ရဝမ်လူမျိုး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရဝမ်လူမျိုး

ရဝမ်လူမျိုး များသည် ပူတာအိုချိုင့်ဝှမ်းလွင်ပြင်ဒေသ နောင်မွန် (ကဆန်ချောင်း) ချိုင့်ဝှမ်း ခေါင်လန်ဖူးဒေသမေခချိုင့်ဝှမ်း နှင့် ခရန်ခူးစသည့် ခါကာဘိုရာဇီ တောင်ခြေဒေသများတွင် နေထိုင်ကြသည်။ ရဝမ်လူမျိုးကို နုံလူမျိုးဟုလည်း ခေါ်ကြသည်။ တိဗက်မြန်မာအနွယ်ဝင် ဖြစ်၍၊ လိုလိုမူဆို အုပ်စုတွင် ပါဝင်၏။ မြန်မာနိုင်ငံ အထက်ပိုင်း၊ ပူတာအိုနယ်တစ်ဝိုက်၊ တိဆန်၊ တမိုင်၊ တရုန်၊ အင်မိုင်ခ မြစ်ဝှမ်းတစ်လျှောက်နှင့် အကျန် မြစ်ဝှမ်းအောက်ပိုင်း တို့တွင် နေထိုင်ကြသည်။

ရဝမ်လူမျိုးတို့ကို ကချင်နှင့် ရှမ်းတို့က နုံလူမျိုး၊ သို့မဟုတ် ခနုံဟူ၍ ခေါ်လေသည်။ ရဝမ်ဟူသည်မှာ ဖြူစင်သော အဝတ်ကို ဝတ်သည့် လူမျိုးဟူ၍ အဓိပ္ပါယ် ရသည်။ မရူလူမျိုးတို့က ယင်းတို့ကို နိုင်ဗောင်းဟု ခေါ်၏။ တရုတ်တို့ကမူ ကျူးဇီဟု ခေါ်လေသည်။ ကျူးဇီမှာ ဧရာဝတီမြစ်ကမ်း၌ နေသူများဟု အနက်ရ၏။ ရဝမ်လူမျိုးတို့သည် ကိုယ်ကာယ ကြီးထွားတုတ်ခိုင်၍၊ အသားလတ်၏။ မေးရိုးကြီး၏။ နှာတံပေါ်၏။ ယောက်ျားရော မိန်းမပါ အဝတ်ဖြူ ဝတ်ကြသည်။ နုံလူမျိုးအကြီးအကဲများသည် ကြိမ်ဖြင့် ရက်၍၊ ဝက်စွယ်ဖြင့် တန်ဆာဆင်ထားသော ဦးထုပ်များကို ဆောင်းလေ့ရှိ၏။ လှံရှည်ကြီးများနှင့် ဓားလွယ်များကို ကိုင်ဆောင်ကြသည်။

နုံလူမျိုးများသည် အလုပ်နှင့်လက် ပြတ်သည်ဟူ၍ မရှိအောင် ဝီရိယကောင်း၏။ တောင်ယာခုတ်၊ စပါးထောင်း၊ ရက်ကန်းရက်နှင့် တစ်နေကုန် အလုပ်လုပ်လေ့ရှိသည်။ အဝတ်အစားအတွက် အဇီးအီးခေါ် ဂုံလျှော်ပင်တစ်မျိုးမှ ချည်မျှင်ထုတ်၍ ရက်လုပ်ယူကြ၏။ စားသုံးရန်အတွက် တောင်ယာတွင် စပါးစိုက်ပျိုးရုံ သာမက၊ တောင်စောင်းတွင် လှေကားထစ်သဖွယ် အဆင့်ဆင့် မြေကို ထွင်၍၊ အာလူး၊ မြေပဲ၊ မုန်ညင်း၊ နှမ်းစသည်တို့ကို စိုက်ပျိုးလေ့ရှိကြသည်။ ရှေးအခါက နုံလူမျိုးတို့သည် သံလွင်မြစ်ဝှမ်းတွင် နေထိုင်ခဲ့ကြ၏။ မူလကပင် ထိုဒေသ၌ အိုးအိမ်အခြေစိုက်၍၊ အတည်အမြဲ နေထိုင်ရန် ရည်သန်ရင်း ရှိဟန်တူသည်။ သို့ရာတွင် လီဆူးလူမျိုးတို့ကြောင့် တဖြည်းဖြည်း အနောက်ဘက်သို့ ရွှေ့လာရာမှ၊ ယခုနေထိုင်သော နေရာတို့ကို ရောက်ရှိ လာခြင်းဖြစ်သည်ဟု ယူဆရန် ရှိလေသည်။ ယခုအခါ၌မူ လီဆူးတို့ နှင့်ပင် ရောနှောနေထိုင်လျက်ရှိလေသည်။ အောက်ပိုင်းနမ့် တမိုင်၊ မတ်ဝမ်နှင့် အကျန်မြစ်ဝှမ်းတို့၌ နုံလူမျိုးနှင့် လီဆူးတို့၏ ရွာပေါင်း ၁၇၅ ရွာခန့်ရှိ၍၊ ရဝမ် အိမ်ခြေပေါင်း ၂ဝဝဝ ခန့်နှင့် လီဆူး အိမ်ခြေပေါင်း ၆ဝဝ ခန့်ရှိလေသည်။ စုစုပေါင်း လူဦးရေမှာ ၁၅,ဝဝဝ ခန့်ဟု ခန့်မှန်းရသည်။

ရဝမ်လူမျိုးတို့တွင် အမျိုးအနွယ်ပေါင်း ၈ဝ ခန့်ရှိသည်။ ရှေးအခါက တစ်စုနှင့်တစ်စု သီးသန့်နေလေ့ ရှိလေရာ၊ နေထိုင်ရာဒေသ၏ လမ်းပန်းအခြေအနေ မပြေပြစ်မှုကြောင့်၊ တစ်မျိုးနှင့်တစ်မျိုးပြောဆိုသောစကားတွင် အနည်းငယ် ကွဲလွဲမှုများ ရှိလေသည်။ သို့သော် စကားအစီအစဉ်မှာ မြန်မာစကားကဲ့သို့ပင် ဖြစ်၏။ [၁]

ရဝမ်လူမျိုးကွဲများ[ပြင်​ဆင်​ရန်​]

ရဝမ်လူမျိုးများတွင် မျိုးကွဲများ ရှိသေးသည်။ ၄င်းတို့သည် ပြောဆိုသည့် စကားအလိုက် တူရာခွဲခြားသည့်အခါ လူမျိုးစုငယ် လေးစုအဖြစ်တွေ့ရသည်။ အဓိကအားဖြင့် မတ်ဝမ်၊ ဒရူ၊ တန်ဆာရ်နှင့် လုံမီ တို့ဖြစ်သည်။ ဒေသအလိုက် ပြောဆိုသည့် စကားနှင့် လေယူလေသိမ်း အနည်းငယ် ကွဲပြားကြသော်လည်း အခြေခံအားဖြင့် အုပ်စုတစ်ခုတည်းသာဖြစ်ကြောင်းကို ပြောဆိုသည့် စကား၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများဖြင့် အထောက်အထားများစွာတွေ့ရသည်။ အုပ်စုငယ်များနှင့် မိသားစုအလိုက် ပြောဆိုသည့် စကားလည်း အနည်းငယ် ကွဲပြားသည်။ ထိုလူမျိုးငယ် တစ်ခုအတွင်းရှိ မိသားစု တစ်ခုနှင့် တစ်ခုပင် ပြောဆိုသည့် လေယူလေသိမ်း၊ အသုံးပြုပုံ ကွဲပြားသည်။

အမည်မှည့်ပုံ[ပြင်​ဆင်​ရန်​]

ရဝမ်လူမျိုးများသည် မိမိတို့ သား သမီးများအား နာမည် မှည့်ရာတွင် အကြီးမှ အငယ်အလိုက်မှည့်ကြသည်။ ၄င်းမှာ အောက်ပါအလိုက်ဖြစ်သည်။

သား သမီး
ပထမ ဖုန် နန်
ဒုတိယ ဒီး၊ ထင် နင်
တတိယ ခင်၊ ဂျုံ ချန်၊ ခေါ်
စတုတ္ထ ဆင် နွန်၊ ထီ
ပဉ်စမ မင် ဇင်၊ ခူရ်
ဆဌမ ဖီ ထန်၊ ဂင်း
သတ္တမ ယုန် ထမ်း

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၆)