တိရစ္ဆာန် (၃၁-ဘုံ)
တိရစ္ဆာန်ဘုံ
ယင်းကို နီးစပ်ရာ ပါဠိ ရင်းမြစ်ကို အခြေခံ၍ အဓိပ္ပါယ်ဖော်သည့် အယူအဆ မူကွဲ ၂ မျိုး ရှိသည်။
အလျားလိုက် သွားတတ်သော သတ္တဝါ ဆိုသည့် အယူအဆ
[ပြင်ဆင်ရန်]`တိရစ္ဆာန်´ ဆိုသည် ပါဠိဘာသာစကားမှ လာသည်။ `တိရ+အစ္ဆနာ´ဟု ပုဒ်ခွဲရသည်။
- တိရ = ဖီလာ၊ကန့်လန့် ဟုအနက်ရသည်။
- အစ္ဆနာ = သွားတတ်သော သတ္တဝါ ဟုအနက်ရသည်။
ထို့ကြောင့် တိရစ္ဆာန် ဆိုသည်မှာ လူ၊ နတ် တို့ကဲ့သို့ ထောင်လိုက် ရပ်၍မတ်မတ် မသွားဘဲ အလျားလိုက် သွားတတ်သော သတ္တဝါများကို ခေါ်သည်။ ဤအဆယူအဆ အရဆိုလျှင် ခြေနှစ်ချောင်းဖြင့် သွားလာတတ်သည့် လူဝံ၊ သားပိုက်ကောင်၊ ကြက်၊ ဘဲ စသည့် သတ္တဝါများ မပါဝင်သကဲ့သို့ ဖြစ်နေသည်ကို သတိပြုသင့်သည်။
တစ်နည်းအားဖြင့် ဈာန်၊ မဂ်၊ ဖိုလ်တို့မှ ဖီလာသွားတတ်သော သတ္တဝါများကို “တိရစ္ဆာန်” ဟုခေါ်သည်။ တိရစ္ဆာန်များတွင် သီးခြားဘုံ မရှိပါ။ တိရစ္ဆာန်အများ စုဝေးနေထိုင်ရာ အရပ်ကို တိရစ္ဆာန်ဘုံဟု ခေါ်စမတ်ပြုသည်။
`တိရစ္ဆာန်ဘုံ´ကို ပါဠိစာပေတွင် `တိရစ္ဆာနယောနိ´` ဟု သုံးသည်။ တိရစ္ဆာနဘူမိ ဟုမသုံးပေ။ ယောနိ = ခန္ဓာကိုယ်ဟု အနက် ရသည်။ ထို့ကြောင့် `တိရစ္ဆာနယောနိ´သည် `တိရစ္ဆာန်၏ ခန္ဓာကိုယ်´ ဟု အဓိပ္ပာယ် ရသည်။ ဘုံသီးခြားမရှိသဖြင့် တိရစ္ဆာန်၏ ခန္ဓာကိုယ် သည်ပင် သူတို့၏ ဘုံ ဖြစ်သည်ဟု ဆိုကြသည်။
၃ လမ်းသွားသတ္တဝါ ဆိုသည့် အယူအဆ
[ပြင်ဆင်ရန်]အခြား လူသိများသည့် မူကွဲ အယူအဆ တစ်ခုလည်း ရှိသေးသည်။ ပါဠိ ဘာသာဖြင့် [၁]
- တိ/တြိ = ၃ ခု
- အစ္ဆနာ = သွားလာခြင်း
ဆိုသည့် စကားလုံး ၂ ခုကို ပေါင်းစပ်ပြီး၊ တိရိစ္ဆာန် ဆိုသည်မှာ လူကဲ့သို့ အတွေးအခေါ် အယူအဆ စဉ်းစားဉာဏ်မရှိဘဲ "အစား၊ အအိပ်၊ နှင့် မေထုန်" (eat, sleep, sex) ဆိုသည့် ၃ ခုတည်းကိုသာ သိနားလည်သည့် "၃ လမ်းသွား သတ္တဝါ" ဆိုသည့် အဓိပ္ပါယ်ကို ဖော်ညွှန်းသုံးစွဲကြသည်ကိုလည်း ရိုးရာ အဆုံးအမများ၊ အထူးသဖြင့် တရားဓမ္မ ဘာသာရေး အဆုံးအမများတွင် တွေ့ရှိရသည်။
တိရစ္ဆာန် အမျိုးအစားများ
[ပြင်ဆင်ရန်]- ၁။ (အပဒ) ခြေမရှိသော တိရစ္ဆာန် ( မြွေ၊ ငါး၊ တီ)
- ၂။ (ဒွိပဒ) ခြေနှစ်ချောင်းရှိသော တိရစ္ဆာန် ( ကြက်၊ ငှက်)
- ၃။ (စတုပ္ပဒ) ခြေလေးချောင်းရှိသော တိရစ္ဆာန် (ကျွဲ၊ နွား၊ မြင်း)
- ၄။ (ဗဟုပ္ပဒ) ခြေများစွာရှိသော တိရစ္ဆာန် (ပင့်ကူ၊ ကင်းခြေများ)
တိရစ္ဆာန်များ နေသောနေရာကိုလိုက်၍ ကုန်းနေတိရစ္ဆာန်၊ ရေနေတိရစ္ဆာန် ဟု နှစ်မျိုးခွဲခြားသည်။ ဗုဒ္ဓဘုရားရှင်က ကုန်းနေသတ္တဝါထက် ရေနေသတ္တဝါက ပိုများသည်ဟု ဟောကြားခဲ့သည်။ တိရစ္ဆာန်မျိုးတွင် နဂါး ၊ ဂဠုန် ၊ ကိန္နရာ၊ ဟင်္သာ၊ တိုးနယား၊ ကရဝိတ်၊ မကန်း၊ မနူဿီဟ တို့လည်းပါသည်။
ကျမ်းကိုး
[ပြင်ဆင်ရန်]- ↑ ပါဠိ-မြန်မာ ဓမ္မအဘိဓာန် - Pali-Myanmar Dhamma Dictionary။
- ↑ ဦးမြတ်ကျော်(မြန်မာစာကော်မရှင်) “၃၁ဘုံခရီးသည်”