တပင်ရွှေထီး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
တပင်ရွှေထီးနတ်

မင်းတရားရွှေထီး ဟုလည်း သိကြသည့် တပင်ရွှေထီးမှာ ဒုတိယ ပြည်ထောင်စု မြန်မာနိုင်ငံကို အစဦး တည်ထောင်သူဖြစ်သည်။ ခမည်းတော် မင်းကြီးညို (မဟာသီရိဇေယျသူရ) နတ်ရွာစံသဖြင့် အသက်ငယ်ငယ် (၁၄နှစ်) အရွယ်တွင် တောင်ငူမင်းဖြစ်လာပြီး နောက် ဒုတိယ ပြည်ထောင်စု မြန်မာနိုင်ငံကြီးကို တည်ထောင်ရန် ကြိုးပမ်းခဲ့သည်။ ဟံသာဝတီ မွန်နိုင်ငံ၊ ပြည် အစရှိသည်တို့ကို သိမ်းပိုက်ခဲ့ပြီး ရခိုင်၊ အင်းဝ နှင့် ထိုင်း ဒေသများထိ ဩဇာအာဏာ သက်ရောက်မှုရှိခဲ့သည်။ တိုင်းတစ်ပါးလူမျိုး၏ ဖျက်စီးမှုကြောင့် အသက်ငယ်ငယ် (၃၅နှစ်) တွင် နန်းတွင်းမှ သစ္စာဖောက် သမိန်စောထွတ်၏ လုပ်ကြံမှုကြောင့် နတ်ရွာစံခဲ့ရသည်။

ရှေးဘဝက ဟံသာဝတီဘုရင် ဓမ္မစေတီမင်း၏ သားတော်ဖြစ်ခဲ့ဖူးပြီး ဖခင်ဖြစ်သူက ယုံကြည်ခြင်း မရှိသောကြောင့် ကွပ်စေရာ စိတ်နာလွန်းလှသဖြင့် ရွှေမောဓောဘုရား တွင် အဆင်တန်ဆာတို့ကို ချွတ်ကာလှုဒါန်းလျက် နောင်ဘဝတွင် မြန်မာမင်းဖြစ်ကာ မွန်သုံးရပ်ကို နှိပ်စက်လိုကြောင်း ဆုတောင်းခဲ့သည်ဟုလည်း ဆိုကြသည်။ နောင် မိခင်ဖြစ်သူက ၄င်းကို ကိုယ်ဝန်လွယ်ထားချိန်တွင်လည်း ဟံသာဝတီမှ မြေစေး၊ ပြည်မြို့ နဝင်းချောင်းမှ ရေအေးတို့ကို စားသောက်လိုသောဆန္ဒ (ချင်ခြင်း) ဖြစ်ခဲ့ဖူးသည်။

မာတိကာ

နောက်ခံသမိုင်းကြောင်းနှင့်မွေးဖွားခြင်း[ပြင်​ဆင်​ရန်​]

အင်းဝ-ဟံသာဝတီ နှစ် ၄၀ စစ်ပွဲ အပါအဝင် နောက်ဆက်တွဲအဖြစ် နှစ်ဖက်နန်းတက်သည့် မင်းများမှာ စစ်ကို လိုလိုလားလားပင် ဆက်လက် တိုက်ခိုက်ခဲ့ကြသဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ငြိမ်သက်မှုမရှိခဲ့သည်မှာ ကြာလာသည့်နည်းတူပင် နှစ်ဖက်သော မင်းဧကရာဇ်တို့၏ ဗဟိုအာဏာမှာလည်း တစ်စစ အားနည်းကာ လက်အောက်ခံ ပဒေသရာဇ်များက လေးစားမှု မရှိကြတော့ဘဲဖြစ်ခဲ့ရသည်။ ဟံသာဝတီ(မွန်)တို့၏ ဒေသအတွင်းတွင်မူ ထူးခြားစွာ တိုးတက်လာသည့် ပဒေသရာဇ်ဟု မရှိခဲ့သော်လည်း အင်းဝပိုင်နက်အတွင်းတွင်မူ အင်းဝနန်းတွင်း ဘုရင်ဖြစ်သူ ရွှေနန်းကြော့ရှင် နရပတိ အားနည်းလာခြင်း၊ မြောက်ဖက်မှ ရှမ်းစော်ဘွား(မိုးညှင်းစလုံ)တို့မငြိမ်မသက်ဖြင့် အင်အားကြီးလာခြင်းတို့ကြောင့် သရေခေတ္တရာ (ပြည်)၊ တောင်တွင်းကြီး နှင့် ကေတုမတီ(တောင်ငူ)တို့မှ ပဒေသရာဇ်တို့မှာ အင်းဝ၏ ဗဟိုအာဏာစက်ကို အတိအလင်းပင် ထောက်ခံမှုမရှိကြတော့ဘဲ သီးသန့်ထီးနန်းပြိုင်အဖြစ်စိုးစံလာခဲ့ကြသည်။

ထိုသို့သော ထီးနန်းပြိုင်များအတွင်းတွင် ကေတုမတီတောင်ငူမှ မဟာသီရိဇေယျသူရဘွဲ့ခံ မင်းကြီးညိုမှာ အင်အားအကြီးဆုံးဖြစ်ကာ အင်းဝနှင့် ဟံသာဝတီနှစ်ဖက်လုံးကို ခြိမ်းခြောက်နိုင်သည်။ သို့သော် နန်းလျာဖြစ်မည့် သားတော် မထွန်းကားနိုင်ဖြစ်နေချိန်တွင် ဆင်အုံကန် ဆည်ဖို့ရာမှ ကောက်ယူလာသည့် ဝါးနွယ်ကုန်းကျေးရွာမှ သူကြီးသမီး ခင်ဦးသည် သားတော် တပင်ရွှေထီးကို ဖွားမြင်လာခဲ့သည်။ မြန်မာမူတွင် အထွေအထူးသော နိမိတ်လက္ခာများမွေးဖွားချိန်တွင် ပေါ်ထွက်လာသည်ဟု ဆိုခဲ့ကြသည့်အပြင်၊ ထိုင်းမူတွင်လည်း မွေးဖွားရာ၌ လျှာပေါ်တွင် မဲနက်သည့် အစက်လက္ခဏာများ ပါလာသည့်အတွက် လျှာနက်မင်း ဟုပင် ခေါ်တွင် မှတ်တမ်းပြုခဲ့ကြသည်။ မွေးဖွားလာရာ ဦးထိပ်တွင် ခမည်းတော် မင်းကြီးညိုကဲ့သို့ပင် ရွှေရောင်တောက်လက်သည့် ဆံမျှင်တစ်ချောင်း ပါလာသည့်အတွက် မင်းကြီးညိုက အထွေအထူး ဗေဒင်ကျမ်းဂန်လာတို့ဖြင့် အမည်မပေးတော့ဘဲ တပင်ရွှေထီးဟု ကိုယ်တော်တိုင် အမည်ပေးခေါ်ဝေါ်စေခဲ့သည်။

နန်းတက်ခြင်း[ပြင်​ဆင်​ရန်​]

မဟာသီရိဇေယျသူရမင်းကြီးညိုမှာ သက်တော် ၇၂ နှစ်၊ နန်းသက် ၄၆ နှစ် သက္ကရာဇ် ၈၇၉၊ နတ်တော်လဆန်း ၅ ရက်၊ ကြာသပတေးနေ့ ညဦးချိန်တွင် ရုတ်တရက်နာဖျားကာ နတ်ရွာစံလေသည်။ ထိုသို့ မင်းကြီးညိုနတ်ရွာစံလျှင် ချက်ချင်းပင် နေ့မကူးစေတော့ဘဲ ထိုည တစ်ချက်တီးအချိန်တွင် အသက် ၁၄ နှစ်သာ ရှိသေးသည့် တစ်ဦးတည်းသောသားတော် တပင်ရွှေထီးကို နန်းထက်သို့ တင်ကြလေသည်။ ထိုသို့ နန်းတက်ရာတွင် ရာဇဘိသေက ခံခြင်းမျိုးမဟုတ်ဘဲ နန်းသိမ်းပွဲအဖြစ်သာ ကျင်းပခဲ့ခြင်းဖြစ်ပြီး အစစ်အမှန် ဘိသိက်ခံကာ နန်းတက်ခြင်းကို ဟံသာဝတီအား သိမ်းပိုက်လေပြီးမှ ပြုလုပ်ခဲ့သည်။ ထိုသို့ အသက်ငယ်ရွယ်လှသည့်သူ စိုးစံသော်လည်း အခြားသော မင်းများက လာရောက် ရန်စစ်ပြုခြင်း မရှိခဲ့သည်ကို ကြည့်ခြင်းဖြင့် တောင်ငူ၏ အင်အားကြီးပုံကိုခန့်မှန်းနိုင်ပါသည်။

နန်းတက်သည်နှင့် တစ်ပြိုင်နက်ပင် မိမိကို နန်းရံစေမည့် မှုးမတ်များကို ဘွဲ့ထူးများ၊ စည်းစိမ်များ ပေးခြင်းပြုလုပ်လေသည်။ အထိန်းတော်လည်းဖြစ်၊ ဖခင်၏ ပြည်ထောင်ဖက်လည်းဖြစ်သည့် မင်းကြီးဆွေ (ဘုရင့်နောင်၏ ဖခင်)ကို မင်းရဲသိင်္ခသူ၊ ရှင်နီတာကို သတိုးဓမ္မရာဇာ၊ ရှင်သီဟကို စည်သူကျော်ထင်၊ ရှင်နတ်တော်ကို ဘယနန်သူ အစရှိသည့်ဘွဲ့များ ပေးပြီး မိမိနှင့် နို့စို့ဖက်ဖြစ်သူ၊ ညီအစ်ကိုအရင်းမျှချစ်ခင်သူ၊ မိမိ၏ အစ်မတော် သခင်ကြီးနှင့်ရည်ငံနေသူ ရှင်ရဲထွတ်အား ကျော်ထင်နော်ရထာ ဟူသည့်ဘွဲ့ကိုပေးကာ အစ်မတော် သခင်ကြီးနှင့် လက်ဆက်ပေးလေသည်။ (အမှန်လည်း ညီနောင်အရင်းကဲ့သို့ ချစ်ကြည်ကြသည်။ နောင်တစ်ပင်ရွှေထီးလွန်ပြီး ဘုရင့်နောင်နန်းတက်ပြီးရာတွင် မကြာခဏပင် ညီတော် မင်းတရား၊ ညီတော်မင်းတရား ဟုပြောကြားလေ့ရှိသည်။) ထို့အတူ ရှင်ရဲထွတ်၏ညီမ ခင်ဘုန်းစိုး နှင့် ရှင်နီတာ၏သမီး ခင်မြတ်တို့ကို မိဖုရားအဖြစ် ကောက်ယူကာ လက်ဝဲလက်ယာ မြှောက်စားလေသည်။ သို့သော် ဘိသိက်မခံ၊ နန်းမတက်ဘဲ နေသကဲ့သို့ပင် မည်သူ့ကိုမျှ မိဖုရားကြီးအရာ မမြှောက်ဘဲနေခဲ့သည်မှာ တစ်သက်လုံးပင်ဖြစ်ကာ ၄င်းမှာ တပင်ရွှေထီး၏ ထူးခြားချက်ဖြစ်သည်။

နားထွင်းမင်္ဂလာပြုခြင်း[ပြင်​ဆင်​ရန်​]

နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နက်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွားရောက်နိုင်ရန် ထောက်ခံပြီး၊ ရဲရင့်သန်မာသည့် သူရဲကောင်းများ ခြံရံလျက် သွားသင့်ကြောင်းလျှောက်ရာ လက်ခံပြီး သူရဲကောင်းရွေးစေသည်။ သူရဲကောင်းရွေးပုံမှာ လက်မကို ထောင်စေလျက် လက်သည်းကြားတွင် အပ်စိုက်ပြီး တူနှင့်ထုစေသည်။ လက်မတွန့်သူ၊ မျက်နှာမပျက်သူကိုသာ ရွေးချယ်သည်။

ထိုသို့စမ်းသပ်ရာတွင် တပင်ရွှေထီး၏ သူရဲကောင်း ဗလရဲထင်မှာ မျက်နှာပျက်၊ လက်တွန့်သဖြင့် အရွေးမခံရပဲ ရှက်လှရာ ဗိုက်ကို ကိုယ်တိုင်ခွဲသည်။ နောက် အူစကိုဆွဲထုတ်ပြီး ကျော်ထင်နော်ရထာ လက်သို့ပေးကာ ပြေးရာ အူဆုံးလျှင်သေလေသည်။ ထိုအရာကိုမြင်ပြီး တပင်ရွှေထီးချသည့် မှတ်ချက်မှာ မြန်မာ့သမိုင်းတွင်သည့် စကားပင်။ “ငါ့ကျွန် ဗလရဲထင်မှာ မိုက်ကားမိုက်၏။ သို့သော်သတ္တိမူမရှိ..။” ဟုဖြစ်လေသည်။ ထိုသို့ဖြင့် လက်ရွေးစင် သူရဲ ၅၀ဝ ရလျှင် ရန်သူနယ်မြေအတွင်းရှိ ရွှေမောဓောဘုရားသို့ သွားရောက်ကာ နားထွင်းခြင်းအမှုကို ရဲဝံ့စွာပြုလေသည်။ ကျော်ထင်နော်ရထာ ဦးဆောင်သည့် အမတ်လေးကျိပ်နှင့် သူရဲ ၅၀ဝ ကစေတီတော် အောက်တွင်စောင့်ကြပ်ပြီး ပုဏ္ဏား ရှစ်ဦးက ရင်ပြင်ပေါ်တွင် တပင်ရွှေထီး ကို နားထွင်း၊ သျှောင်ထုံးခြင်းတို့ကို ပြုလုပ်ပေးလေသည်။ ထိုသို့ပြုလုပ်နေချိန်တွင် ဟံသာဝတီမှ သုရှင်တကာရွတ်ပိလည်း အမျက်ပြင်းစွာထွက်ကာ အမတ်ကြီးများဖြစ်သည့် ဗညားလောနှင့် ဗညားကျန်းတို့နှစ်ဦးကို တပ်များနှင့်စေလွတ်ကာ တိုက်ခိုက်စေသည်။ နားထွင်းမင်္ဂလာပြီးရာ ကိုယ်တိုင်ပင် သတ္တရုဇေယျ မြင်းကိုစီးလျက် ရန်သူတပ်ကို ကြုံးဝါးထိုးဖောက်ပြီး တောင်ငူသို့ပြန်လေသည်။ မွန်တပ်များမှာ တောင်ငူတပ်နောက်သို့ မလိုက်ဝံ့တော့ချေ။

ဟံသာဝတီကိုလုပ်ကြံခြင်း နောက်ခံအကျဉ်း[ပြင်​ဆင်​ရန်​]

ဟံသာဝတီကို ခရစ်နှစ် ၁၅၃၄ - ၁၅၃၃ - ၁၅၃၆ များတွင် သုံးကြိမ်တိုင်တိုင် စစ်ချီကျူးကျော် တိုက်ခိုက်သော်လည်း မနိုင်သဖြင့် တပင်ရွှေထီးက ဥပါယ်ပရိယာယ် တမျိုးတဖုံ ပြောင်းလဲလိုက်ပြန်သည်။

မွန်တို့၏ ဟံသာဝတီ နေပြည်တော်တွင် စစ်ဗျူဟာကျွမ်းကျင်သည့် စစ်ရေးစစ်ရာ စီမံကွပ်ကဲသူ သေနာပတိကြီး နှစ်ဦးရှိသည်။ တပင်ရွှေထီးက မိမိ၏ လျှို့ဝှက် အထောက်တော်အား စာချွန်လွှာပို့ ဆက်သားအဖြစ် ပုံဆောင်စေ၍ ဟံသာဝတီရှိ မွန်စစ်သေနာပတိ နှစ်ဦးထံစေလွှတ် လိုက်သည် ။ စာချွန်လွှာပါ အကြောင်းအရာများမှာ-

"စိတ်ချယုံကြည်ရသော သွေးသောက် အဆွေတော်တို့၏ တင်ပြတောင်းဆိုချက်ကို အကျွန်ုပ်ဝမ်းမြောက်စွာ လက်သင့်ခံပါသည်။ အဆွေတော်တို့၏ အကူအညီဖြင့် ကျွန်ုပ်တို့ အောင်ပွဲရပြီးသောအခါ အဆွေတော်တို့၏ အာသီသအတိုင်း ဧကန်ဆုလာဘ်တော် ချီးမြှင့်တော်မူမည်" ဟူသတည်း။

စာချွန်လွှာပို့ လျှို့ဝှက်အထောက်တော် များက အဖမ်းခံရစေရန် တမင်တကာ ကြံစည်၏။ ထိုစာချွန်လွှာသည် စီစဉ်ထားသည့် အတိုင်း သေနာပတိကြီးဆီ မရောက်ပဲ မွန်ဘုရင် လက်တွင်းသက်ဆင်းမိ လျက်သားဖြစ်သွားတော့၏။ ၄င်းသတင်းစကား ချဲ့ကားသွားသည့် အချက်ကား သေနာပတိနှစ်ဦး အာသီသဆန္ဒရှိသော ဆုလာဘ်တော်ဆိုသည်မှာ မုတ္တမ မြို့စားနှင့် ပဲခူးမြို့စား ပိုင်စားပိုင်စေဖြစ်ကြောင်း ပြောဆိုကြသည်။

ရာဇဂုရု မင်းဆရာဖြစ်ခဲ့ဖူးသူ သစ္စာတည်ကြည် ဖြောင့်မတ်သော စစ်သေနာပတိ နှစ်ဦး၏ သံတော်ဦးတင် လျှောက်လဲ ချက်ကို မွန်ဘုရင်က နားမဝင်တော့ `ချက်ချင်း ခေါင်းဖြစ်သတ်စေ´ ဟူသော ဘုရင့်အမိန့်တော်ကြောင့် မင်းမှုထမ်းတို့က တုန်တုန်ရီရီဖြင့် လက်တုန့်မနှေး သေဒဏ် ပေးလိုက်ကြလေသည်။ ဘုရင်၏ သေဒဏ်ကို ကြောက်ကြသောကြောင့် မည်သူ ကမျှ စောဒက မတက်ရဲကြတော့ပေ။

ဗမာတို့တွင် စစ်အင်အား နည်းပါးသော်လည်း စစ်သည်ဗိုလ်ပါ တို့က ဘုရင်ကို ချစ်ကြောက် ရိုသေကြ၏။ ဘုရင်ကလည်း စစ်မှုးစစ်ကဲတို့ကို တန်ဖိုးထား၏ ။ မွန်တို့မှာ စစ်အင်အားကြီးမားသော် လည်း မွန်ဘုရင်၏ နှလုံးသားမှာအရွယ်အစားမှာ လွန်စွာသေးငယ်၏ ။ ဥပါယ်တံမျှင်ကို မသိ စဉ်းစား ချင့်ချိန်ခြင်း မရှိပဲ စစ်သေနာပတိ နှစ်ယောက်ကို သတ်ရက်သည်။ စစ်သေနာပတိကြီး မရှိသောအခါ ဗမာတို့သည် မွန်နိုင်ငံတော်ကို လွယ်ကူစွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ဤသို့ဖြင့် မွန်နိုင်ငံတော်ကြီး ပျက်စီးခဲ့ရသည်။ [၁]

ပထမအကြိမ်စစ်ပြုခြင်း[ပြင်​ဆင်​ရန်​]

သက္ကရာဇ် ၈၉၄ မှ ၈၉၆ အတွင်းတွင် တပင်ရွှေထီးသည် အင်အားကိုစုစည်းလျက်နေပြီး ၈၉၆ တွင်နယ်ပယ်ချဲ့ထွင်ရန် အတွက်မှူးမတ်များကို ရှမ်းမင်းသိုဟန်ဘွားသိမ်းပိုက်ထားသည့် အင်းဝကိုသော်လည်းကောင်း၊ သုရှင်တကာရွတ်ပိ၏ ဟံသာဝတီကို သော်လည်းကောင်း၊ နရပတိစိုးစံသည့် ပြည်မြို့ သော်လည်းကောင်း မည်သည့်အရပ်သို့စစ်စမ်းချီတိုက်လျှင်ကောင်းမည် တိုင်ပင်ကြရာ ဟံသာဝတီကို စတင်တိုက်ခိုက်လျှင် ကောင်းမည်ဟု အကြံကိုရသဖြင့် ဟံသာဝတီသို့စစ်ချီလေသည်။ သို့ဖြင့် သက္ကရာဇ် ၈၉၆ တွင် တိုက်ဆင် ၄၀၊မြင်းသည် ၈၀ဝ နှင့်သူရဲ ၄၀ဝ၀ဝ ပါသည့်တပ်ဖွဲ့ကာ ပဲခူးသို့ချီလေသည်။ လမ်းခရီးတလျှောက်တွင် အခုအခံကြီးမားစွာမတွေ့ပဲ ဟံသာဝတီနေပြည်တော်သို့တိုင်ရောက်ပြီး မြို့ကိုရံကာတိုက်လေသည်။ သို့သော် မွန်အမတ်ကြီးများဖြစ်သည့် ဗညားလောနှင့် ဗညားကျန်းတို့ အခုအခံကောင်းလှသောကြောင့် ခုနှစ်ရက်အကြာတွင် တပ်ကို ဆုတ်လေသည်။ မြို့ကိုမရသော်ငှား တောင်ငူစစ်ကို ဟံသာဝတီကြောက်ရွံစေခြင်းဖြင့် အမြတ်ကြီးစွာရလေသည်။

ဒုတိယအကြိမ်စစ်ပြုခြင်း[ပြင်​ဆင်​ရန်​]

နောက်တစ်နှစ်(၈၉၇)တွင် အင်အားကို တိုက်ဆင် ၆၀၊မြင်းသည် ၈၀ဝ နှင့်သူရဲ ၆၀ဝ၀ဝ ဖြင့်ချီတက်ပြန်သည်။ ပဲခူမြောက်ဖက် ကျပ်ကတိုး အရပ်တွင် တပ်ချကာ သုံးလတိုင်တိုင်တိုက်သော်လည်း ပဲခူးဖက်မှ ပေါ်တူဂီတို့၏ အမြောက်များ ကို အသုံးပြုလေသဖြင့် အထိအပါးများသည်။ နောက် မိုးကာလရောက်သောကြောင့် တပ်ခေါက်ကာတောင်ငူသို့ ပြန်လေသည်။

တတိယ အကြိမ်လုပ်ကြံခြင်း[ပြင်​ဆင်​ရန်​]

ထိုသို့ဖြင့် ဟံသာဝတီသည် နှစ်ကြိမ်တိုင်တိုင် တောင်ငူစစ်ရန်ကို ခံရပြီးနောက် ထူးဆန်းသည့် အခြင်းအရာများ ပေါ်ထွက်လာခဲ့သည်။ ကြယ်များ ၇ ရက်တိတိကြွေခြင်း၊ ဇုတ်သုတ် (အစုတ်အကြေဟုလည်းဆိုသည်။) တွင် အလျား အတောင် ၄၀ဝ၊ အထု အတောင် ၅၀ ရှိ ငါးကြီးတင်ခြင်း၊ အိပြုံးတောင်(အိမ်ပြုံးတောင်) အလိုလိုပြိုကျခြင်း၊ တောင်ပို့နှင့် ကုန်းမြေများ နေရာရွေ့ပြီး မြေသားအက်ကွဲခြင်း၊ ကျီးတစ်ကောင် ဥကင်သ ရာဇပလ္လင်တွင် လာနားရာ ကျန်ကျီးများ ဝိုင်းအာကြခြင်း၊ ဇမလနိမိတ်ကျောက်တိုင် ပဲ့ကျခြင်း၊ ပဲခူးဖြစ်ရေနောက်ကျိခြင်းတို့ ဖြစ်ကာ ပြည်သူတို့အကြားတွင် နိုင်ငံပျက်ကိန်း ကြုံပြီဟုဆိုကာ ကြောက်ရွံခြင်းကြီးစွာဖြစ်ကြ၏။ သက္ကရာဇ် ၈၉၈ တွင် တပင်ရွှေထီးသည် အထိန်းတော် မင်းရဲသိင်္ခသူ (ရှင်ရဲထွတ်၏ဖခင်)ကို မြို့စောင့်ထားလျက် ရှင်ရဲထွတ်ကို ရှေ့မှချီစေပြီး သတိုးဓမ္မရာဇာကို နောက်တပ်ဦးစီးစေကာ ဟံသာဝတီသို့ချီပြန်သည်။ ယခုတစ်ခေါက်အင်အားမှာ ရှေ့နှစ်ကြိမ်ထက်ကြီးပြီး တိုက်ဆင် ၂၀ဝ၊ မြင်းသည် ၈၀ဝ ၊ သူရဲ ၇၀ဝ၀ဝဖြစ်ကာ တပ်ပေါင်း ၇ တပ်ရှိသည်။ ကော်လိယ အရပ်တွင် မွန်တပ်ကြီးနှင့် ရှေဲဖျားချီ ကျော်ထင်နော်ရထာတပ်တို့ ရင်ဆိုင်တိုက်ရာ အင်အားမမျှသော်လည်း တောင်ငူတပ်မှာ ရဲရင့်လှသည့်အတွက် မွန်တို့အကျအဆုံးများလျက် ဆုတ်ခွာရပြီး မွန်တပ်ဗိုလ်မှူးတစ်ဦးဖြစ်သူ သမိန်ဖရူး နှင့်တကွ လူသူသုံ့ပန်းအများကို ဖမ်းရလေသည်။ တပင်ရွှေထီး ထံဆက်သရာ အလွန်ဝမ်းမြောက်အားရသဖြင့် စီးတော်မြင်း သတ္တရုဇေယျ ကို ဆုအဖြစ်ချီးမြှင့်သည်။ နောက် ဟံသာဝတီအနီးရှိ တနက်ခုံ အရပ်သို့ချီတက်စခန်းချပြီး ဟံသာဝတီကိုလုပ်ကြံရာ ယခင်အကြိမ်ကဲ့သို့ပင် အမြောက်များ၏ အခုအခံကြောင့် မြို့ကိုမရနိုင်ပဲဖြစ်ရပြန်သည်။ နောက် ကျော်ထင်နော်ရထာ၏ အကြံပေးချက်အရ ဒဂုံ(ရန်ကုန်)သို့ချီကာ ရွှေတိဂုံစေတီ ခြေရင်းတွင် တပ်ချနေသည်။ ထိုနောက် တပင်ရွှေထီးသည် ရွှေတိဂုံစေတီတွင် တပ်စွဲနေပြီး ကျော်ထင်နော်ရထာက အနောက်ဖက်တစ်လွှားရှိ မွန်မြို့ရွာများကို သွားရောက်တိုက်ခိုက်ရာ ပုသိမ်၊မြောင်းမြ၊ ဒေးပသွယ်၊ သရိုင်းသရာ ၊ခဲပေါင် မြို့များကိုရပြီး တောင်ငူသို့ပြန်လေသည်။

ဟံသာဝတီမှ သံတမန်စေလွတ်လာခြင်း၊ပရိယာယ်ဖြင့် အားနည်းရန်ပြုခြင်း[ပြင်​ဆင်​ရန်​]

ထိုသို့သုံးကြိမ်တိုင်တိုင် ရန်စစ်ပြုခံရသည်ရှိသော် ဟံသာဝတီမှ သုရှင်တကာရွတ်ပိသည် တောင်ငူကို မဟာမိတ်ဖွဲ့ကာနေလျှင် သက်သာရာရနိုင်သည်ဟုတွေးလျက် မိမိ၏ အမတ်ကြီးနှစ်ပါးဖြစ်သည့် ဗညားလောနှင့် ဗညားကျန်းတို့ကို တစ်ဖွဲ့၊အခြားမှူးမတ်တို့ကို တစ်ဖွဲ့ ပေါင်းနှစ်ဖွဲ့တို့ကိုတစ်ချိန်တည်းပင် တောင်ငူသို့စေလွတ်သည်။ထိုသို့ သံနှစ်ဖွဲ့ကို စေလာကြောင်း တပင်ရွှေထီးသိလျှင် ပရိယာရ်ပြုကာ အမတ်ကြီးနှစ်ပါးကို ဦးစားပေးပြီး ၊ကျန်သံအဖွဲ့ကို သာမန်မျှသာ အရေးပေးကာ သွေးခွဲလေသည်။ ဟံသာဝတီသို့ပြန်ရောက်လျှင် အမတ်ကြီးနှစ်ပါးအား မသင်္ကာသည့် ကျန်မှူးမတ်တို့ ကကုန်းတိုက် လျှောက်ထားသည့်အတွက် သုရှင်တကာရွတ်ပိမှာ အမတ်ကြီးနှစ်ပါးအား ကြီးစွာသံသယ ဝင်လေသည်။ ထိုသို့သံသယဝင်သည်ကိုကြားလျှင် တပင်ရွှေထီးသည်ပရိယာရ်ဖြင့် အမတ်ကြီးနှစ်ပါးကို မွန်မင်းသတ်စေရန်ကြံရာ အကြံအောင်ပြီး အမတ်ကြီးနှစ်ပါးတို့ ကို သုရှင်တကာရွတ်ပိ သတ်လေသည်။ သို့ဖြင့် ဟံသာဝတီ နန်းတွင် အမာခံသစ္စာရှိ အမတ်ကြီးများမရှိတော့ပဲ အားနည်းသွားရလေသည်။

ဟံသာဝတီကို အောင်မြင်ခြင်း[ပြင်​ဆင်​ရန်​]

ထိုသို့ ဟံသာဝတီမင်းသည် မိမိ၏သစ္စာရှိအမတ်ကြီးများကို အထင်လွဲကာ သတ်သည့်အကြောင်းကြားလျှင် တပင်ရွှေထီးသည် ကျော်ထင်နော်ရထာနှင့်တိုင်ပင်ပြီး ဟံသာဝတီကို အပြီးတိုင်သိမ်းပိုက်ရန် ကြည်း၊ရေနှစ်မျိုးပါသည့်စစ်တပ်ကြီးဖွဲ့လေသည်။ ကြည်းတပ်တွင်တိုက်ဆင် ၁၂၀၊မြင်းသည် ၈၀ဝ နှင့် သူရဲ၇၀ဝ၀ဝ ဖြစ်ပြီး ရေတပ်တွင် အမြောက်ကြီးတင်သည့် တိုက်လှေ ၂၀ဝ နှင့်သူရဲ ၁၀ဝ၀ဝ ဖြစ်သည်။ဟံသာဝတီသို့မရောက်မှီတွင် သုရှင်တကာရွတ်ပိ လည်းအားကိုးဖွယ် အမတ်၊စစ်သူကြီး မရှိတော့သဖြင့် ယခင် အကြိမ်များကဲ့သို့ ရင်ဆိုင်တိုက်ခိုက်ရန် မဖြစ်နိုင်တော့သည်ကို နားလည်ကာ ယောက်ဖတော် ပြည်ဘုရင်နရပတိ ထံသို့ စစ်သည် ၄၀ဝ၀ဝ၊လှေ၇၀ဝဖြင့်ပြေးသည်။ကြည်းတပ်တွင်ဆင်၂၀ဝ၊မြင်း၈၀ဝ၊သူရဲ ၂၀ဝ၀ဝဖြင့် ဗညားဒလ အားဦးဆောင်စေလျက်နောက်မှလိုက်စေသည်။ထိုသို့ မွန်မင်းပြေးသော် တပင်ရွှေထီး၏ တောင်ငူတပ်မှာ ဟံသာဝတီကို အလွယ်တကူရလေသည်။

နောင်ရိုးတိုက်ပွဲ -ဘုရင့်နောင်ဘွဲ့နှင့် သုရှင်တကာရွတ်ပိကျဆုံးခြင်း[ပြင်​ဆင်​ရန်​]

ဟံသာဝတီကို ရလျှင် စစ်ရေးကို အမြန်ဆွေးနွေးကာ သုရှင်တကာရွတ်ပိနောက်သို့လိုက်ရန်အတွက်ကြည်း၊ရေ နှစ်တပ်ဖွဲ့လေသည်။ကျော်ထင်နော်ရထာအား ကြည်းတပ် ၃ တပ်ဖြင့် ဗညားဒလ နောက်သို့လိုက်စေပြီး ကိုယ်တိုင်မူ လှေတပ်ကြီးဖွဲ့ကာ လှေ၃၅၀၊သူရဲ ၃၅၀ဝ၀ဝ ဖြင့်လိုက်လေသည်။ထိုသို့လှေတပ်အင်အားအလွန်ကြီးမားလာရသည်မှာ ဟံသာဝတီကို သိမ်းပိုက်အပြီးတွင် ရေလုပ်ကျွမ်းကျင်သည့် မွန်များကို မြောက်စားခြင်း၊ မွန်မင်း ဝှက်ခဲ့သည့်လှေများကို သိမ်းယူကာ သစ္စာခံသူများကို ချီးမြောက်ခြင်းတို့ကြောင့်ဖြစ်သည်။ကြည်းတပ်ချီသည့်အနော်ရထာ တွင်မူဆင်၅၀ ၊မြင်း၅၀ဝ သူရဲ ၁၀ဝ၀ဝတို့နှင့် ဆင်စီးအမတ် ၅ ကျိပ်သာပါသည်။

ထိုသို့လိုက်ရာ နောင်ရိုးအရပ်သို့ရောက်လျှင် တစ်ဖက်ကမ်းရှိ ရန်သူတပ်၏အင်အားကိုစုံစမ်းစေရာ ရန်သူအင်အားမှာ မိမိထက် ၈ ဆမျှကြီးသည်ကို ကျော်ထင်နော်ရထာသိရလေသည်။ သို့သော် "စစ်တို့၏သဘောမှာအင်အားငယ်သည်ကြီးသည်မှာပဓါနမဟုတ်၊သူရသတ္တိနှင့်စစ်ပရိယာရ်သာပဓါနဖြစ်သည်။" ဟုဆိုကာ ချောင်းကို ကူးစေသည်။ကမ်းပေါ်သို့ရောက်သော် တပင်ရွှေထီးမှ သံစေလာပြီး ၄ငး်ရောက်မှသာစစ်ကိုတိုက်ရန်မိန့်ကြားလာသော် "အရှင့်ဘုန်းတော်ကြောင့် အောင်နိုင်ပြီးဖြစ်သည်။" ဟုလျှောက်တင်စေသည်။နောက်လှေဖောင်တို့ကို ဖျက်စေရာ မှူးမတ်တို့က စစ်ရေးမလှသော်ပြေးရန်လှေမရှိလျှင် ခက်မည်ဟုဆိုကြလျှင် "ဖောင်တို့ကို မဖျက်လျှင် အနည်းငယ်စစ်ရေးမလှသည်တွေ့လျှင်နောက်သို့ချဉ်းလှည့်ပြေးရန်စဉ်းစားကြလိမ့်မည်။ဖောင်တို့ကိုဖျက်မှသာ ရှေ့မှရန်သူကို နောက်မှရေဘေးဟူသောအသိဖြင့် ယတိပြတ်အနိုင်တိုက်ရန် စိတ်ရှိကြမည်။မင်းတရားကြီးထံလျှောက်စေသည်မှာလည်း စစ်ကိုအနိုင်တိုက်ရန်ဖြစ်ပြီး ရှုံးပြီးသေကြလျှင် အပြစ်တင်ရန် မတတ်နိုင်တော့။သေသောသူကိုအဘယ်သို့အပြစ်တင်နိုင်မည်နည်း။" ဟုဆိုကာဖျက်စေပြီး စစ်ကိုအနိုင်တိုက်ရာ ရန်သူမွန်တပ်ကြီး ပျက်ကာ ဗညာဒလပြေးပြီး အခြားတပ်မှူးဖြစ်သူ မင်းရဲအောင်နိုင်မှာ ဆင်ထက်တွင်ကျဆုံးလေသည်။နောက်တစ်ရက် တပင်ရွှေထီးရောက်သော် ဖမ်းဆီးမိသည့် ဆင်မြင်းလူသုံ့ပန်းအများကိုဆက်သရာ ကျေနပ်လွန်းလှသဖြင့် ဘုရင့်နောင် ဟူသောဘွဲ့ကိုပေးပြီး လှိုင်မြို့ကိုထပ်တိုးစားစေသည်။

ပြည်တိုက်ပွဲ[ပြင်​ဆင်​ရန်​]

ပြည်မြို့အနီး အင်္ဂပူ သို့ရောက်လျှင် ဗညားဒလဦးဆောင်သည့် မိမိကြည်းတပ်ပျက်ကြောင်းကြားကာ စိတ်ခြောက်ခြားလှသဖြင့် တပ်ကို အင်္ဂပူတွင်ချပြီး မိဖုရားမောင်းမ နှင့် သားသမီးများကို ပြည်မြို့ထဲသို့ခေါ်ကာ ပြည်မင်း နရပတိ နှင့်တွေ့ဆုံဆွေးနွေးလေသည်။ထိုသို့ဆွေးနွေးရာ မိမိတို့ ဟံသာဝတီ-ပြည် အင်အားဖြင့်မရနိုင်ဟုတွက်ကာ အထက်အင်းဝတွင် စိုးစံနေသည့်ရှမ်းမင်း သိုဟန်ဘွား အားမဟာမိတ်ဖွဲ့ပြီး အတူတိုက်ရန် ဖိတ်ခေါ်လေသည်။သို့ဖြင့်ပြည်တွင် ဟံသာဝတီ-ပြည်-အင်းဝ ဟူသောတပ်ကြီးသုံးတပ်တို့ပေါင်းကာ တပင်ရွှေထီး၏ စစ်ကို ခုခံတိုက်ခိုက်ရန် ပြင်ဆင်ကြတော့သည်။တပင်ရွှေထီးသည် မိမိကိုယ်တိုင် လှေစီးကာ ရန်သူတပ်အနီးသို့သွားပြီးစစ်ရေးငင်လေသော် ရန်သူတပ်တို့လည်း နောက်မှအမှတ်မဲ့လိုက်လေသည်။အင်းပျောကျွန်းအလွန်တွင် အသင့်စောင့်နေသည့်ဘုရင့်နောင်တပ်က အတင်းတိုက်သဖြင့် အငိုက်မိကာ သုံ့ပန်းဖြစ်သူ၊ကြည်းသို့တက်ပြေးသူ တို့ဖြင့် တပ်ကြီးပျက်လေသည်။

ဟံသာဝတီသို့ပြန်ခြင်း၊သုရှင်တကာရွတ်ပိ၏ နိဂုံး[ပြင်​ဆင်​ရန်​]

ထိုသို့ ရေတပ်တွင် တပင်ရွှေထီးတပ်မှ အောင်ပွဲရအပြီးတွင် စစ်ရေးဆွေးနွေးရာ မိမိတို့အင်အားမှာ ရန်သူ မင်းသုံးပါးတို့၏တပ်များနှင့် စာလျှင် အလွန်ပင်အင်အားနည်းသဖြင့် မစွန့်စားလိုသဖြင့် ဟံသာဝတီသို့ ပြန်ရန် ဆုံးဖြတ်ကာ တပ်ကို ဆုတ်လေသည်။ထိုအခါ မင်းသုံးပါးတို့ကလည်း ဟံသာဝတီကို အတူတိုက်ပြီး သုရှင်တကာရွတ်ပိကို နန်းပြန်တင်မည်ဟုတိုင်ပင်ကြသည်။သို့ဖြင့် သုရှင်တကာရွတ်ပိလည်း အင်္ဂပူရှိ မိမိတပ်သို့ပြန်လေပြီးတပ်ကိုတိုးချဲ့ရန်ကြိုးပမ်းသည်။ ထိုနောက် ဆင်ကျော့ထွက်ရာ လမ်းမှားကာ နောက်ပါတပ်များနှင့် ကွဲကွာသွားစဉ် နတ်မိမယ် တစ်ပါးနှင့် တွေ့ဆုံပျော်မြူးအပြီး တွင် နတ်မိမယ်ပျောက်ကွယ်လေသည်။တပ်သို့ပြန်ရောက်သော် နတ်မိမယ်အားတမ်းတလျက် မစားမအိပ်နိုင်ဖြင့် ရောဂါဆန်းဖြင့် ကွယ်လွန်လေသည်။နောက် ပြည်ဘုရင်နရပတိနှင့် ရှမ်းမင်းသိုဟန်ဘွားတို့လည်း ဟံသာဝတီကို တိုက်ရန် အကြံကိုလက်လျော့ကြကာကျန်ရစ်သည့် မွန်မှူးမတ်၊ဆင်၊မြင်း၊သူရဲ၊စည်းစိမ်တို့ကို ခွဲဝေယူကြသည်။ သုရှင်တကာရွတ်ပိ ၏ သားတော်တစ်ပါးနှင့်သမီးတော်တစ်ပါးတို့ကို သိုဟန်ဘွားက သားသမီးမရှိသောကြောင့် မွေးစားမည်ဆိုကာ အင်းဝသို့ခေါ်သွားခဲ့သည်။ပြည်ဘုရင်နရပတိလည်း အရေးကြုံလျှင် မဟာမိတ်ရရန် မိမိနှမ၊မွန်မင်း၏မိဖုရားကို ရခိုင်မင်းထံဆက်သလေသည်။သို့သော် သက္ကရာဇ် ၉၀ဝ ပြည့်နှစ်တွင် နရပတိ နတ်ရွာစံ၍ ညီဖြစ်သူ ရှင်သရက် က မင်းခေါင်ဘွဲ့ခံကာ ပြည်တွင် ထီးနန်းစိုးစံလေသည်။

နယ်ပယ်များကိုဆက်လက်ချဲ့ထွင်ခြင်း[ပြင်​ဆင်​ရန်​]

ဟံသာဝတီနန်းတော်ချဲ့ထွင်ခြင်း၊အနောက်ဖက်ပုသိမ်ဒေသကို စည်းရုံးခြင်း[ပြင်​ဆင်​ရန်​]

ဟံသာဝတီသို့ပြန်ရောက်ပြီးနောက် မွန်မင်း သုရှင်တကာရွတ်ပိ၏ အမှုထမ်း၊မှူးမတ်ဟောင်းများ လာရောက်သစ္စာခံသည်ကို ရှုတ်ချဆက်ဆံခြင်းမရှိစေဘဲ စည်းစိမ်များပေးမြဲပေးစေကာ စည်းရုံးစေပြီး မွန်-မြန်မာ ဟူ၍ခွဲခြားခြင်းအလျဉ်းမရှိပဲ တန်းတူပင် မြောက်စားသည်။ပုသိမ် ၃၂ မြို့သို့လည်းသစ္စာတော်ခံများစေလွတ်ကာ သစ္စာပေးသည်။ နောက်ရှေးမွန်ဘုရင်များလက်ထက်ကရှိခဲ့သည့် နန်းတော် ဧရိယာကို တောင်ဖက်သို့ထပ်မံတိုးချဲ့စေကာ ရွှေမောဓေါဘုရားခြေရင်းတိုင်ရောက်စေသည်။(ရှေးမွန်တို့၏ နန်းတော်မှာ ယခုကမ္ဘောဇသာဒီ နန်းတော်နေရာမဟုတ်ပါ။ကမ္ဘောဇသာဒီ နန်းတော်မှာ ဘုရင့်နောင်မင်းတရားကြီးလက်ထက်မှ တည်ခဲ့သောနန်းတော်ဖြစ်သည်။)နောက် သက္ကရာဇ် ၉၀၁ တွင် ယောက်ဖတော် ဘုရင့်နောင် အားမိမိနှင့်ထပ်တူအာဏာကုန်ပေးအပ်ကာ နိုင်ငံအားအုပ်ချုပ်စေသည်။ထို့အတူ ဘုရင့်နောင်၏ ဖခင် မင်းရဲသိင်္ခသူ(မင်းကြီးဆွေ)အား မိမိ၏ ဌာနေ တောင်ငူနန်းတွင် ဘုရင်ခံရာထူးပေးကာ မင်းမြှောက်တန်ဆာ ငါးပါးဖြင့် အုပ်ချုပ်ရန် အပ်နှင်းပြန်သည်။ဘွဲ့အမည်ကိုလည်း မင်းရဲသီဟသူ သို့တိုးမြင့်ပေးသည်။

မုတ္တမကို သိမ်းပိုက်ခြင်း[ပြင်​ဆင်​ရန်​]

သက္ကရာဇ် ၉၀၂ တွင် မုတ္တမမင်း စောဗညားမှာ ဩဇာခံသည်မရှိပဲ အရှေ့ဖက်တစ်လွှားတွင် အင်အားကြီးလာသည့်အတွက် ချီတက်နှိပ်နှင်းရန် ပြင်ဆင်လေသည်။ စောဗညားမှာ သုရှင်တကာရွတ်ပိနှင့် ၄င်း၊ မော်လမြိုင်စား ဗညားဦး နှင့်၄င်း ယောက်ဖတော်စပ်သည့်အပြင် မုတ္တမ မှာလည်း ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည့်အတွက် ကူးသန်းရောင်းဝယ်ရေးဖွံဖြိုးသည့်အပြင် နိုင်ငံခြားသား ပေါ်တူဂီ တို့ကိုလည်း အမြောက်တပ်ဖွဲ့ကာကြေးစားအမှုထမ်းစေသည်။ ထိုအချက်များကြောင့် ဟံသာဝတီရှိ တပင်ရွှေထီး အားဩဇာမခံပဲနေခြင်းဖြစ်သည်။ဦးစွာသံတမန်စေကာ ငြိမ်းချမ်းစွာ လက်အောက်ခံရန်ကြိုးပမ်းသော်လည်း စောဗညားကငြင်းပယ်ရာမှ စစ်ချီရန် အကြောင်းဖန်တော့သည်။တပ်ပေါင်း ၁၂ တပ်တွင် ဆင် ၁၃၀၊မြင်းသည် ၂၁၀ဝ၊စစ်သူရဲ ၁၃၀ဝ၀ဝ ဖြစ်ကာ မြင်းတပ် ၃တပ်ကို ရှေ့ပြေးတပ်ချီစေသည်။

ဟံသာဝတီအားစောင့်ရန် အထိန်းတော် သတိုးဓမ္မရာဇာ(ရှင်နီတာ)ကိုတာဝန်ပေးသည်။တစ်လကျော်မျှ မုတ္တမကို ဝန်းရံသော်လည်း အကြောင်းမထူးပဲ မြို့တွင်းမှ မုတ္တမတပ်များနှင့် မြို့ပြင်မှ ပေါ်တူဂီတို့၏ အမြောက်တင် သင်္ဘောများရန်ကြောင့် လက်နကက်ကောင်းများဖြင့် ဖိဖိစီးစီး ခုခံသောကြောင့် အထိအပါး၊ကျဆုံးသူများလှသည်။ထို့ကြောင့် စားနပ်ရိက္ခာရှားပါးစေရန် မြို့ကိုရိက္ခာဖြတ်ခြင်း၊ မော်လမြိုင်စား ဗညားဦး ကိ်ု စည်းရုံးလက်အောက်ခံစေခြင်းတို့ကို ဦးစွာပြုလေသည်။နောက် လှေတပ်ဝန် သမိန်ပရူ၏ အကြံအတိုင်း မုတ္တမမြို့ရိုးထက်မြင့်သည့် ဖောင်ခံတပ်ကြီး၊ပေါ်တူဂီလှေများကိုဖျက်စီးရန်ဖောင်တည်ဆောက်ကာ မီးတိုက်ရန်လောင်စာများတင်စေခြင်းတို့ကိုစီစဉ်သည်။ ညအချိန်တွင် ပေါ်တူဂီလှေများကို မီးဖောင်လွတ်ကာ ဦးစွာတိုက်ခိုက်ပြီး လှေသင်္ဘောများမီးလောင်ပျက်စီးလျှင် ဖောင်ခံတပ်ကြီးဖြင့် မုတ္တမမြို့ရိုးကို အပေါ်စီးမှ မိုးကာတိုက်ရာ မုတ္တမတပ်များ ခုခံနိုင်ခြင်းမရှိတော့ပဲ မြို့ကို ရလေသည်။ စောဗညားလည်းဆင်စီးကာ ဟံသာဝတီတပ်များကြားမှဖောက်ထွက်ရန်ကြိုးပမ်းရာ ဟံသာဝတီဆင်စီးအမတ်များဝန်းရံတိုက်သော်လည်း တိုက်ရည်ကောင်းလှ၍ မဖမ်းနိုင်ပဲရှိစဉ် ဘုရင့်နောင်၏ညီဖြစ်သူ နန္ဒကျော်သူ က စွယ်လကောက် အမည်ရှိဆင်နှင့်ဝင်တိုက်မှထွက်ပြေးလေရာကျန်အမတ်များဝိုင်းဖမ်းမိလေသည်။

ရက်ရှည်လများတိုက်ရသည့်စစ်အတွက် ဟံသာဝတီတပ်သားများက မကျေနပ်သောကြောင့် မြို့ကိုရသည်နှင့် လုရက်ဖျက်စီးခြင်းတို့ကိုပြုလုပ်သည့်အတွက် မုတ္တမမြို့အတွင်း ငြိမ်သက်မှုမရှိသည်ကို ဦးစွာ ဖြေရှင်းရပြန်သည်။ ရေတပ်ဗိုလ်သမိန်ပရူအား မြောင်းမြကိုစားစေပြီး ရေတပ်အကြီးအမှူးခန့်သည်။နောက် စောဗညားအား ကျအောင်တိုက်နိုင်သည့်အမတ်ကိုမေးရာ နန္ဒကျော်သူအား ညွှန်သောကြောင့် ချီးမွမ်းကာ မင်းကျော်ထင်ဘွဲ့ပေးကာချီးမြောက်သည်။ နောက် သုရှင်တကာရွတ်ပိ၏ ညီနောင်ဝမ်းကွဲတော်သူ စောလဂွန်းအိန်(မုတ္တမစား)အား အဆောင်အယောင်ပေးပြီး မုတ္တမ ကိုစားစေပြီး ဟံသာဝတီသို့ပြန်လေသည်။

သာဿနာရေးဆောင်ရွက်ခြင်း၊ပြည်သို့ချီတက်ခြင်း[ပြင်​ဆင်​ရန်​]

ဟံသာဝတီသို့မရောက်မှီ ဒဂုံသို့ဝင်ကာ ရွှေတိဂုံစေတီတွင် အလှုကြီးစွာပြုလေသည်။ မွန်သံဃာ၊မြန်မာသံဃာများကို ၇ ရက်ပတ်လုံးဆွမ်းကပ်လှုကာ သဘင်ကြီးစွာခံလေသည်။ဟံသာဝတီရောက်လျှင် ဝါတွင်းကာလရောက်ပြီးဖြစ်၍ ဝါကျွတ်လျှင် ပြည်သို့ချီမည်ဟုမိန့်ကာ ဘုရင့်နောင်အား စစ်ရေးအပြင်အဆင်များကို ပြုစေသည်။

ပြည်တိုက်ပွဲ[ပြင်​ဆင်​ရန်​]

ဝါကျွတ်လျှင် ပြည်သို့ချီတက်လေသည်။ ပြည်သို့ချီသည့် တပ်များမှာ တပင်ရွှေထီး၏ ဧကရာဇ်တပ်တော်အပါအဝင် ရေတပ်ကြီး ၁၃ တပ်တွင် ဇလာကပင်းလှေကြီး ၂၀၊ဇလာကပင်းလှေငယ် ၅၀ ၊ကတ္တုလွန်းကြင်လှေ ၅၀ဝ ၊လှော်ကားသံလှေကြီး ၈၀ဝ ၊စစ်သူရဲ ၉၀ဝ၀ဝ ပါဝင်သည်။ကြည်းတပ်ကို ဘုရင့်နောင်ဦးစီးကာ တပ် ၁၁ တပ်တွင် ဆင်၃၀ဝ ၊မြင်း ၂၅၀ဝ စစ်သူရဲ ၇၀ဝ၀ဝ ပါဝင်သည်။ ကြည်းရေ နှစ်တပ်ပေါင်း၏ စစ်သည်အင်အားမှာ ၁၇၀ဝ၀ဝ ဖြစ်သည်။ဟံသာဝတီနန်းစောင့် အဖြစ် သတိုးဓမ္မရာဇာနှင့် သက်ရှည်ကျော်ထင်တို့ကို တာဝန်ပေးသည်။

ပြည်ကို ဝန်းရံခြင်း၊ရှမ်းစစ်ကို အောင်နိုင်ခြင်း[ပြင်​ဆင်​ရန်​]

ပြည်ဘုရင် မင်းခေါင်လည်း ဟံသာဝတီတပ်ကြီးချီတက်လာသည်ကိုကြားလျှင် မြို့ရိုးပြစီးများကို ခိုင်ခံအောင်ပြင်ဆင်ခြင်း၊ကျုံးမြောင်းခံကတုပ်တို့ကို စီရင်ခြင်း နှင့် ရိက္ခာသွင်းခြင်းတို့ကိုပြုလုပ်သည့်အပြင် အင်းဝမှ ရှမ်းမင်းသိုဟန်ဘွားနှင့် ယောက်ဖတော် ရခိုင်ဘုရင်တို့ထံ စစ်ကူတောင်းလေသည်။ ရှမ်းမင်းသိုဟန်ဘွားလည်း အထက်တစ်လွှားမှ ရှမ်းစော်ဘွားအပေါင်းတို့ကို စုစည်းကာ တိုက်ဆင် ၈၀ဝ၊မြင်းသည် ၁၀ဝ၀ဝ၊စစ်သည်အင်အား ၁၆၀ဝ၀ဝ ပါတပ်ကြီးဖြင့် ချီလာသည်။ထိုသတင်းကိုကြားသော် ဘုရင့်နောင်သည် တပင်ရွှေထီးအား ပြည်အနီးတွင် တပ်ချနေရန်လျှောက်ထားပြီး မိမိ၏ ကြည်းတပ်ဖြင့် ရှမ်းတို့ကို တိုက်ရန် တိုက်ဆင် ၁၅၀၊မြင်း၂၁၀ဝ ၊စစ်သည် ၉၀ဝ၀ဝ ဖြင့်ချီတက်သည်။ ရှေးဦးစွာဆင်များကို အင်အားပြည့်စေ တောတွင်း၌ရေချကာ ဝှက်ထားစေပြီးကျန်တပ်များကို စစ်ကြောင်းသုံးကြောင်းခွဲကာ ချီတက်စေသည်။နောက် မြင်းတပ်များကို ရှေ့မှစစ်စမ်းချီစေရာ ရှမ်းစော်ဘွားတို့လည်း ဟံသာဝတီတပ်ကို တွေ့ပြီအမှတ်နှင့် အတင်းလိုက်လံတိုက်ခိုက်ရာ ကျန်တပ်များနှင့် တစ်ကွ တောတွင်းရှိဆင်တပ်များပါ ထွက်တိုက်သဖြင့် ရှမ်းတို့တပ်ပျက်ကာ သုံးဆယ်စား၊ရောက်စောက်စား နှင့် နောင်မွန်စားစော်ဘွားများကို ဆင်နှင့်တကွရပြီး ဆင် ၆၀ ၊မြင်း ၃၀ဝ၀ကျော် နှင့် စစ်သည် ၂၀ဝ၀ကျော်တို့ကို သုံပန်းအဖြစ်ရလေသည်။ တပင်ရွှေထီးလည်းယောက်ဖတော် ဘုရင့်နောင်ကို အားရလှသည့်အတွက် မင်းညီမင်းသားတို့၏အဆောင်အယောင်ရှိသရွေ့ကို ချီးမြင့်သည်။သို့သော် ပြည်ဘုရင်မင်းခေါင်မှာ အညံ့ခံသည်မရှိပဲ အပြတ်ခုခံကာ ရခိုင်မှ ယောက်ဖတော်၏ စစ်ကူအလာကို စောင့်လျက်ပင်ရှိသည်။

ချီတက်လာသည့် ရခိုင်စစ်ကိုအနိုင်ရခြင်း[ပြင်​ဆင်​ရန်​]

ရခိုင်ဘုရင်လည်း ညီတော် မင်းအောင်လှအားတိုက်ဆင် ၁၀ဝ၊မြင်း ၂၀ဝ၊စစ်သည်၅၀ဝ၀ဝ နှင့်ကြည်းကြောင်း၊သားတော် အိမ်ရှေ့မင်းကို ကတ္တူလွန်းကြင်လှေ ၇၀ဝ၊စစ်သည် ၇၀ဝ၀ဝ ဖြင့်ရေကြောင်း အသီးသီးစေလွတ်ကာ စစ်ကူပို့သည်။စစ်ကူပို့သည့်အကြောင်းကို မင်းခေါင်သိစေရန် စာရေးကာ သံစေလေရာ ဟံသာဝတီတပ်မှ ဖမ်းမိပြီး အကြောင်းဆုံသိလျှင် ရခိုင်ရေတပ်ကိုတားဆီးရန် ပုသိမ်စား သမိန်ဗြပိုက်၊မြောင်းမြစား သမိန်ပရူ၊ခဲပေါင်စား သမိန်သံကျယ်၊ဒလစားသီရိဇေယျနော်ရထာတို့အား အင်အားအလုံးအရင်းနှင့် စားသောမြို့အသီးသီးတို့ပြန်ကာ ခိုင်ခံအောင်ပြုစေသည်။နောက် ဥယျာဉ်ပုကြောင်းမှချီလာသည့် ရခိုင်ဘုရင့်ညီ၏ တပ်ကို ပြည်သို့အရောက်မခံတော့ပဲ ရှမ်းစော်ဘွားတို့ကို တိုက်သကဲ့သို့ပင် စစ်သုံးကြောင်းခွဲကာစစ်မြူ၍ဘုရင့်နောင်ကိုယ်တိုင် ရဲဘုန်းစုံ ဆင်ကိုစီးပြီးတိုက်ရာ ရခိုင်စစ်လည်းပျက်ပြန်သည်။ထိုသတင်းကိုကြားလျှင် ပုသိမ်၊မြောင်းမြ မြို့များသို့ရောက်နေသည့် ရခိုင်အိမ်ရှေ့မင်းလည်း ကူရန်အကြောင်းမထူးတော့ဟုမှတ်ကာ တပ်ဆုတ်ပြန်လေသည်။

ဘုရင့်နောင်အားချီးမြောက်ခြင်းနှင့်ပြည်ဘုရင် အညံ့ခံခြင်း[ပြင်​ဆင်​ရန်​]

ဤသို့ စွမ်းစွမ်းတမံတိုက်ခိုက်သည့် ယောက်ဖတော် ဘုရင့်နောင်အား အိမ်ရှေ့မင်းအဆောင်အယောင်အကုန်ပေးကာ ချီးမြောက်သည်။သို့သော် အိမ်ရှေ့မင်းအဖြစ် တရားဝင်အမိန့်ပြန်ကာ သတ်မှတ်ခြင်းမဟုတ်ပေ။နောက်ဆုံးတွင် ပြည်ဘုရင် မင်းခေါင်က အသက်ကိုလွတ်လျှင် အညံ့ခံမည့်အကြောင်းကို ဆရာတော်များထံမှ တစ်ဆင့်အရေးဆိုလာရာ တပင်ရွှေထီးလည်းလက်ခံ၏။နောက် မင်းခေါင်အား မိဖုရား နှင့်တကွ တောင်ငူသို့ပို့စေပြီး မင်ရဲသီဟသူ(တောင်ငူဘုရင်ခံ)အားစောင့်ကျပ်စေသည်။နောက် အထိန်းတော် သတိုးဓမ္မရာဇာအား မင်းမြောက်တန်ဆာ၊အဆောင်အယောင် တို့ကို ပေးအပ်၍ ပြည်ဘုရင်ခံအဖြစ် နန်းတင်ပြီး ဟံသာဝတီသို့ပြန်လေ၏။

အင်းဝနှင့် စစ်ခင်းခြင်း[ပြင်​ဆင်​ရန်​]

အင်းဝနန်းတွင်းအပြောင်းအလဲများ[ပြင်​ဆင်​ရန်​]

ထိုသို့ တပင်ရွှေထီး၏ နယ်ပယ်မှာ တောင်ငူ၊ပြည်နှင့် ဟံသာဝတီမွန်သုံးရပ်ထိကျယ်ပြန့်လာချိန်တွင် အင်းဝတွင်မူရှမ်းမင်းသိုဟန်ဘွား၏ ရက်စက်မှု၊ဘာသာမဲ့တစ်ပါးအနေဖြင့် ရဟန်းတော်များကိုသတ်ဖြတ်မှုနှင့် အဆင်အခြင်မဲ့ ရမ်းကားမှုတို့ကြောင့် အင်းဝနယ်တစ်လွှားတွင် မငြိမ်မသက်ဖြစ်နေရသည်။ထို့ကြောင့် မြန်မာအမတ်ကြီးဖြစ်သူ မင်းကြီးရန်နောင်က သိုဟန်ဘွားအား သင်္ကြန်မင်္ဂလာပြုဟန်လှည့်ဖျားပြီး ကိုယ်တိုင်ပင်ဓါးဖြင့်သတ်လေသည်။ မှူးမတ်များက မင်းကြီးရန်နောင်အား နန်းတက်ရန် ဝိုင်းလျှောက်ကြသော်လည်း လက်မခံပဲ အုန်းဘောင်စော်ဘွား ခုံမှိုင်းအား နန်းအပ်ရန် ပြောကြားကာရဟန်းဝတ်ဖြင့် တောထွက်သွားခဲ့သည်။သို့ဖြင့် သက္ကရာဇ် ၉၀၄ တွင် အုန်းဘောင်ခုံမှိုင်းမှ အင်းဝထီးနန်းကို သိမ်းယူစိုးစံလေသည်။နောက်စော်ဘွားအပေါင်းအားစည်းရုံးကာ ပြည်ကိုဦးစွာတိုက်ပြီး တောင်ငူကို သိမ်းပိုက်ရန်စီမံလေသည်။ သက္ကရာဇ် ၉၀၅ တွင် ပြည်သို့ချီသည့် စော်ဘွားတို့၏တပ်ကြီးတွင် ဇလာကပင်းလှေကြီး ၃၀ဝ၊လှော်ကားကြော့လှေ ၃၀ဝ၊ကုန်လှေ ၅၀ဝ၊ စစ်သည် ၁၂၀ဝ၀ဝ ဖြင့်ရေကြောင်း၊တိုက်ဆင် ၁၂၀ဝ၊မြင်း ၁၀ဝ၀ဝ၊စစ်သည် ၁၆၀ဝ၀ဝ တို့ကကြည်းကြောင်း ဖြင့် ကြည်းရေ နှစ်တပ်ပါဝင်လေသည်။

ပြည်မှသတိုးဓမ္မရာဇာခုခံခြင်း၊ဟံသာဝတီမှ စစ်ကူချီတက်ခြင်း[ပြင်​ဆင်​ရန်​]

ပြည်ဘုရင်ခံ သတိုးဓမ္မရာဇာ သည်စော်ဘွားတပ်ကြီးချီလာသည်ကိုသိလျှင် ဟံသာဝတီရှိ တပင်ရွှေထီး ထံသို့လူစေလွတ်ကာ စစ်ကူချီလာရန်လျှောက်ထားခြင်း၊ပြည်မြို့ကို ခိုင်ခံ့နိုင်သမျှခိုင်ခံ့အောင်စီစဉ်ခြင်း၊ရိက္ခာသွင်းခြင်းတို့ကို ပြုလုပ်လေသည်။စော်ဘွားတို့ရောက်လျှင် မြို့ကို ရအောင်မတိုက်နိုင်သောကြောင့် ဝန်းရံ မြဲဝန်းရံနေရသည်။ထိုစဉ် ဟံသာဝတီမှ တပင်ရွှေထီးသည် အောက်ပြည်အောက်ရွာရှိ မွန်၊မြန်မာ၊ကရင် စစ်သည်၊သူရဲရှိသမျှကို စုစည်းကာ ရေတပ်၊ကြည်းတပ်အဖြစ်ဖွဲ့လေသည်။မင်းတရားရွှေထီး၏ ဘုရင့်ရေတပ်အပါအဝင် ရေတပ်ကြီး ၁၂ တပ်တွင် လှေကြီး မျိုးစုံ ၈၀ဝ၊ လှောကားသံလှေ ၃၀ဝ၊ရိက္ခာတင်လှေ ၅၀ဝ၊စစ်သည် ၉၀ဝ၀ဝ ပါဝင်သည်။ဘုရင့်နောင် ဦးစီးသည့် ကြည်းတပ် ၉ တပ်တွင် ဆင် ၈၀ဝ၊မြင်း ၂၀ဝ၀၊စစ်သည် ၁၂၀ဝ၀ဝ ပါဝင်သည်။သာယာဝတီ အရောက်တွင် ကြည်းရေ နှစ်တပ်ပေါင်းကာတပ်ချနေသည်။

ပြည်တိုက်ပွဲ[ပြင်​ဆင်​ရန်​]

ပြည်မှ ရှမ်းစော်ဘွားတို့လည်း ဟံသာဝတီတပ်ချီလာသည်ကိုကြားလျှင် စစ် နှစ်ဖက်ညှပ်မည်ကိုစိုးသဖြင့် ပြည်မှ မြောက်ဖက်သို့တပ်ဆုတ်ကာနေလေသည်။ထိုအခါ ဘုရင့်နောင်သည် စစ်မြူသော်အားဖြင့် တိုက်လှေကြီး ၄၀ တွင် စစ်သည် ၄၀ဝ၀နှင့် အမြောက်ကြီးများအားတင်ကာ မြစ်ကြောင်းအတိုင်း ဆန်စေသည်။ထိုအခါစော်ဘွားတို့လည်း အင်အားနည်းသည်ဟုထင်ပြီး လှေများဖြင့် ပေါ့လျော့စွာလိုက်ရာ ဘုရင့်နောင်ကအမြောက်များဖြင့် ပစ်ခတ်သော် မြုပ်လေသည်။စော်ဘွားတို့၏လှေတပ်ပျက်သော် ဟံသာဝတီတပ်ကို မြေထဲသရက်သို့တိုင်ချီတက်လေသည်။နောက်မကြာမှီ အင်းဝမှ ရိက္ခာ မလာနိုင်လျှင် စော်ဘွားတို့ တပ်ဆုတ်ရလေသည်။ထိုအခါ ဘုရင့်နောင်က ကြည်းကြောင်း၊တပင်ရွှေထီးက ရေကြောင်း အသီးသီးလိုက်တိုက်လျှင် စော်ဘွားတို့အကျအဆုံးများကာ ဟံသာဝတီဖက်မှ လူသူသုံ့ပန်းများစွားရလေသည်။ မင်းတရားရွှေထီးလည်း စလင်း၊စလေ၊ပုခန်းငယ်၊ရွာသာ၊ပုဂံမြို့များတိုင်အောင်ချီတက်သိမ်းပိုက်ကာ မိမိမှူးမတ်များကို စားစေသည်။နောက်အနီးအပါးမှ သစ္စာခံလာသည့် သူများကို စည်းစိမ်မပျက်ချမ်းသာပေးပြီး ဟံသာဝတီသို့ပြန်လေသည်။

ရာဇဘိသေကခံခြင်း[ပြင်​ဆင်​ရန်​]

သာဿနာအရေးဆောင်ရွက်ခြင်း[ပြင်​ဆင်​ရန်​]

သက္ကရာဇ် ၉၀၆ အရောက်တွင် ဟံသာဝတီအနောက်ဖက် မွန်ကျောင်းတွင် ကျောင်းတော်ကြီးဆောက်စေကာ မွန်ဆရာတော်အား မဟာသံဃရာဇာ ဟုဘွဲ့တော်ဆက်ကပ်ပြီးသာဿနာပိုင်အဖြစ်တင်သည်။နောက်အလှုကြီးပေးကာသဘင်ခံသည်။ဆင်မြှိုုတွင် စေတီတော်တည်ပြီး တံတိုင်း ၄ ဖက်တွင် ရွှေကျောင်း ၄ ဆောင်ဆောက်သည်။

တပင်ရွှေထီးနှင့်ခေမနော[ပြင်​ဆင်​ရန်​]

ထိုသို့ဟံသာဝတီတွင် စိုးစံစဉ် ခေမနော အမည်ရှိ နွားမ မှဖွားသည်ဆိုသော မိန်းမပျို၏ သတင်းကြီးလာလေသည်။(အမှန်တွင် တစ်စုံတစ်ယောက်မှ မွေးဖွားပြီး နွားခြံတွင်လာရောက်စွန့်ပစ်သွားခြင်းမျိုးသာဖြစ်နိုင်သည်။)မကျိုကို အမည်ရှိ သူဌေး၏ခြံအတွင်းတွင်တွေ့ရှိရပြီး သူဌေးက သမီးအရင်းအမှတ်နှင့်မွေးစားထားခြင်းဖြစ်ကာ ရှစ်နှစ်အရွယ်ပင်ရှိသော်လည်း အလွန်ပင်ချောမောလှပကြောင်းထင်ရှားလေ၏။တစ်နေ့သော် မင်းတရားရွှေထီး ဥယျာဉ်တော်ထွက်လျှင် ခေမနောကိုတွေ့လျှင်မိဖုရားအဖြစ်သိမ်းပိုက်လေသည်။ထို့ကြောင့် ခေမနောမှာ အသက်ငယ်ငယ်ဖြင့် မင်းတရားရွှေထီး ၏မိဖုရားဖြစ်လာခဲ့လေသည်။

မွန်ဆံဖြတ်ခြင်း၊ရာဇဘိသေကခံခြင်း[ပြင်​ဆင်​ရန်​]

ခေမနော၏ တိုက်တွန်းမှုကြောင့်သော်လည်းကောင်း၊မွန်တို့အရပ်တွင်မြန်မာတို့ ထီးနန်းထူထောင်ရန်မဖြစ်နိုင်၊မွန်တို့သာမင်းပြုကိန်းရှိသည်ဟု အတိတ်တဘောင်ပေါ်သည်ကြောင့်လည်းကောင်းတပင်ရွှေထီးသည် မွန်ဆံဖြတ်လေသည်။မွန်ဆံဖြတ်ခြင်းဆိုသည်မှာ အရှေ့နဖူးပေါ်တွင် တစ်လက်မခန့်ဆံချန်ပြီးအညီအညာ ဖြတ်ကာ၊နောက်တွင် ကုလားဆံထုံးကဲ့သို့ထုံးခြင်းဖြစ်သည်။ထို့နောက် မွန်မြန်မာ မှူးမတ်များခြံရံပြီးလျှင် မြန်မာမင်းဧကရာဇ်တို့၏ အဆောင်အယောင် အကုန်၊ မွန်မင်းဧကရာဇ်တို့၏ အဆောင်အယောင် အကုန်တို့ကို လက်ဝဲ၊လက်ယာခင်းကျင်းပြီး ရာဇဘိသေကခံကာ နန်းတက်ပွဲကျင်းပလေသည်။နောက် တစ်လအကြာတွင် ဒဂုံ သို့သွားရောက်ကာရွှေတိဂုံစေတီတော်ကို ရွှေချပူဇော်ပြန်သည်။

ရခိုင်သို့ချီခြင်း[ပြင်​ဆင်​ရန်​]

ရခိုင်နန်းတွင်းအာဏာလုပွဲ[ပြင်​ဆင်​ရန်​]

သက္ကရာဇ် ၉၀၇ တွင် ရခိုင်ဘုရင်မင်းဗာကြီး လွန်လေသော်သားတော် မဟာဥပရာဇ် ထီးနန်းဆက်ခံသည်။သို့သော် မင်းဗာကြီး၏ညီဖြစ်သူ သံတွဲစား မင်းအောင်လှသည် တူတော်နှင့် မညီညွတ်ပဲ ရန်စစ်ဖြစ်လေရာ မင်းအောင်လှက ဟံသာဝတီသို့ အမတ် ၂ ဦးနှင့် လက်ဆောင်များစေလာပြီး စစ်ကူတောင်သည်။ထို့ကြောင့် မင်းတရားရွှေထီးသည် သမိန်မောခွင်၊သမိန်အဲပရဲ၊သမိန် ဖြတ်စ၊ စတုရင်င်္ဂသူ အမတ်ကြီး ၄ ယောက်ကိုဦးဆောင်စေပြီး တပ် ၄ တပ်တွင် ဆင် ၁၀ဝ၊မြင်း ၁၀ဝ၀၊စစ်သည် ၄၀ဝ၀ဝ ဖြင့် ရခိုင်သို့ ချီစေသည်။ သို့သော် သံတွဲသို့မရောက်မှီပင် မင်းအောင်လှ သံတွဲပျက်ကာ ဟံသာဝတီသို့ပြေးလာသည်နှင့် ကြုံသောကြောင့် ကိ်ုယ်တိုင်ချီတက်ရန် တပ်များကို ပြန်ခေါ်သည်။

ရခိုင်သို့ချီတက်ရန် စစ်ပြင်ဆင်ခြင်း[ပြင်​ဆင်​ရန်​]

သို့ဖြင့် တပင်ရွှေထီး၏ ရေတပ်တွင် တပ် ၁၅ တပ်ပါဝင်ပြီးအင်အားမှာ တိုက်လှေကြီး ၇၀ဝ၊လှော်ကားသံလှေ ၅၀ဝ ၊ရိက္ခာလှေ ၅၀ဝ နှင့် စစ်သည် ၃၅၀ဝ၀ဝ ဖြစ်ပြီး၊ဘုရင့်နောင်ဦးဆောင်သည့် ကြည်းတပ်တွင်တပ် ၂၀ ပါဝင်ပြီး အင်အားမှာ ဆင် ၆၀ဝ၊မြင်း ၂၀ဝ၀ နှင့် စစ်သည် ၄၀ဝ၀ဝ ဖြစ်သည်။ ၉၀၈ ခုနှစ်၊တန်ဆောင်မုန်းလဆန်း ၄ ရက်၊တနင်္လာနေ့တွင် စစ်ချီလေသည်။

ရခိုင်တိုက်ပွဲများ[ပြင်​ဆင်​ရန်​]

ရှေးဦးစွာ သံတွဲသို့ချီတက်ပြီး မော်တင်စွန်းအရောက်တွင် ရခိုင်ရေတပ်နှင့် ရင်ဆိုင်မိပြီး ရခိုင်တပ်ပျက်ကာ သံတွဲသို့ဆုတ်လေသည်။ နောက် ဘုရင့်နောင်၏ ကြည်းတပ်ပါချီတက်လာသည်ကြားသော် သံတွဲတင်မနေဝံ့ကြတော့ပဲ မြောက်ဦးအထိ ဆုတ်ကာနေရသည်။ ထိုကြောင့် တပင်ရွှေထီးသည် သံတွဲကို လွယ်ကူစွာရလျှင် မင်းအောင်လှ နှင့် သန်လျှင်စား နန္ဒကျော်ထင် တို့ကိုအစောင့်ထားပြီး မြောက်ဦးသို့ဆက်ချီသည်။ မြောက်ဦးမရောက်မှီတွင် ရခိုင်တို့က ကြည်းရေ နှစ်ဖက်ဖြင့် တိုက်ရာစစ်မြေပြင်ကျဉ်းခြင်းကြောင့် ဟံသာဝတီတပ်များ မလှုပ်သာပဲ အကျအဆုံးများလှသော် လွင်ပြင်သို့ဆုတ်ရလေသည်။ရှေ့ဖျားချီတပ်များ အကျများကြောင်းကြားလျှင်ဘုရင့်နောင်ကိုယ်တိုင် ချီတက်ပြီး တိုက်ရာ ရခိုင်ကြည်းတပ်ပျက်လေ၏။ကြည်းတပ်ပျက်လျှင်ရေတပ်လည်း ဆုတ်လေသည်။ဟံသာဝတီတပ်များ မြောက်ဦးကို ဝန်းရံတိုက်ခိုက်ရာ ရခိုင်ဘုရင်လည်း မြို့တွင်းမှ အပြင်းအထန် ခုခံသောကြောင့် မြို့ကိုမရနိုင်ပဲ ရှိလေရာ သစ်တပ်ကိုမြို့ရိုးနှင့် အညီတည်စေပြီး အမြောက်များတင်ကာ မြို့တွင်းသို့ပစ်စေသည်။ ထိုအခါ ရခိုင်ဘုရင်လည်း အမတ် ၂ ဦးကိုစေလွတ်ကာ စစ်ပြေကြောင်း အရေးဆိုလာသည်။သို့သော် သံတွဲစားကို နန်းတင်မည်ဟု ပေးထားသော ဂတိရှိကြောင်း ပြန်ပြောရာ ရခိုင်ဘုရင်က ဆရာတော် ၄ ပါးကို လက်ဆောင်များနှင့်တကွ စေလွတ်ပြန်ပြီး အကျိုးအကြောင်းရှင်းလင်းပြဆိုစေမှသာ သဘောတူလေသည်။ထိုနောက် သံတွဲစားကို သံတွဲနှင့် တောင်စဉ် ၇ ခရိုင်ကိုပေးစေသည်။ရခိုင်မင်းကိုလည်းနန်းထက်တွင်ဆက်လက်စိုးစံစေကာ နှစ်ဦးလုံးကို ဘုရင့်နောင်အားစေလွတ်ကာသစ္စာပေးစေပြီး ဟံသာဝတီသို့ပြန်လေသည်။(အချို့သောရာဇဝင်များတွင်အရှေ့ဖက်မှ ယိုးဒယားတို့ကျူးကျော်လာသည့်အတွက် မြောက်ဦးကို ဝန်းရံထားရာမှ တပ်ဆုတ်ကာပြန်သည်ဟုဆိုပါသည်။)

ယိုးဒယားနှင့် စစ်ခင်းခြင်း[ပြင်​ဆင်​ရန်​]

မြန်မာတို့လက်တွင်း အယုဒ္ဒယ နေပြည်တော်ကြီး ကျရောက်ခဲ့စဉ်က ထိုင်းရာဇဝင်တွင် မြန်မာဘုရင်အား လျာမဲဘုရင် ဟုခေါ်ဝေါ် သမုတ်ခဲ့၏ ။ အမှန်ဆိုရင် ထိုခေတ်က ယိုးဒယားကို စစ်ပြုခဲ့သည့် မြန်မာဘုရင်မှာ နှစ်ပါးရှိသည်။ တစ်ပါးမှာ တပင်ရွှေထီးဖြစ်၍ နောက်တစ်ပါးမှာ ဘုရင့်နောင်ဖြစ်သည်။

သမိုင်းပညာရှင်များ ရာဇဝင်ကို ပီပြင်စွာ ရှင်းထုတ်မှု အရ ဗမာလျာမဲဘုရင်မှာ တပင်ရွှေထီးဖြစ်၏။ ခရစ်နှစ် ၁၅၁၆ ခုနှစ် တစ်နေ့သော နံနက်လင်းအားကြီး အချိန်တွင် ဖွားမြင်သည်ဟု အဆိုရှိ၏ ။ လျှပ်တပြက် အတွင်း ဘုရင့်လက်နက်တိုက်တော်မှ ဓါးသွားလှံများ လျှပ်စီးကဲ့သို့ အရောင် တလျှပ်လျှပ် တောက်ပကုန်သဖြင့် ဟူးရားအမတ် များက ကုမာရကိုယ်တော် လူလားမြောက်လျင် ကြီးမြတ်သည့် အဂ္ဂဗျူဟာရှင် ဖြစ်မည်ဟု ဟောကိန်းထုတ်ကြသည်။ [၂]

သက္ကရာဇ် ၉၀၈ တွင် တပင်ရွှေထီး အင်အားအလုံးအရင်းနှင့် ရခိုင်သို့ချီကြောင်းကြားလျှင် အယုဒ္ဒယမင်း ဗြသာဓိရာဇာ(မဟာချက္ကရဖက်) သည်ထားဝယ်နှင့်ရေး မြို့များကိုတိုက်စေသည်။ ထားဝယ်စားမှာ မခုခံနိုင်သဖြင့် ရေး သို့ဆုတ်ကာပူးပေါင်းရသည်။နောက် မြို့စားနှစ်ဦးတို့လည်း မော်လမြိုင်စား ဗညားဦးထံ လူစေကာ အကြောင်းကြားသဖြင့် ဗညားဦးဟံသာဝတီသို့ စာပို့ကာ လျှောက်တင်သည်။

စစ်ပြင်ဆင်ခြင်း၊တိုက်ပွဲများ[ပြင်​ဆင်​ရန်​]

ထို့ကြောင့် တပင်ရွှေထီးသည် အရှေ့ဖက်မှမြို့စားရွာစားများကို ပေါင်းကာ တပ်ကြီးဖွဲ့စေသည်။ ရေတပ်တွင် မုတ္တမစား လဂွန်းအိန်ကို ဗိုလ်ချုပ်ခန့်ပြီး လှေကြီး ၁၀ဝ၊ လှေငယ် ၃၀ဝ၊ စစ်သည် ၄၀ဝ၀ဝ ဖြင့်လည်းကောင်း၊ကြည်းတပ်တွင် ဗညားဦးအား တပ် ရှစ်တပ်တွင် ဗိုလ်ချုပ်ခန့်ကာ ဆင် ၂၀ဝ၊မြင်း ၂၀ဝ၀ ၊စစ်သည် ၈၀ဝ၀ ဖြင့် လည်းကောင်း ထားဝယ်သို့ချီတက်စေသည်။ထိုအခါ ယိုးဒယားတို့လည်း ထားဝယ်မှ ဆုတ်ကာ တနင်္သာရီ တွင်တပ်ချနေသည်။မော်လမြိုင်စားဦးဆောင်သည့် တပ်များ တောင်ပဘုံ ရောက်လျှင် နှစ်ဖက် အပြင်းတိုက်ရာ ယိုးဒယား မှ ကံပူရီစား ပြေးရလေသည်။ နောက် ယိုးဒယားအမတ်ဖြစ်သူ အောက်ဗြလဂွန်းအိန်မားကို အရှင်ရသည်။ မင်းတရားရွှေထီးလည်း အောင်ပွဲရသူများကို ချီးမြင့်မြောက်စားပြီး ယိုးဒယားသို့ချီရန်စစ်တပ်ကြီး ပြင်စေပြန်သည်။

တပ်ဖွဲ့ကာယိုးဒယားချီတက်ခြင်း[ပြင်​ဆင်​ရန်​]

တပ်ဖွဲ့ရာတွင်ရေတပ်မပါပဲ ကြည်းတပ်သီးသန့်ဖြစ်သည်။ အင်အားမှာတပ်ပေါင်း ၁၂ တပ်တွင် ဆင်၂၀ဝ၊မြင်း ၈၀ဝ၀ နှင့်စစ်သည် ၄၀ဝ၀ ဖြစ်ပြီး ပေါ်တူဂီကြေးစား စစ်ဗိုလ် ဒီယိုဂို ဆိုဝါရက် ဒေမယ်လို(Diogo Soraez de Mello)နှင့် ကြေးစားပေါ်တူဂီ စစ်သား ၄၀ဝ ခန့်လည်းပါဝင်သည်။ ၄င်းမှာ အင်းဝ-ဟံသာဝတီ နှစ်လေးဆယ်စစ်အတွင်းကာလတွင်မွန်တို့ဖက်မှ ကူညီဖူးသည့်နိုင်ငံခြားသားများနှင့် ယခုတပင်ရွှေထီးလက်ထက်တွင် ပုန်ကန်သူမုတ္တမစား စောဗညား ထံတွင် အမှုထမ်းသည့် ပေါ်တူဂီများမှလွဲလျှင် မြန်မာမင်းဧကရာဇ်များထံတွင် ပထမဆုံး နိုင်ငံခြားသားများ အမှုထမ်းသည့် မှတ်တမ်းဖြစ်သည်။စစ်ချီလမ်းကြောင်းမှာ ဟံသာဝတီမှ မုတ္တမမော်လမြိုင် ထိုမှ အတ္တရံမြစ်အတိုင်း ချီတက်ပြီး ဘုရားသုံးဆူတောင်ကြားကိုဖြတ်ကာကံပူရီ(ယခု ကတ်ချနာဘူရီ)၊ထိုမှ အယုဒ္ဒယဖြစ်သည်။

တိုက်ပွဲများ၊အယုဒ္ဒယကို ဝန်းရံခြင်း[ပြင်​ဆင်​ရန်​]

ပထမဆုံး တိုက်ပွဲမှာ ကံပူရီ ဖြစ်ပြီး ယိုးဒယားမင်းကိုယ်တိုင် ဦးစီးသောစစ်တပ်ဖြစ်ကာ ဘုရင့်နောင်၏ ကြည်းတပ်နှင့်အတွေ့တွင် ဘုရင်ပြေးသဖြင့် တပ်ပျက်ကာ ဘုရင့်သားတော် နှင့် ညီတော်တို့ကို ဖမ်းမိလေသည်။ နောက် အယုဒ္ဒယထိချီတက်ကာ မြို့ကို တိုက်သော်လည်း မြို့ရိုးမြင့်ပြီး မြို့ပတ်လည်တွင်ရေရစ်ဝိုင်းနေသည့်အတွက် မြို့ကို ကျအောင်မတိုက်နိုင်ဖြစ်ကာ တစ်လကြာ ဝန်းရံနေရပြန်သည်။ထိုအခါ အယုဒ္ဒယ အားနည်းစေရန် ကျန်ယိုးဒယားမြို့များကို ယူမည်ဟုတွေးကာ တပင်ရွှေထီးက ရံတပ်ကို နုတ်ကာ ကမန်ပိုက် သို့ချီလေသည်။

ယိုးဒယားမင်း၏တပ်ကြီးကို အနိုင်ယူခြင်း[ပြင်​ဆင်​ရန်​]

ထိုသို့ တပင်ရွှေထီး တပ်ကို မြို့မှခွာကြောင်း ကြားလျှင် ယိုးဒယားမင်းသည် တပ်ကြီးသုံးတပ် ဖွဲ့ကာ နောက်မှလိုက်လေသည်။ဘုရင့်နောင်အားရှေ့တပ်အဖြစ်ထားကာ မင်းတရားရွှေထီးသည် ဇေယျဒိသာဆင်ကိုစီးပြီးတိုက်ရန်ပြင်သည်။သို့သော် ရှေ့ဖျားမှ ဘုရင့်နောင်တပ်သည် ရန်သူတပ်များ ကအနီးဆုံးအထိရောက်လာသဖြင့် မင်းတရားရွှေထီးအားစောင့်ရန် မဖြစ်နိုင်တော့လေရာ ယိုးဒယားတပ်နှင့် ရင်ဆိုင်တိုက်ရလေတော့သည်။စစ်သုံးကြောင်းလုံးကို မြန်မာတို့က အနိုင်တိုက်နိုင်သဖြင့် ယိုးဒယားတို့တပ်ပျက်ကာ ယိုးဒယားဘုရင့်သားမက် ဩယားလဂွန်းအိန်မားကို ဆင်နှင့်တကွရ၏။သုံ့ပန်းအမြောက်အများကိုလည်းဖမ်းမိပြီး တပင်ရွှေထီးထံဆက်သရာ အလွန်ဝမ်းမြောက်ကာ ဆုလာဘ်တော်များပေးသည်။ထို့ပြင် ရဲရင့်စွာတိုက်ပွဲဝင်ခဲ့သည့်ဘုရင့်နောင်၏ သားဖြစ်သူ ဇေယျသီဟ(နောင်တွင် ငါးဆူဒါယကာ နန္ဒဘုရင်)ကို လည်း မင်းရဲကျော်စွာ ဘွဲ့ပေးသည်။ ကမန်ပိုက်သို့ဆက်လက်ချီတက်ပြီး မြို့ကိုသိမ်းကာ တပ်ချနေလေရာ ယိုးဒယားမင်းထံမှ တမန် ၂ ဦးစေလာကာ သစ္စာခံမည့်အကြောင်း၊တိုက်ဆင် ၃၀၊ ငွေ ၃၀ဝ နှင့်တနင်္သာရီဆိပ်ကမ်းမှ အခွန်တော်ကို နှစ်စဉ်ဆက်သမည့်အကြောင်း လျှောက်လေသည်။ ထို့အပြင် ဆင်နှစ်စီးကိုလည်းဆက်သလာရာစစ်ပြေငြိမ်းရန်သဘောတူကာ ယိုးဒယား မင်း၏ညီတော် ဩယားပိဿလောက်နှင့် ဩယားသုဝဏ္ဏလောက်တို့ကို ဟံသာဝတီသို့လိုက်စေသည်။နောက်တပ်ကို ဟံသာဝတီသို့ပြန်လှည့်ရာ ၉၁၀ ပြည့်နှစ်၊တန်ခူးလဆန်း ၃ ရက်တွင် ပြန်ရောက်သည်။ (အချို့ရာဇဝင်များတွင် မြန်မာတို့ အယုဒ္ဒယကို ရအောင်မတိုက်နိုင်သောကြောင့် ပြန်သည်ဟုလည်းဆိုကြသည်။)

မင်းတရားရွှေထီးအကျင့်ပျက်ပြားလာခြင်း[ပြင်​ဆင်​ရန်​]

ထိုသို့ မြန်မာ့လက်နက်နိုင်ငံကို ကြီးထွားရန် သိမ်းသွင်းနိုင်သမျှသိမ်းသွင်းဖို့ကြိုးပမ်းခဲ့သော တပင်ရွှေထီးသည် များမကြာမှီတွင်ပင် အရက်၏ကျေးကျွန်ဖြစ်လာခဲ့ရလေသည်။ ထိုသေရည်သေရက်ကို ဖော်စပ်ကာဆက်သသူမှာ လူမျိုးခြားပေါ်တူဂီတစ်ဦးဖြစ်သူ ဒီယိုဂို ဆွာဇို ဒီမဲလို၏တူ ဖြစ်သည်။၄င်းမှာ မင်းလိုလိုက်ကာ ပြောဆိုတတ်သူဖြစ်ပြီးသေနတ်ပစ်ကျွမ်းကျင်လှရာ တပင်ရွှေထီးက အလွန်သဘောကျနှစ်သက်သဖြင့် နန်းတွင်းသူတစ်ဦးနှင့် ပင်လက်ဆက်ပေးပြီး ချီးမြောက်ထားသည်။ ၄င်းတက်ကျွမ်းသည့် သေချက်အတတ်ဖြင့် အရက်သေစာတို့ကို ဖော်စပ်ကာ သုံးဆောင်စေပြီးစည်းရုံးလေရာ တပင်ရွှေထီးမှာ အကြီးအကျယ်ပင် စွဲလမ်းကာ ထိုသေရည်တွင်သာ နှစ်မျှောနေပြီးတိုင်းရေးပြည်ရာများလစ်ဟင်းသည်ထက်လစ်ဟင်းလာလေတော့သည်။ ညီလာခံမထွက်နိုင်တော့သည့်အပြင် မှူးမတ်များက အရေးအရာရှိ၍လျှောက်တင်လေတိုင်း ဘုရင့်နောင်အားဆုံးဖြတ်စေခြင်း၊ မှားယွင်းစွာ ဆုံးဖြတ်ခြင်းတို့ကြောင့် မှူးမတ်တို့က ဘုရင့်နောင်အား ထီးနန်းသိမ်းပိုက်ရန်လျှောက်သော်လည်း လက်မခံပဲ နေလေသည်။နောက် ဒီယိုဂို ကိုလည်း ရွှေငွေအမြောက်အများပေးကာ သင်္ဘောတစ်စီးနှင့် ပြန်လွတ်လိုက်လေသည်။ထိုသို့ရှိစဉ် တောင်ငူဘုရင်ခံဖြစ်သူ မင်းရဲသီဟသူ(မင်းကြီးဆွေ၊ဘုရင့်နောင်၏ဖခင်)နတ်ရွာစံလေသည်။ထို့ကြောင့်လစ်လပ်သည့် တောင်ငူဘုရင်ခံရာထူးကို ဘုရင့်နောင်၏ညီ ဖြစ်သူ သီဟသူအားပေးလေသည်။ဘုရင့်နောင်ကိုမူ "ငါနှင့်အတူဖြစ်သည်။မြို့စားရာထူးများအထွေအထူးပေးရန်မလို" ဟုဆိုလေသည်။

တပင်ရွှေထီး၏ နောက်ဆုံးနေ့များ[ပြင်​ဆင်​ရန်​]

မင်းတရားရွှေထီး အကျင့်ပျက်ပြားလျှင် ဟံသာဝတီရှိမှူးမတ်များလည်း ဘုရင့်နောင်ကိုသာ အားထားပြီး ဘုရင့်နောင်ကလည်း ကိုယ်စား အုပ်ချုပ်ပေးကာ နေလေသည်။

မွန်တို့သူပုန်ထခြင်း[ပြင်​ဆင်​ရန်​]

ထိုသို့သောအချိန်တွင် မွန်တို့ထဲမှ မင်းလောင်းဆိုသူပေါ်ထွက်လာကာ မွန်တို့ပုန်ကန်ကြလေသည်။ ခေါင်းဆောင်ဖြစ်သူ သမိန်ထောရာမ မှာမွန်မင်း ဗညားရံအိမ်နိမ့်ဘဝတွင် မထင်မရှားမွေးဖွားခဲ့သည့် သားဖြစ်ပြီး မွန်မင်းမျိုးရိုးဟုဆိုကာ ရဟန်းလူထွက်ပြီး ပုန်ကန်ခြင်းဖြစ်သည်။ ထို သမိန်ထောရာမ မှာအလွန်ဇွဲသတ္တိကောင်းလှသူအဖြစ် ကြော်ကြားသည်။ မွန်တို့ မကော်တွင် တပ်ချကာနေကြောင်းကြားလျှင် ဘုရင့်နောင်က ညီတော်နန္ဒယောဓာနှင့် မှူးမတ်များကို ချီတက်တိုက်ခိုက်စေသည်။ မကော်တွင် တိုက်ခိုက်ကြရာ သမိန်ထောရာမ တပ်ပျက်ကာနောက်လိုက်များဖြင့်ပြေးလေသည်။နောက် သန်လျှင်စား နန္ဒကျော်ထင်(ဘုရင့်နောင်၏ညီ) ဟံသာဝတီတွင်ရောက်နေပြီးသန်လျှင်တွင်မရှိကြောင်းသိလျှင် သန်လျှင်ကို ဝင်တိုက်ကာ အခိုင်အလုံနေသည်။ထိုသို့ သမိန်ထောရာမ၏ ပုန်ကန်မှုတစစ ကြီးထွားလာသည်ကို တပင်ရွှေထီးသိလျှင် ဘုရင့်နောင် ကိုယ်တိုင်ချီတက်မှသာ ပြီးလွယ်မည်ဟုဆိုကာ တပ်ကြီးဖွဲ့ပြီး စေလွတ်လေသည်။ဘုရင့်နောင်လည်း တပင်ရွှေထီး၏ လုံခြုံရေးကို စိတ်မချသဖြင့် ညီတော် တောင်ငူစား သီဟသူ၊မုတ္တမစား စောလဂွန်းအိန် နှင့် အပါးတော်ခစားသည့် သမိန်စောထွတ်တို့ကို စောင့်လျှောက်ရန်တာဝန်ပေးမှာကြားပြီး စစ်ထွက်လေသည်။

သမိန်စောထွတ်အကောက်ကြံခြင်း၊တပင်ရွှေထီးလုပ်ကြံခံရခြင်း[ပြင်​ဆင်​ရန်​]

သမိန်စောထွက်မှာ မွန်တိုင်းရင်းသားဖြစ်သည်အလျှောက် မွန်ဒေသကို မြန်မာတို့လာရောက်စိုးစံနေသည်ကို ကျေနပ်သူမဟုတ်ပေ။ အခွင့်အခါကိုစောင့်လျှက်တပင်ရွှေထီးအနားတွင် ခစားနေသူဖြစ်သည်။ထို့ကြောင့် မင်းတရားရွှေထီးအား လှည့်စားရန် ပုဏ္ဏားများကို လာဘ်ထိုး ကာဇာတာမသန့်ကြောင်း၊ဟံသာဝတီနန်းတော်မှ ခွာပြီးအရပ်တပါးတွင် ယာယီစံသင့်ကြောင်း လျှောက်စေသည်။တပင်ရွှေထီးလည်း ယုံမှတ်ပြီး ယာယီစံရန် အရပ်ကိုရှာစေရာ သမိန်စောထွတ်က ပန်းတရော် တွင်နေရာသင့်ကြောင်း လျှောက်တင်ပြီး ပန်းတရော်တွင် ယာယီနန်းဆောက်စေသည်။ သီဟသူနှင့် စောလဂွန်းအိန် တို့တားသော်လည်း အရာမထင်တော့ပေ။နောက် သီဟသူအား ဟံသာဝတီ နန်းစောင့်အဖြစ်ထားကာ စောလဂွန်းအိန်၊သမိန်စောထွတ် တို့ကိုခေါ်ဆောင်ပြီး ပန်းတရော်သို့သွားလေသည်။ပန်းတရော်ရောက်လျှင် စစ်ရေးအချက်အချာဒေသဖြစ်သည့်စစ်တောင်းကိုစားသော မင်းမဟာလွန်ကြောင်းသိလျှင် အထွေအထူးမစဉ်းစားပဲ အနားရှိ သမိန်စောထွတ်ကို စားရန်ပေးပြန်သည်။ထို့ပြင် သမိန်စောထွတ်၏ ညီနှစ်ဦးအား အနားတွင် ဓါးလွတ်ကိုင်ခစားစေခဲ့သည်။တစ်လခန့်အကြာတွင် ရခိုင်တပ်သို့ပြောင်းရွှေ့စံရန်ဆိုပြန်ရာ ဟံသာဝတီနှင့် ဝေးရာရခိုင်တပ်သို့ရွှေ့ပြန်သည်။ရခိုင်တပ်အရောက်တွင် ဆင်ဖြူတော် ပေါ်သည်ဟုဆိုကာ အယုံသွင်းပြီး မုတ္တမစား အားဆင်ဖြူတော်ဖမ်းရန် အတွက်လူသူများသွားရောက်ခေါ်ယူစေသည်။တပ်ကိုလည်း ကသာ(ယခုကသာဖြစ်မည်မထင်ပါ။သိသူများဖြည့်ပေးစေချင်ပါသည်။)သို့တပ်မံရွှေ့ပြောင်းပြီး အင်ကလိန်ဘုရားအနီးတွင် တပ်တည်လေသည်။ထိုသို့ဖြင့် အနားတွင် စိတ်ချယုံကြည်လောက်သည့် မှူးမတ်မရှိတော့သည့်အချိန်တွင် သမိန်စောထွတ်နှင့် ညီနှစ်ဦးတို့က သက္ကရာဇ် ၉၁၂ခု၊ကဆုန်လပြည့်ကျော် ၁ ရက်၊ည ၃ ချက်တီးအကျော်တွင် ဓါးဖြင့်လည်ကိုဖြတ်၍ လုပ်ကြံရာ အိပ်ပျော်နေသည့် တပင်ရွှေထီး လွန်လေသည်။

အကျဉ်းချုပ်[ပြင်​ဆင်​ရန်​]

မင်းတရားရွှေထီး၊လျှာနက်မင်း(ထိုင်းမူ)ဟုလည်းခေါ်ကြသည့် တပင်ရွှေထီးသည် မြန်မာ့သမိုင်းတွင် အတော်ပင်ထင်ရှားသည့် ဘုရင်ဖြစ်ပြီး တောင်ငူရာဇဝင်၊ဒုတိယပြည်ထောင်စုမြန်မာနိုင်ငံ အစရှိသည့်သမိုင်းကြောင်းများတွင် အမြဲပါဝင်နေသူဖြစ်သည်။အသက် ၁၄ နှစ်အရွယ်တွင် နန်းတက်ပြီး အသက် ၃၅ နှစ်၊ နန်းသက် ၂၀ အဝင်တွင်လုပ်ကြံခံရပြီး ကွယ်လွန်သည်။ထူးခြားချက်များမှာ မည်သည့် မိဖုရားကိုမှ တရားဝင် မိဖုရားကြီးအဖြစ် မထားခဲ့ခြင်း၊ အသက် ၈ နှစ်သာရှိသေးသည့် မွန်မိန်းမပျို ခေမနောကိုမိဖုရားအဖြစ်သိမ်းယူခြင်း၊အရက်သေစာ ခုံမြင်ကာဘဝပျက်ရခြင်းတို့ဖြစ်သည်။ယိုးဒယားကိုတိုက်ခိုက်သည့်ပထမဆုံးမြန်မာမင်းအဖြစ်လည်း သမိုင်းတွင်သည်။တိုက်သမျှစစ်တွင် ရှူံးသည်မရှိ အောင်နိုင်ခဲ့သည်။နန်းတွင်းအမှူထမ်း သမိန်စောထွတ်ကို အယုံကြည်လွန်ကာ ၄င်း၏လုပ်ကြံခြင်းခံရသည်။သေလွန်ချိန်တွင် ခေါင်းပြတ်မှာ မျက်တောင်ခတ်လျက်ပင်ရှိနေသေးသည်ဟုလည်းဆိုကြသည်။

နောက်ဆက်တွဲ[ပြင်​ဆင်​ရန်​]

ထိုသို့ တပင်ရွှေထီးလွန်လျှင် သမိန်စောထွတ်က သမိန်စက္ကဝေါ ဘွဲ့ခံကာ စစ်တောင်းတွင် မင်းပြုသည်။ နောက် မကြာမီ ဟံသာဝတီသို့ ပြောင်းရွှေ့နန်းတက်သည်။ တောင်ငူစားသီဟသူမှာ ဟံသာဝတီကိုစွန့်ခွာပြီး တောင်ငူသို့အရောက်ပြေးကာ မင်းခေါင်ဘွဲ့ခံပြီး သီးခြားမင်းပြုသည်။ ပြည်စား သတိုးဓမ္မရာဇာလည်း သတိုးသူ ဘွဲ့ခံကာ ပြည်တွင် သီးခြားမင်းပြုသည်။ သမိန်ထောရာမမှာ မုတ္တမဒေသသို့ရွှေ့ပြီး သမိန်စောထွတ်နှင့် ယှဉ်ပြိုင်နေသည်။ ကျန်အထက်မြန်မာပြည်ဒေသရှိ မြို့စားရွာစားများလည်း မိမိတို့ဒေသလုံခြုံရေးကို ပြင်ဆင်ကာ မည်သည့်ဖက်မှ မပါဝံ့ဘဲနေသည်။ ထိုအခါ ဒလသို့ရောက်နေသည့် ဘုရင့်နောင်သည် မွန်အမှူထမ်းများကို သစ္စာပေးကာ ဒလအနီးအပါးတွင် ချန်ရစ်စေပြီး တောင်ငူသို့ ဦးစွာချီတက်ကာ ညီတော်မင်းခါင်အား တိုက်သည်။ တောင်ငူကိုရလျှင် တောင်ငူမှ အင်အားကိုယူပြီး ပြည်ဟံသာဝတီအင်းဝအစရှိသဖြင့် အဆင့်ဆင့် သိမ်းပိုက်ကာ ဒုတိယ ပြည်ထောင်စုမြန်မာနိုင်ငံကြီးကြီးကို အရှိန်မပျက် ဆက်လက်တည်ထောင်ခဲ့သည်။

ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]

  • မင်းတရားရွေထီးနှင့်ဘုရင့်နောင်-ကေတုမတီတောင်ငူရာဇဝင်အစအဆုံး
  • မြန်မာမင်းများအရေးတော်ပုံကျမ်း (၆) စောင်တွဲ

ဆက်စပ်စာမျက်နှာများ[ပြင်​ဆင်​ရန်​]