ထုလ္လစ္စဉ်း

ဝီကီပီးဒီးယား မှ

“ထူလစ္စယ”ဟူသော ပါဠိကို “ထုလ္လစ္စဉ်း”ဟု ခေါ်၏၊ (ထူလ+အစ္စယ။) ပါရာဇိကအာပတ်သင့်သူသည် ရဟန်းအဖြစ်ကို စွန့်လွှတ်မှ (လူအဖြစ်နှင့်ဖြစ်စေ သာမဏေအဖြစ်နှင့်ဖြစ်စေနေမှ) စင်ကြယ်၏၊ သံဃာဒိသေသ်အာပတ်သင့်သော ရဟန်းသည် ပရိဝါသ်မာနတ်ကျင့်၍ အဗ္ဘာန် သွင်းပြီးမှ စင်ကြယ်၏၊ ထုလ္လစ္စဉ်းစသော အောက်အာပတ် ၅-ပါးတွင် တပါးပါးသင့်သော ရဟန်းကား အခြားရဟန်းတပါးအထံ (၂-ပါး၃-ပါးနှင့် သံဃာ့အထံလည်း ဖြစ်နိုင်၏) “တပည့်တော်မှာ မည်သည့် အာပတ်သင့်ပါဟု ပြောရုံမျှဖြင့် စင်ကြယ်၏၊ ဤသို့ ပြောခြင်းကို “ဒေသနာ = ပြောခြင်း, ဒေသနာကြားခြင်း”ဟု ခေါ်ကြ၏။[၁]

ဒေသနာပြောရုံမျှဖြင့် စင်ကြယ်သော အရုံ့အရင်း အကြမ်းထန်းဆုံး အပြစ်[ပြင်ဆင်ရန်]

ထိုသို့ ဒေသနာပြောရုံမျှဖြင့် စင်ကြယ်သော အာပတ် ၅ဖုံတို့တွင်ကား ဤထုလ္လစ္စဉ်းအာပတ်သည် အချို့ အရုံ့အရင်း အကြမ်းထန်းဆုံး အပြစ်တည်း၊ ထိုကြောင့် “ထူလော-ရုံ့ရင်းကြမ်းထန်းသော-အစ္စယော-အပြစ်တည်း”ဟု သော ဝိဂြိုဟ်အရ “ထုလ္လစ္စယ”ဟု အမည်ရလေသည်။ [၁]


အာပတ်ကို ဒေသနာ ပြောကြားထိုက်သော အာပတ်တို့တွင် အပြစ်အကြီးဆုံး ဖြစ်ခြင်းကြောင့် “ထုလ္လစ္စယ”ဟု ခေါ်ဆို၏ [၂][၃]

ယင်း-သည်— ရဟန်းယောက်ျားတို့၏ ထုလ္လစဉ်း, ရဟန်းမတို့၏ ထုလ္လစဉ်း-အာပတ်ဟု ၂-မျိုးရှိ၏ [၄]

အာပတ် ၇-မျိုးတို့တွင် ၃-ခုမြောက်အာပတ် [၅]

သီလဝိပတ္တိ အာစာရဝိပတ္တိ ၂-မျိုးတို့တွင် အာစာရဝိပတ္တိ [၆]

မာတိကာ ဝိဘင်း-၌ လာသော အာပတ် ၂-မျိုးတို့တွင် ဝိဘင်း၌လာသော အာပတ် [၇]

လောကဝဇ္ဇ, ပဏ္ဏတ္တိဝဇ္ဇ-အာပတ် ၂-မျိုးတို့တွင် လောကဝဇ္ဇ-အာပတ် [၈]

လဟုက, ဂရုက-အာပတ် ၂-မျိုး တို့တွင် လဟုက

သာဝသေသ, အနဝသေသ-အာပတ် ၂-မျိုးတို့တွင် သာဝသေသ

သပ္ပဋိကမ္မ, အပ္ပဋိကမ္မ-အာပတ်၂-မျိုးတို့တွင် သပ္ပဋိကမ္မ

ဒေသနာဂါမိနီ, အဒေသနာဂါမိနီ အာပတ် ၂-မျိုးတို့တွင် ဒေသနာဂါမိနီအာပတ် [၉]၌ ပါဝင်၏။[၃]

ထုလ္လစ္စဉ်းအာပတ်များ[ပြင်ဆင်ရန်]

ကျဉ်းသော မဂ်ဝရှိသော သတ္တဝါ၏ မဂ်၌ မေထုန်မှုပြုခြင်း၊ သတ္တဝါတို့၏ အင်္ဂါဇာတ်ကို မိမိအင်္ဂါဇာတ်ဖြင့် မသွင်းဘဲ တို့ရုံ တို့ခြင်း၊ မေထုန်ရာဂဖြင့် မိန်းမ နိမိတ်ကို မိမိမုခဖြင့် တို့ခြင်း၊ သံဃိကဂရုဘဏ်ပစ္စည်းကို သံဃာအား မပန်ကြား အစိုးတရ သူတစ်ပါးအား ပေးခြင်း၊ [သံဃာသဘောတူပင်ဖြစ်သော်လည်း ဒုက္ကဋ်၊ ထေယျစိတ်ဖြင့် ဒုတိယပါရာဇိကသိက္ခာပုဒ်၌ ပြဆိုထားသော ထိုရွှေစင်တမတ် တန်ဖိုးရှိသော ပစ္စည်းကို ချီကြွမိသော် ပါရာဇိကအာပတ် သင့်၏၊] [၁၀]


သံဃိက ဂရုဘဏ်ပစ္စည်းဖြစ်သော[ပြင်ဆင်ရန်]

(၁)အရံ, အရံရာတို့လည်းကောင်း၊

(၂) ကျောင်း, ထိုကျောင်း၏ အရာလည်းကောင်း၊

(၃) ညောင်စောင်း, အင်းပျဉ်ဟု ခေါ်သော ခုတင်, ထိုင်ခုံတို့လည်းကောင်း၊ ဘုံလျှိုဟု ခေါ်သော မွေ့ရာ, မှီအုံး ခေါင်းအုံး စသော အိပ်ရာနေရာလည်းကောင်း၊

(၄) ကြေးအိုး, ကြေးဖျဉ်းလည်းကောင်း၊ ကြေးအိုးစရည်းကြီး, ကြေးအင်တွဲလည်းကောင်း၊ ဓားမ, ပဲခွပ်, ပုဆိန်, ပေါက်တူး, ဆောက်လည်းကောင်း၊

(၅) နွယ်လည်းကောင်း, ဝါးလည်းကောင်း, မြက်သက် ငယ်, သစ်ရွက်, ဖြူဆံမြက်, ပြိတ်မြက်, မြေညက်, သစ်ဘဏ္ဍာ, မြေဘဏ္ဍာတို့ လည်းကောင်း၊ ဤအစုအားဖြင့် ငါးပါး၊ သရုပ်အားဖြင့် နှစ်ဆယ့်ငါးပါး၊ အစိတ် အားဖြင့် များစွာကုန်သော ဘဏ္ဍာတို့ကို သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ်တို့သည် မဝေဖန် အပ်ကုန်။ ဝေဖန်သော ရဟန်းအား ထုလ္လစ္စဉ်းအာပတ်သင့်၏၊ ထိုဘဏ္ဍာတို့ကို သံဃာစသည် ဝေဖန်အပ်ကုန်သော်လည်း ဝေဖန်အပ်သည် မမည်ကုန်၊ မဝေဖန် ရာ။ လေးလှစွာသော ဘဏ္ဍာတို့ဟူ၍ ဆိုအပ်ကုန်၏၊ စွန့်အပ်ကုန်သောလည်း စွန့်အပ်သည် မမည်ကုန်။ [၁၁] ခြင်ထောင်သည်လည်း အထက်၌ ပြဆိုခဲ့သော အစုအားဖြင့် ငါးပါးတို့တွင် အမှတ် (၂)အစု၌ အကျုံးဝင် သည်ဟု [၁၂] ၌ ဆို၏၊[၁၀]

အပ်သော သားရေကို ဝေဖန်အပ်၏၊ သို့သော် အခင်းနှင့် အလားတူသော သိုးရေကို မဝေဖန်အပ်။ မဉ္စ ပီဌ (ညောင်စောင်း, အင်းပျဉ်)စသော ဂရုဘဏ်ပစ္စည်းကို မဉ္စ စသော ဂရုဘဏ်ပစ္စည်းဖြင့် ဖလှယ်ရာ၏၊ အရံစသော ထာဝရကိုကား အရံစသော ထာဝရဖြင့် ဖလှယ်ရာ၏၊ ထိုသို့ ဖလှယ်ခြင်းကို ပြု၍လည်း သုံးဆောင်ရ၏၊ နွယ် စသည်ကို တပိုး တိုးပွားသော အမှုဖြင့် ယူရာ၏၊[၁၀]

ကုန်သွယ်ခြင်း၊ ကြွေးမြီချခြင်း၊ လူသားကို စားခြင်း၊ မိမိအင်္ဂါဇာတ်ကို ဖြတ်ခြင်း၊ ဒုတိယပါရာဇိက၏ သာမန္တအမှုကို ပြုခြင်း၊ တတိယပါရာဇိက၏ သာမန္တအမှုကို ပြုခြင်း၊ စတုတ္ထပါရာဇိက၏ သာမန္တအမှုကို ပြုခြင်းဟူသော အကြောင်းကြောင့်ဖြစ်သော အာပတ်တို့သည် ထုလ္လစ္စဉ်းအာပတ်ချည်းတည်း။ ဤမှ တစ်ပါးသော ထုလ္လစ္စဉ်းအာပတ်တို့လည်း အများပင် ရှိသေး၏၊[၁၀]

မြင်းသရိုက် (ဘရင်ဂျီဘဂန္ဒိုလ်)နာနှင့် ပတ်သက်၍ “ရဟန်းတို့ ...ကျဉ်းမြောင်းရာ အရပ်၌ အရေသည် သိမ်မွေ့၏၊ အမာသည် အသားနု တက်ခဲ၏၊ ဓားခွဲရန် ခဲယဉ်း၏၊ “ရဟန်းတို့ ...ကျဉ်းမြောင်းရာ အရပ်၏ အနီးဖြစ်သော လက်နှစ်သစ်သော အရပ်မှ ဓားခွဲမှုကိုလည်းကောင်း၊ ကျပ်စည်းမှုကိုလည်းကောင်း မပြုစေအပ်၊ ပြုစေသော ရဟန်းအား ထုလ္လစ္စဉ်းအာပတ်သင့်၏”ဟု မိန့်တော်မူ၏၊ [၁၃][၁၀]


ဆက်လက်ဖတ်ရှုရန်[ပြင်ဆင်ရန်]

အာပတ်

ဝိနည်း

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး
  2. (ဝိ၊၅၊၂၆၁။ ဝိ၊ဋ္ဌ၊၁၊၂၇၃။ ဝိ၊ဋ္ဌ၊၄၊၁၉၁။ သာရတ္ထ၊၂၊၁၃၄။ ဝိ၊နိစ္ဆယ၊ဋီ၊၁၊၅၀)
  3. ၃.၀ ၃.၁ တိပိဋကအဘိဓာန် အတွဲ-၉
  4. (ဝိ၊၅၊၂၁၃)
  5. (ဝိ၊၃၊၂၅၅။ အဘိ၊ဋ္ဌ၊၁၊၄၂၃)
  6. (ဝိ၊၃၊၂၅၅)
  7. (သာရတ္ထ၊၂၊၃၅၄)
  8. (ဝဇိရ၊၁၀၄)
  9. (ဝိ၊၅၊၂၁၁။ ဝိ၊ဋ္ဌ၊၄၊၁၅၇)
  10. ၁၀.၀ ၁၀.၁ ၁၀.၂ ၁၀.၃ ၁၀.၄ ဦးဩဘာသ။ ဝိနည်းဥပဒေတော်ကြီး
  11. [ဤထက်အကျယ် သိလိုလျှင် ဦးဗုဓ်မူနှင့် မိုးထိမူ ‘ခုဒ္ဒသိက္ခာ နိဿယ၊ အဝေဘင်္ဂိယ နိဒ္ဒေသတို့၌ ရှု။]
  12. စူဠဝါဘာသာဋီကာ၊ ခုဒ္ဒကဝတ္ထုက္ခန္ဓက အဋ္ဌကထာ၊ နှာ-၁၅၁
  13. [မဟာဝါ၊ ဘေသဇ္ဇက္ခန္ဓက။]