ပဋိသန္ဓိ

ဝီကီပီးဒီးယား မှ

[၁] (၁) ပဋိသန္ဓေ၊ ဘဝတစ်ပါး-အခြားမဲ့ဘဝကို ပစ္စုပ္ပန်ဘဝ နှင့် ဆက်စပ်ခြင်း၊ ရှေ့ နောက်ဘဝအထူးကို တစ်စပ်တည်းကဲ့သို့ ဆက်စပ်ခြင်း။ (က) ပဋိသန္ဓေစိတ်။ (ခ) ပဋိသန္ဓေကိစ္စ။ (ဂ) ပဋိသန္ဓေဌာန။

(၂) ပဋိသန္ဓေအခါ၊ ဘဝ တစ်ပါး- အခြားမဲ့ဘဝ-ကို ပစ္စုပ္ပန်ဘဝနှင့် ဆက်စပ်ရာ အခါ၊ ရှေ့ နောက်ဘဝအထူးကို တစ်စပ်တည်းကဲ့သို့ ဆက်စပ်ရာအခါ။ [၂]

ပဋိသန္ဓေဟူသည်[ပြင်ဆင်ရန်]

(၁) တစ်ခုသော ဘဝ၌ ရှေးဦးအစ ပဌမ ဖြစ်သော ရုပ်, နာမ်ခန္ဓာသည် အတိတ်ဘဝကို ပစ္စုပ္ပန်ဘဝနှင့် ဆက်စပ်ခြင်းသဘော ရှိသောကြောင့် တစ်နည်း... အတိတ်ဘဝနှင့် ပစ္စုပ္ပန်ဘဝကို တစ်စပ်တည်းကဲ့သို့ ဆက်စပ်ခြင်းသဘောရှိသောကြောင့် ပဋိသန္ဓေ မည်၏။ [၂]

ပဋိသန္ဓေ အမျိုးအစားများ[ပြင်ဆင်ရန်]

ယင်းပဋိသန္ဓေသည် အသညသတ် ဗြဟ္မာတို့၏ ရုပ်ပဋိသန္ဓေနှင့်တကွ ကာမာဝစရပဋိသန္ဓေ ၁၀-ပါး၊ ရူပါဝစရပဋိသန္ဓေ ၅-ပါး၊ အရူပါဝစရပဋိသန္ဓေ ၄-ပါးအားဖြင့် ၂၀-အပြားရှိသည် [၃]

အကျဉ်းချုပ်အားဖြင့်ကား ရုပ် ခန္ဓာတစ်ပါးတည်းသာရှိသော ဧကဝေါကာရ ပဋိသန္ဓေ၊ နာမ်ခန္ဓာ ၄-ပါးသာရှိသော စတုဝေါကာရပဋိသန္ဓေ၊ ရုပ်, နာမ်ခန္ဓာ ၅-ပါးရှိသော ပဉ္စဝေါကာရပဋိသန္ဓေဟူ၍ ၃-မျိုးဖြစ်သည်။

တစ်နည်း-အပါယ်ပဋိသန္ဓေ, ကာမ သုဂတိပဋိသန္ဓေ, ရူပါဝစရပဋိသန္ဓေ, အရူပါဝစရပဋိသန္ဓေဟူ၍ ၄-မျိုးဖြစ်သည်[၄][၂]

ပဋိသန္ဓေကို ဖြစ်စေသော ကံများ[ပြင်ဆင်ရန်]

ဥဒ္ဓစ္စစေတနာကြဉ်သော အကုသိုလ် စေတနာ ၁၁-ခုကြောင့် အပါယ် ၄-ဘုံ၌ အကုသလဝိပါက်သန္တီရဏစိတ်ဖြင့် ပဋိသန္ဓေ နေရသည်၊ ယင်းကို အပါယ်ပဋိသန္ဓေဟု ခေါ်သည်။

ကာမာဝစရကုသိုလ်စေတနာ ၈-ခုကြောင့် ကာမသုဂတိ ၇-ဘုံ၌ ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် ၁-ခု၊ မဟာ ဝိပါက်စိတ် ၈-ခုတို့တွင် တစ်ခုခုဖြင့် ပဋိသန္ဓေ နေရသည်၊ ယင်းကို ... ကာမသုဂတိ ပဋိသန္ဓေဟု ခေါ်သည်။

ရူပါဝစရကုသိုလ် စေတနာ ၅-ခုကြောင့် အသညတ်မှ တစ်ပါးသော ရူပ ၁၅-ဘုံ၌ ကမ္မဇရုပ်နှင့်တကွ ရူပါဝစရဝိပါက်စိတ် ၅-ခုတို့ဖြင့်လည်းကောင်း, နာမ်ခန္ဓာ၌ တပ်မက်မှုကင်းသည် ရူပါဝစရပဉ္စမဈာန် ကုသိုလ်စေတနာကြောင့် အသညသတ်ဘုံ၌ ဇီဝိတနဝကကမ္မဇရုပ် ဟု ဖြင့်လည်းကောင်း ပဋိသန္ဓေ နေရသည်၊ ယင်းကို ရူပါဝစရပဋိသန္ဓေဟု ခေါ်သည်။

အရူပါဝစရကုသိုလ်စေတနာ ၄-ခုကြောင့် အရူပ ၄-ဘုံ၌ အရူပါဝစရဝိပါက်စိတ် ၄-ခုဖြင့် ပဋိသန္ဓေနေရသည်၊ ယင်းကို အရူပါဝစရပဋိသန္ဓေဟု ခေါ်သည် [၅][၂]

ပဋိသန္ဓေစိတ်၏ အာရုံ[ပြင်ဆင်ရန်]

ပဋိသန္ဓေစိတ်၏ အာရုံသည် ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ဟု ၃-မျိုးရှိသည်။ ယင်းတို့တွင် ဖြစ်စေသည် ပစ္စုပ္ပန်ပဋိသန္ဓေအကျိုးကို အတိတ် ကုသိုလ်, အကုသိုလ်စေတနာသည် ကံအာရုံမည်၏။ ယင်းကံအာရုံကို အခြားမဲ့ လွန်ခဲ့ပြီးဘဝ သေခါနီးအခါ မနောဒွါရိက ဇောတို့က ယူပေးရသည်။

ပဋိသန္ဓေကျိုးကို ပေးမည် ကုသိုလ်, အကုသိုလ်ကံကို ပြုလုပ် မရဏာသန္နဇောက စဉ်အခါ၌ တွေ့ကြုံရသော အာရုံများကို ကမ္မနိမိတ်ဟု ခေါ်သည်၊ ယင်းကမ္မနိမိတ်၌ အာရုံ ၆-ပါးလုံး ပါဝင်နိုင်သည်။ ပဉ္စာရုံ ကမ္မနိမိတ်ကို ဆဒွါရိကမရဏာသန္နဇောက ယူပေး၍ ဓမ္မာရုံကမ္မနိမိတ်ကို မနောဒွါရိက ယူပေးရသည်၊ ယင်း၏ ၂-မျိုးလုံး ပစ္စုပ္ပန်, အတိတ် ထိုက်သလို ဖြစ်နိုင်သည်။

လားရောက်ရမည့် ဘုံဘဝ၌ တွေ့ကြုံရမည် အာရုံများသည် ဂတိနိမိတ် မည်၏၊ ယင်းသည် ပစ္စုပ္ပန်ရူပါရုံသာဖြစ်၍ မနောဒွါရိက မရဏာသန္နဇောက ယူပေးရသည်။[၂]

ပဋိသန္ဓေ၏ အာရုံ (၆)ပါးနှင့် အတိတ်, ပစ္စုပ္ပန်ကာလ[ပြင်ဆင်ရန်]

ကာမာဝစရပဋိသန္ဓေ၏ အာရုံသည် ပဉ္စာရုံကမ္မနိမိတ်ဖြစ်လျှင် ဆဒွါရိကဇောက ယူပေး၍ ပစ္စုပ္ပန်, အတိတ်ထိုက်သလို ဖြစ်နိုင်သည်။

ဓမ္မာရုံ ကမ္မနိမိတ်နှင့် ကံအာရုံ ဖြစ်လျှင် မနောဒွါရိကဇောက ယူပေး၍ အတိတ်သာလျှင် ဖြစ်သည်။

ဂတိနိမိတ်ဖြစ်လျှင်ကား မနောဒွါရိကဇောက ယူပေးအပ်သည် ပစ္စုပ္ပန်ရူပါရုံသာ ဖြစ်သည်။ ရူပါဝစရပဋိသန္ဓေ၏ အာရုံသည် မနောဒွါရိကဇောက ယူပေးအပ်သည် ပညတ်ကမ္မနိမိတ် အာရုံသာလျှင် ဖြစ်သည်။

ဌမနှင့် တတိယ အရူပါဝစရပဋိသန္ဓေ၏ အာရုံသည် မနောဒွါရိကဇောက ယူပေးအပ်သည် ပညတ် ကမ္မနိမိတ်ဖြစ်၍

ဒုတိယနှင့် စတုတ္ထ အရူပါဝစရပဋိသန္ဓေ၏ အာရုံသည် မနောဒွါရိကဇောက ယူပေးအပ်သည့် အတိတ်ဓမ္မာရုံ ကမ္မနိမိတ်ဖြစ်သည် [၆][၂]

ပဋိသန္ဓေ ဟူ၍ ၄-မျိုး[ပြင်ဆင်ရန်]

တစ်နည်း-ပဋိသန္ဓေသည် ရုပ်, နာမ်ခန္ဓာ အဖို့အစုဟူသော “ယောနိ”အားဖြင့် အဏ္ဍဇ ပဋိသန္ဓေ, ဇလာဗုဇပဋိသန္ဓေ, သံသေဒဇပဋိသန္ဓေ, ဩပပါတိက (ဥပပါတ်) ပဋိသန္ဓေ ဟူ၍ ၄-မျိုး ရှိသည်။

ယင်းတို့တွင် ကြက် ငှက်စသော ဥ၌ ဖြစ်သော ပဋိသန္ဓေသည် အဏ္ဍဇပဋိသန္ဓေမည်၏၊

လူနွားကျွဲ ဆင်မြင်း မိခင်၏ သားအိမ်၌ ဖြစ်သော ပဋိသန္ဓေသည် ဇလာဗုဇပဋိသန္ဓေမည်၏၊

ကြာတိုက်, သစ်ခေါင်း, သားပုပ်ငါးပုပ် စသော အညှိ၌ ဖြစ်သော ပဋိသန္ဓေသည် သံသေဒဇပဋိသန္ဓေမည်၏။

ဘဝဟောင်းမှ ဘဝသစ်သို့ ကျရောက်လာသကဲ့သို့ ခန္ဓာကိုယ် အထင်အရှား ဘွားကနဲ ဖြစ်ပေါ်လာသော ပဋိသန္ဓေသည် ဩပပါတိကပဋိသန္ဓေ မည်၏[၇][၂]

ပဋိသန္ဓေ ၄-မျိုးကို ဂတိ ၅-ပါးဖြင့် ဝေဖန်ခြင်း[ပြင်ဆင်ရန်]

ယင်းပဋိသန္ဓေ ၄-မျိုးကို သတ္တဝါတို့ လားရောက်အပ်သည် ဂတိ ၅-ပါးဖြင့် ဝေဖန်လျှင် ဘုမ္မစိုးနတ်မှတစ်ပါးသော နတ်, ဗြဟ္မာတို့၏ ဒေဝဂတိ, နိဇ္ဈာမတဏှိကပြိတ္တာတို့၏ ပေတဂတိနှင့် ငရဲ သားတို့၏ နိရယဂတိ၌ ဩပပါတိက ပဋိသန္ဓေ ၁-မျိုးကိုသာ ရနိုင်သည်။

ဘုမ္မစိုး နတ်, လူ, တိရစ္ဆာန်တို့၏ ဒေဝ, မနုဿ, တိရစ္ဆာနဂတိနှင့် နိဇ္ဈာမတဏှိကမှ တစ်ပါးသော ပြိတ္တာတို့၏ ပေတဂတိ၌ ပဋိသန္ဓေ ၄-မျိုးလုံး ရနိုင်သည် [၈][၂]

ဂဗ္ဘသေယျက သတ္တဝါတို့ ပဋိသန္ဓေနေခြင်း အကြောင်းသုံးပါး[ပြင်ဆင်ရန်]

အမိဝမ်း၌ ကိန်းသူ “ဂဗ္ဘသေယျက သတ္တဝါတို့ ပဋိသန္ဓေနေရာ၌

(၁) မိဖနှစ်ပါးတို့ ပေါင်းဖေါ်ခြင်း၊

(၂) အမိ၏ ဥတုလာ ပြီးစ အချိန်ဖြစ်ခြင်း၊

(၃) သားဖြစ်မည်သူ၏ ရှေးရှူအနီးအပါး၌ တည်နေခြင်းဟူသော အကြောင်း ၃-ပါး ညီညွတ်ပြည်စုံရသည်၊ အကြောင်း ၃-ပါးတို့တွင် တစ်ပါးပါး ချွတ်ယွင်းလျှင် ပဋိသန္ဓေမတည်နိုင်ချေ [၉]

မိဖနှစ်ပါး ပေါင်းဖေါ်ခြင်းဟူရာ၌ ပေါင်းဖေါ်ဆဲခဏ၌သာ ပဋိသန္ဓေတည်နိုင်သည် မဟုတ်၊ ပေါင်းဖေါပြီးနောက် ၇-ရက် ကြာမြင့်သည်တိုင်အောင် ပဋိသန္ဓေ တည်နိုင်သည် [၁၀]

တစ်နည်း–၁၅-ရက်ကြာမြင့်သည် ကာလ တိုင်အောင် ပဋိသန္ဓေတည်နိုင်ပေသည် [၁၁][၂]

အကြောင်းတရားကြောင့် အကျိုးတရားဖြစ်ပုံဥပမာများ[ပြင်ဆင်ရန်]

ပဋိသန္ဓေသည် ရှေးအတိတ် ဘဝမှ ပစ္စုပ္ပန်ဘဝသို့ ပြောင်းရွှေ့လာသည် မဟုတ်၊ ရှေးအတိတ်ဘဝရှိ ကံ, သင်္ခါရ, တဏှာ, အာရုံစသော အကြောင်းနှင့် ကင်း၍ ဖြစ်သည်လည်း မဟုတ်ပေ၊ ယင်းသို့ ဖြစ်ခြင်းကို ပဲ့တင်သံ, ဆီးမီးလျှံ, တံဆိပ်ရာ, မျက်နှာရိပ်စသော အကျိုးတို့၏ မူလအသံ, ဆီမီးလျှံ တံဆိပ်တုံး၊ မျက်နှာစသော အကြောင်းနှင့် ကင်း၍ မဖြစ်ပုံကို နှိင်းယှဉ် ထောက်ရှု၍ သိမှတ်ယုံကြည်ရာ၏ [၁၂][၂]

မြင်နိုင်ခဲသော တရား ၄-မျိုး[ပြင်ဆင်ရန်]

ပဋိသန္ဓေသည် သစ္စာ, သတ္တဝါ, ပဋိသန္ဓေ, ပဋိစ္စသမုပ္ပါဒ် ဟူသော မြင်နိုင်ခဲ၍ ဟောပြခြင်းငှါ အလွန် ခဲယဉ်းသော တရား ၄-မျိုးတွင် တစ်ပါး အပါအဝင် ဖြစ်သည်[၁၃][၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ပဋိသန္ဓိ (ထီ) [ပတိ+သံ+ဓာ+ဣ]
  2. ၂.၀၀ ၂.၀၁ ၂.၀၂ ၂.၀၃ ၂.၀၄ ၂.၀၅ ၂.၀၆ ၂.၀၇ ၂.၀၈ ၂.၀၉ ၂.၁၀ တိပိဋကအဘိဓာန် အတွဲ-၁၄ အပိုင်း(၁)
  3. (အဘိ၊ဋ္ဌ၊၂၊၁၄၈။ ဝိသုဒ္ဓိ၊၂၊၁၈၀)
  4. (သင်္ဂဟ၊၇၅)
  5. (အဘိ၊ဋ္ဌ၊၂၊၁၄၈။ ဝိသုဒ္ဓိ၊၂၊၁၈၀။ သင်္ဂဟ၊၇၅-၆)
  6. (အဘိ၊ဋ္ဌ၊၂၊၁၄၈-၁၅၂။ ဝိသုဒ္ဓိ၊၂၊၁၈၁-၁၈၄။ ဝိဘာဝိနီ၊၁၃၀-၁)
  7. (မ၊၁၊၁၀၅)
  8. (မ၊ဋ္ဌ၊၁၊၃၄၁။ အဘိ၊ဋ္ဌ၊၂၊၁၅၃။ ဝိသုဒ္ဓိ၊၂၊၁၈၅။ ပရမတ္ထသရူပ၊၁၊၂၂၇။)
  9. (မ၊၁၊၃၃၂)
  10. (မ၊ဋ္ဌ၊၂၊၂၁၀။ သာရတ္ထ၊၂၊၁၁။ ဝိမတိ၊၁၊၁၀၁။ အံ၊ဋီ၊၂၊၁၄၈)
  11. (ဝိမတိ၊၁၊၁၀၁)
  12. (အဘိ၊ဋ္ဌ၊၂၊၁၅၅။ ဝိသုဒ္ဓိ၊၂၊၁၈၇)
  13. (အဘိ၊ဋ္ဌ၊၂၊၁၂၃။ ဝိသုဒ္ဓိ၊၂၊၁၅၃)