အိန္ဒိယနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အိန္ဒိယသမ္မတနိုင်ငံ
भारत गणराज्य
Bhārat Gaṇarājya
Flag of India.svg Emblem of India.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်ဆောင်ပုဒ် - "Satyameva Jayate" (သင်္သကရိုက်)
सत्यमेव जयते(ဓယ်ဗန်အဂါရီ)[၁]
(သစ္စာတရားဘဲအောင်နိုင်သည်")
နိုင်ငံတော်သီချင်း - ဇနာ ဂနာ မနာ (Jana Gana Mana)
Thou art the ruler of the minds of all people[၂]
ပထဝီ
Location India.svg
မြို့တော် နယူးဒေလီ
အကြီးဆုံးမြို့ မွမ်ဘိုင်း
ဧရိယာ
  • ဧရိယာ - ၃,၂၈၇,၅၉၀ km² (၁,၂၆၉,၃၄၆ sq mi) (အဆင့်: ၇)
  • ရေဖုံးလွှမ်းမှု - ၉.၅၆%
စံတော်ချိန်ဇုန် UTC +၅:၃၀
လူနေမှု
ရုံးသုံးဘာသာများ အင်္ဂလိပ်ဟိန္ဒီ
လူဦးရေ
ကိုးကွယ်ယုံကြည်မှု ဟိန္ဒူ (၈၀.၄%)အစ္စလာမ် (၁၃.၄%)ခရစ်ယာန် (၂.၃%)စိတ် (၁.၉%)ဗုဒ္ဓ (၁.၁%)ဂျိန်း (၀.၄%)အခြား (၀.၅%)
နိုင်ငံရေး
အမျိုးအစား ဖယ်ဒရယ်သမ္မတနိုင်ငံနှင့် Parliamentary ဒီမိုကရေစီ[၃]
Parliamentary democracy[၄]
အစိုးရခေါင်းဆောင်များ
  • သမ္မတ - ပြာတီဘာ ပတိလ်
  • ဝန်ကြီးချုပ် - မန်မိုဟန် စင့်
ထူထောင်မှု
စီးပွားရေး
GDP(PPP) $၂.၉၆၅ ပကောဋိ[၅] (အဆင့် - ၄)
GDP(PPP) $၂၇၀၀ (အဆင့် - ၁၆၅)
HDI ၀.၆၁၉ (အလယ်) (အဆင့် - ၁၂၈)
ဗဟိုဘဏ် Reserve Bank of India
ငွေ အိန္ဒိယရူပီး (INR "₨")
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
အထိမ်းအမှတ်များ ပန်း - ကြာ[၆]၊ သစ်ပင် - ညောင်[၆]
ISO 3166-1 IN
CCLTD .in
Calling code +၉၁

အိန္ဒိယနိုင်ငံ (Hindi: भारत गणराज्य Bhārat Gaṇarājya) တရားဝင်အမည်အားဖြင့် အိန္ဒိယသမ္မတနိုင်ငံသည် တောင်အာရှတွင် တည်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် အကျယ်အဝန်းအားဖြင့် သတ္တမမြောက်အကြီးဆုံး၊ ဒုတိယမြောက် လူဦးရေ အများဆုံး နှင့် ဒီမိုကရေစီနိုင်ငံများတွင် လူဦးရေအများဆုံးနိုင်ငံဖြစ်သည်။ တောင်ဖက်တွင် အိန္ဒိယသမုဒ္ဒရာ၊ အနောက်ဖက်တွင် အာရပ်ပင်လယ် နှင့် အရှေ့ဖက်တွင် ဘင်္ဂလားပင်လယ်အော်တို့က ဝန်းရံထားပြီး အိန္ဒိယတွင် ကမ်းရိုးတန်းအရှည်မိုင်ပေါင်း ၄၆၇၁ မိုင်(၇၅၁၇ ကီလိုမီတာ)[၇]မျှရှိသည်။ အိမ်နီးချင်းနိုင်ငံများအနေနှင့် အနောက်ဖက်တွင် ပါကစ္စတန်နိုင်ငံ၊ အရှေ့မြောက်ဖက်တွင် တရုတ်၊ နီပေါ နှင့် ဘူတန် နိုင်ငံ၊ အရှေ့ဖက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် မြန်မာနိုင်ငံ တို့ရှိကြသည်။ အိန္ဒိယသမုဒ္ဒရာထဲရှိ နိုင်ငံများဖြစ်သော သီရိလင်္ကာနိုင်ငံ၊ မော်လဒိုက်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့နှင့်လည်း နီးစပ်သည်။

အိန္ဒုတောင်ကြား ယဉ်ကျေးမှုပေါက်ဖွားရာနှင့် သမိုင်းဝင်ကုန်သွယ်ရေးလမ်းကြောင်းနှင့် ကြီးမားသောအင်ပိုင်ယာများတည်ရှိခဲ့ရာ ဒေသဖြစ်သဖြင့် အိန္ဒိယဒေသသည် သူ၏ ရှည်လျားလှသော သမိုင်းကြောင်းအတွင်း စီးပွားရေး နှင့် ယဉ်ကျေးမှု ဆိုင်ရာ ကြွယ်ဝချမ်းသာသော ဒေသအဖြစ် သတ်မှတ်ကြသည်။ ကမ္ဘာ့ဘာသာကြီး ၄ ခုဖြစ်သော ဟိန္ဒူဘာသာ ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာ နှင့် ဆစ်ခ်ဘာသာတို့သည် အိန္ဒိယတွင် ပေါ်ထွန်းခဲ့ပြီး Zoroastrianism, Judaism ၊ ခရစ်ယာန်ဘာသာ နှင့် အစ္စလာမ်ဘာသာတို့သည် ပထမထောင်စုနှစ်အတွင်းရောက်ရှိလာခဲ့သဖြင့် အိန္ဒိယ၏ အမျိုးစုံသော ရိုးရာယဉ်ကျေးမှု တို့ကို ပုံဖော်ပေးခဲ့သည်။ ၁၈ ရာစုအစပိုင်းမှ စ၍ ဗြိတိသျှအရှေ့အိန္ဒိယ ကုမ္ပဏီ၏ တစ်စတစ်စထိုးဖောက် ဝင်ရောက်လာခဲ့ပြီး ဂရိတ်ဗြိတိန်နိုင်ငံ၏ ကိုလိုနီအဖြစ် ၁၉ ရာစုအလယ်ပိုင်းတွင် ကျရောက်ခဲ့သည်။ ထို့နောက် ၁၉၄၇ တွင် ကြီးမားကျယ်ပြန့်လှသော အကြမ်းမဖက်လှုပ်ရှားမှု တို့ဖြင့် အင်္ဂလိပ်လက်အောက်မှ ၁၉၄၇ ခုနှစ်တွင် လွတ်လပ်ရေး ရခဲ့သည်။

အိန္ဒိယသည် ပါလီမန် ဖက်ဒရယ်သမ္မတနိုင်ငံဖြစ်ပြီး ပြည်နယ် ၂၈ခု နှင့် ပြည်ထောင်စုနယ်မြေ ၇ ခုပါဝင်သည်။ ကမ္ဘာပေါ်တွင် ဈေးကွက်ငွေကြေးလဲလှယ်နှုန်းဖြင့် ကြည့်မည်ဆိုလျှင် စီးပွားရေး အရ ၁၂ ခုမြောက်အကြီးဆုံး နိုင်ငံဖြစ်ပြီး စတုတ္တမြောက် ဝယ်အားအကောင်းဆုံး နိုင်ငံဖြစ်သည်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် အိန္ဒိယသည် စီးပွားရေးတိုးတက်မှု အမြန်နှုန်းတွင် ဒုတိယနေရာသို့ ရောက်ရှိခဲ့သည်။ သို့သော် အိန္ဒိယတွင် ဆင်းရဲမှုများ၊ စာမတတ်မှုများ နှင့် အာဟာရချို့တဲ့မှုများ အများအပြားရှိနေဆဲဖြစ်သည်။ အမျိုးမျိုးသော အတွေးအခေါ်များ၊ ဘာသာစကားများ၊ လူမျိုးစု များရှိသော အိန္ဒိယနိုင်ငံသည် သဘာဝ ထိန်းသိမ်းစောင့်ရှောက်ရာ နေရာအနှံအပြားတွင် တောရိုင်းတိရိစ္ဆာန်အမျိုးမျိုးတို့အတွက် နေအိမ်လည်းဖြစ်သည်။

မာတိကာ

[ပြင်​ဆင်​ရန်​] အမည်ရင်းမြစ်

အိန္ဒိယဆိုသော အမည်သည် အိန္ဒု (Indus) ဟူသောအမည်မှ ဆင်းသက်လာပြီး ရှေးခေတ်ပါရှားစကား Hindu နှင့် သင်္သကရိုက် (Sanskrit) ဘာသာ Sindhu မှအရင်းခံပြီး အိန္ဒုမြစ်နှင့်ပတ်သတ်၍ ဒေသခံတို့ခေါ်ဝေါ်ကြသော သမိုင်းဝင်အမည်ဖြစ်သည်။ ရှေးခေတ်ဂရိတို့က အိန္ဒိယတို့ကို အင်ဒွိုင် (Indoi) (Ινδοί)ဟု ညွှန်းဆိုလေ့ရှိကြပြီး အိန္ဒုမှလူများ ဟု အဓိပ္ပါယ်ရှိသည်။ အိန္ဒိယ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အမျိုးမျိုးသော အိန္ဒိယဘာသာစကားတို့တွင် ဘာရတ် (Bharat) ဟူသော အမည်ကို တရားဝင်အမည်နှင့် သာတူညီမျှအဆင့်အတန်း အဖြစ်လည်း အသိအမှတ်ပြုကြသည်။ Hindustan သည် ပါရှားဘာသာစကား ဟိန္ဒူတို့၏မြေဖြစ်ပြီး သမိုင်းတလျှောက်တွင် အိန္ဒိယမြောက်ပိုင်းကိုရည်ညွှန်းပြီး အိန္ဒိယတစ်နိုင်ငံလုံးကိုလည်း တစ်ခါတစ်ရံ အမည်ကွဲအနေဖြင့် ညွှန်းဆိုကြသည်။

[ပြင်​ဆင်​ရန်​] သမိုင်း

မဒရာပရာဒစ်(Madhya Pradesh) ရှိ ဘင်ဘက်ကာ(Bhimbetka) ကျောက်အမိုးအကာများရှိ ကျောက်ခေတ် ကျောက်အမိုးအကာများတွင် တွေ့ရသော ပန်းချီများသည် အိန္ဒိယတွင် အစောဆုံး လူသားတို့ ချန်ထားခဲ့သော လက်စလက်နများ ဖြစ်သည်။ လေ့လာသိရှိရသော ပထမဆုံးလူသားတို့၏ အခြေချနေထိုင်မှုမှာ လွန်ခဲ့သော နှစ်ပေါင်း ၉၀၀၀ ကျော်မှ စ၍ဖြစ်ပြီး တဖြည်းဖြည်းနှင့် အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှု လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲတိုးတက်လာခဲ့သည်မှာ အနောက်အိန္ဒိယတွင် ဘီစီ ၃၃၀၀ ကျော်အထိ ဖြစ်သည်။ နောက်ပိုင်းမှာ ဟိန္ဒူဘာသာ၏ အုတ်မြစ်နှင့် အခြားအစောပိုင်း အိန္ဒိယ လူ့အဖွဲ့အစည်း၏ အုတ်မြစ်များကို ချပေးခဲ့သော ဗီဒစ်အချိန်ကာလ( Vedic period) ဖြစ်ပြီး ဘီစီ ၅၀၀ ခန့်အထိဖြစ်သည်။ ဘီစီ ၅၅၀ ခန့်မှစ၍ မဟာဇနပဒ (Mahajanapadas) ဟုခေါ်သော တိုင်းနိုင်ငံများ နှင့် တိုင်းပြည်များ နိုင်ငံအနှံ့အပြားတွင် ထူထောင်ခဲ့ကြသည်။

မဟာရာသျှတ္တရရှိ အောရာဂါဘတ်တွင် ရှိသော ကျောက်ဂူထဲမှ ဆေးရေး ပန်းချီအချို့ (၆ ရာစုနှစ်)

ဘီစီ ၃ ရာစုနှစ်တွင် အာရှတောင်ပိုင်းဒေသအများစုကို စန္ဒရာဂုပတ္တ မောရိယ မှ မောရိယ အင်ပိုင်ယာအတွင်းသို့ စုစည်းသိမ်းသွင်းခဲ့ပြီး မဟာ အသောက ၏ လက်ထက်အရောက်တွင် လွန်စွာတိုးတက်လာခဲ့သည်။ အေဒီ ၃ ရာစုမှစ၍ ဂုပတ္တမင်းဆက် သည် ရှေးဟောင်း "အိန္ဒိယရွှေခေတ်" ဟု ရည်ညွှန်းကြသော နှစ်ကာလများကို ကြီးကြပ် အုပ်ချုပ်ခဲ့သည်။ တောင်ပိုင်းအိန္ဒိယတွင်မူ ချာလုကျာ(Chalukyas) မင်းဆက်၊ ချိုလ(Cholas) မင်းဆက် နှင့် ဝိဟာရ နာဂရ(Vijayanagara ) မင်းဆက်တို့ ပါဝင်အုပ်ချုပ်ခဲ့သည်။ သိပ္ပံ၊ အင်ဂျင်နီယာအတတ်၊ အနုပညာ၊ စာပေ၊ နက္ခတ္တဗေဒ နှင့် ဒဿနိကဗေဒ တို့သည် ထိုမင်းများ၏ အုပ်ချုပ်မှုအောက်တွင် စည်ပင်ထွန်းကားလာခဲ့သည်။

၁၀ ရာစုနှစ် နှင့် ၁၂ ရာစုနှစ်အတွင်းတွင် အာရှအလယ်ပိုင်းမှ ကျူးကျော်တိုက်ခိုက်မှုကြောင့် မြောက်အိန္ဒိယ၏ အစိတ်အပိုင်း အတော်များများသည် ဒေလီဆူလတန်၏ အုပ်ချုပ်မှုအောက်သို့ ကျရောက်ခဲ့ပြီး နောက်ပိုင်းတွင် မူဂယ်အင်ပိုင်ယာ လက်အောက်သို့ ကျရောက်ခဲ့သည်။ မူဂယ် ဘုရင်များသည် သူတို့၏ အင်ပိုင်ယာကို တဖြည်းဖြည်း ချဲ့ထွင်ပြီး အိန္ဒိယ တိုက်အစိတ်အပိုင်း၏ အတော်များများကို အုပ်စိုးနိုင်ခဲ့သည်။ သို့သော်လည်း အရှေ့မြောက် အိန္ဒိယတွင်မူ အာသံမှ အာဟုမ်တိုင်းပြည်သည် ကြီးကျယ်သော ဩဇာလွှမ်းမိုးမှုရှိပြီး မူဂယ်တို့၏ နယ်ချဲ့မှု ကို ခုခံတွန်းလှန်နိုင်သော တိုင်းနိုင်ငံအချို့တွင် တစ်ခု အပါအဝင်ဖြစ်သည်။

၁၆ ရာစုနှစ်မှ စ၍ ပေါ်တူဂီ၊ နယ်သာလန်၊ ပြင်သစ်နှင့် အင်္ဂလန်တို့ အပါအဝင် ဥရောပ နိုင်ငံအချို့မှ ကုန်သည်များအနေဖြင့် စတင်ရောက်ရှိလာခဲ့သည်။ နောင်အခါတွင် တိုင်းနိုင်ငံများအကြား ဆက်ဆံရေး မပြေလည်မှု အပေါ်တွင် အခွင့်ကောင်းယူ၍ နိုင်ငံအတွင်း၌ ကိုလိုနီများကို စတင်တည်ထောင်ခဲ့သည်။ ၁၈၅၆ ခုနှစ်သို့ ရောက်သော အခါ အိန္ဒိယ၏ အစိတ်အပိုင်းတော်တော်များများမှာ ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီ၏ ထိန်းချုပ်မှု အောက်သို့ ရောက်ရှိခဲ့သည်။ တစ်နှစ်အကြာတွင် တစ်နိုင်ငံလုံးရှိ စစ်တပ်များနှင့် တိုင်းနိုင်ငံများမှ ထကြွပုန်ကန်ခဲ့ကြသည်။ ထိုပုန်ကန်မှု ကို အိန္ဒိယ ပထမလွတ်လပ်ရေးစစ် သို့မဟုတ် စီပွိုင်းပုန်ကန်မှု (Sepoy Mutiny) ဟု ရည်ညွှန်းခေါ်ဆိုကြသည်။ ထိုပုန်ကန်မှုမှာ ဗြိတိသျှကုမ္ပဏီ၏ ထိန်းချုပ်မှု ကို စိန်ခေါ်ခဲ့သော်လည်း နောက်ဆုံးတွင် ကျရှုံးခဲ့သည်။ အကျိုးဆက်အနေဖြင့် အိန္ဒိယသည် ဗြိတိသျှဘုရင်၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှ ဗြိတိသျှအင်ပိုင်ယာ၏ ကိုလိုနီတစ်ခု ဖြစ်လာခဲ့သည်။

မဟတ္တမဂန္ဒီ (လက်ယာဘက်)နှင့် ဂျဝါဟလာ နေရူး (၁၉၃၇)။ နေရူးသည် ၁၉၄၇တွင် အိန္ဒိယ၏ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

၂၀ရာစု၏ ပထမပိုင်း ရာစုနှစ်တဝက်တွင် အိန္ဒိယ အမျိုးသားကွန်ဂရက် နှင့် အခြားနိုင်ငံရေး အဖွဲ့အစည်းများမှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွတ်လပ်ရေးကြိုးပမ်းမှု ကို စတင်ခဲ့သည်။ ၁၉၂၀ ခုနှစ်များနှင့် ၁၉၃၀တို့တွင် မဟတ္တမ ဂန္ဒီ၏ဦးဆောင်မှုဖြင့် အဟိံသ ခေါ် အကြမ်းမဖက်ရေးလမ်းစဉ်အောက်တွင် သန်းပေါင်းများစွာသော ဆန္ဒပြသူတို့သည် တစုတဝေးတည်းသော အာဏာဖီဆန်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြသည်။ နောက်ဆုံး၌ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၅ ရက်တွင် အိန္ဒိယသည် ဗြိတိသျှတို့၏ အုပ်ချုပ်မှုအောက်မှ လွတ်လပ်ရေး ရခဲ့သည်။ သို့သော် မူဆလင်အစုအဖွဲ့တို့၏ ဆန္ဒအရ ဘာသာရေးအရ ကွဲပြားသော အိန္ဒိယဒိုမီနီယံ နှင့် ပါကစ္စတန် ဒိုမီနီယံတို့အတွက် လွတ်လပ်သော အစိုးရအဖွဲ့များဖြင့် ခွဲခြားဖွဲ့စည်းခဲသည်။ ၃နှစ်ကြာသောအခါတွင် အိန္ဒိယသည် သမ္မတနိုင်ငံ ဖြစ်လာခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် စတင် အသက်ဝင်လာခဲ့သည်။

အိန္ဒိယနိုင်ငံသည် လွတ်လပ်ရေးရသည့်အချိန်မှ စ၍ ဘာသာရေး အကြမ်းဖက်မှု၊ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားခြင်းမှဖြစ်သော အကြမ်းဖက်မှု နှင့် ပုန်ကန်ထကြွမှု တို့၏ဒုက္ခကို နေရာအနှံ့အပြားတွင် ခံခဲ့ရသည်။ သို့သော်လည်း သည်းညည်းခံခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲခြင်းတို့မှတဆင့် ထိန်းချုပ်နိုင်ခဲ့သည်။ အကြမ်းဖက်သမားတို့၏ ဝါဒသည်လည်း အိန္ဒိယ၏ အဓိက လုံခြုံရေးဆိုင်ရာ ပြသနာပင်ဖြစ်သည်။ ပုန်ကန်ထကြွသူများမှာ ဂျမ်မူး နှင့် ကက်ရှ်မီးယား၊ အိန္ဒိယ အရှေ့မြောက်ပိုင်း နှင့် ကျေးလက်ဒေသများတွင် နက်ဆယ်လိုက်ခေါ် အိန္ဒိယကွန်မြူနစ်တို့ ဖြစ်သည်။ ၁၉၉၀ နှစ်များမှ စ၍ စနစ်တကျ စီစဉ်ထားသော အကြမ်းဖက်တိုက်ခိုက်မှုများမှာ အိန္ဒိယ၏ မြို့ကြီးအများအပြားတွင် ဖြစ်ပွားခဲ့သည်။ အိန္ဒိယတွင် တရုတ်နိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံတို့နှင့် မဖြေရှင်းနိုင်သေးသော နယ်မြေပိုင်ဆိုင်မှု ပြသနာရှိပြီး ထိုအကြောင်းကြောင့် ၁၉၆၂ ခုနှစ်တွင် အိန္ဒိယ-တရုတ် စစ်ပွဲဖြစ်ပွားခဲ့ပြီး ပါကစ္စတန်နှင့်မူ ၁၉၄၇၊ ၁၉၆၅၊ ၁၉၇၁ နှင့် ၁၉၉၉ တို့တွင် စစ်ဖြစ်ခဲ့သည်။ အိန္ဒိယသည် ဘက်မလိုက်လှုပ်ရှားမှု နှင့် ကုလသမဂ္ဂ (ဗြိတိသျှ အိန္ဒိယအဖြစ်) ကို စတင်တည်ထောင်သူများတွင် ပါဝင်သည်။ ၁၉၇၄ တွင် အိန္ဒိယသည် မြေအောက် နျူးကလီးယား စမ်းသမ်မှုကို ပြုခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် နောက်ထပ်စမ်းသပ်မှု ၅ ကြိမ်ပြုလုပ်ခဲ့ပြီး အိန္ဒိယကို နျူးကလီးယားလက်နက် ပိုင်ဆိုင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေခဲ့သည်။ ၁၉၉၁ ခုနှစ်မှ စတင်၍ အကြီးအကျယ် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သဖြင့် အိန္ဒိယနိုင်ငံကို ကမ္ဘာပေါ်တွင် စီးပွားရေး တိုးတက်မှု အမြန်ဆုံး နိုင်ငံများတွင် အပါအဝင်ဖြစ်အောင် တွန်းပို့ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ နှင့် ဒေသဆိုင်ရာ ဩဇာ အာဏာရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေခဲ့သည်။

[ပြင်​ဆင်​ရန်​] အစိုးရ

ကမ္ဘာပေါ်တွင် အရှည်ဆုံးနှင့် အသေးစိတ်အကျဆုံးသော အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၁၉၅၀ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်တွင် စတင် အသက်ဝင်ခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အဖွင့်တွင် အိန္ဒိယနိုင်ငံအား အချုပ်အခြာအာဏာရှိသော လက်တွေ့ဆန်သော ဆိုရှယ်လစ် ဒီမိုကရေစီ သမ္မတနိုင်ငံ အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ အိန္ဒိယတွင် ဝက်မင်စတာစတိုင်လ် ပါလီမန်စနစ်ကျင့်သုံးပြီး ဥပဒေပြုလွှတ်တော် ၂ခုရှိသည်။ အစိုးရအဖွဲ့အစည်းမှာ ဖက်ဒရယ်ဆန်ဆန် ဖွဲ့စည်းထားပြီး ဗဟိုအစိုးရမှ ချုပ်ကိုင်မှုအားကောင်း၍ ပြည်နယ်အစိုးရများ၏ အာဏာမှာ လျော့ရဲသည်။ သို့သော် ၁၉၉၀ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံရေး၊ စီးပွားရေး နှင့် လူမှုရေး ပြောင်းလဲမှုများကြောင့် ဖက်ဒရယ်စနစ်အဖြစ် တိုးတက်ပြောင်းလဲလာခဲ့သည်။

သမ္မတသည် နိုင်ငံတော်၏ အကြီးအကဲဖြစ်၍ မဲဆန္ဒနယ်များမှ သွယ်ဝိုက်သော နည်းဖြင့် ရွေးချယ်တင်မြောက်ပြီး သက်တမ်းမှာ ၅ နှစ် ဖြစ်သည်။ ဝန်ကြီးချုပ် မှာ အစိုးရအဖွဲ့၏ အကြီးအကဲဖြစ်ပြီး အုပ်ချုပ်မှု ဆိုင်ရာ အာဏာ အများစုကို ကျင့်သုံးသည်။ ဝန်ကြီးချုပ်သည် သမ္မတနှင့် ညီလာခံမှ ရွေးချယ်ခန့်အပ်သူ ဖြစ်ပြီး အောက်လွှတ်တော်တွင် နေရာအများစုရယူထားသော ပါတီ သို့မဟုတ် နိုင်ငံရေးမဟာမိတ် အစုအဖွဲ့များမှ ထောက်ခံသူဖြစ်သည်။

အိန္ဒိယ၏ ဥပဒေပြုအဖွဲ့အစည်းမှာ ပါလီမန်နှစ်ခု ပါဝင်ပြီး အထက်လွှတ်တော်မှာ ရာဂျာဆာဘ (နိုင်ငံတော် ကောင်စီ) ဖြစ်ပြီး အောက်လွှတ်တော်မှာ လော့ဆာဘ (ပြည်သူ့လွှတ်တော်) ဖြစ်သည်။ ရာဂျာဆာဘသည် အမတ် ၂၄၅ ယောက်ရှိသည့် အမြဲတမ်းအစုအဖွဲ့ဖြစ်ပြီး ၆ နှစ်တစ်ကြိမ် ပြောင်းလဲသည်။ အများစုမှာ ပြည်နယ်နှင့် ဒေသဆိုင်ရာ ဥပဒေပြုအဖွဲ့အစည်းများမှ လူဦးရေ အချိုးနှင့် အညီ ရွေးကောက်တင်မြှောက်ထားခြင်း ဖြစ်သည်။ လော့ဆာဘ ၏ အမတ် ၅၄၅ ယောက်အတွင်းမှ ၅၄၃ ယောက်မှ သီးသန့်နယ်မြေဒေသတစ်ခုစီအတွက် လူကြိုက်များမှုပေါ်မူတည်သည့် မဲဆန္ဒဖြင့် တိုက်ရိုက်ရွေးကောက်တင်မြှောက်ထားခြင်း ဖြစ်ပြီး ၅ နှစ် သက်တမ်းရှိသည်။ အခြားအမတ် ၂ယောက်ကို အင်ဂလို အင်ဒီးယန်း အသိုင်းအဝိုင်းတွင်းမှ သမ္မတက တိုက်ရိုက်ရွေးချယ်ခြင်း ဖြစ်သည်။ သမ္မတအနေနှင့် ထိုအသိုင်းအဝိုင်းကို လုံလောက်သော ကိုယ်စားပြုမှုမရှိဆိုသည့် ယူဆသည့် အချိန်တွင် ဖြစ်သည်။

အမှုဆောင် အဖွဲ့တွင် ပါဝင်သူများမှာ သမ္မတ၊ ဒုတိယသမ္မတ နှင့် ဝန်ကြီးချုပ် ဦးဆောင်သောဝန်ကြီးများ ကောင်စီ (ကက်ဘိနက်သည် ထိုအဖွဲ့အတွင်းမှ အမှုဆောင်ကော်မတီ ဖြစ်သည်။) ဖြစ်သည်။ ဝန်ကြီး ဌာနတစ်ခုကို အုပ်ချုပ်သော မည်သည့်ဝန်ကြီးမဆို ပါလီမန် ၂ခုအတွင်း တစ်ခုခုမှ အမတ်ဖြစ်ရမည် ဖြစ်သည်။ အိန္ဒိယပါလီမန်စနစ်တွင် အမှုဆောင်သည် ဥပဒေပြုအဖွဲ့၏ လက်အောက်ခံဖြစ်ပြီး ဝန်ကြီးချုပ်နှင့် သူ၏ ကောင်စီသည် အောက်လွှတ်တော်အတွက် တိုက်ရိုက်တာဝန်ရှိသည်။

အိန္ဒိယတွင် အလွှာ ၃ လွှာရှိသော တရားစီရင်ရေးစနစ်ရှိပြီး အိန္ဒိယနိုင်ငံ တရားသူကြီးချုပ် ဦးဆောင်သော ဗဟိုတရားရုံးချုပ်၊ အဆင့်မြင့်တရားရုံး ၂၁ ရုံးနှင့် သာမန် တရားရုံး အမြောက်အများ ပါဝင်သည်။ ဗဟိုတရားရုံးချုပ်သည် အခြေခံအခွင့်အရေးနှင့် ဆိုင်သော အမှုများ၊ ပြည်နယ်အချင်းချင်းနှင့် ပြည်နယ်နှင့် ဗဟိုအစိုးရတို့ အငြင်းပွားမှု စသည်တို့ကို ပထမအကြိမ် ကြားနာပိုင်ခွင့်ရှိသည်။ တရားစီရင်ရေး စနစ်သည် မှီခိုမှုကင်းမဲ့သည့် လွတ်လပ်သော စနစ်ဖြစ်ပြီး ဥပဒေထုတ်ပြန်ရန် နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဥပဒေများကို ပယ်ဖျက်ရန် အခွင့်အာဏာရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို နောက်ဆုံးအငြင်းပွားနိုင်သည့် နေရာကို ယူထားခြင်းသည် ဗဟိုတရားရုံးချုပ်၏ အရေးအပါဆုံး လုပ်ဆောင်မှု များတွင် တစ်ခုအပါအဝင်ဖြစ်သည်။

[ပြင်​ဆင်​ရန်​] နိုင်ငံရေး

အဓိက အစိုးရရုံးများရှိသော နယူးဒေလီမြို့ရှိ North Block အဆောက်အဦး

အိန္ဒိယသည် ဖက်ဒရယ်အစိုးရတစ်ခုအနေဖြင့် ကြည့်မည်ဆိုပါက ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးသော ဒီမိုကရေစီနိုင်ငံဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီ သမိုင်းကြောင်းတစ်လျှောက်တွင် ဖက်ဒရယ်အစိုးရကို အိန္ဒိယအမျိုးသားကွန်ဂရက်မှ ဦးဆောင်ခဲ့သည်။ ပြည်နယ်တွင်းနိုင်ငံရေးများကို အိုင်အင်န်စီ(INC)၊ ဘာရာတီရာ ဂျနာတာ ပါတီ (Bharatiya Janata Party(BJP))၊ အိန္ဒိယ မာခ်စ် ကွန်မြူနစ်ပါတီ (CPI(M)) နှင့် အခြားဒေသခံပါတီများအပါအဝင် အချို့သော အမျိုးသားပါတီများမှ လွှမ်းမိုးထားသည်။ ၁၉၅၀ ခုနှစ်မှ ၁၉၉၀ ခုနှစ်အတွင်း တိုတောင်းသော အချိန်ကာလ ၂ ခုမှလွဲ၍ အိုင်အင်န်စီသည် ပါလီမန်တွင် နေရာအများစုကို ရရှိခဲ့သည်။ အိုင်အင်န်စီ အာဏာလက်လွှတ်လိုက်ရသော အချိန်ကာလမှာ ၁၉၇၇ မှ ၁၉၈၀ အတွင်းဖြစ်ပြီး ဝန်ကြီးချုပ် အင်ဒရီယာ ဂန္ဒီ ၏ အရေးပေါ်ကြေငြာချက်ကို ပြည်သူတို့က မကျေနပ်၍ ဂျနာတာပါတီမှ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် ဂျနာတာဒယ် ပါတီမှဦးဆောင်သော အမျိုးသား ညွန့်ပေါင်းတပ်ဦး နှင့် လက်ဝဲညွန့်ပေါင်းတပ်ဦးတို့ မဟာမိတ်ပြုထားသော အဖွဲ့မှ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အာဏာကို ၂ နှစ်မျှသာ ချုပ်ကိုင်နိုင်ခဲ့သည်။

၁၉၉၆-၁၉၉၈ ခုနှစ်များတွင် ဖက်ဒရယ်အစိုးရအဖွဲ့အတွင်းတွင် မကျေလည်မှုများ ရှိခဲ့ပြီး သက်တမ်းတိုတောင်းသော မဟာမိတ်အဖွဲ့အချို့ အာဏာကို ထိန်းချုပ်ခဲ့သည်။ ဘီဂျေပီသည် ၁၉၉၆ ခုနှစ်အတွင်း အစိုးရအဖွဲ့ကို ခဏတာမျှဖွဲ့စည်းခဲ့ပြီး ထို့နောက်တွင် ညီညွတ်သော ညွန့်ပေါင်းတပ်ဦးများ (United Front coalition) မှ ဆက်ခံခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ဘီဂျေပီသည် ဒေသခံပါတီအချို့နှင့် ပေါင်းစည်း၍ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်များ အဖွဲ့ (National Democratic Alliance (NDA)) ကိုဖွဲ့စည်းခဲ့ပြီး ပထမဆုံး ၅ နှစ်အပြည့်အုပ်ချုပ်သည့် ကွန်ဂရက်စ် မဟုတ်သော အစိုးရအဖွဲ့ ဖြစ်လာခဲ့သည်။ ၂၀၀၄ ခုနှစ် အိန္ဒိယရွေးကောက်ပွဲတွင် အိုင်အင်န်စီမှ လော့ဆာဘ၏ အမတ်နေရာ အများစုကို ရွေးကောက်ခြင်းခံရပြီး ညီညွတ်သော တိုးတက်ရေး မဟာမိတ်များ (United Progressive Alliance (UPA)) ဟု အမည်ရသည့် ညွန့်ပေါင်းအဖွဲ့ဖြင့် အစိုးရတစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ပြီး လက်ဝဲဝါဒသို့ယိမ်းသော ပါတီများနှင့် ဘီဂျေပီကို ဆန့်ကျင်သူများက ထောက်ခံအားပေးခဲ့သည်။

[ပြင်​ဆင်​ရန်​] နိုင်ငံခြားဆက်ဆံရေးနှင့် စစ်ရေးကိစ္စများ

Sukhoi-30 MKI သည် အိန္ဒိယ လေတပ်မတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

၁၉၄၇ ခုနှစ် လွတ်လပ်ရေးရသည့် အချိန်မှစ၍ အိန္ဒိယသည် နိုင်ငံအတော်များများနှင့် နွေးထွေးသော ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ်များတွင် အိန္ဒိယနိုင်ငံသည် အာဖရိက နှင့် အာရှ ရှိ ဥရောပ ကိုလိုနီနိုင်ငံတို့၏ လွတ်လပ်ရေးအတွက် တိုက်တွန်းကြိုးပမ်းရာတွင် ဦးဆောင်ဦးရွက်ပြုခဲ့သည်။ အိန္ဒိယသည် အိမ်နီးချင်းနိုင်ငံများအား စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုတွင် ၂ ကြိမ်မျှပါဝင်ခဲ့သည်။ ပထမအကြိမ်မှာ သီရိလင်္ကာနိုင်ငံသို့ အိန္ဒိယငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်များ ဝင်ရောက်ခြင်းဖြစ်ပြီး ဒုတိယအကြိမ်မှာ Operation Cactus ဖြင့် မော်လဒိုက်နိုင်ငံသို့ ဝင်ရောက်ခြင်းဖြစ်သည်။ အိန္ဒိယသည် ဓနသဟာယ နိုင်ငံများအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ဘက်မလိုက်လှုပ်ရှားမှု ကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သော အသင်းဝင်နိုင်ငံလည်း ဖြစ်သည်။ ၁၉၆၅ ခုနှစ် တရုတ်-အိန္ဒိယစစ်ပွဲ နှင့် အိန္ဒိယ-ပါကစ္စတန် စစ်ပွဲအပြီးတွင် ဆိုဗီယက်ပြည်ထောင်စုနှင့် ဆက်ဆံရေး ကောင်းမွန်တိုးတက်လာခဲ့ပြီး အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး ပျက်ပြားခဲ့သည်မှာ စစ်အေးတိုက်ပွဲ ပြီးသည့် အချိန်အထိပင်ဖြစ်သည်။ အိန္ဒိယသည် ပါကစ္စတန်နှင့် သုံးကြိမ်စစ်ဖြစ်ခဲ့ပြီး အဓိကအားဖြင့် ကက်ရှ်မီးယား ပြသနာကြောင့်ဖြစ်သည်။ နိုင်ငံ ၂နိုင်ငံတို့ကြားတွင် တိုက်ပွဲအသေးစားလေးများလည်း ထပ်မံဖြစ်ပွားခဲ့ပြီး အထူးသဖြင့် ၁၉၈၄ ခုနှစ် ရှာချန် ရေခဲမြစ်(Siachen Glacier) ပြသနာ ကြောင့်ဖြစ်သည့်တိုက်ပွဲ နှင့် ၁၉၉၉ခုနှစ် ကာဂေး(Kargil) ပြသနာ ကြောင့်ဖြစ်သည့် တိုက်ပွဲတို့ဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း အိန္ဒိယနှင့် အမေရိကန်တို့၏ ဆက်ဆံရေးမှာ တိုးတက် လာခဲ့သည်။ ပုံမှာ အိန္ဒိယ ဝန်ကြီးချုပ် မာမိုဟမ်ဆင်း နှင့် အမေရိကန် သမ္မတ ဂျော့ရှ် ဒဗလျူ ဘုရှ် တို့ ၂၀၀၆ ခုနှစ် မတ်လ တွင် လက်ဆွဲနှုတ်ဆက် နေကြပုံဖြစ်သည်။

လတ်တလောနှစ်များတွင် အိန္ဒိယသည် အာဆီယံ၊ တောင်အာရှနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအသင်း နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တို့တွင် ဩဇာရှိသော နိုင်ငံတစ်ခုဖြစ်လာခဲ့သည်။ အိန္ဒိယသည် ကုလသမ္မဂ္ဂ ကိုစတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နှစ်ကာလကြာရှည်စွာ အထောက်အကူပေးခဲ့သော နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ အိန္ဒိယမှ ရဲတပ်ဖွဲ့ဝင်နှင့် စစ်သား ၅၅၀၀၀ ကျော်တို့သည် တိုက်ကြီး ၄တိုက်တွင် ဖြန့်ကျက်လျှက်ရှိသော ကုလသမ္မဂ္ဂ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး အစီအစဉ် ၃၅ ခုတွင် တာဝန်ထမ်းဆောင်လျှက်ရှိသည်။ ဝေဖန်မှုနှင့် စစ်ရေးအရပိတ်ဆို့မှုများရှိသော်လည်း အိန္ဒိယသည် နျူးကလီးယား စမ်းသပ်မှု တားမြစ်ခြင်း သဘောတူညီချက်နှင့် နျူးကလီးယား မပြန့်ပွားရေး သဘောတူညီချက်တို့ကို လက်မှတ်ရေးထိုးရန် တစိုက်မတ်မတ် ငြင်းဆန်ခဲ့သည်။ နျူးကလီးယားဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အပေါ်တွင် ပို၍ အလေးပေးခဲ့သည်။ ယခုလတ်တလော အိန္ဒိယအစိုးရ၏ အစပျိုး ဆောင်ရွက်မှုများကြောင့် အမေရိကန်ပြည်ထောင်စုတရုတ်နိုင်ငံ၊ ပါကစ္စတန် တို့နှင့် ဆက်ဆံရေး ပိုမိုခိုင်မာတောင့်တင်းလာခဲ့သည်။ စီးပွားရေးနယ်ပယ်တွင်မူ အိန္ဒိယသည် တောင်အမေရိကအာရှ နှင့် အာဖရိကရှိ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် နီးစပ်သော ဆက်ဆံရေးရှိသည်။

အိန္ဒိယနိုင်ငံတွင် ကြည်းတပ်၊ရေတပ် နှင့် လေတပ်တို့ပါဝင်သော ကမ္ဘာပေါ်တွင် တတိယမြောက်အကြီးဆုံး စစ်တပ်ရှိသည်။ အရန်အင်အားစုများဖြစ်သော အရန်စစ်တပ်၊ ကမ်းခြေစောင့်တပ် နှင့် မဟာဗျူဟာကွပ်ကဲရေးတပ် တို့သည်လည်း စစ်တပ်၏ အုပ်ချုပ်မှုအောက်တွင်ရှိသည်။ အိန္ဒိယနိုင်ငံသမ္မတ သည် အိန္ဒိယစစ်တပ်များ၏ ဦးစီးချုပ်ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ပြုံးနေသော ဗုဒ္ဓ စစ်ဆင်ရေး (Operation Smiling Buddha) ဟု ခေါ်သော ၁၉၇၄ ခုနှစ် ပဏာမနျူးကလီးယား စမ်းသပ်မှု အပြီးတွင် နျူးကလီးယား အင်အားရှိသော နိုင်ငံဖြစ်လာခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ထပ်မံပြုလုပ်သော မြေအောက် နျူးကလီးယား စမ်းသပ်မှုများကြောင့် နိုင်ငံတကာမှ အိန္ဒိယနိုင်ငံအား စစ်ရေးအရပိတ်ဆို့ အရေးယူခဲ့ပြီး ၂၀၀၁ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းတွင်မှ တဖြည်းဖြည်းချင်း ပြန်လည်ရုတ်သိမ်းခဲ့သည်။ အိန္ဒိယသည် နျူးကလီးယားလက်နက်ကို မိမိမှ စတင်၍ အသုံးမပြု ဆိုသည့် ပေါ်လစီကို ကျင့်သုံးသည်။ ၁၀၀၈ ခုနှစ် အောက်တိုဘာလ ၁၀ရက်တွင် အိန္ဒိယ-အမေရိကန် ပြည်သူ့ နျူးကလီးယား သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုစာချုပ် မတိုင်မီတွင် အိန္ဒိယသည် အိုင်အေအီးအေ နှင့် နျူးလကီးယား ပစ္စည်း ပံ့ပိုးရောင်းချရေး အဖွဲ့ (NSG) တို့မှ ကင်းလွတ်ခွင့်ရရှိခဲ့ပြီး နျူးကလီးယားကြောင့် သီးသန့်ဖြစ်နေမှု ကို ပြီးဆုံးစေခဲ့သည်။

[ပြင်​ဆင်​ရန်​] ပြည်နယ်များ

အိန္ဒိယနိုင်ငံပြည်နယ်များမြေပုံ

အိန္ဒိယနိုင်ငံတွင် ပြည်နယ် ၂၈ ခုနှင့် ပြည်ထောင်စု နယ်မြေ ၇ ခု ရှိသည်။[၈] ပြည်နယ်အားလုံးနှင့် ပြည်ထောင်စုနယ်မြေ ၂ ခု ဖြစ်ကြသော ပူဒုချယ်ရီ နှင့် ဒေလီအမျိုးသားမြို့တော်နယ်မြေတို့တွင် ရွေးကောက်တင်မြှောက်ထားသော လွှတ်တော် ရှိပြီး အစိုးရမှာ ဝက်မင်စတာ ပုံစံဖြင့် ဖွဲ့စည်းထားသည်။ အခြားသော ပြည်ထောင်စု နယ်မြေ ၅ ခုမှာ ဗဟိုမှ အုပ်ချုပ်ရေးမှူးများ ခန့်အပ်၍ တိုက်ရိုက် အုပ်ချုပ်သည်။ ၁၉၅၆ ခုနှစ် ပြည်နယ်များ ပြန်လည်စီမံရေး ဥပဒေ အရ ပြည်နယ်များကို ပြောဆိုသည့် ဘာသာစကားပေါ်တွင် မူတည်၍ တည်ထောင်ခဲ့သည်။[၉]

[ပြင်​ဆင်​ရန်​] ပထဝီနှင့် ရာသီဥတု

[ပြင်​ဆင်​ရန်​] စီးပွါးရေး

[ပြင်​ဆင်​ရန်​] လူဦးရေနှင့်ပျံ့နှံ့နေထိုင်မှု

အိန္ဒိယနိုင်ငံသည် ၂၀၁၁ခုနှစ်စာရင်းများအရ လူဦးရေ ၁၂၁၀၁၉၃၄၂၂(၁.၂၁ဘီလီယံ)ရှိပြီး ကမ္ဘာပေါ်တွင် ဒုတိယလူဦးရေသိပ်သည်းသော နိုင်ငံဖြစ်သည်။ တရုတ်နိုင်ငံသည် လူဦးရေ ၁၃၅၀ဝ၄၄၆၀၅(၁.၃၅ဘီလီယံ)ဖြင့် ကမ္ဘာပေါ်တွင် လူဦးရေအသိပ်သည်းဆုံးဖြစ်သည်။ ကမ္ဘာ့လူဦးရေ၏ ၁၇.၃၁ရာခိုင်နှုန်းဖြစ်ပြီး ကမ္ဘာ့လူဦးရေ ၆ ဦးတွင် ၁ ဦးမှာ အိန္ဒိယတွင် နေထိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ လူဦးရေတိုးတက်မှုနှုန်းမှာ ၁.၅၈ ရာခိုင်နှုန်းဖြစ်ပြီး လာမည့် ၂၀၃၀ခုနှစ် နှစ်ကုန်တွင် လူဦးရေ ၁.၅၃ ဘီလီယံရှိမည်ဟု ကြိုတင်ခန့်မှန်းထားကြသည်။

စုစုပေါင်းလူဦးရေ၏ ၆၂၃၇၀ဝ၀ဝ၀(၆၂၃.၇သန်း)မှာ ယောင်္ကျားဦးရေဖြစ်ပြီး ၅၈၆၅၀ဝ၀ဝ၀(၅၈၆.၅သန်း)မှာ အမျိုးသမီးဦးရေဖြစ်သည်။ ကျား/မ အချိုးမှာ ယောင်္ကျားဦးရေ ၁၀ဝ၀လျှင် မိန်းမ ၉၄၀ ဦးဖြစ်သည်။ ယောင်္ကျားများ၏ပျှမ်းမျှသက်တမ်းမှာ (၆၅.၇၇)နှစ်နှင့် မိန်းမများ၏ပျှမ်းမျှသက်တမ်းမှာ (၆၇.၉၅)နှစ်ခန့်ဖြစ်သည်။ ပျမ်းမျှသက်တမ်းမှာ ၆၆.၈ နှစ်သည်။လူဦးရေ သိပ်သည်းမှုအနေဖြင့် ပျှမ်းမျှအားဖြင့် တစ်စတုရန်းကီလိုမီတာတွင်(၃၈၂)ယောက်ဖြစ်သည်။

စာတတ်မြောက်မှုနှုန်းမှာ ကျား ၈၂.၁၄ ရာခိုင်နှုန်းဖြစ်ပြီး မ ၆၅.၄၆ ရာခိုင်နှုန်းဖြစ်ကာ ပျမ်းမျှအားဖြင့် ၇၄.ဝ၄ ရာခိုင်နှုန်းဖြစ်သည်။

လက်ရှိလူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်မှာ အသက် ၂၅ နှစ်အောက်များဖြစ်ပြီး ၆၅ ရာခိုင်နှုန်းကျော်မှာ အသက် ၃၅ နှစ်အောက်များဖြစ်သည်။ လူဦးရေ၏ ၇၂.၂ ရာခိုင်နှုန်းမှာ ကျေးရွာပေါင်း ၆၃၈၀ဝ၀ ရှိသည့် ကျေးလက်ဒေသများတွင်နေထိုင်ကြပြီး ၂၇.၈ ရာခိုင်နှုန်းမှာ မြို့ပေါင်း ၅၄၈၀ ရှိသည့် မြို့ပြဒေသများတွင် နေထိုင်ကြသည်။ မွေးဖွားနှုန်းမှာ ၂၀ဝ၉ခုနှစ်စာရင်းများအရ လူတစ်ထောင်လျှင် ၂၂.၂၂ ဦးဖြစ်ပြီး သေဆုံးမှုနှုန်းမှာ လူတစ်ထောင်လျှင် ၆.၄ ဦးဖြစ်သည်။[၁၀]

[ပြင်​ဆင်​ရန်​] အယူဘာသာများ

လူမျိုးစုံနေထိုင်လျှက်ရှိသော အိန္ဒိယနိုင်ငံတွင် ကိုးကွယ်မှုဘာသာပေါင်းမျိုးစုံရှိသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဘာသာရေး ကို လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသော်လည်း အများစုမှာ ဟင်ဒီဘာသာ ကိုးကွယ်ကြသည်။ ကိုးကွယ်မှု ဘာသာအုပ်စုများမှာ (က) ဟင်ဒီဘာသာ ၈၂ % ခန့် (ခ) မွတ်ဆလင် ၁၂ % ခန့် (ဂ) ခရစ်ယာန် ၂.၅ % ခန့် (ဃ) ဆစ်ခ် ၂ % ခန့် (င) ဗုဒ္ဓ ဝ.၇ % ခန့် (စ) ဂျိမ်း ဝ.၅ % ခန့် (ဆ) Zoroastrianism ဝ.ဝ၁ % ခန့် (ဇ) ဂျူး ဝ.ဝ၀ဝ၅ % ခန့် တို့ဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ ကိုးကွယ်မှုဘာသာများပြပုံ

[ပြင်​ဆင်​ရန်​] ယဉ်ကျေးမှု

[ပြင်​ဆင်​ရန်​] အားကစား

[ပြင်​ဆင်​ရန်​] ဆက်စပ်ကြည့်ရှုရန်

[ပြင်​ဆင်​ရန်​] ရည်ညှန်းချက်များ

  1. State Emblem -Inscription. National Informatics Centre(NIC). Retrieved on 2007-06-17
  2. National Anthem - Know India portal. National Informatics Centre(NIC) (2007). Retrieved on 2007-08-31
  3. ၃.၀ ၃.၁ CIA Factbook: India. CIA Factbook. Central Intelligence Agency. Retrieved on 2007-03-10
  4. India at a Glance. Know India Portal. National Informatics Centre(NIC). Retrieved on 2007-12-07
  5. CIA - The World Factbook - India
  6. ၆.၀ ၆.၁ About India (in အင်္ဂလိပ်). အိန္ဒိယနိုင်ငံသံရုံး၊ စိုဖိယ. အိန္ဒိယနိုင်ငံသံရုံး. Retrieved on ၂၀၀၈-၀၇-၁၇
  7. Template:Harvnb
  8. Country Profile: India (PDF). Library of CongressFederal Research Division (December 2004). Retrieved on 24 June 2007
  9. States Reorganisation Act, 1956. Constitution of India. Commonwealth Legal Information Institute. Retrieved on 31 October 2007။; See also: Political integration of India.
  10. http://www.indiaonlinepages.com/population/india-current-population.html

[ပြင်​ဆင်​ရန်​] ပြည်ပဆက်သွယ်ရေး

ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်