ကရင်လူမျိုး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကရင်လူမျိုးများသည် ရိုးသားကြိုးစားကြပြီး အေးဆေးသောဘဝကို လိုလားသူများဖြစ်ကြသည်။

ကရင်လူမျိုး
ဦးဖိုးကျား ရေးသော ခေတ်မီ မြန်မာရာဇဝင်အကျဉ်းစာအုပ်မှ.....

ကရင်လူမျိုးများနှင့် ရှေးဦးသမိုင်းအကျဉ်း[ပြင်​ဆင်​ရန်​]

ထီ့ဆေ့မေ့ယွား ခေါ် ထီးဆဲ့မဲ့ယွားလူမျိုးတိုင်းသည် မိမိတို့၏သမိုင်းကို သားစဉ်မြေးဆက်လက်ဆင့်ကမ်းသယ်ပိုးခဲ့ကြ၏။ သို့ဖြစ်၍ သမိုင်းဟူသည် ဖောက်ဖျက်၍ ရနိုင်ကောင်းသော အရာမဟုတ်ပေ။ ပုဂံရာဇဝင်ကို တုတ်ထမ်းပြောရတယ် ဟု အဆိုရှိလျှင် ပုဂံရာဇဝင်ထက် ရှေးကျသည့် ကျွန်ုပ်တို့ ကရင်တိုင်းရင်းသာတို့၏ ရှေးဦးသမိုင်းကို ပြန်ပြောင်းပြောရာတွင် သုတေသီတို့ အငြင်းပွားဖွယ်ရာရှိပါက အံ့ဩစရာမဟုတ်ပေ။ ကျွန်ုပ်တို့ ကရင်တိုင်းရင်းသားတို့သည် ရှေးကပင် လူကြီးမိဘများ၏ ဆုံးမစကားကို တရိုတသေမှတ်သားလိုက်နာတတ်ပြီး နောင်လာနောင်သားများအား ပြန်လည်သွန်သင်ဆုံးမခြင်းဖြင့် သမိုင်းအထောက်အထားများကို ခိုင်ခိုင်လုံလုံ ထိန်းသိမ်းလာ နိုင်ခဲ့သည်။ ယင်းသမိုင်းအထောက်အထားများအနက် ထီ့ဆေ့မေ့ယွား ခေါ် ထီးဆဲ့မဲ့ယွား ဒေသသည် ကရင်လူမျိုးတို့ တစ်ချိန်က အခြေချနေထိုင်ခဲ့သော နေရာဒေသဖြစ်ကြောင်းကို အများကကြားဖူးပြီးဖြစ်သော်လည်း ယင်း ထီ့ဆဲ့မဲ့ယွား ဒေသသည် မည်သည့်တိုင်းပြည်ဒေသ တွင် ရှိသည်ကို မှန်းဆမရနိုင်သူ များလှသည်။ ထီ့ဆဲ့မဲ့ယွား ဟူသည် ရေစီးရာတွင် သဲတို့ မျောပါနေသော ဖြစ်ချောင်းဒေသ ဟု အဓိပ္ပါယ်ရသည်။ ယင်းဒေသကို မနုဿပထဝီဗေဒနှင့် သမိုင်းပညာရပ်များ စသည်တို့ဖြင့် သိပ္ပံနည်းကျ လေ့လာရှာဖွေပါက တရုတ်ပြည်တောင်ပိုင်း တစ်နေရာတွင် လွန်ခဲ့သောနှစ်ပေါင်း (၃၅၀၀) လောက်က တည်ရှိခဲ့သော အိုအေစစ် ယဉ်ကျေးမှု ပုံသဏ္ဍာန်ဖြစ်ပြီး၊ မြစ်ကြောင်းတစ်လျှောက် စိုက်ပျိုး မွေးမြူရေး အသင့်အတင့်လုပ်ကိုင်၍ အခြေချနေထိုင်ပြီး မိသားစု အိမ်ထောင်စုတို့ စုပေါင်းနေထိုင်ကြသည့် ဒေသဖြစ်သည်။ ထိုဒေသတွင် ကရင်ရှေးဦးလူတို့သည် ရာစုနှစ်တစ်ဝက်ကျော် နေထိုင်ခဲ့ဟန်ရှိပြီး နောက်ပိုင်းတွင် မြစ်ချောင်းများတိမ်ကောမှုနှင့် မိုးရေလျှံမှုတို့ကြောင့် စိုက်ပျိုးခင်းများ လူနေအိမ်များပျက်ဆီးခဲ့ရပြီး တိုးပွားလာသော လူဦးရေအတွက် ထောက်ပံ့နိုင်သည့် အခြေအနေမရှိတော့သဖြင့် နေရာအသစ်ရှာဖွေရန် အုပ်စုခွဲပြီး တောင်ဘက်အရပ်များသို့ ရွှေ့ပြောင်းလာကြရာ ယနေ့အရှေ့တောင်အာရှဒေသအနှံ့ ပြန့်ကျဲနေထိုင်ကြသော ကရင်လူမျိုးစုများကို တွေ့ရခြင်းဖြစ်သည်။ မို့ထိတ် ဖထိတ် ခေါ် မိုးထိ ပါးထိ ကရင်ရှေးဦးလူမျိုးတို့သည် အရှေ့တောင်အာရှဒေသအနှံ့ အစုစုပျံ့နှံ့ နေထိုင်ကြသော်လည်း ထီဆေ့မေ့ယွားဒေသမှ ထွက်လာစဉ်က အားလုံးတစ်ချိန်တည်း ထွက်လာကြသည်မဟုတ်ပဲ အနည်းဆုံး အုပ်စုကြီး နှစ်စု ထွက်လာကြသည်မှာ ထင်ရှားပါသည်။ ယင်းအုပ်စုနှစ်စုအနက် ရှေးဦးစွာ ထွက်လာကြသူများမှာ ဖခင်များ သို့မဟုတ် အကြားအမြင်ဗဟုသုတရှိပြီး အသက်ကြီးသော ယောက်ျားများ ဦးဆောင်ပြုသော အုပ်စုဖြစ်ပြီး ကောင်းမွန်သောဒေသအသစ်တွေ့ရှိပါက ကျန်ခဲ့သော မိသားစုများကို ပြန်ခေါ်ရန် ရည်ရွယ်ချက်ဖြင့် ထွက်လာကြပြီး ယင်းအုပ်စုတွင် လိုက်ပါသွားသူများကို နောင်ကာလတွင် ဖထိတ် သို့မဟုတ် ပါထိ ခေါ် ဖခင်အနွယ်ကရင်မျိုးနွယ်စုများဟု ခေါ်တွင်လာခဲ့သည်။ ကျန်ခဲ့သော မိသားစုများတွင် အတွေ့ကြုံပြည့်စုံသော မိခင်များ သို့မဟုတ် အမျိုးသမီးကြီးများက စီမံကွပ်ကဲ၍ ထိုဒေသမှ ထွက်ခွာသောကြသော မိသားစုများ သည် တစ်နေ့တွင် ပြန်လာခေါ်မည်ဟု မျှော်လင့်ချက်ဖြင့် ထီ့ဆေ့မေ့ယွား ဒေသတွင် နေထိုင်လာခဲ့ရာ နှစ်ပေါင်းကြာမြင့်လာသောအခါ သဘာဝဘေးရန်များနှင့် နောက်ထပ်ရွှေ့ပြောင်းလာကြသော အခြားလူမျိုးစုများရန်ကြောင့် ရှေးကထွက်ခွာသွားသော အုပ်စုနောက်သို့ ရှာဖွေလိုက်လာခဲ့ပြီး ယင်းတို့ကို ထီ့ဆေ့မေ့ယွားမှ မို့ထိတ် သို့မဟုတ် မိုးထိ ခေါ် မိခင်အနွယ်ဝင် ကရင်လူမျိုးများ ဖြစ်လာကြသည်ဟု သမိုင်းပညာရှင် အများစုက လက်ခံယုံကြည်ထားကြသည်။ ဖထိတ်ခေါ် စကောကရင်အုပ်စုသည် မဲခေါင်မြစ်ကြောင်း သံလွင်မြစ်ကြောင်းများကို အဓိကအသုံးပြုပြီး တောင်ဘက်သို့ ရွှေ့ပြောင်းလာကြရာ ယနေ့တိုင် ယိုးဒယားပြည်၊ မြန်မာပြည်၊ ကမ္ဘောဒီးယားပြည် နှင့် ဗီယက်နမ်ပြည်တောင်ပိုင်း၊ မလေးရှားပြည်မြောက်ပိုင်းဒေသများသို့တိုင်အောင် တောင်ပေါ်မြေပြန့်အနှံ့ နေထိုင်ကြသည်ကို တွေ့နိုင်ပါသည်။ မို့ထိတ် ခေါ် ပိုးကရင်အုပ်စုသည် ဧရာဝတီမြစ်ကြောင်းတို့ကို အထူးသဖြင့် အသုံးပြုပြီး ဆင်းသက်လာခဲ့ကြရာ မြန်မာပြည်ဖြစ်ဝကျွန်းပေါ်ဒေသနှင့် ကရင်ပြည်နယ်ဒေသများတွင်လည်းကောင်း၊ ယိုးဒယားပြည်အနောက်ဘက်ခြမ်းဒေသများတွင် လည်းကောင်း ပျံ့နှံ့နေထိုင်သည်ကို တွေ့ရပေမည်။ ကရင်သက္ကရာဇ်ရေတွက်ခြင်း ဒုတိယအသုတ်ဖြစ်သော မို့ထိတ်ခေါ် ပိုးကရင်အနွယ်ဝင်တို့သည် ခမ (၇၃၉) နှစ်လောက်တွင် ပြည်ထောင်စုထဲသို့ စတင်ဝင်ရောက်လာပြီး ထိုကာလမှစ၍ ကျွန်ုပ်တို့ကရင်အမျိုးသာ သက္ကရာဇ်ကို သုတေသီတို့ရေတွက်၍ ယခုနှစ်ဆိုလျှင် ၂၇၄၈-ခုနှစ်သို့ ရောက်လာခဲ့ပါပြီ။ သို့ဖြစ်၍ ယနေ့ ကျွန်ုပ်တို့ပြည်ထောင်စုအတွင်း ပြန်လည်ဆုံစည်းကြသော ဖခင်အနွယ်ဝင် စကောကရင် အုပ်စုနှင့် မိခင်အနွယ်ဝင် ပိုးကရင် အုပ်စုတို့မှာ တစ်ချိန်က ထီ့ဆေ့မေ့ယွား တွင် တစ်ရွာတည်း သို့မဟုတ် တစ်အိမ်ထောင်စုတည်းနေထိုင်ခဲ့ကြသော မိဘများမှ တစ်မျိုးတည်း တစ်ခုတည်းသော သွေးရင်းသားရင်းညီအစ်ကိုများဖြစ်ကြောင်းကို ကရင်လူကြီးများက ဆုံးမပြောကြားခဲ့သော ပုံပြင်များ၊ ဆုံးမစကားများ၊ စကားပုံများအရ မှန်ကန်ကြောင်း ငြင်းဆိုစရာမရှိသည့်အပြင် ယင်းသမိုင်းစဉ်ကို ပိုမိုခိုင်လုံစေသည့် သမိုင်းအထောက်အထား များက ယနေ့အရှေ့တောင်အာရှဒေသရှိလူမျိုးစုများ၏သမိုင်းကို လေ့လာခြင်းအားဖြင့် ယင်းတို့အနက် ကျွန်ုပ်တို့ ကရင်လူမျိုးစုများ၏ အတိတ်သမိုင်းကြောင်းကိုလည်း မှန်ကန်စွာ လေ့လာတွေ့ရှိနိုင်ပါသည်။ ကရင်ဟု ခေါ်တွင်ခြင်းကရင်လူမျိုးစုများကို ပညာရှင်များက ထိုင်းတရုတ်အနွယ်ဝင်များဟု မှတ်တမ်းတင်ကြသည်။ ပညာရှင်တို့၏ တင်ပြချက်အရ လူတို့၏ ဦးခေါင်းခွံအနေအထားနှင့် နှာခေါင်းအနေအထားအရလည်းကောင်း၊ စကားဝေါဟာရ ဘာသာဗေဒအရလည်းကောင်း သတ်မှန်ခေါ်တွင်ခြင်းဖြစ်သော်လည်း ကရင်လူမျိုးစုများမှာ ထိုင်း တရုတ် အုပ်စုများကဲ့သို့ပင် မွန်ဂိုအနွယ်ဝင်များဖြစ်ကြသည်။အရှေ့တောင်အာရှရှိ လူမျိုးအတော်များများက ယန် ဟု ခေါ်ကြပြီး၊ မြန်မာလူမျိုးများက ကရင်ဟုခေါ်ကြသည်။ ကရင်ဟူသော အခေါ်ကို မည်သည့်အချိန်ကစပြီး ခေါ်ကြသည်ကို အတိအကျတင်ပြရန် ခက်ခဲသော်လည်း ယင်းအခေါ်သည် အင်းဝခေတ်မတိုင်မီ စတင်ခေါ်ထွင် ခဲ့ဟန်ရှိသည်။ မြန်မာလူမျိုးတို့၏ အယူအဆအရ ကရင်လူမျိုးများကို ရှမ်းလူမျိုး (၃၀) တွင် ထည့်သွင်း၍ မှတ်တမ်းတင်ခဲ့ရာ ကွေ့ရှမ်းလူမျိုးများကိုလည်းကောင်း ဂျွမ်းလူများကိုလည်း ကောင်း၊ ကရင်လူမျိုးများဟု ဒေသတလျှောက် ခေါ်တွင်ကြခဲ့သည်ဟု သမိုင်းပညာရှင်အချို့ က ယူဆကြသည်။ အချို့ပညာရှင်များက တစ်ချိန်က ဧရာဝတီမြစ်ကမ်းတွင် နေထိုင်ခဲ့ဖူးသော ကမ်းယံလူမျိုးများမှ ကရင်လူမျိုးများဖြစ်လာသည်ဟူ၍လည်းကောင်း၊ ပျူလူမျိုးများအား ယနေ့ ပိုးကရင်ဖြစ်လာသည်ဟူ၍လည်းကောင်း ယူဆကြသည်။ ယနေ့ရခိုင်ပြည်နယ်ဒေသတစ်ချို့တွင် ကမ်းယံ လူမျိုးအနည်းငယ်ကို တွေ့နိုင်ရာ ယင်းတို့မှာ ကရင်လူမျိုးများနှင့်မတူကြောင်းကိုလည်းကောင်း၊ ပျူလူမျိုးများသည် ပျောက်ကွယ်သွားပြီဟု သမိုင်းပညာရှင်အချို့က ယူဆကြသော်လည်း အမှန်မှာ ယနေ့တိုင်အောင် ပျူလူမျိုးတို့၏ အဆက်အနွယ်ကို ပဲခူးတိုင်းအနောက်ဖက်ခြမ်းနှင့် ပြည်မြို့တစ်ဖက်တွင် အနှံ့အပြားတွေ့ရှိနိုင်ပါသည်။ သို့ရာတွင် ထိုသူတို့အားလုံးမှာ သူတို့ကိုယ်တိုင် မြန်မာလူမျိုးများဟု ယုံကြည်ကြပြီး မြန်မာလူမျိုးများအသွင်သို့ လုံးဝပြောင်းလဲသွားခြင်းသာဖြစ်သည်။ သို့သော် မြန်မာစစ်စစ်များ နှင့် အရောင်အသွေးမတူခြင်း၊ စကားပြောရာတွင် အသံဝဲပုံ တစ်မျိုးတစ်ဖုံထူးခြားခြင်းတို့ ကြောင့် ပျူလူမျိုးများကို ပိုးကရင်ဖြစ်လာသည်ဆိုသော ယူဆချက်မှာ မမှန်နိုင်ပါ။ သို့ရာတွင် ရှေးပျူယဉ်ကျေးမှုထွန်းကားချိန်တွင် ပျူလူမျိုးများနှင့် ပိုးကရင်အနွယ်အဝင်များတို့ ရောနှော ခဲ့ကြသည့် လက္ခဏာအထောက်အထားကား ထည့်သွင်းစဉ်းစားရပေမည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့ကရင်လူမျိုးတို့၏ ရိုးရာဓလေ့အချို့သည် ထိုခေတ် ပျူယဉ်ကျေးမှု အချို့တို့နှင့် နီးစပ်သည်ကို တွေ့ရှိနိုင်ခြင်း၊ မည်လည်သမိုင်းတွင် ပျူမင်း များ ဟူသော အရေးအသားနှင့်ပတ်သက်၍ ပျူမှာ လူမျိုးများကို ဖော်ပြရာဖြစ်သကဲ့သို့ ပြုံး ဟူသော အခေါ်မှာ မြန်မာစကားသံအရ ယရစ်သံပျက်ဖြစ်၍ ပရုံး ဟူသောအသံထွက်ပြီး သံမှန်အနေအထားသို့လေ့လာပါက ပရုံး ဖလုံး ဖလုံ ဟူသော အသံများရဲ့ မူလဇစ်မြစ်ဖြစ်နိုင်ပြီး ယင်းအခေါ်သည် ယနေ့ ပိုးကရင် တို့ မိမိကိုယ်ကိုခေါ်သော ဖလုံ ဟူသော အခေါ်နှင့် အသံထွက်တူသည်ကို တွေ့ရသည်။ ထို့အပြင် နိုင်ငံခြားသားများ၏ မှတ်တမ်းဝင်အခေါ်အရ ပြည်မြို့ကို ပရုံး ဟုခေါ်ခြင်းသည် ယင်း ဒေသတွင် တစ်ချိန်က ယနေ့ ဖလုံ ခေါ်သော ပိုးကရင်လူမျိုးစုတို့ နေထိုင်ရာ ဒေသအဖြစ်ဖြင့် ထင်ရှားခဲ့ကြောင်းကို ရှေးကရင်လူကြီးများအဆိုနှင့် ယှဉ်ပြီးသိနိုင်ပါသည်။ မြန်မာသမိုင်းတွင် ပါရှိသည့် မွန် မြန်မာတို့ နှစ်ပေါင်း (၄၀) စစ်ပွဲကာလတွင် မြန်မာမင်းများ၏ အရှေ့ဘက်စစ်ကြောင်းဖြစ်သော စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်တွင် အများစုနေထိုင်သော စကောကရင် လူမျိုးစုများကို မြန်မာမင်းတို့၏ စစ်တပ်များတွင် ပါဝင်စေခြင်းဖြင့်လည်းကောင်း၊ မွန်မင်းများကြီးစိုးရာ ဒေသဖြစ်သော မြစ်ဝကွန်းပေါ်နှင့် အောက်ပိုင်းရှိ ပိုးကရင်လူမျိုးစုများကို မွန်မင်းများ၏ စစ်တပ်တွင် ပါဝင်စေခြင်းဖြင့် လည်းကောင်း၊ ကရင်လူမျိုးနှစ်စုအား မွန် မြန်မာတို့က ခွဲခြားခေါ်ဝေါ်ခြင်းဖြင့် စကောကရင်အုပ်စုကို မြန်မာကရင်များ၊ ပိုးကရင်အုပ်စုကို မွန်ကရင် သို့မဟုတ် တလိုင်းကရင်များဟူ၍လည်းကောင်း ယနေ့တိုင်အောင် တစ်ချို့ခေါ်ဝေါ် နေကြသေးသည်။ သုတေသီတစ်ချို့က တောင်ငူမင်းဆက်ကို ကရင်လူမျိုးတို့ စတင်တည်ထောင်ကြောင်း အဆိုရှိကြသည်။ ယင်းအဆိုမှာ များစွာ လျှော်ကန်လှပေသည်။ အကြောင်းမှာ မွန်-မြန်မာစစ်ပွဲ ကာလတွင် စကောကရင်လူမျိုးစုတို့သည် စစ်ရေး အုပ်ချုပ်ရေးအတွေ့အကြုံနှင့် နယ်မြေဒေသ စုစည်းနေထိုင်မှုများကြောင့် တောင်ငူမင်းဆက်ကို စတင်တည်ထောင်ရန် အင်အားအထူးကောင်းမွန်လျက်ရှိမည်မှာမလွဲပေ။ မည်သို့ပင်ဆိုစေကာမူ သမိုင်းတွင် ကရင်လူမျိုးတို့ မှတ်တမ်းမဝင်သည်မှာ ကရင်လူမျိုးတို့၏ အေးဆေးစွာ နေထိုင်လိုသောစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှု အားနည်းသော သဘာဝတို့ကြောင့် အခြားလူမျိုးများ၏လက်အောက်တွင် ကာလကြာမြင့်စွာ နေထိုင်ကြရကာ မိမိတို့ဓလေ့ထုံးစံတစ်ချို့ နှမျောဖွယ်ရာ ဆုံးရှုံးရခြင်းနှင့် တစ်ဒေသနှင့်တစ်ဒေသ ဆက်သွယ်ရန် ဝေးလံခက်ခဲသော နေရာဒေသများတွင် နေထိုင်ကြရလေသည်။

လူမျိုးစုများ[ပြင်​ဆင်​ရန်​]

ကရင်လူမျိုးတွင် စကောကရင် နှင့် ပိုးကရင် ဟူ၍ အဓိကလူမျိုးစုကြီး ၂ စုရှိသည်။ ထိုလူမျိုးစုကြီး ၂ စုမှာ ဓလေ့စရိုက် နှင့် အသုံးပြုသော ဘာသာစကားတွင် ကွဲပြားခြားနားမှုများရှိသည်။ စကောကရင်လူမျိုးများသည် ယောက်ျားလေးများ၏ အမည်ရှေ့တွင် 'စော' တပ်၍ ခေါ်ဝေါ်လေ့ရှိကြပြီး မိန်းကလေးအမည်ရှေ့တွင် 'နော်' တပ်၍ ခေါ်ဝေါ်လေ့ရှိကြသည်။ ပိုးကရင်လူမျိုးများမှာမူ ယောက်ျားလေးများ၏ အမည်ရှေ့တွင် 'မန်း' တပ်၍ ခေါ်ဝေါ်လေ့ရှိကြပြီး မိန်းကလေးအမည်ရှေ့တွင် 'နန့်' တပ်၍ ခေါ်ဝေါ်လေ့ရှိကြသည်။

ကရင်နှစ်သစ်ကူးနေ့နှင့် ကရင်သက္ကရာဇ်[ပြင်​ဆင်​ရန်​]

ကရင်နှစ်သစ်ကူးနေ့ သလေး၊ ထိုင်ခေါက်ဖိုး၊ ပြာသိုလဆန်း (၁) ရက်သည် ၁၉၃၈ ခုနှစ်တွင် ပေါ်ပေါက်လာ၏။ ဂေဇက်ဝင် နိုင်ငံတော်ရက်အားနေ့ဖြစ်၍ နိုင်ငံတဝှမ်းလုံးရှိ ကျောင်းများ၊ ရုံးများ၊ အလုပ်ရုံများ၊ ဘဏ်တိုက်ကြီးများ ပိတ်ကြရ၏။ ပြည်သူလူထုအားလုံး ဝမ်းသာအားရဖြစ်၍ မဆုံးနိုင်ပေ။ နောင်လည်း ကရင်နှစ်သစ်ကူး ပွဲတော်နေ့သည် နှစ်စဉ်လာဦးမည် ဖြစ်သောကြောင့် မင်္ဂလာကျက်သရေရှိသော နိုင်ငံတော်ရက်အား တရက်ပိုလာမည်ဖြစ်ရကား လုပ်သားပြည်သူလူထု ကျောင်းသား ကျောင်းသူတို့ ဝမ်းမြောက်၍ မဆုံးနိုင်ပေ။ အချို့သော ကရင်အမျိုးသားတို့ကား မိမိတို့ အမွေအနှစ်ဖြစ်သည့် ပျောက်ကွယ် တိမ်မြုပ်နေသော နေ့ထူးနေ့မြတ်ကို ပြန်လည်ရရှိကြသဖြင့် မည်မျှပီတိဖြစ်သည်ကို စာအားဖြင့် ရေးသားဖော်ပြခြင်းငှာ မစွမ်းနိုင်ပေ။ ကရင်နှစ် သစ်ကူးနေ့နှင့်အတူတကွ ကရင်သက္ကရာဇ် ပါလာ၏။ ၎င်း သက္ကရာဇ်မှာ အံ့ဩဘွယ်ရာ ဖြစ်နေပေသည်။ ကမ္ဘာသုံးသက္ကရာဇ် ၁၉၈၀ ထက် အသက် ၇၃၉ နှစ်ကြီးနေရကား ကရင်လူမျိုးတို့သည် ကမ္ဘာအံ့ဖွယ်တခုကို တီထွင်လိုက်ခြင်းဖြစ်နေသည်ဟု ဆိုကြသည်။ အံ့ဩကြသည်။ ဟာသပြုကြသည်။ သို့သော် ဟာသပြုထိုက်၊ ဆိုထိုက်၊ အံ့ဩထိုက်ပေသည်။ တွေးလေ၊ တွေးလေ၊ ပို၍ပင် အံ့ဩဆန်းကြယ်လေပင် မဟုတ်ပါလော။

ကရင်အမျိုးသားနေ့ဖြစ်ပေါ်လာပုံ[ပြင်​ဆင်​ရန်​]

ကရင်အမျိုးသားနေ့

၁၉၄၈ ခုနှစ်ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် KNU ကရင်အမျိုးသားအစည်းအရုံးက ဖဆပလ အစိုးရထံ ကရင်ပြည်ပြန်ပေးဖို့ရန် စာရေးတောင်းဆိုခဲ့သည်။ စာကို တလအတွင်း (၁၉၄၈) ခုနှစ်၊ မတ်လ (၃) ရက်နေ့နောက်ဆုံးထားပြီး ဖဆပလ အစိုးရမှ KNU ထံ အကြောင်းပြန်ရန်၊ ပြန်စာမရရှိပါက (သို့မဟုတ်) ကရင်ပြည်ပြန်ပေးဖို့ရန် ငြင်းဆိုပါက ကရင်အမျိုးသားများ ခြေတလှမ်း တက်လှမ်းမည်ဟု ပါရှိပါသည်။ ကရင်ပြည်တောင်းဆိုစာ ပိုမိုလေးနက်စေရန် ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့၌ မြန်မာတပြည်လုံးရှိ ကရင်အမျိုးသားများအားလုံး ကရင်ပြည်လိုလားကြောင်း မြို့ပေါ်တက်၍ ကရင်လူထူဆန္ဒပြပွဲ ကျင်ပရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်ဆုံးဖြတ်ချက်အတိုင်း (၁၉၄၈) ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့တွင် မြန်မာပြည်တပြည်လုံးရှိ ကရင်အမျိုးသားများမြို့ ပေါ်တက်၍ ကရင်ပြည်လိုလားကြောင်း ကရင်လူထူဆန္ဒပြပွဲ ကျင်းပလေသည်။ အောက်မြန်မာပြည် ကရင်အများစု ရှိရာ ဒေသများတွင်သာမက မြောက်ဖက်မြစ်ကြီးနားမှ တောင်ဘက် မြိတ်မြို့ အထိ၊ ရှမ်းပြည်နယ်တွင် နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ မြန်မာပြည်အလယ်ပိုင်းတွင် မိတ္ထီလာ၊ ချောက်၊ ရေနံချောင်း စသည်ဖြင့် တပြည်လုံးတွင် ဆန္ဒပြကြသည်။ ရန်သူ ဖဆပလ မှလည်း ခြိမ်းခြောက်နှောက်ယှက်တားမြစ်ခြင်းကို အမျိုးမျိုးပြုလုပ်ခဲ့သည်။ သို့သော် နှောက်ယှက်တားမြစ်ခြင်း အမျိုးမျိုးကြားမှ ကရင်တမျိုးသားလုံး (၂) ရက်၊ (၃) ရက် ခရီးများချီတက်၍ ဆန္ဒပြရာ ကရင်အမျိုးသား၊ အမျိုးသမီးပေါင်း (၄) သိန်းကျော် အသံတိတ် ဆန္ဒပြ၍ ထိုနေ့ရက်အထိ မြန်မာပြည်သမိုင်းတွင် အကြီးမားဆုံး ဆန္ဒပြပွဲဖြစ်ခဲ့သည်။ ကရင်အမျိုးသားများသည် ကြွေးကြော်သံ (၄) ချက်ဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။

ထင်ရှားသော ကရင်လူမျိုးများ[ပြင်​ဆင်​ရန်​]

ကရင်အမျိုးသားအလံတော်[ပြင်​ဆင်​ရန်​]

ကရင်အမျိုးသားအလံတော်

၁၉၃၆ ခုနှစ် ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရလက်ထက်တွင် ကရင်အမျိုးသားအမျိုးသား အဖွဲ့ချုပ်ကြီး၏ ဆုံးဖြတ်ချက်အရ လွှတ်တော်အတွင်းရှိ ကရင်အမတ်များသည်

  1. ကရင်နှစ်သစ်ကူးနေ့(ကရင်အမျိုးသားနေ့)
  2. ကရင်အမျိုးသားသီချင်း
  3. ကရင်အမျိုးသားအလံတော် စသည်တို့ကို တောင်းဆိုခဲ့ကြသည်၊၊

ဤတောင်းဆိုချက်များရရှိသောအခါ ကရင်အမျိုးသားအဖွဲ့ချုပ်ကြီးသည် ကရင်ခေါင်းဆောင်များနှင့်ကရင်အမျိုးသားများထံ “ ကရင်အမျိုးသားအလံ” ပုံစံများရေးစွဲ၍ တင်ပို့ကြရန်မေတ္တာရပ်ခံခဲ့သည်။ ကရင်အမျိုးသားအဖွဲ့ချုပ်ကြီး၏ မေတ္တာရပ်ခံချက်အရ အနယ်နယ်အရပ်ရပ်ရှိ ကရင်အမျိုးသားများ ထံမှ အလံပုံစံပေါင်း တစ်ရာကျော်ရောက်ရှိလာခဲ့သည်။ ။ ကရင်အမျိုးသားအဖွဲ့ချုပ်ကြီးသည် ရှောက်ရှိလာသော ကရင်အလံပုံစံတစ်ရာအနက်မှ အလံပုံစံ ၁၂ ခုကို ပဏာမအဆင့် ရွေးချယ်လိုက်သည်။ ထိုမှတဆင့် (၁၂) ခုအနက်မှစိတ်ကြိုက် (၃) ခုကို ထပ်မံရွေး ချယ်ခဲ့သည်။ နောက်ဆုံး (၃) ခုမှ အသင့်တော်ဆုံးအကြိုက်ဆုံးတစ်ခုကို အတည်ပြုရွေးချယ်ခဲ့သည်။ ဤကဲ့သို့ နောက်ဆုံးအတည်ပြုရွေးချယ်လိုက်သောအလံမှာ မန်းဘခင်(ဝန်ကြီးဟောင်း) ရေးဆွဲသောအလံပုံစံပင်ဖြစ်သည်။ ယခုတရားဝင်အတည်ပြုသုံးစွဲနေသောအလံတော်သည် ဤအလံပင်ဖြစ်သည်။ အနီရောင်၊ အဖြူရောင်၊ အပြာရောင် သုံးရောင်ခြယ်ပေါ်တွင် တက်သစ်စနေဝန်းနှင့် ဖားစည်ပါရှိသော အလံသည် ကရင်အမျိုးသားအလံပင်ဖြစ်သည်။ ဤကဲ့သို့ အနီ၊ အဖြူ၊ အပြာ သုံးရောင်ခြယ်နှင့် တက်သစ်စနေဝန်း ဖားစည်ပါရှိသော အလံနှင့်ပတ်သက်၍ အဓိပ္ပယ် အနှစ်သာရကို အလံပုံစံရှင် မန်းဘခင်သည် အောက်ပါအတိုင်း အဓိပ္ပယ်နှင့်အနှစ်သာရကို ဖော်ဆောင်ထားပေသည်။

  1. အလံတော်၏ အနီရောင်သည် ကရင်အမျိုးသားများ၏ ရဲရင့်ခြင်းနှင့်သူရသတ္တိပြည့်စုံခြင်းကို ဖော်ဆောင်သည်။
  2. အလံတော်၏ အဖြူရောင်သည် ကရင်အမျိုးသားများ၏ဘဝနှင့် စိတ်ထားများဖြူစင်သန့်ရှင်း စင်ကြယ်ခြင်းကို ဖော်ဆောင်ထားသည်။
  3. အလံတော်၏အပြာနုရောင်သည် ကရင်အမျိုးသားများ၏ ဖြောင့်မတ်တည်ကြည်ခြင်းနှင့်သစ္စာရှိခြင်းကို ဖော်ဆောင်ထားသည်။
  4. အလံတော်၏ တက်သစ်စနေဝန်းသည် ကရင်အမျိုးသားများ၏ လူမှုရေးဘဝတိုးတက်သာယာရေးကိုဖော် ဆောင်ထားသည်။
  5. အလံတော်၏ ဖားစည်သည် ကရင်အမျိုးသားများ၏ ယဉ်ကျေးမှုနှင့်သာယာဝပြောခြင်းကို ဖော်ဆောင်ထားသည်။

ကရင်အမျိုးသားများသည် ကရင်အမျိုးသားအလံတော်ကို လူထုအစည်းအဝေးပွဲများနှင့်ကရင်အမျိုးသားနှစ်သစ် ကူးနေ့ အခမ်းအနားများတွင် ပြည်ထောင်စုအလံတော်နှင့်ယှဉ်တွဲ၍ စိုက်ထူကြသည်။