မြစေတီကျောက်စာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မြစေတီ ကျောက်စာတိုင်

အေဒီ ၁၁၁၃ ခုနှစ် က ကျောက်တုံးပေါ်တွင် ရေးထိုးခဲ့သော မြစေတီ ကျောက်စာ သည် မြစေတီ ခြေရင်းနားတွင်တွေ့ရှိရသည်။[၁] ရာဇကုမာရ် ရေးထိုးခဲ့သောကြောင့် ရာဇကုမာရ် ကျောက်စာ ဟုလည်းခေါ်သည်။ အလားတူ ကျောက်စာ တစ်ခုကိုလည်း မြစေတီ အနီးရှိ အဆောက်အဦးတွင် လည်း တွေ့ရသည်။ ၄င်းကျောက်စာ နှစ်ခုစလုံးတွင် မျက်နှာလေးဖတ်ပါပြီး ပါဠိ၊ မွန်မြန်မာ နှင့် ပျူ ဘာသာများတို့ဖြင့် ရေးသားထားသည်။ မြစေတီ ကျောက်စာတိုင် သည် အမြင့် ၅၅ လက်မ ရှိ၍ လေးဖတ်လုံးတွင် အကျယ် ၁၄ လက်မရှိသည်။

မြစေတီကျောက်စာအရ ရာဇကုမာရ် မင်းသားသည် ကျန်စစ်သားမင်းနှင့် ကြင်ရာတော် သမ္ဘူလ၏ သားဖြစ်သည်ဟုသိရသည်။ ကျန်စစ်သား မင်းဖြစ်သောအခါ သမ္ဘူလနှင့်သား (ရာဇကုမာရ်) မြို့တော်သို့ ရောက်လာသည်။ သို့သော် သားအရင်းဖြစ်သည့် ရာဇကုမာရ်အား ထီးနန်းအရိုက်အရာမပေးနိုင်ပဲ သမီးဖြစ်သူ ရွှေအိမ်စည် နှင့် မွန်ဘုရင် မနုဟာ၏မြေးတော်သူတို့မှ ဖွားမြင်သည့် မြေးတော်အလောင်းစည်သူ အားနန်းလျာထားပြီးဖြစ်သဖြင့် ရာဇကုမာရ်အား ဓညဝတီတောင်စဉ်ရ ခရိုင်အားပေးခြင်းဖြင့် နှစ်သိမ့်ခဲ့သည်။ ရာဇကုမာရ်ကလည်း ကျေးဇူးသိတတ်သောအားဖြင့် ကျန်စစ်သား နာမကျန်းဖြစ်ချိန်တွင် မိမိပိုင်ရွှေ၊ငွေ ဥစ္စာများဖြင့် ဗုဒ္ဓရုပ်ပွားတော်များ သွန်းလုပ်ပူဇော်ပေးခဲ့သည်။ထိုသို့သော ကုသိုလ်အကြောင်းကို မြစေတီကျောက်စာအဖြစ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

ကျောက်စာတွင် ဆုတောင်းလွှာ နှင့် ကြိမ်စာများ ပါရှိသည်။

မြစေတီကျောက်စာ[ပြင်​ဆင်​ရန်​]

ပုဂံမြို့တောင်ဖက်၊ မြင်းကပါရွာရှိ မြစေတီဘုရားအနီး၌ တွေ့ခဲ့သည်ကို အကြောင်းပြု၍ မြစေတီ ကျောက်စာဟု အမည်တွင်လျက်ရှိသော ကျောက်စာကား ရှေးပုဂံခေတ်ဟောင်းတွင် ရေးထိုးသော ကျောက်စာများ အနက် လက်ဦးကျရုံမကဘဲ သမိုင်းနှင့် စာပေတို့ကို ခန့်မှန်းသုံးသပ်ရာ၌ အထောက်အကူပြုသောကြောင့် အလေးတမူ ဂရုပြုကာ အရေးထားအပ် သော ကျောက်စာဖြစ်၏။ ယင်းကျောက်စာကို ဂုပြောက်ကြီး ကျောက်စာ ဟူ၍လည်းခေါ်ကြသည်။ မြစေတီ ကျောက်စာတိုက်နှစ်တိုင်ရှိရာ၊ ပုဂံပြည်တိုက်တွင် ကျောက်စာတိုင် တစ်ခုရှိ၍၊ မြင်းကပါ မြစေတီ ရင်ပြင်ပေါ်တွင်ကျောက်စာတိုင် တစ်ခုကို စိုက်ထူထား၏။ ပုဂံပြတိုက်တွင်ရှိသော ကျောက်စာတိုင်ကို ခရစ်နှစ် ၁၈၈၆ - ၈၇ ခု( မြန်မာ ၁၂၄၈ ခုနှစ်ခန့်) တွင် ရန်ကုန် အစိုးရ ကောလိပ်ပါဠိစာ ပါမောက္ခနှင့် အစိုးရ ကျောက်စာဝန်အဖြစ် တွဲဖက်ရွက် ်ဆောင်သော ဂျာမန်ပညာရှိ ဒေါက်တာ ဖိုရှမ်းမားသည် ပုဂံမြို့ တောင်ဖက် မြင်းကပါရွာအနီး မြစေတီခြေရင်း၌ ကပ်လျက်စတင်တွေ့ရှိခဲ့၏။ မြစေတီ ရင်ပြင်ပေါ်တွင်စိုက်ထူထားသော ကျောက်စာတိုင်ကိုမူ ဂူပြောက်ကြီးလိုဏ်ဂူ အတွင်း၌ ၃ ပိုင်း ကျိုးပြတ်လျက် စတင်တွေ့ခဲ့ရလေသည်။ ကျောက်စာတိုင် တစ်တိုင်တွင် ၄ မျက်နှာရှိရာ၊ တစ်မျက်နှာလျှင် ဘာသာ တစ်မျိုးစီရှိလျက် ပါဠိ၊မြန်မာ၊ မွန်နှင့်ပျူစာ ၄ မျိုးရေးထိုးထား၏။ ပုဂံပြည်တိုက်တွင်ရှိသော ကျောက်စာတိုင်သည် လေးထောင့်မတ်ရပ် ကျောက်စာတိုင်ဖြစ်၍၊ လေးဖက်စာမျက်နှာပြင် အကျယ်ချင်းညီ၏။ အမြင့် ၅ ပေ ၁၁ လက်မ၊ စာမျက်နှာ အမြင့် ၃ ပေ ၆ လက်မ၊ အကျယ် ၁ ပေ ၂ လက်ခန့် ရှိ၏။ ပါဠိစာမျက်နှာ၌ စာကြောင်းရေ ၄၁၊ မြန်မာစာမျက်နှာတွင် စာကြောင်းရေ ၃၉၊ မွန်စာမျက်နှာတွင် စာကြောင်းရေ ၃၃ နှင့်ပျူစာမျက်နှာတွင် စာကြောင်းရေ ၂၆ အသီးအသီး ပါဝင်ရေးထိုးထားသည်။မြစေတီရင်ပြင်ပေါ် ၌ ရှိသော ကျောက်စာတိုင်မှာမူကား မတ်ရပ်လေးထောင့် ကျောက်တိုင် ဖြစ်ငြားသော်လည်း၊ ကျောက်စာမျက်နှာပြင် ၂ ဖက်သည် ပိုမိုကျယ်ပြန့် လျက်၊ ကျန် ၂ ဖက်မှာ ကျဉ်းသည်။ အကျယ်ဖက် ၂ ဖက်တွင် ၁ ပေ ၈ လက်မခန့် ရှိ၍အကျဉ်းဖက်၌ ၁ဝ လက်မခွဲမှ ၁၂ လက်မအထိသာ ရှိသည်။ အကျယ်မျက်နှာပြင်ဖက်၌ စာမျက်နှာပြင် ၄ ပေ ၄ လက်မခန့် ရှိ၍၊၁ ပေ ၇ ၁/၂ လက်မ ကျယ်ပြန့်လေသည်။ အကျယ်ဖက်တွင် ပါဠိ နှင့် မြန်မာစာများကို ရေးထိုး၍ အကျဉ်းဖက်တွင် မွန်နှင့်ပျူစာများကိုရေး ထိုးထား၏။ ပါဠိစာမျက်နှာ၌ စာကြောင်းရေ ၄ဝ၊ မြန်မာစာမျက်နှာတွင် စာကြောင်းရေ ၃၄၊ မွန်စာမျက်နှာတွင်စာကြောင်းရေ ၄၆ နှင့် ပျူစာမျက်နှာ တွင် စာကြောင်းရေ ၂၉ အသီးအသီး ရေးထိုးထားလေသည်။ မြစေတီကျောက်စာကို ကျန်စစ်သားမင်း၏ သားတော် ရာဇကုမာရ်အမည် ်ရှိသော မင်းသားက သက္ကရာဇ် ၄၇၄ ခုနှစ်တွင်သော်လည်းကောင်း၊ နောက် ်တစ်နှစ်ဖြစ်သော ၄၇၅ ခုနှစ်၌သော် လည်းကောင်း ရေးထိုးသည်ဟု ယူဆ ကြလေသည်။ ကျန်စစ်သားသည် အနော်ရထာမင်း၏ အမျက်တော်ကြောင့် ကြောင်ဖြူအရပ်၌ ပုန်းရှောင်နေစဉ် မထီးတူမ သမ္ဘူလနှင့်တွေ့၍ မယား အဖြစ်သိမ်းယူလေ၏။ အနော်ရထာမင်းကွယ်လွန်၍ စောလူးမင်းနန်းတက် ်သောအခါ ကျန်စစ်သားသည် ရာဇကုမာရ်ကို ပဋိသန္ဓေတည်နေသော သမ္ဘူလအား သားယောကျာ်းမွေးသော် ပုဂံပြည်သို့ လာခဲ့ဟု မှာ၍ စောလူးမင်းထံ ခစားလေသည်။ စောလူးမင်း ကွယ်လွန်တော်မူသောအခါ သက္ကရာဇ် ၄၄၆ ခုနှစ်တွင် ကျန်စစ်သားသည် ဂြီတြိဘုဝနာဒိတျဓမ္မရာဇ်ဘွဲ့ နှင့် နန်းတက်တော်မူသည်။ ၂ နှစ်ကြာလတ်သော် သမ္ဘလသည် နန်းတော် သို့ ရာဇကုမာရ်နှင့် ရောက်လာ၏။ မင်းကြီးလည်း သမ္ဘူလအား ဦးဆောက်ပန်းဟူသော တြိလောကဝဋံသကာ ဒေဝီအမည်နှင့် မိဖုရား မြော|က်လေသည်။ မြေးတော် အလောင်းစည်သူကို ဘိသိက်သွန်းပြီးဖြစ် သဖြင့် ရာဇကုမာရ်အား ဇေယခေတ္တရာဘွဲ့နှင်း၍ ဓညဝတီ တောင်စဉ်ခုနစ် ်ခရိုင်ကို စားစေ၏။ ရာဇကုမာရ်မင်းသားသည် ၄၇၄ ခုနှစ်တွင် ခမည်းတော် နာမကျန်းဖြစ်၍ သေအံ့မူးမူး၌ ခမည်းတော်အတွက် ရည်စူးလျက် ရွှေဆင်းတုဘုရားကို ဌပနာ၍ ရွှေအထွတ်ရှိသော ကူဘုရား (ဂူပြောက်ကြီး) ကိုတည်ပြီးလျှင်ထိုကူဘုရားအား စောင့်ရှောက် ်ပူဇော်စိမ့်သောငှာ မိမိ၏ အမွေအနှစ် ဖြစ်သော ကျွန်သုံးရွာကိုလည်း လှူလေသည်။ ထိုနောက် အမိအဖတို့၏ ရှေးဖြစ် ရှေးဟောင်းတို့ကို ပြန်ပြောင်းအောက်မေ့ကာ မှတ်တမ်း ရေး၍ ကျောက်စာတိုင် စိုက်ခဲ့လေ သည်။ မြစေတီကျောက်စာတိုင်၌ အက္ခရာများ၏ ပုံမှာ အဝိုင်းမဟုတ်ဘဲ မန်ကျည်းစေ့ပုံ ဖြစ်လေသည်။ ၁။ ဂြီ။ နမောဗုဒ္ဓာယ။ ပုရှာသွင် သာသနာအနှစ်တ၂။ စ်ထောင်ခြောက်ရျာ နှစ်ဆာယ် ဟေတ်နှစ်လောန်၃။ လိယ် ဗြီရကာ။ ဤယ် အရိ မဒ္ဒနပုရ် မည်သုပြည်၄။ နှိုက်အာ။ ဂြီတြိဘုဝနာ ဒိတျ ဒမ္မရာဇ် မည်သုမ ၅။ င်ဖစ်ဧအ်။ ဟူ၍ အစချီသော မြစေတီ ကျောက်စာကို ယခုခေတ်အရေးအသားဖြင့် ပြန်လည် ရေးသားပါက အောက်ပါအတိုင်း ဖြစ်၏။

  1. သီရိ။ နမောဗုဒ္ဓါယ၊ ဘုရားသခင် သာသနာ အနှစ်တ
  2. စ်ထောင်ခြောက်ရာ နှစ်ဆယ်ရှစ် နှစ်လွန်
  3. လေပြီးရကား၊ ဤအရိမဒ္ဒနာပုရ်မည်သောပြည်
  4. ၌၊ သီရိတြိဘုဝနာဒိတျ ဓမ္မရာဇ်မည်သောမ
  5. င်းဖြစ်၏။ ထိုမင်း၏ ပယ်မယားတ
  6. စ်ယောက်သော်ကား တြိလောကဝဋံသကာ ဒေဝီ
  7. မည်၏။ ထိုပယ်မယားသားတမူလည် ရာဇ
  8. ကုမာရ်မည်၏။ ထိုမင်းကာ ကျွန်သုံးရွာ
  9. တည်း ပယ်မယားအားပေး၏။ ထိုပယ်မ
  10. ယားသေခဲ့ရကား၊ ထိုပယ်မယားတန်းဆာနှင့် ထို
  11. ကျွန်သုံးရါာသောနှင့်တည်း ထိုပယ်မယား
  12. သား ရာဇကုမာရ်မည်သောအား မင်းပေးတုံ
  13. ၏။ ထိုမင်းအနှစ်နှစ်ဆယ်ရှစ်နှစ် မင်းမူပြီး၍
  14. သေခမူနာသရော၌တည်း ထိုရာဇကု
  15. မာရ်မည်သော ပယ်မယားသား မိမိကိုမွေးသောမင်း
  16. ကြီးကျေးဇူး အောက်မေ့ရကား ရွှေအတိသော ဘုရားသခင်အ
  17. ဆင်းပြု၍ နှပ်လေသရောတည်း ဤသို့
  18. မိန့်၏။ ဤရွှေဘုရားကား ငါ့သခင်အဖို့ အတို့
  19. ကျွန်ပြုသောတည်း။ ကျွန်သုံးရွာအတို့ကျွန်
  20. ငါ့သခင် ပေးသည်ကား ဤရွှေဘုရားအားအတို့ကျွန်
  21. ပေး၏။ ထိုရောတည်မင်း နှစကျို့ရကား ကောင်း
  22. လှေင့်တည်း ကောင်းလှေင့်တည်း မိန့်၍ သင်ဂြီ
  23. မဟာခေရ်၊ သင်ဂြီမုဂ္ဂလိပုတ္တတိဿထေရ်၊ သင်ဂြီသု
  24. မေဓပဏ္ဍိတ်၊ သင်ဂြီဗြဟ္မပါလ်၊ သင်ဂြီဗြဟ္မဒိ
  25. ပ်၊ သင်ဂြီသောန်၊ သင်ဂြီသဃ‡သေနဝရပဏ္ဍိ
  26. တ်ထိုသခင်တို့အမှောက်တည်း ရေသွန်း၏။
  27. ထိုပြီးရကား ထိုရာဇကုမာရ်မည်သော ပယ်မယားသား
  28. ထိုရွှေဘုရားထာပနာ၍ ရွှေအထွတ်မူသော
  29. ကူပြု၏။ ပြုပြီးရကား ဤကူဘုရားလွှတ်
  30. သရော၌တည်း သက်မုနလွန်တစ်ရွာ၊ ရပါ
  31. ယ်တစ်ရွာ၊ ဟေန်ဗိုဝ်တစ်ရွာ၊ ဤကျွန်
  32. သုံးရွာကို ယူ၍၊ ထိုရာဇကုမာရ်မည်သော ပယ်
  33. မယားသား ဤကူဘုရားအား ရေသွန်း၍ ဤသို့
  34. မိန့်၏။ ဤငါ့အမှုကား သဗ္ဗညုတဉာ
  35. ဏ်ပညာရအံ့သော အကြောင်းဖြစ်စေသတည်း၊ ငါ့
  36. နောင်အား ငါ့သားလည်းကောင်း၊ ငါ့မြေးအာလည်းကောင်း၊ ငါ့ဆွေ
  37. လည်းကောင်း၊ သူတထူလည်းကောင်း၊ ဤဘုရား
  38. အား ငါလှူခဲ့သော ကျွန်အနှိပ်အစက်တည်းမူ မု
  39. ကား အရိမေတ္တေယျဘုရားသခင် အဖူးရစေ။

မြစေတီကျောက်စာပါ စကားပြေသည် ရှေးအကျဆုံးဖြစ်သော စကားပြေတရပ်ဟု ဆိုသင့်ပေသည်။ သတ်ပုံသတ်ညွှန်း စကားအသုံးအနှုန်းတို့မှာ အချို့သောနေရာတွင် ယခုကာလနှင့်မတူဘဲ ကွာခြား၏။ သို့ရာတွင် ယခုကာလအသုံးနှုန်းသည် အများအားဖြင့် ရှေးရေးအသုံးအနှုန်းမှ ဆင်းသက်လာသည်ကို သတိမူရာသည်။ ဝါကျများကို တိုတိုနှင့် အဓိပ္ပါယ်ပေါ်ရုံ ရေးထား၍ ထိရောက်၏။ သတ်ပုံသတ်ညွှန်း တို့မှာ မြန်မာစာ အရေးအသား အစပျိုးချိန်ဖြစ်၍ ယခုခေတ်ကဲ့သို့ အသားမကျသေးချေ။ ပျူ၊ မွန်နှင့် ပါဠိဘာသာများဖြင့်ရေးထိုးသည်ကို ထောက်သော် ထိုခေတ်က မြန်မာလူမျိုး သာမက ပျူလူမျိုး၊ မွန်လူမျိုးတို့ ထွန်းကားလျက် ရှိပြီးဖြစ်ကြောင်း၊ မြတ်စွာဘုရား၏ မုခပါဌ်တော်ဖြစ်သော ပါဠိဘာသာ အရှိန်အခါ ရပြီးဖြစ်ကြောင်းကို သိသာနိုင်ပေသည်။ တဖန် သမိုင်းဆိုင်ရာ အထောက်အထားအဖြစ် အသုံးဝင်အဖိုးတန်ပုံမှာ လည်း မြစေတီ ကျောက်စာတွင် တြိဘုဝနာဒိတျဓမ္မရာဇာခေါ် ကျန်စစ်သား မင်းသည် သာသနာနှစ် ၁၆၂၈ တွင် နန်းတက်သည်ဟု ဆို၏။ မြစေတီကျောက်စာသည် မူလရှေးဦးခေတ်ကမျက်မှောက် ရေးထိုးခဲ့သော ကျောက်စာဖြစ်ခြင်းကြောင့် မှန်ကန်သော အကိုးအကား အဖြစ်ယူနိုင်ကာ ကျန်စစ်သားမင်း၏ နန်းတက်သက္ကရာဇ်၊ နန်းစံသက္ကရာဇ်နှင့် နတ်ရွာစံသော သက္ကရာဇ်များကို အတိအကျ ထုတ်ဖော်နိုင်လေသည်။ ထိုကျောက်စာပါ သက္ကရာဇ်မှာဇာတာတော်ပုံပါ ရာဇဝင်သက္ကရာဇ်နှင့်လည်း တူညီတိုက်ဆိုင်သည်။ ထိုမှတစ်ဆင့် အနော်ရထာ၊ စောလူးနှင့် အလောင်းစည်သမင်းတို့၏ နန်းစံ သက္ကရာဇ်တို့ကိုပါ တွက်ချက်ထုတ်ယူနိုင်ပေသည်။ ထိုပြင် ထိုမြစေတီ ကျောက်စာကို ပျူစာ၊ မွန်စာတို့ဖြင့် ရေးထိုးထားသည်ကိုတွေ့ရသော ကြောင့်လည်း မြန်မာစာနှင့် ယှဉ်ကာ၊ အဓိပ္ပါယ် ဖော်နိုင်ကြ၍ အထူးသဖြင့် ပျူစာကိုလေ့လာရာ၌ သဲလွန်စရနိုင်သဖြင့် နှေားပညာရှိတို့အတွက် အဖိုးထိုက်တန်လှသော ကျောက်စာ ဖြစ်ပေသည်။ ထိုအပြင် ရာဇကုမာရ်သည် ထီးနန်းစည်းစိမ်ကို မဆက်ခံရသော်လည် အမိအဖိ၏ ဂုဏ်ကျေးဇူးကို မည်မျှ သိတတ်ရိုသေ ကိုင်းရှိုင်းတတ်သော သားကောင်းရတနာ ဖြစ်ကြောင်း ဤမြစေတီကျောက်စာကို ဖတ်ရှုခြင်းဖြင့် သိသာနိုင်ပေသည်။[၂]

ကျောက်စာ စာသား ပုံများ[ပြင်​ဆင်​ရန်​]

ပျူဘာသာ ဖြင့် ရေးထိုးထားသော မြစေတီကျောက်စာ ဖတ်ခြမ်း
မြန်မာ ဘာသာ ဖြင့် ရေးထိုးထားသော မြစေတီကျောက်စာ ဖတ်ခြမ်း
မွန် ဘာသာ ဖြင့် ရေးထိုးထားသော မြစေတီကျောက်စာ ဖတ်ခြမ်း
ပါလိ ဖြင့် ရေးထိုးထားသော မြစေတီကျောက်စာ ဖတ်ခြမ်း

ဆက်​စပ်​ကြည့်​ရှု​ရန်[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Myazedi and Rosetta Stone Inscriptions (Dr. Khin Maung Nyunt)
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)