​ကြ​ပါ​သည်။ ‘ဗိုလ်​ချုပ်’ ဟူ​သော ဝေါဟာရ​မှာ မူလ​တွင် သူ​၏ တပ်​မတော်​ရာထူး​ကို ရည်ညွှန်း ခြင်း​အမှု​သာ​ဖြစ်သော်​လည်း နောင်​တွင် သူ့​အပေါ်​ထား​ရှိ​သော ချစ်ခင်​လေးစား​မှု​ကို ရောင်​ပြန်​ဟပ်​လာ​သော ဝေါဟာရ​ဖြစ်လာ​၏။

ဦး​အောင်​ဆန်း​ကား နားထောင်​ကောင်း​အောင် အပြော​အဟော​ပြေပြစ်​သူ​တ​ဦး မဟုတ်​ပါ။ သူ​၏ မိန့်ခွန်း​များ သည် ငြီးငွေ့​ဖွယ် အတတ်​ပညာ​ရေးရာ​ကိစ္စ​များ​နှင့် လွှမ်းမိုး​နေ​သည်​လည်း ဖြစ်​နိုင်​၏။ ဟို​အကြောင်း​ရောက် ဒီ အကြောင်း​ရောက်​နှင့် လိုက်​ရ​ခက်​သည်​လည်း ဖြစ်​နိုင်​၏။ လွန်စွာ​ရှည်လျား​သည်​လည်း ဖြစ်​နိုင်​၏။ သို့သော် လည်း လူထု​သည် ငြိမ်​သက်​အေး​ဆေး​စွာ နားထောင်​ပြီး သူ့​စိတ်​သန္တာန်​ကို​လိုက်ကာ သူ​၏ တုံးတိတိ​နိုင်​သော ဆုံးမ​သတိပေးချက်​တို့​ကို သဘောကျ​နှစ်သက်​သကဲ့သို့ ကြား​ရ​ခက်​လှ​သော သူ​၏ ရယ်​ရွှင်​ဖွယ်​စကား​လေး များ​ကို​လည်း သဘောကျ​နှစ်သက်​ကြ​ပါ​သည်။

ဦး​အောင်​ဆန်း​သည် မြန်​မာ့​လွတ်လပ်​ရေး​နှင့် စည်း​လုံး​ညီညွတ်​ရေး​ပြဿနာ​များ​ကို ဖြေ​ရှင်း​ပေး​နိုင်​မည့် အ တွေး​အခေါ်​များ​နှင့် နည်း​ဗျူဟာ​များ​ကို အစဉ်​တ​စိုက်​ရှာဖွေ​နေ​သူ​ဖြစ်​၏။ ဤ​လုပ်​ငန်း​တွင် လူထု​ကို သူ​နှင့်​အတူ ပါဝင်​ရန်ခေါ်​ဆောင်​နိုင်​ခဲ့​သည်။ ကာလ​ဒေသ​အခြေအနေ​များ​အရ လို​အပ်​ပါ​က​စိတ်​ပြောင်းလဲ​ရန် သူမ​ကြောက် ရွံ့​ပါ။ သူ​၏ ယူဆ​ချက်​များ​နှင့် ရည်​ရွယ်​ချက်​များ​ကို လူထု​အား ပွင့်​ပွင့်လင်း​လင်း ရှင်း​ပြ​ပြီး ၎င်း​တို့​၏ ထောက်ခံ မှု​ကို တောင်း​ဆို​ပါ​သည်။ သို့သော်​လည်း လွယ်လင့်တကူ အောင်မြင်​မှု​များ​နှင့် စိတ်ကူး​ယဉ်​အိပ်မက်​လောက များ အကောင်​အထည်ဖော်​လာ​မည်​ဟူ၍ လက်လွတ်​စ​ပယ် ကတိ​ပြု​ချက်​များ မ​ပေး​ချေ။ သူ့​တိုင်း​ပြည်​အပေါ် တည်ကြည်​ဖြောင့်မတ်​စွာ ပြုကျင့်​သွား​မည်၊ မြန်​မာ့​လွတ်လပ်​ရေး​နှင့် စည်း​လုံး​ညီညွတ်​ရေး​အတွက် အစွမ်း​ကုန် ဆောင်ရွက်​သွား​မည်၊ လူထု​၏ ညီညွတ်​မှု​အင်အား​သာ သူ​နှင့် ဖ​ဆ​ပ​လ​နောက်​၌ တည်​ရှိ​နေ​မည်​ဆို​ပါ​က လွတ် လပ်​ရေး​နှင့် စည်း​လုံး​ညီညွတ်​ရေး​ဟူ​သော နှစ်​ပွင့်​ဆိုင်​ပန်းတိုင်​သို့ ဦး​ဆောင်ခေါ်​သွား​နိုင်​မည်​ဟူ၍​သာ ကတိ​ပြု ခဲ့​၏။


မြန်မာ​နိုင်ငံ ပြည်​သူ​လူထု​လည်း ရွေး​ကောက်​ပွဲ​တွင် ဖ​ဆ​ပ​လ​ကိုယ်စားလှယ်​ပေါင်း မြောက်​မြား​စွာ​ကို ရွေးချယ် တင်​မြှောက်​လိုက်​ခြင်း​ဖြင့် ဦး​အောင်​ဆန်း​၏ နှိုးဆော်​ချက်​တို့​ကို တုံ့​ပြန်​လိုက်​၏။ ပုဂ္ဂလိက​ကိုယ်စားလှယ်​များ နှင့် ကွန်​မြူ​နစ်​ကိုယ်စားလှယ်​များ လက်​တ​ဆုပ်​စာ​လောက်​သာ ရွေးချယ်​ခြင်း​ခံ​ခဲ့​ရ​ပါ​သည်။ ‘စော၊ စိန်၊ မော်’ အုပ်စု​ကား မိမိ​တို့​သေချာ​ပေါက်​ရှုံး​မည်​ကို သိ​ထား​ကြ​သ​ဖြင့် ရွေး​ကောက်​ပွဲ​များ​ကို သပိတ်မှောက်​ခဲ့​၏။ ဖ​ဆ​ပ လ​သည် မ​သင့်တော်​သော ဖိ​အားပေး​မှု​များ ပြုလုပ်​ခဲ့​သည်​ဟု စွပ်စွဲ​ချက်​များ​နှင့် ရင်ဆိုင်​ခဲ့​ရ​၏။ သို့သော် ရွေး ကောက်​ပွဲ​ဆိုင်​ရာ ခုံ​ရုံး​များ​၏ တွေ့​ရှိ​ချက်​များ​အရ ရွေး​ကောက်​ပွဲ​ရလဒ်​များ​သည် လူထု​၏​ဆန္ဒ​ကို အမှန်​အတိုင်း ရောင်​ပြန်​ဟပ်​ခဲ့​ပါ​သည်။ ဦး​အောင်​ဆန်း​၏ ဘဝ​နောက်ဆုံး​အပိုင်း​တွင် သူ​သည် နေ့စဉ်​နှင့်​အမျှ နိုင်ငံ​ရေး​ရင့် ကျက်​မှု​နှင့် နိုင်ငံအုပ်​ချုပ်​ရေး ကျင်လည်​မှု​တို့​တွင် တိုးတက်​လာ​သည်​ကို မြင်​နိုင်​ပါ​သည်။ နိုင်​ငံတော်​တည် ဆောက်​ရေး ကိစ္စ​ရပ်​များ​ကို ရင်ဆိုင်​ရာ​၌ သူ​၏ ပင်ကိုယ်​အရည်အသွေး​များ​နှင့် တာဝန်​သိ​စိတ်​ဓာတ်​တို့ ကွန့် မြူး​လာ​၏။ ဤ​ကာလ​အတွင်း​၌ တ​ချိန်​က​ဆန့်ကျင်ဘက်​ဖြစ်​ခဲ့​သော ဗြိတိသျှ​များ​စွာ​တို့​၏ လေးစား​မှု​ကို ရ​ယူ​နိုင် ခဲ့​သည်။ ထို​ပုဂ္ဂိုလ်​များ​အနက် တ​ဦး​က အောက်​ပါ​အတိုင်း ရေးသား​ခဲ့​ပါ​သည်။


အောင်​ဆန်း​၏ နိုင်ငံ​ရေး​ပညာ​ရှင်​အရည်အချင်း​များ တိုးတက်​ကြွယ်​ဝ​လာ​ခြင်း​သည် သူ​၏ ပင်ကိုယ်​စရိုက်​ကား ဖြစ်ပေါ်​လာ​သော အခြေအနေ​များ​အရ ကြီး​ထွား​လာ​နိုင်​စွမ်း​ရှိ​ကြောင်း​ကို ပြသ​ပါ​သည်။ သူ့​ဘဝ​၏ နောက်ဆုံး (၁​၀) လ​တွင် သူ​သည် လက်တွေ့​အား​ဖြင့် ဝန်ကြီး​ချုပ်​အနေအထား​၌ ရှိ​ခဲ့​ပါ​သည်။ ထို​ကာလ​အတွင်း​၌ သူ​သည် သူ့​နိုင်ငံ မည်​မျ​ကျယ်ဝန်း​၍ လူ​မျိုး​ပေါင်း မည်​မျှ​စုံ​ပြီး ပြဿနာ​များ မည်​မျှ​ရှုပ်​ထွေး​ပွေလီ​လှ​သည်​တို့​ကို စ​၍ ဂ​ဃ န​ဏ သဘောပေါက်​ခဲ့​ပါ​သည်။ အလုပ်​များ​လွန်း​လှ​သ​ဖြင့် သူ​၏ ကျန်းမာ​ရေး​ထိခိုက်​လာ​သည့်​အပြင် ရံ​ဖန်​ရံ​ခါ အလုပ်​မ​နိုင်​မ​နင်း ဖြစ်​ခဲ့​ပါ​သည်။ သို့သော် သူ​ကား ယောင်္ကျား​ကောင်း​ပီ​သ​စွာ ဤ​ဖြစ်​ရပ်​ကို ဝန်ခံ​သ​ဖြင့် သူ​နှင့် နေ့စဉ် ထိ​တွေ့​နေ​သော ဗြိတိသျှ​အုပ်ချုပ်​ရေး​အရာရှိ​များ​၏ လေးစား​မှု​ကို ရ​ရှိ​ခဲ့​ပါ​သည်။ သူ့​အား လုပ်ကြံ​သတ် ဖြတ်​ခြင်း​သည် နောင်​ဖြစ်ထွန်း​လာ​မည့် ဥပဒေ​မဲ့​ကာလ​များ​တွင် သူ့​နောက်​လိုက်​များ​ကို စည်းကမ်း​ထိန်းသိမ်း ရန် စွမ်းဆောင်နိုင်​သည့် တ​ဦး​တည်း​သော​ပုဂ္ဂိုလ်​ကို သူ့​တိုင်း​ပြည် ဆုံးရှုံး​ရ​ခြင်း​ပင်​ဖြစ်​ပါ​သည်။

ဇွန်​လ​အစော​ပိုင်း​တွင် ဦး​အောင်​ဆန်း​သည် တိုင်း​ပြည်​အတွက် ပြန်လည်​ထူထောင်​ရေး​လုပ်​ငန်း​များ စီစဉ်​ရန် ရန်ကုန်မြို့ ပြည်​လမ်း​ရှိ ‘ဆို​ရန်​တို​ဗီ​လာ’ အဆောက်အဦး​တွင် စည်းဝေး​ပွဲ​များ ဆက်တိုက်​ကျင်းပ​ပါ​သည်။ ညီ လာ​ခံ​အဖွင့်​မိန့်ခွန်း​တွင် ဦး​အောင်​ဆန်း​သည် အစော​တ​လျင် လို​အပ်​နေ​သော လုပ်​ငန်း​များ​ကို မီး​မောင်း​ထိုး​ပြ ပြီး လက်တွေ့​ကျ​၍ လှေ​နံ​ဓား​ထစ်​မဟုတ်​သော အစီ​အစဉ်​များ​လို​အပ်​ကြောင်း​ကို အလေး​ပေး​ပြော​သွား​ပါ​သည်။ လောဘကြီး​လွန်း​သော စီမံ​ကိန်း​များ မ​ပြုလုပ်​မိ​ရန်​နှင့် မည်​သည့်​ကိစ္စ​များ ပထမ​ဦး​ဆုံး ဆောင်ရွက်​ရန်လို​သည် ကို ဆုံးဖြတ်​ရန် အရေးကြီး​ကြောင်း​ကို​လည်း​ပြော​သွား​ပါ​သည်။ ထို့​အပြင် တိုင်း​သူ​ပြည်​သား​တို့ လက်​အတွင်း သို့ အချုပ်​အခြာ​အာဏာ ပြန်​၍​ရောက်​နေ​ရကား တိုင်း​ပြည်​တွင်​ဖြစ်ပေါ်​သ​မျှ အနိဌာရုံ​များ​အတွက် နယ်​ချဲ့​စနစ် ကို အပြစ်တင်​တိုက်ခိုက်​ခြင်း​ဖြင့် အချိန်​နှင့်​အင်အား​တို့​ကို အလဟဿ​မ​ဖြုန်း​ကြ​ရန် သတိပေး​သွား​ပါ​သည်။


နယ်​ချဲ့​စနစ်​ကို တိုက်​ဖျက်​ရန်​သုံး​ခဲ့​သော လက်နက်​များ​သည် လွတ်လပ်​သော နိုင်ငံ​တ​ခု​ကို တည်တံ့​ခိုင်​မြဲ​၍ တိုးတက်​စေ​ရန်​အတွက် သင့်လျော်​သော ကိရိယာ​များ​ဖြစ်​သည်​ဟု အစဉ်​အမြဲ မ​တွက်​ဆ​နိုင်​ကြောင်း သူ ပြည့် ပြည့်​ဝ​၀ နားလည်​ပါ​သည်။ ဦး​အောင်​ဆန်း​သည် မြန်မာ​နိုင်ငံ​အနေ​နှင့် နိုင်ငံ​တကာ​မိသား​စု အသိုင်းအဝိုင်း​တွင် မှန်ကန်​သော​နေရာ​မှ ပါဝင်​ဆောင်ရွက်​နိုင်​မည့် အနာဂတ်​ကာလ​ကိုမျှော်​မှန်း​ကာ စစ်​မှန်​သော အမျိုးသား​ရေး သည် နိုင်ငံ​တကာ​အရေး​ကို အထောက်​အကူ​ပြု​ရ​မည်​ဖြစ်​ကြောင်း သူ မြင်​ပါ​သည်။ ဦး​အောင်​ဆန်း​၏​အမြင် သည် သွေး​ထွက်​အောင်​မှန်​သ​ဖြင့် အချို့​လူ​များ မ​ခံ​သာ​သော စကား​မျိုး​ကို​ပြော​ရန်​မ​တွန့်​ဆုတ်​ပါ။ ၁​၉​၄​၇ ခု​နှစ် ဇူလိုင်​လ ၁​၃ ရက်​နေ့​တွင် ပြော​ကြား​ခဲ့​သော သူ​၏ နောက်ဆုံး​မိန့်ခွန်း​တွင် ပြည်​သူ​တို့​အား မိမိ​တို့​၏ ချို့​ယွင်း ချက်​များ​ကို ပြုပြင်​ရန်၊ စည်းကမ်းရှိ​ရန်၊ ဇွဲ​ဝိ​ရိ​ယ​ကြီး​ရန်​နှင့် အများ​အကျိုး​အတွက် ကိုယ်ကျိုး​စွန့်​ရန် စ​သ​ဖြင့် ဆော်​ဩ​ခဲ့​ပြီး လွတ်လပ်​ရေး​၏ အကျိုး​အရသာ​များ ပြည့်​ဝ​စွာ မ​ခံစား​နိုင်​မီ နှစ်​ပေါင်း​များ​စွာ ရုန်း​ကန်​ကြိုးစား​ရ ဦး​မည်​ဖြစ်​ကြောင်း​ကို​လည်း သတိပေး​ခဲ့​၏။

ဖြောင့်မတ်​တည်ကြည်​ပြီး မိမိ​ကိုယ်​ကို ဆန်း​စစ်နိုင်​စွမ်း​ရှိ​သူ​ပီပီ ဦး​အောင်​ဆန်း​သည် သူ​၏ အားနည်း​ချက်​များ ကို ပြုပြင်​ရန်လို​ကြောင်း​ကို​လည်း မိတ်ဆွေ​များ​အား ဝန်ခံ​ခဲ့​ပါ​သည်။ ကျောင်း​သားတော်​လှန်​ရေး​သမား လူ​ငယ် တ​ယောက်​တွင် သည်းခံ​ခွင့်လွှတ်​နိုင်​သော အပြစ်​အနာ​များ​သည် နိုင်ငံ​၏​အထင်​ကရ ခေါင်းဆောင်​တွင်​မူကား လက်ခံ​ခွင့်လွှတ်​ဖွယ် မဟုတ်​ပေ။ အချော​ကိုင်​ရန်လို​နေ​သော အမူအကျင့်​များ ရှိ​နေ​သေး​၏။ အဆင်​မ​ပြေ​လှ သော ဒေါသကြီး​တတ်​ခြင်း​ကို ထိန်း​ချုပ်​ရ​ပေ​ဦး​မည်။ လူ​မှု​ဆက်ဆံ​ရေး​တွင်​လည်း မည်​မျှ​ပင် ငြီးငွေ့​ဖွယ်​ဖြစ်​စေ လောကဝတ်​ပျူငှာ​စေ​ရန် လေ့ကျင့်​ရ​ပေ​ဦး​မည်။

အာဏာ​လွှဲ​ပြောင်း​ရေး အစီ​အစဉ်​များ​ကို လျင်မြန်​စွာ တ​ဆင့်​ပြီး​တ​ဆင့် တိုးတက်​၍ အကောင်​အထည်ဖော်​နိုင် ခဲ့​ပါ​သည်။ မေ​လ​တွင် ကျင်းပ​သော ညီလာခံ​၌ ဖ​ဆ​ပ​လ​အဖွဲ့​ချုပ်​သည် မိမိ​တို့​၏ လွတ်လပ်​ရေး​နှင့်​ပတ်သက် သော မူ​ဝါဒ​ကို ချ​မှတ်​ပြီး ပြည်ထောင်​စု​မြန်မာ​နိုင်ငံ​ဟူ၍ ခေါ်တွင်​မည့် လွတ်လပ်​သော အချုပ်​အခြာ​အာဏာပိုင် သမ္မတ​နိုင်ငံ​၏ အခြေ​ခံ​ဖွဲ့​စည်း​ပုံ ဥပဒေ​မူ​ကြမ်း​ကို ရေး​ဆွဲ​ရန် ကော်မတီ​ကို​လည်း ဖွဲ့​စည်း​လိုက်​ပါ​သည်။ ခက်ခဲ ဆင်းရဲ​စွာ လုံး​ပမ်း​ခဲ့​ရ​သော ပန်းတိုင် လက်​တကမ်း​မျှ​သာ ရှိ​တော့​သည်​ဖြစ်​၍ ဦး​အောင်​ဆန်း​သည် တင်းမာ​မှု များ​လျော့​ကာ ပိုမို​၍ ပျော့​ပြောင်း​ချိုသာ​လာ​၏။ သူ​၏ တပ်​များ​ကို ဂျ​ပန်တော်​လှန်​ရေး​တွင် ဦးဆောင်​ခဲ့​စဉ်​က အံ​ကြီး​တ​ခဲ⁠ခဲ​နှင့် တွေ့​မြင်​ရ​သော လူ​ငယ်​စစ်​သေ​နာ​ပတိ​ချုပ်​၏ ပုံပန်း​သဏ္ဍာန်​နှင့်​ကား သိသိ​သာသာ ခြား​နား လာ​ပါ​သည်။ သူ​၏ အတွင်း​အပြင်​သည် ကြည်လင်​တည်​ငြိမ်​၍ သောက​ကင်း​စင်​သကဲ့သို့ ဖြစ်​နေ​ပါ​သည်။ သို့ သော်လည်း ပင်ပန်း​နွမ်းနယ်​ခြင်း​သည်​လည်း နက်ရှိုင်း​လှ​ပါ​သည်။ လွတ်လပ်​ရေး​ရ​ပြီး​နောက် နိုင်ငံ​ရေး​မှ အနား ယူ​ကာ မိသား​စု​ကိစ္စ​များ၊ စာပေ​ရေးသား​ခြင်း​ကိစ္စ​များ​ကို​သာ အချိန်​ပြည့်​ပေး​၍ လုပ်ဆောင်​လိုလား​ကြောင်း ထုတ်ဖော်​ပြော​ခဲ့​ပါ​သည်။

သို့သော်​လည်း ဤ​ဆန္ဒ​ကား မ​ပြည့်​ဝ​ခဲ့​ပါ။ ဇူလိုင်​လ (၁​၉) ရက်​နေ့ အမှုဆောင်​ကောင်​စီ အစည်းအဝေး​ထိုင်​နေ စဉ် အစောင့်အကြပ်​များ​မ​ရှိ​သော စည်းဝေး​ခန်း​ထဲ​သို့ ယူ​နီ​ဖောင်းဝတ်​လူ​တ​စု တွန်း​ဝင်​လာ​၍ စက်​သေ​နတ် များ​နှင့်​ပစ်ခတ်​ရာ ဦး​အောင်​ဆန်း၊ သူ​၏​အကိုကြီး ဦး​ဘ​ဝင်း အပါအဝင် ကောင်​စီ​ဝင် (၆) ဦး၊ အထက်​တန်း​အုပ် ချုပ်​ရေး​အရာရှိ​တ​ဦး​နှင့် ကိုယ်ရံတော်​လေး​တ​ဦး​ကျ​ဆုံး​ခဲ့​ရ​ပါ​သည်။ လူသတ်​သမား​များ ထွက်ပြေး​လွတ်မြောက် သွား​ခဲ့သော်​လည်း၊ ၎င်း​တို့​အား ဦး​စော​နေအိမ်​သို့ ခြေရာ​ခံ​လိုက်​နိုင်​ခဲ့​ပါ​သည်။ ဝန်ကြီး​ချုပ်​ဟောင်း​သည် အကြံ ကြီး​သူ​တ​ယောက်​ဖြစ်​ပြီး ‘ကောင်​လေး​တ​ယောက်​ပါ​ပဲ’ ဟူ၍ သူ သတ်​မှတ်​လေ့​ရှိ​သော ဦး​အောင်​ဆန်း နိုင်​ငံ့ ခေါင်းဆောင်​အဆင့်​သို့ တ​ရှိန်​ထိုး​တက်​သွား​သည်​ကို လက်မ​ခံ​နိုင်​ခဲ့​ပေ။

မြန်မာ​ကိုယ်စားလှယ်​အဖွဲ့​နှင့် လန်ဒန်​သို့ ထွက်​ခွာ​မ​သွား​မီ လ​အနည်းငယ်​အလို​လောက်​တွင် ကာ​ကီ​ဝတ်​စုံ ဝတ်ဆင်​ထား​သူ​များ​က သေ​နတ်​ဖြင့် ပစ်ခတ်​သ​ဖြင့် ဦး​စော​မျက်​စေ့​တွင် ဒဏ်ရာ​ရ​ခဲ့​ပါ​သည်။ ဦး​စော​သည် ဤ ကိစ္စ​တွင် ဦး​အောင်​ဆန်း​၏ ပြည်​သူ့​ရဲဘော်​တပ်ဖွဲ့​ဝင်​များ​၌ တာဝန်ရှိ​သည်​ဟု ယူဆ​ကာ က​လဲ့​စား​ချေ​ခြင်း​ဖြစ် သည်​ဟု အချို့​က​ခန့်​မှန်း​ကြ​ပါ​သည်။ သို့သော်​နိုင်​ငံတော်​လုပ်ကြံ​မှု​နှင့်​ပတ်သက်​၍ စစ်ဆေး​တွေ့​ရှိ​ချက်​များ​အရ အလုပ်​အမှုဆောင်​ကောင်​စီ​တ​ခု​လုံး​အား သုတ်သင်​ချေ​မှုန်း​ရန် ညွှန်​ကြား​ခဲ့​ခြင်း ဖြစ်​ပါ​သည်။ ဦး​အောင်​ဆန်း​နှင့် လုပ်ဖော်​ကိုင်​ဖက်​များ​ကို ရှင်းလင်း​သုတ်သင်​လိုက်​ခြင်း​ဖြင့် သူ​သာ မြန်မာ​နိုင်ငံ​အစိုးရ​ခေါင်းဆောင် ဖြစ်လာ မည်​ဟူ​သော ထူးဆန်း​သည့် ယုံကြည်​ချက်​ဖြင့် လုပ်ကြံ​မှု​ကြီး​ကို ဦး​စော စီစဉ်​ခဲ့​ဟန်​တူ​ပါ​သည်။ ဦး​စော​အပေါ် ရာဇဝတ်​ပြစ်​မှု​များ ကျူးလွန်​ရန် အားပေး​ကူညီ​မှု​အတွက် အပြစ်ရှိ​ကြောင်း စီရင်​ဆုံးဖြတ်​ပြီး သေ​ဒဏ်ချ​မှတ် လိုက်​ပါ​သည်။

ဦး​အောင်​ဆန်း ကွယ်​လွန်​အနိစ္စရောက်​သွားသော်​လည်း သူ​၏ ဘဝ​ကို​ပေး​၍ ကြိုးပမ်း​ခဲ့​ရ​သော လွတ်လပ်​ရေး ကို​သာ မြန်မာ​နိုင်ငံ ရ​ရှိ​ခဲ့​ပါ​သည်။ အသက်​ရှင်​ကျန်​ခဲ့​သော ဖ​ဆ​ပ​လ​ဝင်​များ​အနက် အဆင့်​မြင့်​ဆုံး​ဖြစ်​သော ဦး​နု​သည် စေ့စပ်​ဆွေးနွေး​ရေး​များ​ကို ဆုံးခန်း​တိုင် ဆက်လက်​ဆောင်ရွက်​သွား​ပြီး ၁​၉​၄​၈ ခု​နှစ် ဇန်နဝါရီ​လ (၄) ရက်​နေ့​တွင် လွတ်လပ်​သော ပြည်ထောင်​စု​မြန်မာ​နိုင်​ငံတော်​ကို မွေး​ဖွား​ခဲ့​ပါ​သည်။

နိဂုံး​ခေတ်​သစ် မြန်မာ​နိုင်ငံ​သမိုင်း သု​တေ​သီ​တ​ဦး​ဖြစ်​သူ အမေ​ရိ​ကန်​ပညာ​ရှင် ဖ​ရင့်၊အင်၊ထ​ရေ​ဂါ ရေးသား​ခဲ့ သော အောက်​ပါ စကား​ကောက်နုတ်​ချက်​ကို ဤ​နေရာ​၌ ဖော်​ပြ​က သင့်တော်​မည်​ထင်​ပါ​သည်။ မဟာ​လူ​သား တ​ဦး​၏ လုပ်ဆောင်​ချက်​များ​အနေ​ဖြင့်​သာ ဖြစ်​ရပ်​စဉ်​ကို တင်ပြ​ခြင်း​သည် သမိုင်း​ကို လွဲ​မှား​စွာ မြင်​ခြင်း​ဖြစ်​ပါ သည်။ ဤ​စာအုပ်​တွင်​လည်း ထို​ကဲ့သို့ တင်ပြ​ခြင်း​မျိုး အတိုင်း​အတာ​တ​ခု​အထိ ပါဝင်​ခဲ့​ပါ​လျှင် ထို​အတိုင်း​အ တာ​အထိ လွဲ​မှား​သော​အမြင်​ရှိ​ခဲ့​သည်​ဟု ဆို​နိုင်​ပါ​သည်။ သို့သော်​လည်း ထို​စဉ်​က မြန်မာ​ပြည်​အခြေအနေ​အရ သခင်​များ နိုင်ငံ​ရေးရာ​ထူး​နေရာ ရ​ရှိ​ခဲ့​ချိန်​မှ​စ​၍ လွတ်လပ်​ရေး​အရုဏ်တက်​ချိန်​ဖြစ်​သော ၁​၉​၄​၈ ခု​နှစ် ဇန်​န​ဝါ ရီ​လ​တိုင် (၁​၂) နှစ်​ကာလ​အတွင်း စွမ်းဆောင်နိုင်​မှု​များ​ကို ဖြစ်​ရပ်​စဉ်​အလုံး​စုံ​အပေါ် လွှမ်း​ခြုံ​ခဲ့​သော အောင် ဆန်း​၏ ခေါင်းဆောင်​မှု​ရှု​ထောင့်​မှ စိစစ်​ခြင်း​ကား မှန်ကန်​သင့်လျော်​သည်​ဟု ထင်​မိ​ပါ​သည်။

အခြား​တဖက်​မှ​ကြည့်​လျှင်​လည်း အထက်ဖော်​ပြ​ပါ သဘော​တရား​ကား မှန်ကန်​ပါ​သည်။ မြန်​မာ့​လွတ်လပ်​ရေး လှုပ်ရှား​မှု နောက်​ခံ​ကား​ကို အခြေ​ပြု​၍​သာ ဦး​အောင်​ဆန်း​၏ ဘဝ​ကို လေ့​လာ​နိုင်​မည်​ဖြစ်​ပါ​သည်။ ထို​ကဲ့သို့ ချဉ်းကပ်​နည်း​သည် သူ​၏ ကိုယ်​ရေး​ကိုယ်​တာ​အပိုင်း​ကို လျစ်လျူရှု​ရာ​ရောက်​နိုင်​ပါ​သည်။ သို့သော် သူ့​အသက် (၂​၀) ကျော်ကျော် ကျောင်းသား​နိုင်ငံ​ရေး​လောက​ထဲ ဝင်​ခဲ့​စဉ်​က​စ​၍ သူ​၏ ဘဝ​နှင့် လွတ်လပ်​ရေး​ကြိုးပမ်း​မှု သည် ခွဲ​ခြား​၍​မ​ရ​လောက်​အောင် ရောထွေး​ဆက်နွယ်​နေ​သည့်​အပြင် ဦး​အောင်​ဆန်း​ကား သူ​၏ အဇ္ဈတ္တ​သန္တန် နှင့် ကွာ​ခြား​သော ဗ​ဟိဒ္ဓ​အသွင်​ကို လူထု​ရှေ့မှောက် ဘန်း​ပြ​သူ​မျိုး မဟုတ်​ခဲ့​ပါ။ သူ​၏ ရုပ်ပုံ​လွှာ​တ​ခု​လုံး​ကို ခြုံ​၍ ကြည့်ပါ​က မြင့်​မား​သော​ရည်​မှန်း​ချက်၊ ခိုင်မာ​ပြတ်သား​သော စိတ်​ဓာတ်​တို့​ဖြင့် သူ​၏​နိုင်ငံ လွတ်လပ်​ရေး​ရ​စေ ရန် ခေါင်းဆောင်​မှု​ပေး​ခဲ့​သော သိက္ခာ​သမာဓိ ကြီးမား​သည့် လူ​ငယ်​တ​ဦး​ကို မြင်​ရ​ပေ​မည်။

သူ​၏ နိုင်ငံ​ရေး​အတိုက်​အခံ​များ​နှင့် သူ​၏ နိုင်ငံ​ကို အုပ်ချုပ်​နေ​သော နိုင်ငံ​ခြား​သား​များ​ကို တိုက်ခိုက်​ခဲ့​သ​ဖြင့် သူ့​အား သစ္စာ​ဖောက်​ဟု မြင်​ခဲ့​သူ​တို့​က ဦး​အောင်​ဆန်း​သည် ထင်ပေါ်ကျော်​ကြား​မှု​လိုလား​သ​ဖြင့် အကြင်​နာ ကင်း​သည်၊ ဆင်ခြင်တုံတရား ခေါင်းပါး​သည်၊ နှစ်​ဖက်​ချွန်​လုပ်​တတ်​သည်​ဟု စွပ်စွဲ​ခဲ့​ကြ​၏။ ထို​ကဲ့သို့​သော စွပ်စွဲ ချက်​များ​ကို သူ​၏ လုပ်ဆောင်​ချက်​မှတ်တမ်း​အပေါ် အခြေ​ပြု​၍ အကဲ​ဖြတ်​နိုင်​ပါ​သည်။ အခြား​သူ​များ ပိုမို​၍ ကောင်းမွန်​သော ခေါင်းဆောင်​မှု​ပေး​နိုင်​သည်​ဟု သူ ယုံကြည်​သ​၍ နောက်​လိုက်​နေရာ​မှ တာဝန်​ကို စေတနာ ပြည့်​ဝ​စွာ​ထမ်း​ဆောင်ခဲ့​ပါ​သည်။ သူ​တ​ဦး​တည်း​သာ တိုင်း​ပြည်​ကို ညီညွတ်​မှု​ပေး​ကာ လွတ်လပ်​ရေး​ပန်းတိုင်​သို့ ရောက်​ရန် ခေါင်းဆောင်​မှု​ပေး​နိုင်​မည်​ဖြစ်​ကြောင်း ထင်ရှား​လာ​သော​အခါ​မှ သူ​သည် ဗဟို​မဏ္ဍိုင်​နေရာ​ကို ယူ ခဲ့​ပါ​သည်။


ကျောင်းသား​ဘဝ​က​ပင် သူ​၏ ရင်းနှီး​သော နိုင်ငံ​ရေး​လုပ်ဖော်​ကိုင်​ဖက်​ဖြစ်​ခဲ့​သူ ဦးကျော်​ငြိမ်း​က မည်​သူ​က​မှ ဗိုလ်​ချုပ်​အောင်​ဆန်း​အား ခေါင်းဆောင်​နေရာ​ကို ပေး​ခဲ့​သည်မ​ဟုတ်​ဘဲ သူ​၏ လုပ်​ရည်​ကိုင်​ရည် ကြွယ်​ဝ​မှု ကြောင့် ခေါင်းဆောင်​နေရာ​ကို ရ​ရှိ​ခဲ့​ခြင်း​ဖြစ်​ကြောင်း ပြောဆို​ခဲ့​ပါ​သည်။ ဦး​အောင်​ဆန်း​သည် သုန်မှုန်​ခြင်း​နှင့် စိတ်​လှုပ်ရှား​သ​ဖြင့် ပေါက်ကွဲ​ခြင်း​များ ရှိ​ခဲ့သော်​လည်း လွတ်လပ်​ရေး​လှုပ်ရှား​မှု​အကျိုး​ငှာ စုပေါင်း​ဆုံးဖြတ်ချက် များ ချ​ရာ​တွင် သူ​၏ ပုဂ္ဂိုလ်​ရေးရာ​ခံစား​ချက်​များ​နှင့် အလို​ဆန္ဒ​တို့​ကို မည်​သော​အခါ​မျှ အသား​မ​ပေး​ခဲ့​ချေ။ လွတ်လပ်​ရေး​တိုက်​ပွဲ​အဆင့်ဆင့်​၌ သူ​သည် ရင်းနှီး​သော နိုင်ငံ​ရေး​လုပ်ဖော်​ကိုင်​ဖက်​များ​နှင့် တိုင်ပင်​ဆောင် ရွက်​၍ တရား​မှန်​ဝေဖန်​ချက်​များ​ကို လက်ခံ​ကာ အသင့်တော်​ဆုံး​ဖြစ်​မည်​ထင်​ပါ​က တာဝန်​များ​ကို လွှဲ​ပြောင်း​ခွဲ ဝေ​ပေး​ပါ​သည်။

သို့သော် ကိုယ်ကျိုး​ရှာ​သမား​များ၊ တာဝန်​မဲ့​လုပ်​ရပ်​များ​နှင့် လွတ်လပ်​ရေး​ကြိုးပမ်း​မှု​ကို ထိပါး​နိုင်​မည့် အလုပ် ပျက်ကွက်​မှု​များ​ကို သည်း​မ​ခံ​ပါ။ သူ​သည် တရား​မျှတ​မှု​နှင့် ဒီ​မို​က​ရေ​စီ​ဝါဒ​တို့​ကို ယုံကြည်​လက်ခံ​ကာ သူ​၏ ကိုယ်​ပိုင်​ဆုံးဖြတ်ချက်​အရ​လုပ်​ပါ​က ပိုမို​၍​ကောင်းမွန်​မည်​ဖြစ်​သော​အချိန်​အခါ​များ​၌​ပင် လုပ်ဖော်​ကိုင်​ဖက်​များ ၏ အလို​ကျ ဆောင်ရွက်​ခဲ့​သည်​လည်း​ရှိ​ခဲ့​၏။ အမှုဆောင်​ကောင်​စီ​ခေါင်းဆောင်​အနေ​နှင့် သူ​၏​အမြင်​ကို အခြား သူ​များ​လက်ခံ​စေ​ရန် အပေါ်​စီး​နှင့် ဆောင်ရွက်​ခဲ့​ခြင်း​မ​ရှိ​ခဲ့​ပါ။ အားလုံး​က လွတ်လပ်၊ ပွင့်လင်း၊ ပြည့်စုံ​စွာ ဆွေး နွေး​ပြီး​မှ ဆုံးဖြတ်ချက်​ချ​ကြ​ပါ​သည်။

သူ​ကိုယ်တိုင် ပွင့်လင်း​စွာ ဝန်ခံ​ခဲ့​သည့်​အတိုင်း သူ​သည် အမှား​အယွင်း ကင်း​သူမ​ဟုတ်​ပါ။ သို့သော် သူ​၏ စိတ် ရည်​ဉာဏ်​ရည်​ကား အစဉ်​သ​ဖြင့် ကြီး​ထွား​တိုးတက်​နိုင်​စွမ်း​ရှိ​ခဲ့​ပါ​သည်။ ဦး​အောင်​ဆန်း​သည် အစွန်း​ရောက် တယူ​သန်​သမား​များ​ကို စွဲဆောင်​နိုင်​စွမ်း​ထက် မိမိ​တို့ ယုံကြည်​လေးစား​သော ခေါင်းဆောင်​အောက်​တွင် စိတ် ငြိမ်း​အေး ကိုယ်​ချမ်းသာ​စွာ​ဖြင့် မိမိ​တို့​ဘဝ​ကို နှင်​လို​သော သာမန်​ပြည်​သူ​တို့​ကို စွဲဆောင်​နိုင်​စွမ်း​ရှိ​ခဲ့​ပါ​သည်။ ပြည်​သူ​တို့​သည် ၎င်း​တို့မျှော်​မှန်း​ထား​သော ခေါင်းဆောင်​ကောင်း အရည်အသွေး​များ ဦး​အောင်​ဆန်း​၌ ရှိ​သည် ဟု မြင်​ခဲ့​၏။ သူ​ကား ကိုယ်ကျိုး​ထက် နိုင်​ငံ့​အကျိုး​ကို ဦးစားပေး​ခဲ့​သည်။ သူ​၏​အာဏာ အထွတ်​အထိပ် ရောက် နေ​သည့် အချိန်​တွင်​ပင် ဆင်း​ဆင်းရဲ​ရဲ ဟန်ပန်​မ​ရှိ နေထိုင်​ခဲ့​သည်။

ခေါင်းဆောင်​တို့​၏ အထူး​အခွင့်အရေး​များ​ကို မ​မက်မော​ဘဲ ခေါင်းဆောင်​မှု​တာဝန်​များ​ကို လက်ခံ​ခဲ့​သည်။ ထို့ အပြင် သူ​သည် နိုင်ငံ​ရေး​ပါး​နပ်​လိမ္မာ​မှု​နှင့် နိုင်ငံအုပ်​ချုပ်​ရေး​ကျွမ်းကျင်​မှု​စွမ်းအား​ကြီးသော်​လည်း သူ​၏​အတွင်း သဘောထား​၏ နက်ရှိုင်း​လှ​သော ရိုးသား​မှု​ကား မည်​သော​အခါ​မျှ တိမ်ကော​သွား​ခြင်း မ​ရှိ​ခဲ့​ပါ။ မြန်မာ​နိုင်ငံ ပြည်​သူ​လူထု​အတွက် ဦး​အောင်​ဆန်း​သည် မိမိ​တို့ လိုလား​တောင့်တ​နေ​ချိန်​တွင် နိုင်ငံ​၏ ဂုဏ်​သိက္ခာ​ကို​ဆည် ရန် ပေါ်ပေါက်​လာ​ခဲ့​သူ​ဖြစ်​ပါ​သည်။ သူ​၏ ဘဝ​သည် ပြည်​သူ​တို့ စိတ်​အားတက်​ကြွ အတု​ယူ​ဖွယ်ရာ​ဖြစ်​သကဲ့သို့ သူ့​အား သတိရ​လွမ်းဆွတ်​ခြင်း​သည် ပြည်​သူ​တို့​၏ နိုင်ငံ​ရေး​အသိ​စိတ်​ကို လမ်းမ​လွဲ​စေ​ရန် ထိန်း​ကွပ်​မှု​အဖြစ် တည်​ရှိ​လျက် နေ​ပါ​သည်။

ကိုး​ကား

  1. အောင်​ဆန်း​စု​ကြည် ရေးသား​သည့် “ကြောက်ရွံ့​ခြင်း​မှ လွတ်​ကင်း​ရေး” စာအုပ် (မြန်မာ​ပြန် - ဒေါက်​တာ​အောင်​ခင်)

ဆက်​စပ် အကြောင်းအရာ

ဗိုလ်​ချုပ်​အောင်​ဆန်း


ဓာတ်​ပုံ​များ

ဆက်​စပ်​အကြောင်းအရာ​များ

  1. ဒုတိယ ကမ္ဘာ​စစ်
  2. ဦး​အောင်​ဆန်း
  3. အာဇာနည်​နေ့

ကျမ်း​ကိုး

  1. အောင်​ဆန်း​စု​ကြည် (၁​၉​၄​၈) မြန်မာ​နိုင်ငံ​၏ အောင်​ဆန်း၊ အီ​ဒင်​ဘ​ရာ၊ ကစ္စ​က​ဒေလ်(၁​၉⁠၉​၁)
  2. မာ​တင်​စ​မစ် (၁​၉⁠၉​၁) ဘား​မား-ပုန်ကန်​ထကြွ​မှု​နှင့် တိုင်း​ရင်း​သား မျိုး​နွယ်​စု​နိုင်ငံ​ရေး လန်ဒန်၊ န​ယူး​ဂျာ​စီ၊ ဇတ်​စာအုပ်​များ
  3. ပင်​လုံ​သဘောတူ​ညီ​ချက် ၁​၉​၄​၇ [၁]
  4. အောင်​ဆန်း​အား မည်​သူ​သတ်​သ​နည်း၊ ဗိုလ်​ချုပ်ကျော်​ဇော​နှင့် တွေ့​ဆုံ​မေးမြန်း​ခြင်း
  5. ဧရာဝတီ (ဩဂုတ်​၁​၉⁠၉​၇)[၂]
  6. (ဒေါက်​တာ​လွဏ်း​ဆွေ) “ဝင့်​ထည်” ကလောင်​အမည်​ဖြင့် ဖော်​ပြ​ခဲ့​သည့် ဆောင်းပါး
  7. WiKiMyanmar[၃]
  8. အောင်​သန်း ၏ အောင်​ဆန်း[၄]
  9. ကို​မိုးသီး[၅]
  10. www.aungsan.com[၆]

Template:အာဇာနည်​ကိုး​ဦး Template:မြန်မာ​နိုင်ငံ