အိန္ဒိယနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အိန္ဒိယသမ္မတနိုင်ငံ
भारत गणराज्य
Bhārat Gaṇarājya
Flag of India.svg Emblem of India.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်ဆောင်ပုဒ် - "Satyameva Jayate" (သင်္သကရိုက်)
सत्यमेव जयते(ဓယ်ဗန်အဂါရီ)[၁]
(သစ္စာတရားဘဲအောင်နိုင်သည်")
နိုင်ငံတော်သီချင်း - ဇနာ ဂနာ မနာ (Jana Gana Mana)
Thou art the ruler of the minds of all people[၂]
ပထဝီ
Location India.svg
မြို့တော် နယူးဒေလီ
အကြီးဆုံးမြို့ မွမ်ဘိုင်း
ဧရိယာ
  • ဧရိယာ - ၃,၂၈၇,၅၉၀ km² (၁,၂၆၉,၃၄၆ sq mi) (အဆင့်: ၇)
  • ရေဖုံးလွှမ်းမှု - ၉.၅၆%
စံတော်ချိန်ဇုန် UTC +၅:၃၀
လူနေမှု
ရုံးသုံးဘာသာများ အင်္ဂလိပ်ဟိန္ဒီ
လူဦးရေ
ကိုးကွယ်ယုံကြည်မှု ဟိန္ဒူ (၈၀.၄%)အစ္စလာမ် (၁၃.၄%)ခရစ်ယာန် (၂.၃%)စိတ် (၁.၉%)ဗုဒ္ဓ (၁.၁%)ဂျိန်း (၀.၄%)အခြား (၀.၅%)
နိုင်ငံရေး
အမျိုးအစား ဖယ်ဒရယ်သမ္မတနိုင်ငံနှင့် Parliamentary ဒီမိုကရေစီ[၄]
Parliamentary democracy[၅]
အစိုးရခေါင်းဆောင်များ
  • သမ္မတ - ပြာတီဘာ ပတိလ်
  • ဝန်ကြီးချုပ် - မန်မိုဟန် စင့်
ထူထောင်မှု
စီးပွားရေး
GDP(PPP) $၂.၉၆၅ ပကောဋိ[၆] (အဆင့် - ၄)
GDP(PPP) $၂၇၀၀ (အဆင့် - ၁၆၅)
HDI ၀.၆၁၉ (အလယ်) (အဆင့် - ၁၂၈)
ဗဟိုဘဏ် Reserve Bank of India
ငွေ အိန္ဒိယရူပီး (INR "Indian Rupee symbol.svg"; Unicode sign: )
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
အထိမ်းအမှတ်များ ပန်း - ကြာ[၇]၊ သစ်ပင် - ညောင်[၇]
ISO 3166-1 IN
CCLTD .in
Calling code +၉၁

အိန္ဒိယနိုင်ငံ (Hindi: भारत गणराज्य Bhārat Gaṇarājya) တရားဝင်အမည်အားဖြင့် အိန္ဒိယသမ္မတနိုင်ငံသည် တောင်အာရှတွင် တည်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် အကျယ်အဝန်းအားဖြင့် သတ္တမမြောက်အကြီးဆုံး၊ ဒုတိယမြောက် လူဦးရေ အများဆုံး နှင့် ဒီမိုကရေစီနိုင်ငံများတွင် လူဦးရေအများဆုံးနိုင်ငံဖြစ်သည်။ တောင်ဖက်တွင် အိန္ဒိယသမုဒ္ဒရာ၊ အနောက်ဖက်တွင် အာရပ်ပင်လယ် နှင့် အရှေ့ဖက်တွင် ဘင်္ဂလားပင်လယ်အော်တို့က ဝန်းရံထားပြီး အိန္ဒိယတွင် ကမ်းရိုးတန်းအရှည်မိုင်ပေါင်း ၄၆၇၁ မိုင်(၇၅၁၇ ကီလိုမီတာ)[၈]မျှရှိသည်။ အိမ်နီးချင်းနိုင်ငံများအနေနှင့် အနောက်ဖက်တွင် ပါကစ္စတန်နိုင်ငံ၊ အရှေ့မြောက်ဖက်တွင် တရုတ်နီပေါနိုင်ငံ နှင့် ဘူတန်နိုင်ငံ၊ အရှေ့ဖက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် မြန်မာနိုင်ငံ တို့ရှိကြသည်။ အိန္ဒိယသမုဒ္ဒရာထဲရှိ နိုင်ငံများဖြစ်သော သီရိလင်္ကာနိုင်ငံမော်လဒိုက်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့နှင့်လည်း နီးစပ်သည်။

အိန္ဒုတောင်ကြား ယဉ်ကျေးမှုပေါက်ဖွားရာနှင့် သမိုင်းဝင်ကုန်သွယ်ရေးလမ်းကြောင်းနှင့် ကြီးမားသောအင်ပိုင်ယာများတည်ရှိခဲ့ရာ ဒေသဖြစ်သဖြင့် အိန္ဒိယဒေသသည် သူ၏ ရှည်လျားလှသော သမိုင်းကြောင်းအတွင်း စီးပွားရေး နှင့် ယဉ်ကျေးမှု ဆိုင်ရာ ကြွယ်ဝချမ်းသာသော ဒေသအဖြစ် သတ်မှတ်ကြသည်။ ကမ္ဘာ့ဘာသာကြီး ၄ ခုဖြစ်သော ဟိန္ဒူဘာသာဗုဒ္ဓဘာသာဂျိန်းဘာသာ နှင့် ဆစ်ခ်ဘာသာတို့သည် အိန္ဒိယတွင် ပေါ်ထွန်းခဲ့ပြီး Zoroastrianism, Judaism ၊ ခရစ်ယာန်ဘာသာ နှင့် အစ္စလာမ်ဘာသာတို့သည် ပထမထောင်စုနှစ်အတွင်းရောက်ရှိလာခဲ့သဖြင့် အိန္ဒိယ၏ အမျိုးစုံသော ရိုးရာယဉ်ကျေးမှု တို့ကို ပုံဖော်ပေးခဲ့သည်။ ၁၈ ရာစုအစပိုင်းမှ စ၍ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီ၏ တစ်စတစ်စထိုးဖောက် ဝင်ရောက်လာခဲ့ပြီး ဂရိတ်ဗြိတိန်နိုင်ငံ၏ ကိုလိုနီအဖြစ် ၁၉ ရာစုအလယ်ပိုင်းတွင် ကျရောက်ခဲ့သည်။ ထို့နောက် ၁၉၄၇ တွင် ကြီးမားကျယ်ပြန့်လှသော အကြမ်းမဖက်လှုပ်ရှားမှု တို့ဖြင့် အင်္ဂလိပ်လက်အောက်မှ ၁၉၄၇ ခုနှစ်တွင် လွတ်လပ်ရေး ရခဲ့သည်။

အိန္ဒိယသည် ပါလီမန် ဖက်ဒရယ်သမ္မတနိုင်ငံဖြစ်ပြီး ပြည်နယ် ၂၈ ခု နှင့် ပြည်ထောင်စုနယ်မြေ ၇ ခုပါဝင်သည်။ ကမ္ဘာပေါ်တွင် ဈေးကွက်ငွေကြေးလဲလှယ်နှုန်းဖြင့် ကြည့်မည်ဆိုလျှင် စီးပွားရေး အရ ၁၂ ခုမြောက်အကြီးဆုံး နိုင်ငံဖြစ်ပြီး စတုတ္တမြောက် ဝယ်အားအကောင်းဆုံး နိုင်ငံဖြစ်သည်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် အိန္ဒိယသည် စီးပွားရေးတိုးတက်မှု အမြန်နှုန်းတွင် ဒုတိယနေရာသို့ ရောက်ရှိခဲ့သည်။ သို့သော် အိန္ဒိယတွင် ဆင်းရဲမှုများ၊ စာမတတ်မှုများ နှင့် အာဟာရချို့တဲ့မှုများ အများအပြားရှိနေဆဲဖြစ်သည်။ အမျိုးမျိုးသော အတွေးအခေါ်များ၊ ဘာသာစကားများ၊ လူမျိုးစု များရှိသော အိန္ဒိယနိုင်ငံသည် သဘာဝ ထိန်းသိမ်းစောင့်ရှောက်ရာ နေရာအနှံအပြားတွင် တောရိုင်းတိရိစ္ဆာန်အမျိုးမျိုးတို့အတွက် နေအိမ်လည်းဖြစ်သည်။

အမည်ရင်းမြစ်[ပြင်​ဆင်​ရန်​]

အိန္ဒိယဆိုသော အမည်သည် အိန္ဒု (Indus) ဟူသောအမည်မှ ဆင်းသက်လာပြီး ရှေးခေတ်ပါရှားစကား Hindu နှင့် သင်္သကရိုက် (Sanskrit) ဘာသာ Sindhu မှအရင်းခံပြီး အိန္ဒုမြစ်နှင့်ပတ်သတ်၍ ဒေသခံတို့ခေါ်ဝေါ်ကြသော သမိုင်းဝင်အမည်ဖြစ်သည်။ ရှေးခေတ်ဂရိတို့က အိန္ဒိယတို့ကို အင်ဒွိုင် (Indoi) (Ινδοί)ဟု ညွှန်းဆိုလေ့ရှိကြပြီး အိန္ဒုမှလူများ ဟု အဓိပ္ပါယ်ရှိသည်။ အိန္ဒိယ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အမျိုးမျိုးသော အိန္ဒိယဘာသာစကားတို့တွင် ဘာရတ် (Bharat) ဟူသော အမည်ကို တရားဝင်အမည်နှင့် သာတူညီမျှအဆင့်အတန်း အဖြစ်လည်း အသိအမှတ်ပြုကြသည်။ Hindustan သည် ပါရှားဘာသာစကား ဟိန္ဒူတို့၏မြေဖြစ်ပြီး သမိုင်းတလျှောက်တွင် အိန္ဒိယမြောက်ပိုင်းကိုရည်ညွှန်းပြီး အိန္ဒိယတစ်နိုင်ငံလုံးကိုလည်း တစ်ခါတစ်ရံ အမည်ကွဲအနေဖြင့် ညွှန်းဆိုကြသည်။

သမိုင်း[ပြင်​ဆင်​ရန်​]

မဒရာပရာဒစ်(Madhya Pradesh) ရှိ ဘင်ဘက်ကာ(Bhimbetka) ကျောက်အမိုးအကာများရှိ ကျောက်ခေတ် ကျောက်အမိုးအကာများတွင် တွေ့ရသော ပန်းချီများသည် အိန္ဒိယတွင် အစောဆုံး လူသားတို့ ချန်ထားခဲ့သော လက်စလက်နများ ဖြစ်သည်။ လေ့လာသိရှိရသော ပထမဆုံးလူသားတို့၏ အခြေချနေထိုင်မှုမှာ လွန်ခဲ့သော နှစ်ပေါင်း ၉၀၀၀ ကျော်မှ စ၍ဖြစ်ပြီး တဖြည်းဖြည်းနှင့် အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှု လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲတိုးတက်လာခဲ့သည်မှာ အနောက်အိန္ဒိယတွင် ဘီစီ ၃၃၀၀ ကျော်အထိ ဖြစ်သည်။ နောက်ပိုင်းမှာ ဟိန္ဒူဘာသာ၏ အုတ်မြစ်နှင့် အခြားအစောပိုင်း အိန္ဒိယ လူ့အဖွဲ့အစည်း၏ အုတ်မြစ်များကို ချပေးခဲ့သော ဗီဒစ်အချိန်ကာလ( Vedic period) ဖြစ်ပြီး ဘီစီ ၅၀၀ ခန့်အထိဖြစ်သည်။ ဘီစီ ၅၅၀ ခန့်မှစ၍ မဟာဇနပဒ (Mahajanapadas) ဟုခေါ်သော တိုင်းနိုင်ငံများ နှင့် တိုင်းပြည်များ နိုင်ငံအနှံ့အပြားတွင် ထူထောင်ခဲ့ကြသည်။

မဟာရာသျှတ္တရရှိ အောရာဂါဘတ်တွင် ရှိသော ကျောက်ဂူထဲမှ ဆေးရေး ပန်းချီအချို့ (၆ ရာစုနှစ်)

ဘီစီ ၃ ရာစုနှစ်တွင် အာရှတောင်ပိုင်းဒေသအများစုကို စန္ဒရာဂုပတ္တ မောရိယ မှ မောရိယ အင်ပိုင်ယာအတွင်းသို့ စုစည်းသိမ်းသွင်းခဲ့ပြီး မဟာ အသောက ၏ လက်ထက်အရောက်တွင် လွန်စွာတိုးတက်လာခဲ့သည်။ အေဒီ ၃ ရာစုမှစ၍ ဂုပတ္တမင်းဆက် သည် ရှေးဟောင်း "အိန္ဒိယရွှေခေတ်" ဟု ရည်ညွှန်းကြသော နှစ်ကာလများကို ကြီးကြပ် အုပ်ချုပ်ခဲ့သည်။ တောင်ပိုင်းအိန္ဒိယတွင်မူ ချာလုကျာ(Chalukyas) မင်းဆက်၊ ချိုလ(Cholas) မင်းဆက် နှင့် ဝိဟာရ နာဂရ(Vijayanagara ) မင်းဆက်တို့ ပါဝင်အုပ်ချုပ်ခဲ့သည်။ သိပ္ပံ၊ အင်ဂျင်နီယာအတတ်၊ အနုပညာ၊ စာပေ၊ နက္ခတ္တဗေဒ နှင့် ဒဿနိကဗေဒ တို့သည် ထိုမင်းများ၏ အုပ်ချုပ်မှုအောက်တွင် စည်ပင်ထွန်းကားလာခဲ့သည်။

၁၀ ရာစုနှစ် နှင့် ၁၂ ရာစုနှစ်အတွင်းတွင် အာရှအလယ်ပိုင်းမှ ကျူးကျော်တိုက်ခိုက်မှုကြောင့် မြောက်အိန္ဒိယ၏ အစိတ်အပိုင်း အတော်များများသည် ဒေလီဆူလတန်၏ အုပ်ချုပ်မှုအောက်သို့ ကျရောက်ခဲ့ပြီး နောက်ပိုင်းတွင် မူဂယ်အင်ပိုင်ယာ လက်အောက်သို့ ကျရောက်ခဲ့သည်။ မူဂယ် ဘုရင်များသည် သူတို့၏ အင်ပိုင်ယာကို တဖြည်းဖြည်း ချဲ့ထွင်ပြီး အိန္ဒိယ တိုက်အစိတ်အပိုင်း၏ အတော်များများကို အုပ်စိုးနိုင်ခဲ့သည်။ သို့သော်လည်း အရှေ့မြောက် အိန္ဒိယတွင်မူ အာသံမှ အာဟုမ်တိုင်းပြည်သည် ကြီးကျယ်သော ဩဇာလွှမ်းမိုးမှုရှိပြီး မူဂယ်တို့၏ နယ်ချဲ့မှု ကို ခုခံတွန်းလှန်နိုင်သော တိုင်းနိုင်ငံအချို့တွင် တစ်ခု အပါအဝင်ဖြစ်သည်။

၁၆ ရာစုနှစ်မှ စ၍ ပေါ်တူဂီ၊ နယ်သာလန်၊ ပြင်သစ်နှင့် အင်္ဂလန်တို့ အပါအဝင် ဥရောပ နိုင်ငံအချို့မှ ကုန်သည်များအနေဖြင့် စတင်ရောက်ရှိလာခဲ့သည်။ နောင်အခါတွင် တိုင်းနိုင်ငံများအကြား ဆက်ဆံရေး မပြေလည်မှု အပေါ်တွင် အခွင့်ကောင်းယူ၍ နိုင်ငံအတွင်း၌ ကိုလိုနီများကို စတင်တည်ထောင်ခဲ့သည်။ ၁၈၅၆ ခုနှစ်သို့ ရောက်သော အခါ အိန္ဒိယ၏ အစိတ်အပိုင်းတော်တော်များများမှာ ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီ၏ ထိန်းချုပ်မှု အောက်သို့ ရောက်ရှိခဲ့သည်။ တစ်နှစ်အကြာတွင် တစ်နိုင်ငံလုံးရှိ စစ်တပ်များနှင့် တိုင်းနိုင်ငံများမှ ထကြွပုန်ကန်ခဲ့ကြသည်။ ထိုပုန်ကန်မှု ကို အိန္ဒိယ ပထမလွတ်လပ်ရေးစစ် သို့မဟုတ် စီပွိုင်းပုန်ကန်မှု (Sepoy Mutiny) ဟု ရည်ညွှန်းခေါ်ဆိုကြသည်။ ထိုပုန်ကန်မှုမှာ ဗြိတိသျှကုမ္ပဏီ၏ ထိန်းချုပ်မှု ကို စိန်ခေါ်ခဲ့သော်လည်း နောက်ဆုံးတွင် ကျရှုံးခဲ့သည်။ အကျိုးဆက်အနေဖြင့် အိန္ဒိယသည် ဗြိတိသျှဘုရင်၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှ ဗြိတိသျှအင်ပိုင်ယာ၏ ကိုလိုနီတစ်ခု ဖြစ်လာခဲ့သည်။

မဟတ္တမဂန္ဒီ (လက်ယာဘက်)နှင့် ဂျဝါဟလာ နေရူး (၁၉၃၇)။ နေရူးသည် ၁၉၄၇တွင် အိန္ဒိယ၏ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

၂၀ရာစု၏ ပထမပိုင်း ရာစုနှစ်တဝက်တွင် အိန္ဒိယ အမျိုးသားကွန်ဂရက် နှင့် အခြားနိုင်ငံရေး အဖွဲ့အစည်းများမှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွတ်လပ်ရေးကြိုးပမ်းမှု ကို စတင်ခဲ့သည်။ ၁၉၂၀ ခုနှစ်များနှင့် ၁၉၃၀တို့တွင် မဟတ္တမ ဂန္ဒီ၏ဦးဆောင်မှုဖြင့် အဟိံသ ခေါ် အကြမ်းမဖက်ရေးလမ်းစဉ်အောက်တွင် သန်းပေါင်းများစွာသော ဆန္ဒပြသူတို့သည် တစုတဝေးတည်းသော အာဏာဖီဆန်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြသည်။ နောက်ဆုံး၌ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၅ ရက်တွင် အိန္ဒိယသည် ဗြိတိသျှတို့၏ အုပ်ချုပ်မှုအောက်မှ လွတ်လပ်ရေး ရခဲ့သည်။ သို့သော် မူဆလင်အစုအဖွဲ့တို့၏ ဆန္ဒအရ ဘာသာရေးအရ ကွဲပြားသော အိန္ဒိယဒိုမီနီယံ နှင့် ပါကစ္စတန် ဒိုမီနီယံတို့အတွက် လွတ်လပ်သော အစိုးရအဖွဲ့များဖြင့် ခွဲခြားဖွဲ့စည်းခဲ့သည်။ ၃ နှစ်ကြာသောအခါတွင် အိန္ဒိယသည် သမ္မတနိုင်ငံ ဖြစ်လာခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် စတင် အသက်ဝင်လာခဲ့သည်။

အိန္ဒိယနိုင်ငံသည် လွတ်လပ်ရေးရသည့်အချိန်မှ စ၍ ဘာသာရေး အကြမ်းဖက်မှု၊ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားခြင်းမှဖြစ်သော အကြမ်းဖက်မှု နှင့် ပုန်ကန်ထကြွမှု တို့၏ဒုက္ခကို နေရာအနှံ့အပြားတွင် ခံခဲ့ရသည်။ သို့သော်လည်း သည်းညည်းခံခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲခြင်းတို့မှတဆင့် ထိန်းချုပ်နိုင်ခဲ့သည်။ အကြမ်းဖက်သမားတို့၏ ဝါဒသည်လည်း အိန္ဒိယ၏ အဓိက လုံခြုံရေးဆိုင်ရာ ပြသနာပင်ဖြစ်သည်။ ပုန်ကန်ထကြွသူများမှာ ဂျမ်မူး နှင့် ကက်ရှ်မီးယား၊ အိန္ဒိယ အရှေ့မြောက်ပိုင်း နှင့် ကျေးလက်ဒေသများတွင် နက်ဆယ်လိုက်ခေါ် အိန္ဒိယကွန်မြူနစ်တို့ ဖြစ်သည်။ ၁၉၉၀ နှစ်များမှ စ၍ စနစ်တကျ စီစဉ်ထားသော အကြမ်းဖက်တိုက်ခိုက်မှုများမှာ အိန္ဒိယ၏ မြို့ကြီးအများအပြားတွင် ဖြစ်ပွားခဲ့သည်။ အိန္ဒိယတွင် တရုတ်နိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံတို့နှင့် မဖြေရှင်းနိုင်သေးသော နယ်မြေပိုင်ဆိုင်မှု ပြသနာရှိပြီး ထိုအကြောင်းကြောင့် ၁၉၆၂ ခုနှစ်တွင် အိန္ဒိယ-တရုတ် စစ်ပွဲဖြစ်ပွားခဲ့ပြီး ပါကစ္စတန်နှင့်မူ ၁၉၄၇၊ ၁၉၆၅၊ ၁၉၇၁ နှင့် ၁၉၉၉ တို့တွင် စစ်ဖြစ်ခဲ့သည်။ အိန္ဒိယသည် ဘက်မလိုက်လှုပ်ရှားမှု နှင့် ကုလသမဂ္ဂ (ဗြိတိသျှ အိန္ဒိယအဖြစ်) ကို စတင်တည်ထောင်သူများတွင် ပါဝင်သည်။ ၁၉၇၄ တွင် အိန္ဒိယသည် မြေအောက် နျူးကလီးယား စမ်းသမ်မှုကို ပြုခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် နောက်ထပ်စမ်းသပ်မှု ၅ ကြိမ်ပြုလုပ်ခဲ့ပြီး အိန္ဒိယကို နျူးကလီးယားလက်နက် ပိုင်ဆိုင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေခဲ့သည်။ ၁၉၉၁ ခုနှစ်မှ စတင်၍ အကြီးအကျယ် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သဖြင့် အိန္ဒိယနိုင်ငံကို ကမ္ဘာပေါ်တွင် စီးပွားရေး တိုးတက်မှု အမြန်ဆုံး နိုင်ငံများတွင် အပါအဝင်ဖြစ်အောင် တွန်းပို့ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ နှင့် ဒေသဆိုင်ရာ ဩဇာ အာဏာရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေခဲ့သည်။

အစိုးရ[ပြင်​ဆင်​ရန်​]

ကမ္ဘာပေါ်တွင် အရှည်ဆုံးနှင့် အသေးစိတ်အကျဆုံးသော အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၁၉၅၀ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်တွင် စတင် အသက်ဝင်ခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အဖွင့်တွင် အိန္ဒိယနိုင်ငံအား အချုပ်အခြာအာဏာရှိသော လက်တွေ့ဆန်သော ဆိုရှယ်လစ် ဒီမိုကရေစီ သမ္မတနိုင်ငံ အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ အိန္ဒိယတွင် ဝက်မင်စတာစတိုင်လ် ပါလီမန်စနစ်ကျင့်သုံးပြီး ဥပဒေပြုလွှတ်တော် ၂ ခုရှိသည်။ အစိုးရအဖွဲ့အစည်းမှာ ဖက်ဒရယ်ဆန်ဆန် ဖွဲ့စည်းထားပြီး ဗဟိုအစိုးရမှ ချုပ်ကိုင်မှုအားကောင်း၍ ပြည်နယ်အစိုးရများ၏ အာဏာမှာ လျော့ရဲသည်။ သို့သော် ၁၉၉၀ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံရေး၊ စီးပွားရေး နှင့် လူမှုရေး ပြောင်းလဲမှုများကြောင့် ဖက်ဒရယ်စနစ်အဖြစ် တိုးတက်ပြောင်းလဲလာခဲ့သည်။

သမ္မတသည် နိုင်ငံတော်၏ အကြီးအကဲဖြစ်၍ မဲဆန္ဒနယ်များမှ သွယ်ဝိုက်သော နည်းဖြင့် ရွေးချယ်တင်မြောက်ပြီး သက်တမ်းမှာ ၅ နှစ် ဖြစ်သည်။ ဝန်ကြီးချုပ် မှာ အစိုးရအဖွဲ့၏ အကြီးအကဲဖြစ်ပြီး အုပ်ချုပ်မှု ဆိုင်ရာ အာဏာ အများစုကို ကျင့်သုံးသည်။ ဝန်ကြီးချုပ်သည် သမ္မတနှင့် ညီလာခံမှ ရွေးချယ်ခန့်အပ်သူ ဖြစ်ပြီး အောက်လွှတ်တော်တွင် နေရာအများစုရယူထားသော ပါတီ သို့မဟုတ် နိုင်ငံရေးမဟာမိတ် အစုအဖွဲ့များမှ ထောက်ခံသူဖြစ်သည်။

အိန္ဒိယ၏ ဥပဒေပြုအဖွဲ့အစည်းမှာ ပါလီမန်နှစ်ခု ပါဝင်ပြီး အထက်လွှတ်တော်မှာ ရာဂျာဆာဘ (နိုင်ငံတော် ကောင်စီ) ဖြစ်ပြီး အောက်လွှတ်တော်မှာ လော့ဆာဘ (ပြည်သူ့လွှတ်တော်) ဖြစ်သည်။ ရာဂျာဆာဘသည် အမတ် ၂၄၅ ယောက်ရှိသည့် အမြဲတမ်းအစုအဖွဲ့ဖြစ်ပြီး ၆ နှစ်တစ်ကြိမ် ပြောင်းလဲသည်။ အများစုမှာ ပြည်နယ်နှင့် ဒေသဆိုင်ရာ ဥပဒေပြုအဖွဲ့အစည်းများမှ လူဦးရေ အချိုးနှင့် အညီ ရွေးကောက်တင်မြှောက်ထားခြင်း ဖြစ်သည်။ လော့ဆာဘ ၏ အမတ် ၅၄၅ ယောက်အတွင်းမှ ၅၄၃ ယောက်မှာ သီးသန့်နယ်မြေဒေသတစ်ခုစီအတွက် လူကြိုက်များမှုပေါ်မူတည်သည့် မဲဆန္ဒဖြင့် တိုက်ရိုက်ရွေးကောက်တင်မြှောက်ထားခြင်း ဖြစ်ပြီး ၅ နှစ် သက်တမ်းရှိသည်။ အခြားအမတ် ၂ ယောက်ကို အင်ဂလို အင်ဒီးယန်း အသိုင်းအဝိုင်းတွင်းမှ သမ္မတက တိုက်ရိုက်ရွေးချယ်ခြင်း ဖြစ်သည်။ သမ္မတအနေနှင့် ထိုအသိုင်းအဝိုင်းကို လုံလောက်သော ကိုယ်စားပြုမှုမရှိဆိုသည့် ယူဆသည့် အချိန်တွင် ဖြစ်သည်။

အမှုဆောင် အဖွဲ့တွင် ပါဝင်သူများမှာ သမ္မတ၊ ဒုတိယသမ္မတ နှင့် ဝန်ကြီးချုပ် ဦးဆောင်သောဝန်ကြီးများ ကောင်စီ (ကက်ဘိနက်သည် ထိုအဖွဲ့အတွင်းမှ အမှုဆောင်ကော်မတီ ဖြစ်သည်။) ဖြစ်သည်။ ဝန်ကြီး ဌာနတစ်ခုကို အုပ်ချုပ်သော မည်သည့်ဝန်ကြီးမဆို ပါလီမန် ၂ ခုအတွင်း တစ်ခုခုမှ အမတ်ဖြစ်ရမည် ဖြစ်သည်။ အိန္ဒိယပါလီမန်စနစ်တွင် အမှုဆောင်သည် ဥပဒေပြုအဖွဲ့၏ လက်အောက်ခံဖြစ်ပြီး ဝန်ကြီးချုပ်နှင့် သူ၏ ကောင်စီသည် အောက်လွှတ်တော်အတွက် တိုက်ရိုက်တာဝန်ရှိသည်။

အိန္ဒိယတွင် အလွှာ ၃ လွှာရှိသော တရားစီရင်ရေးစနစ်ရှိပြီး အိန္ဒိယနိုင်ငံ တရားသူကြီးချုပ် ဦးဆောင်သော ဗဟိုတရားရုံးချုပ်၊ အဆင့်မြင့်တရားရုံး ၂၁ ရုံးနှင့် သာမန် တရားရုံး အမြောက်အများ ပါဝင်သည်။ ဗဟိုတရားရုံးချုပ်သည် အခြေခံအခွင့်အရေးနှင့် ဆိုင်သော အမှုများ၊ ပြည်နယ်အချင်းချင်းနှင့် ပြည်နယ်နှင့် ဗဟိုအစိုးရတို့ အငြင်းပွားမှု စသည်တို့ကို ပထမအကြိမ် ကြားနာပိုင်ခွင့်ရှိသည်။ တရားစီရင်ရေး စနစ်သည် မှီခိုမှုကင်းမဲ့သည့် လွတ်လပ်သော စနစ်ဖြစ်ပြီး ဥပဒေထုတ်ပြန်ရန် နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဥပဒေများကို ပယ်ဖျက်ရန် အခွင့်အာဏာရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို နောက်ဆုံးအငြင်းပွားနိုင်သည့် နေရာကို ယူထားခြင်းသည် ဗဟိုတရားရုံးချုပ်၏ အရေးအပါဆုံး လုပ်ဆောင်မှု များတွင် တစ်ခုအပါအဝင်ဖြစ်သည်။

နိုင်ငံရေး[ပြင်​ဆင်​ရန်​]

အဓိက အစိုးရရုံးများရှိသော နယူးဒေလီမြို့ရှိ North Block အဆောက်အဦး

အိန္ဒိယသည် ဖက်ဒရယ်အစိုးရတစ်ခုအနေဖြင့် ကြည့်မည်ဆိုပါက ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးသော ဒီမိုကရေစီနိုင်ငံဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီ သမိုင်းကြောင်းတစ်လျှောက်တွင် ဖက်ဒရယ်အစိုးရကို အိန္ဒိယအမျိုးသားကွန်ဂရက်မှ ဦးဆောင်ခဲ့သည်။ ပြည်နယ်တွင်းနိုင်ငံရေးများကို အိုင်အင်န်စီ(INC)၊ ဘာရာတီရာ ဂျနာတာ ပါတီ (Bharatiya Janata Party(BJP))၊ အိန္ဒိယ မာခ်စ် ကွန်မြူနစ်ပါတီ (CPI(M)) နှင့် အခြားဒေသခံပါတီများအပါအဝင် အချို့သော အမျိုးသားပါတီများမှ လွှမ်းမိုးထားသည်။ ၁၉၅၀ ခုနှစ်မှ ၁၉၉၀ ခုနှစ်အတွင်း တိုတောင်းသော အချိန်ကာလ ၂ ခုမှလွဲ၍ အိုင်အင်န်စီသည် ပါလီမန်တွင် နေရာအများစုကို ရရှိခဲ့သည်။ အိုင်အင်န်စီ အာဏာလက်လွှတ်လိုက်ရသော အချိန်ကာလမှာ ၁၉၇၇ မှ ၁၉၈၀ အတွင်းဖြစ်ပြီး ဝန်ကြီးချုပ် အင်ဒရီယာ ဂန္ဒီ ၏ အရေးပေါ်ကြေငြာချက်ကို ပြည်သူတို့က မကျေနပ်၍ ဂျနာတာပါတီမှ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် ဂျနာတာဒယ် ပါတီမှဦးဆောင်သော အမျိုးသား ညွန့်ပေါင်းတပ်ဦး နှင့် လက်ဝဲညွန့်ပေါင်းတပ်ဦးတို့ မဟာမိတ်ပြုထားသော အဖွဲ့မှ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အာဏာကို ၂ နှစ်မျှသာ ချုပ်ကိုင်နိုင်ခဲ့သည်။

၁၉၉၆-၁၉၉၈ ခုနှစ်များတွင် ဖက်ဒရယ်အစိုးရအဖွဲ့အတွင်းတွင် မကျေလည်မှုများ ရှိခဲ့ပြီး သက်တမ်းတိုတောင်းသော မဟာမိတ်အဖွဲ့အချို့ အာဏာကို ထိန်းချုပ်ခဲ့သည်။ ဘီဂျေပီသည် ၁၉၉၆ ခုနှစ်အတွင်း အစိုးရအဖွဲ့ကို ခဏတာမျှဖွဲ့စည်းခဲ့ပြီး ထို့နောက်တွင် ညီညွတ်သော ညွန့်ပေါင်းတပ်ဦးများ (United Front coalition) မှ ဆက်ခံခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ဘီဂျေပီသည် ဒေသခံပါတီအချို့နှင့် ပေါင်းစည်း၍ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်များ အဖွဲ့ (National Democratic Alliance (NDA)) ကိုဖွဲ့စည်းခဲ့ပြီး ပထမဆုံး ၅ နှစ်အပြည့်အုပ်ချုပ်သည့် ကွန်ဂရက်စ် မဟုတ်သော အစိုးရအဖွဲ့ ဖြစ်လာခဲ့သည်။ ၂၀၀၄ ခုနှစ် အိန္ဒိယရွေးကောက်ပွဲတွင် အိုင်အင်န်စီမှ လော့ဆာဘ၏ အမတ်နေရာ အများစုကို ရွေးကောက်ခြင်းခံရပြီး ညီညွတ်သော တိုးတက်ရေး မဟာမိတ်များ (United Progressive Alliance (UPA)) ဟု အမည်ရသည့် ညွန့်ပေါင်းအဖွဲ့ဖြင့် အစိုးရတစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ပြီး လက်ဝဲဝါဒသို့ယိမ်းသော ပါတီများနှင့် ဘီဂျေပီကို ဆန့်ကျင်သူများက ထောက်ခံအားပေးခဲ့သည်။

နိုင်ငံခြားဆက်ဆံရေးနှင့် စစ်ရေးကိစ္စများ[ပြင်​ဆင်​ရန်​]

Sukhoi-30 MKI သည် အိန္ဒိယ လေတပ်မတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

၁၉၄၇ ခုနှစ် လွတ်လပ်ရေးရသည့် အချိန်မှစ၍ အိန္ဒိယသည် နိုင်ငံအတော်များများနှင့် နွေးထွေးသော ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ်များတွင် အိန္ဒိယနိုင်ငံသည် အာဖရိက နှင့် အာရှ ရှိ ဥရောပ ကိုလိုနီနိုင်ငံတို့၏ လွတ်လပ်ရေးအတွက် တိုက်တွန်းကြိုးပမ်းရာတွင် ဦးဆောင်ဦးရွက်ပြုခဲ့သည်။ အိန္ဒိယသည် အိမ်နီးချင်းနိုင်ငံများအား စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုတွင် ၂ ကြိမ်မျှပါဝင်ခဲ့သည်။ ပထမအကြိမ်မှာ သီရိလင်္ကာနိုင်ငံသို့ အိန္ဒိယငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်များ ဝင်ရောက်ခြင်းဖြစ်ပြီး ဒုတိယအကြိမ်မှာ Operation Cactus ဖြင့် မော်လဒိုက်နိုင်ငံသို့ ဝင်ရောက်ခြင်းဖြစ်သည်။ အိန္ဒိယသည် ဓနသဟာယ နိုင်ငံများအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ဘက်မလိုက်လှုပ်ရှားမှု ကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သော အသင်းဝင်နိုင်ငံလည်း ဖြစ်သည်။ ၁၉၆၅ ခုနှစ် တရုတ်-အိန္ဒိယစစ်ပွဲ နှင့် အိန္ဒိယ-ပါကစ္စတန် စစ်ပွဲအပြီးတွင် ဆိုဗီယက်ပြည်ထောင်စုနှင့် ဆက်ဆံရေး ကောင်းမွန်တိုးတက်လာခဲ့ပြီး အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး ပျက်ပြားခဲ့သည်မှာ စစ်အေးတိုက်ပွဲ ပြီးသည့် အချိန်အထိပင်ဖြစ်သည်။ အိန္ဒိယသည် ပါကစ္စတန်နှင့် သုံးကြိမ်စစ်ဖြစ်ခဲ့ပြီး အဓိကအားဖြင့် ကက်ရှ်မီးယား ပြသနာကြောင့်ဖြစ်သည်။ နိုင်ငံ ၂ နိုင်ငံတို့ကြားတွင် တိုက်ပွဲအသေးစားလေးများလည်း ထပ်မံဖြစ်ပွားခဲ့ပြီး အထူးသဖြင့် ၁၉၈၄ ခုနှစ် ရှာချန် ရေခဲမြစ်(Siachen Glacier) ပြသနာ ကြောင့်ဖြစ်သည့်တိုက်ပွဲ နှင့် ၁၉၉၉ခုနှစ် ကာဂေး(Kargil) ပြသနာ ကြောင့်ဖြစ်သည့် တိုက်ပွဲတို့ဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း အိန္ဒိယနှင့် အမေရိကန်တို့၏ ဆက်ဆံရေးမှာ တိုးတက် လာခဲ့သည်။ ပုံမှာ အိန္ဒိယ ဝန်ကြီးချုပ် မာမိုဟမ်ဆင်း နှင့် အမေရိကန် သမ္မတ ဂျော့ရှ် ဒဗလျူ ဘုရှ် တို့ ၂၀၀၆ ခုနှစ် မတ်လ တွင် လက်ဆွဲနှုတ်ဆက် နေကြပုံဖြစ်သည်။

လတ်တလောနှစ်များတွင် အိန္ဒိယသည် အာဆီယံ၊ တောင်အာရှနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအသင်း နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တို့တွင် ဩဇာရှိသော နိုင်ငံတစ်ခုဖြစ်လာခဲ့သည်။ အိန္ဒိယသည် ကုလသမ္မဂ္ဂ ကိုစတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နှစ်ကာလကြာရှည်စွာ အထောက်အကူပေးခဲ့သော နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ အိန္ဒိယမှ ရဲတပ်ဖွဲ့ဝင်နှင့် စစ်သား ၅၅၀၀၀ ကျော်တို့သည် တိုက်ကြီး ၄ တိုက်တွင် ဖြန့်ကျက်လျှက်ရှိသော ကုလသမ္မဂ္ဂ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး အစီအစဉ် ၃၅ ခုတွင် တာဝန်ထမ်းဆောင်လျှက်ရှိသည်။ ဝေဖန်မှုနှင့် စစ်ရေးအရပိတ်ဆို့မှုများရှိသော်လည်း အိန္ဒိယသည် နျူးကလီးယား စမ်းသပ်မှု တားမြစ်ခြင်း သဘောတူညီချက်နှင့် နျူးကလီးယား မပြန့်ပွားရေး သဘောတူညီချက်တို့ကို လက်မှတ်ရေးထိုးရန် တစိုက်မတ်မတ် ငြင်းဆန်ခဲ့သည်။ နျူးကလီးယားဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အပေါ်တွင် ပို၍ အလေးပေးခဲ့သည်။ ယခုလတ်တလော အိန္ဒိယအစိုးရ၏ အစပျိုး ဆောင်ရွက်မှုများကြောင့် အမေရိကန်ပြည်ထောင်စုတရုတ်နိုင်ငံ၊ ပါကစ္စတန် တို့နှင့် ဆက်ဆံရေး ပိုမိုခိုင်မာတောင့်တင်းလာခဲ့သည်။ စီးပွားရေးနယ်ပယ်တွင်မူ အိန္ဒိယသည် တောင်အမေရိကအာရှ နှင့် အာဖရိကရှိ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် နီးစပ်သော ဆက်ဆံရေးရှိသည်။

အိန္ဒိယနိုင်ငံတွင် ကြည်းတပ်၊ရေတပ် နှင့် လေတပ်တို့ပါဝင်သော ကမ္ဘာပေါ်တွင် တတိယမြောက်အကြီးဆုံး စစ်တပ်ရှိသည်။ အရန်အင်အားစုများဖြစ်သော အရန်စစ်တပ်၊ ကမ်းခြေစောင့်တပ် နှင့် မဟာဗျူဟာကွပ်ကဲရေးတပ် တို့သည်လည်း စစ်တပ်၏ အုပ်ချုပ်မှုအောက်တွင်ရှိသည်။ အိန္ဒိယနိုင်ငံသမ္မတ သည် အိန္ဒိယစစ်တပ်များ၏ ဦးစီးချုပ်ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ပြုံးနေသော ဗုဒ္ဓ စစ်ဆင်ရေး (Operation Smiling Buddha) ဟု ခေါ်သော ၁၉၇၄ ခုနှစ် ပဏာမနျူးကလီးယား စမ်းသပ်မှု အပြီးတွင် နျူးကလီးယား အင်အားရှိသော နိုင်ငံဖြစ်လာခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ထပ်မံပြုလုပ်သော မြေအောက် နျူးကလီးယား စမ်းသပ်မှုများကြောင့် နိုင်ငံတကာမှ အိန္ဒိယနိုင်ငံအား စစ်ရေးအရပိတ်ဆို့ အရေးယူခဲ့ပြီး ၂၀၀၁ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းတွင်မှ တဖြည်းဖြည်းချင်း ပြန်လည်ရုတ်သိမ်းခဲ့သည်။ အိန္ဒိယသည် နျူးကလီးယားလက်နက်ကို မိမိမှ စတင်၍ အသုံးမပြု ဆိုသည့် ပေါ်လစီကို ကျင့်သုံးသည်။ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၁၀ရက်တွင် အိန္ဒိယ-အမေရိကန် ပြည်သူ့ နျူးကလီးယား သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုစာချုပ် မတိုင်မီတွင် အိန္ဒိယသည် အိုင်အေအီးအေ နှင့် နျူးလကီးယား ပစ္စည်း ပံ့ပိုးရောင်းချရေး အဖွဲ့ (NSG) တို့မှ ကင်းလွတ်ခွင့်ရရှိခဲ့ပြီး နျူးကလီးယားကြောင့် သီးသန့်ဖြစ်နေမှု ကို ပြီးဆုံးစေခဲ့သည်။

ပြည်နယ်များ[ပြင်​ဆင်​ရန်​]

အိန္ဒိယနိုင်ငံပြည်နယ်များမြေပုံ

အိန္ဒိယနိုင်ငံတွင် ပြည်နယ် ၂၈ ခုနှင့် ပြည်ထောင်စု နယ်မြေ ၇ ခု ရှိသည်။[၉] ပြည်နယ်အားလုံးနှင့် ပြည်ထောင်စုနယ်မြေ ၂ ခု ဖြစ်ကြသော ပူဒုချယ်ရီ နှင့် ဒေလီအမျိုးသားမြို့တော်နယ်မြေတို့တွင် ရွေးကောက်တင်မြှောက်ထားသော လွှတ်တော် ရှိပြီး အစိုးရမှာ ဝက်မင်စတာ ပုံစံဖြင့် ဖွဲ့စည်းထားသည်။ အခြားသော ပြည်ထောင်စု နယ်မြေ ၅ ခုမှာ ဗဟိုမှ အုပ်ချုပ်ရေးမှူးများ ခန့်အပ်၍ တိုက်ရိုက် အုပ်ချုပ်သည်။ ၁၉၅၆ ခုနှစ် ပြည်နယ်များ ပြန်လည်စီမံရေး ဥပဒေ အရ ပြည်နယ်များကို ပြောဆိုသည့် ဘာသာစကားပေါ်တွင် မူတည်၍ တည်ထောင်ခဲ့သည်။[၁၀]

ပထဝီနှင့် ရာသီဥတု[ပြင်​ဆင်​ရန်​]

စီးပွါးရေး[ပြင်​ဆင်​ရန်​]

လူဦးရေနှင့်ပျံ့နှံ့နေထိုင်မှု[ပြင်​ဆင်​ရန်​]

အိန္ဒိယနိုင်ငံသည် ၂၀၁၁ခုနှစ်စာရင်းများအရ လူဦးရေ ၁၂၁၀၁၉၃၄၂၂(၁.၂၁ဘီလီယံ)ရှိပြီး ကမ္ဘာပေါ်တွင် ဒုတိယလူဦးရေသိပ်သည်းသော နိုင်ငံဖြစ်သည်။ တရုတ်နိုင်ငံသည် လူဦးရေ ၁၃၅၀ဝ၄၄၆၀၅(၁.၃၅ဘီလီယံ)ဖြင့် ကမ္ဘာပေါ်တွင် လူဦးရေအသိပ်သည်းဆုံးဖြစ်သည်။ ကမ္ဘာ့လူဦးရေ၏ ၁၇.၃၁ရာခိုင်နှုန်းဖြစ်ပြီး ကမ္ဘာ့လူဦးရေ ၆ ဦးတွင် ၁ ဦးမှာ အိန္ဒိယတွင် နေထိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ လူဦးရေတိုးတက်မှုနှုန်းမှာ ၁.၅၈ ရာခိုင်နှုန်းဖြစ်ပြီး လာမည့် ၂၀၃၀ခုနှစ် နှစ်ကုန်တွင် လူဦးရေ ၁.၅၃ ဘီလီယံရှိမည်ဟု ကြိုတင်ခန့်မှန်းထားကြသည်။

စုစုပေါင်းလူဦးရေ၏ ၆၂၃၇၀ဝ၀ဝ၀(၆၂၃.၇သန်း)မှာ ယောင်္ကျားဦးရေဖြစ်ပြီး ၅၈၆၅၀ဝ၀ဝ၀(၅၈၆.၅သန်း)မှာ အမျိုးသမီးဦးရေဖြစ်သည်။ ကျား/မ အချိုးမှာ ယောင်္ကျားဦးရေ ၁၀ဝ၀လျှင် မိန်းမ ၉၄၀ ဦးဖြစ်သည်။ ယောင်္ကျားများ၏ပျှမ်းမျှသက်တမ်းမှာ (၆၅.၇၇)နှစ်နှင့် မိန်းမများ၏ပျှမ်းမျှသက်တမ်းမှာ (၆၇.၉၅)နှစ်ခန့်ဖြစ်သည်။ ပျမ်းမျှသက်တမ်းမှာ ၆၆.၈ နှစ်သည်။လူဦးရေ သိပ်သည်းမှုအနေဖြင့် ပျှမ်းမျှအားဖြင့် တစ်စတုရန်းကီလိုမီတာတွင်(၃၈၂)ယောက်ဖြစ်သည်။

စာတတ်မြောက်မှုနှုန်းမှာ ကျား ၈၂.၁၄ ရာခိုင်နှုန်းဖြစ်ပြီး မ ၆၅.၄၆ ရာခိုင်နှုန်းဖြစ်ကာ ပျမ်းမျှအားဖြင့် ၇၄.ဝ၄ ရာခိုင်နှုန်းဖြစ်သည်။

လက်ရှိလူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်မှာ အသက် ၂၅ နှစ်အောက်များဖြစ်ပြီး ၆၅ ရာခိုင်နှုန်းကျော်မှာ အသက် ၃၅ နှစ်အောက်များဖြစ်သည်။ လူဦးရေ၏ ၇၂.၂ ရာခိုင်နှုန်းမှာ ကျေးရွာပေါင်း ၆၃၈၀ဝ၀ ရှိသည့် ကျေးလက်ဒေသများတွင်နေထိုင်ကြပြီး ၂၇.၈ ရာခိုင်နှုန်းမှာ မြို့ပေါင်း ၅၄၈၀ ရှိသည့် မြို့ပြဒေသများတွင် နေထိုင်ကြသည်။ မွေးဖွားနှုန်းမှာ ၂၀ဝ၉ခုနှစ်စာရင်းများအရ လူတစ်ထောင်လျှင် ၂၂.၂၂ ဦးဖြစ်ပြီး သေဆုံးမှုနှုန်းမှာ လူတစ်ထောင်လျှင် ၆.၄ ဦးဖြစ်သည်။[၁၁]

အယူဘာသာများ[ပြင်​ဆင်​ရန်​]

လူမျိုးစုံနေထိုင်လျှက်ရှိသော အိန္ဒိယနိုင်ငံတွင် ကိုးကွယ်မှုဘာသာပေါင်းမျိုးစုံရှိသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဘာသာရေးကို လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသော်လည်း အများစုမှာ ဟိန္ဒူဘာသာ ကိုးကွယ်ကြသည်။ ၂၀၀၁ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုအရ ဟိန္ဒူ ၈၂၇၅၇၈၈၆၈ ဦး (၈၀.၅ %) ၊ မွတ်ဆလင် ၁၃၈၁၈၈၂၄၀ (၁၃.၄ %)၊ ခရစ်ယာန် ၂၄၀၈၀ဝ၁၆ (၂.၃ %)၊ ဆစ်ခ် ၁၉၂၁၅၇၃၀ (၁.၉ %)၊ ဗုဒ္ဓဘာသာ ၇၉၅၅၂၀၇ (ဝ.၈ %)၊ ဂျိန်း ၄၂၂၅၀၅၃ (ဝ.၄ %)၊ အခြားဘာသာအယူဝါဒများ ၆၆၃၉၆၂၆ (ဝ.၆ %) နှင့် ဘာသာအယူဝါဒမရှိ ၇၂၇၅၈၈ (ဝ.၁ %) တို့ဖြစ်သည်။[၁၂]

အိန္ဒိယနိုင်ငံ၏ ကိုးကွယ်မှုဘာသာများပြပုံ

ယဉ်ကျေးမှု[ပြင်​ဆင်​ရန်​]

အားကစား[ပြင်​ဆင်​ရန်​]

အယူဝါဒကြီးသုံးရပ် ထွန်းကားခဲ့သောနိုင်ငံ အိန္ဒိယနိုင်ငံသည် ဟိန္ဒူအယူဝါဒ၊ ဗုဒ္ဓအယူဝါနှင့် အစ္စလာမ် အယူဝါဒတို့ထွန်းကားခဲ့ရာ နိုင်ငံဖြစ်သည်။ လူမျိုးအလိုက်၊ ဒေသအလိုက်ပြောဆိုကြသည့် ဘာသာစကားတို့မှာလည်း များပြားလှသည်ကို တွေ့ရသည်။ ကမ္ဘာ့လူဦးရေ ဒုတိယ အများဆုံးနိုင်ငံဖြစ်ပြီးလျှင် သယံဇာတပစ္စည်းပေါကြွယ်လှသော နိုင်ငံလည်းဖြစ်လေသည်။

အိန္ဒိယပြည်ထောင်စုသမ္မတနိုင်ငံ[ပြင်​ဆင်​ရန်​]

ခရစ် ၁၉၅ဝ ပြည့်နှစ်မှ စ၍ အိန္ဒိယပြည်ထောင်စုသမ္မတနိုင်ငံအဖြစ် ကမ္ဘာ့အလယ်၌ ခန့်ညားစွာ ရပ်တည်ခဲ့သော နိုင်ငံကြီးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှလွဲလျှင် အာရှတိုက်၌ ဒုတိယအကြီးဆုံးဖြစ်၍ ကမ္ဘာတွင်မူ သတ္တမအကြီးဆုံးဖြစ်သည်။ ယခင်က ဗြိတိသျှ အိန္ဒိယ ဟုခေါ်တွင်ခဲ့သော တိုင်းပြည်ကြီးကို ၁၉၄၇ ခုနှစ်၊ ဩ ဂုတ်လ ၁၅ ရက်နေ့တွင် ဗြိတိသျှအစိုးရက လက်လွှတ်ပြီးလျှင် အိန္ဒိယနှင့် ပါကစ္စတန်ဟူ၍ ဒိုမီနီယံနိုင်ငံနှစ်ခုအဖြစ် ခွဲခြား ပေးလိုက်သည်။ ၁၉၅ဝ ပြည့်နှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဒိုမီနီယံနိုင်ငံအဖြစ်မှ အချုပ်အချာအာဏာပိုင် ပြည်ထောင်စု သမ္မတနိုင်ငံအဖြစ် အုပ်ချုပ်ရေးစနစ် ပြောင်းလိုက်သော ထိုပြည် ထောင်စုကြီးအတွင်း ကိုယ်ပိုင်အုပ်ချုပ်ရေးရှိသော ပြည်နယ် ပေါင်း ၂၂ ခုနှင့် ဗဟိုအစိုးရ တိုက်ရိုက်အုပ်ချုပ်ရသော ပြည်ထောင်စုနယ်ပယ် ကိုးခု ပါဝင်သည်။ ကုန်းမကြီးမှအပ ဖြစ်သော ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ကပ္ပလီကျွန်းနှင့် နီကိုဗာကျွန်း၊ အာရေဗျပင်လယ်အတွင်းရှိ လက်ကဒိုက်ကျွန်း၊ မင်နီကွိုင်ကျွန်း၊ အမင်ဒီဗီကျွန်း စသည်တို့သည်လည်း အိန္ဒိယ ပြည်ထောင်စုအတွင်း၌ ပါဝင်ကြလေသည်။

အိန္ဒိယဟူသော အမည်သည် အင်းဒီးယားကို မြန်မာ့ အသံဖြင့် ခေါ်ဝေါ်ထားခြင်းဖြစ်သည်။ အိန္ဒိယ (အင်းဒီးယား) ဟူသောအမည်သည် ရှေးအခါကတည်းက ခေါ်ဝေါ်လာခဲ့သော အမည်မဟုတ်ချေ။ ရှေးဟိန္ဒူနှင့် မွတ်စလင်စာပေတို့၌လည်း အိန္ဒိယဟူသောအမည်ဖြင့် ခေါ်ဝေါ်သုံးနှုန်းထားသည်ကို မတွေ့ရ ပေ။ ဟိန္ဒူမင်းများ ဘုန်းမီးနေလထွန်းပသောခေတ်က ဘာရတ် နိုင်ငံဟူ၍သာ ခေါ်ဝေါ်သုံးနှုန်းခဲ့လေသည်။ အာရိယန်လူမျိုးတို့ သည် အိန္ဒိယနိုင်ငံတွင်းသို့ အနောက်မြောက်ဘက်မှ ဝင်ရောက် လာကြသောအခါ မြစ်ကြီးတစ်မြစ်ကို တွေ့ရှိရသဖြင့် ထိုမြစ်ကြီး ကို ဆင်းဒူဟု ခေါ်ဆိုခဲ့ကြသည်။ ယခု ပါကစ္စတန်နိုင်ငံအတွင်း ရှိ သိန္ဒု (ဆင်း) ပြည်နယ်သည် ထိုအမည်ဖြင့် ခေါ်တွင်နေဆဲ ဖြစ်သည်။ ဂရိနှင့်ပါးရှင်းလူမျိုးများ ဝင်ရောက်လာသောအခါ ယခု ပန်ဂျပ်ပြည်နယ်နှင့် အင်ဒို-ဂင်္ဂါလွင်ပြင် အထက်ပိုင်း (ဟိန္ဒူစတန်)ကို အိန္ဒိယဟု ခေါ်ဝေါ်သုံးနှုန်းကြသည်။ ဥရောပ နိုင်ငံသားများ လမ်းပေါက်လာသောအခါတွင်မူ နောင်ဗြိတိသျှ အိန္ဒိယဟု ခေါ်တွင်လာမည့် တိုင်းပြည်ကြီးတစ်ခုလုံးကို အိန္ဒိယ ဟု အမည်တပ်ခဲ့လေသည်။ ထို့ကြောင့် အိန္ဒိယ (အင်ဒီးယား) ဟူသောအမည်သည် ဥရောပနိုင်ငံသားများက ကင်ပွန်းတပ်ပေးခဲ့ သော အမည်ဖြစ်လေသည်။

တည်နေရာ[ပြင်​ဆင်​ရန်​]

အာရှတိုက်မှ တောင်ဘက်သို့ထိုးထွက်နေသော ကျွန်း ဆွယ်ကြီးသုံးခုအနက် ဗြိတိသျှအိန္ဒိယသည် အလယ်ကျွန်းဆွယ် ကြီး၏ ကြီးမားလှသောအစိတ်အပိုင်းဖြစ်သည်။ မြောက်ဘက် ပိုင်းရှိ ဟိမဝန္တာတောင်တန်းကြီးက အခြားနိုင်ငံများနှင့် သီးသန့် ပိုင်းခြားထားခြင်း၊ တိုင်းပြည်၏ ကျယ်ဝန်းကြီးမားခြင်း၊ အမြဲ တစေ ရေခဲ၍ ချမ်းအေးလှသောဒေသ၊ အမြဲပူပြင်းခြောက်သွေ့ သောဒေသ၊ မိုးများသောဒေသ၊ မိုးပါးသောဒေသ စသည်ဖြင့် ရာသီဥတုအထွေထွေရှိခြင်း၊ လူမျိုးအစုံစုံ၊ ဘာသာအယူဝါဒ အဖုံဖုံရှိခြင်းကြောင့် ဒဒတိုက်ကလေးဒဒ တစ်တိုက်သဖွယ် မှတ် ယူရပေသည်။ အိန္ဒိယနှင့် ပါကစ္စတန်ဟူ၍ နှစ်နိုင်ငံပိုင်းခြား လိုက်ပြီးသည့်နောက်တွင်ပင် အိန္ဒိယပြည်ထောင်စုသမ္မတနိုင်ငံ သည် ကမ္ဘာ၌ သတ္တမအကြီးဆုံးနိုင်ငံကြီး ဖြစ်နေပေသေးသည်။ ဆီးနှင်းရေခဲများ မပြတ်ဖုံးလွှမ်းသော တောင်စဉ်တောင် ထွတ် အများအပြားပါဝင်သည့် ဟိမဝန္တာတောင်တန်းဒေသ၏ တစ်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကြီးရှိ၍ နီပေါနိုင်ငံ နှင့် အိန္ဒိယအစိုးရ၏ အစောင့်အရှောက်ခံ ဘူတန်ပြည်နယ်နှင့် အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်လာသော ဆစ်ကင်းပြည်နယ် နှစ်ခုတို့သည် ဟိမဝန္တာတောင်တန်းဒေသ၌ ပါဝင်သည်။ အရှေ့ ဘက်ရှိ တောင်စဉ်တောင်တန်းတို့သည် အိန္ဒိယနိုင်ငံနှင့် မြန်မာ နိုင်ငံကို ပိုင်းခြားထားသည်။ အရှေ့မြောက်ဘက်၌ ဘင်္ဂလား ဒေ့ရှ်နိုင်ငံရှိသည်။ အနောက်မြောက်ဘက်တွင် ပါကစ္စတန်နိုင်ငံ ရှိသည်။ တောင်ဘက်တွင် မန္နားပင်လယ်ကွေ့နှင့် ပေါ့ရေလက် ကြားတို့သည် အိန္ဒိယနှင့် သီဟိုဠ်ကျွန်း (သီရိလင်္ကာ) ကို ပိုင်း ခြားထားသည်။

အကျယ်အဝန်းနှင့်လူဦးရေ[ပြင်​ဆင်​ရန်​]

အိန္ဒိယပြည်ထောင်စုနိုင်ငံသည် မြောက်မှတောင်သို့ အလျားမိုင် ၂,ဝဝဝ ခန့် (မြောက်လတ္တီတွဒ် ၈ံ ၄ဒ မှ ၃၇ံ ၆ဒ အတွင်း) ရှိပြီးလျှင် အရှေ့မှအနောက်သို့ မိုင် ၁ယ၇ဝဝ (အရှေ့လောင်ဂျီတွဒ် ၆၈ံ ၇ဒ မှ ၉၇ံ ၂၅ဒ အထိ) ကျယ်ပြန့်၍ ပြည်ထောင်စုတစ်ခုလုံး၏ အကျယ်အဝန်းပမာဏသည် စတုရန်း မိုင်ပေါင်း ၁,၂၆၆ယ၂၁ဝ ဖြစ်သည်။ ကုန်းမြေနယ်နိမိတ်ကြောင်း အလျားသည် ၉,၄၂၅ မိုင်ဖြစ်၍ ကမ်းရိုးတန်းသည် ၃,၅၃၅ မိုင် ရှည်လျားသည်။ ၁၉၇၁ ခု သန်းခေါင်စာရင်းအရ အိန္ဒိယနိုင်ငံ၏ လူဦး ရေသည် ၅၄၇,၉၄၉,၈ဝ၉ ယောက်ဖြစ်ရာ ကမ္ဘာပေါ်၌ လူဦးရေ ဒုတိယအထူထပ်ဆုံးနိုင်ငံ ဖြစ်သည်။

ထို့ပြင် ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံပေါင်းများစွာတို့၌ အိန္ဒိယအမျိုးသားတို့ အသက်မွေးဝမ်းကျောင်းလျက်ရှိရာ အထူး သဖြင့် သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ)နှင့် မြန်မာနိုင်ငံတို့၌ အများဆုံးတွေ့ရသည်။ လူဦးရေများပြားသလောက် လူမျိုးလည်း အထွေထွေဖြစ်သည်။ ယင်းလူမျိုးအထွေထွေတို့၏ မူလဘူတကို လိုက်၍ ခွဲခြားလိုက်လျှင် အိန္ဒိယနိုင်ငံ၏ ရှေးအကျဆုံး တိုင်း ရင်းသားလူမျိုးဟု ဆိုရသော ဒြာဗီးဒီးယန်းလူမျိုးမှ ဆင်းသက် ဆက်နွယ်လာသည့်အုပ်စု၊ (အိန္ဒိယအလယ်ပိုင်းနှင့် အနောက် ပိုင်းဒေသများ၌ တွေ့ရသော ဗီးလနှင့် ဂွန်းလူမျိုးများ၊ အိန္ဒိယ တောင်ပိုင်းမှ တမီလူမျိုးများ။) အနောက်မြောက်ဘက် တောင် ကြားလမ်းများအားဖြင့် အိန္ဒိယနိုင်ငံတွင်းသို့ တစ်သုတ်ပြီးတစ် သုတ် ဝင်ရောက်လာပြီးလျှင် ဒြာဗီးဒီးယန်းလူမျိုးများအား အိန္ဒုမြစ်ဝှမ်းဒေသမှ တိုက်ခိုက်မောင်းထုတ်၍ ထိုဒေသတစ်ဝိုက် ၌ နေထိုင်လွှမ်းမိုးခဲ့သော အာရိယန်လူမျိုးများ၏ အဆက် အနွယ်အုပ်စု၊ (ရာဇပုတ္တလူမျိုးတို့သည် ထိုအုပ်စုဝင်ဖြစ်သည်။) ဒြာဗီးဒီးယန်းနှင့် အာရိယန်အုပ်စုတို့ အရောအနှောရှိ၍ ယင်းတို့ မှ ဆက်နွယ်ပေါက်ဖွားလာသော ဟိန္ဒူ အုပ်စု၊ (ထိုအုပ်စုသည် လူဦးရေလည်းအများဆုံး အုပ်စုဝင် လူမျိုးအရေအတွက်လည်း အများဆုံးဖြစ်သည်။) ခုနစ် ရာစုနှစ်မှစ၍ အိန္ဒိယနိုင်ငံအတွင်း သို့ အဆက်မပြတ်ဝင်ရောက်လာသော မွတ်စလင် အုပ်စုဝင် များ၊ အရှေ့မြောက်ပိုင်းဒေသနှင့် ဟိမဝန္တာတောင်တန်းဒေသ၏ နယ်စပ်များ၌ တွေ့ရှိရသော မွန်ဂိုနှင့် တိဗက်အုပ်စုဝင်များဟူ၍ ငါးစုပိုင်းခြားနိုင်သည်။

ဒြာဗီးဒီးယန်း အုပ်စုဝင်တို့သည် အရပ်ပု၍ အသားမဲ သည်။ ဆံပင်ကောက်သည်။ နှာခေါင်းပွသည်။ ရာဇပုတ္တ လူမျိုးတို့ကဲ့သို့ အာရိယန်အနွယ်ဝင်တို့သည် အရပ်အမောင်း ရှည်သွယ်သည်။ ရုပ်ဆင်းအင်္ဂါ ချောမောသည်။ ဟိန္ဒူအုပ်စုဝင် တို့သည် ဆိုခဲ့သောအုပ်စုကြီးနှစ်စု၏ ကြားဖြစ်လေသည်။ ထွေပြားစုံလင်သော လူမျိုးအလိုက်နှင့် ဒေသအလိုက် ပြောဆိုကြသည့် ဘာသာစကားတို့မှာ ၁၉၆၁ ခုနှစ် သန်းခေါင် စာရင်းအရ ၁၆၅၂ မျိုးဖြစ်ကြောင်းတွေ့ရသည်။ အဓိကအားဖြင့် ပင်မဘာသာ စကားကြီးနှစ်မျိုးမှ အခက်အလက်များ ဝေဖြာ ထွက်ခြင်းဖြစ်ရာ ထိုအဓိကဘာသာစကားကြီး နှစ်မျိုးတို့မှာ အင်ဒို-အာရိယန်ခေါ် မြောက်ပိုင်းဘာသာစကားနှင့် ဒြာဗီးဒီး ယန်းခေါ် တောင်ပိုင်းဘာသာစကားတို့ ဖြစ်သည်။ အင်ဒို-အာရိ ယန် ဘာသာစကားမှ ဆင်းသက်ဆက်နွယ်လာသော ဘာသာ စကားတို့အနက် အရေးပါသော ဘာသာစကားတို့မှာ ဟင်ဒီ (လူဦးရေ ၄၆ ရာခိုင်နှုန်း၏ ဘာသာစကား)၊ အူရဒူ၊ ဟိန္ဒူ စတန်နီ၊ ပန်ဂျာဗီ၊ ဗင်္ဂါလီ၊ မာရသီ၊ ဂူဂျာရတ်တီတို့ဖြစ်ကြ သည်။ ဒြာဗီးဒီးယန်းပင်မကြီးမှ ခွဲထွက်လာခဲ့သော ဘာသာ စကားများအနက် တယ်လဂူ (လူဦးရေ ၁ဝ ရာခိုင်နှုန်း၏ ဘာ သာစကား)၊ တမီ၊ ကန္နန္နာ၊ မာလယာလမ်တို့သည် အရေးပါကြ သည်။ ယင်းသို့ ဘာသာစကားအမျိုးမျိုး အပြားပြားဖြစ်နေ သဖြင့် ဆက်ဆံရေးလွယ်ကူစေရန် လွတ်လပ်ပြီးသည့်နောက်ပိုင်း ၌ပင် အင်္ဂလိပ်ဘာသာကို ရုံးသုံးပြုလုပ်ထားခဲ့ရသည်။ သို့သော် ၁၉၆၅ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှအစပြု၍ ဟင်ဒီ ဘာသာကို ရုံးသုံးပြုလုပ်ထားခဲ့လေသည်။

အိန္ဒိယနိုင်ငံတွင် အယူဝါဒကြီးသုံးရပ် ထွန်းကားခဲ့ သည်။ ဟိန္ဒူ (ဗြဟ္မဏ) အယူဝါဒ၊ ဗုဒ္ဓအယူဝါဒ နှင့် အစ္စလာမ် အယူဝါဒတို့ဖြစ်သည်။ ယခုအခါတွင်မူ ဟိန္ဒူအယူဝါဒသည် လူဦးရေ ၈၅ ရာခိုင်နှုန်း ခံယူကိုးကွယ်သော အယူဝါဒကြီး ဖြစ်နေ၍ အစ္စလာမ်အယူဝါဒီများသည် ၁ဝ ရာခိုင်နှုန်းခန့်မျှ သာရှိသည်။ ဗုဒ္ဓဝါဒီများမှာ နိုင်ငံ၏လူဦးရေနှင့် နှိုင်းစာသော် အလွန်နည်းပါးလှသည်။ နိုင်ငံလူထု ကိုးကွယ်ကြသော အခြား အယူဝါဒတို့မှာ ခရစ်ယာန် (၂၏၃၅ ရာခိုင်နှုန်း)၊ ဆစ် (၁၏၇၄ ရာခိုင်နှုန်း)၊ ဂျိန်း၊ ပါရစီ၊ ယဟူဒီ စသည်တို့ဖြစ်ကြလေသည်။

မြေမျက်နှာသွင်ပြင်[ပြင်​ဆင်​ရန်​]

အိန္ဒိယနိုင်ငံ၏ မြေမျက်နှာသွင်ပြင်ကို သဘာဝအား ဖြင့်သုံးပိုင်းပိုင်းခြားနိုင်သည်။ ယင်းတို့မှာ (၁)ဟိမဝန္တာတောင် တန်းဒေသ၊ (၂)အိန္ဒု-ဂင်္ဂါလွင်ပြင်ဒေသ၊ (၃)တောင်ပိုင်းကျွန်း ဆွယ်ဟူ၍ဖြစ်သည်။ ဟိမဝန္တာတောင်တန်းဒေသတွင် တောင်စဉ်တောင်တန်း သုံးခု ယှဉ်ပြိုင်ပါဝင်၍ ကုန်းပြင်မြင့်ကြီးများနှင့် တောင်ကြား ချိုင့်ဝှမ်းများလည်းရှိရာ ကသ္မီရနှင့် ကူလူတောင်ကြားဒေသကဲ့ သို့သော အချို့ တောင်ကြားချိုင့်ဝှမ်းကြီးများသည် ကျယ်ပြန့်၍ မြေဩဇာ ထက်သန်ကောင်းမွန်ကြပြီးလျှင် အလွန်သာယာလှပ သော ရှုခင်းရှုကွက်များလည်း ပေါများလှပေသည်။ ကမ္ဘာပေါ်၌ အမြင့်ဆုုံးတောင်ထွတ်များဖြစ်ကြသော ဧဝရက်တောင် (၂၉ဝ၂၈ ပေ)၊ ကန်ချန်ဂျန်ဂါတောင် (၂၈၁၄၆ ပေ)၊ ဒေါ်လာဂီရိတောင် (၂၆၈၂၆ ပေ) နှင့် နန္ဒာဒေဝီတောင် (၂၅၆၆၁ ပေ) တို့ကို ထိုတောင်တန်းဒေသ၌ တွေ့ရသည်။ မြင့်မားသော တောင်စဉ် တောင်တန်းများဒေသဖြစ်သဖြင့် ထိုအပိုင်းတွင် တောင်ကြား လမ်း အနည်းငယ်ကိုသာ တွေ့ရသည်။ ယင်းတို့အနက် ဂျီလက် လာနှင့် နတူးလာတောင်ကြားလမ်းတို့သည် ထင်ရှားလေသည်။

နံရံတံတိုင်းကြီးသဖွယ် ဝိုက်ပတ်ကာဆီးလျက်ရှိသော တောင်တန်းဒေသ၏ အလျားသည် မိုင် ၁ယ၅ဝဝ ခန့်ရှိ၍ အ့န အားဖြင့် မိုင် ၁၅ဝမှ ၂ဝဝ အထိ ကျယ်ပြန့်သည်။ အရှေ့ဘက် ၌ အိန္ဒိယနှင့် မြန်မာနိုင်ငံ အကြားတွင်လည်းကောင်း၊ အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ် အကြားတွင်လည်းကောင်း တောင်နံရံကြီး သည် အတော်ပင်နိမ့်ဆင်းသွားသည်။ ဂါရို၊ ခါဆီ၊ ဂျိန်တီယာ နှင့် နာဂတောင်တန်းတို့သည် အရှေ့အနောက် သွယ်တန်းလျက် ရှိရာ တောင်နှင့်မြောက် သွယ်တန်းလျက်ရှိသော လူရှိုင်းတောင် တန်းနှင့် ရခိုင်ရိုးမတို့ကို ဆက်စပ်ပေးလေသည်။

အိန္ဒု-ဂင်္ဂါလွင်ပြင်ကြီးသည် အိန္ဒိယမြောက်ဘက်ပိုင်း တစ်ခုလုံးလောက်ပင်ဖြစ်၍ ယင်းကို ဟိန္ဒူစတန်လွင်ပြင်ဟု လည်းခေါ်သည်။ အိန္ဒု၊ ဂင်္ဂါ၊ ဗြဟ္မပုတ္တရမြစ်ကြီးများနှင့် ယင်း တို့၏လက်တက်များ စီးဆင်းရာဒေသဖြစ်သည်။ အာရေဗျ ပင်လယ်မှသည် ဘင်္ဂလားပင်လယ်အော်အထိ ကျယ်ပြန့်၍ မိုင် ၂ယဝဝဝ ခန့် အလျားရှိပြီးလျှင် မိုင် ၁၅ဝ မှ ၂ဝဝ ခန့်မျှ ကျယ်ပြန့်သည်။

ယင်းသည် ကမ္ဘာပေါ်၌ အကျယ်ပြန့်ဆုံးသော နုန်း တင်မြေနုလွင်ပြင်ကြီး ဖြစ်ပြီးလျှင်လူဦးရေ အထူထပ်ဆုံးအပိုင်း လည်းဖြစ်သည်။ ဂင်္ဂါမြစ်နှင့် မြစ်လက်တက်များဖြစ်ကြသော ယမုနာ၊ ဂုမ္မတိ၊ ဆုန်း၊ ဂိုဂရာ၊ ဂန်ဒတ်နှင့် ကိုစီမြစ်တို့၏ မြစ် ဝှမ်းများ၊ အရှေ့ဘက်စွန်းမှနေ၍ လွင်ပြင်ကြီးထဲသို့ ဝင်လာ သော ဗြဟ္မပုတ္တရမြစ်ဝှမ်း၊ အိန္ဒုမြစ်၏ လက်တက်များဖြစ်ကြ သော ရာဗီ၊ ဗီအပ်နှင့် ဆတ္တလက် မြစ်ကြီးသုံးသွယ်တို့၏ မြစ်ဝှမ်းများ ဆက်စပ်ဖြစ်ပေါ်သော လွင်ပြင်ဒေသကြီးဖြစ်၍ ဆို ခဲ့သောမြစ်များ ရေလျှံပြီးသည့်အခါ ကျန်ရစ်သော နုန်းမြေများ ကြောင့် မြေဩဇာ ထက်သန်ကောင်းမွန်သော ဒေသဖြစ်သဖြင့် စိုက်ပျိုးဖြစ်ထွန်းလှပေသည်။ လွင်ပြင်ကြီးတစ်ခုလုံးတွင် တောင် ကုန်းဟူ၍ မရှိသလောက်ရှားပြီးလျှင် မြေပြန့်မြေနိမ့်ဖြစ်သော ကြောင့် မြစ်တို့သည် နှေးကွေးစွာ စီးဆင်းကြသည်။

အိန္ဒု-ဂင်္ဂါလွင်ပြင်ကြီး၏ တောင်ဘက်ပိုင်းဖြစ်သော အိန္ဒိယကျွန်းဆွယ်သည် တစ်ခုလုံးလိုလို ကုန်းပြင်မြင့်ဖြစ်ရာ ဒက္ခိဏကုန်းပြင်မြင့်ဟုခေါ်သည်။ အင်ဒို-ဂင်္ဂါလွင်ပြင်နှင့် ဒက္ခိ ဏကုန်းပြင်မြင့်ကို ပေ ၁၅ဝဝ မှ ၄ဝဝဝ အထိ အနိမ့်အမြင့်ရှိ ကြသော တောင်ကုန်းတောင်တန်းများဖြင့် ပိုင်းခြားထားရာ ယင်းတို့အနက် အာရဝတီ၊ ဝိန္ဒိယ၊ ဆတ်ပူရ၊ မိုင်ကာလာနှင့် အဇန္တတောင်တန်းတို့သည် ထင်ရှားပေါ်လွင်ကြသည်။ ဒက္ခိဏ ကုန်းပြင်မြင့်၏ အနောက်ဘက်စွန်းသည်

အရှေ့ဘက်စွန်းထက် ပို၍မြင့်သည်။ ထိုကြောင့် ကျွန်းဆွယ်၏ မြေမျက်နှာပြင်သည် အနောက်မှအရှေ့သို့ နိမ့်လျောသွားသည်။ ဒက္ခိဏကုန်းပြင်မြင့်၏ အနောက်ဘက်စွန်းကို အနောက်ဘက် တောင်တန်းဟုခေါ်၍ အရှေ့ဘက်စွန်းကို အရှေ့ဘတ်တောင် တန်းဟု ခေါ်လေသည်။ အနောက်ဃတ်တောင်တန်းသည် ပေ ၃ဝဝဝ မှ ၄ဝဝဝ အထိမြင့်၍ အချို့နေရာများတွင် ပေ ၈၈၄ဝ မြင့်သည်။ အရှေ့ဃတ်တောင်တန်းမှာမူ ပျမ်းမျှပေ ၂ဝဝဝ ခန့်သာ အမြင့်ရှိလေသည်။ အနောက်ဃတ်တောင်တန်းနှင့် အာရေဗျပင်လယ်ရေပြင်အကြားတွင် ကျဉ်းမြောင်းသော ကမ်း မြေ|ာင်ဒေသရှိ၍ အရှေ့ဃတ်တောင်တန်းနှင့် ဘင်္ဂလားပင်အော် ရေပြင်အကြားရှိ ကမ်းမြေ|ာင်ဒေသမှာမူ ပို၍ကျယ်ပြန့်လေသည်။ ဒက္ခိဏကုန်းပြင်မြင့်၏ တောင်ဘက်စွန်းသည် အနောက်ဃတ် တောင်တန်းနှင့် အရှေ့ဃတ်တောင်တန်းတို့ ပေါင်းဆုံရာ တောင်ကုန်းဖြစ်၍ ယင်းကို နီလာဂီရိတောင်ကုန်းဟု ခေါ်ဝေါ် ကြသည်။

အိန္ဒိယကျွန်းဆွယ်ကြီး၏ တောင်ဘက်အစွန်းကို ကိုမို ရင်အငူဟုခေါ်လေသည်။ အိန္ဒိယနိုင်ငံတွင် မြစ်ကြီးမြစ်ငယ် အသွယ်သွယ်တို့ ပေါများသော်လည်း အင်းအိုင်နည်းပါးသည်။ အိန္ဒု၏မြစ်လက် တက်ကြီးများ၊ ဂင်္ဂါနှင့် ယင်း၏မြစ်လက်တက်များ၊ ဗြဟ္မပုတ္တရ မြစ်တို့သည် ဟိမန္တာတောင်စဉ်တောင်တန်းတိုု့မှ ပျော်ကျစီးဆင်း သော နှင်းများက ရေဖြည့်တင်းပေးနေသောကြောင့် တစ်နှစ် လုံး ရေမပြတ်ပေ။ ထိုမြစ်ကြီးများတို့တွင် မိုးရာသီအခါ ပို၍မြစ်ရေများ တိုးကာရေလျှံကြသေးသည်။ ဒက္ခိဏမြစ်များဖြစ် ကြသော ဂိုဒါဝရီ၊ ကစ္စနား၊ ကာဗာရီ စသည်တို့မှာမူ မိုးရေကို အားထားနေကြရသဖြင့် နွေအခါတွင် ရေအလွန်နည်းသွားကာ အချို့မြစ်ငယ်၊ ချောင်းငယ်များသည် နွေရာသီတွင် ခန်းခြောက် သွားကြသည်။ ကမ်းရိုးတန်းမြစ်များ အထူးသဖြင့် အနောက် ဘက်ကမ်းရိုးတန်းများသည် အလျားတို၍ ရေဆင်းနယ်လည်း သေးငယ်သည်။ များသောအားဖြင့် နွေအခါရေခန်းသည်။ ရာဇာ ဋ္ဌာန်ပြည်နယ် အနောက်ပိုင်းတွင် ကုန်းတွင်းမြစ်အနည်းငယ် တွေ့ရှိရသည်။ ကြာရှည်မတည်တံ့နိုင်သော မြစ်မျိုးဖြစ်ပြီးလျှင် မြစ်တစ်မြစ်စီ သီးခြားမြစ်ကြောင်းဖြင့် စီးကြ၍ ဆမ်းဗားမြစ် ကဲ့သို့ ဆားအိုင်တစ်ခုခုအတွင်းသို့ လည်းကောင်း၊ သဲမြေ အတွင်းသို့လည်းကောင်း စီးဝင်ကြပြီးလျှင် မြစ်ကြောင်းပျောက် သွားကြသည်။ လူနီမြစ်တစ်မြစ်သာလျှင် ကတ်ချပင်လယ်ကွေ့ ထဲသို့စီးဝင်သည်။

အိန္ဒိယမြစ်ဝှမ်းဒေသများအနက် ဂင်္ဂါမြစ်ဝှမ်းသည် အကြီး ဆုံး ဖြစ်သည်။ အရေးအပါဆုံးသော မြစ်ဝှမ်းလည်းဖြစ်သည်။ ယင်း၏ရေဆင်းဒေသသည် အိန္ဒိယတစ်နိုင်လုံး၏ လေးပုံတစ်ပုံ ခန့်ရှိသည်။

အိန္ဒိယနိုင်ငံ၏ ကမ်းရိုးတန်းသည် အကောက်အကွေ့ နည်းပါးသဖြင့် သဘာဝသင်္ဘောဆိပ်ကောင်း နည်းပါးသည်။ ဘုံဘိုင်၊ ကိုချင်၊ ဂိုအာနှင့် မဒရပ်မြို့တို့၌ သဘာဝသင်္ဘောဆိပ် ကောင်းများရှိသည်။ ကာလကတ္တားမြို့၏ သင်္ဘောဆိပ်သည် ဂင်္ဂါမြစ်ဝကျွန်းပေါ်၌တည်ရှိသည်။ ထိုနိုင်ငံကြီး၏ အရှေ့ဘက် ကမ်းရိုးတန်းကို ကိုရိုမန်ဒယ်ဟုခေါ်ဆို၍ အနောက်ဘက် ကမ်း ရိုးတန်းအောက်ပိုင်းကို မာလဗာဟု ခေါ်ဆိုကြလေသည်။

ရာသီဥတု[ပြင်​ဆင်​ရန်​]

အိန္ဒိယတစ်နိုင်ငံလုံးသည် အီကွေတာ၏ မြောက်ဘက် ၌ရှိ၍ နိုင်ငံ၏တစ်ဝက်ခန့်သည် အပူပိုင်းဇုန်အတွင်း၌ ကျ ရောက်ပေရာ၊ မြေနိမ့်ပိုင်းဒေသများသည် တစ်နှစ်ပတ်လုံး အပူ ချိန်မြင့်သည်။ တောင်ဘက်ကမ်းရိုးတန်းဒေသနှင့် ဂင်္ဂါမြစ်ဝ ကျွန်းပေါ်တွင် ရာသီဥတုစိုစွတ်ထိုင်းမှိုင်းသည်။ ပန်ဂျပ်ပြည်နယ် တောင်ဘက်အလွန်တွင် ပူပြင်းခြောက်သွေ့သော သဲကန္တာရရှိ သည်။ မြောက်ဘက်ပိုင်းရှိ ဟိမဝန္တာတောင်တန်းဒေသ၌မူ ရာသီဥတုအေးမြ၍ တောင်ထိပ်များစွာတို့မှ ဆီးနှင်းရေခဲများဖြင့် တစ်နှစ်ပတ်လုံး ဖွေးဖွေးဖြူနေကြလေသည်။

အိန္ဒိယနိုင်ငံ၏ ရာသီဥတုကို မုတ်သုန်လေတို့က အများဆုံးပြုပြင်ဖန်တီးသည်။ အိန္ဒိယရာသီဥတုတို့သည် ယေဘူ ယျအားဖြင့် မြန်မာနိုင်ငံမှာကဲ့သို့ (၁) အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ ဆောင်းရာသီ၊ (၂) မတ်လမှ ဇွန်လလယ် အထိ နွေရာသီ၊ (၃) ဇွန်လလယ်မှ စက်တင်ဘာလအထိ မိုး ရာသီဟူ၍ သုံးမျိုးရှိသည်။

အနောက်တောင် မုတ်သုန်ရာသီလေသည် အနောက် ဘက်ကမ်းရိုးတန်းဒေသဆီသို့ ဇွန်လဆန်းမှ စတင်တိုက်ခတ်ရာ အရှေ့ဃတ်တောင်တန်း၏ မိုးကွယ်အရပ်ဖြစ်သော မဒရပ်ဒေသ မှလွဲ၍ တစ်နိုင်ငံလုံးလိုလို၌ ဇွန်လမှစက်တင်ဘာလအတွင်း မိုးရွာသည်။ ထိုရာသီကုန်ဆုံးသွားသောအခါ အရှေ့မြောက်ရာသီ လေတိုက်ခတ်လေရာ ယင်းသည် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်သန်းလာသဖြင့် အရှေ့ဘက်ကမ်းရိုးတန်းဒေသများဖြစ်သော မဒရပ်နှင့် ဩရိဿနယ်တို့တွင် အထူးသဖြင့် အောက်တိုဘာနှင့် နိုဝင်ဘာလများ၌ မိုးအများဆုံးရွာသည်။

ရွာချသော မိုးရေချိန်အနည်းအများကိုလိုက်၍ ဒေသ သုံးမျိုးခွဲခြားနိုင်ရာ၊ (၁) တစ်နှစ်အတွင်း ပျမ်းမျှမိုးရေချိန် လက်မ ၈ဝ ကျော်၍ မိုးကောင်းသည်ဟု ခေါ်ဆိုရသောဒေသ များမှာ အနောက်ဘက် ကမ်းရိုးတန်းဒေသ၊ ဘင်္ဂလားပြည်နယ် နှင့် အာသံပြည်နယ်တို့ဖြစ်သည်။ အာသံပြည်နယ်ရှိ တောင် တန်းဒေသတွင် တစ်နှစ်အတွင်း မိုးရေချိန်လက်မ ၄၈ဝ ကျော် သည်။ မိုးကောင်းသော ထိုဒေသများအနက် လွင်ပြင်ဒေသ ဖြစ်လျှင် ဆန်စပါးစိုက်ပျိုးဖြစ်ထွန်း၍ တောင်ကုန်းဒေသဖြစ်ပါမူ အမြဲစိမ်းသစ်တောများ ထူထပ်စွာပေါက်ရောက်သည်။ (၂) မိုးရေ ချိန်လက်မ ၈ဝ မှ ၄ဝ အတွင်းရရှိ၍ မိုးသင့်တင့်သော ဒေသများမှာ ဒက္ခိဏကုန်းပြင်မြင့်၏ အရှေ့မြောက်ပိုင်းနှင့် ဂင်္ဂါ မြစ်ဝှမ်းတို့ပါဝင်သည်။ ယင်းဒေသမျိုးအနက် လွင်ပြင်ဒေသဖြစ် ပါမူ တူးမြောင်းမသွယ်ဘဲနှင့် စိုစွတ်ဒေသပေါက်ကောက်မျိုးနှင့် မိုးပါးရေရှားဒေသ ပေါက်ကောက်မျိုးတို့ကို စိုက်ပျိုးလုပ်ကိုင်နိုင် သည်။ တောင်ကုန်းဒေသများ၌မူ အဖိုးတန်ကျွန်းနှင့် အင်ကြင်း တောများ ပေါများသည်။ (၃) မိုးရေချိန်လက်မ ၄ဝ မှ ၂ဝ အကြားရရှိ၍ မိုးပါးသောဒေသတို့မှာ ဒက္ခိဏကုန်းပြင်မြင့်၏ တောင်ပိုင်းနှင့် အနောက်မြောက်ပိုင်း၊ မဒရပ်နှင့် ဂင်္ဂါမြစ်ဖျား ဒေသတို့ဖြစ်သည်။ လွင်ပြင်ဒေသတို့၌ နှံစားပြောင်း၊ လူး၊ ဆတ် စသော မိုးပါးရေရှား ကောက်မျိုးတို့ကိုလည်းကောင်း၊ တူးမြောင်းသွယ်ပြီးလျှင် ဆန်စပါးစသော စိုစွတ်ဒေသကောက် မျိုးတို့ကိုလည်းကောင်း စိုက်ပျိုးလုပ်ကိုင်နိုင်သည်။ ကုန်းမြင့် ဒေသများ၌မူ သစ်ကြီးဝါးကြီးမရှိလှဘဲ ချုံပုတ်စေးပျစ်များသာ ထူပြောလေသည်။ ရာဇဌာန်ပြည်နယ် အနောက်ပိုင်းနှင့် သား သဲကန္တာရတို့တွင် တစ်နှစ်ပတ်လုံးမိုးရေချိန်သည် လက်မ ၂ဝ မှ ဝ အထိ်ဖြစ်၍ အလွန်မိုးနည်းပါးသဖြင့် ပူပြင်းခြောက်သွေ့ လှပေသည်။ ဟိမဝန္တာတောင်တန်း ဒေသမှာမူ အလွန်မိုးများ သည်။ တစ်နှစ်လျှင် မိုးရေချိန် လက်မ ၁ဝဝ မှ ၃ဝဝ ခန့် အထိ မှန်မှန်ရရှိသည်။

ဇန်နဝါရီလတွင် အနောက်မြောက်ဘက်ပိုင်း၌ အပူချိန် သည် ဖာရင်ဟိုက်ဒီဂရီ ၅ဝ မှ ၅၅ အထိ ရှိ၍ တောင် ဘက်ပိုင်းတွင် ဒီဂရီ ၇၅ မှ ၈ဝ အထိရှိသည်။ ဖေဖော်ဝါရီလ ကုန်ဆုံးလျှင် အပူချိန်တက်စပြုလာ၍ မေလတွင် အလွန်ပူပြင်း ခြောက်သွေ့လှရာ၊ ပင်လယ်ရေပြင်နှင့် နီးစပ်သောဒေသများနှင့် တောင်စခန်းမြို့များမှလွဲလျှင် မြောက်ပိုင်းတွင် မဇ္ဈိမအပူချိန် သည် ဖာရင်ဟိုက် ဒီဂရီ ၉ဝ ပတ်ဝန်းကျင်၌ရှိ၍ အမြင့်ဆုံး အပူချိန် ဒီဂရီ ၁၁ဝ မှ ၁၂ဝ အထိပင် တက်တတ်လေသည်။ လွင်ပြင်ဒေသများတွင် သဲမုန်တိုင်းများ မကြာခဏ ကျရောက် တတ်လေသည်။

သယံဇာတပစ္စည်းများ[ပြင်​ဆင်​ရန်​]

အိန္ဒိယနိုင်ငံသည် သယံဇာတပစ္စည်းများဖြင့် ကြွယ်ဝ သောနိုင်ငံဖြစ်ပေသည်။ စက်မှုလုပ်ငန်းအတွက် အသုံးဝင်သော ကျောက်မီးသွေး၊ ရေနံ၊ သံစသည်တို့အနက် ကျောက်မီးသွေး အထွက်တွင် အိန္ဒိယသည် ကမ္ဘာ၌ သတ္တမလိုက်နိုင်သည်။ စက် မှုနိုင်ငံအဖြစ် ချီတက်နေသော အချိန်ကာလ၌ပင် နိုင်ငံတွင်းသုံး အတွက်ဖူလုံသည့်ပြင် နိုင်ငံခြားသို့ပင် တင်ပို့နိုင်ပေသေးသည်။ ဒက္ခိဏကုန်းပြင်မြင့် အလယ်ပိုင်းဘင်္ဂလား၊ ဗီဟာ၊ ဩရိဿ စသော အရှေ့မြောက်ဘက်ဒေသများ၌ အမြောက်အများထွက်ရှိ နိုင်သော ကျောက်မီးသွေးတွင်းများရှိသည်။ ကျောက်မီးသွေးအနု စားမျိုးကို မဒရပ်၊ ရာဇဌာန်၊ သောရဋ္ဌ၊ ကတ်ချ၊ ကသ္မီရ ပြည်နယ်တို့၌ တွေ့ရှိရသည်။


အာသံပြည်နယ်အရှေ့ပိုင်းမှ ရေနံကို ထုတ်ယူအသုံးပြု လျက်ရှိရာ၊ နိုင်ငံသုံးအတွက် မလုံလောက်ချေ။ သို့သော် ရေနံ အထွက်ကောင်းရန် အလားအလာရှိသောဒေသများမှာ အနောက် ဘင်္ဂလား ပြည်နယ်၊ ပန်ဂျပ်၊ ဟိမာချာဒေသ၊ ဂျမ္မူနှင့် ကသ္မီရ၊ ရာဇဌာန်၊ ကမ်ဗေ-ကတ်ချ၊ ဂင်္ဂါမြစ်ဝှမ်း၊ မဒရပ်ကမ်းရိုးတန်း၊ အန္ဓရကမ်းရိုးတန်း၊ ကဲရာလာကမ်းရိုးတန်း၊ ကပ္ပလီကျွန်းနှင့် နီကိုဗာကျွန်းတို့ဖြစ်ကြသည်။


အိန္ဒိယနိုင်ငံမှ သံအကောင်းစား အမြောက်အမြားထွက် ရာ ကမ္ဘာတွင် စတုတ္ထထလိုက်သည်။ ဗီဟာ၊ ဩရိဿ၊ မဇ္ဈ ဒေသ၊ မိုင်ဆို(ကာနတက)၊ မဟာရဋ္ဌပြည်နယ်တို့မှ သံအများ အပြားထွက်သည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာ၌ မန်ဂနိသတ္တု တတိယအထွက်ဆုံးဖြစ်သည်။ မဟာရဋ္ဌ၊ မဇ္ဈဒေသ ၊ဗီဟာနှင့် ဩရိဿနယ်စပ်၊ မဟာရဋ္ဌ၊ မဇ္ဈဒေသနှင့် ရာဇဌာန်နယ်စပ်၊ အန္ဓရကမ်းရိုးတန်း အလယ်ပိုင်းနှင့် ကာနတကပြည်နယ်တို့မှ ထွက်သည်။ ကရိုမိုက်သတ္တုမျိုးတို့သည် ဗီဟာ၊ ဩရိဿနှင့် ကာနတကပြည်နယ် တို့မှထွက်သည်။


ကာနတကပြည်နယ် အရှေ့တောင်ပိုင်း ကိုလာခရိုင်မှ ရွှေနှင့်ငွေအများဆုံးထွက်သည်။ ထိုဒေသရှိ ရွှေတွင်းများ၏ အနက်သည် နှစ်မိုင်ခန့်ရှိသည်ဟုဆိုကြသည်။ စိန်၊ မြအစရှိ သော ကျောက်မျက်ရတနာများလည်းထွက်ရှိရာ၊ စိန်ထွက်သော ဒေသမှာ မဇ္ဈပြည်နယ်အတွင်းရှိ ပန္နားခရိုင်ဖြစ်သည်။ ကမ္ဘာတွင် အိန္ဒိယနိုင်ငံမှ လချေးအများဆုံးထွက်သည်။ လချေးအများအပြားထွက်သော ဗီဟာ၊ ရာဇဌာန်နှင့် အန္ဓရ ပြည်နယ်တို့အနက် ကမ္ဘာ၌ အကောင်းဆုံးလချေးအမျိုးအစား သည် ဗီဟာပြည်နယ်မှ ထွက်သည်။ ဗီဟာပြည်နယ်၌ပင် မိုင် ၈ဝ ခန့်ရှည်လျားသော ကြေးနီကြောကြီးရှိ၍ ရာဇဌာန်၌တွေ့ရှိ ထားသော ကြေးနီကြောကြီးကိုမူ စူးစမ်းလေ့လာနေဆဲဖြစ်သည်။ ရာဇဌာန်၊ မဟာရဋ္ဌပြည်နယ်တို့၌ ဆား အိုင်များရှိ၍ ဟိမာချာ ဒေသတွင် ဆားတွင်းများရှိသည်။ ပင်လယ်ကမ်းရိုးတန်းဒေသ အများအပြား၌ ပင်လယ်ရေကို ဆားချက်သော လုပ်ငန်းများ အများအပြားလုပ်ကိုင်ကြသည်။

စိုက်ပျိုးရေးနှင့်သစ်တော[ပြင်​ဆင်​ရန်​]

အိန္ဒိယနိုင်ငံ၏လူဦးရေ ၇ဝ ခန့်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ နိုင်ငံ၏ဝင်ငွေ ထက်ဝက်ခန့်သည် လည်း စိုက်ပျိုးရေးမှ ရရှိသည်။ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်း အများစုကို နိုင်ငံခြားသို့ကုန်ကြမ်းအဖြစ်တင်ပို့သည်။ တစ်နိုင်ငံ လုံး၏ အကျယ်အဝန်းကို ဧကဖွဲ့လျှင် ဧကပေါင်း ၈ဝ ့၆၃ ကုဋေ ဖြစ်သည့်အနက် ၁၉၇ဝ-၇၁ ခုနှစ်အတွင်း ထွန်ယက် စိုက်ပျိုးသောဧကပေါင်း ၄၁ ့၃ ကုဋေဖြစ်သည်။ ယင်းအနက် ရေသွင်းစိုက်ပျိုးရသော ဒေသမှာ ၂၂ ့၂ ရာခိုင်နှုန်းခန့်ရှိသည်။ ၁၉၇ဝ-၇၁ ခုနှစ်တွင် အဆုံးသတ်သော ၁ဝ နှစ်မျှ ကာလ အတွင်း ရေသွင်းစိုက်ပျိုးရသော ဧကပေါင်း ၂၁ သိန်းတိုးလာခဲ့ သည်။

ဆန်စပါးကို အနောက်မြောက်ဘက်ပိုင်းမှလွဲလျှင် စိုက် ပျိုး၍ဖြစ်နိုင်သမျှသော မြေနေရာများ၌ စိုက်ပျိုးကြရာ၊ ၁၉၇ဝ- ၇၁ ခုနှစ်အတွင်း ခန့်မှန်းခြေဧကပေါင်း ကိုးကုဋေကျော်မျှ စိုက်ပျိုးကြသည်။ သို့သော် ဒက္ခိဏကုန်းပြင်မြင့်၌ စိုက်ပျိုးကြ သော ဂျိုဝါခေါ် ကောက်စပါးတစ်မျိုး၊ အနောက်မြောက်ပိုင်း၌ စိုက်ပျိုးသောဂျုံနှင့် တောင်ပိုင်းဒေသများနှင့် ခြောက်သွေ့သော အနောက်ပိုင်းဒေသများ၌ စိုက်ပျိုးကြသော ဗာဂျရာ ခေါ် ကောက်စပါးတစ်မျိုးတို့ကို စိုက်ပျိုးသည့် စုစုပေါင်းဧကသည် စပါးစိုက်ဧကပေါင်းထက် ပိုမိုများပြားသည်။ အခြားစားသုံးကုန် စိုက်ပျိုးရေးပစ္စည်းများအနက် လက် ဖက်ခြောက်သည် နိုင်ငံခြားငွေ အရအများဆုံး ဖြစ်သည်။ အာသံနှင့် ဘင်္ဂလားမြောက်ပိုင်းတို့၌ အများဆုံးစိုက်ပျိုးကြ၍ ကဲရာလာ၊ မဒရပ်နှင့် ကာနတကပြည်နယ်တို့၌လည်း ဖြစ်ထွန်း သည်။ ကာဖီကို တမီနာဒူ၊ ကာနတက၊ ကဲရာလာပြည်နယ် တို့၌ စိုက်ပျိုးလုပ်ကိုင်ကြသည်။ ပဲအမျိုးမျိုးကိုလည်း စိုက်ပျိုး လုပ်ကိုင်ကြ၍ ကြံကိုလည်းအမြောက်အများ စိုက်ပျိုးကြရာ၊ အိန္ဒိယသည် သကြားအထွက်များသော နိုင်ငံတစ်နိုင်ငံဖြစ်ပေ သည်။ မြေပဲအထွက်များသော နိုင်ငံလည်းဖြစ်၍ မုယောစပါး၊ ပြောင်း၊ အာလူး၊ နှမ်းချပ်၊ မုံညင်းစေ့ စသည်တို့ကိုလည်း အများအပြားပင် စိုက်ပျိုးကြလေသည်။ ရေ၊ မြေအဆင်ပြေသော ဒေသများတွင် သစ်သီးဝလံအမျိုးပေါင်းများစွာ စိုက်ပျိုးဖြစ်ထွန်း ၍ သရက်သီးသည် အိန္ဒိယ၏ အထင်ရှားဆုံးသစ်သီးဖြစ်သည်။ ယင်းကဲ့သို့ ကောက်စပါးအမျိုးမျိုး၊ ပဲ၊ ပြောင်းနှင့် အသီးအနှံမျိုးစုံစွာ စိုက်ပျိုးထွက်ရှိနိုင်သော နိုင်ငံကြီးဖြစ်လင့် ကစား လူဦးရေကလည်း များပြားလှသဖြင့် နိုင်ငံထွက်ရိက္ခာနှင့် မလုံလောက်နိုင်ဘဲ မကြာခဏ ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် ကြုံတွေ့ရပေသေးသည်။ စားကုန်မဟုတ်သော စိုက်ပျိုးရေးထွက်ကုန်များအနက် ဝါဂွမ်း၊ ဂုံလျှော်၊ ကြက်ပေါင်စေး (ရော်ဘာ)၊ ဆေးရွက်တို့ သည်အရေးပါသော ထွက်ကုန်များဖြစ်ကြသည်။ ဝါဂွမ်းကိုပြည် နယ်များစွာ၌ စိုက်ပျိုးကြသည့်အနက် ဥတ္တရဒေသနှင့် ဒက္ခိဏ ကုန်းပြင်မြင့်တို့မှ အကောင်းစားဝါဂွမ်းများထွက်သည်။ ဂုံလျှော် သည် ဘင်္ဂလားပြည်နယ်၌ အများဆုံးဖြစ်ထွန်း၍ ကမ္ဘာတွင် အိန္ဒိယသည် ဂုံလျှော်အများဆုံးထွက်သော နိုင်ငံတစ်ခုဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ သစ်တောဧရိယာသည် စတုရန်းမိုင် ၂ ့၈၇ သိန်းရှိရာ နိုင်ငံ၏အကျယ်အဝန်းနှင့် နှိုင်းစာသော် ၂၂ ့၇ ရာခိုင်နှုန်းခန့်သာရှိသည်။ သို့သော် အိန္ဒိယအစိုးရသည် သစ် တောများကို ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ နိုင်ငံ အကျယ်အဝန်း၏ ၃၃ ့၃ ရာခိုင်နှုန်းကို သစ်တောများဖြင့် ဖုံးလွှမ်းနိုင်အောင်လည်း စီမံကိန်းများချထား၍ ဆောင်ရွက် လျက်ရှိသည်။ ဟိမဝန္တာတောင်တန်း၏ ခြေရင်းတောင်ကုန်း ဒေသ၊ ဒက္ခိဏကုန်းပြင်မြင့်၏ မြောက်ဘက်အစွန်း တောင် ကုန်းဒေသ၊ အနောက်ဃတ်တောင်တန်းနှင့် ကပ္ပလီကျွန်းတို့ သည် သစ်တောထွက်ပစ္စည်း အမြောက်အမြားထုတ်လုပ်နိုင်သော သစ်တောများဖြင့် ဖုံးလွှမ်းရာဒေသများ ဖြစ်ကြလေသည်။

စက်မှုလက်မှုလုပ်ငန်းများ[ပြင်​ဆင်​ရန်​]

စိုက်ပျိုးရေးသည် နိုင်ငံ၏အဓိကလုပ်ငန်း ဖြစ်သော်လည်း များပြားသောလူဦးရေ၏ စားဝတ်နေရေးဖူလုံစေရန် အိန္ဒိယ နိုင်ငံသည် စက်မှုနိုင်ငံအဖြစ်သို့ အရှိန်ကောင်းကောင်းဖြင့် ချီတက်လျက်ရှိသည်။ ခရစ် ၁၈၇ဝ ပြည့်နှစ်ခန့်မှစ၍ အိန္ဒိယ တွင် စက်မှုလုပ်ငန်းများ အတော်အတန် အခြေစိုက်ပြီး ဖြစ်နေ သည်။ ကျောက်မီးသွေးနှင့် သံအထွက်ကောင်းခြင်းသည် စက်မှု လုပ်ငန်းများအတွက် များစွာအထောက်အပံ့ရစေသည်။ မြစ်ကြီး မြစ်ငယ်များ ပေါများသဖြင့် ရေအားလျှပ်စစ် အများအပြား ရရှိနိုင်သည်။ သို့သော် အိန္ဒိယသည် ရနိုင်သောရေအား လျှပ်စစ်၏ သုုံးရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်သေး၍ အမေရိ ကန်ပြည်ထောင်စုကမူ ၃၃ ရာခိုင်နှုန်းကို အသုံးချလျက်ရှိသည်။ စက်မှုလုပ်ငန်းသည် အိန္ဒိယနိုင်ငံ၌ တစ်စတစ်စ တိုးတက်ဖွံဖြိုးလာခဲ့ရာ စက်မှုလုပ်ငန်းကြီးများသည်လည်း တိုး တက်ထွန်းကားလျက်ရှိသည်။ မလွတ်လပ်မီခေတ်ကပင် ကာလ ကတ္တားမြို့အနီးရှိ ဂျမ္မရှက်ဒပူမြို့ရှိ အမျိုးသားပိုင် တာတာသံနှင့် သံမဏိလုပ်ငန်းကြီးသည် ကမ္ဘာ့အကြီးဆုံးစက်မှုလုပ်ငန်းကြီးများ တွင်ပါဝင်ခဲ့၍ ယခုအခါ သံမဏိစက်ရုံကြီးခြောက်ခုရှိသည်။ မလွတ်လပ်မီကပင်ရှိခဲ့သော အခြားစက်မှုလုပ်ငန်းကြီးတစ်ခုမှာ ဘုံဘိုင် ရေအားလျှပ်စစ်စီမံကိန်းအရ ပြုလုပ်ထားသော ရေအား လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းကြီးဖြစ်သည်။ ဘုံဘိုင်မြို့ပေါ်နှင့် ဆင်ခြေဖုံးရှိ ချည်စက်ရုံကြီးများစသော စက်မှုလုပ်ငန်းများသည် ထိုရေအားလျှပ်စစ်ကို အသုံးပြုကြရသည်။ အထည်အလိပ် စက်ရုံကြီးများသည် အမက်ဒဗတ်၊ မဒရပ်နှင့် တမီနာဒူပြည်နယ်အတွင်းရှိ မြို့ကြီးမြို့ငယ်တို့၌လည်း ရှိသည်။ အိန္ဒိယ၏ စက်မှုလက်မှုလုပ်ငန်းများတွင် အထည် အလိပ်ယက်လုပ်သော လုပ်ငန်းသည် အကြီးကျယ်ဆုံးဖြစ်သည်။ ၁၉၇၁ ခုနှစ်စာရင်းအရ ဂုံလျှော်စက်ကြီးပေါင်း ၁ဝ၆ ခုရှိရာ ဂုံလျှော်ထွက်ရှိသောဒေသအတွင်းရှိ ကာလကတ္တားမြို့နှင့် အနီးအနားတစ်ဝိုက်တွင် အများဆုံးဖြစ်သည်။ သကြား၊ သားရေ နှင့် ရော်ဘာ အထည်ပစ္စည်းများ၊ ဆေးလိပ်လုပ်ငန်း၊ ဟင်းသီး ဟင်းရွက်ဆီကြိတ်လုပ်ငန်း၊ လက်ဖက်ခြောက် လုပ် ငန်း၊ စက္ကူလုပ်ငန်းစသည်တို့ကို စက်ရုံများ၌လည်းကောင်း၊ အိမ်တွင်းမှု လုပ်ငန်းအဖြစ်လည်းကောင်း လုပ်ကိုင်ကြသည်။ အိန္ဒိယ၏စက်မှုလုပ်ငန်းသည် ဒုတိယကမ္ဘာစစ်အတွင်း မှစ၍ သိသိသာသာတိုးတက်လာရာ လွတ်လပ်ရေးခေတ်နောက် ပိုင်းတွင် တိုးတက်မှုအရှိန်ပိုကောင်းလာခဲ့သည်။ ယခုအခါ ဝန်လေးစက်ပစ္စည်းများဖြစ်သော မီးရထားစက်ခေါင်းနှင့် တွဲများ ထုတ်လုပ်ခြင်း၊ လေယာဉ်ပျံ၊ မော်တော်ကား၊ စက်ဘီးစသည် တို့ကို နိုင်ငံတွင်း၌ တပ်ဆင်ထုတ်လုပ်ခြင်း၊ ဆေးဝါးနှင့် ဓာတု ဗေဒပစ္စည်းများထုတ်လုပ်ခြင်း၊ ဘိလပ်မြေ ထုတ်လုပ်ခြင်းစသည် တို့ကိုလည်း ဆောင်ရွက်လျက်ရှိ၍ လူသုံးပစ္စည်းနှင့် စား သောက်ကုန်အမျိုးမျိုးတို့ကို စက်မှုလုပ်ငန်းဖြင့် ပိုမိုထုတ်လုပ် လျက်ရှိလေသည်။ စက်မှုလုပ်ငန်းများတွင် အရှိန်ကောင်းနေစေကာမူ လက်ရက်အထည်အလိပ်လုပ်ငန်းကိုလည်း လူသန်းပေါင်းများစွာ သည် အိမ်တွင်းလက်မှုလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိနေကြ သေးသည်။ ထို့ပြင် ကော်ဇောအနုအကြမ်း၊ ကသ္မီရရှောစောင် များ၊ လှပနုနယ်သော ဇာများကိုလည်း လက်ဖြင့်ယက်လုပ် လျက် နေကြလျက်ပင်ရှိ၍ ယင်းတို့သည် အိန္ဒိယ၏ ကမ္ဘာ ကျော်လက်မှုပညာရပ်များ ဖြစ်ကြလေသည်။ ကြွကြွရွရွနှင့် လှပ သိမ်မွေ့သော ရွှေပန်းတိမ်၊ ငွေပန်းတိမ်လုပ်ငန်း၊ ကြေးထည် လုပ်ငန်း၊ သစ်နှင့် ဆင်စွယ်ပန်းပုလုပ်ငန်း စသော လက်မှု အနုပညာပစ္စည်းများ လုပ်ကိုင်ရာ၌လည်း အိန္ဒိယတိုင်းရင်းသား တို့၏ လက်ရာများသည် ကျော်ကြားလျက်ပင်ရှိပေသေးသည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်​ဆင်​ရန်​]

အိန္ဒိယနိုင်ငံသည် အာရှတိုက်လမ်းမကြီးတွင် လမ်းပန်း ဆက်သွယ်ရေး အကောင်းဆုံးရှိသော နိုင်ငံဟု ဆိုနိုင်သည်။ မိုင် ၂ဝ ရှည်လျားသော ပထမဆုံး မီးရထားလမ်းကို ခရစ် ၁၈၅၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့၍၊ ၁၉၇ဝ-၇၁ ခုနှစ်အထိ အိန္ဒိယ မီးရထားလမ်း စုစုပေါင်းသည် မိုင်ပေါင်း ၃၇ဝ၆၃ ခန့်ရှိသည်။ အိန္ဒိယမီးရထားစနစ်သည် အာရှတိုက်၌ အကြီးကျယ်ဆုံးဖြစ်၍ ကမ္ဘာ၌ စတုတ္ထအရှည်ဆုံး ဖြစ်သည်။ မိုင်ပေါင်း သောင်းနှင့်ချီ၍ ရှည်လျားများပြားသော မီးရထားလမ်းများ ရှိနေသည့်တိုင်အောင် နိုင်ငံ၏ကြီးမား ကျယ်ဝန်းခြင်း၊ လူဦးရေများပြားခြင်းတို့ကြောင့် သယ်ယူပို့ ဆောင်ရေးနှင့် ကူးသန်းသွားလာရေးအတွက် လက်ရှိိမီးရထား လမ်းနှင့် မလုံလောက်သေးပေ။ ထို့ကြောင့် လွတ်လပ်ရေးခေတ် နောက်ပိုင်းတွင် ပျက်စီးသော လမ်းများကိုပြုပြင်ခြင်း၊ သံလမ်း ကျဉ်းမှ သံလမ်းကျယ်ပြောင်းခြင်း၊ မီးရထားလမ်းသစ် ဆောက် လုပ်ခြင်းတို့ကို စီမံကိန်းများဖြင့် ဆောက်ရွက်နေဆဲဖြစ်သည်။ နိုင်ငံတွင်း၌ တစ်မြို့မှတစ်မြို့၊ တစ်ရွာမှတစ်ရွာသို့ သွယ်တန်းကူးယှက်ထားသော လမ်းကောင်းလမ်းကြမ်းစုစုပေါင်း မိုင် ၃၅၆၂၁၂ ရှိသည်။ ကျောက်ခင်းလမ်းများ၏ စုစုပေါင်း မိုင်သည် ၁၃၇ဝ၇၄ ဖြစ်၍ ၁၅ ရာခိုင်နှုန်းခန့်သည်သာ ကတ္တရာ ခင်းလမ်းများဖြစ်သည်။ လမ်းကြမ်းများ၏ စုစုပေါင်း မိုင်သည် ၂၁၉၁၃၈ ဖြစ်သည်။ ရေလမ်း သယ်ယူပို့ဆောင်ရေး အတွက် နိုင်ငံအတွင်း လှေသင်္ဘောဖြင့် သယ်ယူပို့ဆောင်နိုင် သော ရေကြောင်းခရီးသည် မိုင် ၅ဝဝဝ ကျော်ခန့်ရှိသည်။ အရေးပါသော ရေကြောင်းလမ်းမများမှာ ဂင်္ဂါ၊ ဗြဟ္မပုတ္တရနှင့် ယင်းတို့၏ မြစ်လက်တက်များ၊ ဂိုဒါဝရီ၊ ကစ္စနားနှင့် ယင်းတို့ ၏မြစ်ရိုးရှိ တူးမြောင်းများ၊ ကဲရာလာပြည်နယ်တွင်းရှိ တူး မြောင်းများ၊ မဒရပ်နှင့် အန္ဓရပြည်နယ်တို့ အတွင်းရှိ ဗတ်ကင် ဟမ်တူး မြောင်း၊ အနောက်ဘက်ကမ်းရိုးတန်းရှိ တူးမြောင်းများ၊ ဩရိ ဿပြည်နယ်မှ မဟာနဒီ တူးမြောင်းတို့ဖြစ်ကြသည်။ နိုင်ငံခြားနှင့် ဆက်သွယ်ရာ၌အရေးပါသော သင်္ဘော ဆိပ်မြို့ကြီးဆယ်မြို့ရှိရာ ယင်းတို့မှာ ကာလကတ္တား၊ ဘုံဘိုင်၊ မဒရပ်၊ ကိုချင်၊ ဝိစက်ခါပတ္တနံ၊ ကန္ဒလ၊ မာမဂါအို၊ မန်ဂလို၊ တူတီကိုရင်နှင့် ပရာဒစ်တို့ ဖြစ်သည်။ ကမ်းရိုးတန်းတစ် လျှောက်၌ သင်္ဘောဆိပ်မြို့ကလေးပေါင်း ၂၂၅ မြို့ရှိ၍၊ ယင်းတို့ သည် ပြည်တွင်းပြည်ပ ကုန်စည်တင်သွင်း တင်ပို့ရေးအတွက် ထိုက်သည့်အားလျော်စွာ ဆောင်ရွက်ကြရသည်။ ယင်းတို့သို့ ကူးသန်းသွားလာရာ၌ ကမ်းရိုးတန်းသွားသင်္ဘောများကို အသုံး ပြုလေသည်။ နိုင်ငံတကာနှင့် ဆက်သွယ်သော လေဆိပ်ကြီးများမှာ စန်တာကရု (ဘုံဘိုင်မြို့)၊ ဒမ်ဒမ် (ကာလကတ္တားမြို့)၊ ပါလမ် (နယူးဒေလီမြို့)၊ မီးနံဗတ်ကမ် (မဒရပ်မြို့) တို့ဖြစ်ကြသည်။ နိုင်ငံတွင်း လေကြောင်းဆက်သွယ်ရေးအတွက် လေဆိပ်ရှိသော မြို့ပေါင်း ၈၅ မြို့ရှိလေသည်။

ယဉ်ကျေးမှုအနုပညာ[ပြင်​ဆင်​ရန်​]

အိန္ဒိယသည် အယူဝါဒသို့ညွှတ်သော နိုင်ငံဖြစ်သည်။ ထို့ ကြောင့် ယင်း၏ယဉ်ကျေးမှု အနုပညာရပ်တို့သည် အယူဝါဒ ကိုအခြေခံ၍ ထွန်းကားစည်ပင်ခဲ့ကြသည်။ သို့သော် ဗိသုကာ ပညာ၊ အထုအထွင်းဆိုင်ရာ ပန်းတမော့ပညာ၊ ပန်းချီပညာ တို့သည် ဗုဒ္ဓအယူဝါဒထွန်းကားသည်မှစ၍ အထူးတိုးတက်လာ သည်။ ထိုသို့တိုးတက်ခြင်းမှာ ဗုဒ္ဓဘုရားရှင်အား ကြည်ညို ရိုသေသော စိတ်ဓာတ်များကြောင့်ဖြစ်ပေသည်။ ဂေါတမမြတ်စွာ ဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက်တွင် ဘုရားရှင်၏ ဓာတ် တော်မွေတော်များကို ခိုင်ခန့်လုံခြုံသော ထူပါရုံစေတီတော်ကြီး များ၌ ဌာပနာ၍ အမြတ်တနိုးကိုးကွယ်ကြသည်။ ဤသို့ဖြင့် သီရိဓမ္မာသောကမင်း၏ခေတ်ကစ၍ ဆန်ချီ အရပ်၌လည်းကောင်း၊ ဗာရဟတ်အရပ်၌လည်းကောင်း၊ တောင် ပိုင်းရှိ အမရာဝတီအရပ်၌လည်းကောင်း ထူပါရုံစေတီကြီးများ ပေါ်ထွန်းလာခဲ့သည်။ အနောက်မြောက်ဘက် တောင်ကြားလမ်းများကို ဖြတ် ကျော်၍ ဂရိယဉ်ကျေးမှု ဝင်ရောက်လာသောအခါ ဂန္ဓာရတိုင်းမှ အစပြု၍ ရုပ်တုပညာရပ်များထွန်းကားလာခဲ့သည်။ ထိုတိုင်း၌ ဗုဒ္ဓအယူဝါဒ ထွန်းကားစဉ်က ဂေါတမရှင်တော်ဘုရား၏ ရုပ်တုများကို အစပြု ထုလုပ်ကိုးကွယ်ကြရာ ဂရိအငွေ့အသက် ပါသော ရုပ်တုတော်များ ဖြစ်ကြလေသည်။ နောင်အခါ ရုပ်တု ပညာသည် ပြန့်ပွားသွား၍ တဖြည်းဖြည်းနှင့် ဂရိစနစ်တွင် အိန္ဒိယမူ၊ အိန္ဒိယဟန်များ ရောပြွမ်းလာလေသည်။ အိန္ဒိယနိုင်ငံ၏ ရှေးခေတ်အနုပညာရပ်များအနက် ဗိသု ကာပညာရပ်သည် အဆင့်အတန်းအမြင့်ဆုံး ဖြစ်သည်။


အိန္ဒိယ၏ ရှေးခေတ်ယဉ်ကျေးမှုသည် အီဂျစ်၊ ဆီးရီး ယား၊ ဂရိတို့ထက် အလျင် ထွန်းကားခဲ့သည်ဟုပင်ဆိုကြလေ သည်။ ရှေးခေတ်ဗိသုကာ အထုအထွင်းပညာ ပန်းချီပညာရပ် တို့တွင် ကမ္ဘာကအံ့ခြီးရသော လက်ရာမွန်တို့ကို အဇန္တလှိုဏ်ဂူ နှင့် အယ်လိုရာလှိုဏ်ဂူတို့၌ တွေ့ရှိရသည်။ မွတ်စလင် အနုပညာလက်ရာများအနက် တက်ဂျမဟာ သည် ကမ္ဘာ့အံ့ခြီးဖွယ်ရာတစ်ရပ်တွင် အပါအဝင်ဖြစ်ပေသည်။ တက်ဂျမဟာသင်္ချိုင်း


လက်မှုအနုပညာရပ်တွင် ဆစ်လူမျိုးတို့၏ ကြွေရည် သုတ်အတတ်၊ ကသ္မီရ၊ ပန်ဂျပ်နှင့် ဟိုက်ဒရဗတ် (ယခင်ပြည် နယ်) တို့၌ လုပ်ကိုင်ကြသော အလွန်နုနယ်လှပသည့် ရွှေချည် ထိုးငွေချည်ထိုးအထည်များ၊ ရွှေနန်းလိမ်၊ ငွေနန်းလိမ်ပစ္စည်းများ ကား ရှေးယခင်ကပင် ကျော်ကြားခဲ့ကြလေသည်။ အာရိယန်တို့သည် အိန္ဒုမြစ်ဝှမ်း၌ လွှမ်းမိုးကြီးစိုးခဲ့ သည့်ကာလမှစ၍ မိမိတို့၏ သက္ကတဘာသာ စကားကို ပို၍ စနစ်တကျရှိအောင် ပို၍ကြွယ်ဝအောင် ပြုပြင်ကြသည်။ စာရေး စာဖတ်နည်းများကိုလည်း ထွင်ကြသည်။


ရှေးအကျဆုံးသော အိန္ဒိယစာပေသည် သက္ကတဘာသာ ဖြင့် ဖွဲ့နွဲ့သီကုံးထားသော ဗေဒခေါ် ကဗျာစုဖြစ်သည်။ အထင်ရှားဆုံးသော ထီးသုံးနန်းသုံး ကဗျာလင်္ကာကြီး များမှာ ဘီစီခြောက်ရာစုနှစ်တွင် ပေါ်ထွက်ခဲ့သော ရာမာယဏ နှင့် မဟာဘာရတ ကဗျာလင်္ကာကြီးများဖြစ်သည်။ ဂုတ္တမင်းများ ခေတ်တွင် သိပ္ပံပညာထွန်းကားသည်။ နေလနက္ခတ်ကျမ်းများကို လည်း ပြုစုခဲ့ကြသည်။ သင်္ချာအတတ်သည်လည်း အလွန်တိုး တက်သည်။ ဆေးဝါးကုသရေး၌ ခွဲစိတ်ကုသနိုင်သည်အထိ အစွမ်းထက်ခဲ့ကြ၍ ဆိုင်ရာပညာရပ်များ အတွက်လည်း ကျမ်း များပြုခဲ့ကြသည်။ စာရေးသည့်အခါ သစ်ခေါက်များပေါ်တွင် မင်ဖြင့်လည်းကောင်း၊ ပေရွက်ပေါ်တွင် ကညစ်ဖြင့်လည်းကောင်း ရေးသားကြသည်။


သက္ကတဘာသာကို အသုံးများခဲ့သော်လည်း ဂင်္ဂါမြစ်သို့ ယဉ်ကျေးမှု ပျံ့နှံ့ထွန်းကားသောအခါတွင်မူ ပါဠိ (မာဂဓ) ဘာ သာစကားကို အသုံးပြုကြသည်။ ဗုဒ္ဓအယူဝါဒ ပွင့်လင်းသည့် ခေတ်သည် ပါဠိဘာသာကို အသုံးပြုသောခေတ်ဖြစ်သည်။ သို့ သော် သက္ကတဘာသာစာပေသည် လုံးဝကွယ်ပျောက်သွားခြင်း မဟုတ်ပေ။ နောင်အခါ ပြန်၍ခေတ်စားလာပြန်လေသည်။ ခရစ်တစ်ရာစုမှ ရှစ်ရာစုအတွင်း သက္ကတဘာသာဖြင့် လင်္ကာရှည်ကြီးများ စွန့်စားခန်းနှင့် ချစ်မေတ္တာသရုပ်ဖော်ပြဇာတ် များကို သီကုံးပြုစုကြသည်။ တိရစ္ဆာန်များအကြောင်းဖွဲ့ထား သော ဟိန္ဒူပုံပြင်များကို ခြောက်ရာစုခန့်ကပင် ပါးရှင်းဘာသာ ပြန်ခဲ့သည်။ ထိုပုံပြင်များသည် ဥရောပနိုင်ငံများသို့လည်း ပျံ့နှံ့ ခဲ့ရာ အနောက်တိုင်း ကလေးချော့ပုံပြင်များ၏ အခြေခံများ လည်းဖြစ်ခဲ့ကြလေသည်။


ဗြိတိသျှအစိုးရခေတ် ပညာရေးစနစ်အရ အိန္ဒိယတွင် တိုင်းရင်းသားစာပေသည် တစ်မျိုးတစ်ဖုံ ဆန်းသစ်လာပြန် သည်။ ဥရောပအတွေးအခေါ်နှင့် ဟိန္ဒူအယူအဆတို့ ရောပြွမ်း ကာ အနောက်တိုင်း အရေးအသားဆန်ဆန်ဖြင့် အဆင့်အတန်း မြင့်သော ဘင်္ဂါလီစာပေများ ထွန်းကားလာသည်။ ၁၉ ရာစုနှစ် အတွင်း ပေါ်ထွန်းခဲ့သည့် ဝတ္ထုရေးဆရာကြီး ဗန်ကင်ချန္ဒရာ ချတ္တာဂျီ (၁၈၃၈-၉၄) ၏အနောက်တိုင်းအငွေ့အသက် ပါသော ဝတ္ထုများထင်ရှားလာသည်။ ဘင်္ဂါလီစာပေကို တိုးတက်ကြွယ်ဝ စေသော စာပေပညာရှင်ကြီးတစ်ဦးမှာ ရာဝိန္ဒြာနတ်တဂိုး (၁၈၆၁-၁၉၄၁) ဖြစ်သည်။ မဟတ္တမဂန္ဓီကြီးသည် အိန္ဒိယနိုင်ငံ ရေးရာ၌ ခေါင်းဆောင်ကြီးဖြစ်သကဲ့သို့ တဂိုးသည် အိန္ဒိယ စာပေရေးရာ၌ ခေါင်းဆောင်ကြီးဖြစ်ပေသည်။


ဘင်္ဂါလီစာပေသာမက ဟင်ဒီစာပေ၊ အူရဒူစာပေတို့ သည်လည်း အနောက်တိုင်း စာပေအငွေ့ အသက်များဖြင့် တိုး တက်ကြွယ်ဝလာကြသည်။ အူရဒူစာပေ၌ အကျော်အမော်ပုဂ္ဂိုလ် ကြီးသည် မို့ဟမ္မဒ်အစ်ကဗယ် ဖြစ်လေသည်။


ဗြိတိသျှအစိုးရခေတ်တွင် စာပေအနေဖြင့် ဖွံ့ဖြိုးတိုး တက်မှုများရှိခဲ့သော်လည်း တိုင်းသူပြည်သား လူအများ၏ ပညာရေးအခြေအနေမှာ အလွန်နိမ့်ကျခဲ့သည်။ ဗြိတိသျှတို့၏ ပညာရေးစနစ်သည် လူတိုင်း လက်လှမ်းမမီနိုင်သော စနစ်ဖြစ် သဖြင့် လူများစုသည် ဆင်းရဲသားများဖြစ်ကြ၍ ပညာရေးထက် ဝမ်းရေးကို အလေးထားနေရသဖြင့် လည်းကောင်း၊ များပြား သောလူမျိုးနှင့် ဘာသာစကားရှိသဖြင့် လည်းကောင်း၊ စာ မတတ်သောလူဦးရေသည် ၁၅ ရာခိုင်နှုန်းခန့်ရှိခဲ့လေသည်။ ယခု လွတ်လပ်ရေးခေတ်တွင် စာတတ်သူဦးရေ ရာခိုင်နှုန်း များပြား၍ ပညာရေးအဆင့်အတန်းမြင့်မားလာစေရန် အိန္ဒိယ အစိုးရက ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ သိပ္ပံပညာ ထွန်းကားရေး၊ အသက်မွေးမှုပညာတိုးတက်ရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။ သို့သော် အခက်အခဲများကား ရှိနေဆဲပင်ဖြစ်သည်။ အစိုးရလက်အောက်ခံနှင့် အစိုးရ အထောက် အပံ့ခံကျောင်းများ တွင် အခမဲ့မူလတန်းပညာရေး သတ်မှတ်ပေးထားလေသည်။

အိန္ဒိယဂီတသည် မြန်မာဂီတနည်းတူ အကွေ့အဝိုက် အတွန့်အကွန့်များဖြင့် ဂီတအရသာဖော်သည်။ အနောက်တိုင်း ဂီတကဲ့သို့ အသံ၏ထုထည်ပေါ်၌ ဂီတအရသာမဖော်ချေ။ ထို့ ကြောင့် အနောက်တိုင်းတူရိယာဂီတဝိုင်းကြီးများကဲ့သို့ တူရိယာ အများအပြားကို အသံဖက်စပ်မှုစနစ်သုံးပြီးလျှင် တစ်ပြိုင်နက် တည်း တီးမှုတ်လေ့မရှိပေ။ အသုံးများသော တူရိယာပစ္စည်း များသည် ဗုံနှင့်ပြွေဖြစ်သည်။ ရှေးကပင်အသုံးပြုခဲ့သော ကြိုး တပ်တူရိယာများလည်း ရှိသေးသည်။ ဘဝသရုပ်ဖော် တေးဂီတ များကို သံပြိုင်သီဆိုလေ့ရှိကြလေသည်။

နိုင်ငံသမိုင်း[ပြင်​ဆင်​ရန်​]

အိန္ဒိယသည် သမိုင်းခေတ်မတိုင်မီ အနှစ်ထောင်ပေါင်း များစွာကပင် လူနေအဆက်မပြတ်ခဲ့၍ အလွန်ရှေးကျလှသည့် ကာလက ပေါ်ထွန်းခဲ့သော တိုင်းပြည်ကြီးတစ်ပြည်ဖြစ်သည်။ ယခု ပါကစ္စတန်နိုင်ငံ၌ပါဝင်သော အိန္ဒုမြစ်ဝှမ်း၌ လွန်ခဲ့သည့် နှစ်ပေါင်း ၅ဝဝဝ ခန့်က ထွန်းကားခဲ့သော အိန္ဒိယရှေးခေတ် ယဉ်ကျေးမှုများထက်ပင် ပိုမိုအဆင့်အတန်းမြင့်၍ ပိုမိုကြွယ်ဝ သည်ဟုဆိုနိုင်သော အထောက်အထားများတွေ့ရသည်။


ဘီစီ ၁၅ဝဝခန့်တွင် အာရိယန်လူမျိုးများသည် ခိုက်ဗာ တောင်ကြားလမ်းမှ ဒလကြမ်းဝင်ရောက်လာ၍ လုယက်တိုက် ခိုက် ဖျက်ဆီးမှုများကြောင့် အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှုကြီး ပျက် သုဉ်းခဲ့ရသည်ဟု အချို့ကယူဆကြသည်။ အိန္ဒုမြစ်ဝှမ်းတွင်ရှိနေ ကြသော တိုင်းရင်းသား ဒြာဗီးဒီးယန်းတို့သည် ထိုဒေသမှ ထွက်ပြေးခဲ့ကြ၍ အိန္ဒိယအလယ်ပိုင်းနှင့် မြောက်ပိုင်းသို့ အနှံ့ အပြားရောက်သွားကြသည်။ ထို့နောက်တွင် နှစ်ပေါင်းထောင်နှင့် ချီသော ကာလအပိုင်းအခြားအတွင်း၌ အာရိယန်တို့သည် ယင်း တို့၏ဘုန်းလက်ရုံးကို တဖြည်းဖြည်းချဲ့ခဲ့ရာ တစ်စတစ်စ နယ် ကျယ်ပြန့်လာ၍ ဂင်္ဂါမြစ်ဝှမ်းအထိ ရောက်လာကြပြီးလျှင် အိန္ဒိယမြောက်ပိုင်း တစ်ခွင်တစ်ပြင်လုံးကို လွှမ်းမိုးကြီးစိုးခဲ့ကြ လေသည်။


အိန္ဒိယနိုင်ငံ၏ သမိုင်းခေတ်သည် ဘီစီခြောက်ရာစုက စတင်ခဲ့သည်။ ထိုအချိန်တွင် အာရိယန်တို့သည် အိန္ဒုမြစ်ဝှမ်း နှင့် ဂင်္ဂါမြစ်ဝှမ်းတို့၌ တိုင်းကြီး ၁၆ တိုင်းတည်ထောင်ကာ ဘုန်းမီးနေလ ထွန်းပနေကြသည်။ ဘီစီငါးရာစုမှ လေးရာစု အတွင်း အီရန်ဘုရင် ဒရိယတ်သည် အိန္ဒုမြစ်ဝှမ်းဒေသသို့ မိမိ၏တပ်များကို ချီတက်တိုက်ခိုက်စေခဲ့သော်လည်း ထိုဒေသကို ကြာရှည်တည်တံ့စွာ သိမ်းပိုက်မထားနိုင်ခဲ့ချေ။ အိန္ဒိယနိုင်ငံ သမိုင်းတင်ခေတ်ဦးဖြစ်သော ခြောက်ရာစု အလယ်ခန့်တွင် ဂေါတမဘုရားသခင်သည် ဂင်္ဂါမြစ်ဝှမ်းရှိ မဇ္ဈိမ ဒေသ၌ ပွင့်တော်မူ၍ ဗုဒ္ဓသာသနာ စတင်ပွင့်လင်းခဲ့သည်။ ဂေါတမမြတ်စွာဘုရားသခင် လက်ထက်၌ပင် ဂျိန်းအယူဝါဒ ပေါ်ထွန်းခဲ့သည်။ ဗုဒ္ဓသာသနာ ရောင်ဝါထွန်းလင်းခဲ့သော်လည်း အရိုးစွဲ၍ အမြစ်တွယ်နေပြီဖြစ်သော ဗြဟ္မဏအယူဝါဒသည် လုံးဝပပျောက်သွားခြင်းမရှိပေ။ နောင်အခါ ဗြဟ္မဏအယူဝါဒီ မင်းများ တန်ခိုးကြီးလာ၍ ဗုဒ္ဓသာသနာ မှေးမှိန်ခဲ့ရလေသည်။ ဘီစီ ၃၂၆ ခုနှစ်တွင် အိန္ဒုမြစ်ဝှမ်းသို့ ဂရိဧကရာဇ် အယ်လက်ဇန္ဒာ-သ-ဂရိတ်၏တပ်များ ချီတက် တိုက်ခိုက်သိမ်း ပိုက်ခဲ့သည်။ ဂရိတို့ ထိုဒေသ စိုးမိုးနေစဉ်ကာလအတွင်း ဂရိ ယဉ်ကျေးမှုသည် တိုင်းရင်းသား ယဉ်ကျေးမှုအပေါ် အကျိုး များစွာ သက်ရောက်ခဲ့လေသည်။

အယ်လက်ဇန္ဒာ-သ-ဂရိတ်၏ တာဝန်ပေးချက်အရ အိန္ဒုမြစ်ဝှမ်းကို စိုးမိုးအုပ်ချုပ်ရသော ဂရိတပ်မှူးတပ်ဗိုလ်များ သည် ထိုဒေသကို နှစ်ကာလရှည်မြင့်စွာ မသိမ်းပိုက်ထားနိုင်ကြ ချေ။ စန္ဒဂုတ္တမောရိယမင်းသည် ဂင်္ဂါမြစ်ဝှမ်းမှ တိုင်းများကိုပါ သိမ်းသွင်းပြီးလျှင် ကျယ်ပြန့်သော မောရိယနိုင်ငံတော်ကြီးကို ထူထောင်နိုင်ခဲ့သည်။ မောရိယမင်းဆက်မှ မင်းတစ်ပါးဖြစ်သော သီရိဓမ္မာသောကမင်းသည် အိန္ဒိယတစ်နိုင်ငံလုံးကို သိမ်းပိုက် ပေါင်းစည်းနိုင်ခဲ့သည်။ ထိုမင်းသည် ဗုဒ္ဓအယူဝါဒီအဖြစ် ကူး ပြောင်းပြီးနောက်တွင် စစ်မက်တိုက်ခိုက်ခြင်းကို မပြုဘဲ ဗုဒ္ဓ သာသနာကို လွန်စွာချီးမြေ|ာက်ခဲ့သော သာသနာပြုမင်းတစ်ပါး ဖြစ်လာခဲ့လေသည်။ အသောကမင်းကို ဆက်ခံသော မင်းများလက်ထက် တွင်မူ နိုင်ငံတော်သည် အကွဲကွဲအပြားပြား ပြန်၍ဖြစ်ပြန်သည်။ ထိုအခါ အာရှတိုက်အလယ်ပိုင်းနှင့် အနောက်ပိုင်းမှ ဆီသီယန်၊ အာရပ်၊ ဂရိနှင့် ဗက်တြိယန်လူမျိုးတို့သည် နိုင်ငံတော်အတွင်း သို့ ဝင်ရောက်နှောင့်ယှက် ဖျက်ဆီးကြပြန်သည်။ ဆီသီယန် လူမျိုးတို့သည် အိန္ဒိယမြောက်ပိုင်း၌စိုးမိုးခဲ့ကြ၍ ထိုလူမျိုးဖြစ် သော ကနိသျှကမင်း(အေဒီတစ်ရာစု) သည် ဗုဒ္ဓအယူဝါဒီတစ်ဦး ဖြစ်လာပြီးလျှင် ဗုဒ္ဓသာသနာကိုအလွန်ချီးမြှင့်သည်။ အသောက မင်းကဲ့သို့ပင် သာသနာပြန့်ပွားထွန်းကားရန် ဆောင်ရွက်၍ သာသနာစင်ကြယ်သန့်ရှင်းစေရန် သင်္ဂါယနာတင်ခြင်းကိုလည်း ပြုခဲ့ပေသည်။

ထို့နောက်တွင် မဂဓတိုင်းမှ ဗြဟ္မဏဝါဒီ ဂုတ္တမင်းများ ထင်ရှားလာသည်။ ထိုမင်းတို့သည် မိမိတို့နိုင်ငံတော်ကို ကျယ် ပြန့်အောင် စစ်မက်ရေးရာဖြင့် ဆောင်ရွက်ခဲ့ရာ အိန္ဒိယမြောက် ပိုင်းတစ်ခွင်ကို စိုးမိုးအုပ်ချုပ်နိုင်ခဲ့ကြသည်သာမက အာဖဂနိ စတန် တစ်စိတ်တစ်ဒေသနှင့် တောင်ဘက်ဝိန္ဒိယတောင်တန်း အထိ နယ်ချဲ့နိုင်ခဲ့ကြလေသည်။ ဂုတ္တမင်းများခေတ်တွင် နိုင်ငံ အတွင်း လွန်စွာသာယာဝပြောခဲ့သည်။ စာပေစသောယဉ်ကျေးမှု အနုပညာများ အလွန်ဖွံ့ဖြိုး၍ လှပခန့်ညားသောအဆောက်အအုံ များ၊ စည်ကားသော မြို့ပြကြီးငယ်များ ပေါ်ထွက်ခဲ့လေသည်။ မြောက်ပိုင်းတွင် ဂုတ္တမင်းများ၏ နိုင်ငံတော်သည် ကျက်သရေအမျိုးမျိုးဖြင့် တင့်တယ်သာယာနေစဉ် တောင်ပိုင်း၌ လည်း အန္ဓရ၊ ပလ္လဝါနှင့် အခြားဟိန္ဒူမင်းဆက်များ စိုးစံသော ပြည်ထောင်များသည်လည်း သာယာတိုးတက်လျက် ရှိနေကြ သည်။ ဗြဟ္မဏအယူဝါဒီမင်းများစိုးစံသော ပြည်ထောင်များသည် အိန္ဒိယတောင်ပိုင်း၌ ရှေးမဆွကပင် ရှိနေခဲ့သော်လည်း ငါးရာစု နောက်ပိုင်းတွင်မှ ထင်ရှားထွန်းကားလာသည်။ အိန္ဒိယတောင် ပိုင်းသားများသည် ရေကြောင်းကျွမ်းကျင်သူများ ဖြစ်ကြ၍ ရေခြားမြေခြား၌ နယ်သစ် ပြည်သစ်ထူထောင်နိုင်ခဲ့ကြပြီးလျှင် မလ္လာယုကျွန်းဆွယ်၊ ထိုင်း (ယိုးဒယား)၊ အင်ဒိုနီးရှား၊ မြန်မာ စသည့် အရှေ့တောင်အာရှနိုင်ငံများတွင် အိန္ဒိယယဉ်ကျေးမှုကို ပြန့်ပွားကြီးထွားစေခဲ့လေသည်။

ဟိန္ဒူရာဇပုတ္တ မင်းညီမင်းသားတို့သည် အေဒီ ၈ဝဝ မှ ၁ဝဝဝ ခန့်အထိ တန်ခိုးကြီးမားနေခဲ့ကြ သည်။ ယင်းတို့၏ အဆက်အနွယ်အချို့သည် ဗြိတိသျှအစိုးရ လက်ထက်တိုင်အောင် တန်ခိုးအရှိန်အဝါ ရှိနေကြသေးသည်။

အိန္ဒိယမြောက်ပိုင်းတွင် အေဒီခုနစ်ရာစုမှ ၁၃ ရာစုနှစ် အထိ ဟိန္ဒူမင်းများသည် အညီအညွတ် အစည်းအလုံးမရှိဖြစ် နေသည်။ စန္ဒဂုတ္တမင်း၊ အသောကမင်းတို့ကဲ့သို့ နိုင်ငံကို တစ်လုံးတစ်စည်း သိမ်းရုံးအုပ်ချုပ်နိုင်သော အာဇာနည်မင်းများ လည်း မပေါ်ထွက်ခဲ့ချေ။ ထိုအခါ မျိုးခြား၊ အယူဝါဒခြားဖြစ် သော အာရပ်၊ အာဖဂန်နှင့် မွန်ဂိုတို့သည် နိုင်ငံအတွင်းသို့ ဝင် ရောက်စိုးမိုးကြသည်။ ပထမတွင် အာရပ်တို့သည် စီးပွား ကုန်သွယ်ရေးနှင့် အစ္စလာမ်အယူဝါဒ ပြန့်ပွားရေးအတွက် ဝင် ရောက်စိုးမိုးကြသည်။ တိုင်းရင်းသားတို့က ပုန်ကန်သည့်အခါ ပြန်ထွက်သွားကြသည်။ သို့သော် ဇာတ်စနစ်မရှိသော အစ္စလာမ် အယူဝါဒသည် အိန္ဒိယမြေ၌ အမြစ်တွယ်စပြုလေသည်။ အာရပ်တို့ထွက်သွားပြီးနောက် အာဖဂန်တို့သည် အိန္ဒိ ယမြောက်ပိုင်းကို ကြိမ်ဖန်များစွာဝင်ရောက် နှောင့်ယှက်ကြ သော်လည်း ပိုင်ပိုင်နိုင်နိုင် သိမ်းပိုက်ခြင်းမပြုချေ။ ၁၁ ရာစုနှစ် တွင် အာဖဂန်ဘုရင်မာမွတ်သည် အိန္ဒိယမြောက်ပိုင်းကို တစ် စိတ်တစ်ဒေသ အုပ်စိုးသည်။ ထိုမင်းသည် စစ်အတတ် ကျွမ်း ကျင်၍ အစ္စလာမ်အယူဝါဒ ပြန့်ပွားရေးကိုလည်း ဆောင်ရွက် သည်။ ထိုမင်းလွန်သော် အိန္ဒိယမြောက်ပိုင်းသည် အခြေအနေ ကစင့်ကလျား ဖြစ်ပြန်လေသည်။ သို့သော် ယခုပန်ဂျပ်နှင့် သိန္ဒုပြည်နယ်တို့တွင် အစ္စလာမ်အယူဝါဒသည် ခြေကုတ်ရခဲ့လေ သည်။


တစ်ဆယ့်နှစ်ရာစုနှစ်တွင် အာဖဂန်တို့သည် ဝင်ရောက် လာပြန်၍ နောက်ဆုံးတွင် အိန္ဒိယမြောက်ပိုင်းနှင့် တောင်ပိုင်း ကိုပါ ယင်းတို့သိမ်းသွင်းနိုင်ခဲ့သည်။ မြောက်ပိုင်းနှင့်တောင်ပိုင်း အိန္ဒိယပြည်နယ်ကြီးများကို စိုးမိုးနိုင်ခဲ့သော အာဖဂန်မင်းကား ရှဟတ်ဥဒင်ဂုရီ ဖြစ်သည်။ ထိုမင်း၏ အဆက်အနွယ်တို့သည် နှစ်ပေါင်း ၁၅ဝ ခန့်အတွင်း အိန္ဒိယအရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ ဒေသအချို့ကိုအုပ်စိုးခဲ့ကြ၍ အစ္စလာမ်အယူဝါဒနှင့် ယဉ်ကျေးမှု တို့ကို ပြန့်ပွားစေခဲ့ကြသည်။ ယင်းသို့ဖြင့် အိန္ဒိယနိုင်ငံအတွင်း ၌ ဟိန္ဒူနှင့် မွတ်စလင်မင်းတို့ ထီးပြိုင် နန်းပြိုင် စိုးစံနေကြ၍ တစ်ပြည်ထောင်နှင့် တစ်ပြည်ထောင်လည်း စစ်ခင်းနေကြရာ၊ ဝါးအစည်းပြေသကဲ့သို့ ရှိနေကြသဖြင့် ၁၆ ရာစုနှစ်တွင် ဝင်ရောက်တိုက်ခိုက်လာသော မွန်ဂို (မဂို) များလက်အောက်သို့ ဝပ်စင်းကြရလေတော့သည်။


အာရှအလယ်ပိုင်းသား မဂို(မွန်ဂို) တို့သည် ၁၃ ရာစု နှစ် ဂျင်ဂစ်ခန်မင်း လက်ထက်မှစ၍ အိန္ဒိယကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ကြာရှည်အုပ်စိုးရန် မရည်ရွယ် သဖြင့် လုယက်ဖျက်ဆီးရုံမျှသာ ပြုခဲ့ကြသည်။ ၁၄ ရာစုနှစ် တွင် ဒေလီမြို့အထိဝင်ရောက် တိုက်ခိုက်ခဲ့သော မဂိုမင်း တမာလိန်သည်လည်း ထိုနည်းအတူပင် လုယက်ဖျက်ဆီးခြင်း သာပြုခဲ့သည်။ ၁၆ ရာစုနှစ်တွင် ဝင်ရောက်တိုက်ခိုက်လာသော မဂိုမင်း ဗေဗာမှာမူ သိမ်းပိုက်မိသမျှသော ပြည်ထောင်ကြီးငယ် များကို စုစည်းပြီးလျှင် အိန္ဒိယ၌ မဂိုနိုင်ငံတော်ကို ထူထောင်၍ စိုးစံလေသည်။

အိန္ဒိယ၌စိုးစံသော မဂိုမင်းဆက်များအနက် ဗေဗာမင်း ၏မြေးတော် အက္ကဗာသည် အထူးချွန်ဆုံးဖြစ်သည်။ မဂိုမင်း ဆက်များသည်လည်း အစ္စလာမ်ဝါဒီများဖြစ်ကြ၍ ထိုအယူဝါဒ ပြန့်ပွားရေးကို အားပေးခဲ့ကြသဖြင့် မွတ်စလင်ယဉ်ကျေးမှုများ ထွန်းကားခဲ့လေသည်။


မဂိုနိုင်ငံတော်ကြီးသည် အက္ကဗာ၏ အဆက်အနွယ်ဖြစ် သော အော်ရမ်ဇစ်လက်ထက်၌ အကျယ်ပြန့်ဆုံးဖြစ်ခဲ့၍ ထိုမင်း လက်ထက်မှစတင်ပြီးလျှင် နိုင်ငံတော်ကြီး ယိုယွင်းလာခဲ့သည်။ ထိုမင်းသည် အစ္စလာမ်အယူဝါဒီ မဟုတ်သူတို့အား အလွန် နှိပ်ကွပ်သဖြင့် ပန်ဂျပ်မှဆစ်လူမျိုးများ ပုန်ကန်ကြသည်။ အိန္ဒိယအလယ်ပိုင်းမှ မာရတ္ထလူမျိုးများလည်း ထကြွကြသည်။ ထို့ကြောင့် နိုင်ငံတော်ကြီး အင်အားဆုတ်ယုတ်လာရာ အော်ရမ် ဇစ်၏နောက် စိုးစံကြသော မဂိုမင်းများသည် ဒေလီမြို့တော် တစ်ဝိုက်၌သာ တန်ခိုးအာဏာရှိကြလေတော့သည်။ ထိုအချိန် တွင် အီရန်နိုင်ငံသည် အင်အားတောင့်တင်းလာ၍ အီရန်ဘုရင် နာဒါရှားသည် အိန္ဒိယမြောက်ပိုင်းကို တိုက်ခိုက်လာပြန်သည်။ တစ်နိုင်ငံလုံးသည် ကစင့်ကလျားရှိနေ၍ ပြည်ထောင် အများ အပြားသည် ထီးပြိုင် နန်းပြိုင် ဖြစ်နေကြသည်။ ထိုကာလ၌ အိန္ဒိယကမ်းရိုးတန်း နေရာကောင်းများ၌ ခြေကုတ်ရနေခဲ့သော အင်္ဂလိပ်၊ ပြင်သစ်၊ ပေါ်တူဂီတို့သည် အိန္ဒိယနိုင်ငံကို တဖြည်း ဖြည်း ဝါးမျိုစပြုလေပြီ။


ဗက်စကိုဒါဂါးမသည် ဗာလဗာကမ်းရိုးတန်းရှိ ကလီ ကတ်၌ ခြေချသည်မှစ၍ နှစ်ပေါင်း ၂ဝဝ အတွင်း ဥရောပ နိုင်ငံကြီးများသည် ကြွယ်ဝသောအိန္ဒိယအား ကုန်သွယ်ရေး အကြောင်းပြုပြီးလျှင် သိမ်းပိုက်နိုင်ရန် အပြိုင်ကြိုးပမ်းလာကြ သည်။ ယင်းတို့အနက် ဗြိတိသျှသည် စားကျက်လုဘက် အခြား ဥရောပနိုင်ငံသားများအား ကတုံးပေါ်ထိပ်ကွက်နိုင်ကာ မဂို၊ မာရတ္ထစသော အခြားအိန္ဒိယတိုင်းရင်းသား မင်းညီမင်းသားများ ကို နှိမ်နင်းသိမ်းသွင်းခဲ့သည်။ ၁၉ ရာစုနှစ်အလယ်ပိုင်းတွင် ဗြိတိသျှတို့သည် ကြွယ်ဝသော မြစ်ဝှမ်းဒေသကြီးများနှင့် ကမ်း ရိုးတန်းလွင်ပြင်ဒေသများကို အပိုင်စီးမိထားလေပြီ။ ကျန်အစိတ် အပိုင်းတို့သည် မဟာရာဇာစော်ဘွားများနှင့် ပဒေသရာဇ်မင်းညီ မင်းသားများ၏ လက်အောက်ခံများဖြစ်ကြသော်လည်း စင်စစ် ဗြိတိသျှတို့၏ သွယ်ဝိုက်သော ဩဇာခံများ ဖြစ်ကြလေသည်။ ဗြိတိသျှတို့လက်အောက်သို့ ရောက်ခဲ့သည့်အချိန်မှစ၍ အိန္ဒိယမျိုးချစ်တစ်စုသည် နိုင်ငံခြားသား စိုးမိုးမှုအောက်မှ လွတ်မြောက်ရန် အင်အားစုခဲ့ကြသည်။ ၁၈၈၅ ခုနှစ်တွင် အိန္ဒိယနေရှင်နယ်ကွန်ဂရက်ခေါ် အိန္ဒိယအမျိုးသားအစည်းအရုံး ပေါ်ပေါက်ခဲ့သည်။ မဟတ္တမဂန္ဓီသည် အမျိုးသားလှုပ်ရှားမှု များ၏ ခေါင်းဆောင်ဖြစ်လာသည်။ လက်နက်မစွဲကိုင်ဘဲ အနု နည်းဖြင့် ဗြိတိသျှအစိုးရအား ဆန့်ကျင်ရေးလမ်းစဉ်ကိုသာ ဂန္ဓီမဟတ္တမ ကျင့်သုံးခဲ့သည်။


အနုနည်းလမ်းစဉ်ကို ကျင့်သုံးလင့်ကစား အမျိုးသားလှုပ်ရှားမှုများ ပို၍ပို၍ပြင်းထန်လာ သည်။ ကိုယ်ပိုင်အုပ်ချုပ်ရေးတောင်းဆိုသံများ ပိုမိုကျယ်လောင် လာသည်။ ဒုတိယကမ္ဘာစစ်အတွင်းက အိန္ဒိယအမျိုးသားတို့ သည် မဟာမိတ်တပ်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း ကိုယ်ပိုင်အုပ်ချုပ်ရေးတောင်းဆိုမှုများ ပို၍ပြင်းပြလာလေသည်။ ကို်ယ်ပိုင်အုပ်ချုပ်ရေး၊ လွတ်လပ်ရေးအတွက် လှုပ်ရှား တောင်းဆိုမှုများ ပြင်းထန်လာသဖြင့် ၁၉၄၇ ခုနှစ်၊ ဩဂုတ်လ တွင် ဗြိတိသျှအစိုးရသည် အိန္ဒိယကိုလက်လွှတ်ရလေတော့ သည်။ မဟာမက်အလီဂျင်းနား ခေါင်းဆောင်သော မွတ်စလင် အမျိုးသားများ၏ ဆူပူတောင်းဆိုမှုကြောင့် ဗြိတိသျှအစိုးရက အိန္ဒိယနှင့် ပါကစ္စတန်ဟူ၍ နှစ်နိုင်ငံခွဲခြား ဖွဲ့စည်းပေးလိုက်ပြီး သည့်နောက်တွင် ဟိန္ဒူ-မွတ်စလင်အဓိကရုဏ်းများ ဆက်လက် ဖြစ်ပွားနေခဲ့သေးသည်။ ဗြိတိသျှအစိုးရအုပ်ချုပ်ရေး ရုပ်သိမ်း သွားပြီးနောက်တွင် အိန္ဒိယသည် ဒိုမီနီယံအုပ်ချုပ်ရေးစနစ်ကို အခိုက်အတန့်အားဖြင့် လက်ခံထား၍ အုပ်ချုပ်ရေးစနစ် ရေးဆွဲ ပြီးစီးသောအခါ ၁၉၅ဝ ပြည့်နှစ် ဇန်နဝါရီလ ၂၆ ရက်နေ့၌ အိန္ဒိယသည် ဗြိတိသျှဓနသဟာရအဖွဲ့ဝင် အချုပ်အချာအာဏာ ပိုင် ပြည်ထောင်စုသမ္မတနိုင်ငံအဖြစ် ကြေညာခဲ့လေသည်။


ဒေါက်တာ ရာဂျင်ဒြာပရာဆတ်သည် အိန္ဒိယသမ္မတနိုင်ငံ၏ ပထမဆုံးသမ္မတဖြစ်ပြီးလျှင် ရှရီနေရူးသည် လွတ်လပ်သည့် အိန္ဒိယနိုင်ငံဖြစ်လာသည့် အချိန်မှစ၍၁၉၄၆ ခုနှစ် မေလ၂၇ ရက်နေ့၌ ကွယ်လွန်သည်အထိ အိန္ဒိယအစိုးရ၏ဝန်ကြီးချုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။ ယခုလက်ရှိ သမ္မတမှာ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၂ဝ ရက်နေ့တွင် ပဉ္စမမြောက်သမ္မတအဖြစ် ရွေးကောက်တင်မြေ|ာက်ခြင်းခံခဲ့ရသော ဖာခရူဒင် အလီအာမက် ဖြစ်သည်။ လက်ရှိဝန်ကြီးချုပ်မှာ ၁၉၆၆ ခုနှစ် ဇန်နဝါရီလမှ အစပြု၍ ဝန်ကြီးချုပ်အဖြစ် လူဦးရေသန်းပေါင်း ငါးရာကျော် ရှိသော နိုင်ငံကြီးကိုထိန်းမတ် ပဲ့ကိုင်လျက်ရှိသည့် (ရှရီနေရူး၏ သမီး) မစ္စက်အင်ဒီရာဂန္ဓီဖြစ်သည်။

ပြည်နယ်များ[ပြင်​ဆင်​ရန်​]

အိန္ဒိယပြည်ထောင်စု၏ ပြည်နယ်များမှာ·

ပြည်နယ် မြို့တော်
မဇ္ဈဒေသ ဗိုပေါ
ရာဇဌာန် ဂျေးပူး
မဟာရဋ္ဌ ဘုံဘိုင်
ဥတ္တရဒေသ လတ်ခနောင်
အန္ဓရဒေသ ဟိုက်ဒရဗတ်
ဂျမ္မူနှင့် ကသ္မီရ ဆရင်နဂါ
အာသံ ဒစ္စပူ
ကာနတက ဗန်ဂလို
ဂူဂျရတ် ဂန္ဓီနဂါ
ဗီဟာ ပတ္တန
ဩရိဿ ဘူဗန်နိသျှဝါ
တမီနာဒူ မဒရပ်
ပန်ဂျပ် ချန်ဒီဂါ
အနောက်ဘင်္ဂလား ကာလကတ္တား
ကဲရာလာ တြိဗန်ဒရမ်
ဟာရိယာန ချန်ဒီဂါ
ဟိမာချာဒေသ ဆင်းမလား
နာဂလန်ပြည်နယ် ကိုဟီးမား
မဏိပူရ အင်ဖား
တြိပူရ အဂါတာလ
မိဂါလယ ရှီလောင်
ဆစ်ကင်း ဂန်တုတ်ဝ
တေလင်္ဂဏ TBD

အထက်ပါပြည်နယ်တို့ကို ပြည်နယ်အစိုးရအသီးသီးက အုပ်ချုပ်သည်။ ယင်းတို့အပြင် ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်သော နယ်ပယ်များလည်းရှိသေးရာ ယင်းနယ်ပယ်များမှာ အောက်ပါ အတိုင်းဖြစ်လေသည်။ နယ်ပယ် မြို့တော်

  1. ကပ္ပလီကျွန်းနှင့် နီကိုဗာကျွန်း ပို့ဗလဲယား
  2. ဒေလီ ဒေလီ
  3. လက်ရွှာဒွိ ကာဗာရတ်တီ
  4. ချန်ဒီဂါ ချန်ဒီဂါ
  5. ဒါဒရာနှင့် နာဂါဟာဗေလီ ဆီလဗတ်ဆ
  6. ဂိုအာ၊ ဒါမန်နှင့် ဒျူ ပါနာဂျီး
  7. ပွန်ဒီချယ်ရီ ပွန်ဒီချယ်ရီ
  8. အရူနာချာဒေသ ဣတနာဂါ
  9. မီဇိုရမ် အာအိဇော

ပြည်နယ်စာရင်းတွင် ဖော်ပြထားသည့် ဆစ်ကင်းပြည် နယ်သည် ယခင်က အိန္ဒိယအစိုးရ၏ အစောင့်ရှောက်ခံနယ် ဖြစ်သည်။ ၁၉၇၅ ခုနှစ်မတ်လ ၁ ရက်နေ့တွင် ပြည်နယ်လူထု ဆန္ဒအရ အိန္ဒိယပြည်ထောင်စု၏ အပေါင်းပါပြည်နယ်ဖြစ်လာ သည်။ သို့သော်လည်း ပြည်သူလူထု၏ တစ်ခဲနက်တောင်းဆိုမှု ကြောင့် ထိုနှစ် ဧပြီလ ၂၆ ရက်နေ့မှ အစပြု၍ အိန္ဒိယနိုင်ငံ တွင် ဖွဲ့စည်းပါဝင်သည့် ပြည်နယ်တစ်ခု ဖြစ်လာလေသည်။ ဒေလီမြို့သည် အိန္ဒိယပြည်ထောင်စုနိုင်ငံ၏ မြို့တော် ဖြစ်သည်။ အိန္ဒိယပြည်ထောင်စုနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်သည်။[၁၃]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. State Emblem -Inscription. National Informatics Centre(NIC). Retrieved on 2007-06-17
  2. National Anthem - Know India portal. National Informatics Centre(NIC) (2007). Retrieved on 2007-08-31
  3. http://www.indiaonlinepages.com/population/india-current-population.html
  4. CIA Factbook: India. CIA Factbook. Central Intelligence Agency. Retrieved on 2007-03-10
  5. India at a Glance. Know India Portal. National Informatics Centre(NIC). Retrieved on 2007-12-07
  6. CIA - The World Factbook - India
  7. ၇.၀ ၇.၁ About India (in အင်္ဂလိပ်). အိန္ဒိယနိုင်ငံသံရုံး၊ စိုဖိယ. အိန္ဒိယနိုင်ငံသံရုံး. Retrieved on ၂၀၀၈-၀၇-၁၇
  8. Template:Harvnb
  9. Country Profile: India (PDF). Library of CongressFederal Research Division (December 2004). Retrieved on 24 June 2007
  10. States Reorganisation Act, 1956. Constitution of India. Commonwealth Legal Information Institute. Retrieved on 31 October 2007။; See also: Political integration of India.
  11. http://www.indiaonlinepages.com/population/india-current-population.html
  12. http://censusindia.gov.in/Census_Data_2001/India_at_glance/religion.aspx
  13. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)