ကယန်းလူမျိုး

Wikipedia မှ
(ပဒေါင်လူမျိုး မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ပဒေါင်း
ပဒေါင်း လှပျိုဖြူ
  • ပဒေါင် ( ကယားပြည်နယ် )
  • ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူမျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင်နီမျိုးနွယ်စု ဖြစ်သည်။

ကယန်းသည် မြန်မာနိုင်ငံရှိ တောင်ပေါ်ဒေသ တွင် နေထိုင်သော လူမျိုး တစ်ခုဖြစ်သည်။ ကရင်နီလူမျိုးစု နွယ်ဝင် ခုမျိုးစုခွဲတစ်ခု ဖြစ်သည်။ ကယန်းလထာ၊ ကယန်းကငံ၊ ကယန်းလဝီ (ပဒေါင်)၊ ကာကောင်း ဟူ၍ ကယန်းတွင် လူမျိုးစုခွဲ လေးခုရှိသည်။

အများက ပဒေါင်ဟု သိထားသောလူမျိုးများသည် ကယန်းထဲတွင် ပါဝင်သည်။ သူတို့သည်လည်း “ပဒေါင်”ဟု ခေါ်သည်ကို မကြိုက်ချေ။ “ပဒေါင်”ဆိုသည်မှာ ရှမ်းတို့က ပေးသော အမည်ဖြစ်သည်။ သူတို့ဘာသာ မှည့်ခေါ်သော အမည် မဟုတ်။ သူတို့က ကယန်းဟု ခေါ်သည်ကိုနှစ်သက်သည်။ တစ်ခါတရံ အခြားကယန်းမျိုးကများနှင့် ကွဲပြားစေရန် သူတို့ကိုယ်သူတို့ “လည်ပင်းရှည်”၊ “ကြေးကွင်းပတ်”ဟုလည်း ညွှန်းပြီး ပြောတတ်သေးသည်။ [၁]


သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

ကယန်းတိုင်းရင်းသားများက မိမိတို့ လူမျိုး၏ မူလအမည်မှာ "ကန်ယန်" ဖြစ်သည်ဟု ဆိုသည်။ "ကန်"မှာ "ပိုင်နက်၊ နယ်မြေ" ဖြစ်ပြီး၊ "ယန်"မှာ "စွဲစွဲမြဲမြဲ ရှိခြင်း၊ အတည်တကျ ရှိခြင်း"ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် "ကန်ယန်"ဆိုသည်မှာ "နယ်မြေဒေသတစ်ခုအတွင်း အတည်တကျ စွဲစွဲမြဲမြဲနေတတ်သည့် လူမျိုး"ဟု ဆိုလိုသည်။ ကာလရွေ့လျောလာသည့်အခါ "ကန်ယန်"မှ "ကယန်း" ဖြစ်လာသည်ဟု ဆိုပါသည်။ ထို့ပြင် ကယန်းမျိုးနွယ်၌ မျိုးနွယ်ခွဲပေါင်း (၄)မျိုးရှိသည်ဟု ဆိုသည်။ ယင်းတို့မှာ-

  1. မိမိကိုယ်ကို တောင်ပေါ်ဒေသ၏ အရှင်သခင်ဟု ယူဆထားပြီး အမျိုးသမီးများ၏ လည်ပင်းနှင့် ခြေထောက်တို့တွင် ကြေးခွေများ ရစ်ပတ်ဝတ်ဆင်လေ့ရှိသည့် "ကယန်း" (ပဒေါင်)
  2. မြေပြန့်လွင်ပြင်တွင် အနေများပြီး လည်ပင်းတွင် ငွေပြားများ ချိတ်ဆွဲဝတ်ဆင်လေ့ရှိသည့် ယင်းဘော်ခေါ် "ကယန်း" (ကငံ)
  3. တောင်ပေါ်ဒေသတွင် အနေများပြီး ကယန်း(ပဒေါင်)ဘာသာစကားနှင့် အလွန်နီးစပ်သည့် စကားကို ပြောဆိုကြသော ကေခို၊ ကေဘားခေါ် "ကယန်း" (ကေခို)
  4. တောင်ပေါ်ဒေသ ကျောက်တုံး၊ ကျောက်စိုင်များကြားတွင် အိမ်ကလေးများဆောက်ကာ အမျိုးသားများ ကတုံး တုံးလေ့ရှိသော ဇယိမ်ခေါ် "ကယန်း" (လထ) တို့ဖြစ်ကြသည်။

ကယန်း (ပဒေါင်)တိုင်းရင်းသားများကို ရှမ်းတို့က ပဒေါင်ဟု ခေါ်ကြသည်။ ကြေးပတ်သောသူ - "ပတ်တောင်း" ဟူသော ရှမ်းစကားမှ "ပဒေါင်"ဖြစ်လာသည်ဟု ဆိုသည်။ "ကယန်း" (ပဒေါင်) တိုင်းရင်းသားများ ကိုယ်တိုင်ကမူ ကောင်း-ခေါင်း-ဒိုးဟု ခေါ်ကြသည်။ "တောင်များ၏ အရှင်သခင်" ဟု အဓိပ္ပါယ်ရပါသည်။

ပေါ်ပေါက်လာပုံ[ပြင်​ဆင်​ရန်​]

ကယန်းတိုင်းရင်းသားများက မိမိတို့လူမျိုးဖြစ်ပေါ်လာပုံကို ကာကောင်း ဟုခေါ်သော လင်္ကာရှည်ကြီးဖြင့် ဘိုးစဉ်ဘောင်ဆက် နှုတ်တိုက်ရွတ်ဖတ်မှတ်သားလာခဲ့ကြသည်။ ထိုလင်္ကာရှည်ကြီး၏ မြန်မာပြန် အနက်အဓိပ္ပါယ်မှာ အောက်ပါအတိုင်းဖြစ်သည်။

ကယန်းတိုင်းရင်းသားများသည် မူလက မောအိုက်ရှခေါ် အာရှမိုင်းနားအရပ်ဒေသ၌ နေထိုင်ခဲ့သည် ဆို၏။ မောအိုက်ရှ၏ အဓိပ္ပါယ်မှာ "အကြီးဆုံးနှင့် ပထမဆုံးဖြစ်ပေါ်လာသော နယ်မြေ"ဟု အဓိပ္ပါယ်ရသည်။ အာရှမိုင်းနားတွင် ရှိစဉ် မျှော်စင်နီကြီးကို မိုးထိအောင်တည်ဆောက်ကြရာ အလွန်မြင့်သည့်အတွက် ပြိုကျသွားသဖြင့် လူ၊ သတ္တဝါအားလုံးတို့ ပိတ်ဆို့ခြင်းခံခဲ့ရသည်။ ထိုနေရာကို ကယန်းတို့က ဘီလူးခေါ် ဘေဘီလုန်ဟု ခေါ်ကြသည်။ အဓိပ္ပါယ်မှာ အကုန်ပိတ်အရပ်ဖြစ်သည်။ လူ၊ သတ္တဝါတို့ပိတ်ဆို့ခြင်းခံရသည့်အတွက် အကြီးအမှူးဖြစ်သူ ဖူးကလိပ်ဆိုသူက မြေကြီးကို ရေဖြင့် သုံးပိုင်းပိုင်းရာ၌ ကယန်းတို့သည် နေထွက်ရာ အရှေ့ဘက်အခြမ်းတွင် ပါဝင်ကြကုန်သည်ဟု ဆိုသည်။

တဖန် အိုင်ရာဟုခေါ်သော အရပ်သို့ သွားရောက်နေထိုင်ကြသောအခါ လူအများသည် ဆိုး၊ မိုက်ကြသည့်အတွက် မိုးကောင်းကင်မှ မီးကျလာပြီး ကမ္ဘာမြေပြင်မှ မြေပြိုကျသွားသည့် အတွက် ကြောက်မတ်ဖွယ်ရာ မြို့(၇)မြို့၊ ရွာ(၇)ရွာ သေကြေပျက်စီးသွားပြီး ယနေ့တိုင် အိုင်ရာအိုင် ဖြစ်သွားသည်ဟု ဆိုသည်။ နောက်တဖန် အတ်ရတ်ဒေသတွင် နေထိုင်ကြစဉ် (၇)နှစ်၊ (၇)မိုး မိုးခေါင်ရေရှား ငတ်မွတ်ခေါင်းပါးကြသဖြင့် ထိုဒေသဆီမှ မိုသာခေါ် သားသဲကန္တာရအရပ်သို့ ပြောင်းရွှေ့နေထိုင်ကြသည်ဟု ဆိုသည်။ ယင်းမှ တစ်ဖန် နှစ်ပေါင်းလေးရာကျော် ခရီးသွားလာပြီး တောတောင်ထူထပ်သော မောဂွေခေါ် မွန်ဂိုလီးယား ဒေသသို့ ရောက်ရှိနေထိုင်ခဲ့ကြသည်ဟု ဆိုသည်။ မောဂွေ၏ အနက်မှာ မိုးကုပ်စက်ဝိုင်း၏ အမြင့်ဆုံးနေရာဟု အဓိပ္ပါယ်ရသည်။

မွန်ဂိုလီးယားဒေသ၌ နေထိုင်ကြစဉ် ကယန်းလူမျိုးသည် လင်းယန်းနှင့် လင်းချူးဟူ၍ နှစ်ခုခွဲလာရာ နယ်မြေနေရာ အမွေခွဲရေးကိစ္စနှင့် ပတ်သတ်၍ မကြာခဏမသင့်တင့်ကြဘဲ စစ်တိုက်ကြသည့်အတွက် လင်းယန်းလူမျိုးစုသည် တောင်ဘက်အရပ်သို့ထွက်ခွာလာသည် ဟူ၏။ တစ်ဖန် ထိုလူမျိုးစုအထဲမှ 'ခေ' ခေါ် 'တရုတ်' နှင့် 'ခဲယန်း' ခေါ် 'ကယန်း'လူမျိုးစုနှစ်စု ထပ်မံကွဲထွက်လာပြန်ပြီး နယ်မြေစားကျက်နှင့် ပတ်သတ်၍ မကြာခဏခိုက်ရန်ဖြစ်ပွားကြရာမှ ရှုံးနှိမ့်သော ကယန်းလူမျိုးစုသည် တောင်ဘက်သို့ ပြောင်းရွှေ့ခဲ့ကြသည်ဟု ဆိုသည်။ ထိုသို့ပြောင်းရွှေ့လာသည့် အခါ စော်ဘွားခေါ် စော်ဘွားလင်ခရန်းဆိုသူက ဦးဆောင်၍ အုပ်ချုပ်သွားသည်ဟူ၏။

မွန်ဂိုလီးယာမှ တောင်ဘက်သို့ ပြောင်းရွှေ့လာရာ တောင်ဘက်သို့ ပြောင်းရွှေ့လာရာ "တောင်ဖာတောင်မက်ခေါ် တိဘက်" သို့ရောက်လာ၍ "ကွီလုံ၊ ကွီလန် "တောင်တန်း၌ တောင်ယာများကို စိုက်ပျိုးကြ၍ တောင်ကမ်းပါးပြိုကျလာသောကြောင့် အိုင်ကြီး(၃)ခု၊ မြစ်ကြီး(၃)သွယ် မြစ်ဖျားခံရာဒေသသို့ ပြောင်းရွှေ့လာပြီး နေထိုင်ကြသည်ဟု စော်ဘွားထောဖားအမျိုးက အုပ်ချုပ်ကြီးကြပ်လာသည်ဟု ဆိုသည်။

တိဘက်မှာနေပြီး အစာရေစာ ငတ်မွတ်ခေါင်းပါးသည့် အတွက် ရေကြည်ရာမြက်နုရာကို ရှာရန် တောင်ဘက်သို့သံလွင်မြစ်ခေါ် ချိုမြစ်ဝှမ်းအတိုင်း ဆင်းသက်လာပြီး သစ်အယ်သီးပေါများသော ယူနန်နယ်တစ်နေရာ၌

--Yellow.cloud 20:20, 11 အောက်တိုဘာ 2008 (UTC)

ကယန်းတို့၏ လက်နက်ကိုင်တော်လှန်ရေး[ပြင်​ဆင်​ရန်​]

ကယန်းလူမျိုးတို့၏ လက်နက်ကိုင်တော်လှန်ရေးသည် ၁၉၆၄ ခုနှစ်မှ စတင်ခဲ့သည်။ ယခုဥက္ကဌ ငိန်းကယန်းထန်သည် ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့ အရေးအခင်း ဖြစ်ပွားစဉ်က ရန်ကုန်တက္ကသိုလ်တွင် မောင်ရွှေအေး အမည်ဖြင့် ကျောင်းတက်နေသော ကျောင်းသား တစ်ယောက် ဖြစ်သည်။ နေဝင်းအစိုးရ၏ အရက်စက်ဆုံးသော ကျောင်းသားအရေးအခင်း ဖြိုခွင်းမှုကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသော တိုင်းရင်းသား ကျောင်းသားငယ်သည် တုန်လှုပ်သွားခဲ့သည်။ ၁၉၆၃ ခုနှစ် နေဝင်းစစ်ကောင်စီလက်ထက် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ခြောက်ခရိုင် လူထုဆန္ဒဖေါ်ထုတ်ပွဲများတွင် ကျောင်းသားတယောက်အနေဖြင့် ရှေ့တန်းမှ တက်ကြွစွာ ပါဝင်ခဲ့သည်။ နေဝင်းစစ်ကောင်စီသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တဖက်သက် ဖျက်သိမ်းပြီး တောတွင်း လက်နက်ကိုင်အဖွဲ့များကို ပြန်လည်မောင်းထုတ်သည့် ဖြစ်ရပ်ကို တွေ့ကြုံခဲ့ရပြန်သည်။ ထို့ကြောင့် လက်နက် အားကိုးပြီး ဖိနှိပ်ဖြိုခွင်းသော အစိုးရကို လက်နက်နှင့်သာ သူတိုက်ကိုယ်တိုက် တိုက်ရမည်ဟု စဉ်းစား ယုံကြည်မိတော့သည်။ တောခိုမည့် ကျောင်းသားတယောက်အနေဖြင့် ကရင်တော်လှန်ရေးနယ်မြေသို့ ရောက်ရှိခဲ့သည်။ ကရင်တပ်မှုးများနှင့် အတူနေထိုင်စဉ် ကယန်းလူမျိုးတယောက်အနေနှင့် မိမိဒေသတွင် တော်လှန်ရေးအဖွဲ့အစည်း ရှိသလား ၊ မရှိသေးလျှင် မိမိဒေသအတွင်း ပြန်လည်စည်းရုံး သင့်ကြောင်း အကြံပြုကြသည်။ ဒီလိုနှင့် မိမိဒေသတွင်းသို့ စည်းရုံးရေးဆင်းရန် ပြန်လာခဲ့တော့သည်။

လက်နက်ကိုင် တော်လှန်ရေးကို စတင်ရန် လူစုနေစဉ် နေဝင်းအစိုးရ မှ ငွေစက္ကူ ၁၀ဝ တန်များကို တရားမဝင်အဖြစ် ကြေညာသည်။ လကုန်ရက်တွင် ၁၀ဝ တန်တွေ ရထားသော ကယန်းဝန်ထမ်းတွေရဲ့ လစာလေးတွေ၊ တောထဲမှာ ဒေသထွက်ကုန်လေးတွေ ရောင်းပြီး စုထားတဲ့ ချွေးနည်းစာ ရာတန်လေးတွေ တန်ဖိုးမဲ့ကုန်ပြီ။ လူထုရဲ့ဒေါသက လူစုနေသော တော်လှန်ရေးကို အရှိန်မြင့်စေခဲ့ပြီ။ ကယန်းလူမျိုး တော်တော်များများမှာ ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ် က ရယူထားသော လက်နက်ကောင်းတွေ ၂၀ဝ လောက် ရှိပြီးသားမို့ လက်နက်အတွက် အခက်အခဲမရှိတော့။ ပထမဦးဆုံးတိုက်ပွဲက ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာ ရဲစခန်းကို ဝင်ရောက်စီးနင်းခဲ့သည်။ နေဝင်းအစိုးရကို စတင်တော်လှန်သော ထိုနေ့သည် ၁၉၆၄ ခုနှစ် ဇွန်လ ၄ ရက်နေ့၊ ကယန်းလက်နက်ကိုင် တော်လှန်ရေးနေ့ အဖြစ် ကယန်းလူမျိုးများ၏ သမိုင်းတွင် မှတ်တမ်းတင်ခဲ့သည်။ [၁]


အမျိုးသမီးတို့သည် လည်တိုင်ရှည်မှ လှပသည်ဟု ယုံကြည်သဖြင့် လည်တိုင်ရှည်အောင် လည်ပင်းတွင် ကြေးခွေများကို တစ်ခွေပြီးတစ်ခွေဆင့်၍ ရစ်ပတ်ဝတ်ဆင်သည့် အလေ့အထရှိသော ပဒေါင်လူမျိုးတို့သည် ကရင်လူမျိုး တစ်မျိုးဖြစ်သည်။ ယခုအခါ ပဒေါင်အမျိုးသမီးများ လည်ပင်းတွင် ကြေးခွေစွပ်သော အလေ့အထမှာ ပျောက်ကွယ်စပြုနေပြီ ဖြစ်သည်။ ပဒေါင်တို့သည် ၁၉၃၁-ခုနှစ် သန်ခေါင်စာရင်းအရ လူဦးရေ ၁၆,၅ဝဝ ကျော်မျှ ရှိ၍၊ တောင်ငူအရှေ့ဘက် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းဒေသတို့အကြားတွင် အနှံ့အပြား နေထိုင်ကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပဒေါင် ၁၄,ဝဝဝ ခန့်ရှိ၍ ကယားပြည်နယ်တွင် ၂,၅၀၀ ကျော်ရှိသည်။ ပျဉ်းမနား အရှေ့ဘက်တွင် ရှိသော ကယားပြည်နယ်ထဲ အပါအဝင် ပေါင်းလောင်းငယ် မြစ်ဝှမ်းရှိ စတုရန်းမိုင် ၁၅၀ မျှ ကျယ်သော မြေပြန့်၌လည်း နေထိုင်ကြသည်။

ပဒေါင်တို့သည် မိမိတို့ကိုယ်ကို ကေကောင်းဒု ဟုခေါ်ဝေါ်ကြသည်။ ပဒေါင် အမျိုးသားတို့သည် တောင်သူလူမျိုးတို့ကဲ့သို့ပင် ဖော်ရွေသူများ ဖြစ်သည်။ ကိုယ်လက် ကြံ့ခိုင်တောင့်တင်းသည်။ အလုပ်ကို အပင်ပန်းခံ၍ လုပ်နိုင်ကြသည်။ ပျော်ပျော်ရွှင်ရွှင် နေတတ်ကြသည်။ ပဒေါင်တို့သည် တောင်ယာကို လှေခါးထစ် စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးရာ၌ တောင်စောင်းတွင် တစ်ဆင့်ပြီး တစ်ဆင့် ကန်သင်းခတ်၍ ရေသွင်း စိုက်ပျိုးကြသည်။ ထိုအလုပ်မှာ များစွာခက်ခဲ ပင်ပန်းသည်။ သို့သော် မညည်းမညူ လုပ်ကြသည်။ ကုန်ရောင်းကုန်ဝယ် အလုပ်၌လည်း ကောင်းစွာလုပ်တတ်ကြသည်။ အမဲလိုက်လည်း ဝါသနာထုံသည်။ ပတ်ဝန်းကျင်ရှိ တောင်ပေါ်သားတို့တွင် ပဒေါင်တို့သည် အလုပ်အကိုင်၌ အတော်ဆုံး အကောင်းဆုံး လူတမျိုးဖြစ်သည်ဟု ချီးကျူးခံရသည်။ [၂]

ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]

  1. သျှင်ထွေးယဉ်(မနုဿ) ယကန်း(ပဒေါင်)-ပခုက္ကူဦးအုံးဖေ စာပေဆုရ
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၆)
  • ခင်မင်းဇော် ဘလော့ဂ် [၂]