ဘဝ (ဗုဒ္ဓဘာသာ)

ဝီကီပီးဒီးယား မှ

ဘဝ သည် နှစ်မျိုးရှိ၏။ ၎င်းနှစ်မျိုးမှာ - ကမ္မဘဝနှင့် ဥပပတ္တိဘဝတို့ ဖြစ်ကြသည်။ ဥပါဒါန် ကြောင့် ဘဝဖြစ်ပေါ်သည်။ [၁][၂]

အဓိပ္ပာယ်[ပြင်ဆင်ရန်]

ဤနေရာတွင် "ဘဝ" သဒ္ဒါသည် ကြီးပွားခြင်းအနက်ကို ဆိုသည်၊ ကြီးပွားခြင်းမည်သည် ဤအရာ၌ သတ္တဝါတို့၏ ဘဝအတ္တဘောကို ရရှိခြင်း ဖြစ်သည်။ ထို့ကြောင့် အတ္တကို ရရှိမှုသည်ပင်လျှင် ဤနေရာ၌ "ဘဝ" မည်သည်။ ဘဝသည် ကံအစု "ကမ္မဘဝ" နှင့် ကံ၏ အကျိုးဖြစ်သော ဝိပါက်အစု "ဥပပတ္တိဘဝ" ဟူ၍ နှစ်ပါးအပြား ရှိသည်။[၂]

ဘဝဖြစ်ပေါ်ခြင်း[ပြင်ဆင်ရန်]

ပုထုဇ္ဇန်ပုဂ္ဂိုလ်တို့သည် ဥပါဒါန်တရားလေးပါးတို့ကို မဂ်ဖြင့်အကြွင်းမဲ့ မပယ်သတ်ပါက ထိုပုထုဇ္ဇန်ပုဂ္ဂိုလ်တို့အား ကာမုပါဒါန်ဟုဆိုအပ်သော တဏှာလောဘကြောင့် ကာမနှင့် စပ်ဆိုင်သော ကာယကံ၊ ဝစီကံ၊ မနောကံတို့ကို ကြိုးစားပြုလုပ်ကြလေသည်။ ထိုအခါ ကာမုပါဒါန်ကြောင့် ကမ္မဘဝ ဖြစ်ပေါ်သည်။[၂]

ထိုပုထုဇ္ဇန်တို့သည် ဒိဋ္ဌုပါဒါန်ဟူသော အကြောင်းကြောင့် ထိုထိုအယူနှင့် စပ်လျဉ်းသမျှသော ကာယကံ ဝစီကံ မနေကံတို့ကို ကြိုးစားပြုလုပ်ကြ၏။ ထိုအခါ ဒိဋ္ဌုပါဒါန်ဟူသော အကြောင်းကြောင့် ကမ္မဘဝ ဖြစ်ပေါ်သည်။[၂]

ထိုပုထုဇ္ဇန်တို့သည် သီလဗ္ဗတုပါဒါန်ဟူသော အကြောင်းကြောင့် နွားအကျင့် ခွေးအကျင့် စသည်တို့နှင့် စပ်ဆိုင်သော ကာယကံ ဝစီကံ မနေကံတို့ကို ပြုလုပ်ကြ၏။ ထိုအခါ သီလဗ္ဗတုပါဒါန်ဟူသော အကြောင်းကြောင့် ကမ္မဘဝ ဖြစ်ပေါ်သည်။[၂]

ထိုပုထုဇ္ဇန်တို့သည် အတ္တဝါဒုပါဒါန်ဟူသော သက္ကာယဒိဋ္ဌိကြောင့် အတ္တဒိဋ္ဌိနှင့်ဆိုင်သမျှသော ကာယကံ ဝစီကံ မနောကံတို့ကို ပြုလုပ်ကြကုန်၏။ ထိုအခါ အတ္တဝါဒုပါဒါန်ကြောင့် ကမ္မဘဝ ဖြစ်ပေါ်သည်။[၂]


ထိုပုထုဇ္ဇန်တို့သည် ကမ္မဘဝကို ပြုလုပ်ကြ၍ ဥပါဒါန်တရားနှင့်တကွဖြစ်၍သာလျှင် စုတေသေလွန်ကြကုန်၏။ ထိုအခါ စင်စင်အားဖြင့် တစ်ဖန်ဘဝသစ်သို့ ကပ်ရောက်ဖြစ်ပွားကြကုန်၏။ ဘဝသစ်၍ ဥပပတ္တိခန္ဓာတို့ ဖြစ်ပေါ်ကြကုန်သည်။[၂]


ဤသို့ဖြင့် ဥပါဒါန်ဟူသော အကြောင်းကြောင့် ဘဝ ဖြစ်ပေါ်လေသည်။[၂]

ဘဝနှစ်မျိုး[ပြင်ဆင်ရန်]

ကမ္မဘဝ[ပြင်ဆင်ရန်]

သုစရိုက်ဆယ်ပါး၊ ဒုစရိုက်ဆယ်ပါးသည် ကမ္မဘဝ မည်၏။[၁][၂]

ဥပပတ္တိဘဝ[ပြင်ဆင်ရန်]

ထိုသုစရိုက်တို့၏ အကျိုးဖြစ်သော နောက်နောက်ဘဝ၌ ဖြစ်ပေါ်လာလတ္တံ့သည့် လူ့ခန္ဓာ, နတ်ခန္ဓာ, ဗြဟ္မာ့ခန္ဓာစုသည်လည်းကောင်း၊ ဒုစ္စရိုက်တရားတို့၏ အကျိုးဖြစ်သော နောက်နောက်ဘဝတို့၌ ဖြစ်ပေါ်လတ္တံ့သော ငရဲခန္ဓာ, တိရစ္ဆာန်ခန္ဓာ, ပြိတ္တာခန္ဓာ, အသုရကာယ်ခန္ဓာစုသည်လည်းကောင်း "ဥပပတ္တိဘဝ" မည်၏။[၁][၂]

ဥပပတ္တိဘဝသည် အောက်ပါအတိုင်း(၉) ပါးရှိသည် -[၂]

  1. ကာမဘဝ - ကမာတစ်ဆယ့်တစ်ဘုံ၌ ရှိသော သတ္တဝါတို့ အတ္တဘောသည် "ကာမဘဝ" မည်၏။
  2. ရူပဘဝ - ရူပတစ်ဆယ့်ခြောက်ဘုံ၌ ရှိသော ဗြဟ္မာတို့၏ အတ္တဘောသည် "ရူပဘဝ" မည်၏။
  3. အရူပဘဝ - အရူပလေးဘုံ၌ ရှိသော ဗြဟ္မာတို့၏ အတ္တဘောသည် "အရူပဘဝ" မည်၏။
  4. သညီဘဝ - စိတ်သညာတို့၌ ပြည့်စုံသော ဘဝသည် "သညီဘဝ" မည်၏။ သညီဘဝသည် ရူပ ၁၅-ဘုံ၊ နေဝသညာ နာသညာယတနကြဉ်သော အရူပလေးဘုံ ဤနှစ်ဆယ့်ကိုးဘုံတို့၌ ဖြစ်သော ပုဂ္ဂိုလ်တို့၏ အတ္တဘော ဖြစ်သည်။
  5. အသညီဘဝ - စိတ်သညာတို့မှ ကင်းသော အသညသတ်ဗြဟ္မာတို့၏ အတ္တဘောသည် "အသညီဘဝ" မည်၏။
  6. နေဝသညီနာသညီဘဝ - နေဝသညာ နာသညာယတန ဗြဟ္မာတို့၏ အတ္တဘောသည် "နေဝသညီ နာသညီဘဝ" မည်၏။
  7. ဧကဝေါကာရဘဝ - ရုပ်ခန္ဓာတစ်ပါးမျှသာရှိသော အသညသတ်၏ အတ္တဘောသည် "ဧကဝေါကာရဘဝ" မည်၏။
  8. စတုဝေါကာရဘဝ - နာမ်ခန္ဓာလေးပါးရှိသော အရူပဗြဟ္မာတို့၏ အတ္တဘောသည် "စတုဝေါကာရဘဝ" မည်၏။
  9. ပဉ္စဝေါကာရဘဝ - ခန္ဓာငါးပါးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့၏ အတ္တဘောသည် "ပဉ္စဝေါကာရဘဝ" မည်၏။ ပဉ္စဝေါကာရဘဝသည် ကာမဆယ့်တစ်ဘုံ၊ အသညသတ်ကြဉ်သော ရူပတစ်ဆယ့်ငါးဘုံ ဤနှစ်ဆယ့်ခြောက်ဘုံတို့၌ ရှိသည့် ပုဂ္ဂိုလ်တို့၏ အတ္တဘော ဖြစ်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လယ်တီဆရာတော် (အောက်တိုဘာလ ၁၉၈၀၊ သာသနာ ၂၅၂၄၊ ကောဇာ ၁၃၄၂)။ ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး ပြုစုတော်မူသော ဥတ္တမပုရိသဒီပနီ။ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်၊ သာနာရေးဦးစီးဌာန။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  2. ၂.၀၀ ၂.၀၁ ၂.၀၂ ၂.၀၃ ၂.၀၄ ၂.၀၅ ၂.၀၆ ၂.၀၇ ၂.၀၈ ၂.၀၉ ၂.၁၀ ၂.၁၁ လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး (ဘာသာပြန်ဆိုသူ)။ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း (တတိယအကြိမ် ed.)။