ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

ဝီကီပီးဒီးယား မှ
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
ဖိုင်:PPD.png
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၁ ဧပြီ ၂၀၁၆ (ဦးစီးဌာန)
ယခင်အဖွဲ့အစည်း
  • ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးကော်ပိုရေးရှင်း
  • ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း
ဝန်ကြီးများမောင်မောင်အုန်း
ဌာနအကြီးအမှူးများဦးဝင်းကျော်အောင် [၁]၊ ညွှန်ကြားရေးမှူးချုပ်
မိခင်အဖွဲ့အစည်းပြန်ကြားရေးဝန်ကြီးဌာန
ဝက်ဘ်ဆိုက်moi.gov.mm/ppd/

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန(အင်္ဂလိပ်: Printing and Publishing Department)သည် ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်ရှိဌာနတစ်ခုဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိသည်။

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝကျော်၊ ၁၈၈ဝပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ်ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင်ဖြစ်သည်။၁၈၈ဝပြည့်နှစ်က စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်သည် ထိုစဉ်က မြန်မာနိုင်ငံအစိုးရအတွင်းဝန်များရုံး၏ ပုံနှိပ်လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရသည်။ နောက်ပိုင်းတွင် အခြားဌာနများ၏ ပုံနှိပ်လုပ်ငန်းများကိုပါ တစ်စတစ်စ တိုးချဲ့ဆောင်ရွက်လာခဲ့ရာ လုပ်ငန်းကျယ်ပြန့်လာခဲ့သဖြင့် ၁၈၉ဝပြည့်နှစ်၊ ဩဂုတ်လ၂ဝရက်နေ့တွင် ဗဟိုပုံနှိပ်တိုက်၊ ထောင်ပုံနှိပ်တိုက်ဌာနစုနှင့် မေမြို့ပုံနှိပ်တိုက်ဌာနစုတို့ဖြင့် တိုးချဲ့ဖွဲ့စည်းပြီး အစိုးရ၏ ပုံနှိပ်လုပ်ငန်းများ စီမံအုပ်ချုပ်ရန် ပုံနှိပ်ဝန်တစ်ဦး ခန့်ထားခဲ့သည်။[၂]

၁၉ဝ၆ခုနှစ်တွင် ယခုလက်ရှိ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်း၊ အမှတ်၂၂၈ရှိ ဗဟိုပုံနှိပ်စက်ရုံ အဆောက်အအုံကို အုတ်မြစ်ချပြီး ၁၉၁၁ခုနှစ်တွင် အဆိုပါ အဆောက်အအုံအသစ်သို့ ဗဟိုပုံနှိပ်စက်ရုံကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ၁-၄-၁၉၂၃ ရက်နေ့တွင် စာရေးကိရိယာဌာနစုကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။၁၉၃၇ခုနှစ်တွင် ထောင်ပုံနှိပ်တိုက်ဌာနစုကို ရန်ကုန်ဗဟိုအကျဉ်းထောင်မှ အင်းစိန်အကျဉ်းထောင်သို့ပြောင်းရွှေ့ခဲ့သည်။ ဗဟိုပုံနှိပ်စက်ရုံ၏ အကြီးအကဲကို ထိုစဉ်က ပုံနှိပ်ဝန်ဟုခေါ်ဆိုပြီး ပုံနှိပ်ဝန်များအဖြစ် ဦးဝကြီး၊ ဦးဘကျော်၊ ဦးလှ၊ ဦးစောအောင်တို့က ဆောင်ရွက်ခဲ့ကြသည်။

လွတ်လပ်ရေးရပြီးနောက် ၁၉၆၃ ခုနှစ်တွင် ဗဟန်းမြို့နယ်၊ ဓမ္မစေတီလမ်း၊ အမှတ် ၂၅၃ ရှိ ဗမာ့ခေတ်သတင်းစာတိုက် မြေအဆောက်အအုံနှင့် ပုံနှိပ်စက်များကို ဝယ်ယူပြီး ဗဟိုပုံနှိပ်စက်ရုံ၏ စက်ရုံခွဲအဖြစ် ပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

၁၉၆၄ ခုနှစ်တွင် ပုံစံပုံနှိပ်တိုက်ကို အောင်ဆန်းမြို့တွင် တိုးချဲ့ဖွင့်လှစ်ပြီး ၁၉၆၈တွင် စာရေးကိရိယာဌာနခွဲ (အောင်ဆန်းမြို့) ကိုပါတိုးချဲ့ဖွင့်လှစ်ခဲ့သည်။ ၁၉၆၉ခုနှစ်၊ မတ်လ၁၆ရက်နှင့် မေလ၁၅ရက်တို့တွင် ပုဂ္ဂလိကပိုင် ပုံနှိပ်တိုက် ၁၇ခုကို ပြည်သူပိုင်ပြုလုပ်ခဲ့ပြီး ပြည်သူပိုင် ပုံနှိပ်တိုက်များ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

မူလသီးခြားရပ်တည်ခဲ့သော မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကို ၂၂-၈-၁၉၆၃ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနအောက်သို့ လွှဲပြောင်းပြီး စာပေဗိမာန်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် အုပ်ချုပ်ရေးစနစ်သစ်ကို စတင်အကောင်အထည်ဖော်ရာ၌ အထက်ပါဗဟိုပုံနှိပ်တိုက်နှင့် တိုက်ခွဲများ၊ စာပေဗိမာန်အဖွဲ့နှင့် ပြည်သူပိုင်ပုံနှိပ်တိုက်များကို စုပေါင်းဖွဲ့စည်းကာ “ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးကော်ပိုရေးရှင်း” ဟူ၍ ပေါ်ပေါက်လာခဲ့သည်။ ၁၉၇၂ခုနှစ်ထဲတွင် ပြည်နယ် ဦးစီးဌာနများမှ ကချင်၊ ကရင်၊ ချင်းနှင့် ရှမ်းပြည်နယ် ပုံနှိပ်တိုက်ခွဲများကို လွှဲပြောင်းရရှိခဲ့သည်။ ရခိုင်ပြည်နယ်ရှိ ယခင် သဇင်ပန်းခိုင် ပုံနှိပ်တိုက်ခွဲကိုမူ ၁၉၈၁ ခုနှစ် အောက်တိုဘာလမှစ၍ လွှဲပြောင်းလက်ခံ ရရှိခဲ့သည်။ ထို့အပြင် မန္တလေးတွင် နေ့စဉ် ထုတ်ဝေခဲ့သော ဟံသာဝတီသတင်းစာကို ရပ်ဆဲလိုက်သည်။ ၁၉၇၈ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှ စ၍ လွှဲပြောင်း လက်ခံရယူပြီး မန္တလေးပုံနှိပ်တိုက်ခွဲအဖြစ် ဆက်လက်တည်ရှိခဲ့သည်။ အဆိုပါ ပြည်နယ်နှင့် တိုင်းရှိ ပုံနှိပ်တိုက်ခွဲများတွင် သက်ဆိုင်ရာ ဒေသအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကတို့မှ အပ်နှံသော ပုံနှိပ်လုပ်ငန်းများကို ဆောင်ရွက် ပေးခဲ့သည်။

တပ်မတော်အစိုးရလက်ထက် ၁၉၈၉ ခုနှစ်တွင် “ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးကော်ပိုရေးရှင်း” ကို “ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း” အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ဌာနအကြီးအကဲများအဖြစ် ဦးဆောင်ညွှန်ကြားရေးမှူးက တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၁၉၈၈ ခုနှစ် မတိုင်မီက ဗဟိုပုံနှိပ်စက်ရုံ၊ စာပေဗိမာန် ပုံနှိပ်စက်ရုံ၊ အောင်ဆန်းပုံနှိပ်စက်ရုံ၊ ဖိုတိုလစ်သိုပုံနှိပ်စက်ရုံ ဟူ၍ ပုံနှိပ်စက်ရုံကြီး ၄ ခုသာ ရှိခဲ့ရာမှ ၃၁-၇-၁၉၉၃ ရက်နေ့တွင် ဂျီတီစီပုံနှိပ်စက်ရုံ ကိုလည်းကောင်း၊ ၁၆-၁ဝ-၂ဝဝ၄ ရက်နေ့တွင် အထက်မြန်မာပြည် အစိုးရပုံနှိပ်စက်ရုံကိုလည်းကောင်း၊ ၁၅-၈-၂ဝဝ၆ ရက်နေ့တွင် နေပြည်တော်ပုံနှိပ်စက်ရုံကိုလည်းကောင်း အသစ်ထပ်မံ တိုးချဲ့ဖွင့်လှစ်ခဲ့သဖြင့် ယခုအခါ ပုံနှိပ်စက်ရုံကြီး ၇ ရုံဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ (၁-၄-၂၀၁၆) ရက်တွင် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းမှ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသို့ ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ပြည်နယ်နှင့်တိုင်းများရှိ ပုံနှိပ်တိုက်ခွဲအချို့ကို တပ်မတော်အစိုးရလက်ထက်တွင် သက်ဆိုင်ရာဒေသ၌ ရန်ကုန်မြို့မှ ထုတ်ဝေသည့် သတင်းစာများကို နေ့ချင်း ပုံနှိပ်ဖြန့်ဝေနိုင်ရန်အတွက် ကိုယ်ပွားသတင်းစာတိုက်များအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ယခင်က ခဲစာလုံးပုံနှိပ်စက်များနေရာတွင် 2 Unit Sheet-fed Offset ပုံနှိပ်စက်များဖြင့် အစားထိုး၍ တိုးမြှင့်ဆောင်ရွက်ခဲ့သည်။ နောက်ပိုင်းတွင် ကိုယ်ပွားသတင်းစာတိုက်နှင့် ၎င်းရှိ ပုံနှိပ်စက်များကို လုပ်ငန်းနှင့် သက်ဆိုင်သော သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း သို့ ၂ဝဝ၄ ခုနှစ်တွင် လွှဲပြောင်းပေးခဲ့သည်။

လုပ်ငန်းများ[ပြင်ဆင်ရန်]

ကျောင်းသုံးစာအုပ်များ ပုံနှိပ်ထုတ်လုပ်ခြင်း[ပြင်ဆင်ရန်]

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ပါဝင်သော ကျောင်းသုံး စာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်လျက် ၁၉၉၂ ခုနှစ်မှစ၍ အခြေခံပညာ ကျောင်းသုံးစာအုပ်များအား ပညာရေးဝန်ကြီးဌာန၏ လိုအပ်ချက်နှင့်များအညီ အရည်အသွေးပြည့် အချိန်မီ ပုံနှိပ်ထောက်ပံ့လျက်ရှိသည်။ ယခုအခါ အခြေခံပညာအဆင့် ကျောင်းသုံးဖတ်စာအုပ်များကို နှစ်စဉ် အုပ်ရေ သန်း ၄ဝ ခန့် ပုံနှိပ် ထောက်ပံ့ပေးလျက်ရှိသည်။ လုပ်ငန်းလက်အောက်ရှိ ပုံနှိပ်စက်ရုံအားလုံးသည် နှစ်စဉ် ပညာရေးလိုအပ်ချက် ကျောင်းသုံးဖတ်စာအုပ်များကို စက်ရုံအလိုက် လုပ်ငန်းစီမံချက်ရေးဆွဲပြီး စာသင်နှစ်သစ် ကျောင်းဖွင့်မည့်ရက် ဇွန်လ မတိုင်မီ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် ဖြန့်ဖြူးပေးနိုင်ရေး မတ်လ ၁၅ ရက် အပြီး ပုံနှိပ်ထောက်ပံ့ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံအနှံ့သို့ ဖြန့်ဝေနိုင်ရေးအတွက် နှစ်စဉ် လိုအပ်ချက်၏ ၄ဝ ရာခိုင်နှုန်းကို ဒီဇင်ဘာလအတွင်း အပြီးပုံနှိပ်၍လည်းကောင်း၊ ကျန် ၆ဝ ရာခိုင်နှုန်းကို မတ်လ ၁၅ ရက်အပြီး ပုံနှိပ်၍လည်းကောင်း ထောက်ပံ့ပေးလျက်ရှိသဖြင့် နှစ်စဉ် ကျောင်းဖွင့်သည်နှင့် ကျောင်းသုံးဖတ်စာအုပ်များကို ကျောင်းသား၊ ကျောင်းသူများထံ အရောက် ဖြန့်ဖြူးပေးနိုင်လျက်ရှိသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်း ပုံနှိပ်ဖြန့်ချိခြင်း[ပြင်ဆင်ရန်]

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်းကို တာဝန်ယူ ပုံနှိပ်ဖြန့်ချိလျက်ရှိသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြန်တမ်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ဝေဖြန့်ချိလျက်ရှိပြီး နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုဝန်ကြီးရုံးများ၊ စစ်ရာထူးခန့်ချုပ်ရုံးတို့မှ ထုတ်ပြန်သော အမိန့်ကြော်ငြာစာများ၊ ပြန်တမ်းဝင်အရာရှိများ၏ ခန့်ထားခြင်း၊ ရာထူးတိုးခြင်း၊ ပြောင်းရွှေ့ခြင်း ဆိုင်ရာ အမိန့်ကြော်ငြာစာများ၊ နှစ်စဉ်နိုင်ငံတော်မှ ဘွဲ့တံဆိပ်နှင့် ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခြင်းခံရသည့် ရဟန်းသံဃာတော်၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များ၏ စာရင်းများ၊ ကုမ္ပဏီ (မြန်မာ+နိုင်ငံခြား) ဖျက်သိမ်းခြင်း၊ ကြော်ငြာများကို ထည့်သွင်းပုံနှိပ် ဖော်ပြသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်းတွင် ယခင်က စာမျက်နှာ ၃၂ မျက်နှာ ပါရှိပြီး ပြန်တမ်းတစ်စောင်လျှင် ၁ဝဝ ကျပ်နှုန်းဖြင့် ဖြန့်ချိရောင်းချခဲ့သည်။ ယခုအခါ အစိုးရသစ်လက်ထက်တွင် အမိန့်ကြော်ငြာစာများ ထုတ်ပြန်မှု ပိုမိုများပြားလာပြီး ပြန်တမ်းတစ်စောင်လျှင် စာမျက်နှာ ၅၇ မျက်နှာအထိ ရိုက်နှိပ်လာရသဖြင့် ပြန်တမ်းတစ်စောင်လျှင် ၁၇၅ ကျပ်နှုန်းဖြင့် ဖြန့်ချိရောင်းချပါသည်။ နိုင်ငံခြားသံရုံးများသို့ ပြန်တမ်း တစ်စောင်လျှင် ၂ US$ ဖြင့် ဖြန့်ချိရောင်းချသည်။[၂]

အခြားပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်ခြင်း[ပြင်ဆင်ရန်]

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနရှိ ပုံနှိပ်စက်ရုံများသည် နှစ်စဉ် ကျောင်းသုံးပုံနှိပ်စာအုပ်များ ပုံနှိပ်ခြင်းအပြင် နိုင်ငံတော်အဆင့် အခမ်းအနားများအတွက် ဖိတ်စာများ၊ လက်မှတ်များ၊ မှတ်တမ်းစာအုပ်များ၊ အမျိုးသားညီလာခံ၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ စသည့် အရေးကြီးလုပ်ငန်းများနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ၊ အထက်ဌာနကြီးများနှင့် ဝန်ကြီးဌာနများမှ အပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ စာပေဗိမာန်ပြည်သူ့လက်စွဲစာစဉ်များနှင့် စာပေဗိမာန်ထုတ် စာအုပ်စာတမ်းများ၊ ပြင်ပအဖွဲ့အစည်းများမှ အပ်နှံသော စာအုပ်စာစောင်များ ပုံနှိပ်ခြင်းနှင့် ကျောင်းသုံးဗလာစာအုပ် ပုံနှိပ်ထုတ်လုပ်ခြင်း လုပ်ငန်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အပ်နှံသော လွှတ်တော်အဆင့်ဆင့်အတွက် မဲလက်မှတ် အမျိုးအစား ၁၁ဝဝ၊ ရွက်ရေ ၁ဝ၆၉၉၉၈၃၃၊ ကြိုတင် ဆန္ဒမဲလက်မှတ်စာအိတ် ၁ဝ သန်း၊ မဲရုံများနှင့် ရွေးကောက်ပွဲတွင် အသုံးပြုရမည့် စာရင်းဇယားပုံစံ ၂ဝ မျိုး၊ စောင်ရေ ၃၇ ဒသမ ၂၇ သန်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များ အုပ်ရေ ၈၆၉၂ဝဝ အုပ်တို့ကို ရွေးကောက်ပွဲမတိုင်မီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်နှင့် အမှားအယွင်းမရှိအောင် ပုံနှိပ်ထောက်ပံ့ပေးနိုင်ခဲ့သဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အထောက်အကူပြုခဲ့သည်။ ၂ဝ၁၂ ခုနှစ်၊ ဧပြီလတွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု ကြားဖြတ်ရွေးကောက်ပွဲ ကော်မရှင်မှ အပ်နှံသော မဲလက်မှတ်အမျိုးအစားများ၊ ကြိုတင်မဲလက်မှတ် စာအိတ်များကို အမှားအယွင်း မရှိအောင် ပုံနှိပ်ထောက်ပံ့ပေးခဲ့သည်။

စာပေဗိမာန်[ပြင်ဆင်ရန်]

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်သည် မြန်မာနိုင်ငံသား အားလုံးတို့အတွက် ပညာဗဟုသုတပွားများစေရန်၊ နိုင်ငံရပ်ခြား၌ ထုတ်ဝေသည့် စာအုပ်စာပေများမှ မြန်မာစာဖတ်ပရိသတ်နှင့် သင့်လျော်မည့် ရေးသားချက်များကို ကောင်းနိုးရာရာ စိစစ်ရွေးချယ်၍ သုတရသ ဖြစ်စိမ့်သောငှာ ဘာသာပြန်ဆိုကာ စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေ၍ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချဖြန့်ချိခြင်း၊ စာရေးဆရာများ ပြုစုရေးသားသည့် နိုင်ငံတော်မူဝါဒနှင့် ကိုက်ညီသော စာမူများကို ဝယ်ယူ ပုံနှိပ်၍ လူထုလက်သို့ရောက်ရှိအောင် ဖြန့်ဖြူးရောင်းချခြင်း၊ စာပေ တိုးတက်ပြန့်ပွားရေးအတွက် စာပေနှီးနှောဖလှယ်ပွဲများ၊ စာတမ်းဖတ်ပွဲများ၊ စာအုပ်စာပေပြပွဲများ ကျင်းပခြင်း၊ စာပေဆုများ ချီးမြှင့်ခြင်း၊ စာပေပညာရှင်များကို ဂုဏ်ပြုချီးကျူးခြင်း လုပ်ငန်းများကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုနှင့်အညီ ဆောင်ရွက်လျက် ရှိသည်။ ဖော်ပြပါ ရည်ရွယ်ချက်နှင့် လုပ်ငန်းများ ပြည့်စုံပြီးမြောက်နိုင်စေရေးအတွက် အခါအားလျော်စွာ ထုတ်ဝေသင့်သည့် စာအုပ်များ၊ နှစ်စဉ်ထုတ်ဝေသည့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်း၊ တစ်နှစ်တစ်ကြိမ်ထုတ် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်၊ ဆုရစာမူများကို စာအုပ်အဖြစ် ထုတ်ဝေသည့်ပြည်သူ့လက်စွဲစာစဉ်များ၊ တစ်ပတ်တစ်ကြိမ်ထုတ် ရွှေသွေးဂျာနယ်၊ တစ်လတစ်ကြိမ်ထုတ် သုတပဒေသာစာစောင် တို့ကို အသွင်သဏ္ဌန်ရော အနှစ်သာရပါ တိုးမြှင့်ထုတ်ဝေ ဖြန့်ချိလျက်ရှိနေပြီး ပြည်သူများ အသိပညာ ဗဟုသုတပြည့်၀ရန်နှင့် နိုင်ငံတော်မူဝါဒ လုပ်ဆောင်ချက်များကို သိရှိ နားလည် သဘောပေါက်စေရန် လေ့လာဖတ်ရှုနိုင်မည့် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်ကို ဖွင့်လှစ်ထားသည်။

စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်များ[ပြင်ဆင်ရန်]

စာပေဗိမာန်လက်အောက်တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ စာပေဗိမာန်ပြည်သူ့ စာကြည့်တိုက်များ ထားရှိသည်။

စာပေဆုများ တိုးမြှင့်ချီးမြှင့်ခြင်း[ပြင်ဆင်ရန်]

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ ရည်ရွယ်ချက်တစ်ရပ်ဖြစ်သော စာပေဖွံ့ဖြိုးရေး လုပ်ငန်းများကို စာပေစာနယ်ဇင်းဆိုင်ရာ မူဝါဒနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေဗိမာန်သည် မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ ပြင်ပစာပေပညာရှင်များနှင့်ပူးပေါင်းပြီး စာပေဆုများကို အောက်ပါအတိုင်း နှစ်စဉ် ရွေးချယ်ချီးမြှင့်လျက် ရှိသည်။

အမျိုးသားစာပေဆု[ပြင်ဆင်ရန်]
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အမျိုးသား စာပေဆု

၁၉၈၈ မတိုင်မီက ဘာသာရပ် ၁၃ မျိုးအတွက်သာ ချီးမြှင့်ခဲ့ရာမှ ယခုအခါ သိပ္ပံဘာသာရပ်ကို သုတပဒေသာ သိပ္ပံဘာသာရပ်နှင့် အသုံးချသိပ္ပံ ဘာသာရပ်အဖြစ် ခွဲ၍ သာသာရပ် ၁၄ မျိုးအထိ တိုးချဲ့ ချီးမြှင့်ပေးလျက်ရှိပြီး တစ်သက်တာ စာပေဆုကိုလည်း တိုးမြှင့်ချီးမြှင့်ခဲ့သည်။ ၁၉၈၈ ခုနှစ်မှ ၂ဝ၁၁ ပြည့်နှစ်တွင် ကျင်းပခဲ့သော ၂ဝ၁ဝ ခုနှစ်အတွက် အမျိုးသားစာပေဆုအထိ တစ်သက်တာ စာပေဆု ၁ဝ ဦး၊ ဘာသာရပ် ၁၃ မျိုးအတွက် စုစုပေါင်း ၂၃ဝ ဆု ချီးမြှင့် ပေးနိုင်ခဲ့သည်။ ၂ဝ၁၁ ခုနှစ်မှစ၍ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော စာပေဆုကို တိုးမြှင့် ရွေးချယ်ချီးမြှင့်ခဲ့သည်။ ၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆု ဘာသာရပ် (၁၆) မျိုးအထိ တိုးမြှင့်ချီးမြှင့်ခဲ့သည်။

စာပေဗိမာန်စာမူဆု[ပြင်ဆင်ရန်]
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - စာပေဗိမာန်စာမူဆု

၁၉၈၈ မတိုင်မီက ဘာသာရပ် ၁၁ မျိုးအတွက်သာ ချီးမြှင့်ခဲ့ရာမှ ၁၉၉၂ ခုနှစ်တွင် ကဗျာပေါင်းချုပ် ဆုတစ်ဆု တိုးချဲ့ပြီး ယခုအခါ ဘာသာရပ် ၁၂ မျိုးအတွက် တိုးမြှင့် ချီးမြှင့်ပေးလျက်ရှိသည်။ ၁၉၈၈ ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ် အထိ ဘာသာရပ် ၁၂ မျိုးအတွက် ပထမဆု ၁၇၉ ဆု ၊ ဒုတိယဆု ၁၉၄ ဆု၊ တတိယဆု ၁၅၆ ဆု ချီးမြှင့်ပေးနိုင်ခဲ့သည်။ စုစုပေါင်း ၅၂၉ ဆု ချီးမြှင့်ပေးနိုင်ခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော စာမူဆုကို တိုးမြှင့် ရွေးချယ် ချီးမြှင့်ပေးသွားမည် ဖြစ်သည်။ ၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုဘာသာရပ် (၁၃) မျိုးထိ တိုးမြှင့်ချီးမြှင့်လျက်ရှိသည်။

ပုဂ္ဂလိက စာပေဆုများ[ပြင်ဆင်ရန်]

စာပေလောကနှင့် စာပေလောကသားများ ဘဝမြင့်မားရေးအတွက် နိုင်ငံတော်မှ ချီးမြှင့်ပေးသော အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူ ဆုများအပြင် ၁၉၈၈ ခုနှစ် နောက်ပိုင်း ယခုအခါတွင် ပုဂ္ဂလိက စာပေပညာရှင်များ၊ ဝါသနာရှင်များက ပခုက္ကူဦးအုံးဖေစာပေဆုဆရာဝန်တင်ရွှေ စာပေဆုသုတစွယ်စုံစာပေဆု၊ ထွန်းဖောင်ဒေးရှင်းစာပေဆု စသည့် စာပေဆုများကို နှစ်စဉ် ချီးမြှင့်ပေးလျက်ရှိသည်။

ပုံနှိပ်စက်ရုံများ[ပြင်ဆင်ရန်]

  • အထက်မြန်မာပြည် အစိုးရပုံနှိပ်စက်ရုံ (မန္တလေး)
  • နေပြည်တော်ပုံနှိပ်စက်ရုံ (ဇေယျာသီရိ)
  • ဂျီတီစီပုံနှိပ်စက်ရုံ
  • စာပေဗိမ္မာန်ပုံနှိပ်စက်ရုံ
  • အောင်ဆန်းပုံနှိပ်စက်ရုံ
  • ဖိုတိုလစ်သိုပုံနှိပ်စက်ရုံ
  • ဗဟိုပုံနှိပ်စက်ရုံ

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စာပေဗိမာန်ရှိ အရာထမ်းတို့ တွေ့ဆုံပွဲ အစည်းအဝေးကျင်းပစာပေဗိမာန် (၆ မေ ၂၀၂၂)။ ၂၆ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန။