လားဟူလူမျိုး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
လားဟူ(အနက်)
လားဟူ(အနီ)

လားဟူလူမျိုးများသည် တိဘက်မြန်မာ "လိုလို" ဟူသော လူမျိုးမှ ဆင်းသက်လာသည်။ ခရစ်တော် မပေါ်မှီ ဘီစီ ၆၀၀ ခန့်အထိ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် နေထိုင်ခဲ့ကြသည်။ လူဦးရေ များပြားလာသည်နှင့် အမျှ ရေကြည်ရာ မျက်နုရာသို့ ပြောင်းရွှေ့လာရာ မဲခေါင်မြစ်သံလွင်မြစ် ကြောင်းအတိုင်း စုန်ဆင်းလာရာ တရုတ်ပြည် တောင်ပိုင်း ရှမ်းပြည်နယ်ယိုးဒယားနိုင်ငံလာအိုနိုင်ငံ နယ်စပ်ဒေသများသို့ ရောက်ရှိနေထိုင်ခဲ့ကြသည်။ တရုတ်နိုင်ငံ လန်ချန်း လားဟူပြည်နယ်တွင် ၅ သိန်း၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် ၂ သိန်း၊ ယိုးဒယား၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့တွင် ၁ သိန်း စုစုပေါင်း ၈ သိန်းခန့် ရှိပါသည်။

လားဟူအနွယ်ဝင် လားဟူ န နှင့် လားဟူ ရှိ ၂ မျိုးရှိသည်။ အမျိုးကွဲပေါင်း ၂၀ ကျော် ရှိပြီး ကျိုင်းတုံမြို့တွင် ၁၂ မျိုး နေထိုင်သည်ဟု သိရသည်။ လားဟူ အမျိုးသားများသည် ပိတ်အနက်ဖြင့် ချုပ်ထားသော ဘောင်းဘီ၊ အင်္ကျီနှင့် ခေါင်းပေါင်းရှည်ကို ဝတ်ဆင်ကြသည်။ အမျိုးသမီးများသည် ရှေးယခင်က အင်္ကျီအရှည်နှင့် ခေါင်းပေါင်းအရှည် ဝတ်ဆင်ကြောင်း သိရသည်။ ယခုအခါ အင်္ကျီခါးတို၊ လုံချည်၊ ထမီများပြောင်းလဲ ဝတ်ဆင်လာပါသည်။ ရိုးရာဝတ်စုံများကို မင်္ဂလာဆောင်ပွဲ၊ ကောက်သစ်စားပွဲနှင့် နှစ်သစ်ကူးပွဲစသော အခါကြီးရက်ကြီးများတွင် ဝတ်ဆင်ကြပါသည်။ အမျိုးသမီးများ၏ လက်ဝတ်တန်ဆာမှာ ငွေလက်ကောက်၊ ငွေနားတောင်း၊ ငွေလည်ဆွဲပြားတို့ ဖြစ်ပြီး အမျိုးသားများမှာ လွယ်အိတ်၊ ဓား၊ ဆေးတံ၊ တူမီးသေနတ်တို့ကို အမြဲ ကိုင်ဆောင်လေ့ရှိသည်။ လားဟူ လူမျိုးများသည် နတ်ဗုဒ္ဓဘာသာခရစ်ယာန်ဘာသာတို့ကို ကိုးကွယ်ကြသည်။ လားဟူ လူမျိုးတို့၏ အနှစ်သက်ဆုံး အလုပ်မှာ "အမဲလိုက်ခြင်း" ဖြစ်သည် ။

လားဟူလူမျိုးများသည် ရှမ်းပြည်နယ်အရှေ့ပိုင်း တာကော်မှစ၍ ကျိုင်းတုံနယ် အရှေ့ဖျားတိုင်အောင်ခရီးလမ်းတစ်လျှောက် ကျေးရွာများတွင် နေထိုင်ကြ၍ လိုလို အုပ်စုခွဲတွင် ပါဝင်ကြသည်။ လားဟူလူမျိုးစုတို့တွင် လားဟူနနှင့် လားဟူရှီ ဟူ၍ နှစ်မျိုးရှိပြီးလျှင် ရှမ်းများ ကမူ ယင်းတို့ကို မူဆိုးဟုခေါ်ကြသည်။ ဤသို့ခေါ်ခြင်းကို လားဟူတို့ကမနှစ်သက်ကြဘဲ ယင်းတို့အချင်းချင်းသည် တစ်ဦးကိုတစ်ဦး လားဟူဟုသာခေါ် ကြသည်။ ရှေးအခါက လားဟူတို့သည် သံလွင်မြစ် မြောက်ဖျား အရပ်ဒေသတွင် နေထိုင်ခဲ့ကြ၍ ယခုအခါ မိုင်းဆတ်၊ မိုင်းပန်နှင့် ကျိုင်းတုံ အနီးတစ်ဝိုက် ကျေးရွများသို့ ပြောင်းရွေ့ရောက်ရှိလာ ကြသည်။လားဟူများသည် နတ်ကို လုံးလုံးလျားလျား ကိုးကွယ်သည်ဟူ၍ မရှိခဲ့ချေ။ နောင်ပွင့်မည့်ဘုရားကို မျှော်နေကြသူများဖြစ်သည် ဟုပြောဆိုကြ သည်။ အိမ်ဦးခန်းတွင် ဘုရားစင်ကို နတ်စင်ကဲ့သို့ ထားရှိကြသည်။ ယင်း တို့လူဦးရေ ၁ဝ ပုံ ၉ ပုံမှာ ဗုဒ္ဓဝါဒီများဖြစ်သော်လည်း ရုပ်ပွားတော်များကိုထားပြီး ထင်ထင်ရှားရှား ကိုးကွယ်ခြင်းမရှိကြချေ။ အချို့မှာ ခရစ်ယာန် ဝါဒီများဖြစ်ကြသည်။လားဟူများသည် လယ်ယာလုပ်ခြင်းထက် တောင်ယာခုတ် အလုပ်မျိုးကိုသာ အားထား၍ လုပ်ကိုင်ကြသည်။ တောင်ယာပဲခင်းမှ ပေါ်ဦး ပေါ်ဖျားဖြစ်သည့် သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် စပါး၊ ပဲ၊ ပြောင်းများကို ရှေးဦးစွာ မိမိတို့ သက်ဝင်ယုံကြည်သော အယူဝါဒအလိုက်လှူဒါန်းပူဇော်ပြီးမှ စားသုံးကြသည်။လားဟူများသည်လူတိုင်းလိုလို ဦးခေါင်းထိပ်တွင် ကျစ်ဆံမြီးထားကြရသည်။ ထိပ်လယ်တွင်ရှိသော ဗွေနေရာ၌ ဆံပင်ကိုရိတ်လိုက်လျှင်ဖျားနာပြီးသေတတ်သည်ဟုအယူရှိကြသည်။ လားဟူနသည် ယောကျာ်း၊ မိန်းမ နှစ်ဦးစလုံးပင် ရင်ဖုံးအင်္ကျီများ ဝတ်ကြသည်။ ရင်ကွဲအင်္ကျီမှာ ယခုခေတ်တွင်မှ ဝတ်သောအင်္ကျီဖြစ်သည်။ ယင်းတို့ အဝတ်တွင် အိမ်ထောင်ကျပြီးသူများအတွက် ရွှေချည်ထိုးရာ၌ အပြာနှင့်အစိမ်းရောင်ကိုသာထိုးရသည်။ လူပျို အပျိုများအတွက် အနီ၊ အဖြူ၊ အဝါရောင်များထည့်ရသည်။ လားဟူ မိန်းမသည် အဝတ်ရှည်ဝတ်ရသည်။ ဤကဲ့သို့ ဝတ်ဆင် ခြင်းမှာ လင်သားအားလည်းကောင်း၊ လူကြီးမိဘနှင့် ဂုဏ်သရေရှိ လူကြီးလူကောင်းများအားလည်းကောင်း ရိုသေသမှုပြုသည်ဟု သဘောထားကြသည်။ လားဟူရှီများမှာ အင်္ကျီတိုဝတ်ဆင်သူများ ဖြစ်ကြသော်လည်း ယင်းလူမျိုးမှ ဆင်းသက်လာခဲ့ သောလူမျိုးများ မှာ အင်္ကျီရှည်ဝတ်ဆင်သူက များပြားလေသည်။[၁]


ကောက်သစ်စားပွဲ[ပြင်​ဆင်​ရန်​]

ကောက်သစ်စားပွဲသည် လားဟူအမျိုးသားတို့အတွက် အရေးပါသော ပွဲတော်တစ်ခုဖြစ်သည်။ လားဟူလူမျိုးမှာ အရေးကြီးသော ပွဲလမ်းနှစ်ခုရှိသည်။

  1. နှစ်သစ်ကူး ပွဲ (ဇန်နဝါရီ၊ ဖေဖော်ဝါရီတွင် ကျင်းပသည်။)
  2. ကောက်သစ်စားပွဲ (စက်တင်ဘာအကုန် အောက်တိုဘာအချိန်တွင် ကျင်းပလေ့ရှိသည်။)

ကောက်နှံများ ရင့်မှည့်လာသောအချိန်မှာ ရပ်ရွာလူကြီးများက ကောက်သစ်စားပွဲ ကျင်းပမည့် နေ့ရက်ကို သတ်မှတ်ကြရ၏။ လားဟူလူမျိုးတို့၏ ပြက္ခဒိန်ရက် သတ်မှတ်မှုသည် တရုတ်လူမျိုးများနှင့် ဆင်တူသည်။ တစ်ပတ်တွင် နေ့ရက် ၁၂ ရက်ရှိပြီး ရက်များကို ခွေး၊ နွား၊ မြွေ စသည့် တိရစ္ဆာန်အမည်များဖြင့် သတ်မှတ်ထားပါသည်။ ထိုရက်များထဲမှ ယုန်ရက်၊ ကျားရက်နှင့် နဂါးရက်များမှာ နေ့ထူးနေ့မြတ်များ ဖြစ်သောကြောင့် ရွေးချယ်ကြခြင်း ဖြစ်သည်။ ထိုသို့ ရက်သတ်မှတ်ပြီးလျှင် ရပ်ရွာရှိ လမ်းများကို သေချာပြင်ဆင်ပြီး တစ်ရွာလုံး သန့်ရှင်းရေး လုပ်ကြရသည်။ ရွာသူရွာသားများက ကောက်သစ်စားပွဲအတွက် စပါးကို သေချာရိတ်သိမ်းပြီး ဆန်အဖြစ် ထောင်းကြရသည်။ ကောက်သစ်နှင့်အတူ တောင်ယာတွင် စိုက်ထားသော ပြောင်းဖူး၊ ငရုတ်၊ သခွား စသည့် ဟင်းသီးဟင်းရွက်များနှင့် ဟင်းခပ် အမွေးအကြိုင်များကိုပါ ဆွတ်ခူး ယူလာကြရပါသည်။ ကောက်သစ်စားပွဲနေ့ မနက်တွင် ခရစ်ယာန်ဘာသာ ကိုးကွယ်သူက တောင်ယာထွက် ကောက်သစ်နှင့် သီးနှံများနှင့် ဘုရားသခင်ကို ဆက်ကပ်ကြပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီး ဝတ်ပြု ဆုတောင်းကြပါသည်။

နတ်ကိုးကွယ်သူများမှာ သူတို့၏ ဘာသာရေးခေါင်းဆောင် ရှိပြီး ယောက်ျားအား သိုဗို ဟုခေါ်ပြီး အမျိုးသမီးကို သာလာမာ ဟုခေါ်သည်။ ထွက်လာသော ဦးဦးဖျားဖျား ဆန်ဖြစ်ဖြစ်၊ တစ်ခြား အသီးအနှံဖြစ်ဖြစ် ဘုရားကျောင်းကဲ့သို့ သီးသန့်ပူဇော်သည့် နေရာ၌ သွားရောက် ပူဇော်ကြပါသည်။ ထိုကဲ့သို့ ပူဇော်ပြီးနောက် ကောက်သစ်စားပွဲကို ကျင်းပလေ့ရှိပါသည်။ ကောက်သစ်စားပွဲကို အများအားဖြင့် စုပေါင်းကျင်းပကြသည်။ ရွာအလိုက် ကျင်းပကြသည်လည်း ရှိသည်။ လားဟူများမှာ အချင်းချင်း နီးနီးနားနား နေထိုင်ကြသည်က များသည်။ ဟိုဖက်ရွာ၌ ကောက်သစ်စားပွဲရှိလျှင် ဒီဖက်ရွာမှလည်းသွားကြသည်။ အလည့်ကျ ခေါ်ဖိတ်ပြီး ဆင်နွှဲကြသဖြင့် ပွဲကြီးမှာ စည်ကား၍နေပေသည်။

ချက်ပြုတ်သည့် နေရာမှာမူ ဒေသအလိုက် ကွဲပြားမှုလေးများ ရှိကြသည်။ တစ်ချို့က တစ်ရွာလုံး စုပေါင်းချက်ပြုတ်ကြသလို တစ်ချို့ကတော့ မိမိတို့ နေအိမ်တွင် ချက်ပြုတ်ပြီး ရွာလည်တစ်နေရာ၌ စုပေါင်းစားသောက်ကြသည်။

ဖိတ်ကြားထားသော ဧည့်သည်များအတွက် ရွာတွင် စုပေါင်းပြီး ချက်ထားတတ်ပါသည်။ ချက်ပြုတ်ထားသည့် အစားအသောက်များ အားလုံး တစ်နေရာတွင် စုပေါင်းထားပြီး ဧည့်သည်များရော ရွာသူရွာသားများပါ အတူတူ လက်ဆုံစားကြသည်။

လားဟူရိုးရာအရ ကောက်သစ်စားပွဲ ပြင်ဆင်ရာ၌ ထမင်းနှင့်ဟင်းကို လားဟူဘာသာဖြင့် အာဖရှခေါ် သစ်ရွက်ရှည် တစ်မျိုးဖြင့် ထုတ်ပြီး ပေါင်းရပါသည်။ ထိုသို့ ပေါင်းရာမှာလည်း အရွယ်တူ သစ်ရွက်နှစ်ရွက်ကို ကြက်ခြေခတ်ထုတ်ပြီး နှီးနှင့်ချည်ကာ ပေါင်းရပါသည်။ ဧည့်သည်များအား ထိုထမင်းပေါင်း ဟင်းပေါင်းများနှင့် ဧည့်ခံရသည်။ ကောက်သစ်စားပွဲမှာ ရိုးရာအရဆိုလျှင် ပန်းကန်ခွက်ယောက်များ လုံးဝမသုံးရပါ။ ကောက်သစ်စားပွဲမှာ မလုပ်မဖြစ်သည့် ရိုးရာတစ်ခုပါသည်။

မပါမဖြစ်သည့် ရိုးရာတစ်ခုက ဟွန်တောင်ထီးဟု ခေါ်သော ရိုးရာဟင်းဖြစ်သည်။ ထိုဟင်းသည် အသားကို ဟာကြား ဟုခေါ်သော ဆီးဖြူခေါက်၊ ဂျူးမြစ်၊ နံနံပင်၊ ကြက်သွန်မြိတ်စသည့် ဟင်းခတ် အမွေးအကြိုင်များနှင့် ရော၍ တောက်တောက်စင်း ဖက်နှင့်ထုတ်ပြီး ပေါင်းထားသော ဟင်းတစ်မျိုးဖြစ်သည်။

ထိုရိုးရာဟင်းအတွက် တစ်ချို့က ကောက်သစ်စားပွဲ မတိုင်မီ အမဲလိုက်ကြပြီး ရလာသော အသားများနှင့် ချက်ပြုတ်တတ်ကြပေသည်။ စားသောက်ပွဲ ပြီးသောအခါ ဗုံ၊ မောင်း၊ ဗူးပုလွေ စသည့် ရိုးရာတူရိယာများကို တီးမှုတ်ပြီး ကပွဲ ကျင်းပကြပါသည်။

အယူအဆ[ပြင်​ဆင်​ရန်​]

  • (လားဟူ အမျိုးသားများ) ရွာထိပ်သစ်ပင်များကို မခုတ်ရ။ ရွာထိပ်နတ်စင်နှင့် ရွာအနီးအနားရှိ သစ်တောကို မီးရှို့ခြင်း၊ ထင်းခုတ်ခြင်း မပြုရ။ ခုတ်လျှင် သေတတ်သည်၊ ကျားကိုက်တတ်သည်ဟု အယူရှိကြသည်။
  • (လားဟူ အမျိုးသားများ) ရွာတွင် သူတပါးသားမယားအား ပြစ်မှား ကျူးလွန်သူရှိပါက ကျွဲကို ကျားဆွဲတတ်သည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)