အာဇီဝပါရိသုဒ္ဓိသီလ

ဝီကီပီးဒီးယား မှ

ဝိနည်းဒေသနာတော်လာ အသက်မွေးခြင်းတည်းဟူသော အကြောင်းနှင့်စပ်၍ ပညတ်တော်မူအပ်သော သိက္ခာပုဒ် ခြောက်ခုတို့၏ အစွမ်းအားဖြင့်၎င်း အခြား ယုတ်မာသော တရားတို့၏ အစွမ်းအားဖြင့်၎င်း ဖြစ်စေအပ်သည့် ပစ္စည်းတို့ကိုမှီ၍ အသက်မွေးခြင်းမှ ရှောင်ကြဉ်ခြင်းသည် အာဇီဝပါရိသုဒ္ဓိသီလ မည်၏။[၁]

အသက်မွေးမှုဟူသော အကြောင်းကြောင့် ပညတ်အပ်သော သိက္ခာပုဒ်[ပြင်ဆင်ရန်]

(၁) ယုတ်မာသော အလိုဆိုရှိသည်ဖြစ်၍ ထိုအလိုဆိုးဖြင့် နှိပ်စက်အပ်ရကား မိမိမှာ ထင်ရှားရှိဆဲလည်း မဟုတ်သော ဖြစ်ခဲ့ဘူးသည်လည်း မဟုတ်သော ဈာန်မဂ်ဖိုလ်တရားကို ရလေဟန် ဝါကြွားပလွှား ပြောဆိုငြားအံ့၊ ပါရာဇိကအာပတ် သင့်စေဟူ၍ ပညတ်အပ်သော သိက္ခာပုဒ်၊

(၂) အသက်မွေးမှုကို အကြောင်းပြုကာ ယောက်ျား မိန်းမတို့အား အောင်သွယ်ပေးသည်ဖြစ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်စေဟူ၍ ပညတ်အပ်သော သိက္ခာပုဒ်၊

(၃) အသက်မွေးမှုကို အကြောင်းပြုကာ မိမိကိုယ်ကို “ငါ ရဟန္တာ”ဟူ၍ကား တိုက်ရိုက်မပြောပဲ “အကြင်ရဟန်းသည် သင်၏ကျောင်းမှာ နေ၏။ ထိုရဟန်းသည် ရဟန္တာဖြစ်သည်”ဟူ၍ ပြောဆိုရာ ဒါယကာကလည်း စကားကို နားလည်သည်ဖြစ်အံ့၊ ထုလ္လစ္စည်းအာပတ် သင့်စေဟူ၍ ပညတ်အပ်သော သိက္ခာပုဒ်၊

(၄) အသက်မွေးမှုကို အကြောင်းပြုကာ မြတ်သော ဘောဇဉ်ခဲဖွယ်ကို ကျန်းမာလျက်နှင့် မိမိအတွက် တောင်း၍ စားသောက်ငြားအံ့၊ ပါစိတ်အာပတ် သင့်စေဟူ၍ ပညတ်အပ်သော သိက္ခာပုဒ်၊

(၅) အသက်မွေးမှုကို အကြောင်းပြုကာ မြတ်သော ဘောဇဉ်ခဲဖွယ်ကို မိမိအတွက် ကျန်းမာပါလျက်နှင့် တောင်း၍စားသော ဘိက္ခုနီမအား ပါဋိဒေသနီအာပတ် သင့်စေဟူ၍ ပညတ်အပ်သော သိက္ခာပုဒ်၊ (ဤ ၄-၅-စကားရပ်တို့၌ ပါရှိသော မြတ်သောဘောဇဉ်ဟူသည်မှာ ထောပတ်- ဆီဥ- ဆီ- ပျား- တင်လဲ- ငါး- အမဲ- နို့ရည်နို့ဓမ်းတို့နှင့် ရောနှောသော ဘောဇဉ်ကို ခေါ်သည်။)

(၆) အသက်မွေးမှုကို အကြောင်းပြုကာ ဟင်းကိုဖြစ်စေ ဆွမ်းကိုဖြစ်စေ ကျန်းမာလျက်နှင့် မိမိအတွက် တောင်း၍စားသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်စေဟူ၍ ပညတ်အပ်သော သိက္ခာပုဒ်-

အားဖြင့် ဤခြောက်ပါးတို့ ဖြစ်ကုန်၏။[၁]

မိစ္ဆာဇီဝတရားများ[ပြင်ဆင်ရန်]

အခြား ယုတ်မာသော တရားတို့ဟူရာ၌

အယောင်ဆောင် အံ့ဖွယ်မှုပြုခြင်း[ပြင်ဆင်ရန်]

(က) အယောင်ဆောင် အံ့ဖွယ်မှုပြုခြင်းကို ကုဟနဟူ၍ ခေါ်၏၊ ဤအယောင်ဆောင် အံ့ဖွယ်မှုပြုခြင်းတည်းဟူသော ကုဟနသည်လည်း..

(၁) ပစ္စည်းကို မှီဝဲခြင်းဖြင့်ဖြစ်သော ကုဟန၊

(၂) ဈာန်မဂ်ဖိုလ်၏ အနီးအပါး စကားနှင့်စပ်၍ ပြောဆိုခြင်း ကုဟန၊

(၃) အထင်ကြီးအောင် ဣရိယာပုထ်ကို အမျိုးမျိုးပြင်ဆင်ခြင်း ကုဟန-

အားဖြင့် သုံးပါး အပြားရှိ၏၊ ထိုသုံးပါးတို့တွင်..[၁]

ပစ္စည်းကို မှီဝဲခြင်းဖြင့် အယောင်ဆောင် အံ့ဖွယ်မှုပြုခြင်း[ပြင်ဆင်ရန်]

(၁) မိမိမှာ ထင်ရှားမရှိသည့်ဂုဏ်ကို ရှိလေဟန်ပြဆိုခြင်း တည်းဟူသော ယုတ်မာသော အလိုဆိုးရှိသည်ဖြစ်၍ ဒါယကာ ဒါယိကာမတို့က သင်္ကန်းစသော ပစ္စည်းကို လှူဒါန်းသောအခါ စိတ်ထဲက အလိုရှိပါလျက်နှင့် တိုး၍လှူဒါန်းအောင် (သင်္ကန်းအတွက်) “ရဟန်းတော်အား အဖိုးတန်သော သင်္ကန်းဖြင့် အဘယ် အကျိုးရှိမည်နည်း၊ ရဟန်းတော်ဟူသည်မှာ ပံသုကူသင်္ကန်းကို ဆင်မြန်းဝတ်ရုံမှ လျောက်ပတ်ပေသည်”ဟူ၍ ပြောဆို၏၊ (ဆွမ်းအတွက်) “ရဟန်းတော်အား အဖိုးတန်သောဆွမ်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ရဟန်းတော်ဟူသည်မှာ ဆွမ်းခံ၍ရသော ဆွမ်းကို မှီဝဲသုံးစွဲမှ လျောက်ပတ်ပေသည်”ဟူ၍ ဆို၏။ (ကျောင်းအတွက်) “ရဟန်းတော်အား အဖိုးတန်သောကျောင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ရဟန်းတော် ဟူသည်မှာ သစ်ပင်ရင်း၌သော်၎င်း နေမှ ဟင်းလင်းအပြင် လွင်တီးခေါင်၌သော်၎င်း နေမှ လျောက်ပတ်ပေသည်”ဟူ၍ ပြောဆို၏၊ (ဆေးအတွက်လည်း) “ရဟန်းတော်အား အဖိုးတန်သောဆေးဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ရဟန်းတော်ဟူသည်မှာ နွားကျင်ဖြင့်ဖြစ်စေ ရှစ်ရှားသီး ဖန်းခါးသီးပိုင်းဖြင့်ဖြစ်စေ ဆေးဝါးကိစ္စ ပြီးစေနိုင်မှ လျောက်ပတ်ပေသည်”ဟူ၍ ပြောဆို၏။ ထိုသို့ ပြောကြားချက်နှင့် လိုက်ဖက်ညီအောင် ထိုရဟန်းသည် ခေါင်းပါးကြမ်းထမ်းသော သင်္ကန်း ဆွမ်း ကျောင်း ဆေး ပစ္စည်းလေးပါးကို မှီဝဲ၏၊ ထိုရဟန်းကို ဒကာများက “ဤအရှင်သည် အလိုနည်း၏၊ ရောင့်ရဲလွယ်၏၊ ဝတ္ထုကာမ ကိလေသကာမတို့မှ ကင်းဆိတ်ပေ၏၊ ဒကာ ဒကမတို့နှင့်လည်း မရောနှော၊ အားထုတ်အပ်သော လုံ့လလည်း ရှိပေ၏”ဟု အထင်ကြီးကာ တိုး၍ တိုး၍ ပစ္စည်းလေးပါးတို့ဖြင့် ဖိတ်မန္တက ပြုကြလေ၏။ ထိုအခါ ထိုအလိုဆိုးရှိသော ရဟန်းက “ဒကာတို့ သဒ္ဓါတရား လှူဘွယ်ဝတ္ထု အလှူခံပုဂ္ဂိုလ် ဤသုံးပါးတိုက်ဆုံက သဒ္ဓါတရားရှိသော အမျိုးကောင်းသားမှာ ကုသိုလ်တရား လွန်စွာပွါးနိုင်သည်၊ ဒကာတို့မှာ သဒ္ဓါတရားလည်း ထင်ရှားရှိပေ၏၊ လှူဘွယ်ဝတ္ထုလည်း ထင်ရှားရှိပေ၏၊ ငါသည်လည်း အလှူခံစင်စစ် ဖြစ်ပေ၏၊ ငါအလှူမခံလျှင် သင်တို့မှာ ကုသိုလ်တရား လျော့ပါးဆုတ်ယုတ်မည်ဖြစ်၍ ငါအလိုမရှိသော်လည်း သင်တို့အား သနားသဖြင့် ခံယူရပေမည်”ဟု ဝါကြွားပြောဆိုပြီးလျှင် များစွာသော သင်္ကန်း များစွာသောဆွမ်း များစွာသောကျောင်း များစွာသော ဆေးပစ္စည်းတို့ကို လှည်းအစီးစီးတိုက်ကာ ခံယူလေတော့သည်။ ဤသို့လျှင် အလိုကြီးသူဖြစ်ပါလျက် အလိုနည်းသူယောင် ဟန်ဆောင်ကာ ခေါင်းပါးကြမ်းထမ်းသော ပစ္စည်းလေးပါးကို ဟန်ဆောင်မှီဝဲခြင်းဖြင့် အထင်ကြီးအောင် ပြုမှုသည် (ပစ္စယပဋိသေဝနခေါ်သော) ကုဟနဝတ္ထု= ပစ္စည်းကို မှီဝဲခြင်းဖြင့် အယောင်ဆောင် အံ့ဖွယ်မှုပြုခြင်း မည်၏။[၁]

ဈာန်မဂ်ဖိုလ်၏ အနီးအပါး ပြောကြားခြင်းဖြင့် အယောင်ဆောင် အံ့ဖွယ်မှုကိုပြုခြင်း[ပြင်ဆင်ရန်]

(၂) “ငါသည် ဈာန်မဂ်ဖိုလ်တရားကို ရ၏”ဟူ၍ကား တိုက်ရိုက်မပြောပဲ၊ “ဤသို့သဘောရှိသည့် သင်္ကန်းကို ဝတ်ရုံသောရဟန်းသည် တန်းခိုးကြီးသော ရဟန်းဖြစ်၏၊ ဤသို့သဘောရှိသည့် သပိတ်ကို ဆောင်သောရဟန်း ဓမကရိုဏ်ကိုဆောင်သော ရဟန်း ရေစစ်ကိုဆောင်သောရဟန်း ဤသို့သဘောရှိသည့် ခါးဗန်းကို ပန်းသောရဟန်း ဘိနပ်ကိုစီးသော ရဟန်းသည် တန်းခိုးကြီးသော ရဟန်းဖြစ်၏” ဤသို့စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ မိမိကို သူတပါးတို့က ဈာန်မဂ်ဖိုလ်တရားကိုရသော ပုဂ္ဂိုလ်ဟု အထင်ကြီးကြောင်း စကားများကို ပြောဆိုခြင်းသည် (သာမန္တဇပ္ပနခေါ်) ကုဟနဝတ္ထု= ဈာန်မဂ်ဖိုလ်၏ အနီးအပါး ပြောကြားခြင်းဖြင့် အယောင်ဆောင် အံ့ဖွယ်မှုကိုပြုခြင်း မည်၏။[၁]

ဣရိယာပုထ်ကို အမျိုးမျိုး ပြင်ဆင်ခြင်း တည်းဟူသော အယောင်ဆောင် အံ့ဖွယ်မှုပြုခြင်း[ပြင်ဆင်ရန်]

(၃) ဒကာ ဒကမ၏ ချီးမွမ်းခြင်း အထင်ကြီးခြင်းကို လိုလားသည်ဖြစ်၍ “ငါ ဤသို့လမ်းသွားလျှင် ငါ့ကိုချီးမွမ်းကြ အထင်ကြီးကြလိမ့်မည်”ဟု နှလုံးသွင်းကာ တကယ့် အရိယာပုဂ္ဂိုလ်ကြီးအယောင် တမင်ပြုပြင် ဟန်ဆောင်ကာ သွားခြင်း ရပ်ခြင်း ထိုင်ခြင်း လျောင်းခြင်းတို့ဖြင့် ဣရိယာပုထ်ကို တမင်ဟန်ဆောင် အထင်ကြီးအောင် ပြုပြင်ခြင်းသည် (ဣရိယာပထသဏ္ဌပနခေါ်) ကုဟနဝတ္ထု= ဣရိယာပုထ်ကို အမျိုးမျိုး ပြင်ဆင်ခြင်း တည်းဟူသော အယောင်ဆောင် အံ့ဖွယ်မှုပြုခြင်း မည်၏။

မလှူချင် လှူချင်အောင် ကြံဆောင်၍ အမျိုးမျိုး ပြောဆိုခြင်း[ပြင်ဆင်ရန်]

(ခ) ယုတ်မာသောသဘော အပါအဝင် လပနဟူသည်မှာ.. ကျောင်းသို့လာကြသော လူများကိုမြင်လျှင် “ဒကာတို့.. အဘယ်အကျိုးငှါ လာကုန်သနည်း၊ ရဟန်းတို့ကို ပင့်ဖိတ်ရန် လာကြသလော၊ ပင့်လို၍ လာကြလျှင် ရှေ့ကသွားနှင့်ကြ၊ နောက်က သပိတ်ကိုပိုက်၍ လိုက်ခဲ့မည်”ဟူ၍ ကိုယ်က ဦးအောင်ပြောခြင်း၊ "တိဿမထေရ်ဆိုသည်မှာ ငါပင်ဖြစ်သည်၊ ငါ့ကို ဘုရင်မင်းမြတ်က ကြည်ညိုသည်။ အမတ်ကြီး ဝန်ကြီးတွေက ကြည်ညိုသည်” စသည်ဖြင့် ပြောဆိုခြင်း၊ လူများနှင့် စကားပြောဆိုရာမှာ မဆန့်ကျင်ရအောင် မပျင်းရိအောင် အခွင့်ပေးကာပေးကာ အလိုလိုက်ကာလိုက်ကာ ပြောဆိုခြင်း၊ သူဌေးကြီး စက်ပိုင်ကြီး စသည်ဖြင့် မြှောက်ပင့်၍ ပြောဆိုခြင်း ဤသို့လျှင် မိမိအား မလှူချင် လှူချင်အောင် ကြံဆောင်၍ အမျိုးမျိုး ပြောဆိုခြင်းသည် လပနခေါ်သည့် ယုတ်မာသောသဘော မည်၏။[၁]

မလှူပဲ မနေနိုင်အောင် နိမိတ်အချက်ပြခြင်း[ပြင်ဆင်ရန်]

(ဂ) ယုတ်မာသောသဘော အပါအဝင် နေမိတ္တိကတာ ဟူသည်မှာ မလှူပဲ မနေနိုင်အောင် နိမိတ်အချက်ပြခြင်း ပြုခြင်းတည်း၊ နိမိတ်အချက်ပြပုံမှာ.. ခဲဖွယ်ဘောဇဉ်ကိုယူ၍ သွားသူကိုမြင်လျှင် “ခဲဖွယ်ဘောဇဉ်ကို ရခဲ့ပြီလား၊ အဘယ်မှ ရခဲ့သနည်း၊ အဘယ်သို့ရအောင် ပြုရပါသနည်း” စသည်ဖြင့် မိမိလည်း အလိုရှိသည့် အရိပ်နိမိတ်ကိုပြခြင်း၊ နွားကျောင်းသားများကို တွေ့မြင်သောအခါ နွားကလေးများကို ညွှန်ပြလျက် “ဤနွားငယ်များသည် နို့ရည်ကို သောက်စို့၍ ကြီးပွါးရသလော၊ ရေကိုသာသောက်၍ ကြီးပွါးရသလော”ဟု မေး၍ နွားကျောင်းသားများက “နို့ရည်ကိုသောက်၍ ကြီးပွါးရသော နွားလေးများ ဖြစ်ပါသည်ဘုရား”ဟု လျှောက်ထားလေလျှင်၊ “ဟုတ်မည်မထင်ပါ၊ နွားကလေးများ နွားနို့ သောက်ရလျှင် ရဟန်းများလည်း နွားနို့ကို ရကြကုန်ရာ၏ (ရကြမှာပေါ့)” ဤသို့စသည်ဖြင့် နွားကျောင်းသားကလေးများက မိဖတို့ကို တဆင့်ပြောကြား သိစေ၍ နွားနို့လှူအောင် အရိပ်အရောင် ပြောဆိုခြင်း၊ ထိုထက်နီးကပ်၍ ပြောဆိုခြင်း (သာမန္တဇပ္ပ)များသည် လပနခေါ်သည့် ယုတ်မာသော သဘောဖြစ်၏။[၁]

(ကုလုပကဘိက္ခု) ဆွမ်းခံကိုယ်တော်ကြီးဝတ္ထု[ပြင်ဆင်ရန်]

ဤသာမန္တဇပ္ပ=ခေါ် အနီးကပ်ဆုံး ရှောင်မလွတ်အောင် ပြောဆိုရာ၌ ဝိသုဒ္ဓိမဂ် အဋ္ဌကထာဝယ် ဆွမ်းခံကိုယ်တော်ကြီးတပါးဝတ္ထုကို ထုတ်ပြထားသည်မှာ ဆွမ်းခံကိုယ်တော်ကြီးတပါးသည် ဆွမ်းစားလိုလှသဖြင့် အိမ်တအိမ်သို့ ဇွတ်အတင်းဝင်၍ ထိုင်လေသတတ်၊ ထိုကိုယ်တော်ကြီးကိုမြင်လျှင် မလှူချင်သော အိမ်ရှင်မကြီးက “ဆန်လဲ မရှိသေးပါဘူး”ဟု ညည်းပြောဆိုကာ ဆန်ရှာထွက်သည့်ဟန်ဖြင့် အနီးအပါး အိမ်တအိမ်သို့ သွားရောက်နေလေသည်။ ကိုယ်တော်ကြီးလည်း အိမ်ခန်းတွင်းဝင်၍ ထိုထိုဤဤ ကြည့်ရှုလေသော် တံခါးရွက်ထောင့်၌ ထောင်ထားသော ကြံချောင်း၊ အိုးတခု၌ ထည့်ထားသော ထန်းလျက်ခဲ၊ ခြင်းယဲ၌ ငါးခြောက်ပြား၊ အခြားအိုးတခု၌ ထည့်ထားသော ဆန်၊ အိုးတခု၌ ထောပတ်ကိုမြင်၍ ဣနြေဟန်မပျက် အခန်းမှထွက်၍ ထိုင်မြဲ ထိုင်နေလေသည်။

အိမ့်ရှင်မကြီးသည် “ဆန်ရှာ၍ မရခဲ့ပါဘူး”ဟု ညည်းတွားပြောဆိုကာ အိမ်သို့ ပြန်ဝင်လာလေသည်။ ဆွမ်းခံကိုယ်တော်ကြီးက “ဒါယိကာမကြီး.. ယနေ့ ဆွမ်းမပြည့်စုံမည့်အကြောင်း အစောကြီးကပင် နိမိတ်မြင်ခဲ့ပေသည်”ဟူ၍ ပြောဆို၏၊ “ဘယ်လိုနိမိတ်ကို မြင်ခဲ့ပါသနည်းဘုရား”ဟု မေးလေသော် ဆွမ်းခံကိုယ်တော်ကြီးက “ဒါယိကာမကြီးအိမ်သို့ ဆွမ်းခံအလာ လမ်းခရီးအကြားမှာ တံခါးထောင့်တွင် ထောင်ထားသည့် ကြံရိုးခန့် ကိုယ်လုံးရှိသော မြွေကို ငါမြင်ခဲ့ရသည်။ ထိုမြွေကို ပစ်ခတ်ရိုက်ပုတ်အံ့ဟု ထိုထိုဤဤ ကြည့်ရှုသည်တွင် ဒကမကြီး၏ခွက်ထဲမှာ ထည့်ထားသည့် ထန်းလျက်ခဲလောက်ရှိ ကျောက်ခဲကြီးတလုံးကို တွေ့မြင်ရလေသည်။ ထိုကျောက်ခဲဖြင့် ပစ်ခတ်လိုက်သောအခါ ဒကမကြီး၏ခြင်းထဲ၌ ထည့်ထားသည့် ငါးခြောက်ပမာဏ ပါးပျဉ်းကြီးထလာသည်ကို တွေ့မြင်ရလေသည်။ ထိုကျောက်ခဲကို ကိုက်ခဲလိုသော မြွေ၏ခံတွင်းကို ဟသောအခါ ဒကာမကြီး၏

အိုးအတွင်းထည့်ထားသည့် ဆန်တို့နှင့်တူသော သွားအစွယ်တို့ကို မြင်ရလေသည်။ ထို့နောက် အမျက်ထွက်နေသော ထိုမြွေ၏ခံတွင်းမှ ဒကမကြီး၏ အိုး၌ထည့်ထားသော ထောပတ်နှင့်တူသည့် အဆိပ်နှင့်ရောနှောသော အမြှုပ်တံတွေးကို တွေ့မြင်ခဲ့ရသည်”ဟု အနီးကပ်ဆုံး ပုန်းမလွှတ် ပြေးမလွတ်အောင် ပြောကြားသည်တွင် အိမ်ရှင်မကြီးသည် “ဤသည့်ဦးပြည်း ကိုယ်တော်ကြီးကိုဖြင့် မလှည့်စားနိုင်တော့ပါ”ဟု လက်လျှော့စကား ပြောကြားပြီးလျှင် ကြံချောင်းကိုကပ်လှူ ဆွမ်းကိုချက်၍ ထောပတ် ထန်းလျက်ခဲ ငါးခြောက်တို့နှင့်တကွ အလုံးစုံ ပေးလှူရဘူးသတဲ့။[၁]

ဒါယကာ၏ဂုဏ်ကို ကြိတ်ချေ၍ လာဘ်ရအောင်ရှာခြင်း[ပြင်ဆင်ရန်]

(ဃ) ယုတ်မာသောသဘော အပါအဝင် နိပ္ပေသိကတာ ဟူသည်မှာ.. ဒါယကာ၏ ဂုဏ်ကျေးဇူးကို ပွတ်သုတ်ပစ်ခြင်း (တနည်း) နံ့သာမျိုးကို ကြိတ်ချေ၍ နံ့သာကို ရှာခြင်းကဲ့သို့ သူတပါး (ဒါယကာ)၏ ဂုဏ်ကျေးဇူးတို့ကို ကြိတ်ချေ၍ လာဘ်ကို ရှာခြင်းတည်း။ ရှာပုံမှာ.. မလှူပဲ မနေဝံ့အောင် ဆဲရေးစကား ပြောကြားခြင်း လူချင်းမတူသည့်အကောင် သဒ္ဓါတရား လုံးဝမရှိသည့်အကောင် စသည်ဖြင့် ကဲ့ရဲ့စကား ပြောကြားခြင်း၊ မလှူသောဒါယာကို “ဩ.. အလှူရှင်ကြီးပါတကား၊ ဩ.. ဧရာမ အလှူရှင်ကြီးပါတကား”ဟူ၍ ပြောကြားခြင်း၊ မလှူသောဒါယကာကို ပရိသတ်အလယ်၌ “သင်တို့သည် ဤသူကို အဘယ့်ကြောင့် မလှူသောသူဟူ၍ ပြောကြသနည်း၊ ဤသူသည် အမြဲတမ်း လာသမျှအလှူခံတို့အား မရှိဟူသောစကားကို ပေးလှူနေသူ ဖြစ်တယ်"ဟု ပြက်ရယ်ပြောင်လှောင် ပြောဆိုခြင်း စသည်ဖြင့် ဒါယကာ၏ဂုဏ်ကို ကြိတ်ချေ၍ လာဘ်ရအောင်ရှာခြင်းသည် နိပ္ပေသိကတာ မည်၏။[၁]

လာဘ်ဖြင့် လာဘ်ကို ရှာမှီးခြင်း[ပြင်ဆင်ရန်]

(င) ယုတ်မာသောသဘော အပါအဝင် လာဘေန လာဘံ နိဇိဂီသနတာ ဟူသည်မှာ.. လာဘ်ဖြင့် လာဘ်ကို ရှာမှီးခြင်းဟု ဆိုလိုသည်။ ရှာမှီးပုံမှာ.. ဒါယကာတဦးအိမ်မှ စားဖွယ်သောက်ဖွယ်ကို လှူဒါန်းလိုက်သည်ရှိသော် ထိုလှူလိုက်သဖြင့် မိမိရခဲ့သော စားဖွယ်သောက်ဖွယ်ကို အခြားတအိမ်သို့ ရောက်သောအခါ ထိုအိမ်ရှိ ကလေးသူငယ်များအား ထုတ်၍ပေး၏။ ထိုသို့ပေးခြင်းမှာ ထိုအိမ်မှ ကျေးဇူးတင်စွာဖြင့် ဝမ်းသာအားရ များစွာ ပြန်လည်လှူစေလိုသည့်အတွက် ပေးခြင်းဖြစ်သည်၊ ရသောပစ္စည်းကို ပါဠိလို (လာဘ)၊ မြန်မာလို (လာဘ်)ဟု ခေါ်သည်။ အတိုချုပ်မှတ်ယူရန်မှာ ဒကာတဦးအိမ်မှ ရခဲ့သော ပစ္စည်းအနည်းငယ်ဖြင့် အခြားတအိမ်မှ ပစ္စည်းအများရအောင် ရှာမှီးခြင်းကို လာဘေန လာဘံ နိဇိဂီသနတာ= လာဘ်ဖြင့် လာဘ်ကို ရှာမှီးခြင်းဟူ၍ ခေါ်သည်။

ဤ ကုဟန-စသော ယုတ်မာသော သဘောငါးမျိုးတို့မှာ အသီးအသီး ပြောဆိုပြုလုပ်ပုံသာ ကွဲပြားသည်။ သဘောရင်းခံအားဖြင့်ကား ဒါယကာ ဒါယိကာမများ သူတို့ဘာသာအလျောက် သဒ္ဓါကြည်ညို လှူဒါန်းလို၍မဟုတ်ပဲ ဒါယကာ ဒါယိကာမများ လှူချင်လာအောင် မလှူပဲ မနေသာအောင် ကြံဆောင်ဆွဲငင်ခြင်းချည်း ဖြစ်သည်။

ဤသို့ ပြဆိုအပ်ပြီးသော အသက်မွေးခြင်းအကြောင်းနှင့်စပ်၍ ပညတ်တော်မူအပ်သော သိက္ခာပုဒ် ခြောက်ပါးတို့ကို လွန်ကျူးသဖြင့် ရအပ်သောပစ္စည်းနှင့် ကုဟနတရား လပနတရား နေမိတ္တိကတာတရား နိပ္ပေသိကတာတရား လာဘေန လာဘံ နိဇိဂီသနတာ တရားတို့ဖြင့် ရှာမှီး၍ရအပ်သော ပစ္စည်းတို့ကိုမှီ၍ အသက်မွေးခြင်းသည် မိစ္ဆာဇီဝမည်၏။ (မကောင်းသော အသက်မွေးခြင်းမည်၏။) ထို မကောင်းသော အသက်မွေးခြင်း ဟူသမျှတို့မှ ရှောင်ကြဉ် စင်ကြယ်ခြင်းသည် အာဇီဝပါရိသုဒ္ဓိသီလမည်၏။

အာဇီဝပါရိသုဒ္ဓိသီလ ပြီး၏။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) မင်းကွန်းဆရာတော်