ဆလုံလူမျိုး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ထိုင်းနိုင်ငံ စူရင်ကျွန်းနားတွင် ဆလုံကလေး
လှေကို အိမ်အဖြစ် နေသောလူမျိုး

ဆလုံမျိုးနွယ်စုမျာဟာ အစုအဖွဲ့အလိုက် နေထိုင်ကြသည်။ များသောအားဖြင့် ဘင်္ဂလားပင်လယ်အော်၏ ကမ်းစပ်ကျွန်းများ(မြိတ်ကျွန်းစု)ပတ်ဝန်းကျင် လှေများပေါ်မှာ နေထိုင်ကြပါသည်။ပင်လယ်ဂျပစီများဟုလည်း လူသိများပါသည်။

နောက်ခံ မနုဿသမိုင်း[ပြင်​ဆင်​ရန်​]

ဆလုံလှေ

ခရစ်နှစ်ဦးပိုင်းတွင် ဩစတြိုနိုနီးရှန်း(Austronesian) အနွယ်ဝင်များသည် ဩစတြိုနိုအေးရှန်းတစ်(Austroasiatic) များဖြစ်သည့် မွန်များနှင့် နယ်ပယ်ရရှိရေးအတွက် စစ်ပွဲများဆင်နွဲရာ ရှုံးနှိမ့်သွားသဖြင့် တောင်ပိုင်းပင်လယ်ဒေသများသို့ပြန်လည် ဆုတ်ခွာကြရာ ကျွန်းစုများတွင် ကျန်ရစ်သည့် လူမျိုးဖြစ်သည်ဟု မနုဿဗေဒပညာရှင်များက သတ်မှတ်ကြသည်။


ဆလုံလူမျိုးသည် မြိတ်ကျွန်းစု၏ အဖိုးမဖြတ်နိုင်သော ပြယုဒ်တစ်ခုဖြစ်သည်။ သူတို့၏ ဓလေ့စရိုက်၊ ရိုးသား ဖြောင့်မတ်မှုကို တုနှိုင်းရန်အရာ မရှိပါ။ ထို့ကြောင့် ၎င်းလူမျိုးတို့မှာ လူသိများထင်ရှားနေခြင်းဖြစ်သည်။ ဆလုံလူမျိုးတို့သည် နေရာအတိအကျမရှိ၊ ပင်လယ်ပြင်တစ်ခွင် ဝမ်းစာအတွက် လှည့်လည်ကျက်စားကြသည်။ ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်သည်။ ထို့ကြောင့် Sea Gypsy or Men of the Sea အဖြစ် အမည်တွင်ခြင်းဖြစ်သည်။ သမိုင်းကြောင်းအရ ရှေးယခင်က မလေးကျွန်းဆွယ်တွင် နေထိုင်ကြပြီး စီးနှင်းတိုက်ခိုက်လုယက်မှုများကြောင့် မြိတ်ကျွန်းစုဘက်သို့ ေ့ရွှပြောင်းလာကြခြင်းဖြစ်သည်။ ယနေ့အခါ ဆလုံလူမျိုးများကို ကော့သောင်းမြို့အနီး ကျွန်းများတွင် မြင်တွေ့နိုင်သည်။

ဆလုံလူမျိုးများသည် စိုက်ပျိုးရေး၊ မွေးမြူရေးတို့ဖြင့် အသက်မမွေး ရေလုပ်ငန်း၊ ပုလဲငုပ်ခြင်းလုပ်ငန်းတို့ဖြင့် အသက်မွေးကြသည်။ ပင်လယ်ကမ်းခြေတစ်လှျောက် လှေလှော်ခတ်ရင်း တစ်ကျွန်းမှတစ်ကျွန်းကူးကာ နေထိုင်လေ့ရှိသည်။ လှေလေးများကို ပေါ့ပါးသော သစ်လုံးများဖြင့် ထွင်းယူကြသည်။ ၎င်းလှေများမှာ ပင်လယ်ခရီးအတွက် အဆင်ပြေ အသုံးဝင်လှသည်။ အသုံးအဆောင်များ၊ အစာရေစာများ၊ ခွေး၊ ကြောင်၊ ကြက်များကိုလည်း တစ်ပါးတည်း လှေနှင့်အတူ တင်ယူလာလေ့ရှိကြသည်။ ဆောင်း၊နွေရာသီများတွင် ငါးဖမ်းခြင်း၊ ရေထွက်ပစ္စည်း ရောင်းဝယ်ခြင်းတို့ဖြင့် အသက်မွေးကြပြီး မိုးရာသီရာသီဥတုဆိုးဝါးသည့်အခါနီးစပ်ရာကျွန်းပေါ်တွင် ဝါးခြေတိုင်ရှည်တဲများဖြင့်လည်းကောင်း၊ ဂူများရှာ၍လည်းကောင်းနေထိုင်လေ့ရှိသည်။ Sea Gypsy ဟူသောအမည်နှင့် လိုက်လျောညီထွေစွာပင် သဘာဝပင်လယ်ဘေးအန္တရာယ်ကိုလည်း ရှောင်တိမ်းတတ်ကြသည်။

ရာသီဥတုဆိုးဝါးစဉ်တောင်မှ မိမိနေထိုင်ရာ ကျွန်းဆီ အမြန်ဆုံးပြန်ရောက်အောင်သွားနိုင်ကြသည်။ ဆလုံလူမျိုးတို့၏ ရေငုပ်ပညာကျွမ်းကျင်မှုမှာ အံ့မခန်းဖြစ်သည်။ ပင်လယ် ကြမ်းပြင်အထိရေငုပ်နိုင်ပြီး ရေအောက်တွင် အောက်ဆီဂျင်အကူအညီမပါပဲ အချိန်အတော်ကြာ အနည်းဆုံး တစ်နာရီခန့် နေနိုင်သည်။

  • (ပင်လယ်ကြမ်းပြင် ၁၆ လံ ထက် ပိုပြီး မည်သည့် ရေငုတ်သမား မှ မငုတ်နိုင်ကြပါ ရေဖိအား ဒါဏ်ကို မခံနိုင်သောကြောင့်ဖြစ်သည်။ ရေအရမ်းနက်လျင် နှာခေါင်း၊ နား၊ မျက်စိ စသည့်နေရာများမှ သွေးများ ယိုထွက်လာသည်ကို မည်သူမှမခံနိုင်ပါ။ တစ်နာရီကြာအောင် ရေငုတ်သော စလုံလူမျိုးလည် မရှိပါ အလွန့်အလွန် မိနစ် (၂ဝ) မျသာ အောက်စီဂျင်မပါဘဲ ငုတ်နိုင်ကြသည်။)

တစ်ရက်တည်း ထိုကဲ့သို့ ရေငုပ်ခြင်းမျိုး အကြိမ်အရေအတွက် များများလုပ်နိုင်သည်။ ပင်လယ်ခရု၊ ကမာ (မုတ်) ကောင်များ၊ ငါးကြီးအံဖတ်၊ ပင်လယ်ရေမှော်ပင်၊ ပုလဲ၊ ငှက်သိုက်၊ ပျားရည်၊ ပရဆေးပင်များကို ရှာဖွေစုဆောင်းပြီး ရောင်းချလေ့ရှိသည်။ ဆလုံလူမျိုးများသည် အခြားလူမျိုးများနှင့် ရောရောနှောနှော နေထိုင်လေ့မရှိချေ။ ၎င်းတို့၏လူနေထိုင်မှုစနစ်မှာ မြို့ပြနေထိုင်မှုစနစ်နှင့် ကွာခြား လွန်းလှသည်။ သို့သော်လည်း သူတို့၏ လူနေမှုစနစ်ကို ယုံကြည်စွာ တန်ဖိုးထား ထိန်းသိမ်းကြသည်။ ဘာသာတရားနှင့် ပတ်သက်၍လည်း ၎င်းတို့၏ကိုယ်ပိုင်ယုံကြည်မှုကို လက်ကိုင်ထားကြသည်။ နတ်ကောင်းနှင့် နတ်ဆိုးဟူ၍ နတ်ဘုရားကိုးကွယ်မှု နှစ်ခုရှိသည်။ နတ်ဆရာသည် ၎င်းတို့၏ အခရာဖြစ်သည်။ ပျော်ပွဲရွှင်ပွဲများကို သာမက ဖျားနာသည့်အခါ၊ တစ်ဦးတစ်ယောက်သေဆုံးသည့်အခါတွင် နတ်ဆရာ၏ ပြောဆိုမှုအတိုင်း စပါး၊ ပြောင်း၊ အရက်၊ ပျားရည်၊ ကွမ်း၊ ဘဲသွေးစိမ်း၊ ကြက်၊ လင်းပိုင်၊ ပင်လယ်လိပ်တို့ကို ယဇ်ပူဇော်လေ့ရှိသည်။ ပျော်ပွဲရွှင်ပွဲများတွင် တေးသီချင်းများသီဆိုတီးမှုတ်ပြီး မီးပုံဖိုကာ ဝိုင်းဖွဲ့ကခုန်ကြသည်။သူတို့၏ဗုံတစ်မျိုးမှာ ပုတ်သင်ညိုသားရေဖြင့် ပြုလုပ်ထားသည်။ ဆလုံလူမျိုးတို့၏ ဂီတပင်ကိုယ်စွမ်းရည်မှာ ထက်မြက် ဆန်းကြယ်လှသည်။ [၁]


“ပျူ၊ မွန်၊ မြန်မာ၊ သက်”ဟူသော မြန်မာတိုင်းရင်းသားအစ လူမျိုးကြီး(၄)စုမှာ ဆလုံတိုင်းရင်းတို့မှာ “သက်”လူမျိုးတို့မှတစ်ဆင့် ဆင်းသက် လာခဲ့သည်ဟု မှတ်သားခဲ့ဖူး ပါသည်။ ဆလုံ တိုင်းရင်းသားတို့ကို “မော်ကင်း”ဟုလည်း ခေါ်ကြပါသည်။ ပင်လယ်ထဲမှာ ပေါ့ပေါ့ပါးပါး သစ်၊ ဝါး၊ ရင်ကမ်းသားတို့နှင့် ဖွဲ့စည်း တည်ဆောက် ထားသည့် ရိုးရာလှေကို အိမ်လိုသဘောထားပြီး မိသားစုကြီး တစ်ခုလုံး နေကြ၊ ထိုင်ကြ၊ ချက်ပြုတ်စားသောက်ကြရုံ သာမက သူတို့ဘဝ၏ အဖော်မွန်ဟု ခေါ်သော ခွေးများကိုလည်း တစ်ပါတည်း သယ်ဆောင်သွားကြပါသည်။ ဟိန်းဇဲ၊ ဘုတ်ကျွန်း၊ မောင်းမကန်၊ ရှင်မွန်၊ မလိ၊ ပြင်ကြီး၊ မီးစိမ်း၊ ကတန်၊ ဒုံးကျွန်း၊ ဝါးကျွန်း၊ ပင်လယ်အော်၊ လန်ပိတစ်ဝိုက် မှာလည်း ပင်လယ်ထဲ ရာသီဥတုဆိုးချိန်မှာ ယာယီ ခြေတံရှည် တဲအိမ်လေးများ တည်ဆောက်ပြီး နေထိုင်ကြပါသည်။

ရေမှာ ကျွမ်းကျင်သဖြင့် ပုလဲ၊ မှျော့(ပင်မယ်မှျော့)၊ ရေခူ၊ ငါး၊ ပုဇွန် ၊ ကမာတွေငုပ်ပြီး ကင်းမွန်၊ ရှပ်၊ ငါးကြီး အန်ဖတ်တွေကို ရှာဖွေရင်းနှင့်လည်း အသက်မွေးတတ်ကြ ပါသည်။ သူတို့ ရိုးရာဓလေ့များ ထဲတွင် ဗုံတီးခြင်း၊ ဘင်(ဘင်ခရာ)တီးခြင်း။ သူတို့ဘာသာ စကားနှင့် သီချင်းဆိုပြီး ကခုန်ခြင်း၊ ရိုးရာနတ် ကိုးကွယ်ခြင်း တို့လည်း ပါဝင်ပါသည်။ ဆလုံရိုးရာပွဲတော်ကို ကော့သောင်းမြို့နယ်၊ စူငယ် ဘာလိုင်း ကျေးရွာအုပ်စု၊ လန်ပိကျွန်း၏ တစ်ဖက်ကမ်း “မကြုံဂလက်”ကျေးရွာတွင် (၂၀၀၄)ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းက စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

ဆလုံ တိုင်းရင်းသားတို့၏ မွေးဖွားခြင်းအစ[ပြင်​ဆင်​ရန်​]

(၁၉၆၄)ခုနှစ်က မှတ်သား တွေ့ရှိချက်များအရ ဆလုံတိုင်းရင်းသား တို့သည် စတင်မွေးဖွားသည့် ကလေးငယ်များကို ချက်ကြိုး ဖြတ်ပြီးသည်နှင့် ရေထဲသို့ နှစ်စက္ကန့်ခန့် ရေထဲမြှပ်လိုက်၊ နှစ်လိုက်။ ပေါ်လိုက် သုံးကြိမ်ခန့် ပြုလုပ်ပါသည်။ သူတို့ အယူအဆမှာ မွေးစကလေးငယ် ရေကိုု ကျွမ်းကျင်စေရန်၊ မကြောက်စေရန် ဖြစ်သည်ဟု ဆို၏။ ထိုသို့ လွဲမှားသောအယူအဆကြောင့် တစ်ချို့ ကလေးငယ်များမှာ မွေးစကပင် သေဆုံးသွားကြပါသည်။ ဤကား ယခင်ကအဖြစ်အပျက်။ ယခုအချိန်တွင်မူ ဆလုံတိုင်းရင်းသားတို့ ခေတ်မီလာသည်ဟု ဆိုရပါမည်။ မွေးစကလေးငယ်ကို ရေထဲတွင် မနှစ်ကြတော့။ ကို်ယ်ဝန်ဆောင်ကို မွေးဖွားပေးသည့် လက်သည်မှာ သူတို့ဆလုံအမျိးသမီး အချင်းချင်းပင် ဖြစ်ပါသည်။ သို့သော်လည်း ယခုအခါ ခက်ခဲသည့် မွေးဖွားမှုများကို သူနာပြုဆရာမနှင့် မွေးလေ့ မွေးထ ရှိလာကြပါပြီ။

ဆလုံတို့၏ ကျန်းမာရေး[ပြင်​ဆင်​ရန်​]

ဆလုံ တိုင်းရင်သားတို့သည် အစစ အရာရာတွင် နတ်ဆရာကိုသာ အားကိုးကြသည်။ တစ်စုံတစ်ယောက် နေမကောင်းလှျင် သူတို့၏ အယူအဆမှာ နတ်ဖမ်းစားသည်ဟု အများအားဖြင့် ယူဆကြသည်။ နတ်ဆရာနှင့် တိုင်ပင်၍ ပူဇော်ပသ၊ ကိုးကွယ်တင်မြှောက်ခြင်းများ ပြုလုပ်လေ ့ရှိကြပါသည်။ သို့သော်လည်း ယခုချိန်ခါတွင် အချို့ တိုင်းရင်းသားဆလုံတို့မှာ ခေတ်မီလာသည်ဟု ဆိုရပါမည်။ နေထိုင်မကောင်း ဖြစ်သော သူများကို ဆရာဝန်နှင့် ဆေးခန်းသို့ ပြသ ကုသလာကြပါသည်။ တစ်ဖက်ကလည်း သူတို့အစွဲဖြစ်နေသည့် နတ်ဆရာနှင့် ပူဇော်ပသခြင်း ကိုလည်း လုပ်မြဲလုပ်ကြ ပါသည်။ ဆလုံအများစုတွင် ဖြစ်ပွားတတ်သည့် ရောဂါမှာ ငှက်ဖျား စွဲခြင်းနှင့် အာဟာရ ချို့တဲ့ခြင်းများပင် ဖြစ်ပါသည်။

ဝတ်စားဆင်ယင်ခြင်း[ပြင်​ဆင်​ရန်​]

ဆလုံ တိုင်းရင်းသားတို့သည် မွေးကင်းစ ကလေးအရွယ်မှ ငါးနှစ် ခြောက်နှစ်အရွယ်အထိ ယခင်က အဝတ်အစား ဝတ်လေ့ဝတ်ထ မရှိသော်လည်း ယခုအခါ အဝတ်အစား ဆင်ယင်လာကြ ပါသည်။ အမျိုးသမီးများမှာ သူတို့ဓလေ့အရ အပေါ်ပိုင်း၊ အောက်ပိုင်း လုံလုံခြုံခြုံ ဝတ်ဆင်သည် ဆိုသော်လည်း ၊ အချို့မှာ အိမ်ထောင်ကျသည်နှင့် အပေါ်ပိုင်း ဗလာကျင်း နေတတ်ကြပါသည်။ သို့သော်လည်း ယခုအခါတွင်မူ အိုမင်းသောအဘွားအရွယ်များမှလွဲ၍ အမျိုးသမီးအများစုမှာ အပေါ်ပိုင်း၊ အောက်ပိုင်း လုံလုံခြုံခြုံ ဝတ်ဆင်လာကြ ပေပြီ။ ဆလုံအမျိုးသားတို့မှာ များသောအားဖြင့် ယခင်ကအောက်ပိုင်းတွင် လုံချည်(သို့မဟုတ်) ဘောင်းဘီတိုနှင့်နေပြီး အပေါ်ပိုင်းဗလာကျင်း နေတတ်သည့် သဘာဝရှိပါသည်။ သူတို့ဓလေ့အရ တော်ရုံတန်ရုံလည်း ဖျားနာခြင်း မရှိကြပါ။ ခံနိုင်ရည်ရှိသော လူမျိုးပင် ဖြစ်ပါသည်။ သို့သော်လည်း ယခုအခါ သူတို့လည်း အပေါ်ပိုင်းအင်္ကျီများ၊ များသောအားဖြင့် ဝတ်ဆင်လာကြပေပြီ။ ဆလုံတိုင်းရင်းသားတို့သည် ပင်လယ်နှင့်အနီးအနားတွင် နေ၍လားမသိ၊ သူတို့၏အသားအရောင်မှာ ညိုရောင်သန်းပါသည်။ ယခုအခါ ဆလုံတိုင်းရင်းသားတို့မှာ ခေတ်မီလာသည့်အလျောက် ယိုးဒယားနိုင်ငံမှရောက်လာသော အဝတ်အစား၊ ပါတိတ်။ တီရှပ်တို့ဖြင့် သစ်သစ်လွင်လွင် တောက်တောက် ပပဖြစ်လာလေပြီ။ ယခင်က ဖြစ်သလိုနေခဲ့သော်လည်း ယခုအခါ သားသားနားနား ဝတ်ဆင်လာကြပေပြီ။

အစားအသောက်[ပြင်​ဆင်​ရန်​]

ဆလုံတို့သည် ပင်လယ်ထဲတွင် အတည်တကျ မနေဘဲ ရေကြည်ရာ မြက်နုရာသို့ သွားလာ လုပ်ကိုင် နေထိုင်ကြသည့် အလျောက် ပင်လယ်ပျော်များ ဖြစ်သည့်အားလျော်စွာ သူတို့စားသောက်ကြသည်မှာ များသောအားဖြင့် ပင်လယ်အစားအစာများ ဖြစ်ပါသည်။ ပင်လယ်ကျွန်းစု၊ ကျောက်ဆောင် များတွင် တွယ်ကပ်လျက် ရှိသော ဂုံး(ခရုတစ်မျိုး အထဲတွင်ရှိသည်)ဟု ခေါ်သည့် တငို ကိုခွာ၍ အထဲမှ ခရုသဖွယ် အရာကို ချက်ပြုတ် စားသောက်ကြ ပါသည်။ ပင်လယ် ကျောက်ဆောင် ဂူထဲတွင်ရှိသော လင်းနို့၊ လင်းဆွဲများကို တုတ်ရှည်ဖြင့် ရိုက်ချကာ ခုတ်ထစ် ဖြတ်တောက် ၍လည်း ချက်ပြုတ် သုံးဆောင်ကြ ပါသည်။ သူတို့သည် စားသုံးဆီသုံးစွဲမှု နည်းသူများဖြစ်သည့် အလှျောက် တစ်လလုံးတွင် မိသားစု(၆) ယောက်အတွက် ဆီ(၂၀)ကျပ်သားခန့်သာ ကုန်ပါသည်။ ထို့ကြောင့် ဆလုံအများစုတွင် သွေးတိုးရောဂါ မရှိကြပါ။ ဆလုံ တိုင်းရင်းသားတို့သည် ပျားအုံဖွတ်ရာ တွင်လည်း အလွန် ကျွမ်းကျင်သူများပင် ဖြစ်သည်။ သစ်ပင် အမြင့်ပေါ်တွင် စွဲကပ်နေသောပျားအုံကို အုန်းလက် မီးတုတ်ဖြင့် ရိုက်ချကာ ပျားအုံမှ ပျားရည်ကို ခံယူကြပါသည်။ ပျားသလက်နှင့် ပျားပေါက်စတို့ကိုလည်း ချက်ချင်းပင် လတ်လတ် ဆတ်ဆတ် စားသုံးကြ ပါသည်။ ဆလုံတို့၏ သဘာဝမှာ စားသောက်ရာတွင်လည်း သူတို့ ရိုးရာလှေပေါ်တွင် မိသားစု အားလုံး သိုက်သိုက်ဝန်းဝန်း ပျော်ပျော် ရွှင်ရွှင် ချက်ပြုတ် စားသောက်ကြ ပါသည်။ ဆလုံ တိုင်းရင်းသားတို့ စားသုံးသည့် အရွက်များ ဖြစ်သော ဆလုံမုန်လာ၊ ဆလုံမုန်ညင်း၊ ဆလုံကန်စွန်းတို့မှာ အရွက်အသားထူသည်မှ လွဲ၍ မြေပြန့်က မုန်လာ ၊ မုန်ညင်း၊ ကန်စွန်းတို့နှင့် အတော် ဆင်တူပါသည်။ ထိုအရွက်တို့မှာလည်း ဆလုံဒေသ တောတောင်ထဲတွင် အလေ့ကျ ပေါက်နေကြခြင်းပင်။ ကျွန်တော် တွေ့ဖူးသည့် ဆလုံကွမ်း( ကွမ်းယာ အတွက် လိုအပ်သော ကွမ်း) မှာလည်း အရွက်အသား ပိုထူကာ အလေ့ကျ ပေါက်နေခြင်းပင် ဖြစ်ပါသည်။ ဆလုံတစ်ချို့လည်း ကွမ်းစားတတ်ကြသည်ကို ကျွန်တော် တွေ့ဖူးပါသည်။

အလုပ်အကိုင်[ပြင်​ဆင်​ရန်​]

ဆလုံ တိုင်းရင်းသားတို့သည် အလုပ်လုပ်ကိုင်ရာတွင် အားလုံးစုပေါင်း ဝိုင်းဝန်း၍ လုပ်ဆောင်လေ့ ရှိကြသည်။ တောထဲတွင်ရှိသော သစ်ပင်ကြီးများကို သူတို့၏ စုပေါင်းစွမ်းအားဖြင့် ခုတ်လှဲပါသည်။ လှေထွင်း ပါသည်။ ထိုကြီးမားသော သစ်ထွင်းလှေကို ပင်လယ်ကမ်းခြေဆီသို့ သယ်ဆောင် ထုတ်ယူသည်မှာလည်း အလွန်စနစ်ကျကာ အားကျဖွယ်ရာ ကောင်းပါသည်။ ပင်လယ်ကမ်းစပ် နေရာများတွင် ပေါက်ရောက်လေ့ရှိသော ရင်ကမ်းပင်မှ ရင်ကမ်း အလက်များကို တစ်စုနှင့်တစ်စု စီစီညီညီ ထပ်ကာ ပြုလုပ်ထားသော ရင်ကမ်းလှေမှာ အလွန်ပင်လက်ရာမြောက်လှပါသည်။ ထိုရင် ကမ်းလှေတွင် သံချက်ဆို၍ တစ်ချက်မှျမပါ၊ ကြိမ်ဖြင့်သာ ရစ်ပတ်ခြင်း ၊ ကွပ်ခြင်း ပြုလုပ်ထားသည်မှာ ခ်ိုင်ခန့်လှပါသည်။ စိစပ်လှပါသည်။ ရေတစ်စက်မှျ လှေဝန်းထဲသို့ မဝင်ပါ။ သူတို့၏ ကျွမ်းကျင်မှုကြောင့် လှိုင်းလေလာလည်း ကြောက်လန့်မှု မရှိကြပါ။ သို့သော်လည်း လှိုင်းလေများ အလွန်ပြင်းထန်စွာ တိုက်ခတ် လာသောအခါ သူတို့သည် ကမ်းခြေများ၊ လေကွယ်ရာကျွန်းစုများတွင် စုပေါင်း၍ နေထိုင်လေ့ရှိကြ ပါသည်။

ဆလုံ တိုင်းရင်းသားတို့၏ အလုပ်အကိုင်ကို ဖော်ပြရလှျင် ငါးဖမ်းခြင်း၊ ပုလဲငုပ်ခြင်း၊ ပင်လယ် မှျော့ငုပ်ခြင်း၊ ကနုကမာ ရှာဖွေခြင်း၊ ပျားဖွတ်ခြင်း၊ ငှက်သိုက်ရှာခြင်း၊ ရေနှင့်ပါတ်သက်သော လုပ်ငန်း အဝဝကို ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်သော တိုင်းရင်းသားများပင် ဖြစ်ပါသည်။ ကျောက်ကြို ကျောက်ကြားထဲသို့ နှစ်ခွစူး၊ မှိန်းတံရှည်နှင့် ငါးထိုးနေသော ကလေးငယ်များကိုလည်း ကျွန်တော်မြင်ဖူး ပါသည်။ ယခုအခါ ခေတ်မီလာသော ဆလုံတို့မှာ ရေငုပ်မျက်မှန် အကောင်းစားနှင့် အောက်စီဂျင် အသက်ရှူဘူးတို့ဖြင့် ရေငုပ်ကာ ပုလဲရှာနေကြပြီ၊ ပင်လယ်မှျော့ ရှာနေကြပြီ ဖြစ်ပါသည်။

ကျွန်တော် တွေ့ခဲ့သော ဆလုံ တိုင်းရင်းသားတို့မှာ ယောက်ျားလေးရော၊ မိန်းကလေးပါ အသက်(၁၀) နှစ်ခန့်တွင် ရေနှင့် ပါတ်သက်၍ အစစ အရာရာ အလွန်ကျွမ်းကျင်နေကြလေပြီ။ ထိုစဉ်က ကျွန်တော့် မျက်စိရှေ့တွင်ပင် (၁၀)နှစ်သားခန့် ရှိသော ဆလုံ ယောက်ျားလေးမှာ ခက်ရင်း စူးခွ မှိန်းတံရှည်ကို ကိုင်ဆောင်လျက် (၁၅)ပေခန့် နက်သော ပင်လယ်ရေထဲသို့ လှေပေါ်မှ ပလုံကနဲ ခုံဆင်း လိုက်သည်မှာ (၁၀) မိနစ်ခန့်ပင် မကြာလိုက်ပါ။ သူပြန်တက်လာသော အခါ လက်ထဲတွင် (၂)ပေခန့်ရှိသော ငါးမန်းဖြူတစ်ကောင် ပါလာသည်ကို တွေ့ရသဖြင့် ကျွန်တော်မှာ လွန်စွာပင် အံ့ဩသွားပါသည်။ မနက်ပိုင်းကလည်း ထိုနည်းတူစွာ ငါးလိပ်ကျောက် (လိပ်ပုံသဏ္ဍန်ငါးပြားကြီး) တစ်ကောင်းကို ရခဲ့ကြောင်း၊ ထိုသူငယ်က လက်ဟန်ခြေဟန်ဖြင့် ကျွန်တော့်ကို ပြောပြပါ သေးသည်။ ဆလုံတို့သည် လူကြီး လူငယ်မရွေး အအားမနေဘဲ အမြဲတစေ အလုပ်လုပ်နေသော လူမျိုးပင် ဖြစ်ပါသည်။ လွတ်လပ်မှုကို မြတ်နိုုးကာ တစ်ခုမဟုတ် တစ်ခု အလုပ် လုပ်နေသော တိုင်းရင်းသားများပင်။ များသောအားဖြင့် သူတို့သည် လက်ထဲတွင် ခက်ရင်း စူးခွ မှိန်းတံရှည်ကို ကိုင်ဆောင်ကာ ကမ်းခြေ၊ ကျောက်ဆောင်၊ ကျောက်ကြို ကျောက်ကြားအောက်ရှိ ငါးမျိုးစုံတို့ကို ထိူးယူ ဖမ်းဆီးကြ ပါသည်။ ဟိိုုစဉ်က ဆလုံ တိုင်းရင်းသားတို့ ငါးဖမ်းသည် ဆိုသည်မှာ ငါးဖမ်း ပိုက်များဖြင့် ဖမ်းလေ့ ဖမ်းထ နည်းပါး ပါသည်။ သို့သော် ယခုအခါတွင်မူ ငါးဖမ်းပိုက် အမျိုးမျိုးဖြင့် အတော်များများ ဖမ်းဆီးလာကြ ပါသည်။ သူတို့ဘဝမှာ ယခင်က ဖမ်းယူရရှိ ငါးများနှင့် ရေငုပ်၍ ရရှိသော ပုလဲ၊ ပင်လယ်မှျော့ တို့ကို ရောင်းချရာတွင် ဈေးနှိမ်ခြင်း ခံရသော်လည်း ယခုအခါ ထိုက်ထိုက်တန်တန် ဈေးမှန်၊ အလေးမှန် ရရှိခဲ့ပါပြီ။ ဖဲရိုက်ကာ ကက်ဆက်နားထောင် နေကြသော ဆလုံများ၊ ရွှေဆွဲကြိုး တဝင်းဝင်းနှင့် ဆလုံများ၊ ခြင်းလုံးခတ်ကာ အပန်းဖြေ နေကြသော ဆလုံ ကလေးငယ်များ၊ ဘာပဲပြောပြော ဆလုံ တိုင်းရင်းသားတို့ လူနေမှုဘဝ တိုးတက် ဖွံ့ဖြိုးလာခဲ့သည်မှာ အမှန်ပင် ဖြစ်ပါသည်။

ထိမ်းမြားလက်ထပ်ခြင်း[ပြင်​ဆင်​ရန်​]

ဆလုံ တိုင်းရင်းသား တို့သည် ကလေး မီးဖွားလှျင် မွေးဖွားလာလှျင် မွေးဖွားစကလေး အတွက် နတ်ဆရာနှင့် နတ်ကိုးကွယ် ကြသည်။ သေဆုံးသွား လှျင်လည်း သေဆုံးသူ ကောင်းရာ မွန်ရာ ရောက်အောင် နတ်ဆရာနှင့် ပူဇော်ပသလေ့ ရှိသည်။ ထိုနည်းတူစွာ သတိုးသားနှင့် သတိုးသမီး ထိမ်းမြား လက်ထပ်ပွဲတွင်လည်း နတ်ဆရာနှင့် ရိုးရာနတ်ကို ပူဇော်ပသမှု ပြုမှသာလှျင် လင်မယား အရာမြောက် သည်ဟု ဆလုံတို့က ယူဆပါသည်။ ဆလုံတိုင်းရင်းသား တို့သည် ငယ်ရွယ်စဉ်ကပင် အိမ်ထောင်ပြုသူများ ဖြစ်သည့် အားလျော်စွာ အသက်(၁၇)၊ (၁၈)နှစ်ခန့်တွင် အိမ်ထောင်ပြုလေ့ ရှိပါသည်။ အမျိုးသား တစ်ယောက်သည် အမျိုးသမီးတစ်ယောက်ကို သဘောကျ နှစ်သက်သောအခါ အမျိုးသမီး မိဘများထံသွား၍ တောင်းရမ်းရပါသည်။ ထိုသို့ တောင်းရမ်းစဉ် အမျိုးသားနှင့်အတူ မိဘ(၂)ပါး ပါရသည်။ ဆလုံတို့၏ အကြီးအကဲ ပါရသည်။ အမျိုးသမီးဘက်က လက်ခံသောအခါ မင်္ဂလာပွဲရက်ကို နေ့သတ်မှတ်၍ နတ်ဆရာနှင့် တိုင်ပင်ကာ စားသောက် ဖွယ်ရာများကို စီမံပြင်ဆင်ကြ ပါသည်။

သူတို့၏ အစားအသောက်များကား အထူးအဆန်းမဟုတ်ပါ။ ငါးကင်များ၊ ဆီနည်းနည်းဖြင့် ကြော်ထားသော လင်းနို့ကြော်၊ လင်းဆွဲကြော်၊ အူ အသည်းများ ထုတ်ထားသော ကြက်ကောင်လုံးပြုတ်၊ ကြက်ကောင်လုံးကင်၊ တစ်ခါတစ်ရံရတတ်သော သင်းခွေချပ်ကြော်၊ မျောက်သားကြော်နှင့် ပျားရည်၊ အရက်တို့ပင် ဖြစ်ပါသည်။ မျောက်ချေးခါးကိုလည်း ဆလုံတို့ စားလေ့ စားထ ရှိပါသည်။ မင်္ဂလာ အခမ်းအနား ကျင်းပသည့် နေ့ရက်တွင် တစ်စုတစ်ဝေးတည်း နေကြသည့် ဆလုံတို့မှာ မည်သည့်ကိုယ်ရေး ကိုယ်တာ အလုပ်ကိုမှျ မလုပ်ဘဲ မင်္ဂလာပွဲအတွက်သာ အားလုံး ဝိုင်းဝန်း လုပ်ဆောင် ချက်ပြုတ်ကြ ပါသည်။ နံနက်(၉)နာရီခန့်တွင် ဆလုံနတ်ဆရာ ရောက်လာ ပါသည်။ သူ့လက်ထဲတွင် ပလွေကဲ့သို့သော တူရိယာလေးတစ်ခု ပါလာပါသည်။ ဆလုံမင်္ဂလာပွဲကို များသော အားဖြင့် ပင်လယ်ကမ်းစပ် သဲသောင်ပြင်တွင် ကျင်းပလေ့ ရှိပါသည်။ ဆလုံ နတ်ဆရာတစ်ယောက် မင်္ဂလာပွဲသို့ ရောက်ရှိလာချိန်တွင် နတ်ပူဇော်ပွဲအတွက် အစားအသောက်များ ပြင်ဆင်ပြီး အဆင်သင့် ဖြစ်နေပါပြီ။ နတ်ဆရာသည် ရှေးဦးစွာ သူတို့၏ ဆလုံရိုးရာနတ်ကို လက်နှစ်ဖက် ခေါင်းပေါ်မြှောက်ကာ အပေါ်အောက် လှုပ်ရှားလျက် ပလွေမှုတ်ကာ ပင့်ဖိတ်ပါသည်။ ပြီးနောက် လက်ထပ်မည့် အမျိုးသား၊ အမျိုးသမီး လက်လေးဖက်ကို ပူးယှက်စေကာ သူတို့ လက်ပေါ်သို့ နတ်ဆရာ၏ လက်ဝါးနှစ်ဖက်ကို အုပ်မိုးလိုက် ပါသည်။ ထို့နောက် သူတို့ ရိုးရာဖြင့် ဤမင်္ဂလာ မောင်မယ်ကို ရာသက်ပန် စောင့်ရှောက်စေလိုကြောင်း သူတို့၏ ကျန်းမာရေးအတွက် သူတို့ အလုပ်အကိုင် အတွက် အကူအညီများ ပေးစေလိုကြောင်း တိုင်တည်ပြောဆို ပါသည်။ သတိုးသားနှင့် သတိုးသမီးကိုလည်း ရာသက်ပန်ရိုးရာ ရိုးမြေကျ ပေါင်းဖေါ်မည့်အကြောင်း ရိုးရာနတ်ထံ လက်လေးဖက ်မြှောက်ကာ တိုင်တည်စေ ပါသည်။

ဆလုံ တိုင်းရင်းသားတို့သည် တစ်လင်တစ်မယား စနစ်ကိုသာ ကျင့်သုံးသောသူများ ဖြစ်ပါသည်။ သူတို့ လောကတွင် အိမ်ထောင်ရေး ဖောက်ပြန်မှုကို လုံးဝလက်မခံချေ။ အိမ်ထောင်ရေး ဖောက်ပြန်သူများကို သူတို့အစုအဝေးမှ ရာသက်ပန်နှင်ထုတ်ကာ သူတို့နှင့် လုံးဝ အဆက်အသွယ် မလုပ်တော့ပါ။ သူတို့သည် အစုအဝေးနှင့် နေတတ်သည့်အားလျော်စွာ ထိုကဲ့သို့ အပြစ်ဒဏ်မျိုးကို အလွန်ပင် ကြောက်ရွံ့ကြ ပါသည်။ သူတို့သည် အိမ်ထောင်ကျသော အခါ သူတို့အတွက် (မင်္ဂလာမောင်မယ်အတွက်) ရိုးရာလှေတစ်စီး၊ ငါးဖမ်းပိုက်တစ်စုံနှင့် ငါးဖမ်းကိရိယာအချို့ကို လက်ဖွဲ့ လိုက်ပါသည်။ ဇနီးမောင်နှံ နှစ်ယောက် ဒိုးတူပေါင်ဖက် လုပ်ကိုင် စားသောက်ကြတော့ဟု ဆိုလိုသည့် သဘောပင်။ သို့သော် ဇနီးမောင်နှံနှစ်ယောက်မှာ အဝေးသို့သွားစရာမလို၊ သည်အစုအဝေးမှာပင် နေထိုင်စေပါသည်။

ဆလုံရိုးရာ နတ်ပွဲများတွင် နတ်ဆရာသည် နတ်ကိုတိုင်တည် ပူဇော်ပြီးနောက် နတ်ပူးလာပြီး နတ်ဝင် လာသည်ဟု ဆိုကာ တုန်တက်လာပါသည်။ ပြီးနောက် အရက်သောက်ပါသည်။ ငါးကင်၊ ကြက်ကောင်လုံးကင်၊ အစားအသောက်များ စားပါသည်။ ပြီးနောက် နတ်ဆရာ တုန်တုန်ယင်ယင်ဖြင့် ကပါသည်။ ပရိသတ်ကလည်း လိုက်ကပါသည်။ နတ်ဆရာ နတ်ဝင်သည်မှာ နာရီဝက်ခန့်သာ ကြာပါသည်။ နတ်ဆရာထံမှ နတ်ထွက်သွားသောအခါ တုန်တုန်ယင်ယင် အမူအရာများ ပျောက်ကွယ်သွား ပါသည်။ ဆလုံတို့၏ မင်္ဂလာပွဲ ကပွဲကား တစ်နာရီင်္ခန့် ကြာမြင့်ပါသည်။

တစ္ဆေကြီးပွဲ[ပြင်​ဆင်​ရန်​]

တစ္ဆေကြီးပွဲ ဆိုသည်မှာ အခြားမဟုတ်ပါ။ သေဆုံးသူများကို ကျွေးမွေးသည့်ပွဲပင် ဖြစ်ပါသည်။ ဆလုံ တိုင်းရင်းသားတို့၏ အယူအဆမှာ သေဆုံးသွားသူတို့သည် ကောင်းရာ မွန်ရာရောက်သူူ ရှိသကဲ့သို့ တစ်ချို့မှာ တစ္ဆေ၊ သရဲဖြစ်နေသည်ဟု ယုံကြည်ကြသည်။ ထိုတစ္ဆေ၊ သရဲများ၊ စားရမဲ့၊ သောက်ရမဲ့ ဖြစ်နေသည်ကို မလိုလားသဖြင့် တစ်နှစ်တစ်ခါ သူတို့ရှိရာ သင်္ချိုင်းသို့သွား၍ သူတို့ကိုပင့်ဖိတ်ကာ ကျွေးမွေးခြင်းပင် ဖြစ်သည်။ ဆလုံတို့သည် သေဆုံးသူများကို ကျွန်းတစ်ကျွန်းတွင် မြှပ်နှံ သင်္ဂြိုဟ်လေ့ ရှိပါသည်။ ထိုသင်္ချိုင်းတွင် တစ်နှစ်တစ်ခါ( နှစ်စဉ် ဇန်နဝါရီလ ) ကျင်းပသော တစ္ဆေပွဲကြီးတွင် ထုံးစံအတိုင်း မပါမဖြစ်သည်မှာ ရိုးရာ နတ်ဆရာနှင့် နတ်ပွဲပင်ဖြစ်ပါသည်။ နတ်ဆရာက ရိုးရာနတ်ကို ပင့်ဖိတ်ပြီးလှျင် အစားအသောက်များနှင့် ပူဇော်ပသလေသည်။ သေဆုံးသူများ ကိုလည်း ပင့်ဖိတ် ကျွေးမွေးလေသည်။ ပြီးနောက် နတ်ဆရာက တုန်တုန် ယင်ယင်နှင့် ကွေးနေအောင် ကပါတော့သည်။ ပရိသတ်များ ကလည်း ဗုံတီးပြီး ကကြပါသည်။ သူတို့အကမှာ အာဖရိက လူရိုင်းအကများနှင့် အတော်ပင် ဆင်တူပါသည်။ အရက်သောက်ထားပြီး သွေးကြွ နေတာလည်း ပါပါလိမ့်မည်။ ကျွန်း ကမ်းခြေ၊ ပင်လယ်သောင်စပ်မှပင် ကနေကြသူ အများသား။ မည်သို့ပင်ဆိုစေ ဆလုံ တိုင်းရင်းသားတို့၏ ဤဓလေ့မှာလည်း ချစ်စရာပင် မဟုတ်ပါလော။

ဆလုံရိုးရာလှေကို လွန်းတင်ခြင်း[ပြင်​ဆင်​ရန်​]

ဆလုံ တိုင်းရင်းသားတို့သည် သူတို့၏ သစ်ထွင်းလှေနှင့် စက်တပ်လှေများကို တစ်နှစ်တစ်ခါ မှန်မှန် လွန်းတင်လေ့ ရှိပါသည်။ ပင်လယ်သဲသောင်ပြင်ဝယ် လွန်းတင်ရန်ပြင်ဆင်ထားသည့် ရိုးရာလှေမှ ပေါက်ပြဲနေသည် ့နေရာများကို မီးတုတ်ဖြင့် ရှို့လိုက်သောအခါ မကောင်းသည့် ပုန်းညက်များ ကွာကျလာ ပါသည်။ မီးတုတ်မှာ အုန်းလက်ဖြင့် မီးရှို့ထားခြင်းဖြစ်ပါသည်။ ပေါက်ပြဲ ယိုစိမ့်ကျနေသည့် ပုန်းညက် အဟောင်း နေရာတွင် ပုန်းညက်အသစ်ဖြင့် ဖာထေးပါသည်။ သူတို့သည် လှေကို လွန်းတင်ရာတွင် စုပေါင်း လုပ်ဆောင်ကြသဖြင့် မည်မှျပင် ကြီးသည့်လှေ ဖြစ်စေကာမူ အများဆုံး လုပ်ရပါလှျင် ငါးရက်ခန့်သာ ကြာမြင့်ပါသည်။ ရင်ကမ်းလှေကို လွန်းတင်ရာတွင် အခြားလှေနှင့်စာလှျင် သက်သာပါသည်။ လိုအပ်သော နေရတွင် ပုန်းညက်အသစ်ဖြင့် ဖာထေးခြင်းပင် ဖြစ်ပါသည်။


ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://e-sentiment.net/proxy/browse.php?u=Oi8vd3d3Lnp3ZWdhcGluLmNvbS9OZXdzL25ld3BhZ2UwODYuaHRtbA%3D%3D&b=5&f=norefer
Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။