ကမ္ဘောဒီးယားနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကမ္ဗောဒီးယားတိုင်းပြည်
KingdomofCambodia.svg
Preăh Réachéanachâkr Kâmpŭchea
Royaume du Cambodge
Flag of Cambodia.svg Coat of arms of Cambodia.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်ဆောင်ပုဒ် - "တိုင်းပြည်၊ ဘာသာတရား၊ ရှင်ဘုရင်"
နိုင်ငံတော်သီချင်း - နိုကိုရိပ်
ပထဝီ
LocationCambodia.svg
မြို့တော် ဖနွမ်းပင်မြို့
အကြီးဆုံးမြို့ ဖနွမ်းပင်မြို့
ဧရိယာ
  • ဧရိယာ - ၁၈၁,၀၃၅ km² (၆၉,၈၉၈ sq mi) (အဆင့်: ၈၈)
  • ရေဖုံးလွှမ်းမှု - ၂.၅%
စံတော်ချိန်ဇုန် UTC +၇
လူနေမှု
ရုံးသုံးဘာသာများ ခမာ
လူဦးရေ
လူမျိုးများ ခမာ (၉၀%)ဗီယက်နမ် (၅%)တရုတ် (၁%)၊ အခြား (၄%)
ကိုးကွယ်ယုံကြည်မှု ဗုဒ္ဓ (၉၆.၅%)အစ္စလာမ် (၃.၅%)
နိုင်ငံရေး
အမျိုးအစား Constitutional monarchy
အစိုးရခေါင်းဆောင်များ
  • ဘုရင် - နိုရိုဒုမ်သီဟမုနိ
  • ဝန်ကြီးချုပ် - ဟန်စိန်
ထူထောင်မှု
စီးပွားရေး
GDP(PPP) USD $၃၆.၈၂ billion (အဆင့် - ၈၉)
GDP(PPP) USD $၂,၆၀၀ (အဆင့် - ၁၃၃)
HDI ၀.၅၉၈ (အလယ်) (အဆင့် - ၁၃၁)
ငွေ ရီယဲ (KHR "Cambriel.svg")
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
ISO 3166-1 KH
CCLTD .kh
Calling code +၈၅၅

ကမ္ဘောဒီးယားနိုင်ငံသည် အရှေ့တောင် အာရှ တွင် ပါဝင်ပြီး လူဦးရေ (၁၃) သန်းခန့် ရှိသည်။ အကြီးဆုံးမြို့နှင့် မြို့တော်မှာ ဖနွမ်းပင် ဖြစ်သည်။ အနောက်ဘက်နှင့် အနောက်မြောက်ဘက်တွင် ထိုင်းနိုင်ငံ ၊ အရှေ့မြောက်ဘက်တွင် လာအို ၊ အရှေ့နှင့် အရှေ့တောင်ဘက်တွင် ထိုင်းနိုင်ငံတို့ဖြင့် ထိစပ်လျက် ရှိသည်။ အန်ကောဝပ် ဘုရားကျောင်းသည် ကမ္ဘောဒီးယား၏ အထင်ကရ နေရာဖြစ်ပြီး ၂၀၀၇ ခုနှစ်အတွင်း ကမ္ဘာလှည့် ခရီးသွား (၄) သန်းကျော်ကို ဆွဲဆောင်နိုင်ခဲ့သည်။

အမည်ရင်းမြစ်[ပြင်​ဆင်​ရန်​]

သမိုင်း[ပြင်​ဆင်​ရန်​]

တချိန်က တန်ခိုးထွားခဲ့သော ခမာတို့သမိုင်းမှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ရှေးဟောင်းသမိုင်း ကျောက်ခေတ်ယဉ်ကျေးမှုသည် ဘီစီ ၁၅၀၀ က အာရှအရှေ့တောင်ပိုင်းသို့ ရောက်ရှိခဲ့ကြောင်းနှင့် ဟိန်းဂဲလဒန်ခေါ် အရှေ့တိုင်း သမိုင်းပါရဂူ တစ်ဦးက ယူဆခဲ့သည်။ ထိုခေတ်က လူမျိုး၏ ယုံကြည်ကိုးကွယ်မှုနှင့် ယဉ်ကျေးမှု အချက်အလက်တို့သည် ခရစ်နှစ်အစလောက်တွင် ဤဒေသတွင် ကြေးဝါခေတ် ပေါ်ပေါက်လာသည့်တိုင်အောင် အစဉ်အဆက်ပါလာခဲ့လေသည်။ ထိုခေတ်က ဤဒေသတွင် နေထိုင်သူတို့မှာ အင်ဒိုနီးရှင်းများ ဖြစ်ကြ၏။ ထိုအချိန်လောက်မှစ၍ အိန္ဒိယပြည်မှ ကုန်သည်များ ရောက်ရှိခဲ့ကာ အိန္ဒိယယဉ်ကျေးမှု များ လွှမ်းမိုးလာခဲ့လေသည်။ ထိုလွှမ်းမိုးမှုမှာ မလ္လာယုကျွန်းဆွယ်နှင့် ယိုးဒယားပြည်တို့တည်ရာ အနောက်ပိုင်းတွင် ပိုမိုများပြား လေးနက်သလောက် ကမ္ဗောဇ၊ အာနမ်၊ စမ္ပာ စသည့် အရှေ့တိုင်းဒေသများတွင် လေးနက်မှု မရှိပေ။ ထိုဒေသတို့၌ အထူးသဖြင့် ကမ္ဗောဇပြည်၌ မူရင်း ယဉ်ကျေးမှုနှင့် တိုင်းရင်းသားတို့၏ ဗီဇအရည်အချင်းများက ယဉ်ကျေးမှုကို အသွင်ပြောင်းနိုင်စေခဲ့၏။

တရုတ်ပြည် ဟန်မင်းဆက် ကုန်ဆုံးပြီးနောက် (ခရစ် ၂၂၁ ခုနှစ်နောက်) ပေါ်ပေါက်ခဲ့သော သုံးပြည်ထောင်ခေတ်တွင် တောင်ဘက်ပြည်ဖြစ်သော ဝုပြည်မှ အာရှအရှေ့တောင်ပိုင်းသို့ စေလွှတ်သော သံတမန်တို့၏ မှတ်တမ်းများအရ ယခုကမ္ဗောဇပြည်ဒေသတွင် ဖူနန်ပြည် ရှိခဲ့ကြောင်းနှင့် ဖူနန်ပြည် တန်ခိုးကြီးပုံကို ဖော်ပြထားလေသည်။ ၅ ရာစုနှစ် ၆ ရာစုနှစ်များလောက်တွင် ဖူနန်နိုင်ငံ တန်ခိုးမှိန်ခဲ့၍ မဲခေါင်မြစ်ဝှမ်းတွင် ချန်လပြည်သစ် ပေါ်ပေါက်လာခဲ့သည်။ ထိုပြည်သစ်မှာ ခမာတို့၏ ပြည်ဖြစ်၍ ခမာတို့ရောက်ရှိ တန်ခိုးကြီးလာခြင်း၏ အစပင် ဖြစ်သည်။

ခမာတို့အလျင် ဖြစ်ခဲ့သော သမိုင်းအကျဉ်းကို ဖော်ပြရခြင်းမှာ အိန္ဒိယပြည်မှ ယဉ်ကျေးမှုများ ရောက်ရှိလွှမ်းမိုးလင့်ကစား၊ ခမာယဉ်ကျေးမှုမှာ ကျောက်ခေတ်သစ်၊ ကြေးဝါခေတ်တို့မှ ဆက်လက်ရရှိခဲ့သော အချက်အလက်များတို့ကို အခြေခံထားသောကြောင့် ဖြစ်သည်။ ခမာတို့၏ ပထမပြည်ဖြစ်သော ချန်လအကြောင်းကို ရွှန်ဆန်၏ မှတ်တမ်းများနှင့် ထိုခေတ်ကျောက်စာတို့မှ သိရသည်။ ချန်လမှာ ဖူနန်၏ မြောင်ဖက် မဲခေါင်မြစ်ပေါ်၌ တည်ရှိ၍ ယခု ဗဆက်ဒေသလောက်တွင် ရှိသည်ဟု သိရသည်။ မြို့တော်မှာ ဣသျှာနပုရ ဖြစ်၏။ ခရစ် ၆၇၀ ပြည်နှစ်လောက်တွင် ချန်လမှာ ရေချန်လ၊ ကုန်းချန်လဟု တောင်ပိုင်း မြောက်ပိုင်း ၂ ပိုင်းကွဲခဲ့၏။ မြောက်ပိုင်းကုန်းချန်လမှာ ယခုကမ္ဘောဒီးယားနိုင်ငံပင် ဖြစ်သည်။

ဤကဲ့သို့ ကွဲပြားခဲ့သဖြင့် အင်အား နည်းကာ ဆူမတြားကျွန်းနှင့် ဂျားဗားကျွန်းတို့ အခြေပြု၍ တန်ခိုးကြီးလာသော သီရိဝိဇယနိုင်ငံ၏ လွှမ်းမိုးမှုကို ခေတ္တအားဖြင့် ခံခဲရလေသည်။ ထိုနိုင်ငံနှင့် အဆက်အသွယ်ရှိသော ဒုတိယမြောက် ဇဝရမန်သည် ၈၀၂ ခုနှစ်တွင် ကွဲပြားနေသော ချန်လပြည်တို့ကို စုစည်း၍ ကမ္ဗုဇာ (ကမ္ဗု၏သားများ) အမည်ဖြင့် ကမ္ဗောဇနိုင်ငံကို စတင်ထူထောင်ခဲ့သည်။

စီးပွားရေး ကောင်းစွာတိုးတက်၍ တန်ခိုးကြီးချက်ရှိသော သီရိဝိဇယနိုင်ငံနှင့် မဟာမိတ်ဖြစ်သော ကမ္ဗောဇနိုင်ငံကို အုပ်ချုပ်လာခဲ့သော ထိုမင်းဆက်၏ မင်းများသည် နှစ်ပေါင်း ၇၅ နှစ်မျှ ဆက်လက်အုပ်ချုပ်ခဲ့ကြ၏။ ၉ ရာစုနှစ်များ ကုန်သောအခါတွင် ခမာတို့၏နိုင်ငံမှာ မြောက်ဖက် တရုတ်ပြည်၊ အရှေ့မြောက်ဘက် နန်ချို၊ အနောက်ဖက် မြန်မာပြည်ရှိ ပျူနိုင်ငံတို့အထိ ဩဇာလွှမ်းမိုးကျယ်ပြန့်ခဲ့သည်။

ဇယဝရမန်မင်းဆက်ကို ဣန္ဒဝါရမန်မင်းဆက်က ဆက်ခံခဲ့၏။ ပထမမြောက် ဣန္ဒဝါရမန်မင်းသည် ကမ္ဘာပေါ်၌ ထင်ပေါ်သော အင်းကော(အန်ကော ဟုလည်း ခေါ်သည်)မြို့တော်ကို စတင်တည်ထောင်ခဲ့သည်။ ထိုမင်းဆက်မှာ ၁၂၅ နှစ်မျှတန်ခိုးကြီးခဲ့ကြ၍ ဘုရားကျောင်းကန်များ များပြားလှသော အင်းကောမြို့ကြီးကို အင်ဒိုချိုင်းနား ကျွန်းဆွယ်တွင် အခမ်းနားအကြီးကျယ်ဆုံးဖြစ်အောင် ဖန်တီးခဲ့ကြလေသည်။ အင်းကောဝတ်ကျောင်းကိုမူ ထိုမင်းဆက်ကို ဆက်ခံသော မင်းဆက်၏ ဒုတိယမြောက် မင်းလက်ထက် ၁၁၁၅ ခုတွင် တည်ဆောက်ခဲ့သည်။ အင်းကောတွင် တွေ့ရသည့် ဆန်းကြယ်လှသော ဗိသုကာပညာ ကျော်ဆစ်လက်ရာ ပန်းပုပညာ စသည်တို့တွင် ဗြာဟ္မဏအယူဝါဒ ဗုဒ္ဓအယူဝါဒတို့နှင့် သက်ဆိုင်သည့် အချက်အလက်တို့ကို တွေ့ရပေသည်။ ကမ္ဗောဇပြည်မှာ ၁၃ ရာစုနှစ် အလယ်လောက်ထိအောင် အင်ဒိုချိုင်းနားတွင် ပြိုက်ဖက်မရှိ ကြီးကျယ်တန်းခိုး ထွားခဲ့လေသည်။

နိုင်ငံရေးနှင့် အစိုးရ[ပြင်​ဆင်​ရန်​]

နိုင်ငံခြားဆက်ဆံရေးနှင့် စစ်ရေးကိစ္စများ[ပြင်​ဆင်​ရန်​]

ပြည်နယ်များ[ပြင်​ဆင်​ရန်​]

ပထဝီနှင့် ရာသီဥတု[ပြင်​ဆင်​ရန်​]

စီးပွါးရေး[ပြင်​ဆင်​ရန်​]

စိုက်ပျိုးရေးသည် ၁၉၈၅ ခုနှစ်တွင် ဂျီဒီပီ၏ ၉၀ ရာခိုင်နှုန်း၊ အလုပ်လုပ်သူလူဦးရေ၏ ၈၀ ရာခိုင်နှုန်းထိ ပါဝင်လုပ်ကိုင်နေသော စီးပွားရေးအချက်အခြာ အစဉ်အလာရှိသည့်လုပ်ငန်း ဖြစ်သည်။ ရိက္ခာသီးနှံဖြစ်သည့် စပါးသီးနှံသည် အဓိကထုတ်ကုန်အဖြစ် ဆက်လည် တည်ရှိနေသည်။ ကမ္ဘောဒီးယား ကျေးလက်လူမှုဘဝအတွက် အ‌ခြေခံဖြစ်သော စပါး ထုတ်လုပ်မှု အညွှန်းကိန်းမှာ မကြာခဏဆိုသလို ရည်မှန်းချက်မပြည့်မီဖြစ်ခဲ့ရာ ၁၉၇၉၊ ၁၉၈၁၊ ၁၉၈၄ နှင့် ၁၉၈၇ ခုနှစ်များမှာ ဆိုးဆိုးရွားရွား ရိက္ခပြတ်လပ်သောနှစ်များ ဖြစ်သည်။ ၁၉၈၇ ခုနှစ်တွင် စပါးသီးနှံကို ဟက်တာ ၁.၇၇ သန်းစိုက်ပျိုးရန် ရည်မှန်းခဲ့သော်လည်း ဟက်တာ ၁.၁၅ သန်းသာ စိုက်ပျိုးနိုင်ခဲ့သည်။ ၁၉၇၉ ခုနှစ် နောက်ပိုင်းမှ ၁၉၈၀ ပြည့်နှစ်များအထိ လယ်ယာကဏ္ဍ တိုးတက်မှု အားရစရာမရှိခဲ့ပေ။ ဆိုးဝါးသော ရာသီဥတုအခြေအနေ၊ ခိုင်းကျွဲခိုင်းနွားနှင့် လယ်ယာသုံးကိရိယာများ မလုံလောက်မှု၊ လူပုဂ္ဂိုလ်များ၏ အတွေ့အကြုံနည်းပါး ညံ့ဖျင်းမှု၊ လုံခြုံရေးပြဿနာနှင့် အစိုးရ၏ ဘုံဝါဒ ပေါ်လစီများကြောင့် လယ်ယာကုန်ထုတ်စွမ်းအားများ ကျဆင်းခဲ့ရသည်။

ဘုံလယ်ယာနှင့် စုပေါင်းအဖွဲ့များ[ပြင်​ဆင်​ရန်​]

ဟင်ဆမ်ရင်အစိုးရလက်ထက်တွင် ဘုံလယ်ယာများပေါ်ထွန်းရန် စုပေါင်းအဖွဲ့များ ဖွဲ့စည်း ခဲ့သည်။ တစ်ရပ်တစ်ရွာတည်းနေ သိကျွမ်းပြီးသူများကို စုပေါင်းအဖွဲ့ငယ်လေးများ ဖွဲ့ပြီး စုပေါင်းဆောင်ရွက်ခြင်းဖြင့် အတိုင်းအတာတစ်ခုထိ အကျိုးအမြတ်ရရှိနိုင်ရာ ပိုပေါ့ခေတ် လူ့စွမ်းအားပြုန်းတီးမှု၊ အတင်းအဓမ္မစေခိုင်းမှု၊ ဘုံလယ်မြေဘဝကထက် ပိုမိုတိုးတက် ကောင်းမွန်လာခဲ့သည်။ တစ်ဦးချင်းနှင့် အိမ်ထောင်စုများကို စုပေါင်းအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ခြင်းသည် အရင်းအမြစ်များ ချို့တဲ့လှသည့် စစ်ပြီးခေတ် ကမ္ဘောဒီးယားအနေ အထားနှင့်လည်း လျော်ကန်လှပေသည်။ ဤသို့ စုပေါင်းအဖွဲ့များဆောင်ရွက်ခြင်းဖြင့် လူအင်အား၊ ကျွဲနွားအင်အားနှင့် လယ်ယာသုံးကိရိယာများ ချို့တဲ့မှုကို ကျော်လွှားနိုင်ခဲ့ ကြလေသည်။

၁၉၈၆ ခုနှစ်တွင် ကျေးလက်နေလူဦးရေ ၉၇ ရာခိုင်နှုန်းသည် စုပေါင်းအဖွဲ့ပေါင်း ၁ သိန်း ကျော်တွင် ပါဝင်ခဲ့ကြသည်။ ခမာအုပ်စိုးသည့်ကာလက ဘုံလယ်ယာများနှင့် မတူညီသည့် အချက်မှာ အရွယ်အစားအားဖြင့် သေးငယ်ခြင်းဖြစ်သည်။ စုပေါင်းအဖွဲ့များသည် စတင် ဖွဲ့စည်းစဉ်က မိသားစု ၂၀ မှ ၅၀ ထိပါဝင်ခဲ့သော်လည်း နောင်တွင် မိသားစု ၇ စုမှ ၁၅ စု ထိတိုင် အရွယ်အစား သေးငယ်သည်။ စုပေါင်းအဖွဲ့များသည် လယ်ယာလုပ်သားအသင်း ပုံစံမျိုးဖြစ်ပြီး အသင်းဝင်များသည် မြေယာနှင့် လုပ်အားအသီးအပွင့်များကို ဆက်လက် ပိုင်ဆိုင်ခွင့်ရှိသည်။ ဆိုဗီယက်မှ လေ့လာသူတစ်ဦးကမူ စုပေါင်းအဖွဲ့များသည် ပိုင်ဆိုင်မှု သုံးရပ်ကို စံနစ်တကျ စုစည်းထားသည်ဟုဆိုသည်။ ယင်းတို့မှာ နိုင်ငံတော်ပိုင်ဖြစ်သော လယ်ယာ‌မြေ၊ စုပေါင်းပိုင်ဆိုင်သော လယ်လုပ်ကိရိယာများ- ထွက်ရှိလာသော သီးနှံများနှင့် မိသားစုတစ်စုချင်းစီက ပိုင်ဆိုင်သော လယ်ယာလုပ်ကွက်များတို့ ဖြစ်သည်။

သီအိုရီအရ စုပေါင်းအဖွဲ့တစ်ဖွဲ့စီသည် ဒေသအလိုက်နှင့် ‌မြေယာရရှိနိုင်မှု အခြေအနေ အလိုက် အများပိုင်မြေမှ ၁၀ မှ ၁၅ ဟက်တာအထိ ရရှိကြသည်။ ‌မြေယာကို စုပေါင်းထွန် ယက်စိုက်ပျိုးကြသည်။ ရိတ်သိမ်းရာတွင်မူ မိသားစုအလိုက် ပါဝင်ဆောင်ရွက်နိုင်မှုအပေါ် မူတည်၍ အမှတ်ပေးစံနစ်ဖြင့် လုပ်ငန်းခွဲဝေဆောင်ရွက်ကြသည်။ ထွက်ရှိသော သီးနှံများကို ခွဲဝေရာ၌ ရှေးဦးစွာ လုပ်အားပါဝင်နိုင်ခြင်းမရှိသော သက်ကြီးရွယ်အိုနှင့် နာမကျန်းသူများအား သူနာပြု၊ ကျောင်းဆရာ၊ စီမံအုပ်ချုပ်သူများကဲ့သို့ ခွဲဝေပေးပြီး ကျန်ရှိသည်များကို လုပ်သားများသို့ ခွဲဝေပေးသည်။ ပင်ပန်းကြီးလေးသော လုပ်ငန်း ဆောင်ရွက်ရသူများ၊ အမှတ်ပေးစနစ်အရ အမှတ်များများရသူများကို အမှတ်နည်းသူများ ထက် ပိုမိုခွဲဝေပေးသည်။ ခင်ပွန်းမရှိသူ အမျိုးသမီးများကို အလုပ်နည်းနည်းလုပ်၍ ရမှတ် နည်းပါးသည့်တိုင် လုံလောက်အောင် ခွဲဝေပေးသည်။ အမှတ်ပေးရာတွင် မိမိလုပ်အား အပြင် အဖွဲ့ပိုင်တိရိစ္ဆာန်များအား စောင့်ရှောင့်ပေးခြင်း၊ မိမိပိုင်ကျွဲနွားနှင့် လယ်လုပ် ကိရိယာများကို စုပေါင်းအဖွဲ့သို့ ငှါးရမ်းသုံးစွဲခွင့်ပြုခြင်းများလည်း ပါဝင်သည်။

စုပေါင်းအဖွဲ့ဝင် မိသားစုတိုင်းသည် အများနှင့် စုပေါင်းလုပ်ကိုင်သော မြေယာအပြင် မြေယာရရှိနိုင်မှုအ‌ခြေအနေအရ ၁၅၀၀ မှ ၂၀၀၀ စတုရန်းမီတာထိ ကိုယ်ပိုင်လုပ်ကိုင်ခွင့် မြေ ရရှိခံစားခွင့် ရရှိကြသည်။ အဖွဲ့မှခွဲဝေရရှိသည့် သီးနှံများနှင့် မိမိပိုင်မြေမှ ထွက်ရှိသော သီးနှံများကို လွတ်လပ်စွာ စားသုံး သိုလှောင် လဲလှယ် ရောင်းဝယ်ခွင့်ရှိသည်။

စုပေါင်းအဖွဲ့များကို ဘုံလယ်ယာသို့ တက်လှန်းနိုင်မှုနှင့် သီးစားချထားမှုအပေါ် အခြေခံ၍ အမျိုးအစား သုံးမျိုးဖြစ်ပေါ်လာသည်။ ပထမအမျိုးအစားမှာ စုပေါင်းလုပ်ကိုင်မှု အမြင့်ဆုံး အဆင့်ဖြစ်သည်။ အဖွဲ့ဝင်မိသားစုအားလုံး ထယ်ထိုးထွန်မွှေသည်မှ ရိတ်သိမ်းသည်ထိ လုပ်ငန်းအားလုံးတွင် ပါဝင်ဆောင်ရွက်သည်။ ပုဂ္ဂလကပိုင်ဆိုင်သော လယ်လုပ်ကိရိယာနှင့် ခိုင်းကျွဲနွားများမှာ တစ်ဦးချင်းပိုင်ဆိုင်ပစ္စည်းများအဖြစ် ဆက်လက်တည်ရှိသည်။ ယင်းတို့ကို စိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်တို့တွင် အဖွဲ့အတွက် အသုံးပြုပါက အခကြေးငွေ ရရှိသည်။ ထို့ပြင် တဖွဲ့စီတွင် နိုင်ငံတော် ကူညီမှုဖြင့် ရရှိထားသော အဖွဲ့ပိုင် လယ်လုပ် ကိရိယာများလည်း ရှိသည်။

ဒုတိယအမျိုးအစားမှာ ၁၉၈၄ ခုနှစ် ၊ နိုဝင်္ဘာလ KPRP အမျိုးသား ကွန်ဖရင့်က ဖော်ပြ သော "ပုဂ္ဂလိကမှ စုပေါင်းပုံစံပြောင်းလဲဆဲ"အဆင့် ဖြစ်သည်။ ဤအမျိုးအစား၏ ပထမ အမျိုးအစားနှင့် ကွာခြားချက်မှာ စိုက်ပျိုးရာသီအစတွင် အဖွဲ့ဝင်အိမ်ထောင်စုများသို့ မိသားစု အရွယ်အစားအလိုက် လယ်ယာမြေများ ခွဲဝေချထားခြင်းဖြစ်သည်။ ဤဒုတိယ အမျိုးအစားသည် အဖွဲ့ဝင်များသည် လယ်ထွန်ခြင်း၊ ကောက်စိုက်ခြင်း ကဲ့သို့သော လုပ်ငန်းကြီးများတွင် စုပေါင်းဆောင်ရွက်ကြသည်။ အခြားလုပ်ငန်းများတွင် မိမိအား ခွဲဝေ ချထားပေးသော ကိုယ်ပိုင်လုပ်ကွက်ကို ကိုယ်တိုင်စိုက်ပျိုးသည်။ မိမိပိုင် ထွန်ထယ်ကိရိယာ၊ ကျွဲနွားတို့ကို ကိုယ်ပိုင်အဖြစ် ဆက်လက်ပိုင်ဆိုင်ခွင့်ရှိသည်။ ယင်းတို့ကို အဖွဲ့ဝင်အချင်းချင်း သဘောတူညီမှုဖြင့် ရောင်းဝယ်ခွင့်ရှိသည်။ အချို့သော အဖွဲ့များတွင် အဖွဲ့ဝင်အိမ်ထောင်စုများ စုပေါင်းထည့်ဝင်သော စပါးမျိုးစေ့များ၊ နိုင်ငံတော်၏ ပံ့ပိုးမှုဖြင့် ရယူထားသော လယ်လုပ်ကိရိယာများ စသည့် စုပေါင်းပိုင်ဆိုင်မှုများ ရှိကြသည်။ ယင်းသို့ စုပေါင်းပိုင်ဆိုင်မှု ပမာဏ အနည်းအများက စုပေါင်းဆောင်ရွက်နိုင်မှုအ‌ခြေအနေကို ဖော် ပြသည်။ စုပေါင်းပိုင်ဆိုင်မှုများလေ စုပေါင်းဆောင်ရွက်နိုင်မှုများလေ ဖြစ်သည်။ စပါး၊ လယ်လုပ်ကိရိယာ စုပေါင်း ပိုင်ဆိုင်မှုမရှိသော စုပေါင်းအဖွဲ့များ၌ ကုန်ထုတ်လုပ်အားသည် အိမ်ထောင်စုများ၏ လိုအပ်ချက် ပြည့်မီရန် အဓိက ဦးတည်ကြပြီး လယ်ယာကုန်ထုတ်လုပ် သူနှင့် ဈေးကွက် သို့မဟုတ် နိုင်ငံပိုင်အဖွဲ့အစည်းများ အကြား ဆက်ဆံရေးမှာ အားနည်း နေလေ့ရှိသည်။

တတိယအမျိုးအစားမှာ မိသားစုစီးပွားရေးပုံစံဖြစ်သည်။ ဒုတိယအမျိုးအစားတွင် အဖွဲ့က စိုက်ပျိုးရာသီအစတွင် ‌မြေယာများကို ခွဲဝေချထားသည်။ လယ်လုပ်ကိရိယာများမှာ မိသားစုပိုင်အဖြစ် ဆက်လက်တည်ရှိသည်။ ယခု တတိယအမျိုးအစားတွင်မူ မိသားစုများ သည် မိမိပိုင်မြေယာတွင် စိုက်ပျိုးသည်။ ထွက်ရှိသမျှအားလုံး မိမိပိုင်သည်။ အပိုအလျှံများ ကို နိုင်ငံတော်အဖွဲ့အစည်းများသို့ တိုက်ရိုက်ရောင်းချသည်။ ဤအမျိုးအစားတွင် စီမံအုပ်ချုပ်မှုနှင့် လူမှုယဉ်ကျေးမှု ကိစ္စရပ်များမှတပါး စုပေါင်းဆောင်ရွက်မှု မရှိပေ။

လယ်ယာကဏ္ဍ ပြန်လည်ထူထောင်ရေး၊ ရိက္ခာထုတ်လုပ်မှုတိုးတက်ရေးတို့နှင့်အတူ အစိုးရ က စုပေါင်းအဖွဲ့များကို အလေးထားခဲ့သည်။ သို့ရာတွင် ဆိုရှယ်လစ်စံနစ်အတွက် အထောက်အကူပြုမှုမှာ သိသာမြင်သာ မရှိခြေ။ စိုက်ပျိုးရေး ဒုတိယဝန်ကြီး ချီရာဆောင်၏ အလိုအရမူ (စုပေါင်းအဖွဲ့များ စတင်သက်ဝင်လှုပ်ရှားခဲ့ပြီး ၇ နှစ်အကြာ) ၁၉၈၀ လွန်နှစ်များ၏အလယ်ပိုင်းနှစ်ကာလ အချိန်တွင် စုပေါင်းအဖွဲ့များ၏ ၁၀ ရာခိုင်နှုန်းသာ အမှန်တကယ် စုပေါင်းလုပ်ဆောင်မှုရှိတော့ကြောင်း၊ ၇၀ ရာခိုင်နှုန်းခန့်သော စုပေါင်းအဖွဲ့ များသည် လယ်ယာမြေပြုပြင်ခြင်း၊ မျိုးစေ့ချစိုက်ပျိုးခြင်းကဲ့သို့သော အများနှင့် ဆိုင်သော လုပ်ငန်းများတွင်သာ စုပေါင်းဆောင်ရွက်မှုရှိကြောင်း၊ ကျန်ရှိသည့် ၂၀ ရာခိုင်နှုန်းခန့်သော လယ်ယာ လုပ်သားများမှာ ပုဂ္ဂလိကအနေဖြင့် ထွန်ယက်စိုက်ပျိုးပြီး မိသားစုစီးပွားရေး ပုံစံ ပါဝင် ဆောင်ရွက်ကြောင်း သိရသည်။

ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု[ပြင်​ဆင်​ရန်​]

၁၉၈၇ ခုနှစ်တွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ကိန်းဂဏန်းများမှာ ပြန့်ကြဲနေပြီး ကိန်းဂဏန်း ရယူသည့် ဇစ်မြစ်အလိုက် ကွဲပြားခြားနားကြသည်။ ၁၉၇၉ ခုနှစ်မှ ၁၉၈၅ ခုနှစ်အတွင်း ကမ္ဘောဒီးယားအစိုးရ ကိန်းဂဏန်းများမှာ အများအားဖြင့် ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့မှ ထုတ်ပြန်သည့် ကိန်းဂဏန်းများထက် လျော့နည်းနေကြောင်း တွေ့ရသည်။

ယင်းသို့ ကွဲလွဲနေရခြင်းမှာ နိုင်ငံရေးနှင့် နည်းပညာအရ ဖြစ်သည်။ စစ်ဘေးဒဏ်ခံထားရ သော နိုင်ငံအတွင်း ကျွမ်းကျင်ပုဂ္ဂိုလ်များ မရရှိနိုင်သဖြင့် ကိန်းဂဏန်းအချက်အလက်များ ကောက်ယူရန် ခက်ခဲလှသည်။ ထို့အပြင် လုံခြုံရေးနှင့် ဆက်သွယ်ရေးအခက်အခဲ များကြောင့် အပြည်ပြည်ဆိုင်ရာနှင့် နိုင်ငံခြားကူညီကယ်ဆယ်ရေးအဖွဲ့ ကိုယ်စားလှယ်များ အထူးခွင့်ပြုချက်မှအပ ဖနွန်ပင်မြို့တော်ပြင်ပသွားလာခွင့်ကို ပိတ်ပင်ခဲ့သည်။ ထိုမျှမက နိုင်ငံတကာနှင့် ကမ္ဘောဒီးယား ဇစ်မြစ်တို့သည် စပါးထုတ်လုပ်မှု ခန့်မှန်းရာတွင် မတူညီသော အခြေခံကို အသုံးပြု တွက်ချက်ခဲ့ကြခြင်းကြောင့်လည်းဖြစ်သည်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့သည် ပြက္ခဒိန်နှစ်အရ အထွက်ကို တွက်ချက်သည်။ ကမ္ဘောဒီးယား အရာရှိများနှင့် ပုဂ္ဂိုလ်များက နိုဝင်္ဘာမှ ဖေဖေါ်ဝါရီထိဖြစ်သော သီးနှံနှစ်ကို အ‌ခြေခံတွက် ချက်ကြသည်ဖြစ်ရာ ပြက္ခဒိန်နှစ် ၂ နှစ် ပါဝင်နေလေတော့သည်။ အဆုံးဆိုရပါလျှင်မူ ဆန်နှင့် စပါး ကြိတ်ခွဲထွက်ရှိမှုများတွင်လည်း ကွာဟမှုများ ရှိနေသည်။ ပျမ်းမျှအားဖြင့် စပါးမှဆန် ကြိတ်ခွဲရရှိမှုမှာ အလေးချိန်အားဖြင့် ၆၂ ရာခိုင်နှုန်းဖြစ်သည်။ ခန့်မှန်းထွက်ရှိမှု ကိန်းဂဏန်းများမှာ ဆန်နှင့်လည်းကောင်း၊ စပါးနှင့်လည်းကောင်း ပြောဆိုကြသည်။

ကိန်းဂဏန်းကွဲလွဲမှုများရှိသည့်တိုင် အများသဘောတူကြသည်မှာ ၁၉၇၉ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ စပါးထွက်ရှိမှုမှာ ၁၉၆၆ ခုနှစ်က ထွက်ရှိခဲ့သည့် တန်ချိန် ၂.၅ သန်းကို မမီသေး ဆိုသည့်အချက်ဖြစ်သည်။ မည်သို့ဆိုစေ ကမ္ဘောဒီးယား စပါးထွက်ရှိမှုမှာ (သီးနှံများ ထိခိုက် ပျက်စီးသည့် ၁၉၈၄ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိကာလမှလွဲ၍) နှစ်စဉ်တိုးတက်လျှက်ရှိပြီး ခန့်မှန်းချက်များ မှန်ကန်မည်ဆိုပါက ၁၉၈၀ ပြည့်လွန်နှစ်များ အနှောင်းပိုင်းမှ စတင်၍ ပြည်တွင်းရိက္ခာဖူလုံမှုအဆင့်သို့ ရောက်ရှိလာခဲ့သည်ဟု ဆိုနိုင်ပါသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ စပါးစိုက်ပျိုးမြေကို ဧရိယာအားဖြင့် ၃ မျိုး ခွဲခြားနိုင်သည်။ ပထမဆုံးနှင့် စပါးထွက်အကောင်းဆုံး (တစ်ဟက်တာမှ စပါး ၁ တန်အထက် ထွက်ရှိသည်) ဧရိယာတွင် တွန်လဲဆက် မြစ်ဝှမ်းနှင့် ဘဒန်ဘဏ်၊ ကန်ပေါင်သမ်၊ ကန်ပေါင်ချမ်၊ ကန်ဒယ်၊ ပရေဘမ်နှင့် ဆဗေရင် ဒေသများ ပါဝင်သည်။ တစ်ဟက်တာလျှင် ၁ တန်၏ ၅ ပုံ ၄ ပုံအထိ စပါးထွက်ရှိသော ဒုတိယတန်း ဧရိယာများတွင် ထိုင်းပင်လယ်ကွေ့တလျောက်ရှိ ကန်ပေါ့ နှင့် ကော့ကောင် ဒေသများ ပါဝင်သည်။ တတိယတန်း ဧရိယာများတွင် တစ်ဟက်တာမှ ၁ တန်၏ ၅ ပုံ ၃ ပုံထိ စပါးထွက်ရှိသော တောင်ကုန်းတောင်တန်းဒေသများဖြစ်သည့် ပရီဗီဟီယာ၊ စတိုအင်ထယင်၊ ရိုတာနိုကီရီ (ရတနာကီရီ)၊ မွန်ဒိုကီရီ ဒေသများ ပါဝင်သည်။

ကမ္ဘောဒီးယားတွင် စပါးသီးနှံကို မိုးရာသီစိုက်နှင့် ခြောက်သွေ့ရာသီစိုက် ဟူ၍ ၂ မျိုး ခွဲခြားနိုင်သည်။ မိုးစိုက်သီးနှံမှာ အဓိကဖြစ်ပြီး မေလနှောင်းပိုင်းမှ ဇွန်လအထိ စိုက်ပျိုး ကြသည်။ ပထမမိုး စတင်ရွာသွန်းပြီး စိုက်ပျိုးမြေများ ပျော့ပြောင်းလာချိန်တွင် စစိုက်သည်။ ပျိုးပင်များကို ဇွန်လနောက်ပိုင်းမှ စက်တင်္ဘာလအထိ ရွှေ့ပြောင်းစိုက်ပျိုးကြသည်။ အဓိက စပါးပေါ်ချိန်မှာ စိုက်ပျိုးပြီး ၆ လအကြာ ဒီဇင်ဘာလတွင် ဖြစ်သည်။ ခြောက်သွေ့ရာသီစိုက် စပါးမှာ ဧကနည်းသည်။ ကာလအားဖြင့် တိုတောင်းသည် (စိုက်ပျိုးချိန်မှ ရိတ်သိမ်းပြီးထိ ၃ လသာ ကြာသည်)။ မိုးတွင်းကာလ မိုးရေ သိုလှောင်စုစည်းထားနိုင်သော နေရာများတွင် နိုဝင်ဘာလ၌ စိုက်ပျိုးပြီး ဇန်နဝါရီ၊ ဖေဖေါ်ဝါရီလများတွင် ရိတ်သိမ်းကြသည်။ နွေသီးနှံမှာ တစ်နှစ်လုံး စပါးထွက်၏ ၁၅ ရာခိုင်နှုန်းကို ကျော်လွန်ခြင်းမရှိပေ။

ယင်းစပါး ၂ မျိုးအပြင် ရေနက်စပါးကို တွန်လဲဆက်ရေကန်ဝန်းကျင်တွင် ဧပြီ၊ မေ လများ၌ စိုက်ပျိုးကြသည်။ ယင်းဧရိယာများမှာ စက်တင်္ဘာ၊ အောက်တိုဘာလများတွင် ရေလွှမ်းနေ သော ဒေသများဖြစ်သည်။ ရေတက်မလာမီတွင် စပါးမျိုးစေ့များကို မြေယာမပြုပြင်ဘဲ ကြဲပက်ထားရသည်။ ရေနက်စပါးကို ၉ လအကြာတွင် ရိတ်သိမ်းသည်။ ထိုအချိန်၌ ပင်စည်မှာ ရေအနက်ရှိသမျှ ရှည်ထွက်သဖြင့် ၃ သို့မဟုတ် ၄ မီတာခန့်ထိ ရှည်လျားသည် (ရေနက်စပါးမှာ စပါးအနှံကို ရေပြင်အပေါ်တွင် ရှိနေရန် ၄င်း၏ ပင်စည်ကို ရေအမြင့်နှင့် လိုက်လျောညီထွေ ရှည်ထွက်နိုင်စွမ်းရှိသည်)။ သာမန်စပါးခင်းများ၏ ထက်ဝက်ခန့်သာ စပါးထွက်ရှိသော်လည်း အခြားနည်းလမ်းဖြင့် သုံးမရဖြစ်နေသည့် မြေတွင် ကုန်ကျစရိတ် သက်သာစွာဖြင့် စိုက်ပျိုးနိုင်သည်။

ကမ္ဘောဒီးယား၏ တစ်ဟက်တာ စပါးအထွက်နှုန်းမှာ အာရှဒေသတွင် အနိမ့်ဆုံးဖြစ်ခဲ့သည်။ မိုးသီးနှံ ပျမ်းမျှ စပါးအထွက်နှုန်းမှာ တစ်ဟက်တာ ၀.၉၅ တန်ဖြစ်သည်။ ခြောက်သွေ့ရာသီ တွင် အများအားဖြင့် ပိုမိုထွက်ရှိရာ တစ်ဟက်တာလျှင် ၁.၈ တန်ထိ ထွက်သည်။ စပါး မျိုးသစ်များ (အိုင်အာ-၃၆နှင့် အိုင်အာ-၄၂) သည် အ‌ခြေအနေပေးပါက တစ်ဟက်တာ လျှင် ၅ မှ ၆ တန်အထိ ထွက်ရှိသည်။ ဒေသမျိုးများနှင့် မတူညီသည့်အချက်မှာ ယူရီးယားနှင့် ဖေါ့စဖိတ် ဓါတ်မြေဩဇာများ သုံးစွဲရန် လိုအပ်ခြင်း (မျိုးစေ့ တန် ၅၀၀၀ အတွက် ဓါတ်မြေဩဇာ ၅၀၀၀၀ တန်) ဖြစ်သည်။ ယင်းလိုအပ်ချက်ကို ၁၉၈၀ ပြည့်နှစ်များတွင် အစိုးရက ဝယ်ယူတင်သွင်းနိုင်ခြင်းမရှိခဲ့ပေ။

အခြားသော ရိက္ခာနှင့် စီးပွားဖြစ် သီးနှံများ[ပြင်​ဆင်​ရန်​]

၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ဒုတိယအရေးပါဆုံးသီးနှံများမှာ အစေ့ထုတ်ပြောင်း၊ ပီလောပီနံ၊ ဥကဇွန်း၊ မြေပဲ၊ ပဲပုတ်၊ နှမ်း၊ ပဲနှင့် ရော်ဘာ တို့ ဖြစ်ကြသည်။ ဖနွန်းပင်မှ အဆိုအရ ၁၉၈၆ ခုနှစ်တွင် အစေ့ထုတ်ပြောင်း ၉၂၀၀၀ တန်၊ ပီလောပီနံ တန် ၁၀၀၀၀၀၊ ဥကဇွန်း ၃၄၀၀၀ တန်နှင့် ပဲမျိုးစုံ ၃၇၀၀၀ တန် ထွက်ရှိခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် မိုးခေါင်မှု ဆိုးရွားစွာ ဖြစ်ခဲ့၍ စပါးထွက်ရှိမှု လျော့နည်းခဲ့သဖြင့် ဒေသဆိုင်ရာ အရာရှိ များက တောင်သူလယ်သမားများအား ဖြည့်စွက်ရိက္ခာသီးနှံများ အထူးသဖြင့် ကဇီဓါတ် ကြွယ်ဝသော သီးနှံများ တိုးတက်စိုက်ပျိုးထုတ်လုပ်ရန် တိုက်တွန်းခဲ့သည်။

ပင်မ စီးပွားဖြစ်စိုက်ပျိုးသော သီးနှံမှာ ရော်ဘာ ဖြစ်သည်။ ၁၉၈၀ ပြည့်လွန်ကာလများ အတွင်း ပြည်ပဝင်ငွေရှာဖွေရာတွင် စပါးသီးနှံပြီးလျှင် ဒုတိယအရေးပါဆုံးထွက်ကုန် ဖြစ် သည်။ စစ်ကာလအတွင်းက ရော်ဘာစိုက်ခင်းများ အကြီးအကျယ် ပျက်စီးခဲ့ရာ (ဟက်တာ ၂၀၀၀၀ ထိ အဖျက်ဆီးခံခဲ့ရသည်) ပြန်လည်နလံထူရေးမှာ နှေးကွေးလျှက်ရှိသည်။ ၁၉၈၆ ခုနှစ်အတွင်း ရော်ဘာထွက်ရှိမှုမှာ ၂၄၅၀၀ တန် (ဧရိယာအားဖြင့် ဟက်တာ ၃၆၀၀၀ ရှိပြီး အများစုမှာ ကန်ပေါင်ချမ်ဒေသတွင် ရှိသည်) ဖြစ်ရာ စစ်မဖြစ်မီ ၁၉၆၉ ခုနှစ်က ထွက်ရှိခဲ့ သော ၅၀၀၀၀ တန် (ဧရိယာ ဟက်တာ ၅၀၀၀၀) အောက်တွင်သာ ရှိနေသည်။

ရော်ဘာနှင့် ရော်ဘာထွက်ကုန်များ ပြည်ပတင်ပို့ခြင်းကို ၁၉၈၅ ခုနှစ်တွင် အစိုးရက စတင် ဆောင်ရွက်ခဲ့သည်။ အဓိကဖောက်သည်မှာ ဆိုဗီယက်ပြည်ထောင်စုဖြစ်ပြီး ၁၉၈၅ နှင့် ၁၉၈၆ ခုနှစ်များတွင် ကမ္ဘောဒီးယား သဘာဝရော်ဘာ တန်ချိန် ၁၀၀၀၀ ကျော်ကို နှစ်စဉ် တင်သွင်းခဲ့သည်။ ၁၉၈၀ ပြည့်လွန် နှောင်းပိုင်းနှစ်များတွင် ဗီယက်နမ်နိုင်ငံက ရော်ဘာ ထုတ်လုပ်ရေးလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေး အကူအညီများ ပေးခဲ့သည်။ [၁]

လူဦးရေပျံ့နံ့ နေထိုင်မှု[ပြင်​ဆင်​ရန်​]

ကိုးကွယ်ယုံကြည်မှု[ပြင်​ဆင်​ရန်​]

ယဉ်ကျေးမှု[ပြင်​ဆင်​ရန်​]

ကမ္ဘာ့အရှေ့ဖျားတွင် တစ်ကြိမ်က အထက်တန်းကျလှသော ခမာတို့၏ ယဉ်ကျေးမှု ပေါ်ပေါက်ပြောင်းလဲလာပုံမှာ သီးခြား ဖော်ပြသင့်သော အကြောင်းရပ် တစ်ခုဖြစ်ပေသည်။ ပထမသော် ကျောက်ခေတ်သစ်နှင့် ကြေးဝါခေတ်တို့မှ ယဉ်ကျေးမှု အနည်းငယ်မျှသာ ရရှိခဲ့သည်။ ထို့နောက် အိန္ဒိယပြည်တောင်ပိုင်းမှ ပလ္လဝါယဉ်ကျေးမှု ရောက်ရှိ၍ မိမိတို့အ မွေခံရရှိထားသော အချက်အလက်တို့ကို မတိမ်မြုပ်စေဘဲ ပြုပြင်၍ ပြင်ပယဉ်ကျေးမှုကို လက်ခံခဲ့ကြသည်။ ပုံစံအားဖြင့် ကျောက်ခေတ်က မြင်မားသော ကျောက်တိုင်ကြီးများကို စိုက်ထူသော အားဖြင့် ဘုရားနှင့် ဆက်သွယ်နိုင်သည်ဟု ယုံကြည်သကဲ့သို့ ဗြဟ္မဏ အယူဝါဒကို လက်ခံလာသောအခါ လိင်္ဂကိုးကွယ်မှုကို ကျောက်တိုင်နှင့် ကိုယ်စားပြုကြ၏။ ထို့နောက် သိဝကိုးကွယ်မှုကို လက်ခံရာတွင် သိဝရဂီရိဟု သိဝတောင်အဖြစ် ကောင်းကင်ရှိ ဘုရားနှင့် ဆက်သွယ်မိရန် ပြုပြင်ကိုးကွယ်ကြသည်။ အလားတူပင် ဒေဝရာဇာ ကိုးကွယ်မှုမှာလည်း ယခင်က လိင်္ဂကို ကိုယ်စားပြုခြင်းဖြစ်သည်။ ပိဿနိုး ကိုးကွယ်မှုကို လက်ခံလာပြန်ရာ ပိဿနိုးသည် ဒေဝရာဖာကို ကိုယ်စားပြုရပြန်သည်။

ခမာစကားတွင် ပနွမ်းမှာ တောင်ဟုအဓိပ္ပါယ်ရ၍ ယင်းစကားကို ယူကာ ထိုဒေသ၏ ပထမပြည်ကို တရုတ်တို့ ဖူနန်ဟု ခေါ်ကြောင်း၊ နောက်ခေတ်တို့တွင် ထိုဒေသ၏ဘုရင်များကို ခမာစကားဖြင့် ကုရွန်းဗနမ်ဟုခေါ်ကြောင်း၊ အဓိပ္ပါယ်မှာ တောင်ဘုရင် (ဂီရိရာဇာ) ရကြောင်းနှင့် ပြင်သစ်ပညာရှင် စီဒေက ဆိုထားပေသည်။ မဟာယနဗုဒ္ဓအယူဝါဒ ရောက်ရှိလာသော အခါတွင်လည်း ဒေဝရာဇာမှာ လောကီတေသွာဖြစ်လာ၍ ပုံထုလုပ်ရာတွင် အုပ်ချုပ်သူဘုရင်၏ မျက်နှာပုံနှင့် တူစေလေသည်။ ဤကဲ့သို့ ကျောက်ခေတ် သစ်ကြေးဝါခေတ် ယုံကြည်မှုများတွင် အိန္ဒိယယဉ်ကျေးမှု ရောနှောလာသော အခါ၌ မိမိတို့၏ ပင်ကိုယ်ဗီဇ အရည်အချင်းဖြင့် မွမ်းမံ၍ ပြုပြင်ကာ ထူးခြားသော ယဉ်ကျေးမှုတစ်ရပ်မှု တစ်ရပ်ကို ဖန်တီးခဲ့ကြပေသည်။ တရုတ်ပြည်နှင့် ဆက်သွယ်မှုများ ရှိခဲ့သည့်အတိုင်း တရုတ်ယဉ်ကျေးမှု အချက်အလက်တို့လည်း ရောပြွမ်းလျက်ရှိပေသည်။

ယခုခေတ် ခမာတို့မှာ မြန်မာတို့နည်းတူ ဟိနာယဗုဒ္ဓအယူဝါဒကို လက်ခံကိုးကွယ်ကြ၍ ဘုရားတရားကို များစွာ လေးစား ကြည်ညိုသူများ ဖြစ်သည်။ ပွင့်လင်းစွာ ဆက်ဆံတတ်၍ ချစ်ခင် ပျူငှာတတ်သူများ ဖြစ်ကြသည်။ ယဉ်ကျေးသိမ်မွေ့ခြင်း၊ ဧည့်ဝတ်ကျေခြင်းတို့မှာ သူတို့၏ ထူးခြားချက်များပင်တည်း။

များသောအားဖြင့် အရပ်အမောင်း ကောင်း၍ သန်စွမ်းကြံ့ခိုင်ကြသည်။ အသားညို၊ အသားလတ် ရောင်အသွေးရှိကာ၊ မွန်မြန်မာတို့နှင့် သွင်ပြင်လက္ခဏာဆင်သော သူများဖြစ်ကြသည်။ ခမာတို့သည် များသောအားဖြင့် ဆံတို ညှပ်ကြသည်။ လယ်ယာလုပ်ခြင်း၊ ငါးဖမ်းခြင်းတို့ဖြင့် လူများစုသည် ခက်ခဲစွာ အသက်မွေးဝမ်းကျောင်းကြရသည်။

သမာရိုးကျ ဝတ်စားဆင်ယင်မှုမှာ လှပပေသည်။ တောက်ပြောင်၍ အရောင်စုံသော စမ်းပေါ့ ခေါ် ခါးဝတ်ကို လှပစွာ ခါးတောင်းကျိုက် ဝတ်ဆင်တတ်ကြသည်။ အမျိုးသားတို့မှာ ကိုယ်ကျပ်လက်ရှည် အင်္ကျီတို့ကို ဆင်မြန်းကြ၍ အမျိုးသမီးတို့မှာ လှပသော ပုဝါရှည်များကို ခြုံကြလေသည်။

ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်သူများ ဖြစ်သည့်အတိုင်း မြန်မာနိုင်ငံမှာ ကဲ့သို့ပင် ဘုန်းတော်ကြီးကျောင်းများမှာ ခမာတို့၏ လူမှုရေး ဗဟိုဌာနများ ဖြစ်ကြသည်။ အာရှအရှေ့တောင်ပိုင်းရှိ အခြားနိုင်ငံသားတို့ ကဲ့သို့ပင် စစ်ပြီးနောက် တစ်ခေတ်အတွင်း ခမာတို့မှ အဖက်ဖက်မှ ကြိုးစား၍ တိုးတက်လျှက် ရှိကြပေသည်။

အားကစား[ပြင်​ဆင်​ရန်​]

ဆက်စပ်ကြည့်ရှုရန်[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]