နိဗ္ဗာန်အမျိုးအစားများ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
နိဗ္ဗာန်သည် အကြောင်းတရားတို မပြုပြင် မစီရင် မချယ်လှယ်အပ်သော သဘောအားဖြင့် ၁-မျိုးတည်းသာ ရှိ၏။
နိဗ္ဗာန် ၂-မျိုး
[ပြင်ဆင်ရန်]အကြောင်းပရိယာယ်အားဖြင့်ကား–
- (၁) တဏှာစသည်တို့ဖြင့် “ငါ, ငါ့ဟာ, ငါ့ဥစ္စာ” ဟု ပြင်းပြင်းထန်ထန် စွဲယူအပ် [၁]
- တဏှာစသည်တို့သည် အကျိုး၏အဖြစ်ဖြင့် ယူအပ်သော ခန္ဓာ ၅-ပါး [၂]
- ကံ ကိလေသာတို့သည် အကျိုး၏အဖြစ်ဖြင့် ယူအပ်သော ဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ် [၃] ဟူသော အကြွင်းအကျန်နှင့်တကွဖြစ်သော “သဥပါဒိသေသ” နိဗ္ဗာန်,
(၂) ယင်းခန္ဓာအကြွင်းအကျန်မရှိသော အနုပါဒိသေသ နိဗ္ဗာန်ဟု ၂-ပါးပြား၏။
(သဥပါဒိ၊ သေသနိ၊ ကြွင်းရှိငါးရပ်ခန်။ အနုပါဒိ၊ သေသနိ၊ မရှိငါးရပ်ခန်၊ ပရမတ္ထသံခိပ်။ ၄၂၄၊ ၄၂၅။) [၄]
သဥပါဒိသေသနိဗ္ဗာန်
[ပြင်ဆင်ရန်]ယင်း ၂-မျိုးတို့တွင် သရက်ပင်၌ ၅-လုံး တပြွတ်, ၁၂-လုံးတပြွတ်, ၁၈-လုံးတပြွတ် သီးနေသော သရက်သီးတို့ ရှိကုန်ရာ ယင်း သရက်သီးတို့သည် အညှာ၌ဖွဲ့စပ်ကာ အညှာသို့ အစဉ်လိုက်နေကုန်၏၊ အညှာကိုဖြတ် လိုက်ပါက အညှာ၌ ဖွဲ့စပ်နေသော သရက်သီး အားလုံးတို့ကိုလည်း ဖြတ်ပြီးဖြစ်ကုန်သကဲ့သို့ ဘဝသို့ ဆောင်ပို့တတ်သော တဏှာအညှာ ရှိနေသောအခါ ဖြစ်ပေါ်လာနိုင်သည့် ခန္ဓာ ၅-ပါး, အာယတန ၁၂-ပါး, ဓာတ် ၁၈-ပါးတို့လည်း ဘဝသို့ ဆောင်ပို့တတ်သော တဏှာ အညှာကို အရိယာမဂ် ဓားလက်နက် ၄-စင်းဖြင့် အကြွင်းမရှိအောင် ဖြတ်လိုက်သောအခါ တဏှာအညှာရှိမှ ဖြစ်ပေါ်လာနိုင်သည့် ခန္ဓာ, အာယတန, ဓာတ်တို့ကိုလည်း အပြီးအပြတ် ဖြတ်ပြီးဖြစ်ကုန်၏။ ဘဝ၌ တဖန်ဆက်စပ်၍ မဖြစ်တော့ကုန်။ ဘဝသို့ ဆောင်ပို့တတ်သော တဏှာအညှာပြတ်ပြီးသည့်အချိန်မှ နောက်ဆုံး ပရိနိဗ္ဗာန်စိတ်တိုင်အောင်သော အချိန်အတွင်း၌ “သဥပါဒိသေသ” နိဗ္ဗာန်ဟု ဆိုရ၏။
အနုပါဒိသေသနိဗ္ဗာန်
[ပြင်ဆင်ရန်]ယင်း သရက်ပင်ကို အဆိပ်ရှိသော ဖားပြုတ်ဆူး, တစ်ပါးသော အဆိပ်မျိုး တစ်ခုခုဖြင့် ရိုက်နှက်စိုက်မြုပ်လိုက်လျှင် ယင်းအဆိပ်တို့ နှိပ်စက်ထိတွေ့ မှုကြောင့် တဖြည်းဖြည်း မတ်တတ်ခြောက်၍ ကွယ်ပျောက်သွားသောအခါ “ဤအရပ်၌ ဤမည်သော သစ်ပင်ရှိဘူးသည်”ဟု ပြောရရုံမျှသာ ဖြစ်တော့၏။ ယင်း သစ်ပင်ကို ဘယ်သူမှ မမြင်ရတော့။ ဤအတူပင် အရိယာမဂ်၏ တွေ့ထိနှိပ်စက်မှုကို စွဲ၍ တဏှာအစေး ကုန်ခန်းပြီးသောကြောင့် တဖန် အသစ်မဖြစ်တော့ပဲ နောက်ဆုံးချုပ်မှု ပရိနိဗ္ဗာန်စိတ် ကျပြီးသောအခါ “အနုပါဒိသေသ” နိဗ္ဗာန်ဟုဆိုရ၏။ [၅]
နိဗ္ဗာန် ၂-မျိုး ပြားရကြောင်း
[ပြင်ဆင်ရန်]အာသဝေါကင်းကွာ ရဟန္တာပုဂ္ဂိုလ်သည် နောက်ဆုံးဘဝ၏ အကြောင်းကံ မကုန်သေးသမျှ စက္ခုစသော ဣန္ဒြေ ၅-ပါးတို့ နောက် တဖန်ဖြစ်မှု မရှိအောင် ချုပ်ခြင်းဖြင့် မချုပ်သေးပဲ တည်ရှိနေသည်ဖြစ်၍ ဣဋ္ဌာရုံ, အနိဋ္ဌာရုံတို့ကို တွေ့ကြုံခံစားရ၏၊ ချမ်းသာ ဆင်းရဲကို ခံစားကြရ၏၊ ယင်းရဟန္တာပုဂ္ဂိုလ်၏ ရာဂ, ဒေါသ, မောဟတို့၏ စင်စစ်မဖြစ်တော့ပဲ ကုန်ခန်းခြင်းကို “သဥပါဒိသေသ” နိဗ္ဗာန်ဟု ခေါ်ဆိုရ၏။
ယင်းသည် ရဟန္တာ ပုဂ္ဂိုလ်၏သန္တာန် ဤပစ္စုပ္ပန်အတ္တဘော၌ သုခ စသော အဗျာကတဝေဒနာအားလုံး, ခန္ဓာ ၅-ပါးအားလုံးတို့သည် တဏှာစသည်တို့ဖြင့် နှစ်သက်မှု မရှိတော့သည်ဖြစ်၍ စင်စစ်ငြိမ်းအေးကုန်လတံ့၊ ဆက်စပ်ခြင်း ကင်း ချုပ်ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်းကြကုန်လတံ့၊ ခန္ဓာအားလုံး ချုပ်ငြိမ်းအေးခြင်းသဘောကို “အနုပါဒိသေသ” နိဗ္ဗာန်ဟု ခေါ်ဆိုရ၏။ [၆]
တဖန် ဆက်စပ်မှု “ပဋိသန္ဓေ” ရှိသော ခန္ဓာတို့မည်သည် ကိလေသာရှိမှသာ ဖြစ်ပေါ်ကုန်၏။ ကိလေသာမရှိခဲ့သော် မဖြစ်ပေါ်ကုန်ရကား ကိလေသာကုန်သည်နှင့် တပြိုင်နက် တဖန် ဆက်စပ်မှု “ပဋိသန္ဓေ”ရှိသော ခန္ဓာတို့လည်း ကုန်ခန်းကုန်တော့၏၊ သို့ရာတွင် စုတိတိုင်အောင် ဖြစ်လတံ့သော ပစ္စုပ္ပန်ခန္ဓာအစဉ်ကား— အခြားသတ္တဝါတို မဆိုထားဘိ ရဟန္တာပုဂ္ဂိုလ်၏ ခန္ဓာအစဉ် သည်သော်လည်း ရှေးဘဝ၌ဖြစ်ခဲ့သော ကံ ကိလေသာတို့၏ အကျိုးဆက်ဖြစ်၍ သတ္တဝါ အားလုံးအား ဓမ္မတာအားဖြင့် ပြီးသောကြောင့် ကိလေသာတို့ ကုန်ပြီးသော်လည်း စုတိတိုင်အောင် ဖြစ်တည်နေသေး၏။ စုတိ ခဏ၌ ပစ္စုပ္ပန်ခန္ဓာအစဉ် ချုပ်မှုသည်လည်း ဓမ္မတာအားဖြင့် ထိုမှတစ်ပါး စုတိ၏အခြားမဲ့၌ ဘဝသစ် မဖြစ်ပေါ်မှုနှင့် နောင်အစမထင် ဘဝအဆက်ဆက် မဖြစ်ပေါ်မှုသည်လည်း ကိလေသာကုန်သည်နှင့် တပြိုင်နက်ပင် ပြီးစီး၏၊ ဤအလုံးစုံ ချုပ်ငြိမ်းမှု နိဗ္ဗာန်သည် တစ်ခုတည်းဖြစ်သော်လည်း ခန္ဓာအကြွင်းအကျန် ရှိမှု, မရှိမှုကိုစွဲ၍ “သဥပါဒိသေသ” နိဗ္ဗာန်, “အနုပါဒိသေသ” နိဗ္ဗာန်ဟု ၂-ပါးပြား၏။ [၇]
အချုပ်အားဖြင့် ကိလေသာ ငြိမ်းအေးမှ “နိဗ္ဗုတိသဘာဝ”သည် “သဥပါဒိသေသ” နိဗ္ဗာန်မည်၏။ ခန္ဓာငြိမ်းအေးမှု “ခန္ဓနိဗ္ဗာန်”သည် “အနုပါဒိသေသ” နိဗ္ဗာန်မည်၏။ မျက်မှောက်၌ ငြိမ်းအေးမှု “ဒိဋ္ဌဓမ္မိက” နိဗ္ဗာန်သည် “သဥပါဒိသေသ” နိဗ္ဗာန်မည်၏။ ရှေ့ရှုရောက်ရမည့် နောက်ဆုံးစုတိစိတ်၏ အခြားမဲ့၌ ငြိမ်းအေးမှု “သမ္ပရာယိက” နိဗ္ဗာန်သည် “အနုပါဒိသေသ” နိဗ္ဗာန်မည်၏။ မဂ်ခဏ၌ ကိလေသာကုန်ခန်းခြင်းသည် “သဥပါဒိသေသ” နိဗ္ဗာန်မည်၏။ စုတိ၏အခြားမဲ့၌ခန္ဓာမဖြစ်ခြင်းသည် “အနုပါဒိသေသ” နိဗ္ဗာန် မည်၏။ [၈]
တနည်း နိဗ္ဗာန် ၂-မျိုး
[ပြင်ဆင်ရန်]တနည်း နိဗ္ဗာန်သည် (၁) ကိလေသနိဗ္ဗာန်, (၂) အနုပါဒိသေသနိဗ္ဗာန်ဟူ၍ ၂-မျိုးပြားသည်။
ထိုတွင် ကိလေသာငြိမ်းအေးမှုသည် ကိလေသနိဗ္ဗာန်မည်၏။ အရဟတ္တဖိုလ်ကို သမီပူပစာအားဖြင့် ကိလေသနိဗ္ဗာန်ဟူ၍ လည်းကောင်း, အနုပါဒိသေသနိဗ္ဗာန်ဟူ၍ လည်းကောင်း သိအပ်၏။
ခန္ဓာ ၅-ပါး အပေါင်း ဝိပါက်နာမက္ခန္ဓာ, ကဋတ္တာရုပ် အကြွင်းအကျန်မရှိ ချုပ်ငြိမ်းမှုသည် အနုပါဒိသေသနိဗ္ဗာန်မည်၏။ [၉] (ကိလေ အနု၊ တနည်းရှု၊ ၂-ခု နိဗ္ဗာန်ပြား။)
နိဗ္ဗာန် ၃-မျိုး
[ပြင်ဆင်ရန်]- (၁) ရာဂ, ဒေါသ, မောဟတို့မှလည်းကောင်း, အလုံးစုံးသော သင်္ခါရတို့မှလည်းကောင်း ဆိတ်သုဉ်းသော “သုညတ” နိဗ္ဗာန်,
- (၂) ရာဂ, ဒေါသ, မောဟအကြောင်း နိမတ်, အလုံးစုံသော သင်္ခါရနိမိတ် မရှိသော “အနိမိတ္တ” နိဗ္ဗာန်,
- (၃) ရာဂ, ဒေါသ, မောဟ တောင့်တမှု မရှိသော “အပ္ပဏိဟိတ” နိဗ္ဗာန် ဟု ၃-ပါးအပြားရှိ၏။
ပရမတ္ထသံခိပ်အဆို
[ပြင်ဆင်ရန်]- သုည နိမိတ်၊ ပဏိဟိတ်၊ ဖြာစိတ်သုံးနိဗ္ဗာန်။
- ပလိဗောဓ၊ ကြောင့်ကြသဗ္ဗံ၊ ကင်းဆိတ်ညံ၊ နိဗ္ဗာန်သုညတ။
- ဘေးပေါင်းတရံ၊ မဆက်ဆံ၊ နိဗ္ဗာန်နိမိတ္တ။
- တောင့်တပူပန်၊ မဆက်ဆံ၊ နိဗ္ဗာန်ပဏိဟိတ။ [၁၀]
သုညတနိဗ္ဗာန်
[ပြင်ဆင်ရန်]ရှင်းဦးအံ့ — သင်္ခတတရား အားလုံးတို့သည် ပိတ်ပင်တားမြစ်တတ်သော ရာဂ-စသော ကိလေသာတို့ ရှိနေသောကြောင့် ပိတ်ပင်တားမြစ်တတ်သော တရားအမျိုးမျိုးတို့ဖြင့် အမြဲမပြတ် နှိပ်စက်တတ်ကုန်၏။ နိဗ္ဗာန်၌ ပိတ်ပင်တားမြစ်တတ်သော တရား အားလုံး ဆိတ်သုဉ်းသောကြောင့် နိဗ္ဗာန်သည် “သုညတ” အမည်ကိုရ၏။
ချဲ့ပြရလျှင် သက္ကာယဒိဋ္ဌိရှိနေသမျှ ကာလပတ်လုံး မိုက်မဲ သောသတ္တဝါတို့အား မကောင်းမှုဟူသော ပိတ်ပင်တားမြစ်တတ်သောတရား, အပါယ် ဆင်းရဲဟူသော ပိတ်ပင်တားမြစ်တတ်သော တရားတို့ ထင်ရှားရှိနေကုန်၏။ ပညာရှိပုဂ္ဂိုလ်တို့မှာလည်း ယင်းသည် မကောင်းမှုဟူသော ပိတ်ပင်တားမြစ်တတ်သောတရား, အပါယ် ဆင်းရဲဟူသော ပိတ်ပင်တားမြစ်တတ်သော တရားတို့မှ မိမိကိုယ်ကို စောင့်ရှောက်ဖို့ရန် ပြုလုပ်အပ်သည့် ကောင်းမှုဟူသော ပိတ်ပင် တားမြစ်တတ်သော တရားတို့ ထင်ရှားရှိနေကုန်၏။ သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်းလျှင် သက္ကာယဒိဋ္ဌိ အကြောင်းရင်းရှိသော ပိတ်ပင် တားမြစ်တတ်သောတရား အားလုံးကို ချုပ်ငြိမ်းစေနိုင်၏။ သို့ဖြစ်၍ သက္ကာယဒိဋ္ဌိချုပ်ငြိမ်းခြင်းသည် သက္ကာယဒိဋ္ဌိ အကြောင်းရင်းရှိသော ပိတ်ပင်တားမြစ်တတ်သောတရားတို့ ချုပ်ငြိမ်းစေနိုင်ကုန်၏၊ ယင်းအတူပင် တပ်မက်မှု “ရာဂ”, အမျက်ထွက်မှု “ဒေါသ”, တွေဝေမှု “မောဟ” စသည်တို့ ချုပ်ငြိမ်းခြင်းသည်လည်း ရာဂ, ဒေါသ, မောဟစသည်လျှင် အကြောင်းရင်းရှိသော ပိတ်ပင်တားမြစ်တတ်သော တရားတို့ကို ချုပ်ငြိမ်းဆိတ်သုဉ်းစေနိုင်သဖြင့် ယင်းပိတ်ပင်တားမြစ်တတ်သော တရားတို့မှ ဆိတ်သုဉ်း၏။ ဤသို့လျှင် နိဗ္ဗာန်သည် ပိတ်ပင်တားမြစ်တတ်သော တရားအားလုံး ဆိတ်သုဉ်းသောကြောင့် “သုညတ”မည်၏။ [၁၁]
အနိမိတ္တနိဗ္ဗာန်
[ပြင်ဆင်ရန်]သင်္ခတတရားတို့မည်သည် ရှေးဦးစွာဖြစ်မှု “ဥပါဒ်”, ဆက်လက်ဖြစ်မှု “ပဝတ္တ”လျှင် အကြောင်းရင်းရှိသည့် ရှုံ့ရင်းသော အခြင်းအရာ အရိပ်နိမိတ်ရှိသောကြောင့် ကိလေသာ နှင့်တကွ ဇရာ, မရဏစသော အကျိုးမဲ့တို့၏ တည်ရာဖြစ်ကုန်၏။ နိဗ္ဗာန်သည် ယင်းသည့် သင်္ခါရအရိပ်နိမိတ်တို့ ကုန်ခန်းချုပ်ငြိမ်းခြင်းဖြင့် ပြီးစီးသည်ဖြစ်၍ သင်္ခါရအရိပ်နိမိတ် မရှိသောကြောင့် “အနိမိတ္တ” မည်၏။ [၁၂]
အပ္ပဏိဟိတနိဗ္ဗာန်
[ပြင်ဆင်ရန်]သင်္ခါရတရားတို့သည် ရအပ်ပြီးသော်လည်း ပျက်စီးခြင်းသဘော ရှိကုန်သောကြောင့် ထပ်ကာထပ်ကာ ရလိုမှု “အာသာ” ဆင်းရဲကို တိုးပွါးစေတတ်ကုန်၏။ ရလိုမှု “အာသာ” ဆင်းရဲသည် အဆုံးအပိုင်းအခြား မရှိ၊ ဆင်းရဲမှန်သမျှလည်း ရလိုမှု “အာသာ” လျှင်အကြောင်းရင်း အခြေခံရှိ၏၊ ရလိုမှု “အာသာ” နှင့်တူသော ဆင်းရဲ၏အကြောင်း တရားမည်သည်မရှိ၊ နိဗ္ဗာန်သည် ဆာလောင် မွတ်သိပ်မှု မရှိသောကြောင့် “အပ္ပဏိဟိတ” မည်၏။ [၁၃]
တနည်း နိဗ္ဗာန် ၃-မျိုး
[ပြင်ဆင်ရန်]- (၁) ကာမဥပပတ္တိဘဝ၏ ငြိမ်းအေးရာ “ကာမဘဝဝူပသမ” နိဗ္ဗာန်,
- (၂) ရူပဥပပတ္တိ ဘဝ၏ ငြိမ်းအေးရာ “ရူပဘဝဝူပသမ” နိဗ္ဗာန်,
- (၃) အရူပဥပပတ္တိဘဝ၏ ငြိမ်းအေးရာ “အရူပဘဝဝူပသမ” နိဗ္ဗာန်ဟု ၃-မျိုးပြား၏။
(ဘဝငြိမ်းမှု၊ အကြောင်းပြု၊ မှတ်ရှုသုံးနိဗ္ဗာန်။) [၁၄]
တနည်း နိဗ္ဗာန် ၃-မျိုး
[ပြင်ဆင်ရန်](၁) ပဌမနိဗ္ဗာန်, (၂) ဒုတိယနိဗ္ဗာန်, (၃) တတိယနိဗ္ဗာန်ဟူ၍လည်း ခွဲကြသေးသည်။
ပဌမနိဗ္ဗာန်
[ပြင်ဆင်ရန်]အတ္တဒိဋ္ဌိနှင့်တကွ တဏှာ ဒိဋ္ဌိကို အကြွင်းမဲ့ ပယ်သတ်အပ်သည်ရှိသော် ဒုစရိုက်တရား အားလုံးနှင့်တကွ အပါယ်ဘဝများကို ပယ်သတ်ခြင်းကိစ္စ ပြီးစီးတော့သည်၊ ယင်း ဒိဋ္ဌိသမ္ပယုတ်တဏှာကို ပယ်သတ်သည်မှ စ၍ ထိုပုဂ္ဂိုလ်သည် ဒုစရိုက်ဘေး, အပါယ် ဘေးတို့မှ ကျွတ်လွတ်လေ၏၊ ဤဘေးကြီး ၂-ပါးတို့မှ ကျွတ်လွတ်ငြိမ်းအေးမှုကြီးကိုပင် သာသနာတော်၌ “သဥပါဒိသေသအသင်္ခတ ပဌမနိဗ္ဗာန်”ဟု ဆိုအပ်သည်။
ဒုတိယနိဗ္ဗာန်
[ပြင်ဆင်ရန်]ဒိဋ္ဌိနှင့်မယှဉ်သော တဏှာကာမကို အကြွင်းမဲ့ ပယ်သတ်အပ်ပြီးသောအခါ ကာမသုဂတိဘုံတို့၌ အသစ်ဖြစ်ပေါ်မည့် ကာမဘဝတို့ကို ပယ်သတ်ခြင်းကိစ္စ ပြီးစီးလေသည်၊ ကာမတဏှာဟူသမျှတို့ကိုလည်း ပယ်သတ်ခြင်းကိစ္စ ပြီးစီးလေသည်၊ ထိုပုဂ္ဂိုလ်သည် နောင်အခါ ကာမဂုဏ်နှင့်စပ်သော ကိလေသာ လှိုင်းတံပိုးတို့ဖြင့် ပြိုးပြွမ်းသော ဒုစရိုက် ဒုရာဇီဝဘေး, အပါယ် ၄-ပါးဘေး, ကာမသုဂတိဘဝဘေးတို့မှ ကျွတ်လွတ်လေ၏၊ ဤကျွတ်လွတ်မှုကြီးကို “သဥပါဒိသေသဒုတိယနိဗ္ဗာန်”ဟု ခေါ်လေသည်။
တတိယနိဗ္ဗာန်
[ပြင်ဆင်ရန်]ရူပဘုံပ၌ တပ်မက်မှု “ရူပ ရာဂ”နှင့် အရူဘုံ၌ တပ်မက်မှု “အရူပရာဂ”ကို အကြွင်းမဲ့ ပယ်သတ်ပြီးသောအခါ ရူပ ဗြဟ္မာဘဝ, အရူပဗြဟ္မာဘဝတို့ကို ပယ်ခြင်း ကိစ္စ ပြီးလေ၏၊ ထိုအခါမှစ၍ နောင်အခါ၌ ထိုပုဂ္ဂိုလ်သည် သဿတဒိဋ္ဌိဘေးကြီး, ဥစ္ဆေဒဒိဋ္ဌိဘေးကြီး, မာနဘေးကြီး, အနိစ္စဘေးကြီးတို့ဖြင့် နှိပ်စက်အပ်သော ရူပဘဝ, အရူပဘဝတို့မှ ကျွတ်လွတ်လေ၏၊ ကိလေသာ ဘေးကြီး အားလုံးတို့နှင့်တကွ အားလုံးသော ဘုံဘဝဘေးကြီးတွေ ကျွတ်လွတ်လေ၏၊ ဤကျွတ်လွတ်မှုကြီးကို “အနုပါဒိသေသနိဗ္ဗာနအသင်္ခတမဟာနိဗ္ဗာန်ကြီး”ဟု ဆိုအပ်၏။ စတုတ္ထအရိယာ ရဟန္တာတို့ ခံစားအပ်သော နိဗ္ဗာန်ကြီးပေတည်း။
(ပ, ဒု, တဟု၊ တနည်းရှု၊ ခွဲမှုနိဗ္ဗာန်ပြား။)
ရဟန္တာဖြစ်ပြီးသော ပုဂ္ဂိုလ်သည် ပရိနိဗ္ဗာန်မစံမီအတွင်းမှာ မိမိတို့ဖြစ်ရာဘုံ၌ ရအပ်ပြီးသော ခန္ဓာဝန်ထုပ်ကြီးကို မစွန့်နိုင် ကြသေးကုန်၊ ခန္ဓာတန်းလန်းနှင့်ပင် တည်နေကြသည်။ ပရိနိဗ္ဗာန်စံသော စုတိစိတ်နောက်၌မူကား ခန္ဓာဝန်တစ်စုံတစ်ခုကိုမျှ သည်ပိုး ထမ်းဆောင်ခြင်း ရှိတော်မမူကြကုန်၊ ခန္ဓာ ၅-ပါး အကြွင်းမရှိသော “အနုပါဒိသေသနိဗ္ဗာန်ဓာတ်ကြီး”သို့ ဆိုက်ရောက်ကြလေတော့၏။
နိဗ္ဗာန်ရောက်သူတို့ ကွာခြားချက်
[ပြင်ဆင်ရန်]ဘုရားရှင်လက်ထက်က
(၁) ပဌမနိဗ္ဗာန် ဆိုက်ရောက်ကြသော လူ, နတ်, ဗြဟ္မာတို့သာ အများဆုံး ဖြစ်ကုန်၏။
(၂) ဒုတိယ နိဗ္ဗာန်သို့ ဆိုက်ရောက်ကြသော လူ, နတ်, ဗြဟ္မာတို့ကား ထိုထက်နည်းပါးကုန်၏။
(၃) တတိယမဟာနိဗ္ဗာန်ကြီးသို့ ဆိုက်ရောက်ကြကုန်သော လူ, နတ်, ဗြဟ္မာတို့သည်ကား ထိုထက်ပင် နည်းပါးကုန်၏။ အကြောင်းမူကား သဒ္ဓိန္ဒြေ, ပညိန္ဒြေစသော ဣန္ဒြေတို့က အနုတွေများသောကြောင့်တည်း။ ဣန္ဒြေ အရင့်ဆုံး အခြေအနေရောက်မှ တတိယ မဟာနိဗ္ဗာန်ကြီးသို့ ဆိုက်ရောက်နိုင်ကြကုန်၏။
ပဌမနိဗ္ဗာန် ရောက်သူတို့ ဂုဏ်ရည်
[ပြင်ဆင်ရန်]ပဌမနိဗ္ဗာန်သို့ ဆိုက်ရောက်ကြသူတို့သည်
(၁) သံသရာကြွင်းကျန်သေးသည့် အတွက်ကြောင့် ဘုံဘဝတို့၌ ကျင်လည်သောအခါ အလုံးစုံသော မိစ္ဆာဒိဋ္ဌိဘေး, အပါယ်ဘေးတို့မှ ကင်းလွတ်ကြကုန်၏၊ အပါယ် ၄-ဘုံကို အောင်မြင်ကြကုန်၏။
(၂) လူ့ဘဝ, နတ်ဘဝတည်းဟူသော သုဂတိ သံသရာတို့၌သာလျှင် ကျင်လည်ကြရကုန်၏၊ ယင်းသုဂတိ သံသရာ၌လည်း အယုတ်အညံ့ မဖြစ်ကြကုန်ပဲ အမြင့်အမြတ်တို့သာ ဖြစ်ကြရကုန်၏။
(၃) ပဌမနိဗ္ဗာန်သို့ ဆိုက်ရောက် ကြသောအခါ မြဲသောသရဏဂုံလည်း ရှိကြ၏၊ ဘုရားပြောင်းခြင်း, တရားပြောင်းခြင်း, သံဃာပြောင်းခြင်း အလျှင်းမရှိကြကုန်။
(၄) မြဲသော သမ္မာဒိဋ္ဌိအယူလည်း ရှိကြကုန်၏၊ သံသရာသမားလုပ်၍ နေသောသူတို အထည်းတွင် စိတ်စက်အေးချမ်းသာယာစွ နှင့် အတန်းမြင့်သို့ တက်ရောက်ကြသော ပုဂ္ဂိုလ်ပေတည်း။
ဒုတိယနိဗ္ဗာန်ရောက်သူတို့ ဂုဏ်ရည်
[ပြင်ဆင်ရန်]ဒုတိယနိဗ္ဗာန်သို့ ဆိုက်ကြသူတို့သည်
(၁) ထိုအခါမှစ၍ ကာမဘုံ၌ ပဋိသန္ဓေနေခြင်း မရှိကုန်၊ ကာမဘုံကို အောင်မြင်ကြလေကုန်၏၊ ထိုဘဝ၌ပင်လျှင် အထက်မဂ်ကို ပွါး၍ ပရိနိဗ္ဗာန် ဝင်စံကြလေကုန်၏။
(၂) ထိုသို့ အထက်မဂ်ကို မပွါးနိုင်လျှင် ဈာန်တရားတို့ကို ပွါးများကြ၍ ဗြဟ္မာ့ပြည်သို့ သွားရောက်ကြလေကုန်၏၊ ထိုပုဂ္ဂိုလ်တို့ ထက် သာလွန်ကြ၍ အတန်းအဆင့်မြင့်ကြကုန်၏။
တတိယနိဗ္ဗာန်ရောက်သူတို့ ဂုဏ်ရည်
[ပြင်ဆင်ရန်]အနုပါဒိသေသတတိယနိဗ္ဗာန်သို့ ရောက်ကြသော ပုဂ္ဂိုလ်တို့သည်ကား
(၁) တစ်စုံတစ်ခုသော ဘဝတို့၌ တဖန် ပဋိသန္ဓေနေခြင်း မရှိကြကုန်။ ၃၁-ဘုံဟူသော လောကကြီးကို အောင်မြင်ကြလေကုန်၏။ ဇာတိသဘော, ဇရာသဘော, မရဏသဘောတို့ကို အောင်မြင်ကြလေကုန်၏။
(၂) ထိုပုဂ္ဂိုလ်တို့သည် တဖန် ပဋိသန္ဓေနေရခြင်းသဘော မရှိကုန်ရကား ထိုဘဝမှာပင် ပရိနိဗ္ဗာန် ဝင်စံကြကုန်၏။ အထွတ်အမြတ်ဆုံး အတန်း အဆင့်သို့ရောက်သော ပုဂ္ဂိုလ်တို့ပေတည်း။ (လယ်တီနိဗ္ဗာန်နှင့် ယမိုက်အဖြေကြည့်။)
နိဗ္ဗာန် ၄-မျိုး
[ပြင်ဆင်ရန်]- (၁) သောတာပတ္တိမဂ်ဖြင့် ရအပ်, သိအပ်သောနိဗ္ဗာန်,
- (၂) သကဒါဂါမိမဂ်ဖြင့် ရအပ်, သိအပ်သောနိဗ္ဗာန်, (၃) အနာဂါမိမဂ်ဖြင့် ရအပ်, သိအပ်သောနိဗ္ဗာန်,
- (၄) အရဟတ္တမဂ်ဖြင့် ရအပ်, သိအပ်သောနိဗ္ဗာန်ဟု ၄-မျိုးပြား၏။
(မဂ်ကိုကြောင်းပြု၊ တနည်းရှု၊ စတုပြားနိဗ္ဗာန်။) [၁၅]
နိဗ္ဗာန် ၅-မျိုး
[ပြင်ဆင်ရန်]- (၁) အဆင်း “ရူပါရုံ”ကို တပ်မက်နှစ်သက်တတ်သော တဏှာငြိမ်းအေးရာ “ရူပါဘိနန္ဒနဝူပသမ” နိဗ္ဗာန်,
- (၂) အသံ “သဒ္ဒါရုံ”ကို တပ်မက်နှစ်သက်တတ်သော တဏှာငြိမ်းအေးရာ “သဒ္ဒါဘိနန္ဒနဝူပသမ” နိဗ္ဗာန်,
- (၃) အနံ့ “ဂန္ဓာရုံ”ကို တပ်မက်နှစ်သက်တတ်သောကို တဏှာငြိမ်းအေးရာ “ဂန္ဓာဘိနန္ဒနဝူပသမ” နိဗ္ဗာန်,
- (၄) အရသာ “ရသာရုံ”ကို တပ်မက် နှစ်သက်တတ်သော တဏှာငြိမ်းအေးရာ “ရသာဘိနန္ဒနဝူပသမ” နိဗ္ဗာန်,
- (၅) အတွေ့ အထိ “ဖောဋ္ဌဗ္ဗာရုံ”ကို တပ်မက်နှစ်သက်တတ်သော တဏှာငြိမ်းအေးရာ “ဖောဋ္ဌဗ္ဗာဘိနန္ဒနဝူပသမ” နိဗ္ဗာန်ဟု ၅-မျိုးပြား၏။
(အာရုံ ငါးရပ်၊ တပ်မက်လေငြား၊ တဏှာများ၏၊ ငြိမ်းပါးသမှု၊ အစွဲပြု၊ မှတ်ရှုငါးနိဗ္ဗာန်။)
တနည်း နိဗ္ဗာန် ၅-မျိုး
[ပြင်ဆင်ရန်]- (၁) ရုပ်အစု “ရူပက္ခန္ဓာ”ကို တပ်မက်နှစ်သက်တတ်သော ရူပတဏှာငြိမ်းအေးရာ “ရူပါဘိနန္ဒနဝူပသမ” နိဗ္ဗာန်,
- (၂) ဝေဒနာအစု “ဝေဒနာက္ခန္ဓာ”ကို တပ်မက်နှစ်သက်တတ်သော ဝေဒနာတဏှာငြိမ်းအေးရာ “ဝေဒနာဘိနန္ဒနဝူပသမ” နိဗ္ဗာန်,
- (၃) သညာအစု “သညာက္ခန္ဓာ”ကို တပ်မက်နှစ်သက်တပ်သော သညာတဏှာငြိမ်းအေးရာ “သညာဘိနန္ဒနဝူပသမ” နိဗ္ဗာန်,
- (၄) သင်္ခါရအစု “သင်္ခါရ-က္ခန္ဓာကို တပ်မက်နှစ်သက်တတ်သော သင်္ခါရတဏှာ ငြိမ်းအေးရာ “သင်္ခါရာဘိနန္ဒနဝူပသမ” နိဗ္ဗာန်,
- (၅) ဝိညာဉ်အစု “ဝိညာဏက္ခန္ဓာကို တပ်မက်နှစ်သက်တတ်သောဝိညာဏတဏှာ ငြိမ်းအေးရာ “ဝိညာဏာဘိနန္ဒနဝူပသမ” နိဗ္ဗာန်ဟု ၅-မျိုးပြား၏။
(ခန္ဓာငါးရပ်၊ တပ်မက်လေငြား၊ တဏှာများ၏၊ ငြိမ်းပါးသမှု၊ တနည်းပြု၊ မှတ်ရှုငါး နိဗ္ဗာန်။) [၁၆]
နိဗ္ဗာန် ၆-မျိုး
[ပြင်ဆင်ရန်]- (၁) အဆင်း “ရူပါရုံ”ကို သာယာစုံမက် နှစ်သက်လိုချင်သော ရူပတဏှာ ကုန်ခန်းရာ “ရူပတဏှာက္ခယ” နိဗ္ဗာန်,
- (၂) အသံ “သဒ္ဒါရုံ”ကို သာယာစုံမက် နှစ်သက်လိုချင်သော သဒ္ဒတဏှာကုန်ခန်းရာ “သဒ္ဒတဏှာက္ခယ” နိဗ္ဗာန်,
- (၃) အနံ့ “ဂန္ဓာရုံ”ကို သာယာစုံမက် နှစ်သက် လိုချင်သော ဂန္ဓတဏှာကုန်ခန်းရာ “ဂန္ဓတဏှာက္ခယ” နိဗ္ဗာန်,
- (၄) အရသာ “ရသာရုံ”ကို သာယာစုံမက် နှစ်သက်လိုချင်သော ရသတဏှာကုန်ခန်းရာ “ရသတဏှာက္ခယ” နိဗ္ဗာန်,
- (၅) အတွေ့အထိ “ဖောဋ္ဌဗ္ဗာရုံ”ကို သာယာ စုံမက် နှစ်သက်လိုချင်သော ဖောဋ္ဌဗ္ဗတဏှာ ကုန်ခန်းရာ “ဖောဋ္ဌဗ္ဗတဏှာက္ခယ” နိဗ္ဗာန်,
- (၆) သဘာဝဓမ္မာရုံကို သာယာစုံမက် နှစ်သက်လို ချင်သော ဓမ္မတဏှာကုန်ခန်းရာ “ဓမ္မတဏှာက္ခယ” နိဗ္ဗာန်ဟု ၆-မျိုးပြား၏။
(အာရုံ ခြောက်ဖြာ၊ သာယာစုံမက်၊ တဏှာထင်ရာ၊ စွဲပြုကာ၊ ခြောက်ဖြာနိဗ္ဗာန်ပြား။) [၁၇]
နိဗ္ဗာန်အပြား ၇-မျိုး
[ပြင်ဆင်ရန်]နိဗ္ဗာန်သည်--
- (၁) မိစ္ဆာဒိဋ္ဌိနိဗ္ဗာန်,
- (၂) သမ္မုတိနိဗ္ဗာန်,
- (၃) တဒင်္ဂနိဗ္ဗာန်,
- (၄) ဝိက္ခမ္ဘနနိဗ္ဗာန်,
- (၅) သမုစ္ဆေဒနိဗ္ဗာန်,
- (၆) ပဋိပဿဒ္ဓိနိဗ္ဗာန်,
- (၇) နိဿရဏနိဗ္ဗာန်ဟူ၍ ၇-ပါး အပြားရှိ၏။
(မိစ်, သမ်, တဒင်္ဂ၊ ဝိက္ခမ္ဘနှင့်၊ သမုစ်, ပဋိ၊ နိဿရဏထည့်၊ သိလေခုနစ်ပြား။)
ထိုတွင်–(၁) သာသနာတော်မှ အပ ဖြစ်သော မိစ္ဆာဝါဒီတိတ္ထိပုဂ္ဂိုလ်တို့ကြံဆ၍ စွဲလမ်းအပ်သော နိဗ္ဗာန်ကို မိစ္ဆာဒိဋ္ဌိနိဗ္ဗာန်ဟု ဆို၏၊ ထိုမိစ္ဆာဒိဋ္ဌိနိဗ္ဗာန်သည် ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒ [၁၈] ပါဠိတော်ပုဒ်တို့၌လည်းကောင်း, နိဗ္ဗာနံ နိဗ္ဗာနတော သဉ္ဇာနာတိ အစရှိသော (မ၊၁၊၄။) ပုဒ်တို့၌လည်းကောင်းလာသည်။ ဒိဋ္ဌဓမ္မနိဗ္ဗာန-လည်း ကြည့်။
(၂) လောက၌ ဖြစ်ပွါးသော မီးဘေး, ရေဘေး, မင်းဘေး, ရန်သူဘေး, ဓားပြဘေး, ခိုးသူဘေး, သတ္ထန္တရကပ်ဘေး, ဒုဗ္ဘိက္ခန္တရကပ်ဘေး, ရောဂန္တရကပ်ဘေး စသည့်ဘေးတို့ ငြိမ်းအေးခြင်း စသည်ဖြင့် ဤလောက၌ ဖြစ်ပွားတွေ့ကြုံနေရသော ဘေးအပေါင်း, ရန်အပေါင်း, ဒဏ်အပေါင်း, အန္တရာယ်အပေါင်း, အပြစ်အပေါင်း, ဥပါဒ်အပေါင်းတို့၏ ငြိမ်းအေးခြင်းဟူသမျှသည် သမ္မုတိ နိဗ္ဗာန်မည်၏။
(၃) လောက၌ “ဤမည်သော ဆေးမြစ်သည် ဤမည်သောအနာကို ပယ်ဖျောက်နိုင်၏”ဟု သူ့ ကုသိုလ်ဓမ္မနှင့် သူ့ အကုသိုလ်ဓမ္မ အသီးသီးရှိ၏။ ထိုသို့ရှိရာ၌ သူ့ ကုသိုလ်ဓမ္မ နှင့် သူ့အကုသိုလ်ဓမ္မကို ပယ်ခြင်းသည် တဒင်္ဂပဟာန်မည်၏။ ထိုသို့ပယ်ခြင်းကြောင့် ထိုထိုအကုသိုလ်ဓမ္မ၏ တခဏအားဖြင့် အပြစ်ငြိမ်းခြင်းသည် တဒင်္ဂနိဗ္ဗာန်မည်၏။
(၄) မဟဂ္ဂုတ်ဈာန်တရားတို့ ပယ်ခွါအပ်သော တရားတို့၏ အရှည်အကြာအားဖြင့် ငြိမ်းအေးမှုသည် ဝိက္ခမ္ဘနနိဗ္ဗာန်မည်၏။
(၅) သမုစ္ဆေဒနိဗ္ဗာန်ဟူသည် လူအနာဂါမ်, ရဟန္တာ, နတ်အနာဂါမ်, ရဟန္တာ, ဗြဟ္မာအနာဂါမ်, ရဟန္တာတို့၌သာ ရှိ၏၊ သမုစ္ဆေဒနိဗ္ဗာန်ဆိုသည်လည်း သဥပါဒိသေသနိဗ္ဗာန်ကို ဆိုသည်။
(၆) ပဋိပဿဒ္ဓိနိဗ္ဗာန်ဟူသည် အရဟတ္တဖိုလ်ကို ဆိုသည်၊ ထိုအရဟတ္တဖိုလ်ဟုဆိုအပ်သော ပဋိပဿဒ္ဓိနိဗ္ဗာန်ကို “သဥပါဒိသေသ နိဗ္ဗာနဓာတုဝိဇ္ဇာ”ဟူသော နေတ္တိပါဠိ[၁၉] နိဗ္ဗာနသစ္ဆိကိရိယာ စ-ဟူသော မင်္ဂလသုတ်ပါဠိ [၂၀]ဖြင့် သိအပ်၏။
(၇) နိဿရဏနိဗ္ဗာန်သည် သဥပါဒိသေသအမည်, အနုပါဒိသေသအမည် ၂-ပါးရသော ပရမတ္ထအသင်္ခတမဟာနိဗ္ဗာန်ကြီးကို ဆိုသည်။ (ဤကား လယ်တီဆရာတော် ဘုရားကြီး ခွဲပြသည့် နိဗ္ဗာန်အပြား ၇-ပါးတည်း။)
အကျယ်လယ်တီ နိဗ္ဗာနဒီပနီ– လည်းကြည့်။
နိဗ္ဗာန်အပြား ၈-ပါး, ၉-ပါး
[ပြင်ဆင်ရန်]ရူပဈာန် ၄-ပါး, အရူပဈာန် ၄-ပါး ဟူသော ပရိယာယနိဗ္ဗာန် ၈-ပါး, ယင်း ၈-ပါး၌ အရဟတ္တဖိုလ်ဟူသော နိပ္ပရိယာယ နိဗ္ဗာန်ကိုထည့်၍ နိဗ္ဗာန်အပြား ၉-ပါးဖြစ်လေသည်။ ယင်းကို အဘယနိဗ္ဗာန် ၉-ပါးဟု လည်းခေါ်သည်။ [၂၁][၂၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ (ပဋိသံ၊ဋ္ဌ၊၁၊၂၉၀-၁။ စူဠနိ၊ဋ္ဌ၊၆။)
- ↑ (ဣတိဝုတ်၊ဋ္ဌ၊၁၅၇။)
- ↑ (သာရတ္ထ၊၁၊၂၈။ ဝိမတိ၊၁၊၁၀။ ဒီ၊ဋီ၊၁၊၂၁။ သီ၊ဋီ၊သစ်၊၁၊၃၅။)
- ↑ (ဣတိဝုတ်၊၂၂၀။ ပေဋကော။၂၅၁။ ပဋိသံ၊ဋ္ဌ၊၁၊၂၉၀၊ ၂၉၁။ ဣတိဝုတ်၊ဋ္ဌ၊၁၅၇။ စူဠနိ၊ဋ္ဌ၊၆။ သင်္ဂဟ၊၄၅။ ပရမတ္ထဝိနိစ္ဆယ။ ၉၃။ ဝဇိရ၊၄၀၂။ ဝိဘာဝိနီ၊၂၁၆။)
- ↑ (ဒီ၊၁၊၄၂။ ဒီ၊ဋ္ဌ၊၁၊၁၁၈။)
- ↑ (ဣတိဝုတ်၊၂၂၀-၁။ ဣတိဝုတ်၊ဋ္ဌ၊၁၅၇-၉။)
- ↑ (ပရမတ္ထဒီပနီ၊၃၂၆။)
- ↑ (ပရမတ္ထဒီပနီ၊၃၂၅-၆။)
- ↑ (ဥဒါန၊၁၀၈။ ဥဒါန၊ဋ္ဌ၊၁၇၃။)
- ↑ ပရမတ္ထသံခိပ်။ ၄၂၆၊ ၄၂၇၊ ၄၂၈၊ ၄၂၉။) (ဓမ္မ၊၂၆။ ထေရ၊၂၄၀။ ဒီ၊ဋ္ဌ၊၃၊၁၈၆။ မ၊ဋ္ဌ၊၂၊၂၆၅။ သံ၊ဋ္ဌ၊၃၊၁၃၅။ ဝိသုဒ္ဓိ၊၂၊၃၀၇။ ဓမ္မ၊ဋ္ဌ၊၁၊၃၈၆-၇။ ထေရ၊ဋ္ဌ၊၁၊၂၄၃။ သင်္ဂဟ၊၄၆။ ပရမတ္ထဝိနိစ္ဆယ၊၉၃။ ဝိသုဒ္ဓိ၊ဋီ၊၂၊၄၄၇-၈။ ဝိဘာဝိနီ၊၂၁၆-၇။)
- ↑ (ပရမတ္ထဒီပနီ၊၃၂၆-၇။)
- ↑ (ပရမတ္ထဒီပနီ၊၃၂၇။)
- ↑ (ပရမတ္ထဒီပနီ၊၃၂၈။)
- ↑ (အဘိ၊ဋ္ဌ၊၂၊၈၄။ ဝိသုဒ္ဓိ၊၂၊၁၄၅။)
- ↑ (အဘိ၊ဋ္ဌ၊၂၊၈၄။ ဝိသုဒ္ဓိ၊၂၊၁၄၅။)
- ↑ (အဘိ၊ဋ္ဌ၊၂၊၈၄။ ဝိသုဒ္ဓိ၊၂၊၁၄၅။ ဝိသုဒ္ဓိ၊ဋီ၊၂၊၂၂၃။)
- ↑ (အဘိ၊ဋ္ဌ၊၂၊၈၄။ ဝိသုဒ္ဓိ၊၂၊၁၄၅။)
- ↑ (ပဋိသံ၊၁၅၅။)
- ↑ (နေတ္တိ၊၅၉။)
- ↑ (ခုဒ္ဒက၊၄။)
- ↑ (အံ၊၃၊၂၄၅-၂၄၈။)
- ↑ တိပိဋကအဘိဓာန် အတွဲ-၁၂