ဘောဇဉ်

ဝီကီပီးဒီးယား မှ

ဝိကာလဘောဇနသိက္ခာပုဒ်အရ ရဟန်းတော်များသည် ဆွမ်း ဘောဇဉ် ခဲဖွယ် သောက်ဖွယ်များကို အရုဏ်တက်မှ မွန်းတည့် တိုင်အောင်သာ ဘုဉ်းပေးနိုင်သဖြင့် ကပ္ပိယတို့သည် အချိန်ကာလအတွင်း အချိန်မီ နိုင်အောင် စီစဉ်ပေးရသည်။ [၁]

ဘောဇဉ်(၅) မျိူး[ပြင်ဆင်ရန်]

ဩဒန-(ထမင်း)၊ သတ္တု-(ဆန်မှုန့်)၊ ကုမ္မာသ-(မုယောစပါးဖြင့် ပြုလုပ်ထားသော တဝက်လောက် ကျက်နေသည့် အစားအစာမျိုး)၊ မစ္ဆ-(ငါး)၊ မံသ-(အသား = နွားသား စသည်)ကို ဘောဇဉ်(၅) မျိုးဟု ခေါ်၏။ [၁]

ဩဒနဟူသည် စပါးမျိုး (၇) မျိုး၏ ဆန်တို့ကို ချက်ထားသော ထမင်းတည်း။

သတ္တုဟူသည် စပါးမျိုး (၇) မျိုး၏ ဆန်ကို လှော်၍ အမှုန့်ပြုထားသော ဆန်မှုန့်ညက်တည်း၊ ထိုဆန်မှုန့်ညက်ကို ထောပတ် ပျားရည် တင်လဲ စသည်ဖြင့် ရော၍ ရေအေးဖြင့် မွှေနှောက်လျက် စားသုံးလေ့ရှိကြသည်။

ကုမ္မာသဟူသည် ဆန်ကို တဝက်ကျက်ရုံမျှ ပြုတ်၍ ပြုလုပ်ထားသော အစားအစာတစ်မျိုးတည်း၊ ရှေးက မုယောမှုန့်ဟု ခေါ်ဆိုကြ၏။ ဂျုံမုယောဆန်တို့ဖြင့် ပြုပြင် ဖုတ်ထားသော မုန့်မျိုးစုံတည်း။

မစ္ဆဟူသည် ငါးမျိုးစုံတည်း။

မံသမှာ ရဟန်းတော်တို့ မစားကောင်းသော အသားကြီးဆယ်မျိုးမှ ကြွင်းကျန်သော အမဲသား၊ သိုးသား၊ ဝက်သား စသည့် အသားများတည်း။ [၁]

အသားကြီး ဆယ်ပါး[ပြင်ဆင်ရန်]

ရဟန်းတော်တို့ မစားကောင်းသော (မအပ်သော) ဆယ်မျိုးကို အသားကြီးဆယ်မျိုးဟု ခေါ်သည်။ ၎င်းတို့မှာ-လူသား၊ ခွေးသား၊ မြင်းသား၊ ဆင်သား၊ သစ်သား၊ ကျားသား၊ ခြင်္သေ့သား၊ ဝံသား၊ အောင်းသား၊ မြွေသားတို့ ဖြစ်ကြသည်။ ထိုသတ္တဝါဆယ်မျိုး၏ အရိုး၊ အရေ၊ အသွေး၊ အမွေးတို့ပါ ရဟန်းနှင့် မဏေတို့ မအပ်စပ်ပေ။

ကပ္ပိယတို့သည် ရဟန်းသံဃာတို့အတွက် စီစဉ်သော ဆွမ်း ဟင်းလျာများကို သေချာစွာ စိစစ်ကြည့်သင့် ပေသည်။ မအပ်သော အသားတို့ကို မ ဆက်ကပ်မိအောင် ဆောင်ရွက်ရပေမည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၁၉၉၆)။ ကပ္ပိယကောင်းတစ်ယောက်။ pp. ၃၉-၄၁။