ငှက်ဖျားရောဂါ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Malaria

Ring-forms and gametocytes of Plasmodium falciparum in human blood.
ICD-10 B50.
ICD-9 084
OMIM 248310
DiseasesDB 7728
MedlinePlus 000621
eMedicine med/1385 emerg/305 ped/1357
MeSH C03.752.250.552

ငှက်ဖျားရောဂါသည် ခြင်မှရသော ကူးစက်ရောဂါဖြစ်ပြီး ပလပ်စမိုးဒီးယမ်မျိုးစု ၏ ယူကရော့တစ် ၊ ပရိုတစ်ကြောင့် ရောဂါဖြစ်ရသည်။ အမေရိကတိုက်၏ နိုင်ငံအချို့ (22)နိုင်ငံ ၊ အာရှတိုက်နှင့် အာဖရိက တိုက်တို့ပါဝင်သည့် အပူပိုင်းနှင့် အနွေးပိုင်းဒေသများတွင် ငှက်ဖျားရောဂါပြန့်ပွားလျက်ရှိသည်။ နှစ်စဉ် နှစ်တိုင်း ငှက်ဖျားရောဂါဖြစ်ပွားမှုသည် 350–500 သန်းနီးပါးမျှရှိပြီး ရောဂါကြောင့် သေဆုံးသူဦးရေမှာတစ်သန်းမှ သုံး သန်းကြားတွင်ရှိသည်။ သေဆုံးသူအများစုမှာ အာဖရိကတိုက် ဆာဟာရဒေသငယ် အတွင်းမှ ကလေးငယ်များဖြစ်သည်။ အာဖရိကတိုက် ဆာဟာရဒေသငယ်တွင် ငှက်ဖျားရောဂါကြောင့် သေဆုံးသူ ကိုးဆယ်ရာခိုင်နှုန်းရှိသည်။ ငှက်ဖျားရောဂါသည် သာမန်အားဖြင့် ဆင်းရဲခြင်းနှင့် ဆက်နွယ်လျက်ရှိပါသည်။ သို့သော်ဆင်းရဲခြင်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှု အဟန့်အတား တို့ကြောင့်လည်း ရောဂါ ဖြစ်ပွားသည်။

ဖြစ်ပွားစေနိုင်သောအကြောင်းအရင်းများ[ပြင်​ဆင်​ရန်​]

ပလပ်စမိုးဒီးယမ်ကပ်ပါးပိုး မျိုးစိတ်ငါးခုကြောင့် လူတွင် ငှက်ဖျားရောဂါဖြစ်ရသည်။ အပြင်းထန်ဆုံး ငှက်ဖျားရောဂါသည် ပလပ်စမိုးဒီးယမ်ဖယ်စီပါရမ် ကြောင့်ဖြစ်ပွားသည်။ ပလပ်စမိုးဒီးယမ်ဗိုင်းဗက် ၊ ပလပ်စမိုးဒီး ယမ်အိုဗေး နှင့် ပလပ်စမိုးဒီးယမ်မလေးရီးယား တို့သည် လူ တွင် ငှက်ဖျားရောဂါအပျော့စား ဖြစ်စေနိုင်သော်လည်းလူကို သေစေလောက်သည်အထိ မဖြစ်နိုင်ပါ။ ငါးခုမြောက်မျိုးစိတ် ဖြစ်သည့် ပလပ်စမိုးဒီးယမ်နိုလက်ဆီသည် တိရ စ္ဆာန်မှ လူသို့ကူးစက်သည့် မျိုးစိတ်ဖြစ်ရာ မျောက်များတွင် ငှက်ဖျားရောဂါဖြစ်စေပြီး လူသို့ပါရောဂါကူးစက်နိုင်သည်။ ငှက်ဖျားရောဂါသည် သဘာဝအားဖြင့် အနိုဖီလီးခြင်မ ကိုက်၍ ရောဂါရရှိခြင်းဖြစ်သည်။ ငှက်ဖျား ရောဂါရှိသူကို ခြင်ကိုက်သည့်အခါ ခြင်စုပ်ယူလိုက်သည့်သွေးပမာဏအနည်းငယ်တွင့် ငှက်ဖျားကပ်ပါးပိုးပါရှိသွားသည်။ ထိုရောဂါပိုးသည် ခြင်ထဲတွင် ဆက်လက်ကြီးထွားနေပြီး၊ နောက်တစ်ပတ်အကြာ သွေးဆာ၍ အခြားရောဂါမရှိ သူအားကိုက်လိုက်သည့်အခါ ခြင်၏တံတွေးမှတစ်ဆင့် ရောဂါပိုးဝင်ရောက်သွားသည်။ နှစ်ပတ်နှင့်လပေါင်း များစွာ (တစ်ခါတစ်ရံ နှစ်များစွာ) လူ၏အသည်းတွင် နေထိုင်ပြီးနောက် ငှက်ဖျားရောဂါကပ်ပါးပိုးသည် လူ ၏ သွေးနီဥများ အတွင်းတွင် စတင်၍ ကောင်ရေပွားများလာသည်။ ထိုသို့ပွားများလာခြင်းကြောင့် ဖျားနာခြင်းနှင့် ခေါင်းကိုက်ခြင်း စသည့် ရောဂါလက္ခဏာများ ဖြစ်လာပါသည်။ ရောဂါပြင်းထန်သည့် အ ခါတွင် အခြေအနေဆိုးဝါးလာပြီး မေ့မြောခြင်းနှင့် သေဆုံးသည်အထိ ဖြစ်လာနိုင်သည်။

ငှက်ဖျားရောဂါအတွက်ဆေးဝါးများ[ပြင်​ဆင်​ရန်​]

ငှက်ဖျားရောဂါကုသရန်အတွက် ဆေးဝါးမျိုးစုံ ရရှိနိုင်ပါသည်။ လွန်ခဲ့သည့် 5 နှစ်အတွင်းက ငှက်ဖျား ရောဂါဖြစ်ပွားနေသည့် နိုင်ငံများတွင် ပလပ်စမိုးဒီယမ် ဖယ်လ်ဆီပရမ်ကြောင့်ဖြစ်ပွားသော ငှက်ဖျားရောဂါ အတွက် ကုသပုံကုသနည်း ဟြေင်းလဲကာ ၊ အာတီမစ် ဆင်နင်ပါသည့် ဆေးအတွဲများသုံးစွဲခဲ့သည်။ ပြင်းထန်သည့် ငှက်ဖျေားရောဂါကို ကွီနိုင်ဆေးအား အကြောတွင်းသို့သွင်း ခြင်း ၊ အသားဆေးထိုးခြင်း သို့မဟုတ် အာတီဆူနိတ် အုပ်စုမှ ဆင်းသက်လာသည့် အာတီမစ် ဆင်နင် ဆေးအတွဲများသုံးစွဲခြင်း များပြားလာခဲ့သည်။

ငှက်ဖျား ရောဂါဖြစ်ပွားနေသည့်နိုင်ငံများသို့ခရီးသွားမည့် ခရီးသည်များအတွက်လည်း ငှက်ဖျားရောဂါကာကွယ်ရန် ဆေးမျိုးစုံပေါ်ပေါက်လာခဲ့သည်။ (ရောဂါ ကြိုတင်ကာကွယ်ခြင်း)ငှက်ဖျားရောဂါကုသဆေး ကို ခုခံကာကွယ်နိုင်စွမ်း သော လူသိများသော ကလိုရိုကွင်းကဲ့သို့ ဆေးဝါးများလည်းပေါ်ပေါက်လာခဲ့သည်။ ခြင်ကိုက်ခံရခြင်းမှ ကာကွယ်ရန်အတွက် ဈေးသက်သာသည့်နည်းလမ်းများဖြစ်သည့် ခြင်ထောင်များဝေပေးခြင်းနှင့် ခြင်မကိုက်ဆေးများလိမ်းခြင်း စသည့်ကာကွယ်မှုများ သို့မဟုတ် ခြင်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သည့် အိမ်အတွင်း ခြင်ဆေးဖြန်း ခြင်းနှင့် ခြင်များ ဥမချနိုင်ရန်အတွက် ရေမြောင်းများဖောက်ချပေးခြင်းတို့ဖြင့် ရောဂါပြန့်ပွားမှုကို လျော့ချ နိုင်သည်။ အများစုသည် ကြိုးစားဆောင်ရွက်နေဆဲဖြစ်သဖြင့် လုံလောက်သည့်ကာလအတွက် အမြင့်ဆုံး အတိုင်းအတာအထိ အကာအကွယ် ပေးနိုင်သော ငှက်ဖျားရောဂါ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးသည် စိန်ခေါ်ချက်တစ်ခုအဖြစ် ရှိနေဦးမည်ဖြစ် သည်။

ရောဂါသွင်ပြင်နှင့်လက္ခဏာများ[ပြင်​ဆင်​ရန်​]

Symptoms of Malaria.svg

ငှက်ဖျားရောဂါ၏အဓိကလက္ခဏာများ ငှက်ဖျားရောဂါ၏လက္ခဏာများတွင် ဖျားခြင်း ၊ ချမ်းတုန်ခြင်း ၊ အဆစ်အမြစ်နာကျင်ခြင်း (အရိုး အဆစ်နာခြင်း) အော့အန်ခြင်း ၊ သွေးအားနည်း (သွေးနီဥများပြိုကွဲသည့်အတွက်ကြောင့်) ဆီးမှတဆင့် ဟေမိုဂလိုဘင်များ စွန့်ထုတ်ခြင်း ၊ မျက်ကြည်လွှာပျက်စီးခြင်းနှင့် အကြောဆွဲတက်ခြင်းတို့ပါဝင် သည်။ ငှက်ဖျားရောဂါ၏ ထူးခြားထင်ရှားသည့်လက္ခဏာသည် ရုတ်တရက်ချမ်းလိုက် ၊ တုန်လိုက် ၊ ဖျားလိုက် ၊ ချွေးထွက်လိုက်တို့ တစ်ခုပြီးနောက် တစ်ခဖြစ်သည်မှာ လေးနာရီီမှ ခြောက်နာရီအထိ ကြာမြင့်တတ်ပြီး ပြန်ပြန်လည်ပတ်ပြီး ဖြစ်နေတတ်သည်။ ထိုသို့ဖြစ်သည်မှာ ပလပ်စမိုဒီယမ်း ဗိုင်းဗက်နှင့် ပလပ်စမိုဒီယမ်းအိုဗေး တို့ကြောင့် ဖြစ်ပွားသော ငှက်ဖျားရောဂါတွင် နှစ်ရက်ခြားနှင့် ပလပ်စမိုဒီယမ်း မလေးရီးယား ကြောင့် ဖြစ်ပွားသော ငှက်ဖျားရောဂါတွင် သုံးရက်ခြားတို့တွင် ပြန်လည်ဖြစ်တတ်သည်။

ပလပ်စမိုဒီယမ်းဖယ်ဆီပေရမ် ကြောင့် ဖြစ်ပွားသော ငှက်ဖျားရောဂါသည် 36–48 နာရီကြာတိုင်း ပြန်ဖြစ်သည်။ သို့သော် သိသာခြင်းမရှိဘဲ အမြဲတမ်းဆက်ပြီး ဖျားနေတတ်သည်။ ငှက်ဖျား ရောဂါရသည့်ကလေးသေည် မကြာခဏဆိုသလို ပုံမှန်မဟုတ်သည့် ကိုယ်နေကိုယ်ဟန်ထား ဖြစ်နေသည်မှာ ဦးနှောက်တွင် အပြင်းအထန်ထိခိုက်ခြင်း လက္ခဏာတစ်ခုဖြစ်ပြီးယင်းသည် ဦးနှောက်အာရုံကြောတွင်းတွင် ဖိအားပြင်းပြင်းခံထားရခြင်းနှင့် ဆက်ဆိုင်နေကြောင်းကိုမူ ကောင်းစွာမသိကြပါ။အထူးသဖြင့် ကလေးသူငယ်များတွင် ငှက်ဖျားရောဂါသည် အသိဉာဏ်ထိခိုက်မှုများ ဖြစ်စေသည်ကို တွေ့ရှိရသည်။ ၄င်းသည် ဦးနှောက်လျင်မြန်စွာ ဖွံ့ဖြိုးလာချိန်တွင်သွေးအားနည်းခြင်း ပြန့်နှံ့လာပြီး ဦးနှာက်အား တိုက်ရိုက် ထိခိုက်စေပါသည်။ ဦးနှောက်သို့ ငှက်ဖျားရောဂါပိုး ဝင်ရောက်သည့်အတွက် ဖြစ်ပေါ်လာသည့် အာရုံ ကြောပျက်စီးမှုသည် က လေးသူငယ်များတွင် ပို၍ စိုးရိမ်ရပါသည်။ ဦးနှောက်ငှက်ဖျားရောဂါသည် မျက်ကြည်လွှာဖြူဖွေးနေခြင်း နှင့်ဆက်နွယ်နေပြီး ယင်းသည် အခြားသော ဖျားနာခြင်းများနှင့်ထင်ရှားစွာ ခွဲခြားနိုင်သည်။

ရောဂါလက္ခဏာများ[ပြင်​ဆင်​ရန်​]

ပြင်းထန်သည့်ငှက်ဖျားရောဂါသည် ပလပ်စမိုဒီယမ်းီဖယ်ဆီပေရမ်ရောဂါပိုးကြောင့် ဖြစ်ရပြီး၊ ပုံမှန်အားဖြင့် ရောဂါ ပိုးဝင်ရောက်ပြီး 6–14 ရက်ကြာမှ ရောဂါလက္ခဏာဖြစ်ပေါ်လာသည်။ အကယ်၍ ဆေးမကုသဘဲထားခဲ့လျှင် ဆိုးဝါးပြင်းထန်သော ငှက်ဖျားရောဂါ နောက် ဆက်တွဲအနေဖြင့် မေ့မျောခြင်းနှင့် သေဆုံးသည်အထိဖြစ်လာနိုင်သည်။ အထူးသဖြင့် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအတွက် ပိုမိုစိုးရိမ်ရပါ်သည်။ ငှက်ဖျားရောဂါကြောင့် သရက်ရွက်ကြီး ခြင်း ၊ ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း ၊ ဦးနှောက်သို့ သွေးမရောက်ခြင်း ၊ အသည်းကြီးခြင်း ၊ သွေး တွင်းအချို ဓာတ်နည်းခြင်းနှင့် ကျောက်ကပ်ပျက်စီးပြီး ဟေမိုဂလိုဘင်များဆီးနှင့်အတူ စွန့်ပစ်ခြင်းတို့ဖြစ် လာသည်။ ကျောက်ကပ်ပျက်စီးသည့်အခါ ဆီးအမည်းရောင်သွားသော ဖျားနာခြင်းဖြစ်လာပြီး သွေးနီဥများ ပြိုကွဲ၍ ထွက် ပေါ်လာသည် ဟေမိုဂလိုဘင်များသည် ဆီးအတွင်းသို့ ယိုစိမ့်ဝင်သွားသည်။ အပြင်းစား ငှက်ဖျားရောဂါ သည် လျင်မြန်စွာ ဖြစ်လာပြီး နာရီပိုင်း သို့မဟုတ် ရက်ပိုင်းအတွင်း သေဆုံးသည် အထိ ဖြစ်သည်။အလွန့်အလွန် ဆိုးဝါးပြင်းထန်သည့်အခါတွင် ကြပ်ကြပ်မတ်မတ် စောင့်ရှောက် ကုသနေသော်လည်း သေပျောက်မှုနှုန်းသည် ၂၀%ထက် ကျော်လွန်လာသည်ကို တွေ့ရသည်။ရောဂါ ကူးဆက်ဖြစ်ပွားနေ သည့်နေရာများတွင် ကုသရေးသည် ရံဖန်ရံခါ စိတ်ကျေနပ်ဖွယ်ရာဖြစ်မလာဘဲ ငှက်ဖျားရောဂါအမျိုးမျိုးတို့ ကြောင့် အားလုံးစုံသေပျောက်မှုနှုန်းသည် ဆယ်ယောက်တွင် တစ်ယောက်နှုန်းအထိ မြင့်တက်လာသည်။ရေရှည်ကြာမြင့်လာသည့်အခါ အပြင်းစားငှက်ဖျားရောဂါခံစားရသည့် ကလေး သူငယ်များတွင် ဖွံ့ဖြိုး တိုးတက်မှု အဟန့်အတားများဖြစ်ပေါ် လာသည်ကို တွေ့ရှိရသည်။

ရောဂါပျိုးချိန်[ပြင်​ဆင်​ရန်​]

နာတာရှည်ငှက်ဖျားရောဂါကို ပလပ်စမိုဒီယမ်းဗိုင်းဗက်နှင့် ပလပ်စမိုဒီယမ်းအိုဗေး နှစ်မျိုးစလုံးတွင် တွေ့ရှိရပြီး ပလပ်စမိုဒီယမ်းဖယ်ဆီ ပေရမ် တွင် မတွေ့ရပါ။ ဤနေရာတွင် အသည်းထဲ၌ ပုန်းအောင်း နေသည့် ရောဂါပိုးကြောင့် ရောဂါပိုးနှင့် ထိတွေ့ပြီး လပေါင်း နှစ်ပေါင်း များစွာကြာမှ ငှက်ဖျားရောဂါ ပြန်ထလာနိုင်သည်ကို တွေ့ရသည်။ သွေးထဲတွင် ငှက်ဖျား ရောဂါပိုးကိုမတွေ့ရဘဲ ငှက်ဖျားဟုဖော်ပြပြီး ကုသခြင်းသည် လှည့်စားခြင်း တစ်မျိုးဖြစ်နိုင် သည်။ ပလပ်စမိုဒီယမ်းဖယ်ဆီပေရမ် ပိုးသည် ငှက်ဖျားဖြစ်စေရန်ရောဂါပျိုးချိန် နှစ်ပေါင်း 30 ကြာ တတ်သည်ကို တွေ့ရှိ တင်ပြထားသည်။ ခန့်မှန်းခြေအားဖြင့် သမပိုင်းဒေသတွင် ပလပ်စမိုဒီယမ်းဗိုင်းဗက်ကြောင့် ဖြစ်သော ငှက်ဖျားရောဂါ ၏ ငါးပုံတစ်ပုံသည် ဆောင်းရာသီ ကျော်လွန်ပြီး မှသာဖြစ် ပေါ်တတ်သည်။ (ယင်းသည်- ခြင်ကိုက်ပြီး တစ်နှစ် ကြာမှ ရောဂါထလာသည်)။[၁]

ငှက်ဖျားရောဂါ။ ။ ငှက်ဖျားရောဂါသည် သမိုင်းမတင်မီ ကာလကတည်းက လူသားတို့အကြား၌ရှိသော ရောဂါဖြစ်သည်။

ကမ္ဘာပေါ်တွင် ခြင်အမျိုးပေါင်း ၂ဝဝဝ ခန့်ရှိသည့်အနက် အနောဖလိခြင်အမျိုးပေါင်း ၆ဝ ခန့်က ငှက်ဖျားရောဂါကို ဖြန့်ဖြူးပေးလျက်ရှိသည်။

ကလိုရိုကွင်းငှက်ဖျား ရောဂါကုဆေးနှင့် ဒီဒီတီ ခြင်သေဆေးများ ပေါ်ပေါက်စအချိန်က ငှက်ဖျားရောဂါကို လုံးဝပပျောက်အောင် တိုက်ဖျက်နိုင်လိမ့်မည်ဟု ခန့်မှန်းခဲ့ကြ သည်။ သို့သော် ငှက်ဖျားရောဂါပိုးတို့က ရောဂါကု ဆေးများ အပေါ် တွန်းလှန်နိုင်စွမ်းရှိလာခြင်း၊ ဒီဒီတီဆေးကို ခြင်များက ယဉ်ပါးလာခြင်းစသည့် အကြောင်းတို့ကြောင့် ၁၉၆ဝ ပြည့်နှစ် နောက်ပိုင်းတွင် ငှက်ဖျားရောဂါသည် ကမ္ဘာကြီး၌ ပြန်လည် ခေါင်းထောင်လာခဲ့သည်။

ယနေ့ကမ္ဘာပေါ်ရှိ လူဦးရေထက်ဝက်ခန့်သည် ငှက်ဖျား ရောဂါရှိသော အရပ်ဒေသများတွင် နေထိုင်လျက် ရှိကြသည်။ ထိုရောဂါကြောင့် တစ်နှစ်လျှင် ရှစ်သန်းကျော်ကိုးသန်းနီးပါး သေဆုံးလျက်ရှိကြသည်။ ရောဂါ ဖြစ်ပွားသည့်နှုန်းသည် အရှေ့တောင်အာရှဒေသ နိုင်ငံများတွင် အမြင့်ဆုံးဖြစ်သည်။

ငှက်ဖျားရောဂါနှင့် မြန်မာနိုင်ငံ ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံသို့ မည်သည့်ခေတ် ကာလက စတင်ရောက်ရှိလာသည်ဟု အတိအကျ မပြောနိုင် သေးသော်လည်း အလောင်းဘုရားသည် တဘက်နိုင်ငံသို့ စစ်ချီရာမှ ငှက်ဖျားရောဂါကြောင့် ကွယ်လွန်ခဲ့သည်ဟု သမိုင်း တွင် ဆိုထားရာ ယင်းအဖြစ် အပျက်သည် မြန်မာနိုင်ငံ၏ ရှေးအကျဆုံး မှတ်တမ်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။

အင်္ဂလိပ်-မြန်မာ စစ်ပွဲများနှင့် ဒုတိယကမ္ဘာစစ်ကြီး၏ မှတ်တမ်းများတွင် မြန်မာနိုင်ငံ၌ ငှက်ဖျားရောဂါဆိုးဝါးပုံကို ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အကူ အညီဖြင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနကို ၁၉၅၃ ခုနှစ်က စတင်တည်ထောင်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လူဦးရေ ၁ဝဝဝဝဝ လျှင် ငှက်ဖျားရောဂါကြောင့် သေဆုံးသူ ၉ ဒသမ ၈ ဦးရှိခဲ့သည်။ ရောဂါတိုက်ဖျက်ရေး လုပ်ငန်းကို နိုင်ငံတဝန်းလုံး၌ ဆယ်နှစ်တိတိ ဆောင်ရွက်ပြီးချိန် ၁၉၆၃ ခုနှစ်တွင် လူဦးရေ ၁ဝဝဝဝဝ လျှင် ရောဂါကြောင့် ကွယ်လွန် ရသူ ၅ ဒသမ ၉ ဦးသာ ရှိသည်အထိ ကျဆင်းခဲ့သည်။

သို့သော် ယနေ့မြန်မာနိုင်ငံတဝန်းလုံးရှိ ဆေးရုံဆေးခန်းများ၏ လူနာစာရင်းတွင် ရောဂါအမျိုးမျိုးရှိသည့်အနက် ငှက်ဖျားရောဂါ ဖြင့် ဆေးရုံတက်သူ နှင့်အသက်သေဆုံးသူများ၏ ဦးရေသည် ထိပ်ဆုံးက ရှိနေဆဲဖြစ်သည်။

ငှက်ဖျားရောဂါအမျိုးအစား လေးမျိုးရှိသည့်အနက် ပလာ စမိုဒီယမ် ဖယ်လီပါရမ်နှင့် ပလာစမိုဒီယမ် ဗိုင်းဗက်နှစ်မျိုးသာ မြန်မာနိုင်ငံ၌ ဒုက္ခပေးလျက်ရှိသည်။

ထိုရောဂါကို အနောဖလိခြင်က သယ်ဆောင် ဖြန့်ဖြူး သည်။ ယင်းခြင်သည် ရေသန့်ရေရှင်ရှိရာဒေသတွင် လည်း ကောင်း၊ တောတောင်စိမ့်စမ်းဒေသရှိ မြက်ပင်၊ ဗေဒါပင်စသည် တို့ရှိသော ရေစပ်များတွင်လည်းကောင်း၊ ချောင်းငယ်၊ မြောင်း ငယ်များတွင်လည်းကောင်း ပေါက်ဖွားသည်။ ထို့ကြောင့် ငှက်ဖျားရောဂါသည် တောတောင်ဒေသနှင့် ဆက်စပ်လျက်ရှိ သည်။ အထူးသဖြင့် မိုးဦးကျအချိန်နှင့် မိုးကုန်ခါနီးများတွင် ခြင်များပို၍ ပေါက်ဖွားသည်။ ထို့ကြောင့် ယင်းကာလ၌ ငှက်ဖျားမိသူပေါများရခြင်း ဖြစ်သည်။

ငှက်ဖျားရောဂါတိုက်ဖျက်ရေး ငှက်ဖျား၊ အနာကြီး၊ ဆင်ခြေထောက်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားသူမရှိသေးသော အခြားရောဂါသုံးမျိုး စုစုပေါင်း ရောဂါ ခြောက်မျိုးတို့သည် ကမ္ဘာပေါ်မှ လူသားအများစုကို ဒုက္ခပေး လျက်ရှိသည်။ ဤရောဂါများကို တိုက်ဖျက်ရန် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့သည် ကမ္ဘာ့ဘဏ်၊ ယူအင်ဒီပီစသည့် အဖွဲ့အစည်းများ ၏ အကူအညီဖြင့် တီဒီအာ(အပူပိုင်းဒေသရောဂါများ သုတေ သနအဖွဲ့)ကို ၁၉၇၅ ခုနှစ်မှစ၍ ဖွဲ့စည်းခဲ့သည်။ နိုင်ငံပေါင်း ၁၂၅ နိုင်ငံမှ ပညာရှင်ပေါင်း ၄ဝဝဝ ကျော်က ဤရောဂါများ ကို တိုက်ဖျက်ရေးအတွက် စုပေါင်း သုတေသန ပြုလုပ်လျက် ရှိကြသည်။

အဆိုပါတီဒီအာ အဖွဲ့ကြီး၏ ဦးဆောင်မှု အကျိုးကျေးဇူး တစ်ရပ်မှာ ငှက်ဖျားရောဂါအတွက် မက်ဖလိုကွင်းနှင့် ဖင်ဆီ မက်ခေါ် ဆေးသစ်နှစ်မျိုးကို ဖော်ထုတ်နိုင်ခြင်းဖြစ်သည်။ ဤဆေးများကို လူသားတို့ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်သော ဆေးများအဖြစ် ၁၉၈၄ ခုနှစ်တွင် သတ်မှတ်ပေးခဲ့ပြီး ဖြစ် သည်။ ဆေးပြား နှစ်ပြား၊ သုံးပြားခန့်ကို သောက်ချလိုက်ရုံဖြင့် ငှက်ဖျားရောဂါကို ပျောက်ကင်းစေမည့် ဆေးများဖြစ်သည်။

သို့သော် အချိန်အဆမရှိ သဘောရှိ သောက်သုံးကြမည် ဆိုပါက ယခင်ရှိပြီး ငှက်ဖျားရောဂါကု ဆေးများကဲ့သို့ ရောဂါ ပိုးက ယဉ်ပါးသွားမည်ကို စိုးရိမ်ရသည်။ ထို့ကြောင့်ဤဆေးကို သွေးထဲ၌ ရောဂါပိုးကို တကယ်တွေ့ရသော ဝေဒနာရှင်များသာ သောက်သုံးကြဖို့လိုသည်။

ငှက်များရောဂါ တိုက်ဖျက်ရေးအတွက် အခြားလက်နက် ကောင်းတစ်ခုမှာ ကျောက်ရောဂါ၊ တီဘီရောဂါတို့ကဲ့သို့ ရောဂါ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေး ဖြစ်သည်။ ငှက်ဖျားရောဂါ သည် ရောဂါပိုးတစ်မျိုးတည်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်သော် လည်း ရောဂါအဆင့် အမျိုးမျိုးတွင် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ရပ်တည်လျက် ရှိသည်။ ရုပ်ပုံတွင် ဖော်ပြထားသည့်အတိုင်း ခြင်ကတဆင့် လူသားတို့ထံဝင်လာသော ပိုးမှာ စပိုရိုဇွိုက်ခေါ် မျိုးအောင်းစေ့ကောင်အဆင့်တွင် ပုံသဏ္ဌာန် တစ်မျိုးရှိသည်။

စပိုရိုဇွိုက်များက လူသားတို့၏ အသည်းထဲသို့ ဝင်ရောက်ပြီး ပြန်ထွက်လာသောအခါ မီရိုဇွိုက်ခေါ် အမည်တစ်မျိုးဖြင့် ပုံသဏ္ဌာန်တစ်မျိုးဖြစ်လာပြန်သည်။ ၎င်းတို့သည် သွေးထဲ၌ အကြိမ်ကြိမ်လည်ပတ် ပေါက်ပွားပြီးသောအခါ ငှက်ဖျား ရောဂါပိုး အဖိုအမ ဂမီတိုဆိုက် အဆင့်သို့ ကူးပြောင်းသွားပြန် သည်။ ယင်းဂမီတိုဆိုက်တို့ကို ခြင်များက သယ်ဆောင်ပြီး ကူးစက်စေခြင်း ဖြစ်သည်။

ဤကဲ့သို့ အဓိကအဆင့် သုံးဆင့်ရှိသဖြင့် အဆင့်သုံးဆင့် စလုံးကို အကာအကွယ်ပေးနိုင်မည့်ဆေးကို ဖန်တီးပေးရမည် ဖြစ်သည်။ ငှက်ဖျားရောဂါ ကာကွယ်ရန် ဆေးမှာအခြား ရောဂါများကဲ့သို့ ထုတ်လုပ်ရ မလွယ်သော်လည်း မကြာခင် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက် ရှိသည်။

ကမ္ဘာပေါ်၌ ငှက်ဖျားရောဂါတိုက်ဖျက်ရေးကို နည်းမျိုးစုံ ဖြင့် သုတေသန ပြုနေကြသကဲ့သို့ မြန်မာနိုင်ငံ တွင်လည်း ဆေးသုတေသန ဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာန(ရောဂါမျိုး သယ်ဆောင်သော ပိုးမွှားများက တဆင့် ကူးစက်သောရောဂါ နှိမ်နင်းရေးအဖွဲ့)တို့မှ တာဝန်ရှိသူများသည် ဤရောဂါများ အတွက် အထူးကြိုးစား သုတေသနပြုလျက်ရှိကြသည်။ ယခု အခါ၌ ပဲခူးရိုးမ တောင်ခြေတွင် လူနှင့်ခြင်တို့၏ စရိုက်ဓလေ့ ကို လေ့လာခြင်း၊ ဓာတ်ခွဲခန်းများ၌ ခြင်နှင့်ကြွက်များဖြင့် လေ့လာခြင်း၊ သာယာဝတီ၊ တောင်ကြီး၊ မန္တလေးစသည့် ဆေးရုံကြီးများ၌ ငှက်ဖျားရောဂါကု ဆေးဝါးသစ်များ စမ်းသပ် ဖော်ထုတ်ခြင်း၊ တရုတ် ငှက်ဖျား ရောဂါဆေးတစ်မျိုးဖြစ်သော ချင်ဟောက်စု ဆေးထုတ်လုပ်နိုင်ရန် ချင်ဟောက်အပင်ကို စမ်းသပ်စိုက်ပျိုးလျက် ရှိခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။[၂]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://en.wikipedia.org/wiki/Malaria
  2. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၆)

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]