ဘုရင့်နောင်
From Wikipedia
ဘုရင့်နောင် ကို ဟံသာဝတီ ဆင်ဖြူများရှင် အဖြစ်လည်း အသိများပါသည်။ တပင်ရွှေထီး အစပျိုးခဲ့သည့် ဒုတိယ ပြည်ထောင်စုမြန်မာနိုင်ငံကြီး တည်ထောင်ရေးကို အဆုံးတိုင် အောင်မြင်စေခဲ့သည် သာမက ပတ်ဝန်းကျင်ရှိ တိုင်းပြည်များကိုပါ ရိုသေခန့်ညားအောင် ဘုန်းတန်ခိုးကြီးသည့် ဘုရင် ဧကရာဇ်တစ်ပါး ဖြစ်သည်။ ဦးကုလား၊ မှန်နန်းရာဇဝင် အစရှိသည့် ရာဇဝင်ကျမ်းများတွင် ဘုရင့်နောင်သည် မင်းမျိုးမှန်သူဟု ဆွေမျိုးစဉ်ဆက် ပြဆိုကြသော်လည်း၊ မွန်၊ ရခိုင်နှင့် ယိုးဒယား တို့မှ ရာဇဝင်ကျမ်းများတွင်မူ သာမန်မျိုးရိုးမှ ဆင်းသက်သူဟုသာ ပြဆိုကြသည်။ မည်သို့ပင် ဖြစ်စေကာမူ ဘုရင့်နောင်ဟု ဆိုလိုက်လျှင် ၁၆ ရာစု အရှေ့တောင်အာရှသမိုင်းတွင် ကြီးမားသော အပြောင်းအလဲကို ဖြစ်စေသည့် ဘုရင်အဖြစ် အများက နားလည်ကြပေမည်သာ ဖြစ်သည်။
[ပြင်ဆင်ရန်] နောက်ခံသမိုင်းကြောင်း
ဘုရင့်နောင်၊ ငယ်နာမည် ရှင်ရဲထွတ် သည် မင်းကြီးဆွေ(နောင်တွင် တောင်ငူဘုရင်ခံ မင်းရဲသီဟသူ)နှင့် ရှင်မျိုးမြတ်(သျှင်မျိုးမြတ်)တို့၏ သားကြီး ဖြစ်သည်။ မိခင်မှာ တပင်ရွှေထီး၏ နို့ထိန်း ဖြစ်သကဲ့သို့ တပင်ရွှေထီးနှင့် ဘုရင့်နောင်မှာ အသက် မကွာလှသဖြင့် နို့စို့ဖက်များ ဖြစ်ကာ တစ်ဦးနှင့် တစ်ဦး အလွန်ပင် ချစ်ခင်ကြသည်။ အရွယ်ရောက်သော် တပင်ရွှေထီး၏ အမတော် သခင်ကြီးနှင့် ငြိစွန်းခဲ့ကြသည်။ မင်းကြီးညို (တပင်ရွှေထီး၏ ဖခင်)မှ သတ်ရန် အမိန့်ချသော်လည်း ဇာတာကောင်းလှသည် ဟုဆိုကာ အပြစ်မှ ချမ်းသာပေးခဲ့သည်။ နောင် မင်းကြီးညို လွန်ပြီး တပင်ရွှေထီး နန်းတက်လျှင် ကျော်ထင်နော်ရထာ ဘွဲ့ပေးကာ အမတော် သခင်ကြီးနှင့် လက်ဆက်ပေးခဲ့သည်။ ထိုမှစကာ တပင်ရွှေထီး၏ နယ်ပယ် ချဲ့ထွင်ရေး စစ်ပွဲများတွင် တိုက်ပွဲတိုင်း ဦးဆောင် ပါဝင်ခဲ့ရပြီး ၄င်းတို့အနက် နောင်ရိုးတိုက်ပွဲမှာ ကျော်ကြားပြီး ထိုတိုက်ပွဲအပြီးတွင် ကျော်ထင်နော်ရထာဘွဲ့မှ ဘုရင့်နောင်ဘွဲ့သို့တိုးမြှင့်ပေးခြင်း ခံရသည်။ နောက် တပင်ရွှေထီးမှ တရားဝင် အမိန့်ထုတ်ကာ သတ်မှတ်သည် မဟုတ်သော်ငြား အိမ်ရှေ့မင်း စည်းစိမ်ပေးကာ ချီးမြှောက်ခဲ့ပြန်သည်။ ထိုမှတစ်ဖန် တပင်ရွှေထီး အရက်ကြောင့် တိုင်းပြည်အုပ်ချုပ်ရေး လစ်ဟင်းသည့်အချိန်မှ စကာ တိုင်းပြည်ကို တပင်ရွှေထီး ကိုယ်စား အုပ်ချုပ်ပေးရပြန်သည်။ မွန်တို့ သူပုန်ထသောကြောင့် တပင်ရွှေထီး က ဘုရင့်နောင်အား သွားရောက်နှိမ်နှင်းစေရာ ဒလအရောက်တွင် ဟံသာဝတီနန်းတော်မှ အဝေး တစ်နေရာ၌ မင်းတရားရွှေထီး လုပ်ကြံခံရသည်ကို ကြားရလေသည်။ ထိုသို့ဖြင့် ဘုရင့်နောင်သည် တပင်ရွှေထီး အစပျိုးခဲ့သည့် ဒုတိယ ပြည်ထောင်စုမြန်မာနိုင်ငံကြီး တည်ထောင်ရေး လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရန် တာဝန်ကျလာတော့သည်။
[ပြင်ဆင်ရန်] တောင်ငူ
တပင်ရွှေထီးအလွန် တိုင်းပြည် ပြိုကွဲနေစဉ် အခြား မြို့စား၊ ရွာစားများကဲ့သို့ မဟုတ်ဘဲ မြို့ကြီးပြကြီး ပိုင်ဆိုင်မှု မရှိသည့်အပြင် ဟံသာဝတီနှင့် ဝေးရာ ဒလသို့ ရောက်နေသည့် ဘုရင့်နောင်မှာ အားလုံးထဲတွင် အခြေအနေ အဆိုးဆုံးဟု ဆိုရပေမည်။ သို့သော် အနားတွင် ပညာရှိများ၊ စစ်သူရဲများ ပါရှိတန်သလောက် ပါရှိနေသေးသဖြင့် တိုင်ပင်၊ ဆွေးနွေးပြီး လက်အောက်ရှိ မွန်များကို အနီးအပါးရှိ မြို့ရွာများစားစေကာ နေရစ်စေသည်။
နောက်ပါအင်အားတောင့်တင်းစေရန် အတွက်ပေါ်တူဂီ ကြေးစားဗိုလ် ဒီယိုဂိုဆွာဝါရက်ဇ် ဒီမယ်လို(Diogo Soarez de Mello)ကို အနားခေါ်ကာခစားစေသည်။ထိုသို့အင်အားရှိသမျှ စုစည်းကာ ဒလ မှ ဒဂုံသို့ဦးစွာ ချီတက်သည်။ဒဂုံမှ ဓနုတောမကော်၊ထိုမှ ဟံသာဝတီသို့မဝင်ပဲ ဓါးကျွန်တောင်ကို ပတ်ကာချီသည်။ထိုအခါ သမိန်စက္ကဝေါ က ဗညားဒလအားစေလွတ်ပြီး တိုက်ခိုက်စေသော်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းမရှိပေ။ဟင်းခနွေကိုရောက်မှ မိဖုရားဖြစ်သူ သခင်ကြီး ဝေါစီးကာသွားလာနေသည်ကိုတွေ့မှ ညီတော် တောင်ငူစားသီဟသူ၏ အကြံကိုသိရတော့သည်။ထိုမှ ဆက်လက်ချီတက်ရာ တောင်ငူမရောက်မှီ ရွာသစ်ကြီးကို ဇေယျဝတီဟုခေါ်တွင်ကာ တပ်ချနေသည်။ထိုသို့ဘုရင့်နောင် တောင်ငူကို သိမ်းရန်ကြံစည်နေချိန်တွင် ဟံသာဝတီရှိ မွန်မင်း သမိန်စက္ကဝေါ မှာမှူးမတ်များလုပ်ကြံနန်းချခြင်းခံရပြီး သမိန်ထောရာမအားပင့်ဆောင် နန်းတင်ကြသည်။
ထိုသို့ သမိန်ထောရာမ ဟံသာဝတီတွင်နန်းတက်လျှင် မူလက မင်းတရားရွှေထီး၏ သစ္စာခံများဖြစ်သည့် အဲမွန်ဒယာ၊စန္ဒာယော်ဓာ အစရှိသည့် မှူးမတ်များလည်း နောက်ပါအင်အားများနှင့်တကွ ဘုရင့်နောင်ထံလာရောက်ခိုဝင်ကြသည်။အရှေ့ဖက်မုတ္တမ မှလည်းအဲပရဲ၊စန္ဒရာသီ၊ဗိုက်ကမြင် အစရှိသည့်မှူးမတ်များလည်း ခိုဝင်လာကြပြန်ရာ ဘုရင့်နောင်၏တပ်မှာ အင်အားတိုးပွားလာသလို တောင်ငူသီဟသူမှာ လည်းကြောက်ရွံခြင်းတိုးလာလေသည်။ထိုနောက် ညီတော်များ၊မှူးမတ်များနှင့်တိုင်ပင်ပြီး တောင်ငူကိုတိုက်ရန်ဆုံးဖြတ်ကြသည်။ထိုညတွင်ပင် အသီးငါးလုံးရှိသည့် သရက်ခိုင်တွင် အခေါင်ဆုံးအလုံးကို ဆွတ်ယူစားသုံးရသည် ဟုအိမ်မက်မက်ရာ အလွန်ကောင်းသောနိမိတ်ဟု မှတ်ယူလေသည်။
တောင်ငူကိုတိုက်သည့် ကြည်းတပ်တွင် တပ်ပေါင်း ၁၂ တပ်ပါဝင်ကာ ဆင် ၂၀ဝ၊မြင်း ၂၀ဝ၀ နှင့်စစ်သည် ၈၀ဝ၀ဝ ဖြစ်ပြီး ရေတပ်တွင် တပ်ပေါင်း ၆ တပ်ပါကာကတ္ထူလွန်းကြင်လှေ ၁၃၀၊လှော်လားလှေ ၇၀ နှင့် စစ်သည် ၁၆၀ဝ၀ ပါဝင်သည်။စစ်စတင်ချီသည့်နေ့မှာ သက္ကရာဇ် ၉၁၂ ၊တော်သလင်းလပြည့်ကျော် ၂ ရက်ဖြစ်သည်။နောက်တောင်ငူကို ၄ လမျှဝိုင်းရံထားရာ တောင်ငူမင်းခေါင်လည်းအကြိမ်ကြိမ် ထွက်တိုက်သည့်တိုင် မအောင်မြင်ပဲ မြို့တွင်းသို့သာ ပြန်ဆုတ်ခဲ့ရသည်။ ကာလကြာသော် မြို့တွင်းသားတို့ ငတ်မွတ်ခြင်း၊မင်းခေါင်ကို မကြည်ညိုသည့်အတွက် ဘုရင့်နောင်ထံသို့ ခိုဝင်ကြခြင်း တို့ကြောင့် မင်းခေါင်မှာ အခြွေအရံနည်းပါးလာပြီးနောက်ဆုံးတွင် ဆရာတော်များကို စေလွတ်ကာ စည်းစိမ်မပျက် ချမ်းသာပေးလျှင် အမှုတော်ထမ်းမည့်အကြောင်း အရေးဆိုလာလေတော့သည်။ဘုရင့်နောင်လည်း လက်ခံကာ မြို့ကိုသိမ်းပိုက်ပြီး မင်းခေါင်အားအသက်မှလွတ်သည့်အပြင် စည်းစိမ်မပျက်ချမ်းသာပေးလေသည်။မြို့ကိုရသည့်နေ့မှာ သက္ကရာဇ်၉၁၂ ၊တပို့တွဲလဆန်း ၃ ရက်ဖြစ်သည်။
[ပြင်ဆင်ရန်] ဘိသိက်ခံခြင်း၊ဘွဲ့ထူးများပေးအပ်ခြင်း
တောင်ငူကိုရလျှင် မှူးမတ်များကို ယာယီတဲနန်းတွင်စုရုံးစေကာ ဘိသိက်သွန်းခံလေသည်။ထိုပွဲတွင်
- ညီတော်သီရိဇေယျကျော်ထင်အား မင်းရဲစည်သူ
- ညီတော် နန္ဒယော်ဓာ အား သတိုးဓမ္မရာဇာ
- ညီတော် သီဟသူ(တောင်ငူမင်းခေါင်)အား မင်းခေါင်
- ညီတော် ဇေယျနန္ဒအား မင်းရဲကျော်ထင်
- အခြားအမှူးအမတ်များကိုလည်း အသီးသီး ဘွဲ့အမည်များပေးလေသည်။
နောက် မိမိတဲနန်းကိုဖျက်ကာ ကျောင်းတော်ကြီးဆောက်၍ဆရာတော် သဒ္ဓမ္မဂုရု အားလှူဒန်းသည်။သရထီးဘုရားညီနောင်အား ရွှေချပူဇော်သည်။
[ပြင်ဆင်ရန်] သရေခေတ္တရာပြည်
တောင်ငူကိုသိမ်းယူပြီးလျှင် ဘုရင့်နောင်အနေဖြင့် နောက်သိမ်းယူမည့်ဒေသမှာ အင်းဝ၊စစ်ကိုင်း၊ဟံသာဝတီနှင့် ပြည်ဟူ၍ရှိလေရာ မှူးမတ်များက မွန်တို့ဒေသကို မသိမ်းပိုက်မှီ မြန်မာတို့ကိုသာ များအောင်သိမ်းသွင်းသင့်ကြောင်း လျှောက်သဖြင့် ပြည်ကို ရှေးဦးစွာသိမ်းယူရန် စီစဉ်လေသည်။ ပြည်တွင် မင်းပြုနေသူမှာ တပင်ရွှေထီးလက်ထက်က ပြည်ဘုရင်ခံအဖြစ် ထားသည့် သတိုးဓမ္မရာဇာဖြစ်ပြီး သတိုးသူဘွဲ့ခံထားသူဖြစ်သည်။
သို့ဖြင့် ဆင် ၂၅၀ ၊မြင်း ၃၀ဝ၀ နှင့် စစ်သည် ၉၀ဝ၀ဝ တို့ကို တပ်ပေါင်း၁၇ တပ် ဖွဲ့ကာ ပြည်ကို ချီတက် တိုက်ခိုက်လေသည်။သို့သော် ပြည်မြို့သည် မြို့ရိုးပြစီးထူထပ်လှသည့်အတွက် စစ်သည်ရဲမတ်အကျအဆုံးများသည်ဖြစ်၍ အဝေးမှပင် ဝန်းရံနေရသည်။နောက် ဘုရင့်နောင်သည် စစ်သည်တို့ ပင်ပန်းမည်ကို စိုး၍ ပြည်မြို့အနီးအပါးဒေသများကို သိမ်းယူသည်။သို့ဖြင့် မြေထဲ၊လယ်ကိုင်း၊မလွန်၊စကု၊မဖဲ၊မြင်ကွန်း၊မင်းတုန်း၊တိုင်တား၊မင်းတပ် မြို့များကို သိမ်းပိုက်ကာ မူလ မြို့စားများကို သစ္စာပေးကာ မူလအတိုင်း ပြန်လည်ခန့်ထားကာ တောင်ငူသို့ပြန်လေသည်။
ထိုသို့တောင်ငူသို့ပြန်ရောက်ပြီး တစ်လ အကြာတွင် တောင်ငူသတိုးသူ၏ ကျွန် ရာဇမနော်ဆိုသူ တောင်ငူသို့ခိုဝင်လာပြီး ၊ပြည်ဘုရင်၏ အားနည်းပုံများ၊မှူးမတ်အများမညီညွတ်ပုံတို့ကိုလျှောက်တင်ကာ ဘုရင့်နောင်လည်း အခါအခွင့်သင့်ပြီဟု ဆိုကာပြည်သို့ ဒုတိယအကြိမ် ချီတက်ရန် တပ်ဖွဲ့လေသည်။ ယခုတစ်ကြိမ်တွင် ဆင်၂၅၀၊မြင်း ၃၀ဝ၀ ၊စစ်သည် ၉၀ဝ၀ဝ ပါဝင်ပြီး တပ်ပေါင်း ၁၄ တပ်ဖြစ်သည်။စစ်ချီသည့်ရက်စွဲမှာ သက္ကရာဇ် ၉၁၃ ၊တော်သလင်းလပြည့်ကျော် ၆ ရက် ဖြစ်သည်။
ပြည်သို့ချီတက်လာပြီး ပြည်အနီး ပန်းမတူအရောက်တွင် တပ်ချလေသည်။သို့သော် စစ်ဦးချီသည့် ညီတော် တောင်ငူမင်း မင်းခေါင်နှင့်သီရိဇေယျနော်ရထာ တပ်နှစ်တပ်မှာတပ်မချပဲ ပြည်မြို့သို့ချဉ်းကပ်သည်။ ည နှစ်ချက်တီးအချိန်တွင် မင်းခေါင်က စောရန်နှင် ဆင်ကို စီး၍ တောင်တံခါးကို ချိုးဖျက်ဝင်ကာ သတိုးသူစံအိမ်တိုင် အရောက်သွားကာ သတိုးသူအား လက်ရဖမ်းလေသည်။ထိုနောက် ဘုရင့်နောင်အားဆက်ရာ ဘုရင့်နောင်က ကွပ်စေသည်။ညီတော် သတိုးဓမ္မရာဇာအား ပြည်ဘုရင့်ခံအဖြစ်ပေးကာ ညီတော် တောင်ငူဘုရင်ခံမင်းခေါင်ကို လည်းစွမ်းစွမ်းတမံ ရှိသည်အတွက် ချီးမွမ်းလေသည်။
[ပြင်ဆင်ရန်] အင်းဝ
ထိုသို့ပြည်ကိုသိမ်းပိုက်ပြီးလျှင် သာယာဝတီစားနှင့် ဓနုဖြူစားတို့လည်း နောက်ပါအင်အားများနှင့်တကွခိုဝင်လာကြသည်။၁၀ ရက်ကြာပြီးလျှင် ပြည်မှ စလေ၊ပခန်းငယ် နှင့် ပုဂံထိ ချီတက်ရာ ပခန်းငယ်စား၊စလေစားတို့လည်းကြောက်ရွံသည်ဖြစ်သောကြောင့် တပ်မချခင်တွင်ပင် လာရောက်ခစားကြသည်။ပုဂံစားမှာမူတပ်ဦးရောက်သည်နှင့် လာရောက်တိုက်ခိုက်လေသည်။ဘုရင့်နောင်လည်း ကြည်းရေ နှစ်ဖက် အပြင်းတိုက်မှ ပုဂံစားက အသက်ချမ်းသာရန် လျှောက်ထားအညံ့ခံလာသည်။သို့သော်ရာထူးမှ နုတ်ပြီး ဦးရီးတော် မင်းစည်သူအားပုဂံကိုပေးသည်။ပုဂံမှ အင်းဝသို့ ချီတက်ကာမြို့ကို ဝန်းရံနေဆဲမှာပင် တောင်ဖက်ရှိ ပိုင်နက်ဖြစ်သည့် ဟင်းခနွေ ကိုဟံသာဝတီတပ်များလာရောက်နှောင့်ယှက်သည့်အတွက် တပ်ရုတ်ကာ ဖောင်များလှေများပေါ် ဆင်မြင်း၊စစ်သည်တို့ကိုတင်ပြီး အမြန်စုန်စေသည်။ကျန်ရှိသည်ကြည်းတပ်များကိုလည်း နေ့ည အပြင်းချီစေသည်။မြေထဲရောက်လျှင်ညီတော် မင်းရဲကျော်ထင်အား တောင်ငူစောင့်ရန်နှင့် အင်အားစုရန်စေလွတ်သည်။
ပြည်သို့ရောက်လျှင် ဟံသာဝတီသို့ချီတက်ရန် စစ်ပြင်ဆင်နေချိန်တွင်မှာပင် အင်းဝမင်း မိုးဗြဲနရပတိစည်သူ သည် စစ်ကိုင်းမင်း စည်သူကျော်ထင်၏ ရန်ကိုမခံနိုင်သဖြင့် သားသမီးများနှင့်တကွ ဆင်မြင်းဆက်သလာကာ ကျွန်ခံလာတော့သည်။ထိုသို့ဖြင့် အင်းဝသည်လည်း ဘုရင့်နောင်၏ အာဏာစက်အောက်ရောက်လေသည်။ဘုရင့်နောင်လည်း မိုးဗြဲနရပတိကို ရာထူးမှမချပဲ စားမြဲစည်းစိမ်ကိုပြန်ပေးထားခဲ့သည်။
[ပြင်ဆင်ရန်] ဟံသာဝတီ
ထိုနောက် ဟံသာဝတီသို့ချီရာ ရေတပ်အင်အား ၆ တပ်တွင် တိုက်လှေ ၃၀ဝ၊တံစွတ်လှေငယ် ၁၀ဝ၊ရိက္ခာလှေ ၁၀ဝ နှင့် စစ်သည် ၄၀ဝ၀ဝ ပါဝင်ပြီး ညီတော် ပြည်မင်း သတိုးဓမ္မရာဇာမှာ တပ်မှူးချုပ်ဖြစ်သည်။ဘုရင့်နောင် ကိုယ်တိုင်မှာ တောင်ငူသို့ပြန်ပြီး တပ် ၂၂ တပ်၊ဆင် ၄၀ဝ၊မြင်း ၅၀ဝ၀ နှင့် စစ်သည် ၁၁၀ဝ၀ဝ ပါဝင်သည့် ကြည်းတပ်ကြီးဖြင့် ဟံသာဝတီသို့ ချီသည်။ထိုသို့ဖြင့် ဟံသာဝတီ နှင့်နီးသော် မှူးမတ်တို့ကလျှောက်တင်သဖြင့် မြင်း ၅၀ဝ၀ ကိုရှေ့ပြေးစေရာ သမိန်ထောရာမ၏ တပ်မကြီးနှင့်တွေ့ဆုံပြီး မြင်းတပ်များ ပြန်ဆုတ်လာရသည်။
ထိုအခါ ဘုရင့်နောင်လည်း ဥပေါသထဆင်ကိုစီးကာ သမိန်ထောရာမနှင့် စီးချင်းတိုက်ရန် ပြင်ဆင်ရာ ကုန်းလယ်စီး စတုရင်္ဂသူက မြင်းတပ်များကို လက်ဝဲလက်ယာ နှစ်ဖက်စေလွတ်ပြီး ဟံသာဝတီမြို့ကို မီးတိုက်လျှင် မွန်စစ်သည်တို့ စိတ်ဓါတ်ကျမည်။ထိုသို့စိတ်ဓါတ်ကျလျှင် စစ်ကို လွယ်ကူစွာနိုင်မည်။ ဟုလျှောက်တင်ရာ သဘောကျသဖြင့် မြင်းတပ်များကို နှစ်ဖွဲ့ခွဲကာ ဟံသာဝတီကို မီးတိုက်ရန်စေလွတ်သည်။ထိုသို့ မီးတိုက်ရာ မွန်စစ်သည်တို့လည်း မိမိတို့အိမ်ကို စိုးရိမ်ကာစိတ်ဓါတ်ကျလေတော့သည်။
ထိုအခါ သမိန်ထောရာမလည်း ချစ်ချင်း အမည်ရှိဆင်ကိုစီးကာ ဘုရင့်နောင်နှင့် စီးချင်းတိုက်ရန် လာလေသည်။ဘုရင့်နောင်လည်း ဆင်တော် ဥပေါသထ ပေါ်မှအသင့်စောင့်ပြီး ရွှေပြားခတ်အင်းပြားကို ဆင်ဦးကင်းတွင် တင်ကာ ရေခရားဖြင့် မြေကိုလောင်းပြီး သစ္စာဆိုလေသည်။ ညီတော် မင်းရဲစည်သူက သမိန်ထောရာမကို စီးကြိုတိုက်သော်လည်း သမိန်ထောရာမ က ဘုရင့်နောင်ထံသို့သာ ဦးတည်ကာ တိုက်လာသည်။ဘုရင့်နောင်လည်းဆင်ကိုချွန်းဖွင့် ပြီးသမိန်ထောရာမ ဆင်နှင့်တိုက်သည်။အတန်ကြာမျှတိုက်ပြီးလျှင် ဥပေါသထဆင်၏ အစွယ်သည် ချစ်ချင်းကိုယ်ထဲသို့ စွယ်လုံးကျွံအောင်ထိုးမိသဖြင့် ချစ်ချင်းပြိုလဲပြီး ဘုရင့်နောင်၏ချွန်းဖြင့်ရိုက်ရာသမိန်ထောရာမ လည်းကျောတွင် ဒဏ်ရာကြီးရသည်။ဥပေါသထဆင်လည်း အစွယ်ကျိုးသည်။ နောက်သမိန်ထောရာမ၏ အမတ်သမိန်ဇိပ်ဗြဲလည်း စွယ်လမန်ဆင်ဖြင့် ဘုရင့်နောင်ကိုတိုက်သည်။ဥပေါသထ ပြန်လှည့်တိုက်သဖြင့် စွယ်လမန် လဲရပြန်သည်။နောက် သမိန်အဲနရဲလည်းဗြတ်ကြီးဟူသည့်ဆင်ကိုစီးကာ တိုက်ရန်လာသည်။ သို့သော် ညီတော်မင်းရဲကျော်ထင်က စီးကြိုတိုက်သဖြင့် ဗြတ်ကြီးလှည့်ပြေးရသည်။
သမိန်ထောရာမလည်း အခြေအနေမဟန်သဖြင့် မြင်းဖြင့် ဟံသာဝတီသို့ပြေးကာ ဟံသာဝတီမြို့တွင်းမှ ခုခံရန် ကြံသည်။သို့သော် ဘုရင့်နောင်၏ မြင်းတပ်များက ဟံသာဝတီတွင် မီးတိုက်ပြီးဖြစ်သဖြင့် ဟံသာဝတီသို့ မဝင်နိုင်တော့ပဲ ရသမျှအင်အားကိုစုပြီး အနောက်ဖက်သို့ပြေးလေတော့သည်။သို့ဖြင့် ဟံသာဝတီလည်း ဘုရင့်နောင်၏ လက်အောက်ရောက်လေသည်။ဟံသာဝတီတွင် ၁၀ ရက်မျှရန်ကြွင်းရန်ကျန်များကို ရှင်းလင်းပြီးလျှင် ထွက်ပြေးသည့်သမိန်ထောရာမ နောက်သို့လိုက်ရလေသည်။သမိန်ထောရာမလည်း ဓနုဖြူ-ပုသိမ် ဖက်သို့ပြေးပြန်သဖြင့် ပုသိမ်သို့လိုက်ပြန်သည်။ပုသိမ်မရောက်မှီတွင် သမိန်ထောရာမ ဒလ သို့ပြေးပြန်သည်။ ပုသိမ်စားဗြပိုက်လည်း ဘုရင့်နောင်ထံအညံ့ခံရာ ဗညားလောဘွဲ့ပေးကာ ချီးမြောက်သည်။ဒလတွင် သမိန်ထောရာမ နှင့်တိုက်သဖြင့် ဥဇနာ ကျဆုံးရသည်။ ပုသိမ်တွင် ညီတော်တောင်ငူမင်းခေါင်အား အစောင့် ထားကာ ဘုရင့်နောင်ကိုယ်တိုင် ဒလသို့လိုက်ရာ တိုက်ပွဲကြီးဖြစ်ပြန်သည်။နောက် သမိန်ထောရာ ရှုံးပြီး စစ်သည်ဗိုလ်ပါ၊သားသမီး၊မိဖုရား နှင့်ယောက္ခမ ပါပစ်ကာကိုယ်လွတ်ရုန်းပြေးရပြန်သည်။နောက် ရဟန်းဝတ်ဖြင့် နောက်လိုက် တစ်ကျိပ်ကျော်ကိုခေါ်ကာ မုတ္တမ သို့လှေဖြင့်ပြေးလေသည်။
သက္ကရာဇ် ၉၁၄၊ဝါဆိုလဆန်း ၁ ရက်တွင်ဟံသာဝတီနေပြည်တော်သို့ပြန်ရောက်သည်။နောက် မုတ္တမ ၃၂ မြို့၊ပူသိမ် ၃၂ မြို့တို့မှ မြို့စားရွာစားများကို နေသားကျစေရန် စီမံရသေးသည်။ညီတော် မင်းတရားရွှေထီး ကျဆုံးသည့်အရပ်တွင် စေတီတစ်ဆူတည်သည်။ဝါဆိုလဆန်း ၁၀ ရက်ရောက်လျှင် အိမ်တော်ဆောက်စေပြီး ၁၄ ရက်နေ့တွင်အိမ်သစ်တက်သည်။ နောက် ညီတော်များကို မင်းမြောက်တန်ဆာ ငါးပါးကိုပေးကာ ဘုရင်ခံအဖြစ် အသီးသီးချီးမြှင့်သည်။
- ညီတော်မင်းရဲစည်သူအား မုတ္တမ ဘုရင်ခံအဖြစ်လည်းကောင်း
- ညီတော်သတိုးဓမ္မရာဇာအား ပြည်ဘုရင်ခံအဖြစ်လည်းကောင်း
- ညီတော်မင်းခေါင်(သီဟသူ)အား တောင်ငူဘုရင်ခံအဖြစ်လည်းကောင်း အသီးသီးပေးသည်။နောက် ဗမာ၊မွန်၊ရှမ်း အမတ်များကိုလည်း ရာထူးစည်းစိမ်များပေးသည်။
[ပြင်ဆင်ရန်] သမိန်ထောရာမ၏ နိဂုံး
မုတ္တမတွင်ပုန်းအောင်းနေသည့် သမိန်ထောရာမ လည်းမုတ္တမတွင်မနေဝံ့သဖြင့် ကဝေါဖက်သို့ဗပြးသည်။ကဝေါစားနှင့် ဘွယ်တိုင်စားတို့က လိုက်လံဖမ်းဆီးသဖြင့် ဓါးဒဏ်ရာရကာပြေးရပြန်သည်။နောက်ဒဏ်ရာသက်သာလျှင် တိုက်ကုလားတွင် လူသူစုရုံးပြီး စစ်တောင်းကိုတိုက်ရန် ချီတက်လာသည်။ ဘုရင့်နောင်လည်း နန္ဒသင်္ကြန်ကိုစေလွတ် တိုက်ခိုက်စေရာ သမိန်ထောရာမ တပ်ပျက်ပြေးရပြန်သည်။တောတွင်းတွင်ခိုလုံနေစဉ် စတုရင်္ဂသူက စစ်သည် ၃၀ဝ နှင့်ဖမ်းရာ အဝတ်ချွတ်ဖြင့် ပြေးရပြန်သည်။နောက်ဆုံး သက္ကရာဇ် ၉၁၄၊တန်ခူးလဆန်း ၁၃ ရက်တွင် ဇရွဲဘုံနယ်မှ ကရင်သူကြီးက ဖမ်းမိကာ ဟံသာဝတီသို့ဆက်သလာသည်။အချို့ရာဇဝင်များတွင် သမိန်ထောရာမ တွင်နတ်တို့ပေးသည့် အစွမ်းထက်သော ဂါထာရှိသည်။ထိုဂါထာကို ရေတွင်မန်းပြီးသုံးလျှင် အနာမှန်သမျှချက်ချင်းပျောက်သည်ဟုဆိုသည်။ထိုကြောင့် သမိန်ထောရာမ သည်မိမိဒူးကို ချိုးကာ ကရင်သူကြီးထံ အဖမ်းခံခြင်းဖြစ်သည်။နောက် ဘုရင့်နောင်ရှေ့ရောက်လျှင် ပရိယာရ်ဖြင့် ရေသောက်ရန် ရေတောင်းပြီးမန်းကာ ဒူးကိုလောင်းသည်။သို့သော်ဒူးပြန်မဆက်သဖြင့် ငိုယိုကြောင်းဆိုကြသည်။ဘုရင့်နောင်လည်း သမိန်ထောရာမ ကို ကွပ်မျက်အပြစ်ပေးသည်။
[ပြင်ဆင်ရန်] အင်းဝနှင့် ရှမ်း
ဘုရင့်နောင်၏ လက်နက်နိုင်ငံမှာ တောင်ငူ၊ဟံသာဝတီ မွန်သုံးရပ်နှင့် ပြည်အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ ပါဝင်လာသော်လည်း မြန်မာတို့၏ မူလဌာနေဖြစ်သည့် အင်းဝမှာကျန်ရှိနေသေးသည့်အတွက် ဘုရင့်နောင် အနေဖြင့် အင်းဝကို တိုက်ယူရန် အားထုတ်လေတော့သည်။ထိုစဉ်က အင်းဝမှာ ယခင်စစ်ကိုင်းစား စည်သူကျော်ထင်က အင်းဝရှမ်းမင်း မိုးဗြဲနရပတိ နှင့် စစ်ပြိုင်အနိုင်ရကာ နရပတိ ဘွဲ့ခံကာ အုပ်စိုးလျက်ရှိနေသည်။
အင်းဝချီရန် လှေတပ်ပြင်ဆင်ရာ အင်အားမှာ ၃၇ လံရှိရွှေဟင်္သာဖောင်တော်၊ဇလာကပင်းတိုက်လှေကြီးနှင့် သားရဲလှေ အစင်း ၃၀ဝကျော်၊လှော်ကားကျော့လှေ ၂၀ဝကျော် ဖြစ်ကာ၊ပြည်မှ ရေတပ်အင်အားနှင့်ပေါင်းလျှင် တိုက်လှေ ၆၀ဝ၊လှောကားကြော့လှေ ၃၀ဝ ၊ရိက္ခာတင်လှေ ၅၀ဝ နှင့် စစ်သည် ၁၁၀ဝ၀ဝ ဖြစ်လေသည်။ရေတပ်ဗိုလ်ချုပ်မှာ ညီတော် ပြည်ဘုရင်ခံ သတိုးဓမ္မရာဇာဖြစ်ပြီးတပ်ပေါင်း ၁၁ တပ်ပါဝင်သည်။ဧရာဝတီဖြစ်ကြောင်းအတိုင်းချီသည်။
ကြည်းတပ်တွင်ဘုရင့်နောင်ကိုယ်တိုင် ဦးစီးကာတပ်ပေါင်း ၂၅ တပ်တွင် ဆင်၈၀ဝ၊မြင်း ၉၀ဝ၀နှင့်စစ်သည်၁၈၀ဝ၀ဝ ဖြစ်သည်။ထိုထဲတွင် ဘရင်ဂျီကုလား ၄၀ဝ လည်း သေနတ်ကိုင်တပ်သားများအဖြစ်လိုက်ပါအမှုထမ်းကြသည်။ကြည်းတပ်ကိုမူ အရှေ့ဖက်တောင်ငူကြောင်းမှချီသည်။
တောင်ငုူရောက်လျှင် တောင်ငူမင်းခေါင်အကြံပေးချက်အရ စစ်သုံးကြောင်းခွဲကာချီတက်လေသည်။
- အရှေ့ကြောင်းချီတပ်ကို တောင်ငူမင်းခေါင်ကဦးဆောင်ကာ မြင်းတပ် ၂ တပ်အပါအဝင် တပ်ပေါင်း ၇တပ်ဖြစ်သည်။ဝတီ၊ယင်းဝတော်၊လှိုင်းတက်၊ညောင်ရမ်း၊တို့ကို အစဉ်အတိုင်းသိမ်းပိုက်ကာ ပင်းယတောင်ဖက် ရန်အောင်မြင်တွင် တပ်ချကာ ဘုရင့်နောင်၏တပ်အရောက်ကို စောင့်နေသည်။
- အလယ်ကြောင်းချီတပ်ကို ညီတော် မင်းရဲကျော်ထင် ဦးဆောင်ကာ မြင်းတပ်၂ တပ်အပါအဝင် တပ်ပေါင်း ၇တပ်ဖြစ်သည်။ပင်းတလဲ၊ပြင်စည် တို့ကို သိမ်းပိုက်ကာ တောင်ငူမင်းခေါင်တပ်နှင့် ပင်းယ၊ရန်အောင်မြင်တပ်တွင် ပူးပေါင်းသည်။
- အနောက်ကြောင်းချီတပ်ကို ဘုရင့်နောင်ကိုယ်တိုင် ဦးဆောင်ပြီး မြင်းတပ် ၄ တပ်အပါအဝင် တပ်ပေါင်း ၁၀ တပ်သည် တောင်တွင်းကြီး၊ကျောက်ပန်းတောင်း၊ပုဂံသို့ချီသည်။ပုဂံအရောက်တွင် ပြည်မှ သတိုးဓမ္မရာဇာ၏ ရေတပ်နှင့်ဆုံသည်။ နောက် သတိုးဓမ္မရာဇာအား လက်ထုပ်၊ကွမ်းရွာ၊ပခန်းကြီး တို့ကို တိုက်ခိုက်သိမ်းပိုက်စေသည်။ပခန်းကြီးမြို့စားလည်း မိုးညှင်း စော်ဘွားထံ ထွက်ပြေးခိုလုံသွားသည်။နောက် အမြင့်၊ဗဒုံ၊ကမ်းနီ တို့ကို ဆက်လက်တိုက်ခိုက်စေရာ အောင်မြင်သည်။နောက် ပုဂံမှ ပခန်းကြီး၊ကြခတ်ဝရာ၊ပရိမ္မတို့မှ တဆင့်ချီတက်ကာ မြင်းမူနှင့် စစ်ကိုင်းတို့ကို တိုက်ခိုက်အောင်မြင်ပြီး စစ်ကိုင်းတွင် ကြည်းရေ နှစ်တပ်ပေါင်းကာ တပ်ချနေသည်။
ဘုရင့်နောင် စစ်ကိုင်းမရောက်မှီ ပင်းယ၊ရန်အောင်မြင် ရှိ ညီတော် နှစ်ယောက်၏တပ်ကို အင်းဝမင်း နရပတိ ကဆင် ၁၀ဝ၊မြင်း ၂၀ဝ၀၊ စစ်သည် ၄၀ဝ၀ဝဖြင့်ထွက်တိုက်သည်။ညီတော် မင်းရဲကျော်ထင်က တပ် ၇ တပ်ဖြင့်ဆီးကြိုတိုက်ရာအင်းဝတပ်ပျက်ပြီး မြင်း၃၀ ကျော်နှင့် မိုးညှင်းအမတ် တပလုံကို အရှင်ရသည်။နောက်တစ်ကြိမ်တိုက်သော်လည်း မင်းရဲကျော်ထင်နှင့် မင်းခေါင်တပ်များက ပြန်တိုက်သဖြင့်အင်းဝတပ်များကြေပးသည်ကို တံတားဦးအထိလိုက်လံတိုက်ရသည်။နောက် ဘုရင့်နောင် စစ်ကိုင်းသို့ရောက်လျှင် ပင်းယရှိ ညီတော်နှစ်ယောက်ကို အင်းဝထိချီတက်ကာ မြို့ကိုဝန်းရံ စေသည်။
- ညီတော် မင်းရဲကျော်ထင်တပ်များ အနောက်ကြောင်းမန်ကျဉ်းဆင်တဲမှချီတက်ပြီး အင်းဝအရောက်တွင် အင်းဝနရပတိမှ ဆင်၁၀ဝ၊မြင်း ၃၀ဝ၀ကျော်ဖြင့်ထွက်တိုက်သည်။ဟံသာဝတီမှ သမိန်ဗရမ်း က ပလ္လင်စွယ်ဆင်ဖြင့် လည်းကောင်း၊ဗညားကျန်းထော က ဇေယျသတ္တရုဆင် ဖြင့်လည်းကောင်း၊ ညီတော် မင်းရဲကျော်စွာက သန်မြန်စွာဆင် ဖြင့်လည်းကောင်း အသီးသီးတိုက် ရာအင်းဝတပ် ၂ ဖွဲ့ကွဲလေသည်။ နောက် ဟံသာဝတီမှ သီရိဇေယျနော်ရထာ က ရတနာပြောင်ကျော် ဆင်ဖြင့်လည်းကောင်း၊ရာဇသင်္ကြန်က ရဲလုလင်ဆင်ဖြင့်လည်းကောင်း ထပ်ကူပြီးတိုက်ရာ အင်းဝတပ်များ မြို့တွင်းသို့ပြန်ဝင်ရလေသည်။မဝင်နိုင်ပဲ ကျန်သည့် ဆင်၇စီး၊မြင်း ၃၀ ကျော်နှင့် စစ်သည်၄၀ဝ ကျော်တို့ကို သုံ့ပန်းအဖြစ်ရလေသည်။နောက် လုံးတော်ပေါက်ကို ပတ်ကာ တပ်တည်နေသည်။
- တောင်ငူမင်းခေါင်တပ်များ တံတားဦးအရောက်တွင် အင်းဝနရပတိ က ဆင် ၈၀၊မြင်း ၂၀ဝ၀ ဖြင့်ဆီးကြိုတိုက်ရာ ဟံသာဝတီမှ သမိန်သံလိုက်က ငရက်နွယ်ဆင်၊စည်သူကျော်ထင်က နာဂါဝရ ဆင်တို့ဖြင့်တိုက်ရာ အင်းဝမြင်းတပ်များပျက်ကာဆင်တပ်လည်း တန့်လေသည်။နောက် ဟံသာဝတီမှ တောင်ငူမင်းခေါင်က စောရန်နှင် ဆင်၊သမိန်ရဲသင်ရံက စွယ်လမန်ဆင်၊ဘယဂါမဏိက မာတင်ပြောင်မွန်ဆင်တို့ဖြင့် တိုက်ရာ အင်းဝတပ်လုံးလုံးပျက်ကာ မြင်း ၅၀ကျော်၊လူ ၂၀ဝ ကျော်ကိုသုံ့ပန်းအဖြစ်ရသည်။နောက် တောင်ဘီလူး ပရက္ကမတ် ကိုပတ်ကာ တပ်တည်နေသည်။
ထိုသို့ ဘုရင့်နောင်နှင့် သတိုးဓမ္မရာဇာတို့က စစ်ကိုင်းမှတစ်ဆင့် ရွှေကြက်ယက်မှအင်းဝ၊ မင်းခေါင်က တောင်ဘီလူး ပရက္ကမ မှအင်းဝ၊ မင်းရဲကျော်ထင်က လုံးတော်ပေါက်မှ အင်းဝအသီးသီး ဝန်းရံမိလျှင် အင်းဝမှာ လွတ်ပေါက်မရှိတော့ ပဲဟံသာဝတီတပ်များ၏ တိုက်ခိုက်ခြင်းကို ခံရလေတော့သည်။သို့ဖြင့် သက္ကရာဇ် ၉၁၆ ၊တပို့တွဲ လပြည့်ကျော် ၄ ရက်၊တနင်္ဂနွေနေ့ ညနေအချိန်တွင် အင်းဝကျလေသည်။အင်းဝမင်း နရပတိ လည်းကျွန်ယုံ ၅ ယောက်ဖြင့် အုန်းဘောင်စော်ဘွား စစ်ကူလာမည့် ဆင်ခေါင်းအရပ်သို့မှန်းဆ လျှက် သွားရာ မက္ခရာအရောက်တွင် ဟံသာဝတီတပ်များက ဖမ်းမိလေသည်။ဘုရင့်နောင်လည်း နရပတိ ကိုသနားသည်ရှိသဖြင့် မသတ်စေပဲ အလုပ်အကျွေး သုံးကျိပ်ဖြင့် ကောင်းမွန်စွာနေစေသည်။ဟံသာဝတီသို့ပြန်ရာတွင်လည်း ခေါ်ဆောင်သွားခဲ့သည်။(ထိုသို့အသက်မှလွတ်ကာ ကျေးဇူးပြုခြင်းသည် အကြီးအကျယ်အကျိုးရှိသည်ကို နောင်တွင်တွေ့ရပေသည်။)
အင်းဝကိုရလျှင် ညီတော် မင်းရဲကျော်ထင်အား သတိုးမင်းစော ဘွဲ့ဖြင့် အင်းဝတွင် ဘုရင်ခံတင်သည်။(နောင်တွင် သမီးတော်နှင့်လည်းလက်ဆက်ပေးသည်။ဦးရီးနှင့်တူမ ကိုလက်ဆက်ပေးခြင်းဖြစ်သည်။ထို့ကြောင့် သတိုးမင်းစော မှာ ညီလည်းဖြစ်၊သားမက်လည်းဖြစ်သည်။)
[ပြင်ဆင်ရန်] ရှမ်းစော်ဘွားများကို အောင်နိုင်ခြင်း
- အင်းဝကိုရပြီးလျှင် အုန်ဘောင်ခုံမှိုင်း၏ သားစားသည့် စဥ့်ကူးကိုတိုက်ပြီးအောင်လျှင် သက်တော်ရှည် ကိုမြို့စားခန့်သည်။
- အင်းဝသို့စစ်ကူလာသည့် မိုးကောင်း၊မိုးညှင်း နှင့် ကလေးစော်ဘွားတို့၏ တပ်များသာဝတ္တိတွင် တပ်ချနေသည်ကို တိုက်ပြီးပျက်လျှင် ပခန်းကြီးစား၊ဒီပဲယင်းစား (မိုးညှင်းစော်ဘွား၏ယောက်ဖ) နှင့်စည်ပုတ္တရာ စားတို့ ကျွန်ခံလာကြသည်။
- မိုးညှင်းစော်ဘွား၏တူ ဝန်းသိုစား တပ်ချနေသည့် တဆယ်ရွာကို ညီတော် အင်းဝဘုရင်ခံ သတိုးမင်းစောတိုက်ခိုက် အနိုင်ယူသည်။
နောက်သာဝတ္တီတွင်တပ်ပျက်ပြီးမြေဒူးတွင် တပ်ချနေသည့်စော်ဘွားတပ်သုံးတပ်ကိုတဆက်တည်းတိုက်သည်။စော်ဘွားတပ်များ ပျက်ပြန်သည်။
- ညီတော် ပြည်ဘုရင်ခံ သတိုးဓမ္မရာဇာ၏ရေတပ်များက ဓပ္ပါယ်နဂိုရ်၊ကြံညှပ်၊တကောင်း၊ချွန်တောင်၊မြတောင် နှင့်ထီးကျိုင်း အစရှိသည့် မြို့များကို တိုက်ခိုက်သိမ်းသွင်းသည်။
ထိုနောက် ဘုရင့်နောင်သည် မြေဒူးအထိချီတက်ကာ အထက်တစ်လွှားတည်ငြိမ်ရေးအတွက် လက်ရမြို့များတွင် မိမိသစ္စာခံ အမတ်များကိုမြို့စားခန့်လေသည်။
- သက်ရှည်ကျော်ထင် အား မြေဒူး
- လက်နက်ချ ဒီပဲယင်းစားအား သီဟပသေ့ဘွဲ့ဖြင့် ပခန်းကြီး
- လက်နက်ချ ပခန်းကြိးစားအား ဇေယျသင်္ကြန်ဘွဲကဖြင့် မြေထဲ
- လက်နက်ချ စည်ပုတ္တရာစားကို သင်္ခယာဘွဲ့ဖြင့် ဗဒုံ
- ဇေယျထီးလှိုင်အား စည်ပုတ္တရာ
- ကမ်းနီစား နှင့် အမြင့်စားတို့ကို စားမြဲအတိုင်း
အသီးသီးသစ္စာပေးကာ ခန့်ထားလေသည်။ပြီးလျှင် မြေဒူးမှ အင်းဝသို့ပြန်ရာ ၉၁၇၊ကဆုန်လဆန်း ၂ ရက်၊စနေနေ့တွင် ရောက်ကာ ဟံသာဝတီသို့ နယုန်လပြည့်ကျော် ၁ ရက်၊သောကြာနေ့တွင်ရောက်ရှိသည်။
[ပြင်ဆင်ရန်] သာဿနာရေးဆောင်ရွက်ခြင်း၊နိုင်ငံတော်အားပြုပြင်ခြင်း
ဟံသာဝတီသို့ပြန်ရောက်ပြီးလျှင်သာဿနာရေး နှင့် ပတ်သတ်ပြီး ဆောင်ရွက်လေတော့သည်။
- တောင်ငူရှိ ခမည်းတော် မင်းရဲသီဟသူ၏ကောင်းမှုဖြစ်သည့် မြစည်းခုံစေတီကို ထီးတော်တင်ရန် ရွှေ ၅ ပိဿာ ၃၅ ကျပ်သားကို ညီတော် တောင်ငူမင်းခေါင်အားပေးသည်။
- ခမည်းတော်၏ဆရာတော် ရှင်သဒ္ဒမ္မပါလ အားဇေတဝန်ကျောင်းနှင့် အရံကျောင်း ၃၀ ဆောက်ကာလှုဒန်းသည်။
- သီရိလင်္ကာရှိ ဓမ္မပါလ မင်း၏ဖိတ်ကြားချက်အရ သီရိလင်္ကာရှိ စွယ်တော်မြတ်စေတီအား လုပ်ကျွေးရန် မြေ ငွေ ၁၀ဝ ဖိုးဝယ်ကာလှုဒန်းသည်။ ရွှေ၊ငွေ၊ကျောက်သံပတ္တမြား အများအပြားပင် သင်္ဘောဖြင့် စေလွတ်ပူဇော်စေသေးသည်။
- သက္ကရာဇ် ၉၁၇ ၊တပေါင်းလပြည့်ကျော် ၃ ရက်တွင် ကျုက်ထီးရိုးဘုရားသို့ စစ်အင်္ဂါလေးပါးဖြင့်ချီတက်ပြီး ထီးတင်သည်။မိမိဆောင်းသည့် ဦးဗောင်းတော်ကိုဖျက်ကာ ရွှေချိန် ၇၅ ကိုထီးစလောင်းပြုပြီးလှုပြန်သည်။
- သမိန်ထောရာမကို ဦးဦးဖျားဖျားအောင်နိုင်ရာအရပ်တွင်မြို့သစ်တည်ပြီး မဟာသံဃရာဇာ ကိုကျောင်းဆောက်လှုသည်။
- မြတ်စွာဘုရားဟောကြားသည့် တရားတော်များကို မွန်၊မြန်မာ၊ယွန်း ဆရာတော်များထံအပ်ကာ သင်ကြားပို့ချစေသည်။
[ပြင်ဆင်ရန်] နတ်တော်လှန်ရေး
ဘုရင့်နောင် နန်းတက်စက လူအများသည် လွှွဲမှားသည့် အယူများဖြင့် နတ်ပူဇော်ပသခြင်းအလေ့တွင် တည်ကြသည်။အထူးအဖြင့် အတက်တစ်လွှားရှိ ပုဂံနှင့် အနီးအပါးဒေသများတွင် နှစ်စဉ် နတ်များအား ကျွဲ၊နွား၊ဝက်၊ကြက်များ သတ်ကာအိမ်ရှေ့တွင် ထိုတိရိစ္ဆာန်တို့၏ ဦးခေါင်းများကို ကြိုးဖြင့်သီကာ ချိတ်ဆွဲထားဖြင်းဖြင့်ပူဇော်လေ့ရှိသည်။ထိုသို့ရိုင်းစိုင်းလှသည့် အယူဝါဒကို တားမြစ်ကာ ပပျောက်သည်အထိနှိမ်နှင်းခဲ့သည်။ထို့အပြင် ပသိကုလားတို့၏ ဘက္ကရီအစ် အထိမ်းအမှတ်တွင် ကျွဲနွားသတ်သည့် ဓလေ့ကိုလည်းတားမြစ်သေးသည်။
[ပြင်ဆင်ရန်] ရှမ်းစော်ဘွားတို့၏အယူမှားများကိုပြုပြင်စေခြင်း
အထက်ရှမ်းနယ်တစ်လွှားတွင်လည်း စော်ဘွားတို့သေလွန်လျှင် ၄င်း၏ ဆင်မြင်း၊ကျွန်၊အခြွေအရံ တို့ကိုပါသတ်ပြီး အတူမြုပ်နှံသည့် အယူမှားကို ပယ်စေပြီးသာဿနာတော်တည်တံ့ပြန့်ပွားရေးအတွက် မိုးမိတ်နှင့်အုန်းပေါင်တို့တွင် စေတီတစ်ဆူကျစီတည်သည်။မိုးမိတ်တွင် ကျောင်းကြီးတစ်ဆောင်နှင့် အရံကျောင်း ၁၀ ဆောက်ကာ ကျမ်းဂန်တတ်ဆရာတော်များကို ကျောင်းထိုင်သီတင်းသုံးစေပြီး စော်ဘွားနှင့် မှူးမတ်များကို တစ်လ ၄ သီတင်း ဥပုပ်ဆောက်တည်စေသည်။မြို့ရွာများတွင်လည်း စစ်ကဲများကိုစော်ဖန်စေလျက် ပြည်သူများကို တရားနာစေသည်။
[ပြင်ဆင်ရန်] အတိုင်းအတာ တို့ကိုတစ်ပြေးညီဖြစ်စေခြင်း
ပြည်နယ်နှင့် ဟံသာဝတီမြို့တော်တို့ကို အလေးတင်းတောင်း ချိန်ခွင်တို့ကို တညီတည်းဖြစ်စေရန် တင်း၊ခွဲ၊စိတ်၊ပြည် အစရှိသဖြင့်၄င်း၊ ငွေကြေး စနစ်တွင်လည်း မူး၊ပဲ၊ကျပ်၊ဆယ်၊ရာ တို့ကို တညီတည်းရှိစေရန် သတ်မှတ်ခဲ့သည်။
[ပြင်ဆင်ရန်] ရှမ်းပြည်
သက္ကရာဇ် ၉၁၈ တွင်အုန်းဘောင်စော်ဘွား(စော်ဘွားပေါ်)လွန်၍ ညီတော်စဆိုင်းလုံ ဆက်ခံသည်တွင် မိုးနဲစော်ဘွားမကျေနပ်လေသဖြင့်အုန်းဘောင်ကို တိုက်ခိုက်လာသည်။အုန်းဘောင်စော်ဘွားသစ်ကလည်း မင်းတရားကြီးထံ လက်ဆောင်များဆက်သပြီး အကူတောင်းလာသည်။သို့သော် မည်သို့မှအရေးမဆိုရသေးခင်ပင် မိုးနဲစော်ဘွားအတင်းတိုက်သဖြင့် အုန်းဘောင်ကျကာ စော်ဘွား စဆိုင်းလုံ လည်းသေပြန်သည်။
ထိုသို့ရှမ်းပြည် တလွှားတွင် မငြိမ်မသက်ရှိစဉ် မင်းတရားကြီးလည်း ရှမ်းပြည်ကိုလက်နက်နိုင်ငံအတွင်းသွပ်သွင်းရန်အတွက် စစ်တပ်ကြီးဖွဲ့ကာ စစ်ကြောင်းသုံးကြောင်းခွဲပြီးချီလေသည်။
- "ကင်းတားရွာငံကြောင်း"ချီတပ်တွင် ညီတော်တောင်ငူမင်းခေါင် နှင့် သားတော်မဟာဥပရာဇာတို့ကိုဦးစီးစေစည်။ မြင်း ၅ တပ် နှင့် ဆင် ၁၁ တပ်ပါဝင်ပြီး စုစုပေါင်းအင်အားမှာ ဆင် ၃၀ဝ၊မြင်း ၆၀ဝ၀ နှင့်သူရဲ၁၂၀ဝ၀ဝ ဖြစ်သည်။ဟံသာဝတီမှ ကေတုမတီ(တောင်ငူ)၊ ထိုမှတစ်ဆင့် လှိုင်းတက်ကိုတိုက်ကာ ကင်းတားရွာငံကြောင်းချီသည်။
- "အင်းဝ-ဆင်ခေါင်းကြောင်း"ချီတပ်ကိုအင်းဝဘုရင်ခံသတိုးမင်းစော ဦးဆောင်သည်။မြင်း ၅ တပ် နှင့် ဆင် ၁၁ တပ်ပါဝင်ပြီး စုစုပေါင်းအင်အားမှာ ဆင် ၃၀ဝ၊မြင်း ၆၀ဝ၀ နှင့်သူရဲ၁၂၀ဝ၀ဝ ဖြစ်ကာ "ကင်းတားရွာငံကြောင်း"ချီတပ်နှင့် အတူတူပင်ဖြစ်သည်။ အင်းဝမှဆင်ခေါင်း၊ထိုမှ အုန်းဘောင်သို့ချီတက်သည်။
- "ရေကြောင်းချီတပ်တော်"တွင် မင်းတရားကြီးကိုယ်တိုင်ဦးစီးကာချီသည်။ရှေ့ချီတပ် ၁၅ တပ်ထားကာ အလယ်တွင် မင်းတရားကြီး၏ တပ်မကြီး လိုက်သည်။ နောက်တွင် ပြည်ဘုရင်ခံ သတိုးဓမ္မရာဇာဦးစီးသည့် ၆ တပ်လိုက်ရသည်။တပ် ၂၂ ပေါင်းအင်အားမှာ ရဲလှေပေါင်း ၁၅၀ဝ၊လှော်ကားသံလှေ ၃၀ဝ၊ရိက္ခာတင်လှေ ၁၀ဝ၀ နှင့် စစ်သူရဲ ၁၂၀ဝ၀ ပါဝင်သည်။
- ရေကြောင်းချီတပ်မကြီး ပုဂံ အရောက်တွင် ကုသိုလ်ကောင်းမှုပြုပြီး တလုပ်မြို့သို့ဆက်လက်ချီတက်သည်။ တလုပ်အရောက်တွင် မိုးညှင်းစားယောက်ဖဖြစ်သူ ပခန်းကြီးစားနှင့် ဗဒုံစားတို့လာရောက်ခစားပြီး မိုးညှင်းစားအားအရဖမ်းကာဆက်သမည့်အကြောင်းလျှောက်တင်သည်။ထိုမှဆက်လက်ထွက်ခွာလာပြီး အင်းဝတောင်ဘက် တောင်ဘီလူး အရောက်တွင် တပ်ချကာနေစဉ် သုံးဆယ်စော်ဘွားက ဆင်နှစ်စီး နှင့်သမီးတော် ကိုလည်းကောင်း၊မှိုင်းလုံစော်ဘွား(အုန်းဘောင်စော်ဘွားကြီး၏မြေး)ကလက်ဆောင်များ နှင့် သမီးတော်ကို လည်းကောင်းအသီးသီးဆက်သလာသည်။
- ကင်းတားရွာငံကြောင်းချီတပ်မကို ရှေ့သို့တိုးကာ သုံးဆယ်မှ မိုးညှင်း၊မိုးမိတ် တို့ကိုတိုက်ရန်အမိန့်ပေးကာ သုံးဆယ်စော်ဘွားနှင့်
မှိုင်းလုံစော်ဘွား တို့ကိုပါ ထိုတပ်နှင့်အတူလိုက်ပါချီတက်စေသည်။
- နောက် မင်းတရားကြီးသည် အင်းဝမှ ဖောင်တော်ဖြင့် အညာသီဟတော တိုင်ချီသည်။ ဘယနန်သူ နှင့် ဒေဝကူမ္မာ တို့ကိုမူ ဆင်၁၅၀၊မြင်း ၁၀ဝ၀ ပါကြည်းတပ်ဖြင့် ဧရာဝတီမြစ်ကြောင်းအတိုင်း စမ္ပါယ်နဂိုရ် သို့ချီတက်စေသည်။မင်းတရားကြီး သီဟတော အရောက်တွင် ကုသိုလ်ကောင်းမှုပြုအပြီး စမ္ပါယ်နဂိုရ် တစ်ဖက်ကမ်းရှိ မလည်အရပ်တွင် တပ်ချရပ်နားကာနေသည်။ နောက်တပ်ကို ကြည်း၊ရေ ပြန်ဖွဲ့စည်းပြီးမှ မိုးမိတ်သို့ချီတက်သည်။
မိုးမိတ်သို့မရောက်မှီ တစ်စခန်းအလိုတွင် မိုးမိတ်စော်ဘွားလည်း တိုက်ဆင် ၅၀၊မြင်း ၂၀ဝ၀ ရဲမက် ၄၀ဝ၀ဝ ဖြင့် သား၊သားမက် နှင့် ညီ တို့ကိုစေလွှတ်ပြီးစီးကြိုတိုက်စေသည်။သို့သော် မင်းတရားကြီးတပ် မှာအင်အားကြီးလှသည့်အတွက် မခံနိုင်ပဲ ပြေးရလေရာ ဆင် ၆ စီး၊မြင်း ၇၀ ကျော် နှင့် လူ ၈၀ဝ ကျော်ကို ဖမ်းရလေသည်။မိုးမိတ်စော်ဘွားလည်း မြို့တွင်းမှ မခံဝံ့သဖြင့် အုန်းဘောင်သို့ ကူးကာပေါင်းရန်ပြေးလေသည်။ညီတော် ပြည်ဘုရင်ခံ သတိုးဓမ္မရာဇာ တပ် ၉တပ်ဖြင့်နောက်မှ အပြင်းလိုက်သည်။
အုန်းဘောင်မရောက်မှီတွင် ညီတော် တောင်ငူမင်းခေါင်၊သားတော် မဟာဥပရာဇာတပ် နှင့် အင်းဝ သတိုးမင်းစောတပ်တို့ ပေါင်းမိကာ ချီတက်ကြသည်။တောင်ငူမင်းခေါင်အား တပ်၈တပ်ဖြင့် လက်ယာကြောင်း၊အင်းဝ သတိုးသတိုးမင်းစော ၉တပ်ဖြင့် လက်ဝဲကြောင်း၊သားတော် မဟာဥပရာဇာက တပ် ၈တပ်ဖြင့် အလယ်ကြောင်းအသီးသီးချီတက်ကာ အုန်းဘောင်မရောက်မှီတွင် အုန်းဘောင်စော်ဘွားက ဆင် ၁၅၀၊မြင်း ၃၀ဝ၀၊သူရဲ ၇၀ဝ၀ဝဖြင့်သားတော်မဟာဥပရာဇာတပ်ကိုတိုက်လာသည်။ တောင်ငူမင်းခေါင်တပ်က ကူညီတိုက်ပေးကာ အင်းဝ သတိုးမင်းစောတပ်က အုန်းဘောင်မြို့ကို ဝင်တိုက်သည်။ထိုသို့ဖြင့် အုန်းဘောင်လည်း လက်အောက်ခံဖြစ်ရပြန်သည်။မိုးမိတ်တွင် မင်းတရားကြီး စံနေစဉ် မိုးညှင်းလက်အောက်ခံဖြစ်သည့် မိုးလ၊မိုးဝန်း၊စကားတောင် အစရှိသည် မြို့ရွာများမှ မြို့စားများလည်း လာရောက် လက်နက်ချခိုလှုံကြသည်။ထွက်ပြေးသည့် မိုးညှင်းစားကို ပြည်သတိုးဓမ္မရာဇာ ဖမ်းမိပြီး လက်ရောက်ဆက်သသည်။ထိုနောက် မိုင်းလုံစား နှင့် သုံးဆယ်စားတို့ကို သစ္စာပေးကာ အဆောင်အယောင်များချီးမြှင့်သည်။ အုန်းဘောင်စော်ဘွားနှင့် မိုးညှင်းစော်ဘွားတို့ကိုမူ သားမယားနှင့်တကွ ဟံသာဝတီသို့ပို့စေသည်။
နောက် သားတော်ညီတော်များ၊အမှုးအမတ်များနှင့်တိုင်ပင်ပြီး မိုးညှင်းနှင့် မိုးကောင်း သို့ချီတက်ရန်အတွက် စစ်ပြင်သည်။
- သားတော် မဟာဥပရာဇာကို တပ်၇တပ်ဖြင့် လက်ယာကြောင်း
- ပြည်သတိုးဓမ္မရာဇာကို တပ်၇တပ်ဖြင့် အလယ်ကြောင်း
- အင်းဝသတိုးမင်းစောကို တပ်၁၀တပ်ဖြင့် လက်ဝဲကြောင်း
- ထိုတပ်များနောက်တွင်မှ မင်းတရားကြီး၏ တပ် ၁၆ တပ်ပါတပ်မကြီး
- နောက်ဆုံးတွင်မှ တောင်ငူမင်းခေါင်ကို တပ်၁၀တပ်ဖြင့် နောက်ချန်တပ်အဖြစ် အသီးသီးချီတက်စေသည်။
မိုးကောင်း၊မိုးညှင်းစားတို့လည်းမင်းတရားကြီးချီတက်လာသည်ကိုကြားလျှင် မြို့မှထွက်ကာ နွယ်ပတ်ပုတော တွင် တပ်ချကာအခိုင်အလုံနေသည်။ထိုအကြောင်းကို ရှေ့မှချီသည့်တပ် ၃ တပ်ကြားလျှင် အောင်ပွဲယူရန် အပြိုင်အဆိုင်ချီတက်ရာ အင်းဝသတိုးမင်းစော ဦးစွာရောက်ပြီးတိုက်ခိုက်အောင်မြင်သည်။သားတော်မဟာဥပရာဇာတပ်နောက်မှရောက်ပြီး လူသူသုံ့ပန်းများဖမ်းဆီးသည်။
ထိုအခါ မိုးကောင်းစားလည်း လက်နက်ချ အညံ့ခံသည့်အနေဖြင့်အ သက်မှလွတ်ရန်မိုးညှင်းစားကို ဖမ်းပြီးဆက်သလာကာ တောင်းပန်သဖြင့် သစ္စာပေးကာ စားမြဲအတိုင်း မိုးကောင်းကို ဆက်စားစေသည်။မိုးညှင်းကိုမူ သစ္စာခံသူ ဒီပဲယင်းစားအား ပေးစားပြီး "ဇလုံ" ဟူသောဘွဲ့နှင့် စော်ဘွားကြီးအရာကိုလည်းပေးသည်။မိုးညှင်းစော်ဘွား၏သားကိုမူ "မိုးလုံ"ဘွဲ့ဖြင့် ဒီပဲယင်းကိုစားစေသည်။သို့ဖြင့် ရန်အပေါင်းကုန်စင်လျှင် မင်းတရားကြီးသည်သက္ကရာဇ် ၉၁၉၊ကဆုန်လဆန်း ၂ ရက် တွင် မိုးကောင်းမှ အင်းဝသို့ပြန်ပြီးကဆုန်လပြည့်ကျော် ၁၄ ရက်နေ့တွင် ရောက်သည်။အင်းဝတွင် အောင်ပွဲရမှုးမတ်များအား ဘွဲ့ထူး၊ဂုဏ်ထူးများချီးမြင့်ပြီးဝါဆိုလဆန်း ၆ ရက်တွင် အင်းဝမှထွက်ပြီး ဟံသာဝတီသို့ ဝါခေါင်လဆန်း ၁၃ ရက်တွင်ရောက်လေသည်။
အထက်ရှမ်းပြည်တလွှားကို လက်နက်နိုင်ငံအဖြစ်သိမ်းသွင်းအပြီးတွင် ယခင်ကတည်းက သစ္စာခံဖြစ်ခဲ့သည့် မိုးနဲစားမှာထောင်ထားခြားနားကာ သီပေါကိုတိုက်ခိုက်ပြီး သီပေါစော်ဘွားကိုသတ်လေသည်။နောက် သုံးဆယ်စော်ဘွားပိုင်နက်တိုင် ကျူးကျော်လေသည်။
ထိုအခါ မင်းတရားကြီးလည်း ရှမ်းပြည်သို့တဖန်ချီတက်ရန် စစ်ပြင်ဆင်လေသည်။
- သားတော်ပဟာဥပရာဇာကို ဆင်၃၀ဝ၊မြင်း ၃၀ဝ၀၊ရဲမက် ၈၀ဝ၀ဝ ပါတပ်၁၀ တပ်ဖြင့်လက်ယာကြောင်း၊
- တောင်ငူမင်းခေါင်ကို ဆင်၃၀ဝ၊မြင်း ၃၀ဝ၀၊ရဲမက် ၈၀ဝ၀ဝ ပါတပ်၁၀ တပ်ဖြင့်လက်ဝဲကြောင်း၊
- ပြည်သတိုးဓမ္မရာဇာကို ဆင်၃၀ဝ၊မြင်း ၃၀ဝ၀၊ရဲမက် ၈၀ဝ၀ဝ ပါတပ်၁၀ တပ်ဖြင့် အလယ်ကြောင်း၊
- အင်းဝသတိုးမင်းစောကို မိုးညှင်း၊မိုးကောင်း၊မိုးမိတ်စော်ဘွားတပ်များအားဦးစီးစေပြီး ဆင်၃၀ဝ၊မြင်း ၃၀ဝ၀၊ရဲမက် ၈၀ဝ၀ဝ ပါ တပ်၈ တပ်ဖြင့် ဆင်ခေါင်း၊သုံးဆယ်၊သီပေါ အထိ သီးသန့်ချီစေသည်။
- မင်းတရားကြီးကိုယ်တိုင် တပ်ပါင်း ၁၂ တပ်တွင် ဆင်၅၀ဝ၊မြင်း၆၀ဝ၀၊သူရဲ ၁၀ဝ၀ဝဖြင့် နောက်တပ်အဖြစ်ချီတက်သည်။
ဟံသာဝတီ မှ မိုးနဲသို့ ၉၁၉၊တန်ဆောင်မုန်းလဆန်း ၉ ရက်တွင် စတင်ချီလေသည်။
ဟံသာဝတီမှ ကေတုမတီ(တောင်ငူ) ထိုမှစစ်ကြောင်းဖြန့်ကာ အသီးသီးချီလေသည်။အလယ်ကြောင်းချီသည့်ပြည်သတိုးဓမ္မရာဇာ တပ်ကို မိုးနဲသစ္စာခံများဖြစ်သည့် မိုးဗြဲ၊နောင်မွန်၊ယောက်စောက်၊စကား စားများက အသီးသီးဆီးကြိုတိုက်ခိုက်ရာ ယောက်စောက်စားတပ်ကို တိုက်ပြီးအောင်မြင်ကာ နာစုံတောင်ရှိ မင်းတရားကြီးတပ်သို့ ပြန်ပူးပေါင်းပြီးနေသည်။ထိုမှ တပ် များကို စစ်ကြောင်း ၅ ကြောင်းဖြန့်ကာ ချီစေသည်။
မိုးနဲစားလည်း ညီတော် ပြည်သတိုးဓမ္မရာဇာတပ်ကို တောင်ကြားတစ်ခုအရောက်တွင် ထပ်မံတိုက်ရာ ပြည်မင်းလည်း မတိုက်သာသဖြင့် လွင်ပြင်သို့ဆုတ်သည်။ လွင်ပြင်ကျယ်ရာအရပ်ရောက်မှ နောက်မှ လိုက်လာကြသည့် မိုးနဲစော်ဘွားတပ်ကို ပြန်လှည့်ပြီးအပြင်းတိုက်လျှင် မိုးနဲတပ်ပျက်လေသည်။နောက် မိုးနဲသို့ဆက်လက်ချီတက်သည်။
ထိုအခါမိုးနဲစော်ဘွားလည်း ကြောက်ရွံလေသဖြင့် မြို့ကိုစွန့်ပြေးလေသည်။သို့သော် တပ်များဖြန့်ကာ ရှာစေသဖြင့် မိုးနဲစားလည်း သားတော် မိုင်းကိုင်စားကို လက်ဆောင်များနှင့် တကွဆက်သစေပြီး အသက်မှလွတ်ရန် လျှောက်ထားတောင်းပန်သည်။မင်းတရားကြီးလည်း သနားစိတ်ဖြစ်ကာ အသက်မှချမ်းသာပေးသည့်အပြင် စားမြဲအတိုင်း မိုးနဲကိုဆက်စားစေသည်။ နောက်ထွက်ပြေးတိမ်းရှောင်နေသောမိုးနဲသစ္စာခံများဖြစ်ကြသည့်ညောင်ရွှေ၊ယောက်စောက်၊မိုးဗြဲ၊ နောင်မွန်၊စကား စော်ဘွားများကိုလည်း ပြန်လည်သစ္စာပေးကာ စားမြဲအတိုင်းစားစေသည်။
[ပြင်ဆင်ရန်] ဇင်းမယ်
အေဒီ ၁၅၅၇ အရောက်တွင်ဘုရင့်နောင်မင်းကြီးသည် ဇင်းမယ်ကိုချီတက်တိုက်ခိုက်ရန် စီစဉ်လေသည်။အကြောင်းမှာ ဗညားပရံ အမည်ရှိအမတ်က"ဇင်းမယ်မှာ မြို့ရံ ၅၇ မြို့ရှိပြီး တစ်ကြိမ်မှ မပျက်စီးဖူးဟုကြော်ကြားသည်။ထို့ကြောင့်ဇင်းမယ်ကို ချီတက်သိမ်းပိုက်ကာ လက်နက်နိုင်ငံထူထောင်သင့်သည်။"ဟုလျှောက်သောကြောင့်ဖြစ်သည်။ဇင်းမယ်ချီစစ်ကြီးတွင်
- သားတော်မဟာဥပရာဇာကို တပ် ၁၀ တပ်ဖြင့်ရှေ့ဖျားချီတပ်၊
- ထိုနောက်မှ အင်းဝသတိုးမင်းစော အား တပ် ၈ တပ်ဖြင့်၊
- ထိုနောက်မှ ပြည်သတိုးဓမ္မရာဇာ အား တပ် ၁၀ တပ်ဖြင့်၊
- ထိုနောက်မှ မင်းတရားကြီးက တပ် ၁၂ တပ်ပါတပ်မကြီးဖြင့်၊
- နောက်ဆုံးမှ တောင်ငူမင်းခေါင်က တပ် ၁၀ ဖြင့် နောက် ချန်တပ်အဖြစ် အစဉ်အတိုင်းချီလေသည်။
စစ်ချီလမ်းကြောင်းမှာမိုးနဲမှ သံလွင် ဓါးဝင်ဆိပ်၊ဓါးဝင်ဆိပ်မှ ဖောင်များဖြင့် သံလွင်မြစ်ကို ဖြတ်ပြီးတစ်ဖက်ကမ်းအရောက်တွင် တပ်များဖြန့်ကာချီစေသည်။
- သားတော်မဟာဥပရာဇာတပ်ကို လက်ယာကြောင်း၊
- ပြည်သတိုးဓမ္မရာဇာတပ်ကို အလယ်ကြောင်း၊
- အင်းဝသတိုးမင်းစောတပ်ကို လက်ဝဲကြောင်း၊
- ထိုနောက်မှ မင်းတရားကြီး နှင့် တောင်ငူမင်းခေါင်တပ်များ လိုက်သည်။
ဇင်းမယ်မင်း ဗြစဲစစ် သည်ဟံသာဝတီတပ်များချီတက်လာသည်ကို ကြားလျှင် မြို့ကို အခိုင်အလုံဖြစ်စေရန် ကျုံး၊မြောင်း၊ကတုတ်၊ ရင်တားတို့ကို ပြင်ဆင်ကာအမြောက်၊လက်နက်များကိုလည်း မြို့ရိုးပေါ်တင်ကာစောင့်လေသည်။မင်းတရားကြီးလည်း ဇင်းမယ်ရောက်လျှင် မြို့မြောက်ဖက်တွင် "ရတနာအောင်ထင်"ဟုသမုတ်ကာ တပ်ချနေသည်။
ဇင်းမယ်သို့တပ်များအလုံးစုံရောက်လျှင် တပ်မှုးများကို ခေါ်ကာ ညီညီညာညာတိုက်ရန်အချိန်းအချက်ပေးပြီး၊ အမိန့်မလိုက်နာလျှင် သတ်စေဟုမိန့်သည်။သတ်မှတ်သည့်အချိန်ရောက်သည်နှင့် တပြိုင်နက် တပ်များက ရွတ်ရွတ်ချွံချွံ တပြိုင်နက်တိုက်သဖြင့် ခဏတွင်းနှင့် ဇင်းမယ်မြို့တစ်ခြမ်းပျက်တော့သည်။ထိုအခါမှ ဇင်းမယ်မင်းဗြစဲစစ်လည်း ကြောက်ရွှံသဖြင့် လက်ဆောင်များနှင့် အညံ့ခံလာလေသည်။မင်းတရားကြီးလည်း အသက်မှလွတ်သည့်အပြင် ရာထူးမှလဲမချပဲ သစ္စာပေးပြီးဇင်းမယ်မြို့ကိုသာ မင်းအဖြစ် ဆက်လက်အုပ်ချုပ်စေသည်။ထို့ပြင် ဇင်းမယ်မြို့ရံ ၅၇ မြို့မှ မြို့စားများကို ခေါ်ယူစေပြီး အသီးသီး သစ္စာပေးကာ စားမြဲအတိုင်း ဆက်လက်စားစေသည်။
နောက်ဇင်းမယ်ရှိ ပျက်စီးနေသော ဘုရားကျောင်းကန်များကို ပြုပြင်ခြင်း၊ပိဋိကပ် တော်များကို ပို့ချပြန့်ပွားစေခြင်းတို့ကို ပြုသည်။နောက် ဇင်းမယ်မှ လက်မှုအနုပညာရှင်များ၊ဆေး၊ဆင်၊မြင်း ကျွမ်းကျင်သူများ ကိုဟံသာဝတီသို့ ခေါ်ဆောင်ကာ အကွက်ချနေထိုင်စေသည်။ထိုနောက် ဗညားဒလ နှင့် ဗညားစက်တို့ကို ဆင် ၁၀ဝ၊မြင်း ၁၀ဝ၀ နှင့် သူရဲစစ်သည် ၁၀ဝ၀ဝ ဖြင့် ဇင်းမယ်တွင် မြို့စောင့် အဖြစ်ထားခဲ့သည်။ယိုးဒယား နယ်စပ်တွင်လည်း ကင်းတို၊ကင်းရှည်များကို စီရင်စေသည်။နောက် မိုးနဲမှ အင်းဝသို့ပြန်မည်ဟုမိန့်ကာ မိုးနဲသို့ပြန်လေသည်။
ဇင်းမယ်ချီတပ်တွင် မကျန်းမာဟုဆိုကာ လိုက်ပါအမှုထမ်းခြင်းမရှိသည့်မိုးနဲစားနှင့် ညောင်ရွှေစော်ဘွား၊ ယောက်စောက် စော်ဘွား တို့သည် သံလွင် ဓါးဝင်ဆိပ် တံတားကိုဖျက်ခြင်း၊အစောင့်ရဲမက် ၃၀ဝ ကျော်ကိုသတ်ခြင်းတို့ကို ပြုလုပ်ကာ ပုန်ကန်တော့သည်။ သို့သော် သံလွင်မြစ်ကို ရအောင် ဖြတ်ကူးမိသည်နှင့် တပြိုင်နက် ထိုစော်ဘွားများက အကြောင်းအမျိုးမျိုးပြကာ ခွင့်လွတ်ရန် တောင်းပန်ကြသဖြင့် အသက်မှလွတ်သော်လည်း အရာမှ နုတ်လေသည်။
- မိုးနဲကို စော်ဘွား၏သားဖြစ်သူ သိုခဲ၊
- ညောင်ရွှေကို စော်ဘွား၏သားဖြစ်သူ စမော်ခန် တို့အား အသီးသီး လွှဲအပ်စေပြီးအရာခန့်လေသည်။
- ထိုနောက် သိန္နီစော်ဘွား လည်းလာရောက် သစ္စာခံသည်။
[ပြင်ဆင်ရန်] ဇင်းမယ်သို့ပြန်ချီစေခြင်း
ထိုအချိန်တွင် ဇင်းမယ်မင်းလက်အောက်ရှိ ဗြဲ၊အနန်း၊လကွန်း၊တုရိုင်း စသည့်မြို့ရံများမှ မြို့စားများသည် လင်ဇင်းမင်းထံ ကူးပြောင်းသစ္စာခံပြီး ပုန်ကန်သည့်အတွက် ဇင်းမယ်မင်း ဗြစဲစစ်(ဗြစံစစ်)သည် မင်းတရားကြီးထံလျှောက်တင်ကာ စစ်ကူရန်တောင်းလေသည်။ထိုစစ်ကိုမူ အင်းဝသတိုးမင်းစောကို ဦးဆောင်ကာချီတက်စေသည်။စစ်အင်အားမှာ တပ်ပေါင်း ၁၇ တပ်တွင် ဆင်၅၀ဝ၊မြင်း ၆၀ဝ၀ နှင့် စစ်သည်သူရဲ ၁၄၀ဝ၀ဝ ဖြစ်သည်။ရွာငံကြောင်းချီကာ ညောင်ရွှေ၊မိုးနဲ၊ဓါးဝင်ဆိပ်မှ ဇင်းမယ် ဖြစ်သည်။ဇင်းမယ်သို့ရောက်လျှင် သတိုးမင်းစောသည် မြို့စောင့်ချန်ခဲ့သည့် ဗညားဒလ၊ဗညားစက်တို့နှင့်တိုင်ပင်ကာ အင်အားအလုံးအရင်းရှိသည့်တုရိုင်းသို့ချီတက်တိုက်ခိုက်လေသည်။ တုရိုင်းတွင် ရှိကြသည့် တုရိုင်းစား၊လင်ဇင်းမင်း၏ စစ်သူကြီးဗညားကင် နှင့် စစ်ကဲငသဉ်စုတ်၊ငသဉ်ဝင် တို့ကို အရှင်မိသည်။ထိုအခါ ဇဉ်းငသဉ်တွင် လာရောက်တပ်စွဲထားသည့် လင်ဇင်းမင်းလည်း ဆုတ်ခွာသွားလေသည်။ပုန်ကန်ကြသည့် ဗြဲ၊အနန်း၊ဇဉ်းငသဉ် စားများလည်း လင်ဇင်းသို့လိုက်ပြေးကြသည်။သတိုးမင်းစောလည်း တိုင်းပြည်ငြိမ်သက်အောင် စီမံပြီး အင်းဝသို့ပြန်သည်။
[ပြင်ဆင်ရန်] တရုတ်စော်ဘွားများခိုဝင်လာခြင်း
ထိုသို့ဇင်းမယ်ကို အလုံးစုံအောင်နိုူင်ပြီးလျှင် မိုးဝန်း၊ကိုင်းမား၊လသာ၊စန္ဒား တို့မှာ တရုတ်စော်ဘွားများလည်း အင်းဝသို့ ကိုယ်တိုင်သော်လည်းကောင်း၊ညီတော်များကိုသော်လည်းကောင်း အသီးသီးစေလွှတ်ကာ သစ္စာခံကြသည်။
အင်းဝမှ ဟံသာဝတီသို့ပြန်ရောက်လျှင် မင်းတရားကြီးသည် နဂိုကြံရွယ်ရင်းရှိသည့်အတိုူင်းကောင်းမှုတော် မဟာစေတီ ကိုတည်ရန်စိုင်းပြင်းလေသည်။အလျင်အမြန်ပင် တည်စေသည့်အတွက် ၆ လအကြာတွင် သံတောင် ၁၀ဝ၊အရပ်တော် ၁၅၀ ရှိသည့် မဟာစေတီကြီး တည်ထားကိုးကွယ်ခြင်းမှာ ပြီးမြောက်အောင်မြင်လေသည်။
၉၂၂ ၊ပြာသိုလပြည့်ကျော် ၂ ရက်နေ့တွင် ထီးတော်တင်ပွဲကျင်းပသည်။မိမိကိုယ်တိုင်ဆောင်းသည့် မင်းဆောင်း မကိုဋ်တော်ကို လည်းလှုသည်။စေတီတော်ကြီးအရှေ့တွင် ဥယျာဉ်တော်ကြီးဆောက်ကာ တာဝတိန်သာ ဟုအမည်ပေးသည်။ရွှေနန်းတော်ကိုလည်းဖျက်ကာ မဟာစေတီတွင် ဇေတဝန်ကျောင်းကြီး ၄ ကျောင်းနှင့်တကွ ကျောင်းရံ ၁၀ဝ ကိုလည်းလှုသည်။ ရွှေကျောင်းကြီး ၄ ကျောင်းတွင် ၅၅၀ ဇာတ်နိပါတ်များကိုရေးှဆွဲပူဇော်စေသည်။မဟာစေတီ တံတိုင်းအတွင်း သုဓမ္မာဇရပ်များဆောက်ကာ ရွှေချရန် ရွှေချိန် ၅၃ ပိဿာ၊၅ကျပ်နှင့် တစ်မတ်သား တိတိ လှုသည်။စေတီတော် တည်စဉ်က စံမြန်းသည့် ပြာသာဒ် သုံးဆောင်ကိုလည်း ဖျက်ကာ ကျောင်းဆောက်လှုသည်။
[ပြင်ဆင်ရန်] မဏိပူရနှင့်မြောက်ဖက်တစ်လွှား
၁၅၅၉မဟာစေတီကိုတည်နေစဉ်အတွင်း မဏိပူရ ကသည်းစော်ဘွားသည် အင်းဝပိုင်ဖြစ်သည့် မြောက်ဖက် မင်းခင်းအောက် ကျေးလက်များကို တိုက်ခိ်ုက်ထိပါးသည်ကိုသိရသည့်အတွက် စစ်ပြင်သည်။ယခုတစ်ကြိမ်တွင်မူ မင်းညီမင်းသားများကိုစေလွတ် တိုက်ခိုက်စေခြင်းမရှိပဲ မြို့စား၊ရွာစားများကိုသာ စေလွတ်တော့သည်။မဏိပူရချီတပ်မှာ
- ဗညားဒလကို အကြီးအမှုးခန့်ပြီး တပ် ၅ တပ်တွင် တိုက်ဆင် ၃၀ဝ၊မြင်း ၃၀ဝ၀၊ စစ်သည် ၅၀ဝ၀ဝ ဖြင့် ကြည်းကြောင်း၊
- ကန္နီစားကို အကြီးအမှုးခန့်ပြီး တပ် ၈ တပ်တွင် လှေ ၅၀ဝ၊ စစ်သည် ၅၀ဝ၀ဝ ဖြင့်ရေကြောင်း၊
- မိုးကောင်းစော်ဘွား၊မိုးညှင်းစော်ဘွား၊မိုးမိတ်စော်ဘွား များကိုလည်း မိမိတို့နောက်ပါတပ်များဖြင့် စန္ဒားကြောင်းမှ ချီတက်စေသည်။
ဟံသာဝတီမှ ချီတက်လာသည့် ကြည်း၊ရေတပ်များ နှင့်စောဘွားတပ်များပေါင်းစုံမိလျှင် ရေတပ်ကိုဖျက်ကာ ကြည်းတပ်ဖွဲ့သည်။ထိုနောက် ကလေးစော်ဘွားကို ကလေးကြောင်း၊သြော်စားကို ရှေ့တပ်ချီစေပြီး ယူးကြောင်း၊စော်ဘွားတို့၏ တပ်ပေါင်းကို စန္ဒားကြောင်း စစ်ကြောင်း သုံးရပ်ခွဲကာချီတက်လေသည်။ယူးကြောင်းမှ ချီသည့် ဗညားဒလသည် မဏိပူရစော်ဘွား ထံ စည်းစိမ်မပျက် အသက်ချမ်းသာရလိုလျှင် လက်နက်ချရန် ရာဇသံစေကာအကြောင်းကြားလေသည်။မဏိပူရစော်ဘွားလည်း ပြေးရန်ကြံနေစဉ်ပင် သံများရောက်လာသည်ကြောင့် မပြေးတော့ပဲ လက်နက်ချအညံ့ခံပါကြောင်း ယောက်ဖဖြစ်သူ ခုံစဲကြမ္မာ အားစေလွတ်လျှောက်ထားသည်။ ဗညားဒလ လည်းအညံ့ခံသည်ကို လက်ခံပြီး မြို့တွင်းသို့ဝင်ပြီး စော်ဘွားအား သစ္စာပေးသည်။နောက် တစ်မြို့လုံးထိပ်လန့်စေရန် သေနတ်၊အမြောက်တို့ကို မနားတမ်းပစ်ဖောက်စေသည်။နောက် စော်ဘွားအား မိစ္ဆာအယူကိုပယ်စေပြီး ဗုဒ္ဒဘာသာတွင်သက်ဝင်စေသည်။ စော်ဘွားသမီးတော်ကို အမတ်လေးပါး၊အခန်းအနားဖြင့် ဟံသာဝတီသို့အပ်စေသည်။နောက် မဏိပူရမှ ပြန်သည်။၁၅၆၁တွင် မင်းတရားကြီး ဟံသာဝတီတွင်ရှိနေစဉ်မိုင်းမော၊ မိုင်းနား၊စည်ခွင်၊ဟိုသာ၊လသာ၊စန္ဒား စော်ဘွားများက လာရောက်ကာ နယ်ပယ်များကိုထိပါးသည့်အတွက်သားတော် မဟာဥပရာဇာ အားတက်ရောက်နှိမ်နှင်းပြန်သည်။သို့ဖြင့် စစ်ကြောင်းလေးကြောင်းခွဲချီတက်ကြသည်။မိုင်းမောရောက်လျှင် စော်ဘွားတို့လည်း ကြောက်ရွံ့ပြီး သစ္စာခံကြသည်။
[ပြင်ဆင်ရန်] ယိုးဒယား(၁)
သက္ကရာဇ် ၉၂၅ (အေဒီ ၁၅၆၃)တွင် ဆင်ဖြူတော် လေးစီးရှိသည့် ယိုးဒယားမင်း မဟာချက္ကရာဖတ်(ဗြသာဓိရာဇာ)အား ဆင်ဖြုတစ်စီး ဆက်သရန် ဗညားဒလကို ရာဇသံစေသည်။“ဆင်ဖြူလေးစီး ရှိသည်အနက် တစ်စီးဆက်လျှင် ယိုးဒယားနှင့် မြန်မာသည် ရေနှင့်မြေကဲ့သို့ ဖြစ်စေမည်” ဟုဆိုလိုက်သည်။ထိုသို၊့ ဘုရင့်နောင်၏ ရာဇသံကို ရလျှင် ယိုးဒယားနန်းတွင်းတွင် စဉ်းစားရန်အတွေးတို့ဖြစ်လာသည်။ ဘုရင့်နောင်၏ လက်နက်နိုင်ငံမှာ အနောက်ဖက် မဏိပူရ မှ အရှေ့ဖက် ဇင်းမယ် အထိ၊မြောက်ဖက် တရုတ်စော်ဘွားများ၏ စန္ဒားမှ တောင်ဖက် တနင်္သာရီ တိုင်အောင်ကျယ်ပြန့်သည့်အတွက်ဆင်ဖြူဆက်ကာ လက်အောက်ခံရနိုးနိုး၊စစ်ပြိုင်ပြုနိုးနိုးဖြင့် အမှုးအမတ်၊မင်းညီမင်းသားတို့ နှစ်ဖက်ကွဲကာ အုပ်စုနှစ်စုအချေတင်ဖြစ်လေသည်။ သားတော် မင်းသား ဗြရာမသွန် နှင့် အမတ်ကြီး သြောက်ဗြစက္ကိ တို့က “ဆင်ဖြူပေးသည့်တိုင် ဘုရင့်နောင်၏ နယ်ချဲ့မှုကိုရပ်တန့်နိုင်မည်မဟုတ်။ပေးသော်လည်း လက်အောက်ခံပြုမည်သာဖြစ်သည်။ထို့ကြောင့် စစ်သာပြိုင်မည်”ဟု ဆိုပြီးဆင်ဖြူမဆက်ရန်လျှောက်တင်သည်။နောက်ဆုံးတွင် ဆင်ဖြူမဆက်လိုသည့်ဖက်က အနိုင်ရကာယိုးဒယားတို့က ဗညားဒလမှ အကြောင်းပြန်သည်မှာ...“ဆင်ဖြုရတနာဆိုသည်မှာ ဘုန်းကံပါရမီနှင့် ပြည့်စုံသူ ပြည်သနင်းမင်းတို့နှင့်သာ ထိုက်တန်သည်။ဟံသာဝတီမင်းတရား သာ တရားနှင့် အညီအုပ်ချုပ်လျှင် ဟံသာဝတီမင်း၏ နိုင်ငံအတွင်း၌ ဆင်ဖြူများအလွှဲမသွေ ပေါ်ထွက်လာမည်အမှန်ဖြစ်သည့်အတွက် ဆင်ဖြူမပိုင်ဆိုင်မည့်အရေးအတွက် စိုးရွံဖွယ်မရှိ”ဟူ၍ဖြစ်သည်။
ထိုအကြောင်းပြန်မှုကို ရလျှင်ဘုရင့်နောင်က တပင်ရွှေထီးလက်ထက်က ရံရုံသာ ရံခဲ့ရသည့် အယုဒ္ဓယအား အပြီးသိမ်းရန် စစ်ချီလေသည်။စစ်အင်အားမှာ တပ်ပေါင်း ၅၆ တပ်တွင် စစ်သည်၅၈၀ဝ၀ဝ၊ဆင်၁၆၀ဝ၊မြင်း ၂၀ဝ၀ဝ ဖြစ်သည်။ဟံသာဝတီမှ ကမန်ပိုက်၊သောက္ကတဲ၊ပိဿလောက်၊သုဝဏ္ဏလောက် နှင့် အယုဒ္ဓယ တိုင်ချီသည်။ပထမ ဆုံး တပ်အင်အားများစွာချထားသည့် ကမန်ပိုက်ကို တိုက်သည်။ကမန်ပိုက်စားကို သားမယားနှင့်မိသည်။ညီတော် ပြည်သတိုးဓမ္မရာဇာကို နှင့် အင်းဝ သတိုးမင်းစော အား တပ် ၂၈ တပ်နှင့် ပိဿလောက်၊ညီတော်တောင်ငူမင်းခေါင် နှင့် သားတော် မဟာဥပရာဇာ အားတပ် ၂၈ တပ်နှင့် သောက္ကတဲ ၊မင်းတရားကြီး ကိုယ်တိုင်ကမူ တပ် ၁၀ တပ်ဖြင့် သုဝဏ္ဏလောက်သို့ချီတက်သည်။သုဝဏ္ဏလောက် သာမက ပိတ်စဲစား သြယာပိတ်စဲ လည်းကျွန်ခံလာသည်။
- နောက် တပ်များပြန်စုစည်းကာ အယုဒ္ဓယ သို့ချီသည်။လမ်းတွင် ယိုးဒယားမင်း သားမက်ဖြစ်သူ သြယာဓမ္မရာဇာ(ဗြဓမ္မရာဇာ) အညံ့ခံသည်။ယိုးဒယားမင်း သားတော်အိမ်ရှေ့မင်း မဟာဗြရာမသွန်ရေကြောင်းမှ တိုက်သည်။ရှေ့ပြေးမြန်မာတပ် ၁၂ တပ်တို့အထိနာပြီး အကူအညီပေးလာသည့် နောက်တပ်များရောက်လာသည့်အတွက် ယိုးဒယားတပ်ပျက်သည်။အိမ်ရှေ့မင်းလည်းပြေးရသည်။
- လက်မလျှော့လိုသည့်ယိုးဒယားမင်းလည်း သားတော်ဗြမဟိန် နှင့် ဦးရီးတော် တို့နှစ်ဦးပေါင်းပြီး အင်အားအလုံးအရင်းဖြင့် လမ်းမှ
တိုက်စေသည်။သူကိုယ်တိုင်လည်း အင်အားများစွာဖြင့် နောက်မှလိုက်သည်။ လုံကလီ အရောက်တွင် မြန်မာရှေ့ပြေးတပ်နှင့် ယိုးဒယားတို့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ရာ နောက်မှ မြန်မာ စစ်ကူတို့ရောက်လာပြီး ဖိတိုက်သဖြင့်ယိုးဒယားတို့ တပ်ပျက်ရပြန်သည်။ထိုတိုက်ပွဲမှာ အဆုံးအဖြတ်ပင်ဖြစ်သည်။
- နောက်မှ ပါလာသည့် ယိုးဒယားဘုရင်လည်း သားတော်၊ညီတော် တပ်များပျက်၍ပြန်အလာတွင် ဖယိုဖရဲဖြစ်နေသည့် တပ်များကို ပြန်စုစည်းကာ အခိုင်အမာပြုပြီး လုံကလီတပ်မှ ခုခံသည်။မခံနိုင်သဖြင့် ဘုရင်၊သားတော်၊ညီတော်များ မြင်းဖြင့် ပြေးရသည်။
မင်းတရားကြီးလည်း လုံကလီတွင်ပင်စံနေပြီး ညီတော်၊သားတော်များကို အယုဒ္ဓယမြို့ကို ချီတက်ဝန်းရံစေသည်။တပ်များမှ မြို့တွင်းသို့ အမြောက်များ၊မီးပေါက်များ ဖြင့် အဆက်မပျက်ပစ်ခတ်သွင်းစေသည်။ယိုးဒယားမင်းလည်းနောက်ဆုံးတွင် မခုခံနိုင်တော့သဖြင့် ဆင်ဖြူတော် တစ်စီးဆက်သကာ အညံ့ခံမည့်အကြောင်း လျှောက်တင်လာတော့သည်။နောက်ဆုံးတွင် ယိုးဒယားမင်း ဗြသာဓိရာဇာသည် ဆင်ဖြူ၏ပေါက် ၂ စီး၊ဆင်ဖြူမ ၁ စီးနှင့်တကွ အခစားဝင်လာသည်။မင်းတရားကြီးလည်း ဗြသာဓိရာဇာ အားအရာမှနုတ်ကာဟံသာဝတီသို့လိုက်ပါစေပြီး သားဖြစ်သူ ဗြမဟိန် အားအယုဒ္ဓယ မင်းအဖြစ်တင်သည်။အခြားမြို့စားများကိုလည်း အသီးသီး သစ္စာပေးကာ စားမြဲအတိုင်းစားစေသည်။ထိုနောက် ယိုးဒယား မင်း ဗြသာဓိရာဇာ၊သားအငယ် ဗြရာမသွန် နှင့် အမတ်ကြီး သြောက်ဗြစက္ကိ၊ဆင်ဖြူ ၄ စီး၊ယိုးဒယား အနုပညာသည်များ၊အတတ်ပညာရှင်များကို ဟံသာဝတီသို့ခေါ်ဆောင်ကာ ပြန်လေသည်။
[ပြင်ဆင်ရန်] ဇင်းမယ်၊မိုင်းစံ
မင်းတရားကြီး ဟံသာဝတီ သို့ရောက်လျှင် သစ္စာခံ ယိုးဒယားမင်း ဗြစဲစစ်ပုန်ကန်လေသည်။ထို့ကြောင့် တပ်ကြီးဖွဲ့ကာ ချီတက်သွားရာ လပု သို့ရောက်လျှင် ဗြစဲစစ်တောင်းပန်ကာ အညံ့ခံသည်။သို့သော် ဇင်းမယ်မင်း၏ လက်အောက်ရှိ မြို့စားအချို့ လင်းဇင်းမင်းထံခိုလှုံရန်ပြေးသောကြောင့် နောက်မှလိုက်စေသည်။နောက် ပြည်ရွာအရေးကို စီမံပြီး ဟံသာဝတီတွင် ရှမ်းတို့ပုန်ကန်သည့်အရေးကို ဖြေရှင်းရန် နေပြည်တော်သို့ပြန်လေသည်။သားတော်ညီတော်များကို မိုင်းစံအားဆက်လိုက်တိုက်စေသည်။
[ပြင်ဆင်ရန်] ဟံသာဝတီ ရှမ်းသူပုန်တို့ကို နှိမ်နှင်းခြင်း
မင်းတရားကြီး ဇင်းမယ်သို့ချီစဉ် ဟံသာဝတီနေပြည်တော်ဝန်းကျင်တွင် အကွက်ချကာနေထိုင်စေသည့် ရှမ်းတို့သည် အကြီးအကဲတစ်ဦးကိုတင်မြှောက်ကာ "ဗညားကျန်းထော" ဘွဲ့ပေးပြီး ပုန်ကန်တော့သည်။အငအားစုစုပေါင်း ၃၀ဝ၀ဝ ကျော်မျှရှိသည်ဟုဆိုသည်။ ဟံသာဝတီမြို့စောင့်များဖြစ်ကြသည့် ဗညားအိန္န၊ဗညားပရံ၊တရဖျား၊တာနော၊ဘယသင်္ကြန်တို့လည်း မည်သို့စီမံရမည်ကို မသိသဖြင့် အင်းဝမှ ဖမ်းဆီးလာကာ အကျယ်ချုပ်ဖြင့်ထားသည့် နန်းကျဘုရင် နရပတိစည်သူကိုတိုင်ပင်ကြသည်။နရပတိစည်သူလည်း သစ္စာခံကာ ဦးစီး၍တိုက်ရန်သဘောတူလေပြီးတိုက်ရာ ရှမ်းတို့တပ်ပျက်ကာ ဒလသို့ ဆုတ်ပြေးသည်။မင်းတရားကြီးထိုသတင်းကိုကြားလျှင် ဟံသာဝတီသို့ အမြန်ပြန်လာပြီး မြို့တွင်းသို့ပြင်မဝင်ပဲ သူပုန်တို့ရှိရာ ဒလသို့သွားရောက်နှိမ်နှင်းတော့သည်။နိုင်လျှင် ရှိရှိသမျှသောသူပုန် ၇၀ဝ၀ ကျော်အား ဖမ်းခေါ်လာပြီး နေပြည်တော်ရောက်သော် စပ်ကြီးများဖြင့်လှောင်ထားပြီး မီးတိုက်သတ်စေသည်။ သံဃာတော်များတောင်းပန်သဖြင့် အကြီးအမှုး ၇၀ကျော်ကိုသာ သတ်စေသည်။ထိုကိစ္စပေါ်ပေါက်ပြီးနောက်တွင် မင်းတရားကြီးသည် လုံခြုံရေးအတွက် လက်ရှိ နေပြည်တော်ကို စွန့်ပြီး နန်းသစ်တည်ရန် ဆုံးဖြတ်လေသည်။
[ပြင်ဆင်ရန်] ယိုးဒယား(၂)
ယိုးဒယားအား ပမထအကြိမ် အောင်မြင်ပြီး ၅ နှစ်အကြာ သက္ကရာဇ် ၉၃၀(အေဒီ၁၉၆၈)တွင် ဒုတိယအကြိမ်ချီတက်ရန် အကြောင်းဖန်လာသည်။နန်းကျ ယိုးဒယားမင်းသည် ရဟန်းခံပြီးနောက် ဘုရားဖူးရန်ဟုအကြောင်းပြပြီး ယိုးဒယားသို့ပြန်သွားကာ သားဖြစ်သူ ဗြမဟိန် နှင့်ပူးပေါင်းပြီး ပုန်ကန်တော့သည်။ထိုသတင်းကို ပိဿလောက်စားသြယားပိဿလောက် (ယိုးဒယားဘုရင်၏ ယောက်ဖ)ကလာရောက် သတင်းပို့လာသောကြောင့် ဗညားလော၊ဗညားကျန်း၊ဗညားပရံတို့အား စစ်တပ်ကြီးဖွဲ့ကာ ယိုးဒယားသို့ချီစေသည်။ပိဿလောက်မှရောက်လာသော သြယားအား စော်ဘွားသောင်ကျည်ဘွဲ့ဖြင့် ထီးဖြူမကိုဋ်ကိုပါပေးသည်။ပိဿလောက်ကို တပ်များခေါ်ပြီး အခိုင်အလုံနေစေသည်။ထိုအခါ ယိုးဒယားမင်း သည် လင်ဇင်းမင်းကို ပါခေါ်ပြီး ပိဿလောက်ကိုလာရောက်တိုက်ခိုက်သည်။သို့သော် အခုအခံကောင်းလှသဖြင့် မြို့ကို ကျအောင်မတိုက်နိုင်ပဲရံနေရသည်။
မိုးကာလလွန်လျှင် မင်းတရားကြီကိုယ်တိုင် စစ်တပ်ကြီးဖြင့်ချီလာတော့သည်။အင်အားစုစုပေါင်းမှာတပ်ပေါင်း၅၉ တပ်၊စစ်သည် ၉၀၂၈၀ဝရှိသည်။ပိဿလောက်ရောက်အောင်အလျင်သွားပြီးမှ အယုဒ္ဓယသို့ချီသည်။ရောက်လျှင် မြို့ကိုလေးဖက်လေးတန်မှတိုက်သည်။စစ်ပွဲမှာပြင်းထန်လှသဖြင့် မြန်မာစစ်သည်တို့မှာ အလောင်းကိုပင်အကာအကွယ်ယူ၍တိုက်ရသည်ဟုဆိုသည်။တာဝန်ပေါ့လျော့သဖြင့် တပ်တွင်းကို မီးတိုက်ခံရသောကြောင့် စစ်ဆေးပြီးအပြစ်ရှိသည့် ဗညားစက်နှင့်စောတိုင်ခံတို့ကို ကွပ်မျက်သည်။ထိုသို့ မြို့ကိုရံစဉ်အတွင်းတါင် နန်းကျရဟန်းလူထွက် ယိုးဒယားဘုရင် ဗြသာဓိရာဇာ် လွန်သည်။မင်္သဂြိုလ်နိုင်သဖြင့် ပြဒါးသွပ်ကာ အလောင်းကိုထားရသည်။ယိုးဒယားဘုရင်ငယ် ကအညံ့ခံမည့်အကြောင်း အရေးဆိုလာသော်လည်း မင်းတရားကြီးက လက်မခံပေ။လင်းဇင်းမင်း ဗြစဲစစ် မငြိမ်မသက်ရှိပြန်သဖြင့် တပ်အချို့ကိုစေလွှတ်ပြီး နှိမ်နှင်းရာ လင်းဇင်းမင်းပြေးလေသည်။အယုဒ္ဓယမြို့တိုက်ပွဲတွင် အသေခံတပ်သားများဖြင့်တိုက်သည့်တိုင် ရဲမက် ၁၀ဝ၀ဝ ကျော်ကျသည်။နောက်ဆုံးတွင် မင်းတရားကြီးလည်း အကြံဖြင့် ပထမအကြိမ် ယိုးဒယားတိုက်စဉ်က ဖမ်းခေါ်လာသည့် ယိုးဒယားအမတ်ကြီး သြောက်ဗြစက္ကိ ကိုသစ္စာပေးပြီး မြို့တွင်းသို့ဝင်စေကာ အချိန်းအချက်ပေး၍ မြို့တံခါးကိုဖွင့်စေသည်။သို့ဖြင့် တိုက်၍မကျနိုင်သောမြို့ ဟုကြော်ကြားလှသည့် အယုဒ္ဓယပူရ သည် ဘုရင့်နောင်လက်သို့ကျဆင်းရတော့သည်။အမတ်ကြီး သြောက်ဗြစက္ကိကို ဂတိအတိုင်း ပိဿလောက်ကိုစားရန်ပေးသော်လည်း အမတ်ကြီးက ငြင်းဆန်သဖြင့် ဗညား ဘွဲ့ပေးကာ ဒဂုံကိုစားစေသည်။ ယိုးဒယားဘုရင်အဖြစ် သစ္စာခံ ပိဿလောက်စားအား သြယားဓမ္မရာဇာ(မဟာဓမ္မရာဇာ)ဘွဲ့ဖြင့် တင်မြှောက်သည်။
[ပြင်ဆင်ရန်] သီရိလင်္ကာ
ထူးခြားမှုတစ်ရပ်မှာ ၁၅၇၅တွင် ဟံသာဝတီရှိ ဘုရင့်နောင်အား သီရိလင်္ကာမှ ဓမ္မပါလမင်းက မိမိတိုင်းပြည်၊လူမျိုးနှင့် ဘာသာသာသနာကို ကုလားကျေးမင်းတို့က နှောင့်ယှက်ဖျက်ဆီးသဖြင့် အကူအညီတောင်းခံလာခြင်းဖြစ်သည်။ ထို့ကြောင့် မင်းတရားကြီးလည်း မိမိတပ်များမှ လူမျိုးအစုအလိုက် လက်ရွေးစင်စစ်သားများကို ရွေးချယ်ပြီး မခုတ်မရှ၊သွေးမထွက်အောင်ပင်စွမ်းသည့် စစ်သည်တို့ကို သင်္ဘောဖြင့်တင်ကာ အကူအညီပေးစေသည်။ထိုစစ်သည်တို့လည်း သီရိလင်္ကာ ရောက်လျှင် လူအများရှေ့၌ အရက်သောက်လျှင် သားငါးအရှင်ဖြင့် စားသောက်ခြင်း၊မိမိတို့အချင်းချင်း ထိုးခုတ်ပြခြင်း(ထိုသို့ထိုးခုတ်ရာတွင် ဓါးပြီး၊လှံပြီးသူအချင်းချင်းဖြစ်သဖြင့် ရှနာကြခြင်းမရှိပေ)တို့ကို ပြုလုပ်ပြလေသည်။ထိုအခါ သီရိလင်္ကာမင်း ၏ရန်သူများလညးကြောက်ရွံသဖြင့် အညံ့ခံကြသည်။သို့ဖြင့် သီရိလင်္ကာတွင် သာသနာဆက်လက်ထွန်းလင်းစေရန်ကူညီပေးခဲ့လေသည်။
[ပြင်ဆင်ရန်] နန်းသစ်၊မြို့သစ်များ
၁၅၇၆ တွင်စီစဉ်သည့်အတိုင်း နန်းသစ်တည်ပြီး ကမ္ဘောဇသာဒီ နန်းတော်ဟု သမုတ်သည်။ထိုနောက် မြဝတီ၊ကလေးမြို့များကိုလည်းတည်သည်။ထိုမြို့များမှာ စစ်ရေး၊လုံခြုံရေးအတွက် တည်ခဲ့ခြင်းဖြစ်သည်။ သက္ကရာဇ် ၉၄၃၊တန်ဆောင်မုန်း လပြည့်နေ့တွင် ဘုရင့်နောင်မင်းတရားကြီးနတ်ရွာစံလေသည်။(အေဒီ ၁၅၈၁)
[ပြင်ဆင်ရန်] ရည်ညွှန်းကိုးကား
- တောင်ငူရာဇဝင်စဆုံး
- မြန်မာမင်းများအရေးတော်ပုံမှတ်တမ်း