စိတ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

စိတ်[ပြင်​ဆင်​ရန်​]

အာရုံကို သိခြင်း ဤစွယ်စုံကျမ်းကိုဖတ်၍၊ သိခြင်းဖြစ်ပေါ်လာရ၏။ သို့သော် အဘိဓမ္မာနည်းအရ အသိဟူသည်အဘယ်နည်း။ စာကို ကြည့်သော် စက္ခုဝိညာဏ်၌မြင်၏။ မြင်သောအာရုံကိုဆင်ခြင် ၏။ ခံယူ၏။ စူးစမ်း၏။ ဝေဖန်၏။ သိ၏။ သိမှုကိုအတည် ပြု၏။ ဤသို့သော စိတ်အစဉ်ကို အဘိဓမ္မာနည်းဖြင့်ပြ၍၊ အနောက်နိုင်ငံ စိတ္တဗေဒနှင့် ယထာဘူတပညာရှင်တို့၏ အယူ အဆတို့ကို ဤစာမူတွင် ယှဉ်ပြထားသည်။


အဘိဓမ္မာသဘောအရ စိတ်ကို 'အရမ္မဏံစိန္တေတီတိစိတ္တံ' ဟု ဝိဂြိုဟ်ပြုကြသည်။ အာရုံကိုသိခြင်းသဘောသည် စိတ်မည် ၏ဟူလေသည်။ အာရုံနှင့် အာရမ္မဏိကတို့ တစ်ခုနှင့် တစ်ခု တွေ့ဆုံ၍ အချင်းချင်း အထောက်အပံ့ပြုကြသောအခါ ဖြစ်ပေါ် လာသော သိခြင်းသဘောသည် စိတ်ဖြစ်၏။ ထို့ပြင် စိတ်ဟူ သည်မှာ ဆန်းကြယ်သော သဘောရှိသောကြောင့်လည်း စိတ် မည်၏။

အာရုံခြောက်ပါး[ပြင်​ဆင်​ရန်​]

စိတ်ကိုဖြစ်စေသော အာရုံတို့မှာ ခြောက်ပါးအပြားရှိကုန် ၏။ ယင်းတို့ကား၊

  1. ရူပါရုံ(အဆင်း)၊
  2. သဒ္ဒါရုံ (အသံ)၊
  3. ဂန္ဓာရုံ (အနံ့)၊
  4. ရသာရုံ(အရသာ)၊
  5. ဖောဋ္ဌဗ္ဗာရုံ(အတွေ့)နှင့်
  6. ဓမ္မာရုံ (တရားသဘော)တို့တည်း။
  1. စိတ် ၈၉ ပါး၊
  2. စေတသိက် ၅၂ ပါး၊
  3. ပသာဒရုပ် ၅ ပါး၊
  4. သုခမရုပ် ၁၆ ပါး၊
  5. ပညတ်၊
  6. နိဗ္ဗာန်ဟူသော တရားအပေါင်းသည် ဓမ္မာရုံမည်၏။


ဆိုအပ်ပြီးသော စိတ်တို့သည် အမှတ်မဲ့ဖြစ်ကြသည် မဟုတ်ကုန်။ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖေါဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံဟူသာ အာရုံခြောက်ပါးအားလျော်စွာသာ ဖြစ်ကြကုန်။ ရူပါရုံကြောင့် စက္ခုဝိညာဏ် စိတ်ဖြစ်၏။ သဒ္ဒါရုံကြောင့် သောတ ဝိညာဏ်စိတ်ဖြစ်၏။ ဂန္ဓာရုံကြောင့် ဃာနဝိညာဏ် စိတ်ဖြစ်၏။ ရသာရုံ ကြောင့် ဇိဝှာဝိညာဏ်စိတ်ဖြစ်၏။ ဖောဋ္ဌဗ္ဗာရုံကြောင့် ကာယဝိညာဏ်စိတ်ဖြစ်၏။ ဓမ္မာရုံကြောင့် မနော ဝိညာဏ်စိတ်ဖြစ်၏။ စက္ခုဝိညာဏ်စိတ် စသည်တို့ဖြစ် သောအခါ အာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုန်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော၊ တဒါရုံစသော စိတ်တို့သည်။ အစဉ်အတိုင်းဖြစ်ကုန်၏။ အာဝဇ္ဇန်းသည် စက္ခုဝိညာဏ်၏ အာရုံကို ဆင်ခြင်၏။ သမ္ပ ဋိစ္ဆိုန်းသည် ထိုအာရုံကို ခံယူ၏။ သန္တီရဏသည် ထိုအာရုံကို စူးစမ်း၍ ဝုဋ္ဌောသည် ထိုအာရုံကို ပိုင်းခြားဝေဖန်ပြီးလျှင်၊ ဇော သည် ထိုအာရုံကို ကောင်းသည်မကောင်းသည်ကို လျင်မြန်စွာ သိ၍၊ တဒါရုံသည် ထိုဇော၏အသိကို အတည်ပြု၏။

ထိုစက္ခုဝိညာဏ်စိတ်မှသည် ကာယဝိညာဏ်စိတ်အထိ ငါးပါးတို့သည် ကောင်းသောဣဋ္ဌာရုံကို တွေ့မြင်သောအခါ၊ ကုသလဝိပါက် စက္ခုဝိညာဏ်စသည်ဖြစ်၍၊ မကောင်းသော အနိဋ္ဌာရုံကိုမြင်သောအခါ၊ အကုသလ ဝိပါက်စက္ခုဝိညာဏ် စသည် ဖြစ်၏။

စိတ်သည် ကုသိုလ်စိတ်၊ အကုသိုလ်စိတ်၊ ဝိပါက်စိတ်၊ ကြိယာစိတ်ဟူ၍ ရှိရာ၊ ကုသိုလ် အကုသိုလ် စိတ်သည် ဆန်း ကြယ်သောအကြောင်းစိတ်ဖြစ်၏။ ဝိပါက်စိတ်သည် အကျိုးစိတ် ဖြစ်၏။ ကြိယာစိတ်ကား အကြောင်းအကျိုးဟု မဆိုရသော ပြုကာမတ္တစိတ်ဖြစ်၏။

အဘိဓမ္မတ္ထသင်္ဂဟကျမ်းအလိုအားဖြင့် 'စိတ်တစ်ခု ယုတ် ကိုးဆယ်၊ အကျယ်တစ်ရာ့နှစ်ဆယ့်တစ်ပါး'ရှိသည်ဟု အချုပ် အားဖြင့် အမှတ်အသားပြုကြသည်။ စိတ်ကို သရုပ်ခွဲရာ၌ လောကီစိတ်၊ လောကုတ္တစ်ရာစိတ်ဟူ၍ နှစ်မျိုးပြားနိုင်၏။ ကာမစိတ် ၅၄ ပါးနှင့် မဟဂ္ဂုတ်စိတ် ၂၇ ပါးတို့ ပေါင်းသော်၊ လောကီစိတ် ၈၁ ပါးရ၏။ သောတာပတ္တိမဂ်စသော စိတ် ၈ ပါးသည် လောကုတ္တစ်ရာစိတ်ဖြစ်၏။ လောကီစိတ်နှင့် လောကုတ္တရာစိတ်တို့ကို နှစ်ရပ်ပေါင်းသော် စိတ် ၈၉ ပါး ဖြစ်၏။

တစ်နည်းအားဖြင့် သရုပ်ခွဲသော်၊ မတင့်တယ်သော အသောဘဏစိတ်နှင့် တင့်တယ်သော သောဘဏ စိတ်ဟူ၍ နှစ်မျိုးရ ပြန်သည်။ အကုသိုလ်စိတ် ၁၂ ပါး၊ အဟိတ်စိတ် ၁၈ ပါး၊ ပေါင်း ၃ဝ သော စိတ်တို့သည် အသောဘဏစိတ် မည်၏။ ကာမာဝစရစိတ် ၂၄ ပါး၊ မဟဂ္ဂုတ်စိတ် ၂၇ ပါး၊ လောကုတ္တစ်ရာ စိတ် ၈ ပါး၊ ပေါင်း ၅၉ပါးသည် သောဘဏ စိတ်မည်၏။ အသောဘဏနှင့် သောဘဏစိတ် နှစ်ရပ်ပေါင်း သော် စိတ် ၈၉ ပါးဖြစ်၏။

တစ်ဖန်တုံလည်း၊ စိတ်ကို ကာမဘုံ၌ အဖြစ်များသော ကာမစိတ် ၅၄ ပါး၊ ကာမစိတ်ထက်မြတ်သော မဟဂ္ဂုတ်စိတ် ၂၇ ပါး၊ လောကမှလွန်မြောက်သော လောကုတ္တစ်ရာစိတ် ၈ ပါး၊ ပေါင်း ၈၉ ပါးဟုလည်း သရုပ်ခွဲနိုင်သည်။ ကာမစိတ် ၅၄ ပါးတို့တွင် မကောင်းသောအကုသိုလ်စိတ် ၁၂ ပါး၊ အရင်း အမြစ် ဟိတ်မရှိသော အဟိတ်စိတ် ၁၈ ပါး၊ ကာမဘုံ၌အဖြစ် များသော ကာမာဝစရစိတ် ၂၄ ပါးတို့ပါဝင်၏။

အကုသိုလ်စိတ် ၁၂ပါးဟူသည်ကား၊ လောဘအရင်းခံဖြစ် သော လောဘမူစိတ် ၈ ပါး၊ ဒေါသအရင်းခံဖြစ်သော ဒေါသမူစိတ် ၂ ပါး၊ မောဟအရင်းခံဖြစ်သော မောဟမူစိတ် ၂ ပါး၊ ပေါင်း ၁၂ ပါးဖြစ်၏။ အကုသလဝိပါက်စိတ် ၇ ပါး၊ ကုသလဝိပါက်စိတ် ၈ ပါး၊ ကြိယာစိတ် ၃ ပါး၊ ပေါင်း ၁၈ ပါးသည် အဟိတ်စိတ် မည်၏။ မဟဂ္ဂုတ်စိတ်သည် ရူပဘုံ၌ အဖြစ်များသော ရူပါဝစရ စိတ် ၁၅ ပါး၊ အရူပဘုံ၌ အဖြစ်များသော အရူပါဝစရစိတ် ၁၂ ပါး၊ ပေါင်း ၂၇ ပါးရှိ၏။ ကုသိုလ် ၅ ပါး၊ ဝိပါက် ၅ ပါး၊ ကြိယာ ၅ ပါး၊ ပေါင်း ၁၅ပါးသည် ရူပါဝစရစိတ်ဖြစ် ၏။ ကုသိုလ် ၄ ပါး၊ ဝိပါက် ၄ ပါး၊ ကြိယာ ၄ ပါး၊ ပေါင်း ၁၂ ပါးသည် အရူပါဝစရစိတ်ဖြစ်၏။ လောကုတ္တစ်ရာစိတ် ၈ ပါးကား၊ ကိလေသာကို သတ် သော မဂ်စိတ် ၄ ပါးနှင့် မဂ်၏ အကျိုးဖြစ်သော ဖိုလ်စိတ် ၄ ပါးတို့ဖြစ်၏။ မဂ်စိတ် ၄ ပါး၌ သောတာပတ္တိမဂ်၊ သကဒါဂါ မိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ်ဟူ၍ ပါဝင်ကြ၏။ ဖိုလ်စိတ် ၄ ပါး၌ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဘိုလ်၊ အနာဂါမိဘိုလ်၊ အရဟတ္တဖိုလ်ဟူ၍ ပါဝင်ကြ၏။ သောတာပတ္တိသည် အရိယာ မဂ်အယဉ်သို့ ရှေးဦးစွာ ဆိုက်ရောက်ခြင်း ဖြစ်သည်။ သကဒါ ဂါမိသည် လူ့ပြည်၌တစ်ကြိမ်သာ ဖြစ်ခွင့်ရှိခြင်းတည်း။ အနာဂါ မိကား လူ့ပြည်၌ဖြစ်ခွင့် မရှိခြင်းတည်း။ အရဟတ္တမှာမူ ကိလေ သာကို အကြွင်းမကျန်မရှိ သတ်ဖြတ်ခြင်း (ရဟန္တာဖြစ်ခြင်း) တည်း။

လောကုတ္တစ်ရာစိတ်သည် အကျဉ်းအားဖြင့် ၈ ပါးသာရှိ သော်လည်း၊ အကျယ်အားဖြင့် ၄ဝ အပြားရှိ၏။ အကျယ်ပွား လျှင် မဂ်စိတ် ၄ ပါးနှင့် ဖိုလ်စိတ် ၄ ပါးတို့သည် ဈာန်အား ဖြင့် တစ်ခုလျှင် ၅ ပါးစီပွား နိုင်သောကြောင့် မဂ်စိတ် ၂ဝ၊ ဖိုလ်စိတ် ၂ဝ ရနိုင်၏။ ယင်းစိတ် ၄ဝ သည် လောကုတ္တရာ စိတ် အကျယ် ၄ဝ ဖြစ်သတည်း။ ထိုလောကုတ္တစ်ရာစိတ် ၄ဝ ကို မူလက လောကီစိတ် ၈၁ ပါးနှင့် ပေါင်းသော် ၁၂၁ ပါးဖြစ်၏။

ထိုစိတ်တို့သည် လူသတ္တဝါတိုင်း၌ အကုန်လုံးဖြစ်ကြသည် မဟုတ်၊ အသီးသီးပုဂ္ဂိုလ်အလိုက်သာ ဖြစ်ကြ ကုန်၏။ပုထုဇဉ် လေးယောက်တို့တွင် အပါယ်ဘုံသား တိရစ္ဆာန်များဖြစ်သော ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်သည် အကုသိုလ်စိတ် ၁၂ ပါး၊ ဟသိ တုပ္ပါဒ်မှကြွင်းသော အဟိတ်စိတ် ၁၇ ပါး၊ ကာမာဝစရစိတ် ၈ ပါး၊ ပေါင်း ၃၇ ပါးသော စိတ်ကိုသာ ရနိုင်၏။ ဖြစ်နိုင်၏။ ဝမ်းတွင်းက ဆွံ့အ ကျိုးကန်း နားပင်းလာသောသူတို့နှင့် အစိမ်းသူရဲစသော သုဂတိအဟိတ်ပုဂ္ဂိုလ်သည် အထက်ပါ ၃၇ ပါးသော စိတ်တို့နှင့်တကွ၊ မဟာဝိပါက်ဉာာဏဝိပ္ပယုတ်စိတ် ၄ ပါးအားဖြင့်၊ ၄၁ ပါးသော စိတ်တို့ကို ရနိုင်၏။ ဖြစ်နိုင်၏။ အလောဘ၊ အဒေါသဟိတ် ၂ ပါးရှိသော ဒွိဟိတ်ပုဂ္ဂိုလ်သည် လည်း ထို့အတူပင် ၄၁ ပါးသော စိတ် တို့ကို ရနိုင်၏။ ဖြစ် နိုင်၏။ အလောဘ၊ အဒေါသ၊ အမောဟ ဟိတ် ၃ ပါးရှိသော တိဟိတ်ပုဂ္ဂိုလ်သည် ယင်း ၄၁ ပါး သော စိတ်နှင့်တကွ၊ မဟာဝိပါက် ဉာာဏသမ္ပယုတ်စိတ် ၄ ပါးပါ၊ ပေါင်း ၄၅ ပါးသော စိတ်တို့ကို ရနိုင်၏။ ဖြစ်နိုင်၏။ ဉာာဏသမ္ပယုတ်မှာ ဉာာဏ်နှင့်ယှဉ်ခြင်းဖြစ်၍၊ ဉာာဏဝိပ္ပယုတ်မှာ ဉာာဏ်နှင့် မယှဉ် ခြင်းဖြစ်၏။

အရိယာပုဂ္ဂိုလ်လေးယောက်တို့တွင် သောတာပန် အရိယာ ပုဂ္ဂိုလ်သည် ယင်း ၄၅ ပါးသော စိတ်တို့တွင် ဒိဋ္ဌိနှင့်ယှဉ်သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄ ပါး၊ ဝိစိကိစ္ဆာနှင့် တကွဖြစ်သော ဝိစိ ကိစ္ဆာသဟဂုတ်စိတ် ၁ ပါး၊ ပေါင်း ၅ ပါးသော စိတ်တို့ကို ဖယ်၍၊ သောတာပတ္တိဖိုလ်စိတ် တစ်ပါးကိုထည့်၍၊ ၄၁ ပါး သော စိတ်တို့ကိုရနိုင်၏။ ဖြစ်နိုင်၏။ သကဒါဂါမ် အရိယာ ပုဂ္ဂိုလ်သည် သောတာပန် အရိယာပုဂ္ဂိုလ်ရသော စိတ် ၄၁ ပါး တွင် သောတာပတ္တိဖိုစိတ်နေရာ၌ သကဒါဂါမိဘိုလ် စိတ်ကို ထည့်၍ ၄၁ပါးသော စိတ်တို့ကိုရနိုင်၏၊ဖြစ်နိုင်၏။ အနာဂါမ် အရိယာပုဂ္ဂိုလ်သည် ထို ၄၁ ပါးသော စိတ်တို့တွင် ဒေါသမူ စိတ် ၂ ပါးကိုဖယ်၍၊ အနာဂါမိဘိုလ်စိတ်ကိုထည့်၍၊ ၃၉ ပါးသော စိတ်တို့ကိုရနိုင်၏။ ဖြစ်နိုင်၏။ အရဟတ္တဖိုလ်ရဟန္တာ ပုဂ္ဂိုလ်သည် ကာမဝိပါက်စိတ် ၂၃ ပါး၊ ကာမကြိယာစိတ် ၁၁ ပါး၊ အရဟတ္တဖိုလ်စိတ် ၁ ပါးအား ဖြင့် ပေါင်း ၃၅ ပါးသော စိတ်တို့ကို ရနိုင်၏။ ဖြစ်နိုင်၏။

အထက်ပါတို့ကား မြတ်စွာဘုရားဟောကြားတော်မူအပါ သော အဘိဓမ္မာနည်းအရ၊ စိတ်ကို သရုပ်ခွဲ၍ ပြခြင်းဖြစ်၏။ အနောက်နိုင်ငံ၏ အယူအဆမှာ အောက်ပါအတိုင်းဖြစ်၏။ စိတ်အကြောင်းနှင့် စပ်လျဉ်း၍ အနောက်နိုင်ငံ စိတ်ပညာ ရှင်များသည် ယခုတိုင်သဘောကွဲလွဲလျက်ရှိကြ၏။ ရှေးက စိတ်ပညာရှင်များသည် စကြာဝဠာကြီးတွင် ရုပ်နှင့်နာမ်ဟူ၍ နှစ်မျိုးသာရှိသည်ဟု ယူဆခဲ့ကြ၏။ ရုပ်မှာ မြင်နိုင်ထိတွေ့ နိုင်၍ အလေးချိန်ရှိသည်။ ဒြဗ်ရှိသည်။ နာမ်မှာ လူ၏ ကိုယ်တွင်း၌ရှိ၍ ဒြဗ်မရှိ၊ အလေးချိန်မရှိ၊ မမြင်နိုင်၊ မထိတွေ့ နိုင်ဟု ဆိုလေသည်။ စိတ်(နာမ်)တွင် အခန်းအမျိုးမျိုးရှိ၏။ ဆန္ဒ၊ ဆင်ခြင်တုံတရား၊ မှတ်ဉာာဏ်၊ စဉ်းစားဉာာဏ် စသည်တို့ ပါဝင်၍၊ ခန္ဓာကိုယ်၏ ကြွက်သားအား လေ့ကျင့်ပေးခြင်းဖြင့် တိုးတက် ရင့်သန်လာနိုင်စေသည့်နည်းတူ စိတ်ကိုလည်း လေ့ကျင့်ပေး၍ ရသည်ဟု ယူဆကြ၏။ မှတ်ဉာာဏ်ကို တိုးတက်စေလိုလျှင် များများမှတ်ခိုင်းခြင်း၊ စိတ်ဆန္ဒ၏ တန်ခိုးကို တိုးတက်စေ လိုလျှင်၊ မလုပ်လိုသောအလုပ်ကို တမင်တကာလုပ်ခိုင်းခြင်းစသဖြင့် ဆိုင်ရာဆိုင်ရာလေ့ကျင့်ခန်း များပေး၍ စိတ်၏ သတ္တိကို တိုးတက်အောင် လုပ်နိုင်သည်ဟု ဆိုသည်။

စိတ်ပညာနှင့် ယထယဘူတပညာရှင်အချို့တို့ကမူ စိတ်မှာ စိတ်ကူးဉာာဏ်၊ မှတ်ဉာာဏ်၊ အာရုံခံစားနိုင်သော အသိနှင့် စိတ် လှုပ်ရှားမှုတို့ စုပေါင်းနေသော အရာမျှသာဖြစ်သည်ဟုဆို၏။ အသိစိတ်သည် အာရုံပြုသောအရာကိုသာ သိသည်မဟုတ် အာရုံ မပြုသောအရာများကိုလည်း အမှတ်မထင်သိနေတတ်သည်။ ယင်းအသိစိတ်နားတွင် မွေးကတည်းက ရရှိလာသော အတွေ့ အကြုံမှ ဖြစ်ပေါ်လာသည့် အသိဉာာဏ်များစုဝေး တည်ရှိနေ၏။ စိတ်ကူးသစ်၊ အသိဉာာဏ်သစ် တစ်ခုခုဝင်လာတိုင်း အသိဉာာဏ် ဟောင်း၊ စိတ်ကူးဟောင်းများက ကောင်းစွာလက်ခံ၍၊ လှုပ်ရှား လာကြ၏။ အဓိပ္ပါယ်မှာ စိတ်သည် ရင့်သန်တိုးတက်၍ အမြဲ မပြတ်နေသားတကျရှိအောင် ယင်းအတွင်းရှိ အသိဉာာဏ် အယူ အဆများကို ပြန်လည်စီစဉ်နေရသည်ဟုဆိုလေသည်။ အချို့ စိတ်ပညာရှင်တို့က စိတ်သည် ခန္ဓာကိုယ်စုပေါင်း၍ ဖြစ်ပေါ် လာသော အရာတစ်ခုဟု ယူဆကြ၏။ ဟိုက်ဒရိုဂျင်ဓာတ်နှင့် အောက်ဆီဂျင်ဓာတ်ပေါင်းလိုက်ခြင်းဖြင့်၊ ဓာတ်မဟုတ်၊ စွတ်စို သော အရာသစ်တစ်ခု ဖြစ်သော ရေဖြစ်ပေါ်လာသကဲ့သို့ ခန္ဓာ ကိုယ်အစိတ်အပိုင်းများနှင့် လုံးဝခြားနားသော အဖြစ်သစ်တည်း ဟူသော စိတ်ဖြစ်ပေါ်လာသည်ဟုဆိုလေသည်။

စိတ်နှင့် ရုပ်တို့ လက်တွေ့ခွဲခြားရန် မဖြစ်နိုင်သည်ကို လူတိုင်းအသိပင်ဖြစ်ပေသည်။ စိတ်သည် ကိုယ်ကိုလှုပ်ရှားစေ နိုင်၏။ စိတ်ဆုံးဖြတ်၍ ကြွက်သားများကို နှိုးဆွလိုက်မှသာ ကိုယ်သည်ရွေ့ရှား၏။ လူတို့၏ အပြုအမူမှန်သမျှတွင် စိတ်နှင့် ဆိုင်သောအပိုင်း၊ ကိုယ်နှင့်ဆိုင်သောအပိုင်းဟူ၍ အပိုင်းနှစ်ပိုင်း ပါရှိရလေသည်။ ပုံစံအားဖြင့် လူတို့သည် ရွှင်ပျသောအခါ ပြုံး ကြ၏။ စိတ်ဆိုးလာသောအခါ မျက်မှောင်ကြုတ်၏။ ကြောက် ရွံ့သောအခါ တုန်လှုပ်၏။ ထို့ကြောင့်ပင် ခေတ်သစ်ဆရာဝန် များက စိတ်မချမ်းသာဖြစ်ခြင်းကြောင့် နှလုံးရောဂါ၊ ဝမ်းနာ ရောဂါ၊ ဆီးအိမ်ရောဂါနှင့် အခြားရောဂါဆိုးများ ဖြစ်ပေါ်လာ နိုင်သည်ဟုဆို၏။ သာယာသော တူရိယာသံကို နားဆင်ရခြင်း ဖြင့် ကုန်ထုတ်လုပ်ရာ ရုံကြီးများတွင် အလုပ်တွင်ကျယ် ပြီးစီး ခြင်း၊ နှစ်လိုဖွယ်သော ပတ်ဝန်းကျင်ကြောင့် အစားအစာစား သောက်လိုသော ဆန္ဒပေါ်ပေါက်ခြင်း၊ အစာကြေလွယ်ခြင်း စသည်တို့ကား စိတ်နှင့် ပတ်ဝန်းကျင်ဆက်စပ်နေသည်ကို၎င်း၊ စိတ်နှင့် ကိုယ်တို့ဆက်စပ်နေသည်ကို၎င်း၊ ပြဆိုသောသာဓကများ ဖြစ်သည်ဟုဆိုသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)